← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

SPA ထဲတွင် ရှချန်းချန်း ရေချိုးခန်းမှ ထွက်လာခဲ့သည်။

ယခု သူမက ခန္ဓာကိုယ်ကို ဆေးကြောပြီးသွားပြီဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရည်ကို ပေါ်လွင်စေကာ တစ်ကိုယ်လုံး ယခင်ကဲ့သို့ လှပလာပြန်သည်။

စနစ်က သတင်းပို့လာသည်။

"Host၊ ခုနက ယဲ့ရှီဝမ် ဗီလာမှာ ပြောခဲ့တာတွေကို အသံသွင်းထားပြီးပြီ၊ သူ ဗီလာကို မြန်မြန် ပြေးသွားတာနဲ့ မုန့်ရှင်းကို ကမန်းကတန်း ပို့လိုက်တဲ့ မြင်ကွင်းကိုလည်း private စုံထောက်တွေက ရိုက်ကူးထားပြီးပြီ"

ယဲ့ရှီဝမ် မုန့်ရှင်း လွတ်မြောက်တာက ယာဉ်ထိန်းရဲတွေကြောင့်လို့ ထင်နေတာလား။

မဟုတ်ဘူး၊ ယာဉ်ထိန်းရဲက ရှချန်းချန်း၏ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။

သူမက မုန့်ရှင်းကို တမင်တကာ "ပြန်ပေးဆွဲ" ခဲ့ခြင်းဖြစ်ပြီး အိမ်ဖော်ကို ယဲ့ရှီဝမ်ထံ ဖုန်းခေါ်စေရန်သာ ဖြစ်သည်။ ထို့နောက် ယဲ့ရှီဝမ်က စိုးရိမ်ပူပန်မှုကြောင့် ဗီလာသို့ ချက်ချင်း အလျင်အမြန် ပြေးလာလိမ့်မည်ပင်။

ပြီးနောက် ယာဉ်ထိန်းရဲနှင့် "မတော်တဆ တွေ့ဆုံ" သည်ကလည်း မုန့်ရှင်းကို လွှတ်ပေးရန်အတွက် တရားဝင် အကြောင်းပြချက်တစ်ခုပင်။

ဒီလိုဆိုရင် လုပ်ဆောင်မှု ကွင်းဆက်တစ်ခုလုံးက ပြည့်စုံသွားပြီ။ ယဲ့ရှီဝမ်က သံသယရှိရင်တောင် လုရှုယာ လုပ်တာလို့ပဲ သံသယရှိလိမ့်မယ်။

သို့သော် သူမက "ပြန်ပေးဆွဲခြင်း" ကို အသုံးပြု၍ မုန့်ရှင်းပေါ်တွင် ခလုတ် အသံသွင်းစက်ကို လျှို့ဝှက်တပ်ဆင်နိုင်ခဲ့ပြီး ယဲ့ရှီဝမ်၏ "အမှန်တရား" ကို ဗီလာတွင် မှတ်တမ်းတင်ရန် အခွင့်အရေးယူခဲ့သည်။

ယဲ့ရှီဝမ်က သူမ၏ မျှော်မှန်းချက်များကို တကယ်ပင် ပြည့်မီအောင် လုပ်နိုင်ခဲ့သည်။

"ကြည့်၊ ငါ ပြောတာ မှန်တယ်မလား"

ရှချန်းချန်းက အလွန်ဂုဏ်ယူနေသည်။

"လမ်းအားလုံးက ရောမဆီကိုပဲ ဦးတည်နေတာ၊ ဒါက ယဲ့ရှီဝမ်ရဲ့ အစားထိုးလုပ်ခဲ့တဲ့ သက်သေ မဟုတ်ဘူးလား”

စနစ်၏ အသံက ကြားရသည်က နားဝင်ချိုသည်။

“ဒါဆို ဘယ်တော့ ဖော်ထုတ်ဖို့ စီစဉ်ထားလဲ"

ရှချန်းချန်းက လှည့်စားစွာ ပြုံးလိုက်ပြီး ပြောသည်။

"သံမဏိကောင်းကို ဓားသွားပေါ်မှာပဲ သုံးသင့်တယ်၊ အခုတော့ အချိန်မရောက်သေးဘူး"

အဝတ်အစားသန့်သန့် လဲလှယ်ပြီးနောက် ရှချန်းချန်းက SPA မှ ထွက်လာခဲ့သည်။

ရှဲ့ကျစ်ရှင်းက ဧည့်ခံနေရာတွင် အီးမေးလ်များ ပြန်ဖြေနေဆဲဖြစ်သည်။ သူ ရှချန်းချန်း ထွက်လာသည်ကို မြင်သောအခါ ထရပ်လိုက်သည်။

မျှော်လင့်ထားသည်ထက် ပိုမြန်ဆန်ခဲ့ပြီး တစ်နာရီခန့်သာ ကြာခဲ့သည်။

ရှချန်းချန်းက ပန်းတစ်ပွင့်လို ပြုံးနေပြီး ရှဲ့ကျစ်ရှင်း၏ လက်မောင်းကို ရင်းရင်းနှီးနှီး ဆုပ်ကိုင်လိုက်တယ်။

“လောင်ကုန်း၊ ကျွန်မအခုပဲ အကုန် ဂရုစိုက်ပြီးသွားပြီ၊ ကျွန်မ အသားအရည်ကို ကြည့်ပါဦး၊ အများကြီး ဖြူလာတယ်မလား"

ရှဲ့ကျစ်ရှင်း: "..."

ငါ မျက်စိကန်းနေတာလား။ ရှင်းရှင်းလင်းလင်း သူဝင်သွားတုန်းကထက် ဘာမှထူးခြားမနေပါဘူး။

သို့သော် ရှဲ့ကျစ်ရှင်းက အင်တာနက်တွင် ရှိစဉ်က သူတွေ့ခဲ့သည့် "ချစ်မိနေတဲ့ ယောက်ျားကြီးတွေကို ဖယ်ရှားနည်းလမ်းညွှန်" ကို သတိရသွားသည်။

သူ့ခဇနီးက သူဝတ်ထားသည့် စကတ်က လှသလား ၊သူလိမ်းထားသည့် နှုတ်ခမ်းနီက အသားအရောင်ကို မှိုင်းစေသလား၊ ဆံပင်ပုံစံအသစ်က သူ့မျက်နှာကို ပိုသေးစေသလား စသဖြင့် မေးလာသောအခါ...

မေးခွန်း မည်သို့ပင်ဖြစ်စေ အဖြေက ကောင်းသည့်ဘက်မှဖြစ်ရမည်။ ပြီးနောက် သူက သူ့ဇနီးကို တစ်ချိန်တည်းမှာပင် ချီးကျူးရမည်။

ထို့ကြောင့် ရှဲ့ကျစ်ရှင်းက သူ့၏ သရုပ်ဆောင်စွမ်းရည်အားလုံးကို ထုတ်သုံးပြီး ရိုးသာသည့်အမူအရာနှင့် ပြောလိုက်သည်။

“ဖြူတယ်၊ အရမ်းဖြူပြီး နုဖတ်နေတာပဲ၊ အရမ်းလှတယ်"

စနစ်: "..."

သရုပ်ဆောင် ရှဲ့၏ မျက်စိဖွင့် လိမ်ညာနိုင်စွမ်းက သူ့ Host ထက် မယုတ်လျော့ပေ။

နောက်ရက်အနည်းငယ်အတွင်းတွင် ရှချန်းချန်းက ယွီလန်ဥယျာဉ်တွင် နေထိုင်ကာ အထူးလက်ထောက် ကျိုးနှင့် ရှဲ့မိသားစု ပရဟိတလေလံပွဲအကြောင်း ဆွေးနွေးခဲ့သည်။

ဆွေးနွေးတယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ ပိုမှန်တာက..

ပြင်ဆင်ခြင်း၊ ဧည့်သည်အချက်အလက်၊ ဧည့်သည်များ၏ နှစ်သက်မှုမှတ်တမ်းတင်ခြင်း၊ ချမ်းသာကြွယ်ဝသည့် မိသားစုများကို လေလံတင်ပစ္စည်းများ ပေးရန် အကြောင်းကြားခြင်း၊ ညစာစားပွဲဖိတ်စာများ စီစဉ်ခြင်း အစရှိသမျှကို ကျိုးကစီစဉ်ခဲ့သည်။

ပြီးနောက် ရှချန်းချန်းမူကား ဆိုဖာပေါ်၌ သက်တောင့်သက်သာ လဲလျောင်းပြီး ဂိမ်းကစားခြင်း၊ ဒေါ်လေးလျူ ဆေးကြောထားသည့် လုံငန်းသီးကို စားခြင်း၊ ပြီးနောက် ကျိုးအတွက် လုပ်ထားသည့် စီမံကိန်းတိုင်းအား လက်မှတ်ထိုးခြင်းများကို တာဝန်ယူရသည်။

ကျိုး: "...

ကျိုး စိတ်ရှုပ်ထွေးနေသည်။ ရှချန်းချန်းက ရှဲ့ကျစ်ရှင်း၏ စိုးရိမ်ပူပန်မှုများကို မျှဝေခံစားမည်ဟု ဆိုလိုသည်မှာ ဘာလဲဟု သူ နားမလည်ခဲ့ပေ။

သို့သော် သူက ယခုအချိန်တွင် ထိုသို့ မဟုတ်သင့်ဟု အမြဲ ခံစားနေရသည်။

နောက်ဆုံးတွင် အရာအားလုံးကို လက်ထောက်ငယ်လေးကသာ တာဝန်ယူခဲ့ရသည်။

ကျိုး: ဒုက္ခရောက်နေသော ယောက်ျားတစ်ယောက် မျက်ရည်ကျနေသည့်ပုံ။

လေလံပွဲမတိုင်မီ နှစ်ရက်အလိုတွင် ရှချန်းချန်းက ရှယုံဒယ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

မှန်သည်။ ရှမိသားစုမှ ထွက်လာပြီးနောက် ရှချန်းချန်းက ရှယုံဒယ်၊ ယဲ့လျူဖန်း၊ ယဲ့ရှီဝမ်၊ ဟန်ကျားလင်းနှင့် အစက ပေါ်လာသည့် သူမ၏ ဈေးပေါသော အေးဂျင့် ကျန်းကောတို့၏ ဖုန်းနံပါတ်များကို ပိတ်ဆို့ထားခဲ့သည်။

ရှယုံဒယ်က ချန်ချင်းမှတဆင့် ရှချန်းချန်းကို ဆက်သွယ်ခဲ့သည်။

ရှချန်းချန်းကို ရှမိသားစုမှ "မောင်းထုတ်" ခဲ့ပြီး ရှချန်းချန်းနှင့် ဖခင်-သမီး ဆက်ဆံရေးကို "ဖြတ်တောက်" ခဲ့သော ဖခင်က ယခုအခါ ဖခင်မျက်နှာကို ဝတ်ဆင်ကာ ရှချန်းချန်းကို အိမ်သို့ ညစာစားရန် ကြင်နာစွာ ဖိတ်ခေါ်ခဲ့သည်။

စနစ်: "ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ တစ်ခုခု မှားနေတာ သေချာတယ်၊ Host သတိထားရမယ်"

ရှချန်းချန်း စိုးရိမ်မနေခဲ့ချေ။ ပရဟိတညစာစားပွဲကြီး မစမီ အပျော်အပါးလေးများ ခံစားနိုင်သေးသည်။

သူမ ထွက်ခွာတော့မည်ဖြစ်ရာ အလုပ်မှ ပြန်လာသော ရှဲ့ကျစ်ရှင်းနှင့် မတော်တဆ တွေ့ဆုံခဲ့သည်။

ရှဲ့ကျစ်ရှင်းက ချန်ချင်းထံမှ ရှချန်းချန်း ရှမိသားစုသို့ ညစာစားရန် ပြန်သွားကြောင်း ကြားသိရပြီး သူ့မျက်နှာအမူအရာ အနည်းငယ် မှောင်သွားသည်။

"ငါ လိုက်ပို့ပေးရမလား"

ရှချန်းချန်း အနည်းငယ် အံ့အားသင့်သွားသည်။

ရုတ်တရက် သူမက ဇနီးသည် မျက်နှာသို့ ပြောင်းလဲသွားပြီး ပြောခဲ့သည်။

"မလိုပါဘူး ထမင်းစားရုံပဲ၊ ကျွန်မ မြန်မြန်ပြန်လာခဲ့မယ်"

နှစ်လှမ်း လှမ်းပြီးနောက် ရှချန်းချန်း ရုတ်တရက် ထပ်ရပ်သွားပြီး စဉ်းစားလိုက်သည်။

ပြီးနောက် ရှဲ့ကျစ်ရှင်း ဘေးသို့ ပြန်လှည့်လာကာ ပြောသည်။

"တကယ်လို့… လောင်ကုန်းက ကျွန်မကို တကယ် စိုးရိမ်ရင် ကိုယ်ရံတော်တချို့ ငှါးပေးလို့ရတယ်"

နာရီဝက်ကြာပြီးနောက် ရှချန်းချန်းက ရှမိသားစုသို့ ရောက်လာခဲ့သည်။

အိမ်ထဲ မဝင်မီမှာပင် ယဲ့ရှီဝမ်နဲ့နှင့် ကျားလင်းတို့ ကားဂိုဒေါင်ထဲ၌ ဖက်တွယ်ပြီး နှုတ်ဆက်နေသည်ကို အဝေးမှ မြင်လိုက်ရသည်။

ယဲ့ရှီဝမ်က ပွပွချောင်ချောင် အဖြူရောင်စကတ်ကို ဝတ်ဆင်ထားပြီး ဗိုက်အနည်းငယ် ပူထွက်နေရာ သူမ "ကိုယ်ဝန်ပြနေသလို" ပုံစံ ပေါ်နေသည်။

ဟန်ကျားလင်းက သူမကို ဂရုတစိုက် ပွေ့ဖက်ထားပြီး ရတနာတစ်ခုလို ပွေ့ဖက်ထားသည်။

"ဝမ်ဝမ်၊ မင်း ကိုယ့်ရဲ့ အမျိုးသမီး အဖော်အဖြစ် ညစာစားပွဲကို ဝင်လို့ရတာပဲလေ၊ ဘာလို့ ရှချန်းချန်းကို အကူအညီ တောင်းရမှာလဲ"

ယဲ့ရှီဝမ် ခေါင်းခါလိုက်သည်။

သူမသာ ရှဲ့မိသားစု ပရဟိတ ညစာစားပွဲ ဖိတ်စာ ရရှိပြီး ရှမိသားစု၏ သမီးအဖြစ် ပရဟိတ ညစာစားပွဲသို့ ဝင်ရောက်နိုင်ပါက ကျန်းချန်မြို့၏ အချမ်းသာဆုံး မိသားစုဖြစ်သော ရှဲ့မိသားစုက သူမကို ရှမိသားစု၏ သမီးအဖြစ် အသိအမှတ်ပြုကြောင်း အဓိပ္ပာယ်ရသည်။

အနာဂတ်တွင် ချမ်းသာကြွယ်ဝသော မိသားစုများအသိုင်းအဝိုင်းတွင် သူမတွင် ပိုမို ပြောဆိုခွင့် ရရှိလာမည်ဖြစ်သည်။

သို့သော် သူမက ဟန်ကျားလင်းကို မလက်ထပ်ရသေးသော်လည်း ဟန်ကျားလင်း၏ အမျိုးသမီး အဖော်အဖြစ် ပရဟိတညစာစားပွဲသို့ ဝင်ရောက်ခဲ့ပါက နောင်တွင် လူတိုင်းက သူမကို ဟန်မိသားစု၏ မှီခိုသူ၊ သားကြောင့် ဂုဏ်ယူရသော မိခင် စင်ဒရဲလားတစ်ဦးအဖြစ်သာ သတ်မှတ်ကြလိမ့်မည်။

သူမက ရှင်းရှင်းလင်းလင်းပင် ရှယုံဒယ်၏ သွေးသားဖြစ်နေပါလျက် အဘယ်ကြောင့် မှီခိုသူဖြစ်ရမည်နည်း။

ယဲ့ရှီဝမ်က ဤအရာကို လက်မခံလိုပေ။ သူမက ဖျော်ဖြေရေးလုပ်ငန်းတွင် ထိပ်တန်း အမျိုးသမီး ကြယ်ပွင့်အဖြစ်မှ ကျဆုံးခဲ့ပြီးပြီဖြစ်သည်။ ရှမိသားစု၏ သမီးနှင့် မစ္စဟန်ဟူသော ဂုဏ်ပုဒ်များကို သူမ မဆုံးရှုံးနိုင်ပေ။

မူလက နှစ်စဉ် ရှဲ့မိသားစု၏ ပရဟိတညစာစားပွဲ ဖိတ်စာများကို ရှယုံဒယ်အား စုစုပေါင်း လေးစောင် ပေးခဲ့သည်။ သို့သော် ယခုနှစ်တွင် အကြောင်းရင်းမသိရပဲ ရှဲ့မိသားစု၏ တာဝန်ခံပုဂ္ဂိုလ်က ဖိတ်စာကို ရှချန်းချန်းအား ပေးခဲ့သည်။

ဖိတ်စာရရှိပြီး ရှဲ့မိသားစု ညစာစားပွဲသို့ ရှမိသားစု၏ သမီးအဖြစ် ဝင်ရောက်ရန် စဉ်းစားသောအခါ ရှချန်းချန်းကိုသာ အကူအညီတောင်းနိုင်တော့သည်။

ယဲ့ရှီဝမ်: "ကျားလင်း၊ ရှင်နဲ့ ကျွန်မ အခုထိ လက်မထပ်ရသေးဘူးလေ၊ ကျွန်မ ရှင့်ရဲ့ အမျိုးသမီး အဖော်အဖြစ် ဘယ်လို ဝင်ရမလဲ၊ စိတ်မပူပါနဲ့၊ ချန်းချန်းက ကျွန်မရဲ့ ညီမလေးလေ ကျွန်မတို့ ဆက်ဆံရေး အရမ်းကောင်းတယ်၊ သူက ကျွန်မကို ဖိတ်စာပေးလိမ့်မယ်"

ဟန်ကျားလင် အခြားတစ်ခုခု ပြောချင်သေးသည်။

ထိုအချိန်တွင် ရှချန်းချန်းက ရှမိသားစုခြံဝင်းထဲသို့ ဝင်ရောက်လာပြီး ယဲ့ရှီဝမ်လည်း သူမကို မြင်လိုက်ရသည်။

သူမက ဟန်ကျားလင်ကို ဘာမှ ထပ်မပြောတော့ဘဲ ချက်ချင်းပင် သူမကို လာရောက်တွေ့ဆုံပြီး နူးညံ့သိမ်မွေ့သော မျက်နှာဖြင့် ပြောလိုက်သည်။

"ချန်းချန်း၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့၊ မားနဲ့ ပါးက အိမ်မှာ စိုးရိမ်တကြီး စောင့်နေကြတာ"

ယဲ့ရှီဝမ်၏ သရုပ်ဆောင်စွမ်းရည်မှာ သာမန်မျှသာဖြစ်သော်လည်း နူးညံ့သိမ်မွေ့သော ပန်းဖြူလေးအဖြစ် သရုပ်ဆောင်သောအခါ သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ အမှန်ပင် ကောင်းမွန်လှသည်။

ရှချန်းချန်းက ရိုးသားစွာ ပြောလိုက်သည်။

"ဒီသရုပ်ဆောင်စွမ်းရည်က VCR ထဲက "ရှန်းကျွယ်" ဇာတ်ရုပ်မှာ ရှိခဲ့ရင် ငါ နင့်ကို အစားထိုးစရာ မလိုဘူး"

ယဲ့ရှီဝမ်: "..."

ဟာသပဲ၊ ဒီကိစ္စက သူ့ရဲ့ ကိစ္စမှာ ပြီးသွားပြီ မဟုတ်ဘူးလား။

ယဲ့ရှီဝမ်၏ ပါးစပ်က အနည်းငယ်ခန့် တွန့်သွားသော်လည်း ဟန်မိသားစုကို လက်ထပ်ပြီး ချမ်းသာသည့် အမျိုးသမီးတစ်ဦး ဖြစ်လာမည့် သူမ၏ လှပသည့် အနာဂတ်အတွက် ယဲ့ရှီဝမ်က သည်းခံရုံသာ တတ်နိုင်ခဲ့သည်။

သူမက နူးညံ့သည့် အပြုံးကို ဆက်ပြီး ထားရှိကာ ပြောသည်။

"ချန်းချန်း၊ ဒီကိစ္စက ကြာနေပြီကို မပြောပါနဲ့တော့၊ အိမ်ထဲဝင်ပြီး ညစာစားရအောင်”

ရှချန်းချန်းက ယဲ့ရှီဝမ်ကို မဖော်ထုတ်ဘဲ သူမနှင့်အတူ ဗီလာထဲသို့ လျှောက်ဝင်သွားသည်။

သူ့နောက်မှ ဟန်ကျားလင်းက မျက်မှောင်ကြုတ်လျက် ဤမြင်ကွင်းကို ကြည့်နေခဲ့သည်။

ရှချန်းချန်းက ဝမ်ဝမ်ကို အမြဲ ဒုက္ခပေးနေတယ်ဆိုတာ ငါသိတယ်။ ဝမ်ဝမ် ထောင်ကျတုန်းကလည်း ရှချန်းချန်းရဲ့ လုပ်ကြံမှု ဖြစ်ရမယ်။

ဒါပေမယ့် ရှချန်းချန်းက ဝမ်ဝမ်ကို အဲဒီလို ဆက်ဆံတာတောင် ဝမ်ဝမ်က သူ့ကို ဒူးထောက်ဦးချရတုန်းပဲ။ ဒါက သူက မယားပါသမီးရဲ့ သမီးဖြစ်ပြီး ရှမိသားစုရဲ့ တရားဝင် သမီးအဖြစ် အထောက်အထား မရှိလို့ပဲ။

ထိုအချိန်တွင် ဟန်ကျားလင်းက အားအင်ချို့တဲ့မှုနှင့် အရှက်ရမှုတို့ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ သူချစ်ရသော အမျိုးသမီးကို မတရားခံရသည်ကို မြင်ရသောအခါ သူက အခြားမည်သူ့ထက်မဆို ပို၍ မသက်မသာ ခံစားခဲ့ရသည်။

ဝမ်ဝမ်က ငါ့ကို လက်ထပ်ပြီး တကယ့် မစ္စဟန် ဖြစ်လာမှပဲ ဘယ်သူမှ သူ့ကို အထင်သေးရဲတော့မှာ မဟုတ်ဘူး။

သူက ယဲ့ရှီဝမ်ကို သူ့အမျိုးသမီး ဖြစ်လာအောင် လုပ်ရမည်ဖြစ်ပြီး ယဲ့ရှီဝမ်ကို အရာအားလုံး ပေးရမည်ဖြစ်သည်။

ရှချန်းချန်းက ဟန်ကျားလင်း၏ စိတ်ထဲတွင် လိမ်ညာမှုများစွာ ရှိနေသည်ကို လုံးဝ မသိခဲ့ပေ။

သူမနှင့် ယဲ့ရှီဝမ်တို့ စားသောက်ခန်းထဲသို့ ဝင်ရောက်လာသောအခါ ရှယုံဒယ်နှင့် ယဲ့လျူဖန်းတို့ ချက်ချင်း ထရပ်လိုက်ကြသည်။ သူတို့က ရှချန်းချန်းကို ရှင်းရှင်းလင်းလင်း မကြိုက်ကြသော်လည်း ဤအချိန်တွင် ကြင်နာဟန်ဆောင်ကြသည်။

"ချန်းချန်း၊ ပြန်လာပြီ”

ယဲ့လျူဖန်းက ရှချန်းချန်းဆီကို လျှောက်သွားပြီး သူမအတွက် ကုလားထိုင်ကို ချစ်ခင်စွာ ဆွဲထုတ်ပေးသည်။

“ထိုင်"

ရှချန်းချန်းကလည်း လိုက်နာပြီး ယဲ့လျူဖန်း ဆွဲထုတ်ထားသော ကုလားထိုင်ကို ဖေးမကာ ပြုံးလိုက်သည်။

"အန်တီ၊ ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး၊ မဟုတ်ရင် အပြင်လူတွေ မြင်သွားရင် အန်တီက ဒီအိမ်ရဲ့ သခင်မလို့ ထင်သွားလိမ့်မယ်”

ယဲ့လျူဖန်း၏ မျက်နှာအမူအရာက အစောမှယဲ့ရှီဝမ်လိုပင် ချက်ချင်း ရပ်တန့်သွားသည်။

လူတိုင်း၏ မျက်နှာက မကောင်းနေပေ။ သို့သော် သူတို့က အလွန် ဖော်ရွေဟန်ဆောင်နေကြလေသည်။

ရှယုံဒယ်၏ မျက်လုံးများက မှောင်ကျသွားခဲ့၏။

ရှချန်းချန်း အိမ်မှ ထွက်ပြေးပြီးတည်းက ရှယုံဒယ်က ရှချန်းချန်း ပြောင်းလဲသွားပြီဟု ခံစားခဲ့ရသည်။

သူက…

ထိန်းချုပ်ဖို့ ပိုခက်ခဲလာတယ်။

လင်ယွီရှုကို ရောင်းပြီးနောက် ရှယုံဒယ်က ရှချန်းချန်းကို စုံစမ်းဖို့ သွားခဲ့ပြီး ရှပိုင်လု သေဆုံးမတိုင်မီ သူမအတွက် ငွေကြေးအချို့ ချန်ထားခဲ့သည်ကို တွေ့ရှိခဲ့သည်။

ကံမကောင်းစွာဖြင့်၊ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ရှယုံဒယ်က မည်သည်များကျန်နေခဲ့သည်ကို မသိခဲ့ရပေ။

သို့သော် ရှယုံဒယ်က ရှချန်းချန်းကို ကြီးပြင်းလာသည်အထိ ကြည့်ရှုခဲ့သည်။

ငါ့သမီးကို ငါ ဘယ်လိုလုပ် နားမလည်ပဲ နေမလဲ။

ရှချန်းချန်း ပုန်ကန်ပြီး ခဏတာ ဆွေမျိုးမေ့သွားလျှင်ပင် ရှယုံဒယ်က ဤသည်က ရှချန်းချန်း စိတ်ဆိုးပြီး ဟန်ဆောင်နေသည်ဟုသာ ယုံကြည်ခဲ့သည်။

သူက ငါ့ရဲ့ အာရုံစိုက်မှုကို ရချင်ရုံသက်သက်ပဲ။

ငါတို့က အဖေနဲ့ သမီးတွေလေ။

ဖခင်နဲ့ သမီးကြားမှာ တစ်ညတာမုန်းတီးမှု ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

ချစ်ခြင်းမေတ္တာမရှိတဲ့ ရှချန်းချန်းလို ကလေးတစ်ယောက်အတွက် သူ့မိဘတွေနဲ့ အစ်မက စကားနည်းနည်း ချော့မော့ပြောလိုက်ရင် ကောင်းလာမှာ မဟုတ်ဘူးလား။

ရှယုံဒယ်က အဆင်မပြေမှုကို ဖြတ်တောက်ရန် နှစ်ခါချောင်းဟန့်ပြီး ပြောလိုက်သည်။

"ပြန်လာတာ ကောင်းတာပေါ့ ဒါက မင်းတို့အိမ်ပဲလေ၊ ထိုင်ပြီး စား"

စနစ်က အလွန်ရှုပ်ထွေးနေသည်။

"Host၊ ဒီနေ့ ရှမိသားစုက ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ၊ သူတို့က မင်းကို အရမ်းကြင်နာပြီး နူးညံ့နေတာ၊ သူတို့ မင်းကို အန္တရာယ်ပြုတော့မှာလား”

ရှချန်းချန်းက လှပစွာ ထိုင်ချလိုက်ပြီး စနစ်ကို စိတ်ထဲမှ ပြန်ဖြေလိုက်သည်။

"သူတို့ ငါ့ကို အန္တရာယ်ပြုမှာ မဟုတ်ဘူး၊ သူတို့က ငါ့ဆီကနေ ရှဲ့မိသားစု ပရဟိတ ညစာစားပွဲ ဖိတ်စာကို ရချင်ရုံပဲ"

ယဲ့ရှီဝမ်က ညစာစားပွဲကို အသုံးပြု၍ ရှမိသားစု၏ သမီးအဖြစ် သူမ၏ ရာထူးကို ခိုင်မာအောင် လုပ်လိုကြောင်း ရှချန်းချန်း မသိဘဲ မနေနိုင်ပေ။ သူမက ယဲ့ရှီဝမ် ဤသို့ လုပ်လိမ့်မည်ဟု မြင်သောကြောင့် ရှဲ့ကျစ်ရှင်းအား ပရဟိတညစာစားပွဲ၏ စိုးရိမ်ပူပန်မှုများကို မျှဝေခံစားရန် ကူညီလိုကြောင်း တမင်တကာ ပြောခဲ့ပြီး မူလက ရှယုံဒယ်နှင့် အခြားသူများအတွက် ရည်ရွယ်ထားသော ဖိတ်စာကို သူမ ကိုယ်တိုင် ပေးခဲ့သည်။

သို့သော် ဖိတ်စာရရန်အတွက် ရှယုံဒယ်ပင် ထွက်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ရှယုံဒယ်၏ သမက်ကို ဖော်ထုတ်ခြင်းက သူ့အလုပ်အပေါ် ပြင်းထန်သော ထိုးနှက်မှုတစ်ခု ပေးခဲ့ပုံရသည်။ မဟုတ်လျှင် သူ ယဲ့ရှီဝမ်ကို ဖိတ်စာရရန် ကူညီမည် မဟုတ်ချေ။

တစ်နပ်စာ၊ လူလေးယောက်၊ စကားပြောဆိုရယ်မောနေပုံပေါ်သော်လည်း တကယ်တမ်းတွင် တစ်ဦးစီ၌ ကိုယ်စီပိုင်ဆိုင်သည့် လျှို့ဝှက်ရည်ရွယ်ချက်များ ရှိနေကြသည်။

မိသားစုညစာစားပွဲ တစ်ဝက်လောက်ရောက်သောအခါ တကယ်တမ်း ဆက်ပြောစရာ ဘာမှမရှိတော့သောကြောင့် ရှယုံဒယ်က နောက်ဆုံးတွင် အဓိကအချက်ကို ရောက်သွားသည်။

"ချန်းချန်း၊ ဒီနှစ် ရှဲ့မိသားစုရဲ့ ပရဟိတညစာစားပွဲ ဖိတ်စာတွေအားလုံး သမီးဆီ ပို့ပြီးပြီလား"

"ဟုတ်တာပေါ့၊ စုစုပေါင်း လေးစောင်လေ”

ရှချန်းချန်းက ပြုံးပြီး ပြောလိုက်သည်။

"ဘာလို့ ရှဲ့မိသားစုက ဖိတ်စာတွေ ဒီလောက် အများကြီး ပို့တာလဲ မသိဘူး၊ ကျွန်မက တစ်ယောက်တည်းပဲကို”

ရှယုံဒယ် နင်သွားခဲ့သည်။

“ဒါကမှန်တယ်လေ၊ ဝမ်ဝမ်က အိမ်မှာ ကိုယ်ဝန်စောင့်ရှောက်နေတာဆိုတော့ သမီး ဝမ်ဝမ်ကို တစ်စောင် ပို့ပြီး ညစာစားပွဲကို အပန်းဖြေခိုင်းဖို့ ပေးလိုက်”

"ဟုတ်တယ်၊ ဟုတ်တယ် ညီမနှစ်ယောက် ညစာစားပွဲကို အတူတူသွားရင် အဖော်ရတာပေါ့"

ယဲ့လျူဖန်းက လျှင်မြန်စွာ သဘောတူလိုက်သည်။

ရှချန်းချန်းက သူမ၏ မေးစေ့ကို ပေါ့ပေါ့ပါးပါး ကိုင်ထားပြီး သာမာန်လေသံနှင့် ပြောလိုက်သည်။

“အဓိပ္ပာယ်ရှိတယ် ယဲ့ရှီဝမ်က ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အစ်မပဲလေ၊ တစ်ယောက်တည်းသွားတာထက် နှစ်ယောက် အတူတူသွားတာ ပိုကောင်းတယ်”

ရှယုံဒယ်နှင့် အခြားသူများ၏ မျက်နှာများတွင် အံ့သြခြင်းများ ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် ရှချန်းချန်းက အကြောင်းအရာကို ပြောင်းလိုက်သည်။

"ဒါပေမယ့် ကျွန်မ ဘာလုပ်နိုင်မှာလဲ၊ ကျွန်မ သူ့ကို မခေါ်ချင်ဘူး"

ရှယုံဒယ်၏ မျက်လုံးများက မှောင်ကျသွားသည်။

"ဘာကို ဆိုလိုတာလဲ”

"ရှယုံဒယ်၊ ရှင် မေ့နေပြီလား လွန်ခဲ့တဲ့ တစ်လခွဲကျော်က ရှင်က ကျွန်မနဲ့ သားအဖ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီလို့ ကြေညာခဲ့တာ”

ရှချန်းချန်းက မျက်နှာဖုံးစွပ်ပြီး ပြုံးနေသည်။

“သားအဖ ဆက်ဆံရေးကို ဖြတ်တောက်ခြင်း" ဟု ပြောသည့်အခါ သူမမျက်နှာ၌ ဝမ်းနည်းသည့် အမူအရာ လုံးဝမရှိပေ။ ဘာမျှ မပတ်သက်သည့် ကိစ္စတစ်ခုကို ပြောနေသလိုပင်။

ရှချန်းချန်းက ဆက်ပြောသည်။

"ပြီးတော့ ယဲ့ရှီဝမ်၊ သူက ရှင့်ရဲ့ မယားပါသမီးလေ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး၊ ကျွန်မတို့ သားအဖ ဆက်ဆံရေးကို ဖြတ်တောက်ပြီးနောက် သူမက ကျွန်မနဲ့ ပိုပြီးတောင် မဆိုင်တော့ဘူး၊ သူ့ကို ဖိတ်စာပေးရင် ဘယ်နာမည်နဲ့ ပေးရမှာလဲ”

"ကျွန်နရဲ့ လိင်မှုကိစ္စ အရှုပ်တော်ပုံကို လုပ်ကြံပြီး ကောလာဟလဖြန့်ခဲ့တဲ့ အရင်က ညီအစ်မ မပီသတဲ့သူလား၊ ဒါမှမဟုတ် ကျွန်မရဲ့ ဗီလာကို ခိုးဖို့ ကြိုးစားခဲ့တဲ့ ဖောက်ပြန်သူရဲ့ သမီးလား"

ရှချန်းချန်းက ရယ်မောလိုက်ပြီး အနူးညံ့ဆုံး အမူအရာကို သုံးကာ အပူဆုံး စကားလုံးများကို ပြောလိုက်သည်။

"ဒီနာမည် နှစ်ခုစလုံးက သိပ်မကောင်းဘူး ထင်တယ်"

ရှယုံဒယ်၏ နဖူးတွင် သွေးကြောများ ပူထွက်လာပြီး သူ အလွန်အမင်း ဒေါသထွက်နေသည်။

ယဲ့ရှီဝမ်၏ မျက်နှာလည်း မကောင်းခဲ့ပေ။ သို့သော် သူမက ရှေ့သို့ တက်သွားပြီး ရှယုံဒယ်၏ ပခုံးကို ပုတ်ကာ "အဖေ” ဟု ပြောလိုက်သည်။

နည်းနည်းလေး စိတ်မရှည်တာက ကြီးမားတဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိမ့်မယ်။

ရှယုံဒယ်သက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ရင်ထဲက ဒေါသကို ငြိမ်သက်အောင် ကြိုးစားလိုက်သည်။

"ချန်းချန်း၊ ပြီးခဲ့တဲ့တစ်ခါ ပါး မှားတာပါ၊ ပါး ဒေါသထွက်ပြီး စကားတွေ ပြောလိုက်မိတာပါ၊ မင်းရဲ့မား ဆုံးပြီးနောက် ပါးက မင်းရဲ့ တစ်ဦးတည်းသော ဆွေမျိုးပဲ၊ ငါတို့က သွေးသားတော်စပ်တယ် မင်းနဲ့ သားအဖ ဆက်ဆံရေးကို ဘယ်လိုလုပ် ဖြတ်တောက်နိုင်မှာလဲ"

"ဟုတ်တယ်၊ ချန်းချန်း၊ နင် နားလည်မှုလွဲနေတာ ဖြစ်ရမယ်၊ ပါးက နင့်ကို သေချာပေါက် ချစ်တယ်"

ယဲ့ရှီဝမ်က ရှချန်းချန်း၏ လက်မောင်းကို ချစ်ခင်စွာ ဆွဲယူပြီး ပြောသည်။

"နင် မရှိတုန်းက ပါး ညတိုင်း နင့်အခန်းကို ဝင်ထိုင်တယ် ၊သူ နင့်ကို အမြဲ သတိရနေတာ၊ ဒါပေမယ့် ပါးစပ်က မပြောချင်ယုံသက်သက်ပဲ”

ဤစကားများက မိဘနှစ်ပါးစလုံးရှိသော ကလေးတစ်ဦးအပေါ် သက်ရောက်မှု သိပ်မရှိနိုင်ပေ။

ဒါပေမယ့် အသက်ဆယ်နှစ်အရွယ်မှာ မိခင်ကို ဆုံးရှုံးခဲ့ရတဲ့ ကလေးတစ်ယောက်အတွက်တော့ အဓိပ္ပာယ်ကြီးမားတယ်။

သူမ၏ ဖခင်သည် သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။

မိသားစုမေတ္တာက သူမအတွက် အလွန်အရေးကြီးသည်။

ရှချန်းချန်းက သူမ၏ မျက်ခွံများကို မှေးစင်းလိုက်ပြီး အထီးကျန်နေပုံရသည်။ သူမ ကြားလိုက်ပြီး စိတ်လှုပ်ရှားသွားပုံရသည်။

ဤသို့မြင်သောအခါ ရှယုံဒယ်နှငိ့ ယဲ့ရှီဝမ်တို့က စိတ်ကြည်နူးသွားခဲ့သည်။

ငါးက ချိတ်မိသွားပြီ၊ ဖိတ်စာက တစ်ဝက် အောင်မြင်သွားပြီ။

"ပါး၊ ပါးက သမီးကို ဒီလောက်ဂရုစိုက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”

ရှချန်းချန်း၏ အသံက ငိုနေသံဖြစ်ပြီး ကလေးမလေးတစ်ယောက်၏ စိတ်ခံစားမှုမျိုးလည်း ပါဝင်နေသည်။

"ပါးက ညတိုင်း သမီးအခန်းကို လာပြီး သမီးကို သတိရတယ်ဆိုတော့--"

ရှချန်းချန်း မော့ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများက တောက်ပနေသည်။

"ဒါဆို သမီးရဲ့ အိပ်ယာခေါင်းရင်းက ပန်းချီကားထဲမှာ လိပ်ဘယ်နှစ်ကောင်ရှိလဲဆိုတာ ပါး သိမှာပဲနော်"

ရှယုံဒယ်: ???

သေစမ်း! ငါက ရှချန်းချန်းရဲ့ အခန်းကို ဘယ်တုန်းကမှ မသွားခဲ့ဖူးဘူး၊ ပန်းချီကားထဲမှာ လိပ်ဘယ်နှစ်ကောင် ရှိတယ်ဆိုတာ ငါ ဘယ်လိုသိမှာလဲ။

ရှယုံဒယ်က စမ်းသပ်ကြည့်ရင်း မေးလိုက်သည်။

"တစ်ကောင်လား"

ရှချန်းချန်း၏ မျက်နှာတွင် မည်သည့်အမူအရာမှ မရှိသည်ကို မြင်သောအခါ သူ ထပ်မံ မေးလိုက်သည်။

“ဒါမှမဟုတ် နှစ်ကောင်လား၊ သုံးကောင်လား"

ရှချန်းချန်း ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည်။

“လိပ်သုံးကောင်! မှန်တယ်!"

ရှယုံဒယ် သက်ပြင်းချလိုက်ပြီး တောင်းပန်သလို ပြုံးလိုက်သည်။

“မိသားစု သုံးယောက်၊ တော်တော် နွေးထွေးတာပဲ"

ရှချန်းချန်းက ပြုံးလိုက်သည်။

"ဟုတ်တယ်၊ မိသားစု သုံးယောက်၊ တခြားသူရဲ့ အိမ်ကို ခိုးပြီး အတူတူနေတာ"

ရှယုံဒယ်: ???

ဒါက ဘာကြီးလဲ။

ရှယုံဒယ်က မည်သူက ထိုသို့သော အဓိပ္ပာယ်မရှိသည့် ပန်းချီကားကို ရေးဆွဲမည်နည်းဟု တွေးတောနေဆဲတွင် ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။

လိပ်သုံးကောင်၊ မိသားစုသုံးယောက်၊ ခိုးယူထားသောအိမ်တွင် နေထိုင်ခြင်း။

ရှချန်းချန်း သူ့ကို ဆဲဆိုနေခြင်းဖြစ်သည်။

ပြီးတော့ ယဲ့ရှီဝမ်နဲ့ ယဲ့လျူဖန်းတို့ကိုလည်း ဆဲနေတာ။

သူက ငါတို့သုံးယောက်ကို တခြားသူရဲ့အိမ်ကို လုယူတဲ့ လိပ်ခွေးတွေလို့ ဆဲဆိုလိုက်တယ်။

ရှယုံဒယ်က ရုတ်တရက် မျက်နှာတည်သွားပြီး ပြောသည်။

"ရှချန်းချန်း ငါက မင်းအဖေ၊ မင်း ဘယ်လိုစကားမျိုးပြောတာလဲ!"

ရှချန်းချန်းက ရှယုံဒယ်ကိုပင် ကြည့်မနေပေ။

သူမက နောက်ဆုံး foie gras အပိုင်းကို ဖြည်းဖြည်းချင်းနှင့် လှပစွာ မြည်းစမ်းပြီး ပါးစပ်ကို သုတ်လိုက်သည်။ ထို့နောက် သူမ၏ ခေါင်းကို မော့လိုက်သည်။ ထိုလှပသော မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ ရေခဲပြင်ကဲ့သို့ အေးစက်နေသည်။

"ရှယုံဒယ်၊ ရှင်က ချစ်စဖွယ်ဖခင်နဲ့ သစ္စာရှိသမီးဆိုတဲ့ ပြဇာတ်ကို ဆယ်နှစ်ကျော် သရုပ်ဆောင်ခဲ့တာ၊ ရှင်က သရုပ်ဆောင်ရတာ မမောသေးပေမယ့် ကျွန်န ကြည့်ရတာ မောနေပြီ"

ရှချန်းချန်း၏ အသံက ရုတ်တရက် အေးစက်သွားသည်။

"ဖိတ်စာအတွက်ပဲမလား၊ ရိုးရိုးသားသားပြောရရင် အားလုံးကို ကျွန်မဆီပေးဖို့ ရှဲ့ကျစ်ရှင်းကို ခိုင်းခဲ့တာ ကျွန်မပဲ"

"ရှင်က ကျွန်မဆီက ဖိတ်စာယူပြီး ယဲ့ရှီဝမ်က ရှမိသားစုရဲ့ သမီးအဖြစ် ပရဟိတညစာစားပွဲကို တက်ရောက်စေချင်တယ်ဟုတ်လား"

ရှချန်းချန်းက သူ့မျက်လုံးထောင့်တွင် လှောင်ပြောင်မှုတစ်ခုကို ဖော်ပြလိုက်သည်။

“ကျွန်မ ပြောမယ်၊ ဘယ်တော့မှ မရနိုင်ဘူး”

ရှယုံဒယ် ဒေါသတကြီးဖြစ်သွားပြီး သူ၏ ချစ်စဖွယ် ဖခင်ပုံစံကို လုံးဝဂရုမစိုက်တော့ချေ။ သူ ရှေ့တိုးပြီး ရှချန်းချန်းကို ရိုက်ရန် လက်မြှောက်လိုက်သည်။

သို့သော် သူ ဘာမှမလုပ်ရသေးမီမှာပင် ဗီလာတံခါးက "ဒုန်း" ခနဲ ကန်ဖွင့်ခံလိုက်ရသည်။

ခန္ဓာကိုယ်ထွားကြိုင်းပြီး သန်မာသည့် အမျိုးသားလေးယောက် ဧည့်ခန်းထဲသို့ ပြေးဝင်လာလေသည်။ ရှယုံဒယ် အံ့ဩနေဆဲမှာပင် သူတို့က သူ့ကို ချက်ချင်း မယူသွားကြသည်။

ရှယုံဒယ်: ? ? ?

ရှယုံဒယ် ကြောက်လန့်တကြားဖြစ်နေ၏။

"မင်းတို့ ဘာလုပ်နေတာလဲ!"

သူ့ဘေးတွင် ယဲ့ရှီဝမ်နှင့် ယဲ့လျူဖန်းတို့ အလွန်စိုးရိမ်နေကြသည်။

ယဲ့လျူဖန်းက ထိတ်လန့်တကြားပြောသည်။

“မင်းတို့ ဘယ်သူတွေလဲ! ဘာလုပ်မလို့လဲ!"

ယဲ့ရှီဝမ်လည်း စိုးရိမ်တကြီးဖြစ်နေပြီး ရှချန်းချန်းကို လှည့်ကြည့်လိုက်သည်။

"ရှချန်းချန်း၊ ဒီလူတွေက နင့်လူတွေ မဟုတ်လား၊ သူက ငါတို့ရဲ့ ပါး နင် သူ့ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံရဲတာလဲ”

ရှယုံဒယ်လည်း ဤကိုယ်ရံတော်များအား ရှချန်းချန်းက ခေါ်ထားသည်ကို သဘောပေါက်သွားပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။

"ရှချန်းချန်း၊ ငါ မင်းလိုမျိုး သားသမီးမပီသတဲ့ သမီးကို ဘာလို့ မွေးထားရတာလဲ၊ မြန်မြန် မင်းလူတွေကို ငါ့ကို ချခိုင်းလိုက်စမ်း ချခိုင်းလိုက်"

ရှချန်းချန်းက ကုလားထိုင်ပေါ်တွင် အေးအေးလူလူ မှီနေပြီး ရှယုံဒယ်၏ ရှက်ရွံ့နေသော ပုံစံကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ခဲ့ပေ။

"ဘာလို့လဲ၊ ရှင်က ကျွန်မကို ထိုးခွင့်ရှိတယ်၊ ဒါပေမယ့် ကျွန်မလူတွေက ပြန်မတိုက်ခွင့် မရှိဘူးလား၊ ရှယုံဒယ်၊ ရှင်က ကျွန်မအဖေဖြစ်တာကြောင့် ကျွန်မကို အနိုင်ကျင့်ချင်တာမလား”

"ဘာလို့လဲ"

ရှယုံဒယ်၏ မျက်နှာက မှောင်မဲနေသည်။

ငါ ဒီလို အရှက်ရတာမျိုး ဘယ်တုန်းကမှ မကြုံဖူးဘူး၊ အထူးသဖြင့် ငါ့ဇနီးနဲ့ သမီးရှေ့မှာ။

သို့သော် သူ ပြန်တိုက်ရန် ဘာစွမ်းရည်မှ မရှိသေးပေ။

ရှယုံဒယ် မြေကြီးထဲသို့ တွင်းတူးပြီး ဝင်သွားချင်စိတ် ပေါက်လာခဲ့သည်။

ရှချန်းချန်းက လုံလုံလောက်လောက် ရယ်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

ရှယုံဒယ်ကို ကိုင်ထားသော ကိုယ်ရံတော်က ချက်ချင်း လွှတ်ပေးလိုက်ရာ "ဗြုန်း" ခနဲအသံနှင့်အတူ ရှယုံဒယ်က မြေပြင်ပေါ်သို့ အရှက်ရစွာ လဲကျသွားသည်။

ယဲ့လျူဖန်းနှင့် ယဲ့ရှီဝမ်တို့က သူ့ကို အလျင်အမြန် ထူပေးကြသော်လည်း ရှယုံဒယ်သည် အလွန်အမင်း အရှက်ရခဲ့သည်။ ဖခင်တစ်ဦး၏ ဂုဏ်သိက္ခာသည် ထိုအချိန်တွင် ပျောက်ကွယ်သွားခဲ့သည်။

ရှချန်းချန်းက သူ့ကို ကြည့်ပင် မကြည့်ခဲ့ပေ။

သူမက ကိုယ်ရံတော်လေးဦး၏ ဝိုင်းရံမှုဖြင့် လှပစွာ ထရပ်ကာ ဗီလာမှ ထွက်ခွာသွားသည်။

ရှမိသားစုက ထွက်လာပြီးနောက် ရှချန်းချန်းက ကိုယ်ရံတော်များကို အရင်သွားခိုင်းလိုက်ပြီး ပန်းရောင် Ferrari ကို မောင်းပြီး ရှမိသားစု၏ ဗီလာဝန်းမှ မလှမ်းမကမ်း လမ်းဆုံတစ်ခုတွင် ရပ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဗီလာဝင်းထဲမှ အရိပ်မည်းတစ်ခု တိတ်တိတ်ဆိတ်ဆိတ် ထွက်လာကာ ရှချန်းချန်း၏ Ferrari ထဲသို့ ဝင်သွားသည်။

"ဒေါ်လေးကျန်း၊ မတွေ့တာ ကြာပြီ"

ရှချန်းချန်းက နူးညံ့စွာ ပြောလိုက်သည်။

သူမရှေ့မှ အမျိုးသမီး ရှမိသားစု၏ အိမ်အကူ ဒေါ်လေးကျန်း ဖြစ်သည်။

"သခင်မလေး၊ ခုနက သခင်မလေးက အောက်ထပ်မှာ ပြဿနာရှာပေးလို့ အိမ်က အိမ်အကူတွေ မီးဖိုခန်းထဲမှာ ရှိုးပွဲကြည့်ဖို့ ပုန်းနေကြတာ၊ ဒါကြောင့် ကျွန်မ ဒုတိယထပ်ကို ခိုးတက်ဖို့ အခွင့်အရေးရခဲ့တယ်"

ဒေါ်လေးကျန်းက ပွင့်လင်းမြင်သာသည့် နမူနာအိတ်နှစ်လုံး ထုတ်လာပြီး ပြောသည်။

"DNA နှစ်ခု၊ တစ်ခုက သခင်ကြီးရဲ့ ဆံပင်၊ နောက်တစ်ခုက မစ္စယဲ့ရဲ့ ဆံပင်"

အိမ်ပြန်ညစာစားတာ ဒါမှမဟုတ် ရှယုံဒယ်ကို အရှက်ခွဲတာ ဘာဖြစ်လဲ။

ဒါတွေ အားလုံးက အတုတွေပဲ။

ရှယုံဒယ်နှင့် ယဲ့ရှီဝမ်တို့၏ DNA ကို ရယူခြင်းက ရှချန်းချန်း၏ အမှန်တကယ် ရည်ရွယ်ချက်ဖြစ်သည်။

သူမက လင်ရှိချန်အား ပွဲစား ချန်မင်ကျစ်ကို ဖြေရှင်းရာတွင် ကူညီခဲ့သည်။

ကျင်ရိဖန်အား တကယ့် ခိုးကူးသူ ချီပိုင်ကို ဖြေရှင်းရာတွင် ကူညီခဲ့သည်။

မူရင်းပိုင်ရှင်ကို ကူညီပြီး ယဲ့ရှီဝမ်ကို ဖယ်ရှားပစ်ဖို့ အချိန်တန်ပြီ။

ပြီးတော့ ဖောက်ပြန်သူရဲ့ သမီးဆိုတဲ့ ဂုဏ်ပုဒ်က ယဲ့ရှီဝမ် ဘယ်တော့မှ ဆေးကြောလို့ မရတဲ့ အညစ်အကြေးပဲ။

ရှချန်းချန်းက နမူနာအိတ်နှစ်ခုကို ယူလိုက်ပြီးနောက် ကတ်တစ်ကတ်ကို ထုတ်ကာ ပြောသည်။

"ဒေါ်လေးကျန်း၊ ဒီထဲမှာ ယွမ် ၁၀၀,၀၀၀ ရှိတယ်"

ဒေါ်လေး ကျန်းက ငြင်းဆန်ရန် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

"သခင်မလေး၊ ကျွန်မ မလိုပါဘူး"

"မစ္စ မွေးခါစတုန်းက ကျွန်မ ရှမိသားစုမှာ ရှိခဲ့တာ မစ္စ မှတ်မိချင်မှ မှတ်မိလိမ့်မယ်"

ဒေါ်လေးကျန်းက ရှချန်းချန်းကို ပြုံးပြီး ကြည့်ရင်း ပြောသည်။

“ကျွန်မမျက်စိထဲမှာ မင်းနဲ့ မစ္စပိုင်လုက ဒီမိသားစုရဲ့ တကယ့် သခင်မတွေပဲ၊ မစ္စအတွက် အလုပ်လုပ်ပေးတာက ကျွန်မ တာဝန်ပါ"

ရှချန်းချန်းက ဤစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။

တစ်ချိန်က ဖခင်၊ ပထွေးမိခင်၊ ညီမဟု ခေါ်ခဲ့သော သူများက သူမကို အသုံးချရန်၊ ဖိအားပေးရန်နှင့် နာကျင်စေရန်သာ ရည်ရွယ်ခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် သူမနှင့် သွေးသားတော်စပ်မှုမရှိသော အိမ်အကူတစ်ဦးကမူ သူမအတွက် တကယ်တမ်း ကောင်းကျိုးကို လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

ရှချန်းချန်း၏ မျက်လုံးများတွင် အရောင်အဝါတစ်ခု လင်းလက်သွားပြီး သူမ၏ ရင်ထဲတွင် နူးညံ့သွားသည်။ သူမ ရိုးသားစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း"

All Chapters