← Chapters

အဲဒီအလောင်းတွေကို ရောင်းမလား

Vol. 6 Ch. 77

အဲဒီအလောင်းတွေကို ရောင်းမလား

Vol. 6 Ch. 77

ပင်လယ်လေပြေလေးက ရွှီချင်း၏ရှုပ်ပွနေသော ဆံပင်များကို ပွတ်သပ်ကျီစယ်သွားသည်။

ထိုသို့ လေများက သူ၏ဆံပင်များနှင့် သူ့ဘောင်းဘီအနားသပ်များအား တိုက်ခတ်နေသည့်တိုင်အောင် သူက ဂရုမစိုက်ဘဲ ရှေ့ဆက်လျှောက်လာသည်။ သူ့ကိုကြည့်ရသည်မှာ ဓားအိမ်မှမထုတ်ရသေးသော ဓားတစ်လက်ပမာပင်။ သူ၏မျက်လုံးများက အေးစက်စက်အလင်းများဖြင့် တဖိတ်ဖိတ်လက်နေပြီး ဦးတည်ချက်ပြောင်းကာ ထွက်ခွာသွားသည့် အမျိုးသမီးကို ကြည့်လိုက်သည်။

သူသည် အတန်ငယ် ချီတုံချတုံ ဖြစ်သွား၏။ ဤမြို့ထဲသို့ ပထမဆုံးရောက်လာသည့်နေ့တွင် သူ လူ မသတ်ချင်ပေ။ ထို့ကြောင့် သူ အကြည့်လွှဲလိုက်ပြီး တည်းခိုခန်းဆီသို့ ဆက်လျှောက်သွားသည်။

သို့သော်လည်း လေကတော့ ရပ်နားသွားခြင်းမရှိပေ။

ပင်လယ်လေပြေများက ကမ်းနဖူးကို ရောက်လာသောအခါ ပို၍ပင် ပြင်းထန်စွာ တိုက်ခတ်လာဟန်တူသည်။

အမျိုးသမီးနောက်သို့ လိုက်နေသည့် ယောက်ျားကြီးခုနစ်ယောက်၊ ရှစ်ယောက်အနက် တစ်ယောက်၏မျက်နှာပေါ်တွင် အမာရွတ်ကြီးတစ်ခု ရှိသည်။ သူသည် ခေါင်းဆောင်ဖြစ်ဟန်တူပြီး ထိုမြင်ကွင်းကို မြင်သောအခါ နှာမှုတ်လိုက်သည်။

“ မှားမှား၊ မှန်မှန် အဲဒီကောင်လေးကိုလည်း ဖမ်းလိုက်ကြ။ အဆင့်ခုနစ်၊ အဆင့်ရှစ်အပြင်အားခန္ဓာကို ပိုင်ဆိုင်ထားတော့ စွမ်းဆောင်မှုရမှတ်တွေရမှာ သေချာတယ် ”

ထိုလူခုနစ်ယောက်၊ရှစ်ယောက်က ချက်ချင်းပင် အုပ်စုနှစ်စုအဖြစ် ခွဲသွားသည်။ လူလေးယောက်က အမျိုးသမီးနောက်သို့ လိုက်သွားကြပြီး ကျန်လူလေးယောက်က ရွှီချင်းထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြသည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ချဉ်းကပ်လာနေသည့်လူလေးယောက်ကို ဝေ့ကြည့်လိုက်သည်။ ထိုလူလေးယောက်သည်လည်း သာမန်လူများ မဟုတ်ကြဘဲ ကျင့်ကြံသူများဖြစ်ကြပြီး အများစုက ချီစုစည်းခြင်းအဆင့်ခြောက်ကို ရောက်နေသည်။ ထို့ပြင် သူတို့သည်လည်း အပြင်အားကို လေ့ကျင့်ကြဟန်တူသည်။

သို့သော်လည်း ဤမြို့ကို သူ ရောက်ရောက်ချင်း အမှန်တကယ်ပင် လူသတ်ချင်စိတ်မရှိချေ။ ထို့ကြောင့် သူက ထိုလူများကို ရှောင်လွှဲရန် နောက်ဆုတ်လိုက်ပြီး ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“ ကျုပ် သူ့ကို မသိဘူး ”

“ ကောင်လေး၊ မင်း သူ့ကို သိသိ၊ မသိသိ ငါ ဂရုမစိုက်ဘူးကွ။ မင်း ကံဆိုးတာပဲ ”

ယောက်ျားကြီးက သရော်စကားဆိုကာ သူ့ထံ ခုန်ဝင်လိုက်သည်။ သူသည် လက်ကိုဝှေ့ယမ်းကာ လက်သီးချက် ထုတ်လွှတ်လိုက်သည်။ တခြားလူသုံးယောက်သည်လည်း ဘေးတစ်ဖက်တစ်ချက်စီမှ တိုက်ခိုက်လိုက်ကြ၏။ သူတို့ထဲမှတစ်ယောက်က ဓားမော့တစ်လက်ကိုပင် ကိုင်ထားပြီး သွေးအေးစွာ ရယ်သွမ်းသွေးနေသည်။

လရောင်အောက်တွင် ထိုဓားမော့က အဆိပ်များပင် လူးထားပြီး ဓားအလင်းတန်းများက အေးစက်စက်ဝင်းလက်နေသည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

ဤကမ္ဘာ၌ လူတချို့ သေမင်းနှုတ်ခမ်းဝတွင် လျှောက်သွားနေရသည်ကို နှစ်ခြိုက်ကြပေသည်။ မူလက သူ ရှောင်တိမ်းသွားချင်ခဲ့ပါသော်လည်း တစ်ဖက်အဖွဲ့က လူသတ်ချင်စိတ်ရှိနေသည်ဖြစ်ရာ သူသည် နောက်ဆုတ်မနေတော့ဘဲ ခန္ဓာကိုယ်ကို အသာအယာ လှုပ်ရှားလိုက်သည်။

သူသည် လျှပ်စီးလက်သည့်အလား မြန်ဆန်စွာ ရွေ့လျားသွားပြီး လက်သီးဖြင့်ထိုးလိုက်သည့်လူ၏ရှေ့တွင် ရုတ်ခြည်း ပေါ်လာသည်။ ထို့နောက် သူ၏ဘယ်လက်က ထိုလူ၏နဖူးပေါ် ကျရောက်သွားသည်။

သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်နေပေသည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အပြင်ခန္ဓာအထွတ်အထိပ်ကို ယှဉ်နိုင်သော ရွှီချင်း၏ ကြောက်ခမန်းလိလိ ခွန်အားအောက်တွင် ထိုလူကြီး၏ခေါင်း ပေါက်ကွဲသွားသည်။ သွေးသားအစိုင်အခဲများ ဖွာလန်ကြဲသွားပါသော်လည်း ရွှီချင်းသည် တည်ငြိမ်နေ၏။ သူသည် ရှေ့တိုးသွားပြီး ဓားမော့ကိုင်ထားသည့်လူ၏ရှေ့ကို ရောက်သွားပြီး ကြောက်လန့်တုန်ရီနေသော ထိုလူကို ပခုံးဖြင့် တိုက်လိုက်သည်။

ထိုဓားမော့နှင့်လူ၏ခန္ဓာကိုယ်တစ်ခြမ်း ချက်ချင်း ပဲ့ထွက်သွားသည်။

ပြီးသည်နှင့် ရွှီချင်းသည် မျက်လုံးများ ပြူးကျယ်ကာ သိသိသာသာ မျက်နှာပျက်နေသော လက်ကျန်လူနှစ်ယောက်ထံ လက်သီးနှစ်လုံး ပစ်လွှတ်လိုက်သည်။

ထိုလူနှစ်ယောက် နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သူတို့ရှေ့ရှိ လေထဲတွင် အငွေ့အသက်တစ်ခု လွင့်ပျံသွားပြီး သူတို့ကို လွှမ်းခြုံသွားသည်။ ထို့နောက် သူတို့နှစ်ဦးလုံး အပြင်းအထန် တုန်ရီသွားကာ သွေးများ အန်ထွက်လာကြသည်။ သူတို့ဝမ်းဗိုက်များ ချိုင့်ဝင်သွားပြီး နောက်ဆုံးထွက်သက်ကို ရှူရှိုက်ပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

အရာအားလုံးက အသက်နှစ်ကြိမ်ရှူစာအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ပြီး ထိုလူလေးယောက်လုံး ဇီဝိန်ချုပ်သွားသည်။

ထိုဖြစ်ရပ်သည် အတန်ငယ်ဝေးသောနေရာကို ရောက်သွားပြီဖြစ်သည့် လူလေးယောက်ကို ရပ်တန့်သွားစေသည်။ သူတို့သည် ခံစားချက်ကင်းမဲ့နေသည့်အသွင်ဖြင့် ရှိနေသော ရွှီချင်းကို အံ့အားသင့်စွာ ကြည့်ရှုနေပြီး သူတို့၏ဦးခေါင်းခွံများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ကြရသည်။

“ နား … နားလည်မှုလွဲတာပါ၊ ကျုပ်တို့ … ”

ထိုခေါင်းဆောင်၏ အစောပိုင်းက မောက်မာဝံ့ကြွားမှုများ လုံးဝ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီနေသည်။ သူ စကားပြောမည်ပြုစဉ် ရွှီချင်း၏ အေးတိအေးစက်အကြည့်ကို မြင်သောအခါ သူ့စိတ်ထဲ ယောက်ယက်ခတ်သွားရပြီး သွေးရူးသွေးတန်းဖြင့် နောက်ဆုတ်သွားသည်။

သူ ထိုသို့ နောက်ဆုတ်လိုက်ချိန်မှာပင် ရွှီချင်းက လှုပ်ရှားလာသည်။

ထိုစဉ် ထိုခေါင်းဆောင်အပြင် တခြားလူသုံးယောက်သည်လည်း တုန်ရီသွားကာ သွေးများ အန်ထုတ်လိုက်ကြသည်။ သူတို့၏နားထင်များပေါ်တွင် သွေးများစီးကျနေသော တိုးလျှိုပေါက်ဒဏ်ရာကြီးများ ရှိနေပြီး မြေပြင်ပေါ် လဲကျကာ ဇီဝိန်ချုပ်သွားကြသည်။

သူတို့၏ဘေးမှနေ၍ ရွှီချင်း၏ခန္ဓာကိုယ် ပေါ်ထွက်လာသည်။ သူက သွေးစွန်းနေသော လက်ချောင်းကို ရုတ်သိမ်းလိုက်ပြီး ထွက်ပြေးသွားသော ခေါင်းဆောင်နောက်သို့ လျှောက်သွားသည်။

ရွှီချင်းသည် လူသတ်ရသည်ကို အကျင့်မရှိပါသော်လည်း လူသတ်မိသည်နှင့် ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ရှင်းပစ်ချင်သူဖြစ်သည်။

ထိုအချိန်တွင် ရွှီချင်းသည် ခေါင်းဆောင်နှင့် တဖြည်းဖြည်း နီးကပ်သွားသည်။ သူက မထူးခြားသော အမူအရာဖြင့် ညာလက်ကို ပင့်မ၍ ခုတ်ချလိုက်သည်။

“ တာအိုရောင်းရင်း၊ ငါက ညဧကရာဇ်ရဲ့ လူတစ်ယောက်ပါ။ အလျဉ်စလို မလုပ်ပါနဲ့ ”

ခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်နေပြီး စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။

ရွှီချင်း၏ညာလက်က ဆတ်ခနဲ ရပ်တန့်သွားပြီး တဆတ်ဆတ် တုန်ရီနေသော မျက်နှာဖြူဖျော့နေသည့် ထိုလူကြီးကို ကြည့်လိုက်သည်။

“ ချီရွှဲ့ထုံဂိုဏ်းသားလား ”

“ ချီရွှဲ့ထုံဂိုဏ်းသားတော့ မဟုတ်ဘူး။ ဒါပေမဲ့ … ”

ထိုလူက နှုတ်မှ လွှတ်ခနဲ ဖြေလိုက်ပါသော်လည်း သူ စကားပင် မဆုံးသေးခင် ရွှီချင်း၏ ညာလက်က ထိုလူ၏နဖူးပေါ် ကျဆင်းသွားခဲ့ပြီဖြစ်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သွေးများနေရာအနှံ့ ပြန့်ကျဲသွားသည်။

ရွှီချင်းက ခါးကိုကုန်း၍ သူ၏လက်နှစ်ဖက်ကို အလောင်းပေါ်တွင် သုတ်လိုက်သည်။ ပြီးသည်နှင့် သူသည် ခေါင်းမော့၍ မည်းမှောင်နေသော အဝေးကို လှမ်းကြည့်လိုက်ပြီး ခဏအကြာ တွေးတောနေသည်။ ဤနယ်မြေနှင့် သူ ရင်းနှီးကျွမ်းဝင်နေသည် မဟုတ်၍ ထွက်ပြေးသွားသော အမျိုးသမီးကို သူ လိုက်မရှာတော့ပေ။

သို့သော်လည်း ထိုအမျိုးသမီး၏ ရုပ်ရည်သွင်ပြင်ကို သူ မှတ်ထားသည်။

ထို့နောက် သူက ခေါင်းငုံ့၍ အလောင်းကို ကိုင်တွယ်ရန် ပြင်လိုက်စဉ် အတွေးတစ်စ ရုတ်ခြည်း ပေါ်လာသည်။ သူက ဆတ်ခနဲ လှည့်၍ အဝေးတွင်ရှိနေသော တည်းခိုခန်းကို ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်က တိုက်ခိုက်တော့မည့်အသွင် ဖြစ်သွားသည်။

တည်းခိုခန်းဝင်ပေါက်၌ မည်သည့်အချိန်ကမသိ အဘိုးအိုတစ်ယောက် ရောက်နေသည်။ ထိုအဘိုးအိုသည် ဆိုင်ရှင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကျောကုန်းတွင် ဘုကြီးတစ်လုံး ရှိသည်။ သူ၏မျက်နှာတွင် အစက်အပျောက်များ ရှိနေပြီး သူ၏အသားအရေက ဝါကြင့်ကြင့်ဖြစ်နေကာ လူမမာတစ်ယောက်အသွင် ရှိသည်။

ရွှီချင်း၏အကြည့်ကို သတိထားမိသောအခါ သူက ဝါဝင်းနေသော သွားများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။

“ ကလေး၊ အဲဒီအလောင်းတွေကို ရောင်းမလား။ အလောင်းတစ်လောင်းအတွက် ဝိညာဉ်ကြေးပြားဆယ်ပြားဆိုရင်ကော ဘယ်လိုသဘောရလဲ ”

ရွှီချင်း ဆွံ့အသွားရသည်။ လူတစ်ယောက်က အလောင်းတစ်လောင်းအား ဝယ်ချင်နေသည်ကို သူ ကြားရသည်မှာ ယင်းသည် သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ထိုအဘိုးအိုကို သူ သတိကြီးကြီးဖြင့် ကြည့်လိုက်ပါသော်လည်း စကားတစ်ခွန်း မဆိုပေ။ သူက ခေါင်းငုံ့၍သာ အလောင်းကို ဖျောက်လိုက်သည်။

အဘိုးအိုသည် ငြင်းဆန်ခံလိုက်ရသောအခါ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်သည်။

“ အိုက်ယား … နှမျောစရာကောင်းလိုက်တာ။ အခုချက်ချင်း သေသွားတဲ့အလောင်းတွေက အလတ်ဆတ်ဆုံးပဲ ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အလောင်းကို ဖျောက်ပြီးသွားပီဖြစ်သည်။ ထို့နောက် သူက တည်းခိုခန်းကို ကြည့်၍ ဤတည်းခိုခန်းတွင် နေသင့်၊ မနေသင့် ချီတုံချတုံ ဖြစ်နေသည်။

တည်းခိုခန်းအပြင်ဘက်ရှိ အဘိုးအိုက တွန့်ဆုတ်နေသော ရွှီချင်းကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ မင်းကို ကြည့်ရတာ ဒီမြို့ကို အခုမှ ရောက်လာတဲ့ပုံပဲ။ ဒီအနီးတဝိုက်မှာ စီးပွားရေးအတွက် ဖွင့်ထားတဲ့ ငါ့ဆိုင်ကလွဲပြီး တခြားဆိုင်တွေအားလုံး ပိတ်သွားပြီ။ တစ်ညကို ဝိညာဉ်ကြေးပြား ရှစ်ဆယ် ဒါမှမဟုတ် စွမ်းဆောင်မှုရမှတ်ရှစ်ဆယ် ကျမယ်။ ငါ လိမ်နေတာ မဟုတ်ဘူးနော် ”

“ စွမ်းဆောင်မှုရမှတ်လား ”

ရွှီချင်းသည် အဘိုးအိုကို ကြည့်လိုက်သည်။ မကြာသေးခင်က သူ့ကို ချောက်တွန်းသွားခဲ့သည့် အမျိုးသမီးက စွမ်းဆောင်မှုရမှတ်အကြောင်း ပြောခဲ့သည်ကို သူ ကြားခဲ့ရတယ်။

“ ထင်တဲ့အတိုင်း လူသစ်ဖြစ်နေတာကိုး။ နောင်ကျရင် စွမ်းဆောင်မှုရမှတ်တွေရဲ့ တန်ဖိုးကို မင်း သိလာမှာ။ အဲဒါက ဝိညာဉ်ကြေးပြားတွေနဲ့ တန်ဖိုးအတူတူပဲကွ ”

အဘိုးအိုက သွားပေါ်အောင်ပြုံး၍ ပြောသည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ဤမြို့ထဲရှိ အရာအားလုံးက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဝိညာဉ်ကြေးပြားများနှင့် စွမ်းဆောင်မှုရမှတ်များက တန်ဖိုးချင်း တူညီသည်။ လူတစ်ယောက်က အလောင်းတစ်လောင်းကို ဝယ်ယူကာ သင့်တင့်သော တန်ကြေးကို ပြောနေသည်မှာလည်း ရယ်စရာကောင်းလှပေသည်။

“ သိပ်စျေးကြီးတယ်လို့ မထင်နဲ့ ငါ့တူရေ။ ဒီမြို့ကြီးရဲ့ညအချိန်က အေးချမ်းတာ မဟုတ်ဘူးကွ။ တခြားစျေးချိုတဲ့ တည်းခိုခန်းလည်း မရှိတော့ဘူး။ ငါ့မှာတောင် နှစ်ခန်းပဲ ကျန်တော့တယ် ”

အဘိုးအိုက မပြုံးချင်ပြုံးချင်ဖြင့် ပြောလိုက်သည်။

ရွှီချင်းသည် ခဏအကြာ စဉ်းစားတွေးတောနေပြီး ကောင်းကင်ကြီးကိုမော့ကြည့်ကာ အဘိုးအိုကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှေး၍ လမ်းမကြီးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သွေးအရိပ်တစ်ရိပ် အလျင်အမြန် ချဉ်းကပ်လာနေပြီး ၎င်း၏ပစ်မှတ်က ဤတည်းခိုခန်း ဖြစ်ပေသည်။

အနီးကို ရောက်လာသောအခါ ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။ ထိုကျင့်ကြံသူသည် စကားတစ်ခွန်းမပြောဘဲ ဝိညာဉ်ကြေးပြားများဖြင့် ပြည့်နေသော သားရေအိတ်ကို ပစ်ပေးကာ တည်းခိုခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

“ အခုဆိုရင် တစ်ခန်းပဲ ကျန်တော့တယ် ”

အဘိုးအိုက ပြုံး၍ ပြောလိုက်ပြီး သူ၏လက်ထဲရှိ သားရေအိတ်ကို စစ်ဆေးကြည့်လိုက်သည်။

ရွှီချင်းသည် စဉ်းစားတွေးတောပြီးနောက် ဝိညာဉ်ကြေးပြားများကို ပစ်ပေးကာ ဒုတိယမြောက်အထပ်ရှိ နောက်ဆုံးအခန်းကို လျှောက်သွားသည်။ သူက အခန်းထဲ မဝင်ခင် အောက်ထပ်ရှိ ဆေးတံသောက်နေသော အဘိုးအိုထိုင်နေရာ ကောင်တာကို လျှောက်သွားကာ မေးမြန်းလိုက်သည်။

“ အဲဒီအလောင်းတွေကို ဝယ်ချင်တာ ဘာလို့လဲ ”

အဘိုးအိုက မော့ကြည့်လိုက်ပြီး ကြောက်မက်ဖွယ်အပြုံးဖြင့် ပြောလိုက်သည်။

“ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် ရှိတယ်။ အဲဒီအကောင်လေးက လူသားဆိုရင် သိပ်ကြိုက်တာ။ နောင်ကျ မင်းမှာ အလောင်းတွေရှိလာရင် ငါ့ဆီကို လာရောင်းလှည့်ပေါ့။ စျေးကတော့ ညှိနှိုင်းလို့ရပါတယ် ”

ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး အဘိုးအိုကို ကြည့်ကာ အခန်းထဲ ဝင်သွားသည်။

ထို့နောက် သူက အခန်းကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး မည်သည့်မသင်္ကာစရာတစ်ခုမှ မရှိကြောင်း အတည်ပြုပြီးနောက် ပြတင်းတံခါးကို တွန်းဖွင့်ကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

ညအမှောင်ထုအောက်တွင် မြို့ကြီးတစ်မြို့လုံး မှောင်မည်းနေသည်။ ထိုသို့အမှောင်မြို့ကြီးပေါ်ကို ထူးဆန်းသော ဇာပါဝါတစ်ထည် လွှမ်းခြုံလိုက်သည့်အလား လရောင်ခြည်တန်းလေးများ ဖြာကျလာသည်။

အဝေးတစ်နေရာရှိ ပင်လယ်ပြင်ထဲမှ သင်္ဘောဝီစီမှုတ်သံ စီခနဲ လွင့်ပျံလာသည်။ မီးပြတိုက်မှ အလင်းတန်းအောက်တွင် ရွက်လှေကြီးများစွာ တရွေ့ရွေ့ ချဉ်းကပ်လာနေသည်ကို ခပ်ဖျော့ဖျော့ မြင်နိုင်ပေသည်။

၎င်းတို့ကိုကြည့်၍ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဘေးမှ ဂိုဏ်းသူ၏စကားများကို ရွှီချင်း ပြန်တွေးမိလိုက်သည်။ ထို့နောက် ဤမြို့ကြီးက နက်ရှိုင်းနေသော ရေကန်တစ်ကန်သဖွယ်ဖြစ်ပြီး မမြင်နိုင်သော အန္တရာယ်များစွာ ရှိနေသည်ကို သူ ရင်ထဲမှနေ၍ နားလည်လိုက်သည်။ နောက်ဆုံး၌ သွေးညှီနံ့များ ထွက်ပေါ်လာရသည့်အကြောင်းအရင်းကို သူ သိသွားသည်။ မကြာသေးခင်က သူသည်လည်း ဤမြို့ကြီးထဲတွင် သွေးများစွန်းထင်းသွားအောင် လုပ်ခဲ့သည် မဟုတ်ပါလား။

ဤနေရာသည် ယခင်က သူ နေထိုင်ခဲ့ဖူးသည့် ပတ်ဝန်းကျင်နှင့် ဗိသုကာလက်ရာပိုင်းအရဖြစ်စေ၊ သန့်ရှင်းသပ်ရပ်မှုအရဖြစ်စေ ကွဲပြားခြားနားနေပါသော်ငြား သေချာကြည့်လျှင် ကွဲပြားမှုရှိနေဟန်မတူပေ။

“ နောက်ဆုံးတော့လည်း ခေတ်ပျက်ကြီး ဖြစ်နေတာပါပဲ …”

ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအကြောင်းများ တွေးတောနေခြင်းကို သူ ခေတ္တရပ်လိုက်ပြီး ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲအကြောင်း စဉ်းစားလိုက်သည်။

“ ငါ စစ်ဆေးပွဲအောင်ဖို့ အခွင့်အလမ်းများတယ်ဆိုပေမဲ့ ပြင်ဆင်ဖို့ လိုသေးတယ်။ ငါ မအောင်ရင် ဘာလုပ်သင့်လဲ။ ပြီးတော့ လက်ရှိအချိန်မှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ငါ့ရဲ့ အကြီးမားဆုံး ရန်သူပဲ။ တတ်နိုင်သလောက် ငါ့ကိုယ်ငါ အစွမ်းထက်လာအောင် လုပ်ပြီး သူ့ကို သတ်ပစ်ရမယ် ”

ထိုအတွေးစများ သူ၏ဦးနှောက်ထဲ ဖြတ်ပြေးသွားစဉ် အပြင်ဘက်ကောင်းကင်ကြီးက မှောင်သည်ထက် မှောင်လာသည်။ သန္ဓေပြောင်းသားရဲများ၏ အော်ဟစ်ဟိန်းဟောက်သံများ၊ ထူးထူးဆန်းဆန်းအသံများ မရှိပါသော်ငြား လေတိုက်ခတ်လိုက်သည်နှင့်အမျှ ရမ္မက်ကြွဖွယ်ညည်းညူသံများကို ကြားရသည်။ ယင်းသည် လူ့စိတ်သဘာဝ၏ အမှောင်ခြမ်း ဖြစ်ပေသည်။

ရွှီချင်းက ထိုအသံများနှင့် အသားကျနေပြီဖြစ်ပြီး စိတ်ထဲပင်မရှိချေ။ သူက ခေါင်းငုံ့၍ အဝတ်အိတ်ကို ထုတ်လိုက်သည်။

ယင်းသည် ကျင်းကန်းဂိုဏ်းမှ သူ ရရှိခဲ့သော အဝတ်အိတ်ဖြစ်သည်။ လမ်းတွင် ၎င်းကို သူ စစ်ဆေးကြည့်ခဲ့ပြီး အလွန် အံ့အားသင့်သွားခဲ့ရသည်။

ထိုအဝတ်အိတ်သည် အလွန်သေးငယ်နေသယောင် ရှိပြီး လက်တစ်ဝါးအရွယ်သာ ရှိသည်။ အမှန်စင်စစ် ထိုအဝတ်ကို ဖွင့်လိုက်သောအခါ ခုတင်တစ်လုံးစာမျှ ပစ္စည်းအမြောက်အမြား ရှိနေပေသည်။

ရတနာမုဆိုးစခန်း၌ ထိုကဲ့သို့ ပစ္စည်းမျိုးအကြောင်း သူ ကြားခဲ့ဖူးသည်။ ယင်းကို သိုလှောင်အိတ်ဟု ခေါ်ကြသည်။

သိုလှောင်အိတ်သည် ယခင်က ရွှီချင်းနေခဲ့ဖူးသည့် နေရာ၌ ရှားပါးရတနာဖြစ်သည်။ ၎င်း၏တန်ဖိုးက ကြောက်ခမန်းလိလိဖြစ်ပြီး ဝယ်ယူရန် အလွန် ခက်ခဲသည်။

ထိုအိတ်အတွင်း ပြည့်နှက်နေသော မြေသားကြည်လင်ဆေးပုလင်းအမြောက်အမြားကိုပင် မဆိုထားဘိ ထိုအိတ်သည်ပင် ကျင်းကန်းဂိုဏ်းကို ခေါင်းကိုက်သွားစေရန် လုံလောက်သည်။

ထိုအိတ်ထဲတွင် ဆေးပုလင်းသုံးဆယ်ကျော်ရှိသည်။

၎င်းနှင့်ယှဉ်လျှင် ရွှီချင်းကို ပို၍ အံ့အားသင့်သွားစေသောအရာမှာ အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံး ( ၁၁၀ ) ကြောင့် ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများကို တစ်ခါမှ သူ မမြင်ခဲ့ဖူးပါသော်လည်း ညစာစားနေစဉ်အတောအတွင်း ခေါင်းဆောင်လဲ့က ဗဟုသုတများ ပြောပြရာတွင် ထိုဝိညာဉ်ကျောက်တုံးများအကြောင်းလည်း ပါဝင်ပေသည်။

ထိုဝိညာဉ်ကျောက်တုံးများက ဝိညာဉ်ကြေးပြားများထက် အဆပေါင်းများစွာ တန်ဖိုးရှိသည်။ ဝိညာဉ်ကျောက်တုံးတစ်တုံးက ဝိညာဉ်ကြေးပြားတစ်ထောင်နှင့် ညီမျှပြီး ဝိညာဉ်စွမ်းအားများစွာကို စုစည်းခြင်းအားဖြင့် ၎င်းကို ရရှိနိုင်သည်။ အရေးကြီးသောအခြေအနေတွင် ထိုကျောက်တုံးဖြင့် တိုက်ရိုက်ကျင့်ကြံနိုင်သည်။ ထိုကျောက်တုံးက အလွန် အဖိုးတန်ပြီး ၎င်း၏ပုံပန်းသွင်ပြင်ကိုပင် ခေါင်းဆောင်လဲ့က ပြောပြထားခဲ့သည့်အတွက်ကြောင့် သူ သိနေရခြင်းဖြစ်သည်။

ထိုပစ္စည်းများသည် ကျင်းကန်းဂိုဏ်းမှ သူ ရယူခဲ့သော အကြီးမားဆုံး အကျိုးအမြတ် ဖြစ်သည်။ တခြားပစ္စည်းများသည် ထိုသိုလှောင်အိတ်နှင့် ဝိညာဉ်ကျောက်တုံးများဖြင့် ယှဉ်ပါက ဘာမှမဟုတ်ချေ။

ရွှီချင်းက လမ်းတွင် ကြိမ်ဖန်များစွာ စစ်ဆေးကြည့်ခဲ့သည့်တိုင်အောင် ထိုရတနာများကြောင့် သူ အံ့အားသင့်သွားရစမြဲပင်။ ယင်းသည် သူ ကလေးဘဝကတည်းက ရေတွက်လျှင် အကြီးကျယ်ဆုံး ကံကောင်းမှုကြီး ဖြစ်သည်။

“ စစ်ဆေးပွဲကို ငါ မအောင်ရင် ဒီငွေတွေနဲ့ ချီရွှဲ့ထုံဂိုဏ်းအဓိကမြို့ကြီးမှာ ကျင့်ကြံခြင်းအဆင့်တက်အောင် ငါ လုပ်လို့ရတယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်ကာ မျက်လုံးများကို မှတ်၍ ကျင့်ကြံလိုက်သည်။

မည်သည့်နေရာသို့ သူ ရောက်သွားသည်ဖြစ်စေ၊ လာမည့်စစ်ဆေးပွဲက မည်သို့ဖြစ်မည်ဖြစ်စေ ကျင့်ကြံခြင်းကို သူ ရပ်တန့်လိုက်မည် မဟုတ်ပေ။ ကျင့်ကြံခြင်းသည် ဤလောကကြီးထဲ သူ တည်ရှိနေရသည့် အခြေခံအုတ်မြစ်ဖြစ်ပြီး သူ အသက်ရှင်သန်ရေးအတွက် အကောင်းဆုံး အာမခံချက်တစ်ခုလည်း ဖြစ်သည်။

ယင်းအပြင် ဤလောကပျက်ကြီးထဲ၌ နေထွက်ခြင်းနှင့် နေဝင်ခြင်းကဲ့သို့သော ထာဝရနိယာမများသည်ပင် တစ်နေ့တည်းမှာ ပြောင်းလဲကြရသည်။

မဖြစ်နိုင်သော အရာဟူ၍ မရှိချေ။

လုံးဝပြောင်းလဲမသွားသော အရာဟူ၍ " ခွန်အားကြီးသူသာ ရှင်သန်မည် " ဟူသော စည်းမျဥ်းသာ ဖြစ်သည်။

ယင်းအပြင် ရွှီချင်း၏အတွေ့အကြုံများအရ လူပေါင်းများစွာ ရှိနေသောနေရာများသည် တားမြစ်နယ်မြေများထက် ပို၍ပင် အန္တရာယ်များသည်။ လူသားများ၏ ကောက်ကျစ်သော အတွင်းစိတ်ကို အလွယ်တကူ မသိနိုင်သည် မဟုတ်ပါလား။

အထူးသဖြင့် ဤချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးထဲတွင် ပုန်းကွယ်နေသော အန္တရာယ်များနှင့် လျှို့ဝှက်ချက်များစွာ ရှိနေသည်မှာ ထင်ရှားပေသည်။

လူငယ်လေးအတွက် ဤနေရာသည်လည်း တားမြစ်နယ်မြေမဟုတ်သော တားမြစ်နယ်မြေတစ်ခုသာ ဖြစ်ပေသည်။

All Chapters