လယ်သမားတွေ အိမ်ပြန်လာကြပြီဟေ့
Vol. 1 Ch. 1
မြစ်ရေနိမ့်ပိုင်းအနားတွင် တည်ရှိသော မြစ်အောက်ပိုင်းရွာကလေး၏ နေ့သစ်တစ်နေ့၌ သူရိန်နေမင်းကြီးသည် အိမ်ထောင်စုတိုင်းတွင်ရှိသော ကြက်တွန်သံလေးများကြား နွေးထွေးစွာ ထွက်ပေါ်လို့လာနေသည်။
အခြားမိသားစုများမှာ ပူနွေးသော အုတ်ကုတင်ပေါ်မှ ဆင်းဖို့အရေး တွန့်ဆုတ်နေကြသည့်အချိန် ရွှီမိသားစုမှာတော့ အလုပ်များလုပ်နေကြလေပြီ။
ဒီနေ့ကတော့ ခရိုင်မြို့တော်အတွက် သုံးနှစ်ကြာအောင် အလုပ်လုပ်ပေးနေခဲ့ရသော အဘိုးရွှီ၏သား အိမ်ပြန်ရမည့်ရက် ဖြစ်သည်။
"ရှို့ ရေကဆူနေပြီလေ...ညည်းအဖေအတွက် ဆန်ပြုတ်ကို ယူသွားပေးလိုက်ဦး"
"အိုက်! သမီးသိပြီ အမေ!"
အဘိုးရွှီ၏ခြံဝင်းထဲ၌ ရွှီဖန်း၏အမေအိုကြီးဖြစ်သော ကျန်းလီမေသည် လက်ထဲရှိ ကြက်မအိုကြီးကို သတ်ဖြတ်နေရင်း မီးဖိုချောင်ထဲ၌ သွက်လက်လှုပ်ရှားနေသော ကောင်မလေးအား အော်ဟစ်ပြောဆိုနေခဲ့သည်။
သမီးဖြစ်သူနှင့်အတူ သူမဟာ အလုပ်တွေရှုပ်နေသော်ငြား အိမ်ကိုပြန်လာနေသည့် ရွှီဖန်းအကြောင်းတွေးလိုက်သည့်အချိန်မှာတော့ ကယ်တင်လို့မရအောင် ပျော်ရွှင်နေမိသည်။
ပြောရလျှင် အဘိုးရွှီ၏မိသားစုသည် မကြာသေးမီက ကာလများ၌ မလွယ်ကူခဲ့ပေ။
ရွှီဖန်း၏အဖေဖြစ်သူ ရွှီအိုက်ကောသည် ခရိုင်ရှိအဆောက်အဦးဆောက်နေသော နေရာ၌ အလုပ်ဝင်လုပ်ခဲ့ရာကနေ သံမဏိချောင်းက ခြေထောက်ထဲသို့ ထိုးဖောက်သွားခဲ့သည်။ အခု သူဟာ အခန်းထဲတွင် လှဲနေရကာ ဆေးရုံသွားဖို့လည်း ပိုက်ဆံမရှိပေ။
ရွှီဖန်း၏ညီမ ရွှီရှို့ရှို့ကတော့ အထက်တန်းကို အောင်မြင်ပြီး တက္ကသိုလ်တက်ရတော့မှာ ဖြစ်သည်။
ဒါတွေအားလုံးက ဖိအားကြီးကြီးမားမားဖြစ်နေသင့်ပေမယ့် ကျန်းလီမေဟာ သူမသား ပြန်ရောက်လျှင် အရာအားလုံး လွယ်လွယ်ကူကူဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေသည်။
တလောက ရွှီဖန်းတစ်ယောက် အိမ်ကို ပိုက်ဆံတွေပိုက်ကာ ပြန်လာခဲ့ပြီး သိပ်မကြာလိုက်၊ သူ စီမံခန့်ခွဲရေး အကြီးအကဲဖြစ်လာတော့မည်ဆိုသည့် အကြောင်းကိုဖုန်းနဲ့တဆင့်ပြောပြခဲ့သည်။ ထိုအချိန်က သူ့ရဲ့လစာဟာ ၁၈၀၀၀တိုးသွားခဲ့မှာဖြစ်သည်။
အခု သူ ပြန်လာဖို့ အချိန်ရခဲ့တယ်ဆိုတာကလည်း သတင်းကောင်းကို ကြေညာဖို့မဟုတ်ရင် ဘာများထပ်ဖြစ်နိုင်သေးလို့လဲ။
"မျိုးချစ်မိန်းမရေ...ကြက်သတ်တာ ဘယ်လိုလဲဟေ့...ညည်းတို့မိသားစုက ရွှီဖန်းကရော ဘာလို့ အခုထိ ပြန်မရောက်သေးတာလဲ"
ဒီနှစ်တွေထဲ သူမသားလေး ပင်ပန်းနေပြီလားဟု တွေးနေမိတုန်း သတ်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က လှပပြီး နူးညံ့သိမ်မွေ့ပုံပေါ်သော မိန်းမငယ်လေးအား ဆွဲကာ ခြံဝင်းထဲသို့ ဝင်လာလေသည်။
"ဟင်...အဒေါ်ဆွေ့ ဘာလာလုပ်တာလဲ"
ကျန်းလီမေမှာ အိမ်နီးချင်းဖြစ်သူ အဒေါ်ဆွေ့တစ်ယောက် သူမသမီးနှင့် ခြံထဲဝင်လာတာမြင်တော့ စိတ်ရှုပ်သွားရသည်။
"အိုး! မျိုးချစ်မိန်းမရယ် ညည်းရဲ့ရွှီဖန်း ပြန်လာနေတာကို ငါတွေ့ခဲ့တယ်လေ...ဒါကြောင့် ငါ့သမီးကို ကြည့်ဖို့အတွက် ခေါ်လာခဲ့တာ"
"ညည်းတို့မိသားစုရဲ့ရွှီဖန်းက ၂၃နှစ်ပဲရှိနေပြီ...ဒါက လက်ထပ်ဖို့အတွက် အချိန်ကောင်းပဲလေ...ငါတို့မိသားစုက အလှလေး၊ လပြည့်ဝန်းလေးရဲ့ လှလှပပကြီးထွားနေမှုနဲ့ သူမရဲ့ တောင့်တင်းသန်မာတဲ့တင်ပါးတွေကို လာကြည့်လိုက်စမ်းပါ...ညည်းမိသားစုက ရွှီဖန်းသာ လက်ထပ်လိုက်ရင် နောက်နှစ်မှာ ဝဝကစ်ကစ် ကလေးတစ်ယောက် သေချာပေါက် ရလိမ့်မယ်"
"အမေ့! ဘာအကြောင်းတွေလိုက်ပြောနေတာလဲလို့!"
သူမအမေက ကြွားလုံးတွေ အများကြီးပစ်နေတာကြောင့် မိန်ယွဲ့၏ မျက်နှာက နီရဲနေခဲ့၏။ သူမဘာသာသူမ ဗျစ်ဗျစ်တောက်တောက်ပြောပြီးနောက်မှာ ကျန်းလီမေရှိရာကို လှည့်ကြည့်မိသည်။
သူမက မျှော်လင့်ချက်အပြည့်ဖြင့်...
"အဒေါ်ကျန်း အစ်ကိုရွှီဖန်းက စီမံခန့်ခွဲရေး အကြီးအကဲဖြစ်သွားပြီလို့ သမီးကြားခဲ့တယ်...သူ့ရဲ့ လစာက ယွမ်၁၀,၀၀၀ထက်မှာရှိတယ်ဆိုတာ အမှန်ပဲလားဟင်"
ကျေးလက်ဒေသမှာ မိခင်တွေက သားတွေကို မှီခိုအားကိုးကြသည်။ ကျန်းလီမေဟာ သူမသားအား အလွန်အကြူး ဝိုင်းချီးမြှောက်ကြတာတွေကိုလည်း တွေခဲ့ရသလို ဖြတ်သန်းလာခဲ့ရသည့်ကာလများကြောင့် သူသယ်ထားရသောဝန်ထုပ်ဝန်ပိုးကိုလည်း မြင်တွေ့ခဲ့ရကာ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
"အဒေါ်ဆွေ့ ကျွန်မ တစ်ကယ်တောင်းပန်ပါတယ်...ကျွန်မမိသားစုက ရွှီဖန်းက ခရိုင်မြို့တော်မှာပဲ သူ့ချစ်သူကို တွေ့ပြီးနေပြီ...ရှင့်မိသားစုက မိန်ယွဲ့ကိုလည်း အားနာမိပါတယ်"
ရွှီဖန်းက သူ့ချစ်သူ၏ဓာတ်ပုံကို မတိုင်ခင်ကတည်းက ကျန်းလီမေဆီ ပို့ထားပြီးပြီဖြစ်သည်။ သူမက မြို့ထဲကပဲဖြစ်ပြီး လှပသောမျက်နှာလေးရှိတဲ့အပြင် တိုင်းတစ်ပါးမှ လာသော အရောင်အသွေးစုံလင်သည့် ဝတ်စုံလေးအား ဝတ်ဆင်ထားသည်။ အရေးအကြီးဆုံးကတော့ ရွှီဖန်းက သူမကို ကြိုက်နှစ်သက်တယ်လေ။
ကျန်းလီမေက ခဏတာစဥ်းစားပြီး အိမ်ထောင်ပြုဖို့ကို ငြင်းပယ်လိုက်သော်ငြား အန်တီဆွေ့က လက်မလျှော့ပေ။
"ဟင်း! မျိုးချစ်စိတ်နဲ့ကြည့်ရင် မြို့ကလာတဲ့ မိန်းမတွေကို တို့ကျေးလက်က မိန်းမတွေက အလုပ်အကျွေး ဘယ်ပြုနိုင်မှာလဲ...လက်မခံတာ မစောပါနဲ့...ရွှီဖန်းပြန်လာတဲ့အခါကျမှ စကားကောင်းကောင်းပြောကြည့်ကြတာပေါ့"
"ဟုတ်ပါတယ် အန်တီကျန်းရယ်၊ သမီးနဲ့ အစ်ကိုရွှီဖန်းက တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ အတော်ကြာပြီ...သမီးတို့ လက်ထပ်ဖို့အကြောင်း မပြောရင်တောင်မှ သူနဲ့သမီးက အတိတ်ကာလတွေကို လွမ်းဆွတ်သတိရနေကြမှာလေ"
သမီးနှင့်အမေဖြစ်သူနှစ်ယောက်လုံးထံမှ မဆုတ်မနစ်ထွက်လာသော မြှောက်ပင့်လုံးတွေကို နားထောင်ရင်း ကျန်းလီမေမှာ ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။
မိခင်တစ်ယောက်အနေနဲ့တော့ သူမသားက အခုလို အများကကြိုက်နှစ်သက်ခြင်းခံနေရတာကို ပျော်မိပေသည်။
"ဟမ်"
သူမ သဘောတူလုနီးပါးဖြစ်စဥ်မှာပဲ ခြံအပြင်မှ ထွန်စက်တစ်ခု ချဥ်းကပ်လာသံအား ကြားလိုက်ရသည်။
"ဟင်...အဒေါ်ကျန်းရေ အပေါ်မှာထိုင်နေတာ အစ်ကိုရွှီဖန်းမဟုတ်လား"
မိန်ယွဲ့အသံကိုကြားတာနဲ့ ကျန်းလီမေလည်း မသိစိတ်မှအလိုလိုပင် ခြံပြင်ကို ကြည့်မိသည်။
ခရီးရှည်ကြောင့် မောပန်းနွယ်နယ်နေသော်လည်း နွေးထွေးသော အမူအရာရှိသည့် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က ထွန်စက်၌ နောက်ဘက်မှာ ထိုင်နေသည်။
ထိုပုံရိပ်လေးမှာ ကျန်းလီမေတစ်ယောက် နေ့နေ့ညည ထပ်ကာထပ်ကာ တွေးတောခဲ့ရသည့် ပုံရိပ်လေးပင်။ နောက်ဆုံးမှာတော့ ဝမ်းနည်းမျက်ရည်များအဖြစ် ပြောင်းလဲသွားကာ ကျန်းလီမေမှာ ငိုရှိုက်ခြင်းကို မထိန်းနိုင်ခဲ့ပေ။
"ရှို့! မြန်မြန်! ထွက်လာခဲ့တော့! ညည်းအစ်ကို ညည်းအစ်ကိုက ပြန်ရောက်လာပြီ"
ကျန်းလီမေက ပျော်ရွှင်စွာ ငိုကြွေးနေခဲ့သည်။ သမီးဖြစ်သူ ရွှီရှို့ရှို့၏ နာမည်အား အော်ခေါ်ကာ သားကိုတွေ့ရန် ခြံပြင်သို့ ထွက်သွားခဲ့သည်။
"အာ...ကလေးရေ နောက်ဆုံးတော့ ပြန်လာပြီပဲ...ဒီနှစ်တွေထဲမှာ အမေက သားကို သတိရနေခဲ့တာ"
ထွန်စက်က ခြံပေါက်ဝမှာ စက်ရပ်သွားသည်။ အမေက မျက်ရည်စက်လက်ဖြင့် သူ့ဆီ လာနေတာကို မြင်သည်နှင့် ရွှီဖန်း၏ နှာခေါင်းလည်း ဆို့နင့်မှုကြောင့် စူးကနဲ ဖြစ်သွားရသည်။
ဒီနှစ်တွေထဲ မြို့တော်မှာ သူတစ်ယောက်တည်း ဖြတ်သန်းခဲ့ရသည်။ အိမ်ကို မလွမ်းဘဲ ဘယ်နေနိုင်ပါ့မလဲ။
"ဟုတ်ပါပြီ အမေရယ်...မငိုနဲ့တော့...သူများတွေကို ရယ်စရာလို့ မြင်စေမလို့လား"
အပြုံးတစ်ခုကို ညှစ်ထုတ်ပြုံးကာ သူ့အမေမျက်နှာပေါ်မှ မျက်ရည်တွေကို သုတ်ပေး၍ ထွန်စက်ပေါ်မှာ အထုတ်တွေကို အောက်ချလိုက်သည်။
"အထဲဝင်ပြီးစကားပြောရအောင်လေ"
"ကောကောရေ ရှို့ရှို့ အထုတ်တွေကို ကူသယ်ပေးမယ်လေ"
ထိုအချိန် ရွှီရှို့ရှို့က လျှာလေးအသာထုတ်ကာ အထုတ်တွေ ကူသယ်ပေးလာသည်။
"အရူးလေး...ဒါတာကြောင့်လည်း ကောကောက ညီမလေးဆိုရင် မချစ်တာ မရှိဖြစ်နေတာ"
ရွှီဖန်းက သူ့ညီမလေး၏ခေါင်းအား ချစ်မြတ်နိုးစွာ ပုတ်ရင်း ခြံထဲဝင်လာခဲ့ကြသည်။
"အစ်ကိုရွှီဖန်းက အကြီးအကဲဖြစ်နေပြီမလားဟင်...ဘာလို့ ဝတ်စုံပြည့်မဝတ်ထားတာလဲ မသိဘူး"
"သူ မအေးဘူးလား မသိဘူး"
သူတို့ခြံထဲဝင်လာသည့်အချိန် မိန်ယွဲ့က နှုတ်ခမ်းကို တွန့်ကာ ညည်းတွားနေသည်။ အဒေါ်ဆွေ့ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးမှ သူ့သမီးအား စူးစိုက်ကြည့်သည်။
"အမလေး ကောင်မလေးရေ...ဘာလို့ ဒီလောက်ကြည့်ကောင်းတဲ့ အဝတ်တွေဝတ်ထားတာလဲ...မြစ်အောက်ပိုင်းရွာက ဘယ်သူ့ကိုများ ပြချင်နေလို့လဲနော်"
".............."
မိန်ယွဲ့၏စိတ်ပျက်နေသည့်အကြည့်တွေကြောင့် ကျန်းလီမေဟာ အပြုံးတစ်ခု ညှစ်ထုတ်ပြုံးရင်း ပြောလိုက်သည်။
"အဒေါ်ဆွေ့ မိန်ယွဲ့ပြောတာ မှန်ပါတယ်"
"သားရေ သားက မိသားစုအတွက်ပဲ အမြဲတွေးနေလို့မရဘူးလေ...ပိုက်ဆံတွေကို သားအတွက်လည်း သုံးဦးမှပေါ့...သားကအခုဆို စီမံခန့်ခွဲရေးအကြီးအကဲဖြစ်နေပြီလေ...သားနဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်တဲ့ အဝတ်အစားကို ဝတ်ရမှာပေါ့ ဟုတ်တယ်မလား"
"ဟုတ်တယ် ဟုတ်တယ် ကောကော...ကောကောက ချောပြီးသားဆိုတော့ ဝတ်စုံပြည့်သာဝတ်ထားရင် သေချာပေါက် ပိုပြီးတော့ ကြည့်ကောင်းမှာ သေချာတယ်"
ရွှီဖန်းမျက်နှာပေါ်မှ အပြုံးက ရုတ်တရက် ခါးသက်လာသည်။
"အမေ...မှားနေပြီ"
သက်ပြင်းရှိုက်ပြီးနောက်မှာ ရွှီဖန်းတစ်ယောက် သူ့သတ္တိတွေကို စုစည်းလိုက်သည်။ ထိုခဏအတွင်းမှာ လူအုပ်ကြီး၏ ပဟေဠိအကြည့်တွေအောက်၌ အမှန်တရားကို ပြောပြခဲ့သည်။
"ဒီတစ်ခေါက် ကျွန်တော် အလုပ်ထုတ်ခံလိုက်ရတယ်"
လွန်ခဲ့သည့်ရက်များအတွင်း သူငယ်ချင်းဖြစ်သူက ရွှီဖန်းရဲ့ချစ်သူနဲ့ ပူးပေါင်းကြံစည်ပြီး စီမံခန့်ခွဲရေးအကြီးအကဲနေရာရဖို့အတွက် ကြိုးစားခဲ့ကြတာကို ပြန်တွေးရင်း ရွှီဖန်းမှာ စိတ်ပျက်မှုကို ခံစားလိုက်ရသည်။
ဒါပေမယ့် မကြာခင်မှာပဲ သူစိတ်ပြန်တည်ငြိမ်လာကာ ပြုံး၍ အဒေါ်ဆွေ့ကို ပြောလိုက်သည်။
"အဒေါ်ဆွေ့ ဒီမှာ နေ့လည်စာစားသွားဦးလေ"
"မလို မလို မလို မလိုပါဘူး...ဒုက္ခတွေများကုန်မှဖြင့်...ရွှီဖန်းရေ မင်းကအခုမှပြန်လာတာဆိုတော့ စကားတွေပြောကြဦးပေါ့...မင်းရဲ့အဖေကလည်း သူ့ကိုဂရုစိုက်ဖို့အတွက် မင်းကိုလိုအပ်နေတာ...အဒေါ်တို့ အရင်ဆုံး သွားနှင့်လိုက်ပါ့မယ်လေ"
ရွှီဖန်း၏ကျဆုံးခန်းကို ကြားသိလိုက်ရတာကြောင့် အဒေါ်ဆွေ့၏မျက်နှာက မတိုင်ခင်ကလို မပျော်ရွှင်နိုင်တော့ပေ။ သူမက ပလိပ်ရောဂါကို ရှောင်ချင်သလိုမျိုး သမီးဖြစ်သူကိုဆွဲကာ ခြေရာပင်မကျန်အောင် အမြန်ပျောက်ကွယ်သွားတော့သည်။
"ဟမ့်! ဒါဆို ရှင်က ငမွဲတစ်ယောက်ပဲပေါ့...အချိန်ကုန်တာပဲ အဖတ်တင်တယ်"
မိန်ယွဲ့၏စကားများကိုကြားကာ ရွှီဖန်းလည်း ဘာတွေဖြစ်နေခဲ့လဲဆိုတာ အနည်းနဲ့အများတော့ ခန့်မှန်းမိပြီး ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ဒီမိန်းမက မြို့ထဲက သူ့ရည်းစားလိုမျိုး တတ်လည်းတတ်နိုင်ပေသည်။
ဒီလိုအခြေအနေကနေ ဘယ်တော့မှ နာလန်ပြန်ထူနိုင်မှာမဟုတ်ဘူးလို့ သူတွေးမိလားဆိုရင်...
အရှက်ရနေပုံပေါ်သည့် အမေဖြစ်သူနှင့် ညီမဖြစ်အား ကြည့်ရင်း အားတင်းပြုံးကာ ပြောလိုက်သည်။
"အမေ၊ ရှို့ရှို့ ကျွန်တော်တောင်မှ စိတ်မပူတာ အမေတို့က ဘာလို့စိုးရိမ်နေတာလဲ"
"စိတ်မပူပါနဲ့...ဒီအတိုင်း အလုပ်ထုတ်ခံရရုံပဲလေ...အဲ့တာကြောင့်နဲ့ ကျွန်တော်က ကျရှုံးသွားမှာမှ မဟုတ်ဘဲ"
ဒီစကားတွေက သူ့နှလုံးသားထဲက လာသည့်အတိုင်း ရွှီဖန်း ပြောခဲ့တာဖြစ်သည်။ ချက်ချင်းပင် သူ့စိတ်သူ ထိန်းချုပ်ကာ အပြုံးဖြင့်မေးလိုက်သည်။
"အိုး ဟုတ်သားပဲ...အဖေရော ဘယ်မှာလဲ"
"ကောကော...အဖေက"
သူ့အဖေ ရွှီအိုက်ကောက သူ့ကိုကြိုဆိုဖို့ မထွက်လာဘူးလေ။ ဒါအနည်းငယ်ထူးဆန်းနေပေမယ့် သူ့ညီမက ပြောဖို့ တုန့်ဆိုင်းနေတာကို မြင်လိုက်ရတော့ တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။
"ရှို့ရှို့...ဘာတွေဖြစ်နေတာလဲ"
ရွှီဖန်းရဲ့မျက်နှာက တည်လာတာကြောင့် ရွှီရှို့ရှို့မှာ နှုတ်ခမ်းဆူကာ အမှန်အတိုင်းပြောပြလိုက်သည်။
"ကောကော အဖေက ဆောက်လုပ်ရေးမှာ အလုပ်သွားလုပ်ရင်း ခြေထောက်ကျိုးခဲ့တာ...အခု အိပ်ရာထဲက မထနိုင်ဘူး"
"ဘာ!"
စိုးရိမ်ပူပန်မှုများက သူ့မျက်နှာပေါ်၌ လျှပ်တစ်ပြက်ပေါ်လာကာ သူမေးလိုက်သည်။
"ဘာလို့ ကျွန်တော့်ကို စောစောမပြောပြကြတာလဲ"
ကျန်းလီမေက အားတင်းပြုံးကာ ပြောလာသည်။
"သား အိမ်ကို ဖုန်းခေါ်တုန်းက စီမံခန့်ခွဲရေးအကြီးအကဲဖြစ်လာဖို့ ဒီတလော အလုပ်ကြိုးစားနေရတယ်လို့ပြောခဲ့တယ်လေ...အမေတို့က သားအလုပ်အပေါ် သက်ရောက်သွားမှာကို စိုးရိမ်ခဲ့တယ်...အဲ့ဒါကြောင့်ပဲ...."
"............"
ဒီအတွက်စိုးရိမ်စရာအချက်မရှိခဲ့တာကြောင့် ရွှီဖန်းမှာ ကူကယ်ရာမဲစွာဖြင့် ခါးသက်သက် ပြုံးမိသည်။ သူခေါင်းကိုခါယမ်းလိုက်ကာ...
"အရင်ဆုံး အထဲဝင်ကြတာပေါ့"
အဲ့ဒီနောက် မိဘတွေရဲ့အိပ်ခန်းသို့ သွားနေသော ထိုနှစ်ယောက်အနောက် ရွှီဖန်းလိုက်သွားခဲ့ရာ အိပ်ရာပေါ်တွင် လှဲနေသော ရွှီအိုက်ကောကို တွေ့လိုက်ရသည်။
သူ့မျက်နှာက ဖြူလျော်နေကာ မျက်တွင်းတို့ကချိုင့်နေသည်။ ရွှီဖန်း အခန်းထဲဝင်လာတာမြင်တော့ သူအံကြိတ်ကာ ထဖို့ကြိုးစားခဲ့သည်။ ဒါပေမယ့် မကြာခင်မှာပဲ ခြေထောက်မှနာကျင်မှုကြောင့် ချွေးအေးများစီးကျလာကာ ကုတင်ပေါ် ပြန်လဲကျသွားသည်။
"အဖေ ဒီအတိုင်းလှဲနေပါ"
ရွှီဖန်းက အပြေးအလွှားပင် ရွှီအိုက်ကောအား ကူညီပေးလိုက်သည်။
အဖေ့ခြေထောက်အပေါ်မှ ပတ်တီးများကို ကြည့်ရင်း ရွှီဖန်း၏မျက်နှာက စိတ်စောနေမှုများဖြင့် ပြည့်နှက်သွားသည်။
"အမေ ဘာလို့ အဖေ့ကို ခရိုင်ဆေးရုံကို မခေါ်သွားတာလဲ"
ရွှီအိုက်ကော၏ ခြေထောက်က များစွာ ထိခိုက်
ထားသည်။ ဆေးရုံမှာ ကောင်းကောင်း မကုသဘူးဆိုလျှင် မသန်မစွမ်းဖြစ်သွားဖို့ ပိုများသည်။
ကျန်းလီမေက ခါးသက်စွာပင် ရှင်းပြခဲ့သည်။
"အစက ဆေးရုံမှာ ပြုစုထားခဲ့ပေမယ့် ပိုက်ဆံက ပြတ်လပ်သွားတယ်လေ..ဒါကြောင့် အိမ်ပြန်ခေါ်လာဖို့ကလွဲ ရွေးချယ်စရာမရှိခဲ့ဘူး သားရယ်"
ရွှီဖန်းမှာ ပဟေဠိဖြစ်စွာ မေးမိသည်။
"အမေ အဖေက ဆောက်လုပ်ရေးကနေ ဒဏ်ရာရခဲ့တာကို လျော်ကြေး မရခဲ့ဘူးလား"
သူ့အဖေက ခရိုင်က ကန်ထရိုက်တာဖြစ်သည့် ဝမ်မာဇီ လက်အောက်မှာ အလုပ်လုပ်နေခဲ့သည်လေ။ လက်တွေ့ကျကျပြောရရင် ဝမ်မာဇီက ဒီအတွက် တာဝန်ယူသင့်သည်။
ကျန်းလီမေက ခေါင်းကိုခါရမ်းကာ ခါးသက်စွာပြုံးသည်။
"ဝမ်မာဇီပြောတာက သားအဖေက သူ့ကို အာရုံမစိုက်လို့ ဖြစ်ခဲ့တာတဲ့၊ သူဂရုမစိုက်ဘူးလေ...သားသိတဲ့အတိုင်း သူဂရုမစိုက်နိုင်ဖို့အတွက်လည်း သူ့မှာ အဆက်အသွယ်တွေရှိတယ်ဆိုတာကို...သူမပေးတော့လည်း အမေတို့က ဆုံးရှုံးမှုကို လက်ခံရုံကလွဲပြီးမတတ်နိုင်ဘူး"
"ဟာကွာ!"
ရွှီဖန်းရဲ့လက်သီးက နံရံပေါ် ကျရောက်သွားသည်။ သူတို့သားအဖနှစ်ယောက်လုံးက မတရားစွာ ဆက်ဆံခံခဲ့ရသည်။ ဒီအချိန်၌ သူ့နှလုံးသားတစ်ခုလုံးက ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီး ဝမ်မာဇီနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်လို့ ကျိန်ပြောမိခဲ့သည်။
"အဟွတ် အဟွတ်!"
ထိုအချိန်၌ ရွှီအိုက်ကောက အိပ်ရာပေါ်မှာ ချောင်းအနည်းဆိုးလျက် ဟန်ဆောင်ပြုံးကာ ပြောလာသည်ကို သူကြားလိုက်ရသည်။
"ဟုတ်ပြီ ငါ့သား...ဒီအကြောင်းကို ထပ်မပြောနဲ့တော့...ရှို့ရှို့ကျောင်းပြီးရင် သားနဲ့အတူတူ အလုပ်လုပ်ခွင့်ပေးလိုက်မယ်...အဲ့ဒီအချိန်ကျ သားမှာလည်း ဖိအားတွေ လျော့သွားလိမ့်မယ်"
ရွှီအိုက်ကောက အိပ်ရာပေါ်၌ လဲနေသော်လည်း ခြံဝင်းထဲ၌ ပြောသမျှအားလုံးကို သူကြားခဲ့ရသည်။
ဒီနှစ်တွေမှာ ရွှီဖန်းက မိသားစုအတွက် အများကြီးပေးဆပ်ခဲ့ရသည်။ အခု သူ့သားက အလုပ်လက်မဲ့ဖြစ်နေတာကြောင့် သားအပေါ် ဖိအားမပေးသင့်တော့ဘူးလို့ ခံစားမိသည်။
မည်သို့ပင်ဖြစ်စေ ရွှီဖန်းက ထိုအကြောင်းကြားသည့်အခါမှာ စိုးရိမ်မိလာသည်။ ပြန်တွေးရရင် တစ်နှစ်ပတ်လုံး သူ ပထမအဆင့်နဲ့တက်ခဲ့သော အထက်တန်းကျောင်းကနေ နှုတ်ထွက်ခဲ့ရသည့် အကြောင်းအရင်းက သူ့ညီမလေး စာထပ်သင်နိုင်ဖို့မတွက် အခွင့်အရေးကို ပေးဖို့ပါပဲ။
တလောကပဲ ညီမလေးက အစမ်းစာမေးပွဲမှာ အမှတ် ၆၀၀ရခဲ့တာကို သူ့ကိုပြခဲ့သည်လေ။ ထိုရလဒ်က တုန့်ဟိုင်တက္ကသိုလ်ဝင်ခွင့်ထက်တောင် များသေးသည်။ ဒီလိုရလဒ်မျိုးကို လက်လျှော့လိုက်တာက ဖြုန်းတီးရာကျလွန်းသည်။
ဘာပဲပြောပြော သူ့အပေါ်မှာဖြစ်ခဲ့တဲ့ အဖြစ်ဆိုးလိုမျိုး ညီမလေးဆီမှာ ထပ်ဖြစ်ဖို့ ရွှီဖန်း ခွင့်မပြုနိုင်ပေ။
"အဖေ ရှို့ရှို့က စာ ဖတ်ကိုဖတ်ရမယ်"
ရွှီဖန်းက ဆုံးဖြတ်ထားပြီးသား အမူအရာဖြင့် ပြောလိုက်သည်။
သူ့မိဘတွေက ညီမလေးကို ဘာကြောင့် ကျောင်းကနှုတ်ထွက်ခိုင်းမှာလဲဆိုတာ သူသိသည်။
ပိုက်ဆံ!
သူ့အဖေကလည်း ဒဏ်ရာကုသဖို့ ပိုက်ဆံအများကြီးလိုအပ်သည်။ ရှို့ရှို့ကို ဘယ်လိုလုပ်ကျောင်းပို့နိုင်တော့မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ရွှီဖန်းအတွက် လက်လျော့ရလိမ့်မယ်လို့ မဆိုလိုပေဘူး။
သူသက်ပြင်းတစ်ချက်ရှိုက်ကာ အားတင်းပြုံး၍ ပြောလိုက်သည်။
"အမေ အဖေ စိတ်မပူပါနဲ့! ကျွန်တော် ဒီအတွက် နည်းလမ်းရှာလိုက်မယ်...ရှို့ရှို့က တက္ကသိုလ်တက်ကိုတက်ရမှာဖြစ်သလို အဖေ့ရဲ့ခြေထောက်လည်း ပြန်ကောင်းစေရမယ်!"
"ကျွန်တော်တို့ ရွှီမိသားစု လွယ်လွယ်ကူကူနဲ့ မလဲကျသွားပါဘူး!"