ဆေးဖော်စပ်ခြင်း
Vol. 1 Ch. 5
ရွှီဖန်းက သူတို့အနား နီးသထက်နီးလာသည့်အခါ ကျန်လူသုံးယောက်မှာ မသိစိတ်မှအလိုလို ခိုက်ခိုက်တုန်လာကြသည်။
ညီ(၄)၏ တိုက်ခိုက်နိုင်စွမ်းအား သူတို့ထက် ပိုသိတဲ့လူ မရှိပေ။ အခု သူက ရွှီဖန်းဆီက အထိုးခံရပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေ၏။ ရွှီဖန်း ဘယ်လောက်တောင်မှ သန်မာလဲဆိုတာ ခန့်မှန်းရခက်လွန်းသည်။
"အစ် အစ်ကိုကြီး...မှားသွားပါတယ် မှားသွားပါတယ်...ကျွန်တော်တို့ ဘာမှမသိရပါဘူး"
သူတို့ပြေးဖို့ကြိုးစားမည်ဆိုလျှင် ရွှီဖန်းက သူတို့အား မြေကြီးပေါ်မှာ လက်သီးဖြင့် ထိုးနှက်ပစ်မှာ သေချာသည်။ သုံးယောက်စလုံး ချက်ချင်း အရှုံးပေးကာ ရွှီဖန်း၏ မြေးများကဲ့သို့ စတင်သရုပ်ဆောင်ကြတော့သည်။
ရွှီဖန်းက လှောင်ရယ်ကာ ပြောလာသည်။
"မှားပါတယ်ဟုတ်လား...မင်းတို့သုံးယောက် ခုနတုန်းက ငါ့ကို အလွယ်တကူဖိချေလို့ရမယ့်လူလို ဆက်ဆံနေတုန်းက မှားပါတယ်လို့ ဘာလို့ဝန်မခံခဲ့လဲ"
"ဒါ ဒါကလေ...အစ် အစ်ကိုကြီး...ကျွန်တော်တို့ကို မရိုက်...မရိုက်ပါနဲ့"
"ဟုတ်ပါတယ် ဟုတ်ပါတယ်...ကျွန်တော်တို့က ဒီအတိုင်း သူ့ရဲ့နောက်လိုက်တွေသာသာပါပဲ"
သုံးယောက်စလုံးက ဆန်စေ့များကောက်စားနေသည့် ကြက်ပေါက်ကလေးများကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်နေကြသည်။ ဒါကိုကြည့်ပြီး ရွှီဖန်းမှာ အနည်းငယ်မျှမပြုံးဘဲ မနေနိုင်တော့ပေ။
လျှပ်စီးကြောင်း၏အကျိုးသက်ရောက်မှုက ကုန်လုနီးပါး ဖြစ်နေလေပြီ။ ဒီလူသုံးယောက်က ခေါင်းမာသည့်ပုံရှိကြသော်ငြား အခုကတော့ သတ္တိလုံးဝမရှိတော့သည့်ပုံပင်။
သနားညှာတာပေးရန် အနူးအညွတ်တောင်းပန်နေကြသည့် ဤသုံးယောက်ကြောင့် ရွှီဖန်းလည်း မေးကို ပွတ်ကာ ပြောလိုက်သည်။
"မင်းတို့က ငါ့ကို သိုးဝလေးလို့ မှတ်ယူခဲ့ကြတာ...ငါကပဲ မင်းတို့ကို လွှတ်ပေးရဦးမယ်ပေါ့လေ...အဲ့ဒီလောက်ထိ ကရုဏာတရားကြီးမားလိမ့်မယ်လို့ ထင်နေကြတာလား"
"ဒါက...."
ရွှီဖန်းက ဒီကိစ္စအား ပြီးခွင့်ပေးဖို့ စိတ်မပါမှန်း ရှင်းရှင်းလင်းလင်း ဆိုလာတာကြောင့် ထိုသုံးယောက်မှာ မျက်ရည်ကျလုနီးပါးဖြစ်နေလေပြီ။
သူတို့ မသေချင်သေးပေ။
"ဒါဆို အစ်ကိုကြီးက...ဘယ် ဘယ်လို တွေးထားလဲ"
ရွှီဖန်းက မျက်လုံးစောင်းကြည့်ကာ သရော်လာသည်။
"မင်းတို့ ငါ့ကို ဓားပြတိုက်ပြီး ဒဏ်ရာရစေတာကို ငါဂရုမစိုက်ပါဘူး...ဒါပေမယ့် ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတာမလို့ ဆေးကုသဖို့ မင်းတို့ လျော်ကြေးပေးရမယ်...မဟုတ်ရင် ရဲတွေကို ခေါ်ပြီး မင်းတို့ကို ဖမ်းခိုင်းရလိမ့်မယ်"
ရွှီဖန်းက လောလောဆယ်မှာ ငွေအရမ်းလိုအပ်နေသည်။ ဒီလူတွေကလည်း သိသိသာသာ လူကောင်းတွေမဟုတ်ပေ။ အခု သူတို့ဘာသာသူတို့ ရွှီဖန်းဆီ ရောက်လာမှတော့ တစ်ခုခုမလုပ်ရင် ဖြုန်းတီးရာကျသည်။
"ဒါ...."
သုံးယောက်စလုံး ငိုချင်သွားတော့သည်။ တစ်နေ့လုံး ကြိုးစားပန်းစားရှာဖွေပြီးတဲ့နောက် သိုးဝတစ်ကောင်ကို တွေ့ခဲ့ရပေမယ့် နောက်ဆုံးမှာ မဖမ်းနိုင်ခဲ့ရုံသာမက သူတို့ပိုက်ဆံတွေပါ ရှုံးရတော့မည်။ စိတ်ပျက်စရာကောင်းလှပေသည်။
"အစ် အစ်ကိုကြီး...ဘ-ဘယ်လောက်လိုလို့လဲ"
သုံးယောက်စလုံးက ပိုက်ဆံခွဲဝေပေးရန် တွန့်ဆုတ်နေကြသည်။ ရွှီဖန်းက နားရွက်ကို ကုတ်လျက် ပြန်မေးလာသည်။
"မင်းတို့ ဘယ်လိုထင်လဲ"
"အဲ့ဒါက..."
သူတို့တုန်းက ရွှီဖန်းဆီမှ အကုန်လုံးကို ဓားပြတိုက်
ချင်ခဲ့ကြသည်။ အခုတစ်ဖန် ရွှီဖန်းသည် သူတို့ဆီမှ အကုန်မရမချင်း ဒီလမ်းကြားမှ ထွက်သွားခွင့်ပြုမည့်ပုံမပေါ်ပေ။
သုံးယောက်စလုံးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် ခါးသက်စွာပင် ပိုက်ဆံများ ထုတ်ပေးလိုက်ကြရသည်။
ရွှီဖန်းက ပိုက်ဆံတွေကိုယူကာ ရေတွက်ဖို့ပင် စိတ်မဝင်စားဘဲ အိတ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ဆန့်တငင်ငင်ဖြစ်နေသည့် ညီ(၄)အား လက်ညှိုးထိုးကာ...
"သွား! မင်းတို့ညီ(၄)ဆီမှာ ရှိသမျှပါ အကုန်ယူလာခဲ့...သူကလည်း ငါ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တာမလို့ ငါ တာဝန်ကျေအောင် အကုန်ယူရမှာပဲ"
".............."
လက်ပါးစေသုံးယောက်မှာ မျက်ရည်များထွက်ကျလာတော့သည်။ ခေါင်းဆောင်ရဲ့ပိုက်ဆံတွေကို တခြားလူက ခိုးယူလို့ရအောင် ကူညီပေးခဲ့တဲ့သူက သူတို့သုံးယောက်ဖြစ်နေတယ်ဆိုတာ ညီ(၄)သိလို့ကတော့ သေအောင် အရိုက်ခံရလိမ့်မည်။
"ဟမ်?"
"မင်းတို့သုံးယောက်ကိုကြည့်ကာ တွန့်ဆုတ်နေသလားလို့"
"မဟုတ် မဟုတ် မဟုတ်ရပါဘူးဗျာ!"
ရွှီဖန်း၏အကြည့်က ထူးဆန်းလာတာကြောင့် သုံးယောက်စလုံးမှာ ကြောက်လန့်တကြားထကာ ညီ(၄)ဆီ ပြေးသွားကြသည်။
အသက်ရှင်နိုင်ဖို့အရေး ညီ(၄)၏ အတွင်းခံဘောင်းဘီထဲအထိပါ ရှာပြီး ရွှီဖန်းအား ပေးခဲ့ကြသည်။
"အစ်ကိုကြီး! ဒီ ဒီနေရာမှာ အားလုံးပေါင်း ယွမ်၇၀၀၀ရှိတယ်...ဒါက သူ့မှာ ရှိတာအကုန်ပဲ"
"ဟားဟား အရမ်းကောင်းတယ်!"
ရွှီဖန်းက ထိုအရာများအား သာမာန်လျှံကာကြည့်ကာ အိတ်ထဲထိုးသိပ်၍ သူတို့၏ပုခုံးအား ပုတ်လိုက်သည်။
"ငါသိပါတယ်...မင်းတို့တွေ နောက်ကျ ငါ့ကို သေချာပေါက် လက်စားပြန်ချေကြမယ်ဆိုတာကို...ဒါကြောင့် ငါမင်းတို့ကို တစ်ခါတည်း လမ်းကြောင်းပေးလိုက်မယ်ကွာ!"
"မှတ်ထားကြ...ငါ ဝမ်မာဇီနဲ့ အတူရှိနေမှာ"
ပြဿနာအိုးအား ဝမ်မာဇီထံ ပစ်ထည့်ခဲ့ပြီးနောက်မှာ ရွှီဖန်းတစ်ယောက် အိတ်ထဲမှ ပိုက်ဆံတွေနှင့်အတူ လမ်းကြားထဲမှ ယုံကြည်ချက်ရှိစွာ ထွက်လာခဲ့သည်။
ထိုလေးယောက်ဆီမှ ရထားသည့် ယွမ်၁၅၀၀၀ဖြင့် ပေါင်းလိုက်မည်ဆိုလျှင် ရွှီဖန်းဆီမှာ ယွမ် ၂၃၀၀၀ရှိနေပြီဖြစ်သည်။
အခုဆို သူ့အဖေအတွက် အသက်ကယ်အရိုးမှုန့်
ဖော်စပ်ရန်လိုအပ်သည့် ဆေးဝါးများတင်မကဘဲ နောက်ထပ် ဆေးဝါးပစ္စည်းများပါ ထပ်ဝယ်လို့ ရသေးသည်။
စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်
လွန်ခဲ့သည့်ညက ရွှီဖန်းသည် ဖုန်းဖြင့် အင်တာနက်မှာ ရှာဖွေစစ်ဆေးခဲ့ပြီး အစိမ်းရောင်အိတ်အကြောင်းကို အကြမ်းဖျင်းဖတ်ခဲ့သည်။
ဒီမပြည့်စုံတဲ့ ဆေးစာအုပ်ထဲမှာ စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့် ဆိုသည့် ဆေးနည်း ပါဝင်နေသည်။ ဒီဆေးဟာ လူတစ်ယောက်၏ ဝိညာဥ်ပိုင်းဆိုင်ရာ သိမြင်ခြင်းကို တိုးပွားစေတာကြောင့် အခြေတည်အဆင့် ရောက်ရှိရန်
အတွက် သောက်သုံးရပေလိမ့်မည်။
ထိုဆေးက တစ်ကြိမ်သာ သက်ရောက်သည်။
သူသာ ဒီဆေးကို သောက်လိုက်မည်ဆိုလျှင် အစိမ်းရောင်အိတ်ထဲ မှတ်တမ်းတင်ထားသည့် ဆေးဖော်စပ်နည်းများမှာ သူ့အတွက် ပြဿနာမရှိတော့ပေ။
လက်ထဲက ပိုက်ဆံနှင့်အတူ ခရိုင်မြို့တော်ထဲမှ ဆေးဆိုင်များရှိရာ ဈေးသို့ ချက်ချင်းထွက်လာခဲ့သည်။
ဆေးနှစ်လုံး ဖော်စပ်ရန်အတွက် လိုအပ်သည့် ဆေးပင်များ ဝယ်ယူပြီးနောက်မှာ ရွှီဖန်းအိတ်ထဲ၌ ယွမ်၂၀၀၀လောက်သာ ကျန်တော့သည်။
ရွှီဖန်းကတော့ မနှမြောပေ။ သူ့အဖေရဲ့ဒဏ်ရာကို မြန်မြန်ကုသနိုင်သ၍ ဘယ်လောက်ကုန်ကုန် သူဂရုမစိုက်ပေ။
ပါဝင်ပစ္စည်းများစုံသည်နှင့် ခရိုင်မြို့တော်ထဲမှ တည်းခိုခန်းအသေးတစ်ခုတွင် အခန်းတစ်ခန်းငှားလိုက်သည်။ ရွှီဖန်းက ဒီဆေးပင်တွေအပေါ် ပိုက်ဆံအကုန်နီးပါး သုံးခဲ့ရတာကြောင့် ဆေးပင်တွေ မရှုပ်ထွေး၊ မပျက်စီးသွားအောင် ဖော်စပ်ဖို့ တိတ်ဆိတ်သောနေရာတစ်ခုလိုအပ်သည်။
ဒီဆေးနှစ်လုံးအား ဖော်စပ်ရသည်မှာ အလွန်ပင်
ပြင်းထန်ရက်စက်လှသည်။ ဆေးညွှန်းကြောင့် မဟုတ်ဘဲ ဆေးပင်အမြောက်အမြားထဲကမှ တချို့ကိုသာ အသုံးပြုလို့ရမှာဖြစ်သောကြောင့်ပင်။
ရွှီဖန်းမှာ ခေါင်းတော်တော်ကိုက်သွားရသည်။ ဒီဆေးဖော်စပ်နည်းတွေ ပျောက်ဆုံးလာတာ မထူးဆန်းတော့ပေ။
ဒီဆေးနှစ်လုံးကိုဖော်စပ်ရန်အတွက် ရွှီဖန်းမှာ လေးနာရီတောင် အချိန်ယူခဲ့ရသည်။ နဖူးပေါ်မှ ချွေးတွေကိုသုတ်လျက် စားပွဲပေါ်မှ ဆေးနှစ်ဖုံအား ကြည့်ကာ သူပြုံးမိသည်။
ဒီဆေးနှစ်မျိုးကို အသုံးပြုနည်းက အရမ်းလွယ်သည်။ ရွှီဖန်းသည် အသက်ကယ်အရိုးမှုန့် အနည်းငယ်အားယူ၍ ရေပူထဲ ထည့်ဖျော်လိုက်သည်။
ထို့နောက် စားပွဲပေါ်မှာထိုင်ကာ သူ့လက်မောင်းဒဏ်ရာအပေါ် ဂရုတစိုက်လောင်းချလိုက်သည်။
"ဒါ..."
ရွှီဖန်း၏မျက်နှာ အံ့သြမှုများ ပြည့်နှက်သွားသည်။ သူ့လက်မောင်းပေါ်မှဒဏ်ရာက ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေသည်။
ပြန်ကောင်းသည့်နှုန်းက နှေးနေပေမယ့် ဈေးထဲမှာရောင်းကြသည့်ဆေးတွေထက်စာရင်တော့ အများကြီးပိုမြန်လေသည်။ သိထားရမှာက ရွှီဖန်းဟာ အသက်
ကယ်အရိုးမှုန့်အနည်းငယ်ကိုသာ သုံးထားခြင်းပင်။
ရွှီဖန်း ရယ်မောလိုက်သည်။ အချိန်တန်လာပြီ! ကျန်ရှိသော အသက်ကယ်အရိုးမှုန့်တွေကို အဖေ့အတွက် ချန်ထားလိုက်မည်။ တစ်ပတ်တောင်မလိုဘဲ သူ့အဖေ လမ်းပြန်လျှောက်နိုင်လိမ့်မည်။
"ကောင်းတယ်"
ရွှီဖန်းသည် လက်သီးတင်းတင်းဆုပ်ကာ စိတ်လှုပ်ရှားလို့နေသည်။
သူ့အဖေ စပြီးဒုက္ခရောက်တုန်းက အနားမှာ မရှိပေးနိုင်ခဲ့ပေ။ အခု သူ့အဖေကို ကိုယ်တိုင် ပြုစုပေးနိုင်နေပြီဖြစ်တာကြောင့် ငယ်စဥ်ကတည်းက သူတာဝန်ကျေပွန်ရမည့်အရာကို လုပ်နိုင်နေပြီဟု ပြောလို့ရသည်။
မကြာလိုက်၊ ရွှီဖန်း၏အကြည့်က စားပွဲပေါ်က စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်ဆီ ရောက်သွားသည်။
အသက်ကယ်အရိုးမှုန့်၏ သက်ရောက်မှုကို ကြုံတွေ့ထားပြီးပြီဖြစ်လို့ အခု စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်ကို လွန်စွာ စူးစမ်းချင်စိတ်ပြင်းပြနေတော့သည်။
"အခုပဲ သုံးကြည့်ရအောင်!"
ရွှီဖန်းတစ်ယောက် သူ့ရဲ့စူးစမ်းချင်စိတ်အား မထိန်းနိုင်တော့ပေ။ သူထရပ်ကာ ထိုဆေးအား သောက်သုံးလိုက်သည်။
"အား! ပူတယ်!"
အလွန်စိတ်စောသွား၍ သောက်သုံးလိုက်သည့်အခါ ပူသွားတာကြောင့် လျှာကို ပြန်မအေးမချင်း အပြင်
ထုတ်ထားလိုက်ရသည်။
"ထူးဆန်းလိုက်တာ...ဘာတုံ့ပြန်မှုမှ မရှိသလိုပဲ"
အချိန်ခဏထပ်စောင့်ကြည့်သော်လည်း သူ့ခန္ဓာကိုယ်အတွင်း ဘာပြောင်းလဲမှုမှ မခံစားရသေးပေ။ သူ မျက်လုံးများအား ဆက်တိုက်ခတ်ကာ စိတ်ထဲမှ တွေးမိသည်။ ငါဆေးဖော်တုန်းက တစ်ခုခုများ မှားသွားတာလား။
"ငါတော့သွားပြီ....ငါတော့သွားပြီ"
ရွှီဖန်း အနည်းငယ် စိတ်ဓာတ်ကျလာသည်။ သူ ဒီဆေးကို ဖော်စပ်ဖို့ ယွမ်၁၀၀၀၀ကျော်တောင် သုံးထားခဲ့ရသည်လေ။
ဒီအမှားက နည်းနည်းနောနော ဆုံးရှုံးမှုမဟုတ်ပေ။
"မဟုတ်သေးပါဘူးကွာ...ဘာမှားသွားလဲဆိုတာ ငါသိအောင်လုပ်ရမယ်"
ရွှီဖန်းတစ်ယောက် သိုလှောင်လက်စွပ်ထဲမှ အစိမ်းရောင်အိတ်ကိုထုတ်ကာ ဘာမှားသွားလဲသိရအောင် လှန်လှောကြည့်ရှုလိုက်သည်။
ဖတ်ကြည့်ပြီးတော့မှ တစ်ခုခုမှားနေမှန်း သူ သတိထားမိတော့သည်။