အလုံးစုံနားလည်မှတ်မိနိုင်သော စွမ်းရည်
Vol. 1 Ch. 6
ရွှီဖန်းတစ်ယောက် စုတ်ပြဲနေသည့် စိမ်းပြာရောင်
အိတ်ကို လှန်လှောပြီးနောက်မှာ ထိုထဲမှာ ပါဝင်သည့်စာအုပ်ထဲမှ အကြောင်းအရာအများစုအား မှတ်မိနေသည်ကို ထိတ်လန့်ဖွယ် သိရှိခဲ့ရသည်။
"ထူးဆန်းလိုက်တာ...ငါ့မှတ်ဉာဏ်က ပိုကောင်းလာသလားလို့"
ရွှီဖန်း ခေါင်းခါရမ်းလိုက်သည်။ သူ့မှတ်ဉာဏ်က အစကတည်းက ကောင်းတာပဲလေ။ သို့သော် ထပ်ပြီးဖတ်ရှုပြီးနောက်မှာ စာအုပ်တစ်အုပ်လုံးအား သူမှတ်မိနေသည်ကို သတိထားမိခဲ့သည်။
ရွှီဖန်းစိတ်ထဲ၌ ပေါ်လာသော စကားလုံးများအား တွေးကြည့်ရာ ယခင်က နားမလည်ခဲ့သောစာလုံးများအား ယခု လွယ်လွယ်ကူကူပင် နားလည်နေသည်ကို သိလိုက်ရသည်။
"ဒါကြီးက ကောင်းကင်ကို မဖီဆန်နေဘူးလား"
ရွှီဖန်းတစ်ယောက် မယုံကြည်နိုင်စွာ ပြုံးဖြီးနေတော့သည်။ ပြောစရာမလိုအောင် ဒါက စိတ်ဝိညာဥ်ဖွင့်ခြင်းအမှုန့်၏ သက်ရောက်မှုမှန်း သေချာသည်။
"တစ်ကယ် အံ့သြဖို့ကောင်းလိုက်တာ"
ရွှီဖန်းသည် သူ၏လက်ရှိခံစားချက်အား မဖော်ပြနိုင်ပေ။ ခန့်မှန်းရသလောက် သူလက်ရှိပိုင်ဆိုင်ထားသည့် ပါရမီဖြင့်သာဆိုရင် ဤစိမ်းပြာရောင်အိတ်
အတွင်းက မပြည့်စုံသော ဆေးကျမ်းများကို လေ့လာပြီးဖို့အတွက် အချိန်တစ်ပတ်တောင်မလိုပေ။
စိတ်တည်ငြိမ်သွားပြီးနောက် အသက်ကယ်အရိုးမှုန့်အား သိုလှောင်လက်စွပ်ထဲထည့်လိုက်သည်။ အခန်းထဲမှာ ပစ္စည်းကျန်မကျန်စစ်ဆေးပြီးနောက်မှာ ခရိုင်မြို့တော်မှ မြစ်အောက်ပိုင်းရွာကလေးသို့ အပြေးအလွှား ပြန်လာခဲ့သည်။
မြစ်အောက်ပိုင်းရွာသို့ ရွှီဖန်း ပြန်ရောက်သည့်အခါ မှောင်ရီပျိုးစအချိန်ကိုတောင် ရောက်နေလေပြီ။ သူ့အိမ်ရှေ့ကို ရောက်သည်နှင့် အသက်ကယ်အရိုးမှုန့်ကို ထုတ်ကာ အိမ်ထဲ ပြေးဝင်သွားလိုက်သည်။
"အဖေ! အမေ! အာ...."
မိဘတွေ၏အိပ်ခန်းထဲ ဝင်လိုက်သည်နှင့် အိမ်မှာ အမျိုးသမီးဧည့်သည်တစ်ယောက် ရောက်နေမှန်း တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက အဖြူရောင်ဆေးရုံကုတ်ကိုဝတ်ဆင်ထားကာ သူမ၏ဆံပင်ရှည်တွေအား ပုခုံးအပေါ် ဖြန့်ချထားသည်။ မိတ်ကပ် မပြင်ထားသည့် သူမ၏ ဘဲဥပုံစံမျက်နှာလေးက နူးညံ့ကာ ကြော့ရှင်းနေသည်။ အထူးသဖြင့် ဂါဝန်အောက်မှ သွယ်လျသော ခြေထောက်များက အသားရောင်ခြေအိတ်နှင့်လိုက်ဖက်နေသည်။ ဒီအမျိုးသမီးက မြစ်အောက်ပိုင်းရွာရှိ ယောကျ်ားသားများအားလုံး ရူးသွပ်သွားနိုင်သည်အထိ လှပနေသည်။
ယုတ္တိရှိရှိပြောရရင် မြစ်အောက်ပိုင်းရွာလို သေးငယ်
သည့်ရွာကလေးမှာ ဤကဲ့သို့ ဆွေကြီးမျိုးကြီးမှ အမျိုးသမီးပေါ်ထွက်လာဖို့ မဖြစ်နိုင်ပေ။ သူ့အဖေ၏ဒဏ်ရာအား ကြည့်ပေးနေသည့် ထိုအမျိုးသမီးအား သူဂရုတစိုက် ကြည့်မိသည်။
"အမေ...ဒါက ဘာအတွက်လဲ"
ရွှီဖန်းလည်း သူ့အမေ ကျန်းလီမေအား သိလိုစိတ်ဖြင့် မေးလိုက်သည်။ ကျန်းလီမေက ရှင်းပြလာသည်။
"အိုး...ဒါက ရှုချိုးယာ...မြစ်အောက်ပိုင်းရွာကို တလောကမှ ပြောင်းလာတဲ့ ရွာကဆရာဝန်မလေးရှုပေါ့၊ သား မင်းကျေးဇူးတင်ရမယ်...သားအဖေရဲ့ဒဏ်ရာကို ကုသပေးဖို့ နေ့တိုင်း အိမ်ကိုလာတဲ့ ဆရာမလေးကြောင့်သာမဟုတ်ရင် သားအဖေက ဟိုးအရင်
ကတည်းက မသန်မစွမ်းဖြစ်သွားလောက်ပြီ"
ရွှီရှို့ရှို့က ခေါင်းညိတ်ကာ ထောက်ခံသည်။
"ဟုတ်တယ် ကောကော...ချိုးယာကျဲကျဲက အရမ်းတော်တယ်၊ ကျဲကျဲသာ ကောရဲ့ချစ်သူဆို ဘယ်လောက်တောင်ကောင်းမလဲ"
"မိုက်မဲလိုက်တဲ့ကလေးမ...ဘာလို့ အဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာလဲ...အမေတို့မိသားစုရဲ့အခြေအနေက ဆရာမလေးရှုနဲ့ ဘယ်လိုလုပ်
ထိုက်တန်မှာလဲ!"
ကျန်းလီမေက သူမသမီးအား စူးစူးဝါးဝါးကြည့်ပြီးနောက် ရွှီဖန်းအား မေးလာသည်။
"အိုး ဟုတ်သားပဲ...ငါ့သား ခရိုင်မြို့တော်ကို ဘာသွားလုပ်လာလို့ နောက်ကျမှ ပြန်လာတာလဲ"
ရွှီဖန်း ပြန်ဖြေဖို့လုပ်နေတုန်း ရွှီအိုက်ကော၏ဒဏ်ရာကို စစ်ဆေးနေသည့် ဆရာမလေးရှုက ထလာသည်။
ကျန်းလီမေက အမြန်ပဲ အနားသို့ လျှောက်သွားကာ စိုးရိမ်စွာ မေးလိုက်သည်။
"ဆရာမလေး...ကျွန်မယောကျ်ားရဲ့ခြေထောက်က ပြန်ကောင်းသင့်နေပြီ မလားဟင်"
ရှုချိုးယာက ကျေနပ်ဖွယ်မရှိသေးသည့် အမူအရာဖြင့် ခေါင်းခါရမ်းလာသည်။
"အဒေါ်ကျန်း...ဦးလေးအိုက်ကောရဲ့ခြေထောက်က ဆိုးသထက်ဆိုးလာတယ်၊ မြစ်အောက်ပိုင်းရွာက ဆေးရုံအခြေအနေလေးနဲ့ ကျွန်မလည်း ဒီထက် အချိန်မဆွဲထားပေးနိုင်တော့ဘူး၊ ဦးလေးကို ကုသဖို့ ခရိုင်ဆေးရုံကို အမြန်ခေါ်သွားဖို့ပဲ အကြံပေးချင်
တယ်...မဟုတ်ရင် ကျွန်မစိုးရိမ်မိတာက ဦးလေးရဲ့ခြေထောက်..."
"ဘာ...ဘာဆက်လုပ်ရမလဲ"
ကျန်းလီမေက သူမမျက်ရည်တွေကိုသုတ်ကာ ရှိုက်ငိုသည်။
"ဆရာမလေးရယ် ကျွန်မတို့မိသားစုရဲ့အခြေအနေကိုလည်း သိတဲ့အတိုင်းပဲ...ဆေးရုံပို့ဖို့ ပိုက်ဆံကို ဘယ်ကရှာရပါ့မလဲရှင်...ဆရာမလေးက သဘောကောင်းတဲ့သူပါ...အဒေါ် သမီးကို တောင်းပန်ပါတယ်...နောက်ထပ်နည်းလမ်းလေးစဥ်းစားပေးပါဦးကွယ်"
ကျန်းလီမေက ဒူးထောက်ဖို့ပါပြင်နေတာကြောင့် ရှုချိုးယာမှာ အမြန်ဆွဲထူလိုက်ရသည်။
"အန်တီကျန်း ကျွန်မမှာလည်း လုပ်နိုင်စွမ်းမရှိတော့လို့ပါ၊ ဒီလိုဆိုရင်ရော ဘယ်လိုလဲ...ကျွန်မ နောက်နှစ်ရက်နေရင် လစာထုတ်ရတော့မှာမလို့ အဲ့ဒီယွမ်၂၀၀၀ကို ချေးပေးလိုက်မယ်၊ ဦးလေးအိုက်ကောကို ကျွန်မနဲ့တူတူ ဆေးရုံတင်ကြတာပေါ့"
"ဘယ် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ ဆရာမလေးရယ်"
ရှုချိုးယာက သူမလစာတွေကို ချေးပေးမည်ဟု သိရတော့ ကျန်းလီမေက ပိုတောင်ငြင်းဆန်မိသည်။
ရွှီဖန်းမှာ ထိုမြင်ကွင်းအားကြည့်ရင်း ရယ်ရမလား ငိုရမလားတောင် မသိတော့တာကြောင့် ခေါင်းခါရမ်းလိုက်သည်။
"အမေ မငိုပါနဲ့တော့၊ ကျွန်တော့်မှာ အဖေ့ဒဏ်ရာကို ကုသဖို့ နည်းလမ်းရှိတယ်"
"ဘာကြီး?"
ကျန်းလီမေက အထိတ်တလန့်ဖြင့် သူမသားအား မယုံနိုင်စွာ ကြည့်ကာ မေးလာသည်။
"သား....သား စနောက်နေတာတော့ မဟုတ်ဘူးမလား"
ရွှီဖန်းမှာ မျက်လုံးပင်လှိမ့်ကာ သူ့အမေအား ကြည့်၍...
"အမေရယ် ဒီလိုကိစ္စကို ကျွန်တော်က စနောက်နိုင်မှာတဲ့လား"
ခေါင်းရှုပ်နေသလိုမျိုးရပ်နေသည့် ရှုချိုးယာအား ရွှီဖန်း နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ...ကျွန်တော့်နာမည်က ရွှီဖန်းပါ...ရွှီအိုက်ကောရဲ့သားပေါ့"
ရှုချိုးယာက ပြုံးကာ ခေါင်းညိတ်ပြသည်။ သူမက သံသယအချို့ဖြင့် မေးလာ၏။
"ဦးလေးအိုက်ကောရဲ့ဒဏ်ရာကို ကုသနိုင်တယ်လို့ ရှင်ပြောခဲ့တာလား"
"ဟုတ်တယ်သားရယ်...အမေ့ကို မခြောက်ပါနဲ့"
ရွှီဖန်းမှာ ရယ်ရခက်ငိုရခက်ပင်။
"အမေပဲ ကျွန်တော့်ကို ဒီနေ့ ခရိုင်မြို့တော်ကို ဘာသွားလုပ်လဲလို့မေးခဲ့တယ်မဟုတ်လား"
"ကျွန်တော် ဒီနေ့ ခရိုင်မြို့တော်ကို သွားရတဲ့အကြောင်းအရင်းက အဖေ့အတွက် ဆေးသွားဝယ်ဖို့ပဲ...ဒီမှာကြည့်"
ရွှီဖန်းက အသက်ကယ်အရိုးမှုန့်အား ထုတ်ပြလိုက်သည်။
ကျန်းလီမေက ပြုံးလိုက်သော်ငြား ကောင်းသည်ဆိုးသည်မပြောသေးပေ။ အဲ့ဒီအစား ရှုချိုးယာကို ကြည့်ကာ မေးသည်။
"ဆရာမလေးရော ဘယ်လိုထင်လဲ"
ရှုချိုးယာက ပြုံးကာ ခေါင်းခါယမ်းပြသည်။ သူမက ရွှီဖန်း၏ဆေးအား စိတ်ဝင်စားမှုတောင်မပြပေ။
"ရွှီဖန်း ကျွန်မကို အရင်ဆုံးပြောပြပါ...ဒီဆေးကို ဘယ်လောက်နဲ့ဝယ်ခဲ့တာလဲ"
"အာ...ဒါက"
ရွှီဖန်းမှာ မျက်တောင်တဖြတ်ဖြတ်ခတ်ကာ တွေးမိသည်။ အဲ့တာက ကိစ္စရှိလို့လား။
"ယွမ်၆၀၀၀လောက်ပေါ့"
"ဘာ!!"
ကျန်းလီမေမှာ ကြားလိုက်ရသည့်ပမာဏကြောင့် အလွန်ထိတ်လန့်သွားရသည်။ သူမက ရွှီဖန်းလက်ပေါ်မှ ဆေးထုပ်လေးကိုကြည့်ကာ ပြောလာသည်။
"ဒီဆေးထုပ်သေးသေးလေးက ယွမ်၆၀၀၀တောင်ကုန်ကျခဲ့တယ်ပေါ့လေ!"
"ဆရာမလေးရယ် ကျွန်မသားတော့ အလိမ်ခံခဲ့ရပြီထင်ပါရဲ့!"
ရှုချိုးယာကလည်း ခေါင်းညိတ်သည်။
"အန်တီကျန်း ရွှီဖန်းက တစ်ကယ် သူများလိမ်တာခံလိုက်ရပြီ"
"စဥ်းစားကြည့်လေ...ဦးလေးအိုက်ကောရဲဲ့ဒဏ်ရာက အရမ်းပြင်းထန်တာ...ဒီလောက်ဆေးလေးနဲ့ ဘယ်လိုလုပ်ကုနိုင်မှာလဲ...ဒါ လုံးဝကို ယုတ္တိမရှိဘူး၊ ဘာပဲဖြစ်ဖြစ် ရွှီဖန်းကို အပြစ်မတင်ပါနဲ့...သူက ဦးလေးအိုက်ကောရဲ့ဒဏ်ရာကို စိုးရိမ်လွန်သွားလို့ဖြစ်မှာပါ"
"ဒါ....."
ကျန်းလီမေ ဘာမှမပြောနိုင်တော့ပေ။ သူမမျက်နှာမှာတော့ စိတ်နှလုံးပူဆွေးခြင်းများ ပေါ်လွင်လို့နေသည်။
အိပ်ရာပေါ်မှာလှဲနေသည့်ရွှီအိုက်ကောမှာလည်း မိန်းမဖြစ်သူကို လှမ်း၍ နှစ်သိမ့်သည်။
"ငါ့သား မင်းရဲ့ပင်ပန်းအားထုတ်မှုကို အဖေအပြစ်မတင်ပါဘူး...နောက်တစ်ခါကျရင်တော့ အဖေ့ခြေထောက်ကြောင့်နဲ့ သားရဲ့ပိုက်ဆံတွေကို သူများလိမ်သွားတာမျိုး မဖြစ်စေနဲ့ ဟုတ်ပြီလား"
"ယွမ်၆၀၀၀...အဲ့ဒီပိုက်ဆံကိုရှာဖို့ အချိန်ဘယ်လောက်တောင် ယူခဲ့ရမလဲ...ဒါကို"
"ဒါက...."
ရွှီဖန်းမှာ တစ်ကယ်ကို ရယ်ရခက် ငိုရခက်ပင်။ သူ့လက်ပေါ်မှ ဆေးကို ဘယ်သူမှ မယုံကြမှန်း သိသာလှသည်။
သူခေါင်းကိုခါကာ ရှင်းပြလိုက်သည်။
"ဆရာမလေးရှု မင်းအထင်လွဲနေပြီ...ဒီဆေးက ကျွန်တော့်ဘာသာကျွန်တော် ဖော်စပ်လာတာ ဘယ်သူ့ဆီကမှ လှည့်စားတာမခံခဲ့ရပါဘူး"
"အဖေ ဒီဆေးကို အဖေသောက်ပြီးတာနဲ့ အားလုံးသိသွားလိမ့်မယ်"
သူတို့၏သံသယကြောင့်နဲ့တော့ ဒီဆေးကို မပစ်
လွှတ်နိုင်ပေ။ ဒီအချိန်မှာတော့ သူတို့၏အံ့သြနေသောမျက်လုံးများကို ဂရုမစိုက်တော့ဘဲ သူကိုယ်တိုင် ရေနွေးခွက်ကိုယူကာ အသက်ကယ်အရိုးမှုန့်များကို ဖျော်လိုက်သည်။
"အဖေ အဖေ့သားကို ယုံကြည်တယ်ဆိုရင် သောက်ကြည့်ပါ"
"ရွှီဖန်း!!"
ရှုချိုးယာက ထိုအရာကိုမြင်သည့်အခါ ထိပ်ထိပ်ပြာပြာ ဖြစ်သွားသည်။ ဒီဆေးကို သုံးလို့ရမရဆိုတာ ဘုရားပဲ သိလိမ့်မည်။ ရွှီဖန်းက အလွန်ကိုမှ တာဝန်မမဲ့လွန်းဘူးလား။ အဲ့ဒီဆေးကိုသုံးပြီး သူ့အဖေ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလို့လဲ။
"ရွှီဖန်း! ရှင်အလျင်မလိုလွန်းဘူးလား! ရှင်က ဆေးပညာလေ့လာဖူးတာလည်းမဟုတ်ဘဲ ရှင့်အဖေကို ဘာလို့ သာမာန်ကာလျှံကာဆေးကို သောက်ဖို့ ပေးရဲတာလဲ!"
ရှုချိုးယာက စိုးရိမ်တကြီးဖြင့် ရွှီဖန်းအား မနှစ်မြို့စွာ ပြောဆိုနေခဲ့သည်။
"ဒါက..."
ရွှီအိုက်ကောက တုန့်ဆိုင်းနေသည်။ ယုတ္တိရှိရှိဆိုရရင် ရှုချိုးယာက ကျွမ်းကျင်သောဆရာဝန်ဖြစ်တာကြောင့် သူမစကားတွေက မမှားနိုင်ပေ။ အခြားတစ်ဖက်မှာလည်း သူ့သား ဖြစ်နေသည်။
"ကောင်းပြီ! ငါ့သား! အဖေ မင်းကိုယုံတယ်!"
သူ့သားထက်ထဲမှ ဆေးက ယွမ်ထောင်ကျော်သည်။ ထိုငွေတွေအား အလဟဿမဖြစ်စေလိုပေ။ သူအံကြိတ်ကာဖြင့် တစ်ခွက်လုံးကို မော့သောက်ချလိုက်တော့သည်။