ဝန်အပြည့်ထည့်ကာ အိမ်ပြန်ခြင်း
Vol. 1 Ch. 11
ယခုဆိုလျှင် ဝမ်ရှို့ချိုင်၏ အကြွေးအားဆပ်ရန် မျှော်လင့်ချက်ရှိနေလေပြီ။ ရွှီဖန်းသည်လည်းစိတ်ကောင်းဝင်နေမိတာကြောင့် လူတိုင်းအား ၂၀ရာခိုင်နှုန်း လျှော့ဈေးပေးလိုက်သည်။
ဖောက်သည်တိုင်းကလည်း လွန်စွာ ပျော်ရွှင်ကုန်ကြသည်။ ပထမဦးစွာ သူတို့ကိုယ်တိုင်အတွက် ကြိုစာရင်းသွင်းကြပြီး ပြီးမှ သူငယ်ချင်းများ၊ ဆွေမျိုးများကို ခေါ်ကာ ရွှီဖန်း၏ အသီးများကို အကြံပြုထောက်ခံပေးကြသည်။ ဒါတွေပြီးတဲ့နောက်မှာ ရွှီဖန်း၏ wechat လည်း ပေါက်ကွဲလုနီးပါးဖြစ်နေလေပြီ။
Wechat ကနေငွေလွှဲတာတွေကို လက်ခံနေချိန်မှာ ဖောက်သည်များ၏ ဝင်စာများကိုလည်း မှတ်နေခြင်းဖြင့် ရွှီဖန်းတစ်ယောက် လွန်စွာ အလုပ်များနေရသည်။ တစ်နာရီကြာလုနီးပါး အချိန်ရောက်မှပဲ အားလုံး ပြီးမြောက်သွားခဲ့သည်။
လူအုပ်ကြီး ထွက်ခွာသွားချိန်မှာ ရွှီဖန်းသည် သက်
ပြင်းကြီးစွာ ချရင်း wechat walletကို ကြည့်လိုက်ရာ ထုံထိုင်းမူးဝေသွားတော့သည်။
"သိန်းတစ်ရာနဲ့ကိုးသောင်း!!!!"
သူ မယုံကြည်ရဲတာကြောင့် ထပ်ခါထပ်ခါ ပြန်ရေကြည့်ခဲ့သည်။ ငွေပမာဏနောက်မှ သုညအတန်းလိုက်ကြီးကို ကြည့်ကာ ရွှီဖန်း အော်ဟစ်လိုက်မိရာ ဘေးပတ်ဝန်းကျင်မှ လူများက ရူးနေလားမသိဆိုသည့် အကြည့်များဖြင့် ကြည့်သွားကြသည်။
"ကောင်းတယ်! ငါအကြွေးတွေ ဆပ်လို့ရရုံတင်မကဘူး! အပင်တွေနဲ့ မျိုးစေ့တွေပါ ဝယ်လို့ရပြီ!"
ရွှီဖန်းသည် ငွေပမာဏအားကြည့်ကာ ဆုံးဖြတ်ချက်
ချခဲ့သည်။ အရင်ဆုံး အပင်တွေနှင့် မျိုးစေ့တွေဝယ်မည်။ ပြီးမှ ဝမ်ရှို့ချိုင်၏ အကြွေးတွေကို ဆပ်မည်။
ရွှီဖန်းက အရမ်းတက်ကြွနေကာ စိတ်ထဲမှာ တွေးထားခဲ့သည့် အစီအစဥ်အတိုင်း ချက်ချင်း အကောင်အထည်ဖော်တော့သည်။
သူ အရင်ဆုံး ဘဏ်ကိုသွားကာ ယွမ်ကိုးသောင်း ထုတ်ခဲ့သည်။ ထို့နောက် ဆိုင်ကယ်အရောင်းဆိုင်ကို သွား၍ ယွမ်လေးထောင်ဖြင့် သုံးဘီးတစ်စီး ဝယ်ယူခဲ့သည်။
သိုလှောင်လက်စွပ်ထဲ၌ အပင်များစွာကို ထည့်သိမ်းသွားဖို့ရန် မဖြစ်နိုင်ပေ။ မြစ်အောက်ပိုင်းရွာကို အပင်များနှင့် အစေ့များအား လွယ်ကူစွာ သယ်ဆောင်နိုင်စေရန် သုံးဘီးဝယ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အနာဂါတ်မှာ သူအိမ်တိုင်ရာရောက်ပို့ဆောင်လျှင်လည်း သယ်ဆောင်ရေးယာဥ်တစ်ခုတော့ သေချာပေါက်လိုအပ်သည်။
ဒီသုံးဘီးက ကြည့်လို့မကောင်းသော်လည်း ပစ္စည်းသယ်သည့်နေရာမှာတော့ အရမ်းသင့်တော်သည်။ ထို့နောက် သူဌေးအား အပင်၊ အစေ့ရောင်းသည့်ဆိုင်ကိုမေးမြန်းကာ သုံးဘီးမောင်း၍ ထွက်လာခဲ့သည်။
သူ့လက်ထဲ၌ ယွမ်များစွာရှိနေသေးသော်လည်း အများစုမှာ ဝမ်ရှို့ချိုင်အား ပေးချေရမည့်ပိုက်ဆံများဖြစ်သည်။
ဆိုင်ရောက်တော့ သူဌေးနှင့် ဆွေးနွေးကာ ရေနှင့် စမ်းသပ်ဖို့ရာ မျိုးစေ့ပေါင်း လေးဆယ်မှာယူခဲ့သည်။
မက်မွန်ပင်၊ ပန်းသီးပင်၊ စပျစ်ပင်၊ သစ်တော်ပင် အစရှိသည့် အမျိုးမျိုးသော အပင်များကိုလည်း သူ ဝယ်ယူခဲ့သည်။
ဘယ်လောက်ပဲ အရသာကောင်းကောင်း၊ နောက်ကျရင် လူတွေက မက်မွန်သီးစားရတာ ငြီးငွေ့သွားကြလိမ့်မည်။ လက်ရှိမှာ တချို့သစ်သီးပင်များကိုလည်း သူဝယ်ယူထားရမည်။
ပိုက်ဆံပေးချေပြီးနောက်မှာ သူဌေးက သူ့အလုပ်သမားတွေကိုခိုင်း၍ သုံးဘီး၏ နောက်တွဲထဲ အပင်များကို တင်ခိုင်းခဲ့သည်။ ထို့နောက် ရွှီဖန်းလည်း မြစ်အောက်ပိုင်းရွာသို့ သုံးဘီးစီးကာ ပြန်လာခဲ့သည်။
တီ! တီ! တီ!
သုံးဘီးဆိုင်ကယ်လေးသည် ချဥ်းကပ်လာသော လေအေးများကို ပျော်ရွှင်စွာခံယူရင်း ရွာ၏ မညီမညာလမ်းပေါ်၌ အရှိန်မြင့်စွာ မောင်းလို့နေသည်။ ရွှီဖန်း ရှေ့ကိုမျှော်ကြည့်သည့်အခါ မြစ်အောက်ပိုင်းရွာအား တွေ့လိုက်ရသည်။
"ဟားဟား ဒီသုံးဘီးလေးက အံ့သြစရာပဲ! အနာဂါတ်
မှာ သွားရေးလာရေး ဒုက္ခမရောက်တော့ဘူး"
ဤသုံးဘီးနှင့်သာဆိုရင် တစ်နည်းအားဖြင့် သူဟာ စီးစရာမရှိသည့် ဆင်းရဲနွမ်းပါးသည့်အခြေအနေမှ လွတ်မြောက်လာပြီဟု ဆိုလို့ရသည်။
ရွှီဖန်းတစ်ယောက် အိမ်ကိုပြန်လာသည့် လမ်းတစ်လျှောက်လုံး သုံးဘီးမောင်းလာခဲ့သည်။
သုံးဘီး၏အင်ဂျင်စက်သံက ကျန်းလီမေနှင့် ရွှီရှို့ရှို့
အား အိမ်ရှေ့သို့ ထွက်ကြည့်စေခဲ့သည်။
"ဖန်းအာ...သား ဒီသုံးဘီးကို ဘယ်ကရခဲ့တာလဲ"
ကျန်းလီမေသည် ရွှီဖန်း၏ဘေးမှာ ရပ်ရင်း သုံးဘီးဆိုင်ကယ်အား မယုံနိုင်စွာကြည့်၍ မေးလာသည်။ သိထားရမည်မှာ ဤသုံးဘီးဆိုင်ကယ်လေးက ဈေးမနည်းပေ။ မြစ်အောက်ပိုင်းရွာမှာ သုံးဘီးဆိုင်ကယ် ပိုင်ဆိုင်ရင်ကိုပဲ တော်တော်လေး ကိစ္စကြီးဖြစ်နေလေပြီ။
ရွှီဖန်းက တဟားဟားရယ်ကာ သုံးဘီးဆိုင်ကယ်အား ကျေနပ်အားရစွာ ပုတ်လိုက်သည်။
"ကျွန်တော် အခုပဲ ဝယ်လာခဲ့တာလေ၊ အမေ ဘယ်လိုလဲ! မဆိုးဘူးမလား!"
"ဒါ"
ကျန်းလီမေလည်း ပြုံးလိုက်မိသည်။ ဒါက ကောင်းသည့်အရာပင်။ သို့သော် သူမတို့မိသားစုက ဝမ်ရှို့ချိုင်ဆီမှာ အကြွေးများစွာ တင်နေသေးသည်။ ရွှီဖန်းက ဒါကိုဝယ်လိုက်တာ ပိုက်ဆံကို ဖြုန်းတီးရာမကျသွားဘူးလား။
"အာ...ဒါနဲ့ ဘာတွေ သယ်လာတာလဲ? အဲ့တာတွေကို ဝယ်လာတာလား"
ကျန်းလီမေသည် သုံးဘီးနောက်တွဲပေါ်မှ အစေ့များနှင့် အပင်များကို တွေ့ကာ ထပ်မေးလာသည်။
ရွှီဖန်းက ခေါင်းညိတ်လျက်...
"ဟုတ်တယ် ဒါတွေက အပင်စေ့တွေလေ၊ ကျွန်တော်တို့အိမ်ရဲ့အနောက်ဘက်တောင်မှာ ဒီအပင်တွေ စိုက်ဖို့ စီစဥ်ထားတယ်၊ အမေ ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့နေ့ရက်တွေ ဒီနေ့ကစပြီး ရောက်လာလိမ့်မယ်"
ဒီနေ့ ယွမ်ကိုးသောင်းထဲကနေ အိမ်နောက်ကတောင်မှာ အပင်စိုက်ပျိုးဖို့အတွက် သူ များစွာ သုံးခဲ့ရသည်။
"ကောင်းပြီ...အမေတို့ ဒီတိုင်းပဲ ရပ်ကြည့်မနေကြနဲ့လေ...အရင်ဆုံး ဒီအစေ့တွေကို ထုတ်ဖို့ လာကူညီပေးပါဦး"
ရွှီဖန်းသည် သူ၏အနာဂါတ်အစီအစဥ်ကိုသာ တွေးနေခဲ့တာကြောင့် သူ့အမေနှင့်ညီမ၏ ထူးဆန်းသော မျက်နှာအမူအရာများအား သတိမထားမိခဲ့ပေ။
သူက အပင်တွေကို မကာ အရိပ်အောက်ကို ရွှေ့နေသည်။ ရွှီရှို့ရှို့သည် သူမနှုတ်ခမ်းအား ကိုက်ကာ သူ့အစ်ကိုနောက် လိုက်သွားခဲ့သည်။
"ကောကော ဒါတွေကို ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ"
ရွှီဖန်းသည် သစ်စေ့များအား ဂရုတစိုက် စီစဥ်နေကာ ပြောလာသည်။
"တစ်သောင်းကျော်လောက်ပေါ့...ရှို့ရှို့ အစ်ကိုတို့ ဘယ်လောက်ကုန်ထားလဲဆိုတာကို မကြည့်နဲ့၊ ဒါတွေက မကြာခင်မှာပဲ ပြန်ရလိမ့်မယ်"
"ဟမ်!"
ရွှီရှို့ရှို့က ထိုအရာကိုကြားသည်နှင့် နှုတ်ခမ်းကိုဆူထော်ကာ မကျေမနပ် နှာမှုတ်ပြတော့သည်။
ရွှီဖန်းမှာ ကြောင်အသွားကာ မျက်တောင်ခတ်၍ သိချင်းပြင်းပြစွာ မေးမိသည်။
"ရှို့ရှို့ ဘာဖြစ်သွားတာလဲ"
ရွှီရှို့ရှို့သည် နှုတ်ခမ်းကိုဆူကာ ရွှီဖန်းအား အခက်ကြုံနေသည့် အမူအရာဖြင့်ကြည့်လာသည်။
"ကောကောကလည်း...ညီမလေးတို့ ဝမ်ရှို့ချိုင်ရဲ့ပိုက်ဆံကို ဆပ်ရဦးမယ်ဆိုတာ မေ့နေတာလားဟင်"
"ကောကော ညီမလေး သူ့သားကို လက်မထပ်ချင်ဘူး"
ပြောပြီးသည်နှင့် သူမက ချက်ချင်း မျက်ရည်များ ဝဲတက်လာတော့သည်။ ရွှီဖန်းမှာ သူ့ညီမအားကြည့်ကာ ရယ်ရခက် ငိုရခက်ပင်။
သူမက သူပိုက်ဆံအများကြီးသုံးလိုက်လို့ အပြစ်တင်နေတာပဲ။
ရွှီဖန်းသည် သူမခေါင်းအား ပုတ်ကာ...
"အရူးမလေးရယ်...ဒါပေါ့ အစ်ကိုက မေ့စရာလား၊ ခဏပဲစောင့် အစ်ကိုတို့ ဝမ်ရှို့ချိုင်အိမ်ကို သွားကြမယ်"
"အာ...သူ့အိမ်ကို ဘာသွားလုပ်မလို့လဲဟင်"
ရွှီရှို့ရှို့သည် ကြောက်လန့်မှုကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ အခုဆိုရင် ဝမ်ရှို့
ချိုင်နာမည်ကြားသည်နှင့် သူမက အိပ်မက်ဆိုးမက်သလိုကို ကြောက်ရွံ့နေလေ၏။
"အရူးမလေး...အဲ့ဒီကိုရောက်ရင် တစ်ခါတည်း သိရလိမ့်မယ်"
ရွှီဖန်းသည် မျက်လုံးအသာမှိတ်ပြကာ ထုတ်မပြောဘဲ အရင်သိမ်းထားလိုက်သည်။ ပြီးနောက် သူဟာ အပင်များအား ဆက်ရွှေ့နေတော့သည်။ ညီမဖြစ်သူဘယ်လောက်ဘဲမေးမေး သူဘာမှမပြောပြခဲ့တာကြောင့် ရှို့ရှို့တစ်ယောက် ဒေါသထွက်ကာ မြေကြီးအား ခြေထောက်ဖြင့် ဆောင့်ချတော့သည်။
သူ့ကောကောက မကြားချင်ယောင်ဆောင်နေတာပဲ!!
မကြာမီ ရွှီဖန်းလည်း အကုန်ပြီးစီးသွားသည်။ သူ့နဖူးပေါ်မှ ချွေးများကို သုတ်ကာ ဆိုင်ကယ်ထဲမှ အနက်ရောင်အိတ်ကိုယူ၍ ရှို့ရှို့ကို ခေါ်လိုက်သည်။
"ညီမလေးရေ သွားကြရအောင်"
"ကောကော ညီမလေး ကြောက်တယ်"
ရွှီရှို့ရှို့က နှုတ်ခမ်းဆူကာ နောက်ဆုတ်သွားသည်။ အဲ့ဒီအိမ်ကိုရောက်ပြီးရင် ပြန်လာလို့မရတော့မှာကို သူမ ကြောက်နေသည်။
ရွှီဖန်းမှာ မျက်လုံးများ လှိမ့်ကာ ဆူမိတော့သည်။
"အရူးမလေး! မင်းအစ်ကိုတစ်ယောက်လုံးရှိနေတာ ဘာကိုကြောက်နေတာလဲ! လာ သွားကြမယ်!"
ပြောပြီးသည်နှင့် သူ့ညီမလက်အား ဆွဲကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
ရွှီဖန်းက သူမလက်အား ဆုပ်ကိုင်ထားပေးတာကြောင့် ရွှီရှို့ရှို့လည်း စိတ်သက်သာရာ ရသွားသည်။ သူမသည် ရွှီဖန်းအား အခက်တွေ့နေသည့် အမူအရာဖြင့် ကြည့်ကာ သူ့လက်ထဲမှ အနက်ရောင်အိတ်ကိုလည်း ကြည့်လာသည်။ သူမ အရမ်းသိချင်လာတာကြောင့် မနေနိုင်ဘဲ မေးမိတော့သည်။
"ကောကော လက်ထဲကဟာက ဘာလဲဟင်"
"ဒါလား"
ရွှီဖန်းက အနက်ရောင်အိတ်ကို လှုပ်ရမ်းကာ ရယ်လာသည်။
"ဒါက ကိုက်နေကြတဲ့ခွေးတွေအတွက် အသားတုံးလေ"
"အာ!"
ရွှီရှို့ရှို့သည် ထိုအချိန်၌ အံအားသင့်စွာ ရွှီဖန်းအား ကြည့်လာသည်။ သူမဘာသာ သူမ တွေးလိုက်မိသည်။
*ကောကောက ဝမ်ရှို့ချိုင်ကို အသေ ဖိုက်တော့မလို့လား!"
"အိုက်ယား! ဘာလို့နှေးသွားပြန်တာလဲ! မြန်မြန် သွားရအောင်!"
ထိုအချိန် ရွှီဖန်းက ထပ်ပြီးတိုက်တွန်းလာပြန်သည်။ ရွှီရှို့ရှို့လည်း အံကြိတ်၍ ချက်ချင်း လိုက်သွားခဲ့သည်။ သူမ ရွှီဖန်းအား တားရမည်။
အများဆုံးကြုံရရင်တောင် သူမက ထိုဝမ်မိသားစုဖြင့် လက်ထပ်လိုက်ရုံပဲလေ။ သူမအစ်ကိုအား အခုလို မိုက်မိုက်မဲမဲ ပြုလုပ်ဖို့ထိတော့ ခွင့်မပြုနိုင်ပေ။