← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

နှုတ်ဆက်ပွဲမတိုင်မီ ဘာဘီကျုပါတီသည် ပျော်ရွှင်စရာကောင်းသည့် အခမ်းအနားတစ်ခု ဖြစ်သင့်သော်လည်း ဆုလင်းလင်းသည် သူမနှင့် ယောင်ကျူမှအပ ကျန်သောဧည့်သည်များသည် ထူးဆန်းစွာ ပြုမူနေကြသည်ဟု ခံစားရသည်။ ဘာဘီကျုပါတီ တစ်ဝက်ပင် မရောက်သေးမီ လင်းရန်ရန်သည် သူမ၏ ခရီးဆောင်အိတ်ကို ဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမနှင့် ချူမိုတို့သည် နိုင်ငံတကာ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာရမည်ဖြစ်၍ စောစီးစွာ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

လင်းရန်ရန်သည် ယန်ရှီထံသို့ ကိုယ်တိုင် လျှောက်လာခဲ့သည်။

သူမ စကားမပြောရသေးမီ ကျုံချင်းယွီ၏ လေသံသည် ရန်လိုမှု အပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။

"ဘာလုပ်နေတာလဲ နင် ထွက်သွားတော့မှာကို ပြဿနာ ထပ်ရှာချင်သေးတာလား"

လင်းရန်ရန်သည် ကျုံချင်းယွီကို မုန်းတီးမှုနှင့် ကြောက်ရွံ့မှု ရောထွေးနေသော အမူအရာဖြင့် ကြည့်လိုက်သည်။

ကျုံချင်းယွီသာ မရှိခဲ့လျှင် ယန်ရှီဆိုသည်မှာ မည်သူနည်း။

သူမ စိတ်ထဲတွင် ဤသို့ တွေးမိသော်လည်း လင်းရန်ရန်သည် ဖော်ပြရဲခြင်း မရှိပေ။ ကျုံယန်စီ၏ မျက်လုံးများမှာ အေးစက်လွန်းလှသည်ကို သူမ မှတ်မိနေသေးသည်။ ကျုံချင်းယွီနှင့် ကျုံယန်စီတို့သည် တစ်နည်းတစ်ဖုံ ဆင်တူကြပြီး ကျုံချင်းယွီ၏ ပယင်းရောင် မျက်လုံးများက အမှောင်ထဲတွင် ပုန်းအောင်းနေသည့် အဆိပ်ပြင်းမြွေတစ်ကောင်နှင့် တူနေလေသည်။

လင်းရန်ရန်သည် ယန်ရှီကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူကာ ၉၀ ဒီဂရီ ကိုယ်ကိုကိုင်း၍ ဦးညွှတ်လိုက်သည်။

"ယန်ရှီ ငါတို့ရဲ့ ဆက်ဆံရေးကို အစီအစဉ်မှာ ဖော်မထုတ်ခဲ့သင့်ပါဘူး ပြီးတော့ ပြီးခဲ့တဲ့တစ်ခေါက်က အင်တာနက်ပေါ်မှာ နင်က ကျောင်းနေဖက်တွေကို အနိုင်ကျင့်တယ်ဆိုတဲ့ ကိစ္စကလည်း ငါကောလဟာလလွှင့်မိတာပါ... တောင်းပန်ပါတယ်”

ယန်ရှီသည် လင်းရန်ရန်ကို နှစ်စက္ကန့်မျှ ကြည့်လိုက်ပြီးနောက် ပုံမှန်လေသံဖြင့် “ရပြီ" ဟု ပြန်ဖြေသည်။ သူမသည် လင်းရန်ရန်ကို ခွင့်လွှတ်ရန် ရည်ရွယ်ချက် မရှိပေ။ ၎င်းသည် ပေါ့ပေါ့ပါးပါး တုံ့ပြန်မှုမျှသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လင်းရန်ရန်နှင့် ချူမိုတို့မှာ ခေတ္တခဏသာ လာရောက်လည်ပတ်သည့် ဧည့်သည်များဖြစ်ပြီး ဤနောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံရတော့မည် မဟုတ်ပေ။ လင်းရန်ရန်သည် ယန်ရှီ၏ သဘောထားအား အတော်လေး မနှစ်မြို့ပေ။ လင်းရန်ရန်နှင့် လင်းမိသားစုတို့သည် ကျုံယန်စီ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသော်လည်း ယန်ရှီသည် ၎င်းကို အမှတ်မထင်သာ သဘောထားခြင်းက သူမကို အရူးတစ်ယောက်လို ဖြစ်စေခဲ့သည်။

ငယ်ရွယ်သေးသည့် လင်းရန်ရန်သည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ပေ။

"ယန်ရှီ နင့်ကို ဘာလို့ ငါ ဘာလို့မုန်းလဲဆိုတာ သိလား နင့်သဘောထားကြောင့်ဘဲ ဒီကိစ္စမှာ နင်က အကျိုးအမြတ်ရသွားတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ ဘာလို့ အမြဲတမ်း ငါ့ကို အပြစ်ပုံချနေတာလဲ"

ယန်ရှီသည် လင်ရန်ရန်ကို သံသယဖြင့် ကြည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းမရှိသဖြင့် ကျုံယန်စီ မြင်နိုင်မည်မဟုတ်သည်ကို သိသောအခါ လင်းရန်ရန်က ပိုမို ရဲတင်းလာခဲ့သည်။

"ငါ့ရဲ့ လင်းမိသားစုသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို လုယူသွားတာလည်း နင်ပဲ၊ ငါ့ကို အပြင်မှာ တစ်ယောက်တည်း နေစေခဲ့တာလည်း နင်ပဲ၊ အဲဒီနှစ်တွေတစ်လျှောက်လုံး မိဘမဲ့ဂေဟာမှာ ငါ ဘယ်လိုဘဝမျိုး ဖြတ်သန်းခဲ့ရလဲ နင်သိလား"

“ငါလင်းမိသားစုကို ပြန်ရောက်ပြီးနောက်ပိုင်းမှာတောင် ငါ့အမေက နင် ဘယ်လောက်ကောင်းကြောင်းပဲ အမြဲပြောနေခဲ့တာ၊ ငယ်ငယ်ကတည်းက အဲဒီလို ပညာကောင်းကောင်း ရခဲ့မယ်ဆိုရင် နင့်ကို ငါက ဘယ်လိုလုပ် ရှုံးမလဲ"

ကျုံချင်းယွီသည် ဒေါသထွက်သွားသည်။

"လင်းရန်ရန် နင် ဘာဖြစ်နေတာလဲ၊ အဲဒါကို ရှီရှီကို အပြစ်တင်လို့ရမလား နင်တို့မိသားစု ကလေးထိန်းရဲ့ ပြဿနာဆိုတာ ရှင်းနေတာပဲ…”

ယန်ရှီသည် ကျုံချင်းယွီကို ဆွဲကာ လင်းရန်ရန်ကို ထပ်မံကြည့်လိုက်သည်။

သူမက တစ်လုံးချင်းစီ ပြောလိုက်သည်။

"လင်းရန်ရန် နင် ပြောတာ မှန်တယ်၊ သမီးအစစ်နဲ့ သမီးအတု ကိစ္စမှာ ငါက အကျိုးခံစားခွင့်ရှိသူပါ ဒါပေမဲ့ ကလေးတွေကို ပြောင်းခဲ့တာ ငါမဟုတ်ဘူး၊ အဲဒါကြောင့် ငါ့ဘက်က နင့်အပေါ် ဘာအကြွေးမှတင်နေတာမှမရှိဘူး၊ လင်းမိသားစုအပေါ်မှာဘဲ အကြွေးရှိတယ်"

"နင်နဲ့ မစ္စလင်းတို့က ငါ့ကို မောင်းထုတ်ခဲ့တယ်လို့ ထင်နေတာမလား၊ မဟုတ်ဘူး ငါ လင်းမိသားစုကနေ ထွက်သွားတဲ့နေ့က နင့်ပါးပါးကို ဆယ်သန်း ပေးခဲ့တယ်"

လင်းရန်ရန်၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။ ဆယ်သန်းလား။ သူမ ဤကိစ္စများအား တစ်ခုမှ မသိရှိခဲ့ချေ။

"မစ္စလင်းက ငါ့ကို နင်နဲ့ အမြဲနှိုင်းယှဉ်တာနဲ့ ပတ်သက်ပြီးတော့..."

ယန်ရှီက လှောင်ပြုံးပြုံးလိုက်သည်။

"အဲဒါ ငါ့ကို အပြစ်တင်လို့ ရမလား၊ ငါ မရှိရင်တောင် မစ္စလင်းက နင့်ကို ဆက်ဆူနေမှာပဲ သူ ဆူချင်တာ နင့်ကိုပဲ"

"လင်းရန်ရန် ဒါကို နားလည်ထားပါ အတိတ်မှာ နစ်မြုပ်နေတာ နင်ပဲ၊ ငါ့ကို နင့်ရဲ့ စိတ်ကူးယဉ်ရန်သူအဖြစ် သတ်မှတ်ထားတာလည်း နင်ပဲ၊ ငါတို့နှစ်ယောက်ကြားမှာ ပြိုင်ဆိုင်မှု ဒါမှမဟုတ် အကျိုးစီးပွား ပြဿနာဆိုတာ မရှိဘူး"

"ဒါပေမဲ့"

ယန်ရှီက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

"မစ္စလင်းက ဘာလို့ အဲတုန်းက ငါ့ကို မောင်းထုတ်ဖို့ နင့်ကို ကူညီခဲ့တာလဲဆိုတာ မစဉ်းစားကြည့်တာလဲ"

"မွေးစားသမီးတစ်ယောက်မှာလည်း အမွေဆက်ခံခွင့် ရှိတယ်၊ ပြီးတော့ မစ္စလင်းမှာ သားတစ်ယောက်ပဲ ရှိတာကို ကြည့်ပါဦး"

လင်းရန်ရန် ထိတ်လန့်စွာဖြင့် နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်သွားသည်။

ယန်ရှီ၏ စကားများသည် ခွန်အားကို လွယ်ကူစွာ လွှဲပြောင်းပေးနိုင်ပြီး လင်းရန်ရန် တစ်ခါမျှ မတွေးခဲ့ဖူးသော အခြားအမှန်တရားတစ်ခုကို ထုတ်ဖော်ခဲ့သည်။

မစ္စလင်းသည် လင်းရန်ရန်နှင့် ယန်ရှီကြားတွင် အချင်းချင်း သဘောထားကွဲလွဲအောင် ဖန်တီးနေခဲ့ခြင်း ဖြစ်သည်။

သူမသည် လင်းရန်ရန်အား သမီးအစစ်နှင့် သမီးအတု ဖြစ်စဉ်၏ နာကျင်မှုထဲသို့ နစ်မြုပ်စေခဲ့ပြီး သူမနှင့် အမှန်တကယ် အကျိုးစီးပွား ပဋိပက္ခရှိသူမှာ ယန်ရှီမဟုတ်ဘဲ သူမ၏ ဖအေတူ မအေကွဲ မောင်နှမ လင်းစီဘို ဖြစ်သည်ကို မေ့လျော့စေခဲ့သည်။

လင်းရန်ရန်က သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်ကို မြင်သောအခါ ယန်ရှီက

"နောက်ထပ် အကြံဉာဏ်တစ်ခု ပေးပါရစေ၊ လင်းရန်ရန် ငါ လင်းမိသားစုမှာ ရှိခဲ့တဲ့ ဆယ့်ငါးနှစ်တာကာလအတွင်း မစ္စလင်းက ငါ့ကို တစ်ခါမှ ချီးမွမ်းခြင်း မရှိခဲ့ဘူး"

မစ္စလင်းက ယန်ရှီကို တစ်ကြိမ်တစ်ခါမျှ ချီးမွမ်းခြင်း မရှိခဲ့သောကြောင့် ယခု မည်သို့ ယန်ရှီအား ချီးမွမ်းပြီး လင်းရန်ရန်ကို အထင်သေးနိုင်မည်နည်း။ ထိုစကားနောက်ရှိ အဓိပ္ပာယ်သည် ရှင်းနေသည်။

လင်းရန်ရန်၏ ခေါင်းထဲ၌ ရှုပ်ထွေးနေသည်။

သူမက အစတွင် မစ္စလင်း သူမကို မကြိုက်ခြင်းသည် သူမ၏ ပြုစုပျိုးထောင်မှု မကောင်းခဲ့သဖြင့် ယန်ရှီနှင့် မယှဉ်နိုင်သောကြောင့်ဟု ထင်ခဲ့မိသည်။ ယခုလျှင် ထိုနောက်ကွယ်တွင် ပို၍ ကြောက်စရာကောင်းသည့် အရာတစ်ခု ရှိနေပုံရသည်။ လင်းရန်ရန်သည် ယန်ရှီနှင့် ဆက်၍ငြင်းခုန်ရန် အချိန်မရှိသည့်အတွက် ခရီးဆောင်အိတ်ကို အလျင်အမြန် ဆွဲထုတ်ပြီး အပြင်သို့ ထွက်သွားသည်။ ချူမိုသည် လင်းရန်ရန် နောက်မှ အမြဲလိုက်နေခဲ့ပြီး သူမ ယန်ရှီနှင့် ငြင်းခုန်ခြင်းကို နားထောင်နေခဲ့သည်။ ချူမိုတစ်ယောက် ယန်ရှီအား ကြည့်သည့် မျက်လုံးများသည် အစ၌ သူမ၏ အသွင်အပြင်ကိုသာ သဘောကျခဲ့မိရာမှ ယခုတွင် အနည်းငယ် လေးစားမှုပါ ပေါ်လွင်လာသည်။

လှပပြီး ထက်မြက်သည်။

ဤမိန်းကလေးက သူ့အတွက် ပိုသင့်တော်သည်။

မထွက်ခွာမီ ချူမိုသည် ယန်ရှီအား တွန့်ဆုတ်စွာဖြင့် စိုက်ကြည့်လိုက်သည်။

ယမန်နေ့က ကျုံချင်းယွီမှ ယန်ရှီအတွက် စီစဉ်ပေးခဲ့သည့် Blind date မှာ ယန်ရှီသည် ယခုအချိန်ထိ လူလွတ်ဖြစ်ပြီး ကျုံယန်စီနှင့်ချစ်သူမဖြစ်ကြ‌သေးကြောင်းကို ချူမိုအား သိသွားစေခဲ့သည်။

အရေးမကြီးလှပေ။ နောင်အနာဂတ်၌ အချိန်များစွာရှိဦးမည်။

လင်းရန်ရန်နဲ့ ချူမို ထွက်ခွာသွားသည်နှင့် ဗီလာထဲရှိ တင်းမာသည့် လေထုသည် အမြောက်အများ လျော့ပါးသွားသည်။ ဒါရိုက်တာယွီသည် လူတိုင်းကို စိတ်ဓာတ်ကျဆင်းစေပုံမရဘဲ ဝန်ထမ်းများကို ဘာဘီကျု အတူတူ စားရန် ဖိတ်ခေါ်လိုက်သည်။

“လုပေယွီ အမြန်လာပြီး အသားတုတ်ထိုးတွေကို ဆယ်တော့၊ တူးကုန်ပြီ"

ဆုလင်းလင်းက အော်ဟစ်ပြီး အသားတုတ်ထိုးများပေါ်ရှိ မီးတောက်များကို အလျင်အမြန် သောက်စရာဖြင့် ငြှိမ်းသတ်လိုက်သည်။

လုပေယွီသည် အိပ်မက်မှ နိုးလာသကဲ့သို့ဖြစ်သွားပြီး သူ ကင်နေသည့် အသားတုတ်ထိုးများအားလုံး မီးလောင်ကာ မည်းနက်အရုပ်ဆိုးသည့် အတုံးများ ဖြစ်သွားကြသည်ကို သတိထားမိလိုက်သည်။

ဆုလင်းလင်းက စလိုက်သည်။

"လုပေယွီ နင်လည်း အတင်းအဖျင်းတွေကို ကြိုက်တယ်လို့ မထင်ထားဘူး"

လုပေယွီ စိတ်ထဲ၌ ရှုပ်ထွေးသွားသည်။

သူသည် ဆုလင်းလင်းအား လစ်လျူရှုပြီး ယန်ရှီထံသို့ အမြန်သွားလိုက်သည်။

“ယန်ရှီကျဲ စကားပြောလို့ ရမလား"

ဗီလာ၏ နောက်ဖေးခြံထဲ၌ မည်သူမှ မရှိပေ။

လေညှင်းလေးသည် ညင်သာစွာ တိုက်ခတ်နေပြီး ရေကူးကန်သည် တလက်လက် တောက်ပနေကာ ယန်ရှီနှင့် လုပေယွီတို့၏ မှေးမှိန်နေသည့် အရိပ်များ ထင်ဟပ်နေခဲ့သည်။

လုပေယွီသည် ယန်ရှီနှင့် ပိုနီးကပ်စွာ လျှောက်သွားပြီး သတိထား၍ မေးသည်။

"ယန်ရှီကျဲ လင်းမိသားစုကနေ ထွက်သွားပြီးနောက်မှာ ကိုယ်ပိုင်မိသားစုကို ရှာတွေ့ခဲ့လား"

သူသည် ယခင်က ယန်ရှီတစ်ယောက် လင်းမိသားစုမှ ထွက်ခွာသွားပြီးနောက် ယန်မိသားစုသို့ ပြန်သွားသောအခါ သူမတွင် မိသားစုအသစ်တစ်ခု ရရှိပြီဟု ထင်ခဲ့သည်။ သို့သော် လင်းရန်ရန် ပြောသွားသည်ကို ကြားရသည်မှာ လင်းရန်ရန်သည် ယခင်က မိဘမဲ့ဖြစ်ခဲ့သောကြောင့် ယန်ရှီလည်း မိဘမဲ့ဖြစ်နိုင်ခြေ အလွန်များသည်။

ယန်ရှီက "မရှိဘူး" ဟု ပြန်ဖြေသည်။

လုပေယွီက စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒါဆို ယန်ရှီကျဲ ကျဲရဲ့ ဆံပင်တစ်ပင်လောက် ရနိုင်မလား ကျွန်တော် ပြန်သွားပြီး DNA စစ်ဆေးကြည့်လိုက်မယ် ကျွန်တော်တို့က မောင်နှမတွေ ဖြစ်နေနိုင်တယ်"

ယန်ရှီက "မရဘူး" ဟု ငြင်းဆန်လိုက်သည်။

လုပေယွီသည် အံ့အားသင့်သွားပြီး အချိန်အတော်ကြာအောင် တုံ့ပြန်မှု မရှိခဲ့ပေ။

"ဘာလို့ မရရမှာလဲ ယန်ရှီကျဲ၊ ကျဲက ကျွန်တော့် ဒုတိယကျဲနဲ့ အသက်တူတယ် ပြီးတော့ ဝမ်နင်းအစ်မနဲ့လည်း အရမ်းတူတယ်၊ ကျဲက ဖြစ်နိုင်ခြေ အများကြီးရှိတယ်..."

"လုပေယွီ ရှင်ဘာလို့ နားမလည်ရတာလဲ"

ယန်ရှီက လုပေယွီကို ကြည့်လိုက်သည်။

"ကျွန်မ DNA စစ်ဆေးတာ မလုပ်ချင်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မမိသားစုကို မရှာချင်လို့"

လုပေယွီသည် ထိတ်လန့်သွားကာ ပါးစပ်အဟောင်းသားဖြင့် နားမလည်နိုင် ဖြစ်နေရှာသည်။

မိသားစုကို မရှာချင်သောသူ အဘယ်၍ ရှိနိုင်မည်နည်း။

သွေးသားတော်စပ်တဲ့ မိသားစုဝင်တွေဖြစ်နိုင်သည်။

ယန်ရှီက လှောင်ပြုံးပြုံးလိုက်သည်။

“လင်းရန်ရန်က ပစ်ထားခံခဲ့ရတဲ့ ကလေးတစ်ယောက် မွေးပြီးမကြာခင်ဘဲ အမှိုက်ပုံးထဲ ပစ်ခံခဲ့ရတာ၊ ဒါကြောင့် မိဘတွေ စွန့်ပစ်ခဲ့တဲ့ ကလေးတစ်ယောက်ပဲ သူတို့က အဲတုန်းက ကျွန်မကို မလိုချင်ခဲ့ဘူးဆိုတော့ ဘာလို့ ကျွန်မက သူတို့ကို သွားရှာရမှာလဲ ကျွန်မက ဈေးပေါတဲ့လူမလို့လား"

လုပေယွီက အလျင်အမြန် ရှင်းပြသည်။

"မဟုတ်ဘူး ယန်ရှီကျဲ၊ ပါးရဲ့ စီးပွားရေးပြိုင်ဘက်က ကျဲကို တမင်တကာ ပျောက်သွားအောင် လုပ်ခဲ့တာ၊ မားနဲ့ ပါးက ကျဲကို မလိုချင်ခဲ့တာ မဟုတ်ဘူး ကျဲပျောက်သွားတယ်ဆိုတာ သိတော့ သူတို့ အရမ်း ဝမ်းနည်းခဲ့ကြတာ"

"ရပ်လိုက်!" ယန်ရှီက လုပေယွီကို တားလိုက်သည်။

"ပထမဆုံးအနေနဲ့ ကျွန်မက ရှင့်ရဲ့ အစ်မ မဟုတ်ဘူး၊ ဒါကြောင့် ကျွန်မကို ဒီလို စကားမျိုး ပြောစရာ မလိုဘူး၊ ဒုတိယအနေနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးပြီ ကျွန်မလည်း အရွယ်ရောက်နေပြီ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ ဆယ်နှစ်လုံးလုံး သူစိမ်းတွေ ဖြစ်နေခဲ့တာ၊ ဒီလိုပဲ ဆက်နေကြရအောင်"

လုပေယွီ အလွန်အမင်း စိုးရိမ်ပူပန်နေကာ မျက်ရည်များပင် ဝဲနေခဲ့၏။

"ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက် မားနဲ့ ပါးက ကျဲကို အရမ်း သတိရနေခဲ့ကြတာ၊ ကျဲသာ ပျောက်မသွားခဲ့ဘူးဆိုရင် မားက လော့ယီကျဲကို သူရဲ့ မွေးစားသမီးအဖြစ် ခေါ်ခဲ့မှာ မဟုတ်ဘူး၊ သူက ကျဲကို အရမ်း သတိရနေလို့…”

"ဘာလို့ ကျွန်မကို အရင် မရှာခဲ့ကြတာလဲ"

ယန်ရှီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ အသံတွင် ရှိုက်သံပါနေခဲ့သည်။

"သူတို့ ကျွန်မကို သတိရတယ် ခွဲခွာရတာ ဝန်လေးတယ်ဆိုရင် ဘာလို့ ကျွန်မ မျှော်လင့်ချက် မကုန်ခင်ကတည်းက မရှာခဲ့တာလဲ”

လုပေယွီသည် စကားလုံးများပင် ပျောက်ဆုံးသွားခဲ့သည်။

"ကမ္ဘာကြီးက အရမ်းကျယ်တယ်လေ"

မရှာချင်တာ မဟုတ်ခဲ့ချေ၊ သို့သော် ကမ္ဘာကြီးက အင်မတန်ကျယ်ဝန်းလွန်း၍ ရှာမတွေ့နိုင်ခဲ့ခြင်းသာဖြစ်သည်။ ယန်ရှီသည် ခါးသည်းစွာ ပြုံးလိုက်သည်။

"ဟုတ်တယ် ရှင်လည်း သိတယ် ကမ္ဘာကြီးက အရမ်းကျယ်တာပဲ"

ယန်ရှီသည် သူမ မျက်လုံးထောင့်ရှိ မျက်ရည်များကို သုတ်လိုက်သည်။

“တကယ်တော့ လင်းရန်ရန်က ပစ်ထားခဲ့တဲ့ ကလေးတစ်ယောက်ဆိုတာ မသိခင်ကလည်း ကျွန်မ မိသားစုကို ရှာဖွေဖို့ ကြိုးစားခဲ့ဖူးတယ်”

လုပေယွီသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး ယန်ရှီအား မျှော်လင့်တကြီးဖြင့် ကြည့်နေမိသည်။

"ကျွန်မ 'မိဘ' တွေ အများကြီးနဲ့ တွေ့ခဲ့ရပြီး DNA စစ်ဆေးမှုတွေ အများကြီး လုပ်ခဲ့ရတယ်၊ ဒါပေမဲ့ မျှော်လင့်ချက် အလင်းတန်းတိုင်းရဲ့ နောက်မှာ စိတ်ပျက်အားငယ်မှုပဲ ရှိခဲ့တယ်"

"အကြိမ်ကြိမ်အခါခါ အတိအကျ ဘယ်နှစ်ကြိမ်လဲဆိုတာတောင် ကျွန်မ ကိုယ်တိုင်တောင် မမှတ်မိတော့ဘူး ကမ္ဘာကြီးက အရမ်းကျယ်တယ်၊ ဒီနိုင်ငံမှာ လူဦးရေ ၁.၄ ဘီလီယံ ရှိတယ် သူတို့ထဲက သွေးသားတော်စပ်တဲ့ ဆွေမျိုးတွေကို ရှာဖို့ဆိုတာက အရမ်းခက်တယ်"

ယန်ရှီက လုပေယွီကို ကြည့်လိုက်သည်။

"အသက်နှစ်ဆယ် သရက်သီးနဲ့ မတည့်ဘူး ပြီးတော့ ကုပေဆိုတဲ့ နာမည်... ဒါက တိုက်ဆိုင်မှုပဲ၊ ကမ္ဘာ့လူဦးရေ ၄၀% မှာ အမျိုးမျိုးသော သရက်သီးနဲ့ ဓာတ်မတည့်မှုတွေ ရှိတယ်၊ ပြီးတော့ အသက်နှစ်ဆယ်အရွယ် မိန်းကလေးတွေ အများကြီး ရှိတယ် ကျွန်မက ရှင့်အစ်မရဲ့ အခြေအနေနဲ့ ကိုက်ညီနေတာဘဲရှိတာ ဒါပေမယ့် ကျွန်မက သူမဟုတ်ဘူး"

လုပေယွီက လက်မခံချင်ပေ။

“ဒါပေမဲ့ ကျွန်တော် ဆက်ကြိုးစားချင်သေးတယ်”

မျှော်လင့်ချက်က နည်းပါးသည်၊ ထိုမျှော်လင့်ချက်နောက်၌ စိတ်ပျက်အားငယ်မှုများ လိုက်လာမည်ကို သိနေသော်လည်း လုပေယွီက ဆက်ကြိုးစားချင်နေဆဲသာ။

"ဒါပေမဲ့ ကျွန်မ မလိုချင်ဘူး"

ယန်ရှီက သူ့ကို ထပ်ပြီး ငြင်းဆန်လိုက်သည်။

လုပေယွီနှင့် ယန်ရှီတို့ အချိန်အတော်ကြာသည်အထိ ဆန့်ကျင်ဘက် ရပ်တည်နေခဲ့ကြသည်မှာ ယန်ရှီတစ်ယောက် စိတ်မရှည်တော့သည့်အထိပင်။ လုပေယွီသည် စိတ်ဓာတ်ကျစွာဖြင့် နောက်ဖေးခြံမှ ထွက်သွားခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ယန်ရှီက ထွက်မသွားသေးချေ။ သူမ၏ မျက်လုံးများက နီရဲနေခဲ့သည်။ သူမသည် ဤကဲ့သို့ ရှုပ်ထွေးသည့် အခြေအနေဖြင့် ကျုံချင်းယွီကို မမြင်စေချင်သည့်အတွက် ရေကူးကန်ဘေးတွင် ခေတ္တမျှ စိတ်အေးအေးထားကာနေခဲ့သည်။

System က ပေါ်လာသည်။

[Host မင်း လိမ်နေတယ်]

ဤသည်မှာ ဖော်ပြချက်တစ်ခုပင်။

ယန်ရှီက နှာခေါင်းရှုံ့လိုက်သည်။

“ငါ ဘယ်နားမှာ လိမ်မိလို့လဲ"

[ငါ မှတ်တမ်းတွေကို စစ်ဆေးလို့ရတယ် မင်း လင်းရန်ရန်က ပစ်ထားခဲ့တဲ့ ကလေးဆိုတာ သိပြီးနောက်ပိုင်း မိသားစုကို ရှာတာ မရပ်ခဲ့ဘူး၊ ဒီကမ္ဘာကြီးက ဝတ္ထုတစ်ပုဒ်ဆိုတာ သိပြီးမှ ရပ်ခဲ့တာ]

[Host မင်း လင်းမိသားစုကို ဆွဲချချင်တာ မဟုတ်ဘူးမလား]

ယန်ရှီသည် စကားတစ်လုံးမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

System သည် တောက်ပနေသည့် ဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သူမ၏ဘေးတွင် ဝဲပျံနေခဲ့သည်။ ယန်ရှီသည် system ကို မကြည့်ဘဲ တမင် မျက်နှာလွှဲထားခဲ့သည်။

System သည် ယန်ရှီ၏ ရှောင်လွှဲခြင်းကို ဂရုမစိုက်ဘဲ ဆက်ပြောနေခဲ့သည်။

[ဝတ္ထုထဲမှာဆိုရင် အစ်ကိုကြီးက အကြီးဆုံးသခင်မလေးရဲ့ အားကိုးရာဖြစ်လို့ သေဆုံးသွားမှာ၊ မင်းကတော့ အကြီးဆုံးသခင်မလေးရဲ့ ကံကောင်းခြင်းအမှတ် အဲဒီတုန်းက အရမ်းဆိုးရွားပြီး အနုတ်လက္ခဏာဖြစ်နေပေမဲ့ သူ့ကို ကူညီဖို့ ရွေးချယ်ခဲ့တဲ့အတွက် ကိုမာ ဖြစ်သွားလိမ့်မယ်]

[ဒါကြောင့် ကံကောင်းခြင်းအမှတ် ၁၀၀ မှတ် မပြည့်မချင်း အကြီးဆုံး သခင်မလေးကို ကြင်နာတဲ့သူတွေအားလုံး ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူး]

[မင်းသာ လုမိသားစုရဲ့ သမီးငယ်ဆိုရင် လုမိသားစုက အကြီးဆုံးသခင်မလေးဘက်ကနေ သေချာပေါက် ရပ်တည်လိမ့်မယ်၊ ဒါဆို လုမိသားစုလည်း ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ဘူး]

[Host မင်းက ပြင်းထန်တဲ့ပုံစံပဲ ပြခဲ့ပေမယ့် မင်း လုမိသားစုကို ကာကွယ်ဖို့ ကြိုးစားနေတာ ငါသိတယ်]

ယန်ရှီက ဆင်ခြေပေးပြီး

“မင်းက ဉာဏ်ရည်တုအရူးဘဲ မင်း ဘာသိလို့လဲ"

"ငါသာ လုမိသားစုရဲ့ သမီးဆိုရင် ငါတစ်ယောက်တည်းပဲ နောက်ဆုံးမှာ သေဆုံးမှာ ငါ သေရင် လုမိသားစုနဲ့ ချင်းချင်းကြားက ဆက်သွယ်မှု ပြတ်သွားမှာပဲ ငါက ဘာကိစ္စ လုမိသားစုအပေါ် စိတ်ခံစားချက်ရှိရမှာလဲ ငါ ပိုကြာကြာ အသက်ရှင်ချင်ရုံပဲ"

System သည် ယန်ရှီဘေးတွင် ခုန်ပေါက်နေခဲ့သည်။

[အိုး အတူတူလောက်ပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အလားတူအကြောင်းပြချက်တွေကြောင့် မင်းက တကယ်တော့ မင်းမိသားစုအပေါ် စိတ်ပျက်တာ မဟုတ်ဘူး]

[Host ဖြေရှင်းနည်းလည်း ရှိတယ်]

ယန်ရှီသည် system မည်သည်ကို ပြောတော့မည်အား ရိပ်မိသွားပြီး ချက်ချင်း စကားဖြတ်ပြောလိုက်သည်။

"ပြန်ဖို့ အချိန်တန်ပြီ"

သူမ အချိန်အတော်ကြာ ထွက်နေခဲ့မိသည်၊ ပြန်ဖို့ အချိန်‌တန်လေပြီ။

ယန်ရှီသည် မတ်တပ်ထကာ ဗီလာရှေ့ရှိ မြက်ခင်းပြင်ဆီကို လျှောက်သွားခဲ့သည်။

စနစ်သည် ယန်ရှီနောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့ပြီး သူမ၏ ကျောပြင်ကို ကြည့်နေခဲ့သည်။

[တကယ်တော့ မင်းသာ အကြီးဆုံး သခင်မလေးကို မကူညီသရွေ့တော့ ကိုမာဝင်သွားမှာ မဟုတ်ဘူး လုမိသားစုလည်း ဒုက္ခရောက်မှာ မဟုတ်ဘူး]

သို့သော် System သည် ထိုအရာကို ထုတ်မပြောခဲ့ပေ။

သူ၏ Host သည် ထိုသို့ လုပ်မည် မဟုတ်ကြောင်းကို သူသိနေခဲ့သည်။

ယန်ရှီနှင့် လုပေယွီတို့ ဘာဘီကျုပါတီသို့ ပြန်ရောက်သည့်အချိန် လင်းရန်ရန်နှင့် ချူမိုတို့အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

သူတို့နှစ်ယောက်ကို မြင်သည့်အခါ ဆုလင်းလင်းသည် လင်းရန်ရန်မှ ယန်ရှီကို စွပ်စွဲခဲ့သည်များအား ရုတ်တရက် သတိရသွားပြီး

“ယန်ရှီ နင်က လုမိသားစုရဲ့ ပျောက်ဆုံးနေတဲ့ သမီးငယ် မဟုတ်ဘူးလား" ဟု အော်ဟစ်လိုက်သည်။

ရဲ့လော့ယီသည် ရုတ်ချည်းဆိုသလို ယန်ရှီကို ကြည့်လိုက်ပြီး သူမ၏ စကတ်အစွန်းကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်

ယန်ရှီသည် ကူရာကယ်ရာမဲ့သွားခဲ့သည့် ပုံဖြင့်

"လာပါဦး နင် ဝတ္ထုတွေ အများကြီး ဖတ်နေတာလား ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ပြောလိုက်သည်။

ရဲ့လော့ယီက သက်ပြင်းချလိုက်သည်။

ဆုလင်းလင်းသည် သက်ပြင်းချလိုက်သည်။

"နင်သာ လုမိသားစုရဲ့ သမီးငယ်ဆိုရင် လင်းရန်ရန်ကို ကောင်းကောင်း ဆုံးမတာ ငါ ကြည့်လို့ရပြီ၊ ဘယ်လောက် ပျင်းဖို့ကောင်းလိုက်လဲ"

ကျုံချင်းယွီ၏ မျက်လုံးများသည် ယန်ရှီနှင့် လုပေယွီတို့ကြားတွင် လှည့်ပတ်နေခဲ့သည်။ သူမ လီချန်မြို့တွင်ရှိစဉ်က ယန်ရှီအား သူမမိဘများကို ဆက်ရှာဦးမလားဟု မေးခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။ ယန်ရှီသည် ဆက်မရှာတော့ဘူးဟု ပြောခဲ့သည်။

ဤသို့ဆိုလျှင် ယန်ရှီသည် လုမိသားစု၏ သမီးငယ် မဟုတ်ခြင်း မဟုတ်ပေ။ သို့သော် သူတို့အား ရှာချင်စိတ်မရှိခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် စကားခဏပြောရုံသာ ရှိသေးပြီး DNA စစ်ဆေးမှုပင် မလုပ်ရသေးချေ။ မည်ကဲ့သို့ သေချာသိနိုင်မည်နည်း။

ကျုံချင်းယွီက တစ်ခွန်းမျှ မပြောပေ။ တစ်ခါတစ်ရံ သူမ ယန်ရှီ မည်သည်ကိုတွေးနေသည်အား နားမလည်ခဲ့ပေ။ သို့သော် ယန်ရှီက ထက်မြက်သည်။ ကျုံချင်းယွီသည် သူမ နားမလည်နိုင်ခြင်းသည် ပုံမှန်ဟုသာ ထင်ခဲ့မိသည်။ သူမ နားမလည်လျှင် ဆက်၍ မစဉ်းစားတော့ပေ။ ကျုံချင်းယွီသည် ယန်ရှီ၏ ရွေးချယ်မှုကိုသာ လေးစားလိုက်သည်။

ယန်ရှီသည် ကျုံချင်းယွီ ဘေး၌ ထိုင်လိုက်သည်။ ကျုံချင်းယွီသည် ပြောင်‌ပေါင်ယွမ်မှ ယခုလေးတင် ကင်ထားသည် တုတ်ထိုးများကို ယန်ရှီအား ပေးလိုက်ပြီး သူမ၏ ပခုံးကို ပုတ်လိုက်သည်။

ဘာဘီကျူးပါတီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မံ ဆူညံလာသည်။ အထူးသဖြင့် ယောင်ကျူသည် စိုးရိမ်ပူပန်မှုကင်းသည့် Samoyed ခွေးတစ်ကောင်ပီပီ တခြားသူများထက် ပိုမိုပျော်ရွှင်နေသည်။ ၎င်းသည် သူ၏ ပွယောင်းယောင်း အမြီးကြီးကို လှုပ်ယမ်းကာ လူအုပ်ကြားတွင် လျှောက်သွားနေပြီး ကြင်နာတတ်သူတစ်ဦးက အသားတုတ်ထိုးတစ်ချောင်းများ ပေးမလားကို မျှော်လင့်နေသည်။

၎င်း၏ သနားစရာကောင်းသော ပုံစံကို မြင်သောအခါ ကျုံချင်းယွီသည် အစားအသောက်လှည်းကို တိရိစ္ဆာန်များ စားသုံးနိုင်သည့် ခရင်မ်အချို့ ယူလာခိုင်းပြီး ယောင်ကျူကို ပေးလိုက်သည်။

ယောင်ကျူ၏ မျက်လုံးများ လင်းလက်သွားပြီး အမြီးက ပိုမိုပျော်ရွှင်စွာ လှုပ်ယမ်းလာသည်။

ရုတ်တရက် ၎င်း ခုန်ပေါက်နေရင်း ဘေးနားရှိ ရဲ့လော့ယီကို တိုက်မိသွားသည်။ ရဲ့လော့ယီက အော်လိုက်ပြီး သူမ၏ ဖုန်း မြက်ပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဖုန်းမျက်နှာပြင် လင်းလက်သွားပြီး ကျုံချင်းယွီသည် ရဲ့လော့ယီနှင့်ပေယွဲ့ပိုင်တို့ကြားရှိ မရှင်းမလင်း စာတိုများကို ဖုန်းပေါ်တွင် တွေ့လိုက်ရသည်။ ရက်စွဲသည် ယနေ့ဖြစ်သည်။ ရဲ့လော့ယီသည် ချက်ချင်းပင် သူမ၏ ဖုန်းကို ကောက်ယူလိုက်သည်။

သို့သော် ကျုံချင်းယွီ၏ မျက်နှာကမူ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ပါတီမှ ကောင်းမွန်သော စိတ်ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားသည်။ ကျုံချင်းယွီ၏ ဒေါသများ တဟုန်ထိုး ထွက်ပေါ်လာသည်။ သူမသည် ရဲ့လော့ယီ ရှေ့သို့ အပြေးအလွှားသွားကာ သူမ၏ နှာခေါင်းတည့်တည့်သို့ လက်ညှိုးထိုးလိုက်သည်။

"ရဲ့လော့ယီ နင်ဘယ်လိုလုပ် အရှက်မရှိရတာလဲ၊ ယွဲ့ပိုင်ကောနဲ့ ငါ့ကြားက ဆက်ဆံရေးကို သိရဲ့သားနဲ့ ဘာလို့ ဆက်တွယ်ကပ်နေသေးတာလဲ"

"ငါမလုပ်ဘူး”

ရဲ့လော့ယီသည် သူမ၏ ဖုန်းကို တင်းတင်းဆုပ်ကိုင်ရင်း ပြန်ပြောသည်။

"နင်... နင်က သခင်လေးပေနဲ့ ပြန်တွဲဖို့ သဘောမတူသေးဘူးမဟုတ်လား၊ နင်တို့က လမ်းခွဲပြီးသားလေ”

ကျုံချင်းယွီက ပို၍ ဒေါသထွက်လာသည်။

"အဲဒါက ချစ်သူစုံတွဲကြားက သေးငယ်တဲ့ ရန်ဖြစ်မှုလေးပဲ”

ရဲ့လော့ယီသည် ကျုံချင်းယွီရှေ့မှောက်၌ အားနည်းချက် မရှိချင်သည့်အပြင် အမြှောင်မယားဟု အခေါ်မခံချင်သဖြင့် ခါးကို မတ်လိုက်သည်။

“ကျုံချင်းယွီ ငါတို့အားလုံးက လူကြီးတွေပဲ လက်တွေ့ကျကျ နေစမ်းပါ၊ ရန်ဖြစ်မှု သေးသေးလေးဆိုတာ မရှိဘူး လမ်းခွဲတယ်ဆို လမ်းခွဲတယ်ပေါ့၊ နင်က လမ်းခွဲဖို့ အဆိုပြုခဲ့ပြီးပြီဆိုတော့ နင်တို့က ဘာဆက်ဆံရေးမှ မရှိတဲ့ သူစိမ်းတွေပဲ ငါ့ဘာသာ သခင်‌လေးပေနဲ့ ဘာလုပ်လုပ် နင်နဲ့ ဘာမှမဆိုင်ဘူး"

ကျုံချင်းယွီသည် ဒေါသကြောင့် မျက်နှာပင် ဖြူဖျော့သွားသည်။

သူမသည် ပေယွဲ့ပိုင်အား အရူးအမူး ချစ်ခဲ့ရသော်လည်း သူ့ကို ရဲ့လော့ယီနှင့် တွဲ၍ CP လုပ်နေသည်ကိုသာ ကြည့်နေခဲ့ရသည့် အရင်ခေတ်ကာလများသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ရင်ထဲတွင် အမြဲတ‌စေ ခါးသီးမှုနှင့် နာကျင်မှုများဖြင့် ပြည့်နေခဲ့သည်။ သူမ မှားခဲ့သည်လား။

ပေယွဲ့ပိုင်ကို ငြင်းဆန်ခဲ့ခြင်းက မှားယွင်းမှုလား။

လေယာဉ်ပေါ်တွင် ပေယွဲ့ပိုင်နှင့် ပြန်တွဲရန် သဘောတူခဲ့သင့်သည်။

ကောင်းကင်သည် မှောင်မိုက်နေခဲ့လေသည်။ ဟန်မြို့ကို အဆုံးအစမဲ့သည့် ညက ဖုံးလွှမ်းနေခဲ့သည်။ ထိုအချိန်၌ပင် မီးရှူးမီးပန်းများသည် "biu" ဟူသည့် အသံနှင့် လေထဲကို ပစ်လွှတ်လိုက်ပြီး "bang" ဆိုသည့် အသံဖြင့် ပေါက်ကွဲသွားသည်။

ခမ်းနားသည့် မီးရှူးမီးပန်းများသည် ညကောင်းကင်အား အရောင်အမျိုးမျိုးဖြင့် ဆေးခြယ်လိုက်သည်။ အထီးကျန်ဆန်နေသည့် ညကောင်းကင်ကြီးသည် ပွင့်လန်းနေသည့် ပန်းများ၏ ခမ်းနားသော ပွဲတော်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မီးရှူးမီးပန်းမျသည် တစ်လုံးပြီးတစ်လုံး ကောင်းကင်၌ ခဏတာ လှပမှုများကို ပြသရန်အတွက် အပြိုင်အဆိုင်ဖြစ်နေကြသည်။

"Bang, bang, bang" ဆိုသည့် နောက်ခံအသံတွများကြားတွင် လူတိုင်းက အံ့အားသင့်နေကြသည်။

ကျုံချင်းယွီတစ်ယောက်သာ ပို၍သာ ဒေါသထွက်လာခဲ့သည်။ သူမသည် ဒါရိုက်တာယွီဘက်သို့ လှည့်ပြီး အော်ဟစ်လိုက်သည်။

"ယွီကျီကျုံး၊ ဒီအချိန်ကြီး ဘာလို့ မီးရှူးမီးပန်းတွေ ဖောက်နေတာလဲ ရှင်ရူးနေလား!"

ဒါရိုက်တာယွီက အပြစ်မဲ့စွာ ကြည့်လိုက်သည်။

"ကျွန်တော် မဟုတ်ပါဘူး”

နောက်ဆုံး မီးရှူးမီးပန်းများကို လေထဲသို့ ပစ်လွှတ်၍ အားကောင်းစွာ ပွင့်လန်းပြီးနောက် မီးတောက်များသည် "ကွဲအက်" သွားပြီး စာလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဒါရိုက်တာယွီ၏ မျက်လုံးများပင် လင်းလက်သွားသည်။

"သခင်မလေး မီးရှူးမီးပန်းတွေကို ကြည့်ပါဦး၊ မီးရှူးမီးပန်းတွေကို ကြည့်ပါဦး”

ကျုံချင်းယွီသည် ရှုပ်ထွေးနေသော်လည်း တောက်ပသည့် ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ခမ်းနားသည့် မီးရှူးမီးပန်းများကြားတွင် မလွဲဧကန် မြင်နေရသည့် စာသားတစ်ကြောင်းကို တွေ့လိုက်ရသည်။

"ကျုံချင်းယွီ မင်းကို ချစ်တယ်"

လူတိုင်း အံ့အားသင့်သွားကြတယ်။ ကျုံချင်းယွီ တင်သာမက၊ ဧည့်သည်များနှင့် ဝန်ထမ်းများပါ အံ့အားသင့်နေကြသည်။

ကောင်းကင်တွင် တောက်ပပြီး မျက်စိပသာဒဖြစ်ဖွယ် မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေခဲ့သည်။

မနီးမဝေးတွင် ပေယွဲ့ပိုင်သည် လက်ဖြင့် ချုပ်လုပ်ထားသော အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ပန်းစည်းတစ်စည်းကို ကိုင်ဆောင်ထားကာ ကြယ်တစ်ပွင့်ကဲ့သို့ ရောက်လာခဲ့သည်။

သူသည် ဘာဘီကျုပါတီသို့ လျှောက်လာခဲ့ကာ ကျုံချင်းယွီရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရိုးသားမှုနှင့် ချစ်ခင်မြတ်နိုးသည့် အကြည့်များဖြင့် ပြည့်နေခဲ့သည်။

"ချင်းယွီ ဒေါသမထွက်ပါနဲ့တော့"

"ကိုယ့်ကို ခွင့်လွှတ်ပေးပါနော်"

ဤသို့ ရိုမန့်တစ်ဆန်လွန်းသည့် မြင်ကွင်းတွင် မီးရှူးမီးပန်းသံများသည် လူများအား သတိလစ်မေ့မြောစေခဲ့သည်။ လူတိုင်းသည် ဟိုင်ချန်လေဆိပ်တွင်ရှိနေစဉ်က မနှစ်မြို့ဖွယ်ရာများကိုပင် မေ့သွားခဲ့ကြပုံရပြီး အလိုလို အားပေးကြွေးကြော်လာကြသည်။

"လက်ခံလိုက် လက်ခံလိုက်"

လူတိုင်း ထိုသို့ပင်။

ယန်ရှီနှင့် ရဲ့လော့ယီမှ လွဲ၍။

ယန်ရှီက မျက်လုံး‌ဆွေ၍ ကြည့်လိုက်သည်။

"System ဘာလို့ ဒီမြင်ကွင်းက အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ"

System က ဒေါသတကြီး ခုန်တက်လာပြီး ပြောလိုက်သည်။

[မရင်းနှီးဘဲ နေမလား ဒါက ဝတ္ထုထဲမှာ ပေယွဲ့ပိုင်က ရဲ့လော့ယီကို တောင်းပန်တဲ့ မြင်ကွင်းပဲလေ၊ ကောင်းကင်အပြည့် မီးရှူးမီးပန်းတွေနဲ့ ကြည်နူးစရာ မကောင်းဘူးလား]

[ဒါက ဇာတ်လိုက်မောင်နှံရဲ့ အထူးခြားဆုံး အခိုက်အတန့်ဖြစ်သင့်တာ၊ ဒါပေမဲ့ ပေယွဲ့ပိုင်က သခင်မလေးအတွက် အသုံးပြုလိုက်တာ]

ယန်ရှီက နှာခေါင်းရှုံ့လိုက်သည်။

"ချင်းချင်းက ရသစုံအစီအစဉ် ရိုက်နေရတာနဲ့ အလုပ်များနေတယ်ဆိုတာ သူသိတယ်၊ ဒါကြောင့် သူရည်ရွယ်ချက်ရှိရှိ ရက်အနည်းငယ်လောက် လစ်လျူရှုထားပြီး နောက်ဆုံးနေ့ကျမှ လာပြီး ဒီလို ရိုမန်တစ်ဆန်အောင် လုပ်တာ ပေယွဲ့ပိုင်က 'အရင် ဖိနှိပ်ပြီးမှ မြှင့်တင်ခြင်း' ဆိုတဲ့ နည်းဗျူဟာကို တကယ်တော်တယ်"

System က မကျေမနပ်ဖြင့် ပြောလိုက်သည်။

[သူ့နောက်ကွယ်မှာ ဖန်းမေယွီလို အကြံပေးရှိနေတယ်ဆိုတာ မင်းသိသားပဲ]

ပေယွဲ့ပိုင်သည် အရာအားလုံးကို ကောင်မွန်စွာ စီစဉ်ထားခဲ့သည်။

ကျုံချင်းယွီက သဘောမတူခင်မီ ရဲ့လော့ယီသည် ပေယွဲ့ပိုင်အား "ဖြန်း" ကနဲ ရိုက်ချလိုက်သည်။ ရဲ့လော့ယီသည် ဖုန်းအား ကိုင်ထားပြီး ဒေါသတကြီး တုန်ယင်နေခဲ့သည်။

“ပေယွဲ့ပိုင် ရှင် ဘာကိုဆိုလိုတာလဲ ရှင် ကျုံချင်းယွီနဲ့က ချစ်သူအဖြစ် ဟန်ဆောင်နေခဲ့တာသက်သက်လို့ ကျွန်မကို ခုနကဘဲ ပြောခဲ့တာ မဟုတ်ဘူးလား"

ပေယွဲ့ပိုင်က မျက်နှာလွှဲလိုက်သည်။

"ယီယီ ပြဿနာ မရှာပါနဲ့တော့ ငါတို့ CP ဖန်တီးခဲ့တာက စျေးကွက်ရှာဖွေရေးအတွက်ပဲ၊ ငါ ချင်းယွီကိုဘဲ တကယ် ချစ်တာ"

ရဲ့လော့ယီသည် တစ်ကိုယ်လုံး အေးစက်သွားသည်။

ပေယွဲ့ပိုင်၏ စကားများသည် ရဲ့လော့ယီ၏ နှလုံးသားကို ဆူးများဖြင့် ထိုးစိုက်လိုက်သကဲ့သို့ပင်။ သူမသည် အသက်ရှူရပင် ကျပ်တည်းလာပြီး နာကျင်မှုများဖြင့် တစ်စစီ မြှုပ်နှံပစ်ခံလိုက်ရသည်။ အခင်းဖြစ်ပွားရာ နေရာ၌ လူတိုင်းသည် သူတို့အား ကြည့်နေကြသည်။ ပြက်လုံးနှင့် လူပြက်တစ်ယောက်ကို ကြည့်နေကြသည့်အလားပင်။ ရဲ့လော့ယီသည် မျက်ရည်တစ်စက်ကျကာ လှည့်ထွက်သွားခဲ့သည်။

ဆုလင်းလင်းနှင့် လုပေယွီသည်လည်း အခြေအနေကြောင့် အံ့အားသင့်ကာ ရဲ့လော့ယီနောက်သို့ အမြန်လိုက်၍ နှစ်သိမ့်ပေးသည်။

စင်မြင့်အား ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီထံ ပြန်ပေးလိုက်သည်။ သူ၏ဘမျက်နှာပေါ်ရှိ နီရဲနေသည့် အမှတ်အသားကို မသိကျိုးကျွန်ပြုရင်း ပေယွဲ့ပိုင်သည် ကျုံချင်းယွီကို ထပ်ကြည့်လိုက်သည်။

"ချင်းယွီ ငါတို့ ပြန်တွဲရအောင် ကောင်းပြီလား"

ယခု၌ ကျုံချင်းယွီတစ်ယောက် အင်မတန်ပျော်နေလေသည်။

သူမသည် ရဲ့လော့ယီ၏ မျက်နှာကို ရိုက်ခဲ့ရုံသာမက ပေယွဲ့ပိုင်သည်လည်း သူမကို မစွန့်ခွာခဲ့ပေ။ ယင်းသည် သူမ စဉ်းစားနိုင်ခဲ့သည့် အကောင်းဆုံး အဆုံးသတ်ပင်။

ယန်ရှီ ပြောသည်မှာ မှန်သည်။ ယောကျ်ားများကို ခဏတော့ လွှတ်ထားလိုက်သင့်သည်။

လေထုက အသင့်တော်ဆုံးဖြစ်နေသည်။ ပတ်ဝန်းကျင်ရှိ အခြားသူများ၏ အားပေးသံများနှင့်အတူ ကျုံချင်းယွီသည် ပေယွဲ့ပိုင်ကို သဘောတူတော့မည့်အလား ဖြစ်သွားခဲ့သည်။

ယန်ရှီသည် ရှေ့သို့ အမြန်တိုးသွားပြီး တီးတိုးပြောလိုက်သည်။

“ချင်းချင်း ငါတို့ နိုင်ငံပြန်ရောက်မှ ပြန်တွဲဖို့ သဘောတူခဲ့တာ မဟုတ်ဘူးလား”

ကျုံချင်းယွီက တုံ့ဆိုင်းသွားသည်။

"အခု ပတ်ဝန်းကျင်က အရမ်းကောင်းနေတယ်"

ယန်ရှီသည် "ဒါပေမဲ့ ရေရှည်ကို စဉ်းစားရမယ်လေ ဒုတိယသခင်လေးပေနဲ့ ရေရှည်လက်တွဲချင်တာ မဟုတ်ဘူးလား" ဟု ပြောသည်။

ကျိုးချင်းယွီသည် ခေတ္တရပ်တန့်သွားသည်။ သူမ အတည်ပြန်တွဲချင်သော်လည်း ရေရှည်ဆက်ဆံရေးက ပို၍ အရေးကြီးသည်။ ကျုံချင်းယွီသည် သွားကြိတ်ကာ ပေယွဲ့ပိုင်အား ကြည့်လိုက်သည်။

"ယွီပိုင်ကော၊ ကောရဲ့ ရိုးသားမှုကို ကျွန်မ မြင်ပါတယ် ဒါပေမဲ့ ကျွန်မ ဒေါသတွေ အကုန် မပြေသေးဘူး ကျွန်မ... အခုတော့ သဘောမတူနိုင်သေးဘူး”

ပေယွဲ့ပိုင်တစ်ယောက် အံ့အားသင့်သွားခဲ့သည်။ သူ ဤမျှဆောင် လုပ်ခဲ့ပြီးလေပြီ၊ ရဲ့လော့ယီအား သူမရှေ့၌ ဆူပူကြိမ်းမောင်းခဲ့ပြီးလေသည်။ သို့သော် ကျုံချင်းယွီ စိတ်မကျေနပ်နိုင်သေးသည်တဲ့လား။

သို့သော် ကျုံချင်းယွီက တိကျစွာ မပြောခဲ့ပေ။ ပေယွဲ့ပိုင်သည် လေဆိပ်၌ရှိနေစဉ်ကထက် ကျုံချင်းယွီ၏ လေသံသည် ပို၍ ပျော့ပျောင်းလာသည်ကို ခံစားမိသည်။

ဤသည် မျှော်လင့်ချက် ရှိနေသေးသည်ဆိုသည့် အဓိပ္ပာယ်ပင်။

ပေယွဲ့ပိုင်သည် ယခု ကျုံချင်းယွီအား ဒေါသထွက်အောင် လုပ်၍မဖြစ်ပေ။ သူမနှင့် အတူတကွ လိုက်လျောညီထွေဖြစ်အောင် နေရမည်။ ကျုံချင်းယွီသည် ယခု ပြန်တွဲရန် သဘောမတူသေးသော်လည်း ပေယွဲ့ပိုင်သည် နူးညံ့သည့် အပြုံးအား ဆွဲထုတ်နိုင်ခဲ့သေးသည်။

“ရပါတယ် မင်းသာဆိုရင် လိုချင်သလောက် အချိန်ကြာကြာ စောင့်ဖို့ ကိုယ့်မှာ ဆန္ဒရှိပါတယ်"

ဘာဘီကျုပါတီပြီးနောက် H နိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီး ဧည့်သည်များသည် မိမိနိုင်ငံသို့မိမိ ကိုယ်စီပြန်သွားကြသည်။ ရဲ့လော့ယီသည် ခြေတစ်လှမ်းစောကာ ထွက်သွားခဲ့သည်။ သူမသည် ဟန်မြို့၌ ဆက်၍မနေနိုင်တော့ဘဲ လုပေယွီ၏ လေယာဉ်ဖြင့် စောစီးစွာ ပြန်သွားခဲ့သည်။

ထို့နောက် ကျန်ဧည့်သည်များသည်လည်း ဟန်မြို့ လေဆိပ်သို့ ရောက်လာကြသည်။

ပေမိသားစု၌ ကိုယ်ပိုင်လေယာဉ် ရှိသေည်လည်း ယင်းသည် ပေဟန်လီ၏ ပိုင်ဆိုင်မှုပင်။ ပေယွဲ့ပိုင်တွင် ထိုလေယာဉ်အား သုံးပိုင်ခွင့်မရှိချေ။ သူ ဤနေရာသို့ ပြည်တွင်းလေကြောင်းဖြင့် လာခဲ့ခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အပြန်လမ်းတွင် ကျုံချင်းယွီသည် သူမနှင့်အတူ ပြန်၍ရသည်ဟု ပြောခဲ့သည်။

သူတို့နှစ်ဦး ပြန်မတွဲကြသေးသော်လည်း အပြန်လမ်း၌ ကျုံချင်းယွီသည် ပေယွဲ့ပိုင်၏ လက်မောင်းအား မထိန်းနိုင်ဘဲ ဖက်ထားလိုက်သည်။

ပေယွဲ့ပိုင်သည်လည်း ကျုံချင်းယွီ၏ သူ့အပေါ် ဂရုစိုက်မှုကို ခံစားမိပြီး သူ၏ မျက်လုံးထောင့်စွန်းများရှိ အပြုံးသည် ပို၍ နက်ရှိုင်းလာခဲ့သည်။

လေယာဉ်စီးနေစဉ် ဆွန်းချီသည် ပေယွဲ့ပိုင်အား ဆက်သွယ်ကာ အလုပ်ကိစ္စများ ဆွေးနွေးနေခဲ့သည်။ ပေ့ယွဲ့ပိုင်သည် ကျုံချင်းယွီအား တမင်တကာ ရှင်းပြသည်။

"ကုမ္ပဏီမှာ လုပ်စရာတွေ အရမ်းများနေတယ်... ကိုယ် မင်းဆီလာဖို့ အလုပ်များနေတဲ့ကြားက အချိန်ရအောင် ဖဲ့ယူလာခဲ့တာ"

ကျုံချင်းယွီသည် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ကျွန်မက ရှင့်ရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ပစ်လိုက်လို့လား"

ပေယွဲ့ပိုင်က မတတ်သာစွာ ခေါင်းညိမ့်လိုက်သည်။

ကျုံချင်းယွီက တီးတိုးပြောလိုက်သည်။

"ချောင်ရန်က ဒီလောက် မြန်မြန်ဆန်ဆန် လုပ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး၊ ကျွန်မတို့ နိုင်ငံပြန်ရောက်ရင် ကျုံကော်ပိုရေးရှင်းရဲ့ အရင်းအမြစ်တွေအားလုံးကို ရှင့်ကို ပေးဖို့ ချောင်ရန်ကို ပြောလိုက်မယ် ရပြီလား"

ပေယွဲ့ပိုင်သည် အလွန်အပင် ဝမ်းသာအားရ ဖြစ်သွားသည်။

"ရတာပေါ့"

"ဪ မွေးနေ့ပွဲအကြောင်းလည်း ပြောရဦးမယ်"

ပေယွဲ့ပိုင်က ထပ်ပြောသည်။

"တကယ်တော့ အရင်မွေးနေ့ပွဲတုန်းက အဘိုးက ကိုယ်တို့ စေ့စပ်ကြောင်းလမ်းတာကို ကြေညာပြီး မင်္ဂလာရက် သတ်မှတ်ချင်ခဲ့တာ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းရောက်မလာခဲ့ဘူး"

ကျုံချင်းယွီသည် အင်မတန် စိတ်လှုပ်ရှားနေခဲ့သည်။

"ကျွန်မ... ကျွန်မ မသိခဲ့ဘူး၊ ကျွန်မ ပြန်ရောက်ရင် အဘိုးကို သွားတွေ့မယ် ပြီးတာနဲ့ မင်္ဂလာရက်ကို ထပ်ဆွေးနွေးကြမယ် ဟုတ်ပြီလား"

ပေယွဲ့ပိုင်သည် ကျုံချင်းယွီ၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။

"ရပါတယ် မင်းသာ ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိနေရင် အဲဒါနဲ့တင် လုံလောက်ပါပြီ"

ဟန်မြို့မှ ဟိုင်မြို့သို့ လေယာဉ်ဖြင့် နှစ်နာရီကြာ ပျံသန်းရသည်။

ပေယွဲ့ပိုင်သည် သူ အလုပ်လုပ်ရမည်ဆိုကာ ကျုံချင်းယွီ၏ အနားမှ ခေတ္တခွာပြီး စာကြည့်ခန်းထဲသို့ တစ်ယောက်တည်း သွားလိုက်သည်။ ကျုံချင်းယွီသည် သူ့ကို အရင်းအမြစ်များ ပြန်ပေးရန် သဘောတူခဲ့ပြီးပြီဖြစ်သဖြင့် ထျန်းဟွေ့၏ အလုပ်များကို ပြန်လည်စီစဉ်ရမည်။ ရဲ့လော့ယီနှင့် သက်ဆိုင်သည့် အရင်းအမြစ်များကိုလည်း သေချာပေါက် ပြန်ပေးရမည်။ လေထဲ၌ မည်မျှကြာကြာ ပျံသန်းပြီးသွားသည်ကိုပင် မသိ၊ ပေယွဲ့ပိုင်သည် ရေသောက်ချင်၍ စာကြည့်ခန်းထဲမှ ထွက်လာသည့်အခါ ဧည့်ခန်းထဲ၌ ယန်ရှီအား တွေ့လိုက်ရသည်။

ပေယွဲ့ပိုင်၏ အကြည့်သည် ရုတ်တရက် အေးစက်သွားသည်။ သူသည် ဝီစကီတစ်ခွက် ငှဲ့လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ယန်ရှီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

"ချင်းယွီက မင်းကို ရှင်းယောင်ရဲ့ ဒုဥက္ကဌ လုပ်စေချင်တယ်လို့ ငါကြားတယ်"

ယန်ရှီသည် ပေယွဲ့ပိုင်ကို မော့ကြည့်လိုက်သည်။

"သခင်လေးပေက သတင်းတွေ အရမ်းမြန်တာပဲ"

"စိတ်မကောင်းစရာဘဲ ချင်းယွီက ကျုံကော်ပိုရေးရှင်းရဲ့ အရင်းအမြစ်တွေအားလုံးကို ငါ့ကို ပေးဖို့ သဘောတူခဲ့ပြီးပြီဆိုတော့ ရှင်းယောင်က ရှုပ်ထွေးသွားဖို့ပဲ ရှိတော့တယ်"

ပေယွဲ့ပိုင်သည် ခြေထောက်ချိတ်ထိုင်လိုက်ပြီး မေး‌စေ့ကို မော့ကာ ယန်ရှီကို ကြည့်လိုက်သည်။

“မင်း ကျုံချင်းယွီနဲ့ ဒီလောက်ကြာကြာ တွဲလာတာ ဘာအကျိုးရှိလဲ၊ ငါ ပေါ်လာတာနဲ့ သူ ငါ့ကို ပြန်တွယ်ကပ်နေပြီ"

"ငါက သူ့အတွက် မင်းထက် အများကြီး ပိုအရေးကြီးတယ်"

ယန်ရှီက ပြုံးလိုက်သည်။

"သခင်လေးပေက ကြွားလုံးထုတ်နေတာလား"

"ကြွားလုံးထုတ်တာ မဟုတ်ဘူး၊ အားလုံးက အမှန်တရားတွေပဲ"

ပေယွဲ့ပိုင်သည် ဝီစကီကို ဂုဏ်ယူစွာ သောက်လိုက်သည်။

"ယန်ရှီ မင်း ဘာလုပ်ချင်လဲဆိုတာ ငါ မသိဘူးလို့ မင်းထင်နေတာလား၊ မင်းက ကျုံချင်းယွီကို တွယ်ကပ်ချင်တာပဲမလား မင်းတတ်နိုင်တာ အဲဒါပဲ၊ မင်း ငါနဲ့ တိုက်ခိုက်ချင်သေးတာလား အိပ်မက်မက်နေလိုက်”

ပေယွဲ့ပိုင်သည် နိုင်ငံသို့ ပြန်ရောက်သည်နှင့် ကျုံချင်းယွီက အရင်းအမြစ်များအား သူ့ကို ပြန်ပေးမည်။ စေ့စပ်မှုကို ဆက်လုပ်မည်၊ ထို့နောက် သူဆုံးရှုံးခဲ့ရသည့် ပေကော်ပိုရေးရှင်း၏ ရှယ်ယာများကို ပြန်ရမည်ဟု ခိုင်မာစွာ ယုံကြည်ခဲ့သည်။ ယန်ရှီသည် ပေယွဲ့ပိုင်ကို ပြန်လည်၍ ချေပခြင်းမရှိခဲ့ချေ။

ကိုယ်ပိုင်လေယာဉ်သည် ကောင်းကင်ပေါ်၌ ချောမွေ့စွာ ပျံသန်းနေခဲ့ပြီး တိမ်တိုက်ကြီးများကို ဖြတ်သန်းသွားခဲ့သည်။ အဝေးရှိ ကြယ်များသည် တလက်လက်တောက်ပနေခဲ့ကာ တဖြည်းဖြည်းဆိုသလို မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

ကိုယ်ပိုင်လေယာဉ်သည် H နိုင်ငံနယ်စပ်ကို ဖြတ်ကျော်နေသည့် အခိုက်အတန့်၌ System ထွက်ပေါ်လာသည်။

[ဒင်၊ ကျုံချင်းယွီ၏ ရသစုံအစီအစဉ်သည် ထိန်းချုပ်အဖွဲ့ဖြစ်သည့် ကံကြမ္မာကို ပြောင်းလဲလိုက်ပါပြီ၊ ကျုံချင်းယွီ၏ ကံကောင်းခြင်းအမှတ် ၅ မှတ် တိုးလာပါသည်။ လက်ရှိ ကံကောင်းခြင်းအမှတ် ၆၀.၂ မှတ် ရှိသည်]

[ကံကောင်းခြင်းအမှတ် ၆၀ မှတ် ကျော်လွန်သည့်အခါ အဆင့်လိုက်အောင်မြင်မှု ရရှိပါမည်၊ ကျုံချင်းယွီသည် ဇာတ်လမ်း၏ ထိန်းချုပ်မှုမှ လုံးဝ လွတ်မြောက်သွားပါပြီ]

All Chapters