← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

ကျုံယန်စီသည် မုန့်ယင်းရုန်ထံမှ လုဝမ်နင်း၏ အမည်ကို တစ်ကြိမ်မက ကြားဖူးခဲ့သည်။ သို့သော်လည်း လုဝမ်နင်းနှင့် ဘလိုင်းဒိတ်တွေ့ရန် မုန့်ယင်းရုန်၏ အကြံပြုချက်ကို ပြတ်ပြတ်သားသားငြင်းဆန်ခဲ့ဖူးသည်။ လုဝမ်နင်း အဘယ်ကြောင့် လာရောက်သည်ကို သူ အံ့အားသင့်မိ၏။ မုန့်ယင်းရုန်က သူဆေးရုံတက်နေသည်ကိုပင် မသိလောက်ဟု ထင်မိသည်။

ကျုံယန်စီသည် ဧည့်ခံသည့်သဘောဖြင့် လုဝမ်နင်းကို ထိုင်ခိုင်းလိုက်သည်။

လုဝမ်နင်းက ကျုံယန်စီဘက်သို့ လုံးဝမကြည့်ဘဲ ယန်ရှီအပေါ်သာ စူး စူးစိုက်စိုက်ကြည့်နေသည်။

"သူက ရှင့်ရည်းစားလား"

ကျုံယန်စီနှင့် ယန်ရှီတို့နှစ်ဦးသား ခေါင်းငုံ့ကာ ချောင်ဆိုးမိလိုက်ကြသည်။

ဘလိုင်းဒိတ်တွေ့ဖူးသူတစ်ဦးထံမှ ထိုသို့မေးမြန်းခြင်းခံရသည်မှာ ကျုံယန်စီအတွက် ထူးဆန်းဖွယ်ရာဖြစ်နေသည်။ တိုက်ဆိုင်စွာပင် ယန်ရှီကလည်း ကျုံယန်စီနှင့် လုဝမ်နင်းကြားက ဆက်ဆံရေးကို သိနေရာ မဆီမဆိုင် သူခိုးလူမိသလို ခံစားမိနေသည်။

"မိတ်ဆွေတွေပါ"

ကျုံယန်စီက ဖြေလိုက်သည်။

"အို"

လုဝမ်နင်းက စိတ်မဝင်စားသည့်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။ သူမသည် ကျုံယန်စီဘက်သို့ တစ်စက္ကန့်ပင် လှမ်းမကြည့်ဘဲ ယန်ရှီကိုသာ စိုက်ကြည့်နေဆဲဖြစ်သည်။

"မစ္စယန် မင်းကို ကျွန်မသိပါတယ်၊ ကျွန်မမောင်လေးရသစုံရှိုးမှာ ပါဝင်ခဲ့တုန်းက ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယန်ရှီက ရိုးရိုးသားသားပြန်ဖြေသည်။

"ဂရုစိုက်တာမဟုတ်ပါဘူး သူနဲ့ကျွန်မနဲ့က မိတ်ဆွေတွေပဲလေ၊ ပြီးတော့ ကျွန်မတို့က အတူတူအပျော်ထွက်လာခဲ့ကြတာပါ"

လုဝမ်နင်း ပြုံးလိုက်သည်။

"မင်းတို့နှစ်ယောက်က အရမ်းအဆင်ပြေတယ်နော်၊ ကျွန်မနဲ့ပေယွီတို့ တောင် မင်းတို့နှစ်ယောက်လောက် အဆင်မပြေဘူး"

ယန်ရှီ “.....”

သူမအနေဖြင့် လုဝမ်နင်း၏စကားထဲတွင် နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်တစ်ခုခု ရှိနေသကဲ့သို့ခံစားလိုက်ရသည်။

System - [ Host မင်းမှန်တယ်]

[ငါလည်း စကားအစဖော်နေတယ်လို့ထင်တယ် မရမကကို စကားအစ‌ဖော်နေတာ]

ကျုံယန်စီသည် အချိန်အတော်ကြာ စကားဝိုင်းထဲမပါဘဲ ငြိမ်နေခဲ့ရသည်။ ယန်ရှီ၏ ရှောင်ဖယ်နေသည့်အမူအရာကိုတွေ့ရှိသောအခါ သူမအား အကူအညီပေးရန် ခေါင်းစဉ်ပြောင်းလိုက်သည်။

"မစ္စလု ကျွန်တော် ဆေးရုံတက်နေတာကို ဘယ်လိုသိခဲ့တာလဲ၊ ဒီအကြောင်း သိတဲ့သူမရှိသလောက်ပဲ"

ထိုအခါမှသာ လုဝမ်နင်းက ကျုံယန်စီဘက်သို့ လှည့်ကြည့်လိုက်သည်။

"လုမိသားစုက ကျန်းမာရေးလုပ်ငန်းနဲ့ အခြေချထားတာ၊ ဒီဆေးရုံမှာလည်း အစုရှယ်ယာတွေရှိတယ်၊ စစ်ဆေးဖို့လာတုန်း မတော်တဆသိလိုက်တာ၊ မစ္စတာကျုံ ဘာမှစိတ်မပူပါနဲ့၊ ကျွန်မဘယ်သူ့ကိုမှ မပြောပါဘူး"

ကျုံယန်စီက ယဉ်ကျေးစွာ ဖြေကြားလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"ပြီးတော့"

လုဝမ်နင်းက ယန်ရှီကို ပြန်ကြည့်လိုက်သည်။

"မစ္စယန် လုမိသားစုရဲ့ ကျန်းမာရေးလုပ်ငန်းတွေ ဘယ်လိုအ‌ကြောင်းကြောင့် အောင်မြင်မှုတွေရခဲ့တာလဲဆိုတာ သိလား"

ယန်ရှီ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။

"မသိပါဘူး"

လုဝမ်နင်း ဆက်ပြောသည်။

"ဒါက ကျွန်မတို့မိသားစုနဲ့ ဆက်စပ်နေတယ်၊ အရင်တုန်းက ကျွန်မတို့မိသားစုဝင်ကလေးတစ်ယောက်ပျောက်သွားခဲ့တာ"

"လုမိသားစုက ဟိုင်မြို့ရဲ့ မိဘမဲ့ဂေဟာတိုင်းကို လိုက်ရှာပြီး ကလေးတိုင်းရဲ့ DNA ကို စုဆောင်းခဲ့တယ်၊ ဒါပေမဲ့အနှစ်နှစ်ဆယ်လုံးလုံး ရှာမတွေ့ခဲ့ဘူး"

"သူ့ကြောင့်ပဲ လုမိသားစုက ဗီဇစစ်ဆေးမှုလုပ်ငန်းကို အနှစ်နှစ်ဆယ်ကြာ လုပ်ကိုင်ခဲ့ပြီး ဆေးပညာလောကမှနာမည်ရလာခဲ့တာပါ"

လုဝမ်နင်း၏ မျက်လုံးများမှာ နီရဲနေသည်။

လုကုမ္ပဏီ၏ CEO ဖြစ်လာပြီးကတည်းက သူမသည် အမြဲတမ်း အေးတိအေးစက်ပုံစံမျိုးဖြင့်သာသာ နေထိုင်ခဲ့သည်။ သူမ၏ အားနည်းချက်များကို အနည်းငယ်မျှပင် လှစ်ဟဖော်ပြခြင်းမရှိဘဲ အခြားသူများရှေ့တွင် မာန်မာနများစွာရှိသည့်အသွင်ဖြင့်သာ နေထိုင်ခဲ့သည်။

သို့သော် ယနေ့တွင် ယန်ရှီကိုကြည့်ရင်း ငိုချမိတော့မတတ် ဝမ်းနည်းသည့်ခံစားချက်များ ခံစားလာမိခဲ့သည်။

ယန်ရှီက လုဝမ်နင်းကို မကြည့်ရဲဘဲ ရှောင်ဖယ်နေသည်။ ဤကဲ့သို့ ရှောင်ဖယ်မှုက လုဝမ်နင်း၏ အထင်အမြင်ကို ပိုမိုပြင်းထန်စေခဲ့သည်။

သူမ ယန်ရှီထံ ချဉ်းကပ်လိုက်သည်။

"တစ်ခါတလေကျရင် ကျွန်မတွေးမိတယ်သိလား ဟိုင်မြို့က မိဘမဲ့ဂေဟာတိုင်းက ကလေးတွေရဲ့ DNA တွေကို စစ်ကြည့်တာတောင် ဘာလို့ ဘာမှမတွေ့ရတာလဲဆိုတာကိုပေါ့၊ ဖြစ်နိုင်တာတစ်ခုက အဲဒီကလေးက မွေးစားခံထားရပြီး သူ့ကိုယ်သူ မွေးစားခံထားရတဲ့သူဆိုတာ မသိဘဲ သူ့မိဘအရင်းတွေကို မရှာဖူးတာလား၊ မစ္စယန် ကျွန်မအတွေးက မဖြစ်နိုင်ဘူးလား"

တဒင်္ဂခန့်တုံ့ဆိုငိးနေပြီးနောက် ယန်ရှီက ဖြေလိုက်သည်။

"ဟုတ်ပါတယ်၊ အဲဒီလိုကျတော့လည်း ဖြစ်နိုင်ပါတယ်"

မိမိလိုချင်သောအဖြေကို ရရှိသွားသောအခါ လုဝမ်နင်းသည် ကျေနပ်သောအပြုံးနှင့်အတူ သူမ၏ ဂုဏ်ဆာသောအမူအရာများ အနည်းငယ်နူးညံ့ပျော့ပျောင်းသွားခဲ့သည်။

ယခုအချိန်မှပင် ကျုံယန်စီနားလည်သဘောပေါက်သွားသည်။

လုဝမ်နင်းသည် လူနာကိုလာကြည့်ခြင်းမဟုတ်။ ယန်ရှီနှင့် တွေ့ရန်အတွက်သာ လာခဲ့ခြင်းဖြစ်သည်။

လုမိသားစု၏ သမီးငယ်ပျောက်ဆုံးသွားခြင်းသည် ချမ်းသာသောလူတန်းစားထဲတွင် ဟိုးလေတကျော်ဖြစ်သွားခဲ့ဖူးသည်။ ကျုံယန်စီ ရေးတေးတေးမှတ်မိသည်မှာ လုမိသားစုသည် အနှစ်(၂၀)ကျော်ကြာကျန်းမာရေးလုပ်ငန်းက်ု လုပ်ကိုင်နေခဲ့ကြပြီး ယန်ရှီ၏ အသက်မှာလည်း (၂၀)ဖြစ်နေသည်။ ထို့အပြင် ယန်ရှီနှင့် လုဝမ်နင်းတို့သည် ရုပ်ချင်းအလွန်ဆင်နေသည်။

ယခင်က ယန်ရှီသည် အမြဲတမ်းလိုလို သာမန်ကာလျှံကာအဝတ် အစားများကိုသာဝတ်ဆင်လေ့ရှိပြီး မိန်းမငယ်က‌လေးတစ်ယောက်ကဲ့သို့သာ နေထိုင်တတ်သည့်အတွက် ထိုသို့မခံစားမိခဲ့ပေ။ သို့သော် ရှင်းယောင်၏ ဒုဥက္ကဋ္ဌဖြစ်လာခဲ့ပြီးနောက် ယန်ရှီသည်လည်း ပရော်ဖက်ရှင်နယ်ဆန်သောဝတ်စုံများကို စတင်ဝတ်ဆင်လာခဲ့ရသည်။ ယခုအခါတွင် လုဝမ်နင်းနှင့်အတူ ထိုင်လိုက်ကြသောအခါ သူတို့သည်ညီအစ်မများသဖွယ် ထင်စရာဖြစ်နေခဲ့သည်။

"သစ်သီးတွေဘာတွေ စားချင်လား"

လုဝမ်နင်းက ရုတ်တရက်မေးလိုက်သည်။ ကျုံယန်စီ ငြင်းဆိုမည့်အချိန်မတိုင်မီ သူမ၏ ကျွမ်းကျင်သောလက်ချောင်းများဖြင့် စားပွဲပေါ်ရှိ သရက်သီးနှင့် အသီးလှီးသည့်ဓားကို ကောက်ယူလိုက်သည်။

"သရက်သီးတွေ အရမ်းကောင်းတယ်ဆိုတာ ကြားဖူးတယ်၊ ချိုပြီး အရည်ရွှမ်းတယ် ကံမကောင်းချင်တော့ ကျွန်မတို့တစ်မိသားစုလုံးက သရက်သီးနဲ့မတည့်ဘူး"

သရက်သီးအခွံနွှာရင်း သူမက ကျုံယန်စီကိုမေးလိုက်သည်။

"မစ္စတာကျုံ ရှင်နဲ့ရောတည့်လား"

ကျုံယန်စီ “.....”

"တည့်ပါတယ်"

လုဝမ်နင်းက ယန်ရှီဘက်သို့ လှည့်မေးလိုက်သည်။

"မစ္စယန်ရော စားလို့ရလား"

ယန်ရှီ “.....”

"ရပါတယ်"

လုဝမ်နင်း ခေတ္တခဏကြောင်သွားသည်။ ဤသာမန်စကားလုံးနှစ်လုံးက သူမ၏ မျက်နှာပေါ်က နူးညံ့မှုကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေသည်။

လုဝမ်နင်းသည် ဓားကိုင်နည်းအလွန်ကျွမ်းကျင်သည်။ သစ်သီးလှီးဓားကို သူမ၏လက်ထဲတွင် လှည့်လိုက်နေပြီး သရက်သီးအခွံကို ကျွမ်းကျင်စွာဖြင့် သပ်သပ်ရပ်ရပ်နွှာလိုက်သည်။ သူမက လှီးထားသော သရက်သီးကို ယန်ရှီထံ ပေးလိုက်သည်။

"မစ္စယန်က ကျွန်မလိုပဲ သရက်သီးနဲ့မတည့်ဘူးထင်ခဲ့တာ"

ယန်ရှီက အေးဆေးစွာဖြင့် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။

"ဘာလိုမတည့်ရမှာလဲ၊ မစ္စလု လူမှားနေတာပဲ ဖြစ်ပါလိမ့်မယ်"

ယန်ရှီက သရက်သီးကို ကိုင်တော့မည့်အချိန်တွင် လုဝမ်နင်းက ရုတ်တရက်လက်လွှတ်လိုက်သည်။ ချောမွေ့သော သရက်သီးက သူတို့၏လက်များမှ လျှောကျပြီး "ပက်"ဆိုသံနှင့် ကြမ်းပြင်ပေါ်သို့ ကျသွားသည်။

"ညစ်ပတ်သွားပြီ မစားနဲ့တော့"

လုဝမ်နင်းသည် စိတ်မပါသကဲ့သို့ ဖြစ်နေသည်။ သူမက လက်သုတ်ဝတ်နှစ်ခုဖြင့် လက်များကိုသုတ်ပြီးနောက် ထလိုက်သည်။

"ကျွန်မပြန်ရဦးမယ်၊ မစ္စတာကျုံ အမြန်သက်သာပါစေလို့ ဆုတောင်းပေးပါတယ်နော်"

ဤစကားကို ပြောပြီးနောက် လုဝမ်နင်းသည် လူနာ‌ဆောင်မှ ထွက်ခွာသွားတော့သည်။

ရောက်စမှ ယခုပြန်ခါနီးအချိန်အထိ သူမသည် ကျုံယန်စီကို တစ်ခါနှစ်ခါခန့်သာ ကြည့်ဖြစ်ခဲ့သည်။ နှုတ်ဆက်စကားပြောသည့်အချိန်တွင်ပင် သူမသည် ယန်ရှီကိုသာ ကြည့်နေခဲ့သည်။

လူနာအခန်းအပြင်သို့ ရောက်သွားသောအခါ လုပေယွီက ချက်ချင်းပင် ချဉ်းကပ်လာခဲ့သည်။

"အစ်မ ယန်ရှီကိုတွေ့ခဲ့လား၊ အစ်မလည်း သူက အစ်မနဲ့ တော်တော်လေးတူတယ်လို့ ထင်တယ်မလား"

"မသိဘူး"

လုဝမ်နင်းက ခပ်တိုးတိုးပြောသည်။

"ဒါပေမယ့် ငါ့အထင် သူက ငါတို့ကို တစ်ခုခုစိတ်တိုင်းမကျသလိုပဲ"

လုပေယွီက သူ၏ ခေါင်းကိုကုတ်လိုက်သည်။

"ဟုတ်တယ် ယန်ရှီက သူ့မိသားစုကို မရှာချင်ဘူးလို့ ပြောဖူးတယ်၊ အစ်မအခုလာတဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားလို့ဖြစ်မယ်"

"အခုအချိန်မှာ ပါးပါးနဲ့ မားမားကို ဒီအကြောင်းမပြောသေးနဲ့ဦး"

လုဝမ်နင်းက ပြောလိုက်သည်။

"DNA စစ်ဆေးမှုရလဒ်ကို စောင့်ကြည့်ရအောင်၊ ဘယ်လိုပဲဖြစ်ဖြစ် သွေးနမူနာကို စစ်ဆေးဖို့ပို့လိုက်ပြီးပြီ အများဆုံး သုံးနာရီအတွင်းမှာ ရလဒ်ထွက်လာလိမ့်မယ်"

လုပေယွီက ခေါင်းညိတ်လိုက်သည်။

အမှန်တကယ်တော့ သူတို့ဆေးရုံလာရခြင်းမှာ ယန်ရှီ၏ DNA နမူနာရရှိဖို့ဖြစ်သည်။ လုဝမ်နင်းသည် လူနာလာကြည့်ခြင်း လုံးဝမဟုတ်ပေ။

သို့သော် ယန်ရှီသည် သူမ၏ညီမဖြစ်နိုင်ကြောင်း သိရပြီးနောက် လုဝမ်နင်းသည် မနေနိုင်တော့ဘဲ လူနာလာကြည့်ခဲ့ခြင်းဖြစ်ပေသည်။

ရုတ်တရက် လုပေယွီက တစ်ခုခုကိုတွေးမိသည်။

"အစ်မ အထဲက လူနာက ကျုံယန်စီပါနော်၊ အရင်တုန်းက အစ်မတို့ ယူမလို့တောင်လုပ်ခဲ့ကြသေးတာလေ၊ အဲဒါ အစ်မ သူ့ကို နည်းနည်းပါးပါးကြည့်ခဲ့သေးလား"

လုဝမ်နင်း ခဏလောက်တွေးပြီးမှ ဖြေလိုက်သည်။

"သတိတောင်မထားမိဘူး၊ သူကြည့်ရတာတော့ ပုံမှန်ပါပဲ"

လုပေယွီ: ???

ပုံမှန်တဲ့လား။

သူမျက်စိမမှားပေ။ ကျုံယန်စီကို ပုံမှန်လူတစ်ယောက်ဟု မည်သို့ သောစိတ်ဖြင့် ဆိုနိုင်လေရသနည်း။

လူနာအခန်းထဲတွင် သူနာပြုဆရာမက ကြမ်းပြင်ပေါ်မှ သရက်သီးများကို ရှင်းလင်းပေးလိုက်သည်။ ကျုံယန်စီက ပန်းသီးတစ်လုံးနှင့် သစ်သီးလှီးသည့်ဓားကို ကောက်ယူပြီး တိတ်တဆိတ် အခွံနွှာ‌နေတော့သည်။

ဤသစ်သီးများကို ကျုံပါးပါးက ဝယ်ပေးထားခြင်းဖြစ်ပြီး သရက်သီးမဟုတ်သောကြောင့် ယန်ရှီလည်း စားနိုင်သည်။

ကျုံယန်စီ ပန်းသီးခွံနွှာနေစဉ် ယန်ရှီက System ကို ခေါ်လိုက်သည်။

"System ရေ ဇာတ်လမ်းက ငါ့ကိုသတိထားမိတယ်လို့ သံသယဝင်နေပြီ"

စနစ်က အံ့အားသင့်သော အမူအရာဖြင့် ပြန်မေးလိုက်သည်။

[ဟမ် ဘာလို့လဲ]

[လုဝမ်နင်းက မင်းကိုလာကြည့်လို့လား၊ ဒါပေမဲ့ သူက သူ့မိသားစုကိုပဲ ရှာချင်တာလေ]

ယန်ရှီ ခေါင်းခါလိုက်သည်။

"ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါတွေအားလုံးက အရမ်းကိုတိုက်ဆိုင်နေသလားလို့"

"ငါ မွေးစားသမီးဆိုတဲ့အကြောင်း သိတာက အခုမှမဟုတ်ဘူး လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကသိထားတာ၊ ငါးနှစ်လုံးလုံး မိသားစုကိုရှာနေခဲ့တာ တစ်ခါမှမတွေ့ခဲ့ဘူး၊ အခုကျတော့ ဇာတ်လမ်းထဲဝင်လိုက်တာနဲ့ပဲအခုလိုတိုက်ဆိုင်ပြီး မိသားစုကို ပြန်တွေ့တယ်ဆိုတော့ တိုက်ဆိုင်လွန်းနေတယ်မလား"

[အဲဒါဆိုရင် မင်းက ဒါကို ဇာတ်လမ်းက တမင်စီစဉ်ထားတာလို့ သံသယရှိနေတာလား]

[ဒါ ဒါက မင်းကို ဇာတ်လမ်းထဲက ထုတ်ပစ်ချင်နေတာပဲ]

[ဇာတ်လမ်းက ဇာတ်ပို့တစ်ယောက်ကို ပစ်မှတ်မထားနိုင်ဘူး၊ ဒါပေမဲ့ ဝတ္ထုထဲက အရေးပါတဲ့ဇာတ်ကောင်တွေကိုတော့ ပစ်မှတ်ထားနိုင်တယ်၊ မင်းက လုမိသားစုရဲ့သမီးဖြစ်လာရင် ဇာတ်ပို့မဟုတ်တော့ဘူး၊ အရေးပါတဲ့ဇာတ်ကောင်တစ်ယောက်ဖြစ်လာတော့မှာ ပြီးရင်တော့ ကော ကိုလုပ်ခဲ့သလိုပဲ မင်းကို ဇာတ်လမ်းထဲကနေ ထုတ်ပစ်နိုင်ပြီ]

ယန်ရှီ ခေါင်းညိတ်လိုက်သည်။ သူမလည်း ထိုသို့ထင်မိသည်။

ထိပ်တန်းအဆင့် ကျိကျိတတ်ချမ်းသာသော လုမိသားစု၏ ဒုတိယသမီးတစ်ဦး...။ အလွန်ကြီးမားသော ဆွဲဆောင်မှုပေတကား။ လုဝမ်နင်းသည် ချမ်းသာသောလူတန်းစားအသိုင်းအဝိုင်းတွင် အလွန်ကျော်ကြားသည့်အပြင် ယန်ရှီသည် သူတို့မိသားစုဝင်ဖြစ်လာပါက အနာဂတ်တွင် အလားတူဂုဏ်သတင်းကျော်စောနိုင်သည်။ ဤသို့သောအဆင့်အတန်းဖြင့် ယန်ရှီသည် ကျုံပါးပါးထံ ယွမ်တစ်ဆယ်မီလီယန်းအကြွေးဆပ်ရန် မလိုအပ်တော့ပေ။ သူမ၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံးနှင့် နောက်မျိုးဆက်များအတွက်ပါ ချောမွေ့သောဘဝကို ပိုင်ဆိုင်နိုင်မည်။ ဤကဲ့သို့သော မက်လုံးမျိုးကို လူအနည်းငယ်သာ ခံနိုင်ရည်ရှိကြသည်။

ယန်ရှီသည် ဤအကြောင်းကို ယခင်က တွေးခဲ့ဖူးခြင်းမရှိသော်လည်း System က သူမအား မထင်မရှားဇာတ်ကောင်ဆိုသည့် အသွင်အပြင်ဖြင့် အမြဲကာကွယ်ပေးခဲ့ရကြောင်း ပြောသောအခါ သဘောပေါက်သွားသည်။

ဝတ္ထုဇာတ်လမ်းတွင် ဇာတ်ပို့ဖြစ်လေလေ ဇာတ်လမ်း၏သက်ရောက်မှုနည်းလေလေ၊ ဇာတ်ကောင်အရေးမပါလေလေ ဇာတ်လမ်းအတွက် ပို၍ ထိန်ူချုပ်ရခက်လေလေ ဖြစ်သည်။

သို့သော် ယန်ရှီသည် လုမိသားစု၏သမီးဖြစ်လာပါက အရာအားလုံး ပြောင်းလဲသွားမည်သာဖြစ်သည်။ လုမိသားစုပေါ်ထွက်လာမှုသည် ယန်ရှီအတွက် မိသားစုနှင့်ပြန်ဆုံ‌တွေ့ရန် ကောင်းချီးခြင်းမဟုတ်၊ သေမင်းနှုတ်ခမ်းဝသို့ တွန်းပို့သည့် ထောင်ချောက်တစ်ခုသာဖြစ်သည်။

အမှန်တကယ်တမ်းတွင် ယန်ရှီက ကျုံချင်းယွီကို ကူညီရန်နေသည်ကို စွန့်လွှတ်လိုက်ပါက ဤအရာက ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ရုတ်တရက် ချမ်းသာခြင်းနှင့် သေခြင်းကြားမှ ကွာဟမှုမှာ ဆံခြည်တစ်မျှင်မျှသာ ကွာဝေးသည်။

ယန်ရှီ - "ငါမှတ်မိသလောက်တော့ ဝတ္ထုထဲမှာ လုပေယွီဟာ ဘယ်ရသစုံရှိုးမှာမှ မပါခဲ့ဖူးဘူးမဟုတ်လား"

[ဟုတ်ပါတယ် အခြားနာမည်ကြီးတွေပဲ ပါခဲ့တာပါ]

ယန်ရှီနားလည်သွားသည်။

"လုပေယွီ ရသစုံရှိုးထဲဝင်လာကတည်းက ဇာတ်လမ်းက ငါ့ကိုပစ်မှတ်ထားပြီးသားဖြစ်နေခဲ့တာ၊ ငါနဲ့လုမိသားစုက ပျောက်နေတဲ့သမီးရဲ့ ဆင်တူမှုတွေအကုန်လုံးက လုပေယွီကို ငါသူ့အစ်မဖြစ်တယ်လို့ ပိုပြီယုံကြည်သွားစေဖို့နဲ့ ငါတို့အမျိုးတော်မတော်ကို စစ်ချင်သွားအောင်လို့ အစဖော်ပေးနေတာပဲ"

[ဒီတော့ DNA စစ်ဆေးမှုအရ မင်းက လုမိသားစုသမီးဖြစ်ကြောင်း သိသွားရင် မင်းတို့တစ်ယောက်နဲ့ တစ်ယောက် မသိရင်တောင် ဇာတ်လမ်းက မင်းကို သတ်ပစ်နိုင်တယ်ပေါ့]

ယန်ရှီ၏ DNA ရရှိရန်မှာ မခက်ခဲပါ။ သူတို့ကြားဆက်နွယ်မှုကို ရှာဖွေတွေ့ရှိရန်မှာ အချိန်တစ်ခုသာလိုအပ်သည်။

ယန်ရှီ- "သူတို့တွေ ငါ့ DNA ကို ရထားပြီးသားဖြစ်နိုင်တယ်"

System အံ့အားသင့်သွားသည်။

[အဲဒါဆို ဘာလုပ်ကြမလဲ]

[လုမိသားစုရဲ့ ဗီဇစစ်ဆေးမှုနည်းပညာက အတော်လေးကိုတိုးတက်နေပြီ၊ အများဆုံး သုံးနာရီအတွင်းမှာ ရလဒ်ထွက်လာလိမ့်မယ်]

[ဝိုး Hostရေ၊ လာမဲ့သုံးနာရီအတွင်းမှာပဲ ဇာတ်လမ်းက မင်းကိုပစ်မှတ်ထားတော့မှာလား]

ယန်ရှီ- "အဲဒီလိုဖြစ်စရာလား"

"မကြောက်ပါနဲ့ ငါ့မှာ ပြန်ပြီးလက်တုံ့ပြန်ဖို့ အစီအစဉ်မရှိတော့ဘူးလို့ ထင်နေတာလား"

[ဘာအစီအစဥ်လဲ]

ယန်ရှီ - "သူတို့က ငါ့ DNA လိုချင်တာပဲမဟုတ်လား၊ ပေးလိုက်မယ်လေ"

[ဟမ် ပေးလိုက်မယ် ဟုတ်လား]

System မှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

[ဘယ်အချိန်မှာ ပေးမှာလဲ]

ယန်ရှီ- "မနေ့က ကျန်းမာရေးစစ်ဆေးမှုမှာ ထုတ်ခဲ့တဲ့သွေးက DNA စစ်ဆေးဖို့အတွက် အကောင်းဆုံးနမူနာပဲ မဟုတ်ရင် လုကုမ္ပဏီလက်အောက်က ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးဖို့ ငါရွေးခဲ့တာ အကြောင်းမဲ့လုပ်တယ်လို့ ထင်နေတာလား"

System - [မင်းက မင်းရဲ့ ကော ကို ကျန်းမာရေးစစ်ဆေးဖို့ လာခဲ့တာမဟုတ်ဘူးလား]

System က သူမ၏ ပြောင်သလင်းခါနေသော ခေါင်ကို ကုတ်လိုက်သည်။

ယန်ရှီ - "အဲဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ အစီအစဉ်ပဲ"

"DNA ပေးရင်းနဲ့ ကျန်းမာရေးလည်းစစ်ဆေးရင်းပေါ့"

"ဆေးရုံက ငါ့သွေးနမူနာကို လုဝမ်နင်းဆီပေးမှာကို မတားဆီးနိုင်ပေမဲ့ တစ်စုံတစ်ဦးကို လာဘ်ထိုးပြီး ငါ့သွေးနမူနာကို အစားထိုးရတာက ဘာမှမခက်ခဲပါဘူး"

System က သဘောပေါက်သွားပြီး သူ၏သေးငယ်သောမျက်လုံးများ ရုတ်တရက်လင်းလက်သွားသည်။

[Host မင်းကအရမ်းတော်တာပဲ]

[ဒီအတိုင်းသာဆိုရင် သူတို့စစ်ဆေးတဲ့ရလဒ်က သွေးရင်းသားရင်းမဟုတ်ကြောင်း အမှန်အတိုင်းပြမှာပဲ၊ ဒါဆိုရင် ဇာတ်လမ်းက မင်းကိုဒုက္ခပေးလို့မရတော့ဘူး]

ယန်ရှီ- "အတိအကျတော့ မမှန်သေးဘူး"

ယန်ရှီ ပြုံးလိုက်သည်။ သူမ၏ အပြုံးတွင် ဉာဏ်နီဉာဏ်နက်များပါဝင်နေသည်ကို အတိုင်းသားတွေ့နေရသည်။

"ဇာတ်လမ်းဝင်ပါလာရင် သူတို့စစ်ဆေးတဲ့ရလဒ်က သွေးရင်းသားရင်းဖြစ်ကြောင်း အမှန်အတိုင်းပြရမှာ"

System ပို၍စိတ်ရှုပ်ထွေးသွားသည်။ နောက်ဆုံးပေါ် AI နည်းပညာတစ်ခုလို အလုပ်လုပ်နေသော ယန်ရှီ၏ ဦးနှောက်ကို ရွှေချထားချင်နေမိသည်။

"ဒါဟာ ဇာတ်လမ်းက တမင်တကာဖိအားပေးတာပါ ဇာတ်လမ်းက ဇာတ်ပို့ကိုမထိန်းချုပ်နိုင်ဘူး ဇာတ်ပို့ရဲ့ရှုထောင့်ကနေလည်း မမြင်နိုင်ဘူး၊ လုမိသားစုရဲ့ရှုထောင့်ကနေပဲမြင်နိုင်တယ်"

"ဒီတော့ လုမိသားစုက ငါ့ DNA ရသွားပြီဆိုတာသိတာနဲ့ ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို ရလဒ်ကို ကိုက်ညီအောင်လုပ်မှာ သေချာတယ်"

"ငါက တကယ်ပဲ လုမိသားစုရဲ့သမီးအရင်းဖြစ်မဖြစ်က အရေးမကြီးဘူး၊ ဇာတ်လမ်းလိုချင်တဲ့ရလဒ်က အဲဒါဟာ ငါဖြစ်နေရင်ကိုရပြီ"

ယန်ရှီနှင့် System တို့ ဆွေးနွေးနေကြစဉ် ကျုံယန်စီက သူမကိုကြည့်နေသည်။ သူမသည် မိန်းမောတွေဝေနေဟန်ရှိသော်လည်း တကယ်တမ်းတွင် ဘာမှတွေးတောမနေသည့် လူတစ်ယောက်နှင့်တော့ တူမနေသေးပေ။ တွေးတောနေခြင်းကြောင့်သာ သူမ၏ မျက်လုံးများက သက်ဝင်လှုပ်ရှားနေခြင်းပင်ဖြစ်သည်။

ကျုံယန်စီက ပန်းသီးကို အစိတ်ကလေးများ‌ဖြစ်‌သွားအောင် လှီးလိုက်ပြီး သူမလက်ထဲထည့်ပေးသည်။

ယန်ရှီ ပန်းသီးစိတ်များကို ယူလိုက်ပြီး အနားတွင်မည်သူမျှ ရှိမနေသည့်ဟန်ဖြင့် စားနေတော့သည်။

သူမမျက်လုံးများက အရှေ့တွင် တစ်စုံတစ်ယောက်က သူမအားစကားပြောနေသည့်နှယ် ဖြစ်နေသည်

ကျုံယန်စီကတော့ ဘာမျှမမြင်ရပေ။

သို့သော်လည်း ယန်ရှီ၏ မျက်လုံးသူငယ်အိမ်ရှိ အာရူံးစိုက်နေမှုက သူမသည် လေထုကိုကြည့်နေခြင်းမဟုတ်ဘဲ တစ်စုံတစ်ဦးကိုကြည့်နေခြင်းဖြစ်ကြောင်း သက်သေပြနေသည်။

စိတ်ဝင်စားဖွယ်ကောင်းလွန်းတယ်။

System နှင့် ဆွေးနွေးပြီးနောက် ယန်ရှီတစ်ယောက် ပုံမှန်အတိုင်း သတိပြန်ကပ်လာခဲ့သည်။ သူမလက်ထဲသို့ ပန်းသီးစိတ်မည်မျှရောက်‌ပြီးခဲ့သည်ကိုပင် သတိမထားခဲ့မိချေ။ ကျုံယန်စီက ပန်းသီးများက ဖြေးညင်းစွာ ဆက်လှီးနေပြီး သူမကိုကျွေးနေဆဲပင်။ အချစ်ဆိုသည့်အရာမှာ ထူးဆန်းပေစွ။ သူမပင်လျှင် လူနာကဲ့သို့ ဆက်ဆံခံနေရသည်။

ယန်ရှီက ရှက်ကို့ရှက်ကန်းဖြင့် ကောက်ထလိုက်ပြီး တစ်ရှူးအစိုဖြင့် လက်သုတ်လိုက်သည်။

"ကျွန်မ အရင်သွားပါတော့မယ် ဒီနေ့ည ကျုံချင်းယွီနဲ့ ညစာစားဖို့ချိန်းထားတယ် မနက်ဖြန်ကျရင်ပြန်လာခဲ့ပါ့မယ်၊ ရှင့်မှာ အဝတ်အစားလဲစရာမရှိဘူးလား မနက်ဖြန်ကျရင် ယူလာခဲ့မယ်လေ"

ကျုံယန်စီ- "လက်ထောက်ဆွန်းက ခဏနေရင်လာတော့မှာ၊ သူလုပ်ပေးပါလိမ့်မယ်"

ယန်ရှီ- "အိုကေ"

ယခုအခါ ကျုံမိသားစုက ကျုံယန်စီဆေးရုံတက်နေကြောင်း သိသွားပြီဖြစ်ရာ သူမအနေဖြင့် ဂရုစိုက်ပေးရန် မလိုအပ်တော့ပေ။လက်ထောက်ဆွန်းကလည်း ကုမ္ပဏီအလုပ်ပြီးလျှင် လာမည်ဖြစ်သည်။ ကျုံပါးပါးကလည်း အန်တီကျန်းကို ကျုံယန်စီအား လူနာလာစောင့်‌ပေးရန် ညွှန်ကြားထားကြောင်း ကျုံချင်းယွီထံမှ ကြားထားပြီးဖြစ်သည်။ ယနေ့ညတွင် သူတစ်ယောက်တည်းဖြစ်နေမည် မဟုတ်တော့ပါ။

"ဒါနဲ့"

ယန်ရှီကတစ်ခုခုကို သတိရဟန်ဖြင့် သူမ၏ အင်္ကျီအိတ်ကပ်ထဲမှ လက်ကြယ်သီးလေးကိုထုတ်လိုက်သည်။

" ဒါလေး ရှင့်ကိုပေးဖို့မေ့သွားတယ်၊ ဟန်မြို့တော်ကနေ အမှတ်တရအနေနဲ့ဝယ်လာခဲ့တာပါ"

အပြာရင့်ရောင် ကတ္တီပါဗူးထဲမှ နှင်းပွင့်ပုံစံဒီဇိုင်းဖော်ထားသော လက်ကြယ်သီးလေးတစ်စုံဖြစ်သည်။

ကျုံယန်စီ ခဏတာ ကြောင်သွားမိသည်။

ယန်ရှီ ခေါင်းစောင်းပြီးမေးလိုက်သည်။

"မကြိုက်ဘူးလား"

သူမဝယ်လာသည့် လက်ကြယ်သီးများမှာ Hနိုင်ငံ၏ နာမည်မကြီးသော အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ယွမ်တစ်သောင်းတန်သည်။ ကျုံယန်စီ၏ စိန်ဖြင့် ပြုလုပ်ထားသော လက်ကြယ်သီးများနှင့်ယှဉ်လျှင် မမီသော်လည်း အတော်လှသည်ဟု ပြော၍ရသည်။

ယန်ရှီက ပိုကောင်းသည်များ ဝယ်ရန်တွေးမိသော်လည်း လက်ဆောင်ပစ္စည်းဖြစ်သည့်အတွက် ထိုလက်ကြယ်သီးလေးကိုသာရွေးချယ်ခဲ့ခြင်းဖြစ်သည်။

"ရှင်မကြိုက်ဘူးဆိုရင်"

ယန်ရှီစကားမပြီးခင်မှာပင် ကျုံယန်စီက လက်ကြယ်သီးများကို ယူလိုက်ပြီး မေးလိုက်သည်။

"ပေးပြီးသားလက်ဆောင်ကို ပြန်ယူလို့ရလို့လား"

"အဆင့်မရှိဘူးလို့ထင်ပြီး မဝတ်ဖြစ်မှာစိုးလို့ပါ"

ကျုံယန်စီ ခေါင်းငုံ့ကာ လက်ကြယ်သီးကလေးများကို ပွတ်သပ်ကြည့်လိုက်သည်။

"ဝတ်မှာပေါ့"

ယန်ရှီ ဆေးရုံမှထွက်ခွာသွားသည်။

ထိုအချိန်တွင် မျိုးရိုးဗီဇစစ်ဆေးရေးဌာနတစ်ခုတွင် DNA စစ်ဆေးမှုရလဒ် ထွက်ပေါ်လာပြီဖြစ်သည်။

သုံးနာရီဆိုသည်မှာ လက်ရှိ DNA စစ်ဆေးမှုအတွက် အမြန်ဆုံးအချိန်ဖြစ်သည်။ ရလဒ်ထွက်သည်နှင့် တာဝန်ရှိသူများက ဆန်းစစ်ချက်အဖြေကို လုဝမ်နင်းထံသို့ ချက်ချင်းပို့လိုက်ကြသည်။

လုဝမ်နင်းသည် သူမ၏လက်များ တုန်နေသည်ကို ခံစားမိသည်။

လုကုမ္ပဏီ၏ CEO ဖြစ်ပြီးနောက် ဘီလီယံချီတန်သောစာချုပ်များ လက်မှတ်ရေးထိုးရာတွင် သူမ၏လက်များသည် တည်ငြိမ်ခဲ့ပြီး ကြောက်ရွံ့စိုးရိမ်မှုကိုမခံစားခဲ့ရပေ။

သို့သော် ယခုအချိန်တွင် သူမ၏လက်များ တုန်ယင်နေခဲ့သည်။

မိဘမဲ့ကလေးများစွာကို စစ်ဆေးပြီးနောက် လုဝမ်နင်းသတိထားမိသည်မှာ ဤတစ်ကြိမ်သည် သူမ၏ညီမဖြစ်သူကိုရှာဖွေရန် အနီးစပ်ဆုံးအခွင့်အရေးဖြစ်နေခြင်းပင် ဖြစ်သည်။

သူမသည် စာဖိုင်ကိုဖွင့်ကာ စာမျက်နှာပေါ်ရှိ စာသားများကို ကျော်ဖတ်ပြီး တိုက်ရိုက် အဆုံးသတ်ရလဒ်ကို ကြည့်လိုက်သည်။

စစ်ဆေးသည့်လူများ - [လုဝမ်နင်း] နှင့် [ယန်ရှီ]

သွေးအမျိုးအစား- အိုသွေး

ဤ DNA စစ်ဆေးမှုရလဒ်အရ

Autosomal DNA နှင့် Mitochondrial DNA စစ်ဆေးမှုများ၏ စုပေါင်းဆန်းစစ်ချက်

[လုဝမ်နင်း] နှင့် [ယန်ရှီ] တို့သည် ညီအစ်မအရင်းများဖြစ်နိုင်ခြေ အလွန်မြင့်မားကြောင်း (၉၉.၉% တိကျမှုရှိကြောင်း) အတည်ပြုနိုင်ပါသည်။

လုဝမ်နင်း စာတမ်းကိုငေးကြည့်ရင်း ဟန်ချက်ပျက်လုနီးဖြစ်သွားသည်။ လုပေယွီက ချက်ချင်းထိန်းပေးလိုက်သည်။

"အစ်မ"

"အစ်မ ကျွန်တော်လည်း တွေ့ပါတယ်"

လုပေယွီ၏ အသံမှာလည်း တုန်ယင်နေသည်။သူမ မှားခဲ့ပေ။

ယန်ရှီသည် အမှန်တကယ်ပင် သူ၏ အစ်မလတ်ဖြစ်နေသည်။

မကြာမီတွင် လုပါးပါး နှင့် လုမားမားတို့ မျိုးရိုးဗီဇစစ်ဆေးရေးဌာနသို့ ရောက်ရှိလာသည်။

သူတို့နှစ်ဦးမှာ အသက် ၅၀ကျော်ရှိပြီး ဆံပင်များမှာ မွဲခြောက်ခြောက်ဖြစ်နေကြသည်။ ထိုအချိန်တွင် လုဝမ်နင်းနှင့်လုပေယွီတို့ အတော်ပင် စိတ်တည်ငြိမ်လာပြီဖြစ်ရာ စစ်ဆေးရလဒ်ကို မိဘများထံပေးလိုက်သည်။

ရလဒ်ကို မြင်သောအခါ လုပါးပါးနှင့် လုမားမားတို့မှာ မျက်ရည်ဝဲလာကြသည်။ ဆယ်လတာလုံး ကလေးကိုဗိုက်အနာခံကာ မွေးဖွားခဲ့သူအဖို့ ၎င်းကလေးထက် အခြားအရေးကြီးသူမရှိ။ သူမသည် မွေးဖွားစဉ်နာကျင်မှုကိုလည်း ခံစားခဲ့ရကဲ့သို့ ဆုံးရှုံးမှုဝေဒနာကိုလည်း ခံစားခဲ့ရသည်။ အနှစ်၂၀ စာကာလပတ်လုံး သူမကိုရှာဖွေနေခဲ့ပြီး အကြိမ်ကြိမ်

"သွေးရင်းသားရင်းမဟုတ်"ဟူသောရလဒ်များကိုသာ တွေ့ခဲ့ရသည်။

ယနေ့မှာတော့ သူမ စောင့်မျှော်နေခဲ့သည့် သမီးငယ်လေးကို တွေ့လိုက်ရသည်။

"မားမား အခုပဲ ညီမလေးဆီသွားကြရအောင်"

လုဝမ်နင်းက ထစ်စိုးထစ်စို့ဖြင့် ပြောလိုက်သည်။

"ဒီတစ်ခါတော့ သူ့ကို ထပ်ပြီး အဆုံးအရှုံးမခံတော့ဘူး"

လုပေယွီက သူမကို စိုးရိမ်စွာကြည့်ရင်း ဆိုသည်။

"ဒါပေမဲ့ ကျွန်တော် ကျဲကျဲယန်ရှီကိုမေးကြည့်တုန်းက သူက မိသားစုကို မရှာချင်ဘူးလို့ပြောခဲ့တယ်"

လုမာမားသည် ခေါင်းတစ်ခုလုံး မူးဝေတုန်ခါသွားသလို မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။

"သူက ငါတို့ကိုစိတ်ပျက်နေလို့လား၊ ငါတို့သူ့ကို မရှာနိုင်ခဲ့လို့များလား"

လုဝမ်နင်းက နှစ်သိမ့်ပေးသည်။

"ရှီရှီက နောက်တစ်ခါ ထပ်ပြီး ဆုံးရှုံးမှာကြောက်လို့ပြောတာပါ၊ အခု ဆေးစစ်ချက် အဖြေလည်းရပြီနော်၊ သူ့ကို ထပ်ပြီးစိတ်ပျက်အောင်မလုပ်တော့ပါဘူး"

လုပါးပါးကလည်း ဖြေသိမ့်လိုက်သည်။

"ဟုတ်တယ် သူပြန်မလာချင်ရင်တောင် ငါတို့သူ့ကိုရှာနေတဲ့အကြောင်း သူသိသွားတာနဲ့ပဲ ဝမ်းသာဖို့ ကောင်းနေပါပြီ"

ယန်ရှီသည် ကျုံချင်းယွီကို အလုပ်မှ ကားနှင့်သွားကြိုလိုက်ပြီး ညစာစားကြသည်။

ထို့နောက် ကျုံမိသားစု အိမ်ရာသို့ပြန်လာကြသည်။ ထိုအချိန်တွင် ကျုံပါးပါးသည် ဇိမ်ခံထိုင်ခုံကြီးပေါ်တွင် ထိုင်နေပြီး လက်ဖက်ရည်သောက်နေသည်။

လုမိသားစုဝင် 4ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက် ပြန်လမ်းလျှောက်နေကြကာ ယန်ရှီကိုစောင့်နေကြသည်။

"မစ္စတာလု စိတ်မလောပါနဲ့၊ ကျွန်တော်ချင်းယွီကိုမေးထားပါတယ်သူတို့တွေအိမ်တံခါးနားရောက်နေပါပြီ"

ကျုံပါးပါးနှင့်လုပါးပါးတို့သည် နှစ်ပေါင်းများစွာ သိကျွမ်းကြသူများဖြစ်ကြသည်။ နက်ရှိုင်းသောဆက်ဆံရေးဖြင့် ခင်မင်ခဲ့ကြခြင်းမဟုတ်သော်လည်း နှစ်ဦးစလုံးသည် ဟိုင်မြို့၏ ထိပ်တန်းစာရင်းဝင်ချမ်းသာသူများဖြစ်ကြပြီး စီမံကိန်းများစွာတွင် ပူးပေါင်းခဲ့ဖူးသည်။

ကျုံပါးပါးက ပြောလိုက်သည့်တိုင် လုပါးပါးမှာ အလွန်စိတ်ပူနေဆဲဖြစ်သည်။

မကြာမီတွင် ယန်ရှီနှင့် ကျုံချင်းယွီတို့ အိမ်သို့ပြန်ရောက်လာကြသည်။

လုမားမားက ရုတ်တရက် ထရပ်လိုက်ပြီး လုဝမ်နင်းကတစ်ဖက်မှ ကူတွဲပေးသည်။

လုဝမ်နင်းနှင့်ယန်ရှီ၏ DNA စစ်ဆေးမှုရလဒ်ကို ကိုင်ထားသော လုမားမားမှာ ယန်ရှီကို သူမ၏ကလေးအဖြစ် အပြည့်အဝယုံကြည်လိုက်ပြီဖြစ်သည်။ ပထမဆုံးမျက်နှာချင်းဆိုင်လိုက်သည်နှင့် သူမ၏မျက်လုံးများတွင် မျက်ရည်ဝဲလာခဲ့သည်။

"ရှီရှီ"

ကျုံချင်းယွီမှာ အခြေအနေကို နားမလည်ဘဲ ပုံမှန်အတိုင်းပင် ယန်ရှီကို ရှေ့မှအကာအကွယ်ပေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ငါးယောက်ထဲတွင် ကျုံပါးပါးတစ်ယောက်သာ အေးဆေးတည်ငြိမ်နေသည်။ သူက စတင် မိတ်ဆက်ပေးလိုက်သည်။

"ချင်းယွီ၊ သူတို့က မစ္စတာလု မစ္စလုနဲ့ သူတို့ရဲ့သားနဲ့ သမီးတို့ပါ"

လုပါးပါးနှင့် လုမားမားကို မြင်သောအခါ ကျုံချင်းယွီမှာ နားမလည်သေးသော်လည်း လုပေယွီကိုတွေ့လိုက်သည်နှင့် ချက်ချင်းနားလည်သွားသည်။

လုဝမ်နင်းက DNA စစ်ဆေးမှုရလဒ်ကို ယန်ရှီထံ ပြသလိုက်သည်။

"ယန်ရှီရေ ပေယွီထင်တာမှန်ပါတယ်၊ မင်းက လုမိသားစုပျောက်ဆုံးနေတဲ့ကလေးပါ"

ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံဆည်းခြင်းသည် နွေးထွေးသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သင့်သည်။

ယန်ရှီလည်း ယခင်က ထိုသို့ထင်ခဲ့ဖူးသည်။

စိတ်မကောင်းဖွယ်ကောင်းလေစွ။

သူမက စစ်ဆေးရလဒ်စာရွက်ကို လက်ခံယူလိုက်ပြီး လှန်ကြည့်လိုက်သည်။

"မစ္စလု ဒီစစ်ဆေးရလဒ်မှာ ပြဿနာရှိပါတယ်"

လုမားမားရဲ့ နှလုံးသားက ရုတ်တရက်တုန်လှုပ်သွားသည်။

လုဝမ်နင်းလည်း စိုးရိမ်စွာပြောသည်။

"ကျွန်မ မင်းရဲ့ သွေးနမူနာကိုပဲ စစ်ဆေးခဲ့တာလေ၊ ဘယ်လိုပြဿနာဖြစ်နိုင်မှာလဲ"

ယန်ရှီက သွေးအမျိုးအစားစစ်ဆေးချက်ပါရှိသည့် စစ်ဆေးမှုရလဒ်အရှေ့ပိုင်းရှိ စာမျက်နှာကို ပြလိုက်သည်။

"အဲဒါက B သွေးကြီး ကျွန်မက A သွေးပါ၊ ဒါကျွန်မရဲ့သွေးနမူနာမဟုတ်ပါဘူး မှားနေပါတယ်”

လုမိသားစုဝင် လေးဦးလုံး အံ့အားသင့်သွားသည်။

သည်သွေးနမူနာက ယန်ရှီ၏ သွေးမဟုတ်ခဲ့ပေ။

ယန်ရှီက လုမိသားစုယုံကြည်စေရန် သူမ၏ကျန်းမာရေးစစ်ဆေးချက်စာရွက်ကို ထုတ်ပြလိုက်သည်။ မနေ့ကမှ စစ်ဆေးခဲ့ပြီး အချက်အလက်အခိုင်အမာပါရှိသည်။

"ဒီမှာကြည့်ပါ ကျွန်မက A သွေးပါ"

ကျန်းမာရေးစစ်ဆေးချက်စာရွက်တွင် ယန်ရှီနှင့်ပတ်သက်သော အချက်အလက်များစွာပါသော်လည်း လုဝမ်နင်းက မကြည့်ဘဲ 'A' သွေးဆိုသည့် စာလုံးကိုသာ အာရုံစိုက်ကြည့်နေသည်။

လုပါးပါးက A သွေးဖြစ်ပြီး လုမားမားက B သွေးဖြစ်ရာ သူတို့၏ကလေးသည် A သွေးဖြစ်နိုင်သည်။

သို့သော် သူမလက်ထဲက စစ်ဆေးချက်ရလဒ်မှာ ကွဲလွဲနေသည်။

ယန်ရှီက နှမြောစရာဟန်ဖြင့်ပြောသည်။

"ဝမ်းနည်းစရာပဲ သွေးနမူနာမှားယူမိတာဖြစ်မယ်၊ ဒါပေမဲ့ ဒီရလဒ်အရဆိုရင် ရှင်တို့ရဲ့သွေးသားကိုတော့ တွေ့ရှိပြီးသားဖြစ်မှာပါ"

ယန်ရှီမှန်သည်။ သူမက သူတို့မိသားစုဝင် မဟုတ်လျှင်တောင် သူတို့မိသားစုဝင်ဖြစ်ကြောင်း သေချာသည့် တစ်စုံတယောက်တော့ရှိနေပြီဖြစ်သည်။

[Host မင်း လုမိသားစုကို မင်းရဲ့ သွေးနမူနာသုံး‌အောင်လုပ်လိုက်တာ အံ့သြစရာမရှိတော့ပါဘူး]

[ဆံပင် ဒါမှမဟုတ် လက်သည်းဆိုရင် မင်းဟာဟုတ်မဟုတ် ဆုံးဖြတ်ဖို့ခက်တယ်၊ ဒါပေမဲ့ သွေးအမျိုးအစားမှားနေရင်တော့ မင်းရဲ့ သွေးနမူနာမဟုတ်တဲ့အကြောင်း ရှင်းသွားတာပေါ့]

ယန်ရှီက ဖြည်းဖြည်းချင်း မျက်လုံးကို‌မှိတ်လိုက်သည်။ ဤသို့ဖြစ်လာရန်အတွက်ပင် သူမအနေဖြင့် လုမိသားစုပိုင်သည့် ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ခြင်းပင်ဖြစ်သည်။

လုဝမ်နင်းသည် သူလျှိုငှားပြီး သူမ၏ DNA နမူနာရယူမည့်အစား သူမကိုယ်တိုင် နမူနာပေးခြင်းက ပိုကောင်းသည်ဟု ယန်ရှီစဉ်းစားမိသည်။ ဆံပင်တစ်ချောင်းသာဆိုလျှင် ထိုဆံပင်သည် သူမ၏ ဆံပင်မဟုတ်ကြောင်း မည်သို့သက်သေပြနိုင်မည်နည်း။ DNA ထပ်မံစစ်ဆေးမည်လား။ လုဝမ်နင်းသည် ဗီဇစစ်ဆေးမှုအတွက် ယူသွားပါက ဘာဆက်ဖြစ်မည်နည်း။ ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များ များလွန်းသည်။ ထို့ကြောင့် သူမကိုယ်တိုင် စစ်ဆေးနမူနာပေးခြင်းက ပိုကောင်းသည်။

လုမိသားစုဝင်များ တိတ်ဆိတ်နေကြသည်။ သူတို့ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ အသက်ရှူမဝဖြစ်နေကြသည်။

အထူးသဖြင့် လုပေယွီ။ ထိုအချိန်တွင် ယန်ရှီပြောခဲ့သည့်စကားကို နားလည်သွားသည်။ ဤကမ္ဘာကြီးသည် အလွန်ကျယ်ဝန်းပြီး သွေးသားရင်းချာများကို ရှာဖွေရန်မှာ အလွန်ခက်ခဲလှသည်။ ယန်ရှီသည် နောက်ထပ်စစ်ဆေးမှုမလုပ်လိုသည်မှာ မျှော်လင့်ချက်ထားပြီး စိတ်ပျက်ခြင်းကို မခံစားလိုသောကြောင့်ဖြစ်သည်။ ယန်ရှီက သူ့ကိုရှင်းပြပြီးသားဖြစ်သော်လည်း သူက သူမကို ထပ်မံ၍ စိတ်ပျက်စေခဲ့သည်။

"ကျဲကျဲယန်ရှီ တောင်းပန်ပါတယ်"

လုပေယွီသည် ခေါင်းငုံ့လိုက်သည်။

"ကျွန်တော်က အစ်မကိုလေးစားသင့်တယ်၊ အစ်မကြီးကိုလည်း မပြောခဲ့သင့်ဘူး တောင်းပန်ပါတယ်"

ယန်ရှီသည် သဘာဝကျကျ လုပေယွီ၏ ခေါင်းကို လက်ဖြင့်ပွတ်သပ်ပေးလိုက်သည်။

ဤဖြစ်ရပ်ကို လုပေယွီအပေါ် အပြစ်တင်၍မရပါ။ ဇာတ်လမ်းက လှည့်စားခဲ့ခြင်းသာဖြစ်သည်။

ယခုအခါ ဤအရာအားလုံးမှာ သူမနှင့် ဇာတ်ညွှန်းတို့၏ ကစားပွဲရလဒ်သာဖြစ်သည်။

သူမအနိုင်ရခဲ့လေပြီ။

သို့သော် ရှုံးနိမ့်သူမှာ ဇာတ်ညွှန်းမဟုတ်။ လုမိသားစုသာဖြစ်သည်။

လုမိသားစုသည် ယန်ရှီထံ တောင်းပန်ပြီး ကျုံပါးပါးကိုလည်း နှုတ်ဆက်ကာ ကျုံအိမ်တော်ကြီးမှ ထွက်ခွာသွားသည်။

ယန်ရှီသည် သူတို့၏ကလေးမဟုတ်သောကြောင့် သွေးနမူနာ၏ ပိုင်ရှင်အစစ်ကို ရှာဖွေရန်လိုအပ်သည်။

ယခင်က လူပင်လယ်ကြီးထဲတွင် ဦးတည်ချက်မဲ့ရှာဖွေနေခဲ့ရာမှ လုမိသားစုတွင် ယခုနောက်ဆုံးတွင် လမ်းကြောင်းသစ်ရှိလာခဲ့ပြီဖြစ်သည်။

ထွက်ခွာခွင့်မတောင်းမီ လုဝမ်နင်းသည် ယန်ရှီထံချဉ်းကပ်လာပြီး လုပ်ငန်းကတ်ပြားတစ်ခုပေးလိုက်သည်။

"တောင်းပန်ပါတယ်၊ ပေယွီက မင်းမိသားစုကိုမရှာချင်ဘူးလို့ပြောတာလည်း ကျွန်မသိပါတယ်၊ ဒါက ကျွန်မရဲ့ ဆုံးဖြတ်ချက်ပါ"

လုဝမ်နင်းသည် အသံခပ်ပျော့ပျော့ဖြင့်ပြောသည်။

ယန်ရှီသည် သူမ၏ညီမ မဟုတ်ကြောင်းသိသော်လည်း သူမအပေါ်တင်းမာမနေနိုင်ချေ။

"ဘာမှမဖြစ်ပါဘူး"

"ကျွန်မ ဒီနေ့ နှောင့်ယှက်မိသွားတယ်၊ နောင်တစ်ချိန်မှာ ကျွန်မတို့လုကုမ္ပဏီကဖြေရှင်းပေးနိုင်တဲ့လိုအပ်ချက်ရှိရင် အကောင်းဆုံးကြိုးစားပေးပါ့မယ်"

ယန်ရှီက ကတ်ပြားကိုလက်ခံယူလိုက်သည်။

"ဟုတ်ကဲ့ပါ"

လုမိသားစုထွက်ခွာသွားပြီးနောက် ကျုံချင်းယွီသည် ယန်ရှီကို အားရပါးရဆွဲဖက်လိုက်သည်။

"ဒီမိသားစုက တကယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာပဲ၊ ယန်ရှီက စစ်ဆေးမှုမလုပ်ချင်ပါဘူးလို့ပြောနေတာကို သူတို့က သွေးနမူနာယူပြီးစစ်နေကြတယ်"

ယန်ရှီက ကျုံချင်းယွီကိုဖြေသိမ့်သည်။

"ဘာမှမဖြစ်ပါဘူး၊ သူတို့က သူတို့သွေးသားကိုရှာချင်လို့ နေမှာပါ"

"ဒါပေမဲ့ သူတို့က နင့်ရဲ့သွေးနမူနာကို ခွင့်မတောင်းဘဲယူပြီးစစ်လို့မရဘူးလေ"

ကျုံချင်းယွီမှာ ထိုအ‌ကြောင်းကို တွေးမိသည်နှင့် ဒေါသထွက်လာခဲ့သည်။

"မှားနေတာသိရင် သူတို့ဘာသာသူတို့ပဲ နေသင့်တာ၊ ဒီလိုမဟုတ်ဘဲ ဒီလောက်ကြီးပြဿနာဖြစ်အောင်လုပ်ရသလား"

ကျုံချင်းယွီ တွေးလေလေ စိတ်တိုလေလေဖြစ်နေသည်။

ယန်ရှီက ပြောလိုက်သည်။

"စိတ်မတိုပါနဲ့၊ စိတ်တိုရင် မျက်နှာမှာ အရေးအကြောင်းတွေဖြစ်ပြီး မနက်ဖြန်ကင်မရာပေါ်မှာမလှတော့ဘူး"

ကျုံချင်းယွီ မျက်လုံးကို ချက်ချင်း ပွတ်သပ်လိုက်သည်။ သူမ၏ မျက်နှာထက်အရေးကြီးသည့်အရာ ဤကမ္ဘာပေါ်တွင်နည်းပါးလွန်းသည်။

ဤလူများအတွက် စိတ်ဆိုးရန် မလိုအပ်ပါ။

"သွားကြရအောင်၊ သွားကြရအောင်"

ကျုံချင်းယွီက ယန်ရှီလက်မောင်းကိုဖွဲ့ကာ ဆွဲလိုက်သည်။

"အိမ်မှာ Spa လုပ်ဖို့ချိန်းထားတယ်၊ ဒီစိတ်ညစ်စရာတွေကို မတွေးနဲ့တော့"

"နင်အရင်သွား"

ယန်ရှီက ပြောလိုက်သည်။

"ငါ့မှာ လုပ်စရာလေးရှိသေးလို့"

"အိုကေ"

ကျုံချင်းယွီ နှုတ်ခမ်းကို စူပြီး ပြောလိုက်သည်။

"ဘာပြဿနာရှိရှိ ဖုန်းဆက်လိုက်နော်"

ကျုံချင်းယွီ ထွက်ခွာသွားပြီးနောက် ယန်ရှီက လုမိသားစုထွက်ခွာသွားသည့်လမ်းကြောင်းကို ကြည့်လိုက်ပြီး မျက်နှာအမူအရာပြောင်းသွားသည်။

"System ရေ ငါတို့လည်း အရှိန်မြှင့်ရမယ်၊ ဇာတ်လမ်းက ငါ့ကိုပစ်မှတ်ထားနေပြီးပြီ"

သေးငယ်သည့် အလင်းတန်းအလုံးကလေးတစ်ခုသည် ယန်ရှီအနီးတွင်ပေါ်လာခဲ့ပြီး သူမကို လှည့်ပတ်နေခဲ့သည်။

[ဒါပေမဲ့ မင်း သွေးနမူနာကို လွှဲပြောင်းခဲ့တယ်နော်၊ စစ်ဆေးနေခဲ့တဲ့သူကပဲ လုမိသားစုရဲ့သမီးငယ်ဖြစ်နေနိုင်တယ်မလား]

"နင်က အ, လိုက်တာ ဒီလိုတိုက်ဆိုင်မှုမျိုးကို ငါခွင့်ပြုစရာလား၊ ဒီသွေးပြွန်ထဲကသွေးက လုမိသားစုသမီးငယ်မဟုတ်ကြောင်း တစ်ရာရာခိုင်နှုန်း သေချာမှပဲ ဇာတ်လမ်းပါဝင်လာတာကို အတည်ပြုနိုင်မှာ"

"ပြောစမ်းပါ၊ လုမိသားစုရဲ့သမီးက လုမားမားထက်ပိုပြီး အသက်ကြီးနေတယ်ဆိုတာက ဖြစ်နိုင်ပါ့မလား"

ယန်ရှီက ကျုံယန်စီအခန်းထဲမှ ထွက်လာသည့် အန်တီကျန်းကို လှမ်းကြည့်လိုက်သည်။

ကျုံပါးပါးက အန်တီကျန်းကို ကျုံယန်စီအား စောင့်ရှောက်ရန် တာဝန်ပေးထားခဲ့သည်။

သူမက ကျုံယန်စီ၏ အဝတ်အစားများကိုထုပ်ပိုးပြီး ဆေးရုံတွင် ကျုံယန်စီကို စောင့်ကြည့်ပြီးအတူတူနေမည်ဖြစ်သည်။

[ဒီသွေးနမူနာက အန်တီကျန်းရဲ့သွေးပါ]

အိမ်တော်ကြီးရှိ အစေခံအားလုံး ကျန်းမာရေးစစ်ဆေးခဲ့ကြသဖြင့် ယန်ရှီအတွက် အန်တီကျန်း၏ သွေးနမူနာရရန် လွယ်ကူစေခဲ့သည်။

System အံ့အားသင့်သွားသည်။

[ဒါဆို ဇာတ်လမ်းက အမှားတွေဖြစ်အောင် လုပ်နေတာလား၊ ဒီလိုဆိုရင် မင်းက လုမိသားစုရဲ့ သမီးအရင်းမဟုတ်ဘူးလား ငါတကယ်ရှုပ်သွားပြီ]

"ဝတ္ထုထဲမှာ လုမိသားစုသမီးငယ်က ဘယ်သူလဲဆိုတာ သတ်မှတ်မထားဘူး၊ လုမိသားစုဆိုတာက ရဲ့လော့ယီအတွက် အားကိုးစရာတစ်ခုပဲဖြစ်ခဲ့တာ၊ ဒီတော့ လုမိသားစုက ပျောက်နေတဲ့သမီးရဲ့အထောက်အထားက ဗလာဖြစ်နေတယ်"

"ငါက မွေးစားခံရတဲ့သူပဲ ဒါက ငါ့ဘဝ၊ ငါ့ဘဝက ဒီဗလာနေရာကိုဖြည့်လိုက်တာ၊ အဲဒါကြောင့် ဇာတ်လမ်းက ငါ့ကိုအသုံးချနေတာ"

"ငါကျုံချင်းယွီကိုကူညီဖို့ဆန္ဒရှိသရွေ့ အဖြေက ဟုတ်တယ်လို့ပဲ ပြောရမှာပဲ"

"တကယ်တမ်းသမီးအရင်းဟုတ်မဟုတ်ကိုတော့ ငါလည်းမသိဘူး ဇာတ်လမ်းလည်းမသိဘူး"

"ကျုံချင်းယွီရဲ့ ကံကောင်းမှုအမှတ်တစ်ရာ ရောက်မှပဲ အဖြေရှင်းသွားမှာ"

All Chapters