← Chapters

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

Vol. 7 Ch. 70

ထမင်းစားခန်းထဲတွင် နေ့လယ်စာ ပြင်ဆင်ပြီးစီးနေပြီဖြစ်သည်။

လူတိုင်း နေရာယူပြီးသောအခါ ချူယန်သည် ရှေ့သို့တိုးကာ ဟင်းချိုခပ်ရန် ယောက်ချိုဇွန်းတစ်ချောင်း ကိုင်ဆောင်ပြီး ကျုံပါးပါးအား ခပ်ပေးရန် မတ်တပ်ထလိုက်သည်။

"ဦးလေးချန်းရဲ့ အရိုးဟင်းရည်က အမြဲတမ်း ပြည့်ပြည့်၀၀နဲ့ မွှေးနေတာပဲ၊ ခဲအို ကျွန်မ တစ်ခွက် ခပ်ပေးပါ့မယ်"

ကျုံပါးပါးက မငြင်းဆန်ပေ။ အိမ်တော်ဟောင်းတွင် ချူယန်က မခပ်ပေးလျှင်ပင် အစေခံများက ခပ်ပေးမည်ဖြစ်သည်။ သူသည် ထူးဆန်းသည်ဟု မထင်မှတ်ပေ။

ချုယန်သည် အရိုးဟင်းရည်ခွက်ကို ကျုံပါးပါးရှေ့တွင် ချထားပြီးနောက် ကျုံချင်းယွီကို နောက်တစ်ခွက် ထပ်ခပ်ပေးသည်။

“အချစ်လေး ဒီရက်ပိုင်း ရုပ်ရှင်ရိုက်ရလို့ ပိန်သွားပြီ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဖို့ ဟင်းရည် ပိုသောက်"

နောက်ဆုံးတွင် သူမသည် နောက်တစ်ခွက် ခပ်ကာ ကျုံယန်စီအား ပေးလိုက်သည်

"ယန်စီ မင်း ဆေးရုံတက်နေတယ်ဆိုတာ အခုမှ ငါသိရတာ၊ စောစောက ပြောသင့်တာ ငါ လာမကြည့်လိုက်ရဘူး..."

ကျုံယန်စီသည် မျက်လုံးပင် ပင့်မကြည့်ဘဲ ချူယန်ကို တမင်ရှောင်ဖယ်လိုက်သည်။

ကျယ်လောင်သော မြည်သံနှင့်အတူ ဟင်းချိုခွက်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ချက်ချင်း ကွဲအက်သွားပြီး ပူနွေးသော ဟင်းရည်များ ပတ်လည်သို့ လွင့်စင်ထွက်သွားသည်။

ထမင်းစားခန်းထဲမှ လူများ လန့်သွားပြီး အလိုလို အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

ချူယန်သည် သူမ၏ လက်ကို ဆုပ်ထားပြီး သူမ၏ ဖြူစွတ်သော အသားအရေမှာ ပူလောင်သော အရည်ကြောင့် နီရဲနေခဲ့သည်။

“ယန်စီ ငါက ကူညီဖို့ ကြိုးစားခဲ့တာပါ... ငါ့ကို ဒီလို ဆက်ဆံဖို့ တကယ်ပဲ လိုအပ်လို့လား"

ကျုံချင်းယွီသည် ချူယန်၏ နီရဲနေသော လက်ကို မြင်သည်နှင့် ဒေါသတကြီး ထရပ်လိုက်သည်။

ကျုံယန်စီနှင့် ကျုံပါးပါးသည် သူမ၏ မိခင် သင်္ချိုင်းသို့ နှစ်စဉ် သွားရောက်လေ့ရှိသည်ကို သိရှိပြီးနောက် ကျုံချင်းယွီသည် ကျုံယန်စီကို ရန်သူအဖြစ် သဘောမထားတော့ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူသည် ဤနေရာတွင် ရှိနေဆဲဖြစ်ပြီး သူမနှင့် သူမ၏ မိသားစုကို အထင်သေးနေဆဲပင်။

"ကျုံယန်စီ နင် ဘာဖြစ်နေတာလဲ၊ ငါ့အဒေါ်က ကောင်းကောင်းမွန်မွန် လုပ်ပေးနေတာ!"

ကျုံယန်စီသည် ကျုံချင်းယွီနှင့် ချူယန်ကို အေးစက်စွာ ကြည့်လိုက်သည်။

ကျုံယန်စီ ဘာကိုမှ လုပ်ခဲ့ခြင်းမရှိ။ သူသည် ချူယန်ကို ရှောင်ဖယ်လိုက်ရုံသာ။ သူမ၏ ကိုးယားကားယားနိုင်မှုကြောင့်သာ ဟင်းချိုခွက် လွတ်ကျသွားခြင်းဖြစ်သည်။

သို့သော် ကျုံချင်းယွီ၏ အနေအထားအရ သူမ မြင်နိုင်ခြင်းမရှိပေ။ သူမ မြင်သည်မှာ ကွဲအက်နေသော ခွက်ကိုသာဖြစ်ပြီး ကျုံယန်စီမှ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သည်ဟု ယူဆခဲ့သည်။

ကျုံပါးပါးသည်လည်း ထိုနည်းတူ ထင်ခဲ့သည်ဖြစ်ပြီး သူ၏ အသံမှာ မကျေနပ် မနှစ်သက်‌သော လေသံနိမ့်နိမ့်ဖြင့်

“ယန်စီ ဒီတစ်ခါ မင်း အရမ်းလွန်သွားပြီ ချူယန်က ဂရုစိုက်ပေးနေတာပဲ"

ထမင်းစားခန်းတွင် စောင့်ကြည့်ကင်မရာများ မရှိသဖြင့် ထိုအခိုက်အတန့်ကို ရှင်းပြနိုင်ခြင်းမရှိပေ။ ကျုံယန်စီသည် သူ၏ လျှပ်စစ်ဘီးတပ်ကုလားထိုင်ကို စားပွဲနှင့် ဝေးရာသို့ ရိုးရှင်းစွာ ရှောင်ထွက်လိုက်သည်။

"ကျွန်တော် အလုပ်ရှိတယ် သွားပြီ"

တစ်ခွန်းမျှ ထပ်မပြောဘဲ သူသည် ထမင်းစားခန်းမှ ထွက်ခွာသွားသည်။

"ကျုံယန်စီ"

ကျုံချင်းယွီသည် မကျေမနပ်စွာ သူ့နောက်မှ အော်ခေါ်လိုက်သည်။

"နင် ငါ့အဒေါ်ကိုတောင် မတောင်းပန်ရသေးဘူး"

သို့သော် လျှပ်စစ်ဘီးတပ်ကုလားထိုင်သည် လျင်မြန်စွာ ရွေ့လျားသွားပြီး စက္ကန့်ပိုင်းအတွင်း ကျုံယန်စီသည် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ချူယန်သည် နာကျင်စိတ်ဖြင့် ကျုံချင်းယွီ၏ လက်ကို ဆုပ်ကိုင်ထားသည်။

"ယန်စီက နားလည်မှုလွဲသွားတာ ဖြစ်ရမယ် သူက မင်းအဖေအတွက် အဒေါ်ကဒီမှာနေတယ်လို့ ထင်နေတာ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ အဒေါ်က မင်းကို အဖော်ပြုချင်ရုံပဲ"

အိမ်တော်ထန်းယွီနှင့် အဒေါ်ကျန်းတို့ ကောလဟာလများ ဖြန့်နေသည်ကို သူမ မသိဘဲနေမည်လား။

ကျုံပါးပါးသည်လည်း ဝန်ထမ်းတွေကြားက ကောလဟာလများကို သိသည်။ သူက သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါ သူ့ကို စိတ်ထဲမထားပါနဲ့"

အစပိုင်းမှာတွင် သူသည် အစေခံများ၏ သံသယကို မျှဝေခဲ့သည်။ ချူယန်သည် နောက်ထပ်မဒမ်ကျုံ ဖြစ်လာရန်အတွက် ကျုံမိသားစုအိမ်၌ ဆက်နေနေခြင်းဟူ၍ ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မလုံခြုံသည့် အဝတ်အစားများ ဝတ်ဆင်ခြင်းမှအပ သူ့အပေါ်တွင် မည်သည့်အခါကမှ ထူးထူးခြားခြား မလုပ်ခဲ့ကြောင်းကို သူ သဘောပေါက်လာခဲ့သည်။

နှစ်ကြိမ် လက်ထပ်ဖူးသည့် ကျုံပါးပါးသည် မိန်းမတစ်ယောက်က သူ့အပေါ်၌ မည်ကဲ့သို့ ရည်ရွယ်ချက်ရှိသည်ကို သိသည်။

သို့သော် ကျုံယန်စီသည် ချူယန်အား အမြဲ မုန်းတီးခဲ့သည်။ ထို့အတွက်ကြောင့် ကျုံချင်းယွီသည် သူနှင့် အကြိမ်ကြိမ်အခါအခါ ပဋိပက္ခဖြစ်ခဲ့ရသော်လည်း ကျုံပါးပါးတစ်ယောက် ဘာမှ မတတ်နိုင်ခဲ့ပေ။

ကျုံချင်းယွီတစ်ယောက် မျက်လုံးလှန်လိုက်သည်။ ကျုံယန်စီသည် ချူမိသားစုကို အထင်သေးပြီး ကျုံမိသားစုကို အမြတ်ထုတ်တယ်လို့ စွပ်စွဲ‌နေသည်ကို သူမသိသည်။ ဘာဟာသလဲ မုန့်မိသားစုက သူ့ကို ဘယ်လို အမြတ်ထုတ်ခဲ့တာလဲဆိုတာ သူ မေ့နေပြီလား။ ကိုယ့်ပေါင်ကို လှန်ထောင်းတာပဲ။

"သူ မစားချင်ရင် ထားလိုက်” ကျုံချင်းယွီက ဟောက်လိုက်သည်။

“သူ့ကို အငတ်ထားလိုက်!"

ဦးလေးချးန်တစ်ယောက် နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။

"သခင်လေးက ဒီနေ့မှ ဆေးရုံက ဆင်းတာ၊ သူ့အကြိုက်ဆုံး ဟင်းပွဲတွေ အများကြီး လုပ်ထားတာ... အလကား ဖြစ်သွားပြီ..."

ယန်ရှီက ကျုံချင်းယွီ၏ အင်္ကျီစကို ဆွဲလိုက်သည်။

"ဥက္ကဋ္ဌကျုံက အခုမှ ပြန်ကောင်းစပဲ ရှိသေးတယ်၊ သူ့ကို သိပ်ပြီး ဖိအားမပေးပါနဲ့"

ကျုံချင်းယွီတစ်ယောက် သွားကြိတ်လိုက်သည်။

“သူသာ လူနာမဟုတ်ရင် ငါ သူ့ကို ဒီလို လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်ဘူး ကျစ်"

ယန်ရှီသည် ကျုံယန်စီ ထွက်သွားရာဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

စိတ်ဝင်စားစရာပဲ။ ကျုံအိမ်တော်က ဝန်ထမ်းတွေအားလုံး ချူယန်က ကျုံပါးပါးကို စိတ်ဝင်စားတယ်လို့ ထင်နေကြတယ် စနစ်တောင် အဲ့လိုပဲ ထင်နေတာ။ ဒါပေမဲ့ ကျုံပါးပါးနဲ့ ကျုံချင်းယွီကတော့ အဲလို မဟုတ်ဘူးလို့ ယုံကြည်နေကြတယ် ဘယ်ကနေ နားလည်မှုလွဲတာလဲ။

ယန်ရှီသည် ချူယန်တစ်ယောက် တကယ်သာ မဒမ်ကျုံ ဖြစ်လာရန်အတွက် ရည်ရွယ်သည်ဆိုလျှင် ကျုံချင်းယွီသည် ပထမဆုံး ဆန့်ကျင်မည့်သူ ဖြစ်မည်ကို သူမသိသည်။ ကျုံချုင်းယွီသည် ချူယန်ကို ကာကွယ်နေသေးသည်ဖြစ်ရာ သူမ၏ အဒေါ်၌ ထိုသို့ ရည်ရွယ်ချက်မရှိ‌သည်ဟု သူမ အမှန်ပင် ယုံကြည်နေသည်ကို ပြသနေခဲ့သည်။

[Host ပတ်သက်နေတဲ့သူတွေက ဘေးကလူတွေလောက် အမှန်တရားကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး]

[ငါ မှားလို့မဖြစ်ဘူး၊ ချူယန်က ကျုံပါးပါးကို သေချာပေါက် စိတ်ဝင်စားတယ်]

"သူ့ကို ကြည့်တဲ့ပုံစံကြောင့်လား"

[သေချာတာပေါ့ အဲဒါက ချစ်နေတဲ့သူရဲ့ အကြည့်ပဲ၊ အရမ်းကို ထင်ပေါ်လွန်းလို့ မသင့်တော်ဘူးလို့တောင် ပြောလို့ရတယ်]

ယန်ရှီက စဉ်းစားလိုက်သည်။

“ဒါပေမဲ့ စောစောက သင်္ချိုင်းမှာ ကျုံပါးပါးတစ်ယောက်တည်းက ချူယန်ရဲ့ မျက်စိထဲမှာ ရှိနေတာ မဟုတ်ဘူး"

Systemက ခေတ္တရပ်တန့်သွားသည်။ [ဒါဆို ဘယ်သူလဲ]

"ကျုံယန်စီ"

ယန်ရှီသည် သူမ၏ ခန့်မှန်းချက်ကို လုံးဝ မသေချာပေ။ သို့သော် ချူယန်၏ အကြည့်က ကျုံယန်စီအပေါ် စူးစိုက်နေခဲ့ပါက သူ၏ အကျင့်စရိုက်သည် ကျုံပါးပါး သို့မဟုတ် ကျုံချင်းယွီကို အခြေအနေ ရှင်းပြခွင့် မည်သို့မျှ ပေးမည်မဟုတ်ပေ။ ၎င်းသည် လက်ရှိ နားလည်မှုလွဲမှားခြင်းကို ရှင်းပြနိုင်လိမ့်မည်။

"ဦးလေးချန်း ထမင်းတွေကို ဘာလို့ မထုပ်ပိုးတာလဲ၊ ကျွန်မ ဥက္ကဋ္ဌကျုံကို သွားပို့ပေးပါ့မယ်"

ဦးလေးချန်းသည် ယန်ရှီ၏ ကမ်းလှမ်းချက်ကြောင့် မျက်နှာပွင့်လန်းသွားသော်လည်း ကျုံချင်းယွီကို သဘောတူညီချက်ရရန် ကြည့်လိုက်သည်။

ကျုံချင်းယွီက ဟောက်လိုက်သည်။

"နင်က သူ့ကို ဘာကိစ္စ ဂရုစိုက်နေရတာလဲ"

ယန်ရှီက ပြုံးလိုက်သည်။

"နင်မသွားစေချင်ရင် မသွားပါဘူး၊ ဥက္ကဋ္ဌကျုံက အခုမှ အကျိတ်ထုတ်ထားတာ ဒါမှမဟုတ် ဆေးရုံမှာ တစ်ပတ်ကြာနေခဲ့တာ ဒါမှမဟုတ် အခုမှ ပြန်ကောင်းစရှိသေးတာ မဟုတ်ဘူးဆိုရင်ပေါ့..."

"ဟုတ်ပြီ ဟုတ်ပြီ"

ကျုံချင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒီတစ်ခါပဲနော်၊ ဦးလေးချန်းရဲ့ ကြိုးစားမှုတွေ အလကား မဖြစ်စေချင်လို့ပဲ"

ဦးလေးချန်းက ထိရောက်စွာ လုပ်ဆောင်ခဲ့သည်။ ကျုံယန်စီအား ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်ခဲ့သူဖြစ်၍ သူ မကျေမနပ် ဖြစ်နေသည်ကို မမြင်ရက်ပေ။ ဝန်ထမ်းများအားလုံးသည် ကျုံယန်စီဘက်မှ ရပ်တည်ကြသည်။ သူတို့ထဲက မည်သူမျှ ချူယန်ကို မနှစ်သက်ကြပေ။

ယန်ရှီသည် အပူထိန်းနေ့လယ်စာဘူးကို သယ်ဆောင်ကာ အိမ်တော်ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။

ကျုံယန်စီသည် လွန်ခဲ့သော အချိန်ခဏကပင် ထွက်ခွာသွားခဲ့လေ၏။ သူ့ကို လွဲချော်သွားမည်ကို စိုးရိမ်သောကြောင့် သူမ စာတိုတစ်စောင် ပို့လိုက်သည်။

ထိုအခိုက်အတန့်တွင် ကျုံယန်စီသည် ဂိတ်ပေါက်သို့ ရောက်ရှိပြီး Roll-Royce ကားဘေးတွင် လက်ထောက်ဆွန်းက စောင့်ဆိုင်းနေသည်။

စာကို မြင်သည်နှင့် ကျုံယန်စီတစ်ယောက် ရပ်တန့်သွားသည်။

သူ့နှုတ်ခမ်းထောင့်စွန်းတွင် သဲ့သဲ့လေးပြုံးလိုက်ပြီး ဘီးတပ်ကုလားထိုင်ကို လှည့်ကာ အတွင်းသို့ ပြန်ဝင်သွားသည်။

လက်ထောက်ဆွန်း: ?

ဒါ ဘာသဘောလဲ သူတို့ ကုမ္ပဏီကို သွားမှာ မဟုတ်ဘူးလား ဘာလို့ ပြန်သွားတာလဲ။

ကျုံအိမ်တော်သည် ရိုးရာ ကျန်းနန်စတိုင်လ် ဥယျာဉ်တစ်ခုဖြစ်ပြီး လည်ပတ်နေသော စင်္ကြန်လမ်းများနှင့် ညီညာမှုမရှိသော လှေကားထစ်များရှိသည်။ သို့သော် ကျုံယန်စီ ဖျားနာစဉ်က ကျုံပါးပါးက ဘီးတပ်ကုလားထိုင် ဝင်ထွက်ရလွယ်ကူစေရန် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သောကြောင့် ကျုံယန်စီတစ်ယောက် လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့သည်။

ဥယျာဉ်၏ မြင်ကွင်းမှာ လှပတင့်တယ်ပြီး စိမ်းလန်းစိုပြည်သော အပင်များ အလွှာလိုက် ရှိနေသည်။

စင်္ကြန်လမ်းတစ်ဝက်တွင် ယန်ရှီသည် ကျုံယန်စီကို တွေ့လိုက်ပြီး သူ့အား နေ့လယ်စာဘူးကို ပေးလိုက်သည်။

"ရှင် အဒေါ် ချူယန်ကို တကယ်ပဲ မကြိုက်ဘူးလား" ဟု သူမ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ကျုံယန်စီ၏ နှုတ်ခမ်းပေါ်ရှိ သဲ့သဲ့လေးပြုံးနေသော အပြုံးမှာ ထိုအမည်ကို ကြားသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့မျက်နှာအမူအရာမှာ အေးစက်သွားသည်။

"ဟင့်အင်း”

"နားလည်နိုင်ပါတယ်"

ယန်ရှီက သူ့တုံ့ပြန်မှုကို ကြည့်ရင်း ပြောလိုက်သည်။

“ကျွန်မလည်း မိထွေး မလိုချင်ပါဘူး"

ကျုံယန်စီသည် "မိထွေး" ဟူသော စကားလုံးကို မည်သို့မျှ တုံ့ပြန်ခြင်း မရှိသော်လည်း "ချူယန်" အား မနှစ်သက်စိတ်သည် ပို၍ပင် နက်ရှိုင်းလာသည်။

[Host မင်းမှန်တယ်လို့ ငါထင်တယ်]

System ကထပ်ပြောသည်။

[ကောကောက သူ့မိထွေးကို မုန်းရင် ချူယင်းကိုလည်း မကြိုက်ရမှာပဲ၊ ဒါပေမဲ့ ငါသိသလောက် ကောကောနဲ့ ချူယင်းက တကယ်တော့ ဆက်ဆံရေးကောင်းခဲ့ကြတယ်]

အနည်းဆုံးတွင် ကျုံယန်စီသည် ကျုံပါးပါးနှင့် ချူယင်း၏ အုတ်ဂူသို့ နှစ်စဉ် သွားရောက်လေ့ရှိခြင်းသည် သူမအား မိထွေးတစ်ယောက်အဖြစ် မမုန်းတီးဘူးဆိုသည်ကို သက်သေပြနေသည်။

ထို့အပြင် မိထွေးသည် မည်သူဖြစ်ဖြစ် အရေးပါသနည်း။ ဤသည် ကျုံပါးပါး၏ ပြဿနာပင်၊ ကျုံယန်စီ၏ ပြဿနာ မဟုတ်ပေ။

သို့သော် ချူယန်၏ ရည်မှန်းချက်များသည် ထိုမျှမက ကျော်လွန်နေသည်မှာ ရှင်းနေခဲ့သည်။

သူမထက် အသက်နှစ်ဆယ်လောက် ကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့ ဘယ်သူက အတူရှိချင်မှာလဲ သူမက ကျုံချင်းယွီထက်တောင် သိပ်မကြီးဘူး သူမထက် ခုနစ်နှစ်ငယ်တဲ့ အမျိုးသားလေးက ပိုကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူးလား

သူမ၏ သံသယများ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ယန်ရှီတစ်ယောက် သက်ပြင်းချလိုက်သည်။

ကျုံယန်စီက ထိုအရာကို ကျုံချင်းယွီထံ ဖော်ထုတ်နိုင်သည့် အနေအထားတွင်မရှိသော်လည်း ယန်ရှီက မဖော်ထုတ်နိုင်သည်ဟု မဆိုလိုပေ။ သူမ သဲလွန်စ ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာလိမ့်မည်။ ကျုံချင်းယွီတစ်ယောက် အမှန်တရားကို သိရှိသွားသည်နှင့် ကျုံယန်စီထက်တောင် ပို၍ ဒေါသထွက်လိမ့်မည်။

ယန်ရှီသည် အတွေးများထဲတွင် နစ်မြောနေစဉ် စင်္ကြန်လမ်းသည် ခဏတာ တိတ်ဆိတ်သွားသည်။

ကျုံယန်စီက တိတ်ဆိတ်မှုကို အရင်ဖြတ်တောက်လိုက်သည်။

သူသည် အပူခံနေ့လယ်စာဘူးကို ထိုးပြပြီး "ကျေးဇူးပါဘဲ" ဟု ပြောလိုက်သည်။

“အိုး"

ယန်ရှီ၏ မျက်လုံးများက ဆိုးသွမ်းစွာ လှည့်လည်သွားသည်။

"ချင်းယွီက ရှင့်ကို ပေးဖို့ ကျွန်မကို ခိုင်းလိုက်တာ၊ သူ ခုနက ဘယ်လောက်ဘဲ ဒေါသထွက်နေပါစေ စိတ်ထဲမထားပါနဲ့၊ သူက တကယ်တော့ အရမ်း သဘောကောင်းပါတယ်"

ကျုံယန်စီသည် နှစ်စက္ကန့်လောက် ရပ်နားပြီးကာမီ မတတ်သာစွာဖြင့် ပြန်ဖြေသည်။

“သိပြီ"

[ကောကော သိပ်ပျော်ပုံမရဘူး]

ယန်ရှီလည်း နားမလည်နိုင်ဖြစ်နေသည်။

"ဘာလို့ မပျော်ရမှာလဲ ချင်းယွီက ဒေါသထွက်နေတာတောင် သူ့ကို ထမင်းဘူးပို့ဖို့ ဂရုစိုက်နေသေးတာ၊ သူက ကိုယ်တိုင် ကိုယ်ကျ လာပို့စေချင်နေတာလား ဘာလား"

[ဟွန့် သခင်မလေးက မင်းကို သူ့ဆီ ထမင်းဘူးပို့ခိုင်းတာတောင် ကရုဏာထားတာပဲ]

[ကောကောက တကယ်တော့ အခု လောဘကြီးလွန်းနေပြီ]

[ယောက်ျားတွေ အမြဲတမ်း ပိုလိုချင်နေကြတာ]

ယန်ရှီက အတွင်းစိတ်ထဲတွင် ခေါင်းညိမ့်လိုက်သည်။

"မှန်တယ် ယောက်ျားတွေ အမြဲတမ်း ပိုလိုချင်နေကြတာ”

သူမ၏ ဗိုက်ထဲမှ အသံမြည်လာသည်။ သူမ ယခုထိ မစားရသေးပေ။ ကျုံယန်စီအား လက်ပြနှုတ်ဆက်ပြီး နေ့လယ်စာစားရန် ထွက်ခွာခဲ့သည်။

သို့သော် သူမ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးခင် အဝါရောင် အမွေးထူထူ သေးသေးလေးတစ်ခုက သူမ၏ ခြေထောက်ဘေးမှ ပြေးထွက်သွားသည်။

"အားးးး ပိုးကောင်"

ပင်ကိုယ်အသိစိတ်ဖြင့် ယန်ရှီ ခုန်တက်သွားပြီး သူမ ရှာတွေ့နိုင်သည့် အနီးဆုံးအရာကို တွယ်ကပ်လိုက်သည်။

သူမ တုန်ယင်နေပြီး အောက်သို့ ကြည့်ရန်ပင် မဝံ့ရဲပေ။

တစ်ချိန်တည်း၌ပင် ယန်ရှီကို ပွေ့ဖက်ထားသော ကျုံယန်စီသည် အကြာကြီး ရပ်နေပြီးမှ သူ့နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားသည်။

စင်္ကြန်လမ်းရှိ အနီရောင်တိုင်တစ်ခု၏ နောက်တွင် ချောမွတ်သော အဝါရောင် မြွေပါကောင်လေးတစ်ကောင် ပါးစပ်မှ မီးခိုးရောင် ကြွက်တစ်ကောင်ကို ကိုက်ထားပြီး ရပ်တန့်နေခဲ့သည်။

ယန်ရှီ၏ အော်သံကြောင့် လန့်သွားပြီး မလှုပ်ဝံ့ဘဲ ၎င်း၏ မျက်လုံးနက်နက်လေးများ လန့်ဖြန့်နေခဲ့သည်။

ကျုံအိမ်ခြံဝင်းတွင် စိမ်းလန်းစိုပြည်သော အပင်များနှင့် သားရဲတိရစ္ဆာန်များ ပေါများသည်။ ပိုးမွှားများကို ကာကွယ်ရန် ဝန်ထမ်းများက ဤတိရစ္ဆာန်ငယ်လေးများကို လွှတ်ထားခဲ့ကြသည်။

လမ်းဘေးကြောင်များပင် တစ်ခါတစ်ရံ ခြံဝင်းထဲ လှည့်လည်သွားတတ်ကြသည်။

ကျုံယန်စီသည် မြွေပါကောင်လေးကို ကြည့်လိုက်ပြီးနောက် ညင်သာစွာ ရယ်မောလိုက်ပြီး ယန်ရှီကို မေးလိုက်သည်။

"မင်း ပိုးကောင်တွေကို ကြောက်တာလား"

"အဲကောင် ကျွန်မ ခြေထောက်ပေါ် ခုန်တက်လိုက်တာ!"

ယန်ရှီ မည်သည့်အကောင် သူမခြေထောက်ပေါ် ပြေးသွားသည်ကိုတောင် မမြင်လိုက်ပေ။ သူအ ခြေဖဝါး၌ ယားနေသည်ကိုပဲ ခံစားလိုက်ရသည်။

မြေပြင်ပေါ်ရှိ ပိုးကောင်များက ရသည်၊ သို့သော် သူမ ပေါ်တွယ်တက်လာရင်လား လုံးဝ ကြောက်စရာပဲ။

သူမ အသက်ပြင်းပြင်း ရှူပြီး ခေါင်းကို ပခုံးကျော်၍ ဂရုတစိုက် လှည့်ကြည့်လိုက်သည်။

မြွေပါကောင်လေးသည် ထပ်မံ လန့်သွားပြီး ခုန်ဆင်းကာ ချုံပုတ်များထဲသို့ ပျောက်ကွယ်သွားသည်။

ယန်ရှီတစ်ယောက် ဘာမှ မမြင်လိုက်ရပေ။

"ထွက်ပြေးသွားပြီလား" ဟု သူမ မေးလိုက်သည်။

ကျုံယန်စီက တွန့်ဆုတ်ခြင်းမရှိဘဲ လိမ်ပြောလိုက်သည်။

"မဟုတ်ဘူး ပြန်တွားလာနေတယ်"

ယန်ရှီ: !!!

ယန်ရှီသည် ကျုံယန်စီကို ချက်ချင်း တင်းတင်းဆုပ်ကိုင်လိုက်ပြီး ခြေထောက်များကို မြေကြီးမှ ကြွတင်လိုက်သည်။

"ဘယ်မှာလဲ မမြင်ရဘူး၊ ရှင် အဲဒါကို နင်းပစ်လိုက်လို့ မရဘူးလား"

ကျုံယန်စီ၏ အပြုံးက နက်ရှိုင်းလာသည်။

“ကျွန်တော် အခု လှမ်းလို့မမီနိုင်ဘူး ထင်တယ်"

"ရှင့် ဘီးတပ်ကုလားထိုင်နဲ့ နင်းပစ်လိုက်”

"ကြိုးစားကြည့်မယ်"

သူသည် ဘီးတပ်ကုလားထိုင်ကို ရှေ့သို့ ရွှေ့ဟန်ဆောင်ပြီး စိတ်ကူးထဲက နေရာတစ်ခုကို လှိမ့်ချလိုက်သည်။

"သေပြီလား" ယန်ရှီတစ်ယောက် ခေါင်စိုက်ကြည့်လိုက်သည်။

"မသေသေးဘူး”

သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ စင်္ကြန်လမ်း၏ ချောမွေ့သန့်ရှင်းသော ကျောက်ပြားများကို စစ်ဆေးကြည့်လိုက်သည်။ ဘာမှမရှိပေ။

"သွားပြီ ထင်တယ်"

စိတ်သက်သာရာ ရသွားပြီး သူမ၏ အသံ တောက်ပလာသည်။

သို့သော် လှည့်ကြည့်လိုက်သောအခါ ကျုံယန်စီ၏ နက်ရှိုင်းသော၊ ပယင်းရောင်ကဲ့သို့သော အကြည့်နှင့် ရုတ်တရက် ဆုံမိသွားသည်။

ယန်ရှီကို စူးစိုက်ကြည့်နေပြီး သူ၏ အသက်ရှူသံ အနည်းငယ် မညီမညာဖြစ်ကာ လည်စေ့က နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

သေရော။

ယန်ရှီ၏ စိတ်ထဲတွင် လျှပ်စီးပတ်လမ်း တိုသွားသကဲ့သို့ ဖြစ်သွားသည်။ နာမကျန်းဖြစ်နေသော ဖြူရော်ရော် မျက်နှာ ရှိနေသော်လည်း ကျုံယန်စီသည် ယခုအချိန်တွင် မခံမရပ်နိုင်အောင် ဆွဲဆောင်မှုရှိနေသည်။ အထူးသဖြင့် သူ၏ လည်ပင်း၊ မျိုချလိုက်တိုင်း လှုပ်ရှားနေပြီး သူမကို လက်လှမ်းကာ ထိတွေ့ချင်စိတ် ပေါက်အောင် ဆွဲဆောင်နေသည်။

သူမ ထိမိတော့မလိုပင်။

ထို့နောက် သူမ၏ ဖုန်းမြည်လာသည်။ ကျုံချင်းယွီ၏ ဖုန်းခေါ်ဆိုမှု။ ယန်ရှီ စိတ်ရှုပ်ထွေးစွာ ကျုံယန်စီထံမှ အလောတကြီး ခွာလိုက်ပြီး ဖုန်းကို ကိုင်လိုက်သည်။

"နင် ခုနက နေ့လယ်စာသွားပေးတာ မဟုတ်ဘူးလား၊ ဘာလို့ ပြန်မလာသေးတာလဲ"

သူမ၏ မျက်နှာ နီရဲလာသည်။

"အခုပဲ လာပြီ”

ယန်ရှီသည် ကျုံယန်စီကို ပြန်ကြည့်လိုက်ရာ သူသည် လုံးဝ တည်ငြိမ်နေဆဲပင်။

"မင်း မှန်တယ် ပိုးကောင် ပျောက်သွားပြီ"

ယန်ရှီ၏ မျက်လုံးများ အောက်သို့ ချလိုက်သည်။ သူ၏ အနက်ရောင်ဝတ်စုံ ရှပ်အင်္ကျီမှာ သူမ၏ ဆုပ်ကိုင်မှုကြောင့် ကျုံ့သွားပြီး သူ၏ လည်ပင်းတွင် ခြစ်ရာ သဲ့သဲ့လေးတစ်ခု ပေါ်နေသည်။ သူမ လုပ်ခဲ့ခြင်းပင်။

ကျုံယန်စီ၏ ဖြူစွတ်သော အသားအရေပေါ်တွင် ထိုအမှတ်အသားသည် ထင်ရှားစွာ ပေါ်လွင်နေပြီး သူ၏ ဖရိုဖရဲနေသော ပုံစံကို ရှင်းပြမရသော ဆွဲဆောင်မှုတစ်ခု ပေါင်းထည့်ပေးထားသည်။

ကြာကြာကြည့်ရန်ပင် ရှက်လာသဖြင့် ယန်ရှီက "သွားပြီ" ဟု ရုတ်တရက် ပြောလိုက်သည်။

သူမ လှည့်ထွက်ကာ ထွက်ပြေးသွားသည်။

ကျုံယန်စီသည် သူမ ထွက်ခွာသွားသည်ကို ကြည့်နေပြီး သူ၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရောင်များ လင်းလက်နေသည်။

တစ်ဦးတည်းသော သက်သေဖြစ်သည့် System က ယန်ရှီဘေးတွင် ဝဲပျံနေသည်။

၎င်း အရာအားလုံးကို မြင်ခဲ့သည်။ ထိုအရာသည် မြွေပါကောင်လေးဖြစ်ပြီး ပိုးကောင် မဟုတ်ပေ။

သို့သော်... သူမကို ပြောပြသင့်သလား။

စဉ်းစားပြီးနောက် တိတ်ဆိတ်စွာ နေရန် ဆုံးဖြတ်လိုက်သည်။

Host က ဘာလို့ အမြဲ အသာစီးရနေရမှာလဲ။ ၎င်းသည် AI အနေဖြင့် ၎င်း၏ တန်ဖိုးကို သက်သေပြရန် လျှို့ဝှက်ချက်အချို့ကို သိမ်းထားရန် လိုအပ်သည်။

နေ့လယ်စာစားပြီးနောက် ယန်ရှီသည် စာကြည့်ခန်းသို့ သွားကာ အလုပ်လုပ်သည်။ အဓိကအားဖြင့် ချူထင်းပိုင်၏ Seven Percent ကို အဝေးမှကြီးကြပ်ခြင်းပင်။ စရိတ်နည်းသော ပရောဂျက်ဖြစ်သော်လည်း သူမ ယုံကြည်မိသော ပရောဂျက်တစ်ခုဖြစ်သည်။

စင်မြင့်ဒီဇိုင်းကို ချန်ရွှမ်းအား အပ်နှံခဲ့သည်။ H နိုင်ငံတွင် သူသည် စိတ်အားထက်သန်စွာ လုပ်အားပေးခဲ့ပြီး ယန်ရှီသည် ချူထင်းပိုင်၏ အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီးဖြစ်သောကြောင့် သဘောတူခဲ့သည်။

ယခု၌ ချန်ရွှမ်း၏ ကုမ္ပဏီသည် စင်မြင့်ပြင်ဆင်မှုအားလုံးကို ကိုင်တွယ်နေပြီး ချူထင်းပိုင်၏ ပြောကြားချက်အရ အခြေအနေမှာ ချောမွေ့စွာ တိုးတက်နေသည်။

တစ်ချိန်တည်းမှာပင် ချူယန်သည် ကျုံချင်းယွီ၏ လက်မောင်းကို ချိတ်ကာ သူမ၏ အခန်းသို့ ပြန်လာသည်။

ကျုံချင်းယွီသည် ချီဝိန်၏ ညနေခင်း ဖျော်ဖြေပွဲအတွက် စောစောထခဲ့သောကြောင့် ခဏတစ်ဖြုတ် အိပ်ချင်နေခဲ့သည်။

သူမ အဝတ်လဲနေစဉ် ချူယန်သည် ကျုံယန်စီ၏ ငြင်းပယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောလာခဲ့သည်။

မကျေနပ်ချင်ဟန်ဆောင်ကာ သူမသည် အပြစ်အားလုံးကို ယန်ရှီနှင့် ကျုံယန်စီထံသို့ လွှဲချလိုက်သည်။

“ငါက နာမည်ကျော်အချို့ကို အရက်သောက်ဖို့ ဖိတ်လိုက်ရုံပဲ၊ အဲဒါက ကျွန်မကို ထုတ်ပစ်ဖို့ တကယ်ပဲ အကြောင်းပြချက် ဖြစ်သင့်လား၊ အခု ကျွန်မ မရှိတော့တဲ့အခါ ယန်ရှီက ကုမ္ပဏီကို လွှဲယူလိုက်ပြီ ပြီးတော့ သူက ပြင်ပလူ..."

"ယန်ရှီက ပြင်ပလူဆိုတာ ဘာကိုဆိုလိုတာလဲ"

ကျုံချင်းယွီသည် သက်တောင့်သက်သာရှိသော ညအိပ်ဝတ်စုံကို ဝတ်လိုက်ပြီး ကြောင်မွှေးပွရုပ်တစ်ခုကို ဖက်ကာ ကုတင်ပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းလိုက်သည်။

"သူက ကျွန်မရဲ့လူပဲ၊ ရှင်းယောင်ကို သူ့ကို ပေးလိုက်တာက ကျွန်မ လက်ထဲမှာ ရှိနေတာနဲ့ အတူတူပဲ၊ စိတ်မပူပါနဲ့ ဘာမှ မှားမှာမဟုတ်ဘူး"

ချူယန်သည် ဒေါသထွက်လွန်း၍ သွေးပင် အန်ထွက်လာတော့မတတ် ဖြစ်နေသည်။

သူမသည် တကယ်တမ်း ယန်ရှီ ဒုဥက္ကဌဖြစ်လာသည်ကို ဂရုမစိုက်‌ပေ။ သူမ မခံနိုင်သည်မှာ CEO ရာထူးအား ဆုံးရှုံးခြင်းပင်။

နောက်ဆုံးမှာ ရှင်းယောင်၏ CEO က တစ်နှစ်ကို သန်းပေါင်းများစွာ လစာ ရနေတာလေ။

ကျုံချင်းယွီက ယန်ရှီကို အရမ်းယုံကြည်လွန်းသည်။ သူတို့သည် သွေးချင်းသားချင်း မဟုတ်ကြသော်လည်း ချူယန်သည်က ကျုံချင်းယွီ၏ ယန်ရှီအပေါ် ယုံကြည်မှုသည် သူမကိုယ်သူမ ယုံကြည်မှုထက် မလျော့ပါးကြောင်းကို ပြောနိုင်ခဲ့သည်။

ချူယန်သည် သူမ၏ ချဉ်းကပ်ပုံကို ပြောင်းလိုက်သည်။

“ငါ အဲဒါကို ဆိုလိုတာ မဟုတ်ဘူး မင်းနဲ့ ယန်ရှီ ရင်းနှီးတာကို သိပါတယ်၊ ဒါပေမဲ့ သူ ကျုံယန်စီကိုလည်း ဒီလောက် သဘောကောင်းလိမ့်မယ်လို့ မထင်ထားဘူး"

"စောစောက မင်းတို့နှစ်ယောက် စကားများတုန်းက သူက သူ့ကို နေ့လယ်စာပို့ပေးဖို့ စေတနာ့ဝန်ထမ်း လုပ်ခဲ့တာ မင်း မထင်ဘူမိးလား... ယန်ရှီက သူ့ကို စိတ်ဝင်စားနေတာများလား"

ချောမောလှပ၊ ငယ်ရွယ်ပြီး စိတ်အားထက်သန်မှု အပြည့်။

ထို့အပြင် ကျုံယန်စီ၌ အရာအားလုံး ရှိသည်။ ချမ်းသာမှု၊ ရုပ်ရည်၊ ထို့နောက် သူ့နာမည်တွင် မည်သည့်အရှုပ်အထွေးမှ မရှိသည့် သန့်ရှင်းသည့် ဂုဏ်သတင်း။ ယန်ရှီ သူ့ကို ချစ်မိသွားသည်က လုံးဝ ပုံမှန်ပင်။

ကျုံချင်းယွီတစ်ယောက် တောင့်တင်းသွားပြီး သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ထိုသို့မြင်လိုက်သည့်အခါ ချူယန်သည် သူမ၏ အားသာချက်ကို အသုံးချလိုက်သည်။

"ဦးလေးချန်းနဲ့ တခြားသူတွေဆီက ကြားတာက ကျုံယန်စီ ဆေးရုံတက်တုန်းက ယန်ရှီကလွဲလို့ ဘယ်သူ့ကိုမှ မပြောခဲ့ဘူးတဲ့၊ ပြီးတော့ သူက နေ့တိုင်း သွားတွေ့တယ် မနက်စာတောင် ယူလာပေးတယ်တဲ့..."

သူမ ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည် ကျုံချင်းယွီ နားမလည်စရာ အကြောင်းမရှိ။

ကျုံချင်းယွီ၏ မျက်ခုံးများ နက်ရှိုင်းစွာ တွန့်သွားသည်။

ဟုတ်ပါ့... သူမ ဘာလို့ သတိမထားမိတာလဲ

သူမ လက်ထဲရှိ ကြောင်မွှေးပွရုပ်ကို တင်းတင်းဆုပ်ကိုင်လိုက်ရာ ကြောင်ခေါင်းပင် ပုံပျက်သွားသည်။

"အဲဒီခွေးကောင်"

ချူယန်တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားသည်။

"မှန်တယ် ယန်ရှီက မြွေလိုပဲ၊ မင်းနားကို ကပ်ပြီး..."

"ကျုံယန်စီ အဲ့ဒီ ခွေးကောင်”

ကျုံချင်းယွီ၏ မျက်နှာသည် ဒေါသဖြင့် စိမ်းစိုသွားသည်။

“သူ ငါ့နောက်ကွယ်မှာ ယန်ရှီကို မြှူဆွယ်ရဲတယ်ပေါ့လေ"

ချူယန်: ???

"အာ ယန်ရှီက အခုမှ ရည်းစားနဲ့ ပြတ်ထားတာ အဲဒီ အဘိုးကြီး ကျုံယန်စီက သူ့ကိုယ်သူ နစ်နာသူ ဟန်ဆောင်ပြီး ယန်ရှီကို အခွင့်အရေးယူတာ ဘယ်လိုတောင် လုပ်ရဲတာလဲ"

ချူယန်က တံတွေးမျိုချလိုက်သည်။

“ဖြစ်နိုင်မလား... မင်း ပြောင်းပြန်ဖြစ်နေတာလား"

"ပြောင်းပြန်ဖြစ်နေတာ"

ကျုံချင်းယွီက ပြန်ပြောသည်။

"ယန်ရှီက ကျုံယန်စီကို မြှူဆွယ်တယ်လို့ ဆိုလိုတာလား"

ချူယန်: "အဲလို လက္ခဏာတွေ ရှိတယ်လို့ ထင်တယ်"

"မဖြစ်နိုင်တာ"

ကျုံချင်းယွီက သရော်လိုက်သည်။

"ယန်ရှီက ကျုံယန်စီကို ကြိုက်ရအောင် ဘာကို မြင်လို့လဲ၊ သူ့ အသက်ကြီးတာကိုလား သူ့ဦးလေးကို ကူညီဖို့ စိတ်အားထက်သန်တာကိုလား၊ ဒါမှမဟုတ် သူ့ခွေယိုင်နေတဲ့ ခြေထောက်နဲ့ ဘီးတပ်ကုလားထိုင်နဲ့ နေရတာကိုလား ယန်ရှီက ကန်းမနေဘူး"

"မဟုတ်ဘူး ပြဿနာက ကျုံယန်စီမှာ သေချာပေါက် ရှိနေတာ အရှက်မရှိတဲ့ အဘိုးကြီး"

ချူယန်တစ်ယောက် တိတ်ဆိတ်သွားသည်။ ယန်ရှီ မျက်စိကန်းသည်ဖြစ်စေ မကန်းသည်ဖြစ်စေ သူမ ပြောမနိုင်။ သို့သော် သူမ၏ ချစ်စိတ်လွှမ်းနေသော တူမလေးလား အဲဒါကတော့ ရွေးချယ်မှု မျက်စိမှုန်တာပဲ။

ထိုနေ့ညနေတွင် ကျုံချင်းယွီနှင့် ယန်ရှီတို့ ချီဝိန်၏ ဖျော်ဖြေပွဲသို့ အတူတက်ရောက်ခဲ့ကြသည်။

လမ်းတွင် ကျုံချင်းယွီသည် ချူယန်က သူမအား စောစောက ပြောခဲ့သည်များကို မပြောဘဲ မနေနိုင်ပေ။

“တချို့ ယောက်ျားတွေက ဘယ်လောက်ပဲ ရုပ်ချောချော ကောင်မလေးငယ်ငယ်လေးတွေနောက် လိုက်ဖို့ကတော့ အရမ်းအသက်ကြီးလွန်းတယ် နင် သတိထားရမယ်"

ယန်ရှီက စဉ်းစားလိုက်သည်။ ထိုဖော်ပြချက်သည် ပေဟန်လီနှင့် ကိုက်ညီနေသည် မဟုတ်လား။

ယန်ရှီက "နေ့တိုင်း ဝတ်စုံဝတ် အပြင်မှာ ယဉ်ယဉ်ကျေးကျေး သိမ်မွေ့ဟန်ဆောင်ပြီး နောက်ကွယ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ယောက်ျားတွေလား" ဟု မေးလိုက်သည်။

ကျုံချင်းယွီ ခေတ္တရပ်လိုက်ပြီးနောက် ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်လိုက်သည်။

ကျုံယန်စီ ဥက္ကဌ ရာထူးကို ရယူခဲ့စဥ်က ဘုတ်အဖွဲ့ဝင်များကို သူ၏ ဖခင်နှင့် အတိတ်က ဆက်ဆံရေးများကို လုံးလုံး ဂရုမစိုက်ဘဲ ရက်စက်စွာ ဆက်ဆံခဲ့သည် မဟုတ်ပေလော။ ယင်းသည် ရက်စက်ခြင်း မဟုတ်လျှင် ဘာလဲ။

ကျုံချင်းယွီသည် ကျုံယန်စီ၏ နာမည်ကို ထုတ်ပြောရန် တမင်ပင် ရှောင်ရှားခဲ့သည်။ နောက်ဆုံး၌ စူးစမ်းလိုစိတ်သည် ဆွဲဆောင်မှု၏ ပထမဆုံးခြေလှမ်းပင်။ ယန်ရှီသည် ကျုံယန်စီအား ယခု စိတ်မဝင်စားဘူးဆိုလျှင် သူ့အကြောင်းအား များများကြားရခြင်းသည် စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်စေနိုင်သည်။ သို့မဟုတ် ပိုဆိုးသည်မှာ ခံစားချက်များ ဖြစ်ပေါ်လာစေနိုင်သည်။

နည်းနည်းလေး သတိပေးရုံနဲ့ လုံလောက်ပါတယ်။

သူမ စိတ်သက်သာရာ ရသွားသည်မှာ ယန်ရှီသည် သူမ၏ အမြင်များကို သိပြီးသား ဖြစ်နေသောကြောင့်ပင်။

ကျုံချင်းယွီ "အဘိုးကြီးတွေရဲ့ ကြင်နာမှုက အားလုံး ဟန်ဆောင်မှုပဲ၊ သူတို့က ရေရှည်စီမံကိန်းဆွဲနေတာ၊ ဪ… ပြီးတော့ သူတို့က အားနည်းချင်ယောင်ဆောင်တာကို ကြိုက်တယ်၊ လုံးဝ လက်ဖက်စိမ်းအမူအရာပဲ”

ကျိုးချင်းယွီတစ်ယောက် ဆရာဝန်နှင့် စစ်ဆေးခဲ့ပြီးလေသည်။ ကျုံယန်စီ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမှုက အဆင်ပြေနေတာပဲ၊ ဒါဆို ဘာလို့ သူက ဘီးတပ်ကုလားထိုင်နဲ့ ဆက်နေသေးတာလဲ သရုပ်ဆောင်တာ သက်သက်ပဲ အသက်ကြီးပြီး ဟန်ဆောင်တာ ခေတ်ဟောင်း လက်ဖက်စိမ်းပုံစံပဲ။

ယန်ရှီ "သူတို့က မင်း အားနည်းနေချိန်မှာလည်း တိုက်ခိုက်တယ် ပြတ်ပြီးတာနဲ့ ချက်ချင်းပဲ”

ပေဟန်လီသည် ပေယွဲ့ပိုင် ပြန်လည်သင့်မြတ်ရန် ကြိုးစားနေစဉ်က ကျုံချင်းယွီနှင့် တမင်ပင် ရင်းနှီးအောင် ကြိုးစားခဲ့သည် မဟုတ်ပေဘူးလား။ ယင်းသည် ဖတ်စာအုပ်ကြီးအတိုင်း အခွင့်အရေးယူတာ မဟုတ်ဘူးလား။ သူက ဝတ္ထုရဲ့ အဓိကဗီလိန် ဖြစ်နေတာ အံ့သြစရာမရှိဘူး။

ကျုံချင်းယွီ "ပြီးတော့ သူတို့ရဲ့ မိသားစု အခြေအနေတွေက အမြဲ ရှုပ်ထွေးနေတာပဲ၊ ကောင်မလေးတွေ နောက်မလိုက်ခင် သူတို့ကိုယ်တိုင် ပြဿနာတွေတောင် ဖြေရှင်းနိုင်သေးတာ မဟုတ်ဘူး၊ ဘာလဲ သူတို့ရဲ့ ရည်းစားတွေကို လက်ထပ်ပြီးရင် ဒုက္ခရောက်စေချင်တာလား”

ယန်ရှီ ခေါင်းကို သစ်တောက်ငှက်တစ်ကောင်လို ငြိမ့်လိုက်သည်။

"အဲဒါပြောတာ"

ပြိုင်ဘက်ညီအစ်ကိုတစ်ဦး၊ လူလိမ်ဖခင်တစ်ဦး၊ ပြီးတော့ အိမ်အကူအဖြစ် ဟန်ဆောင်ထားတဲ့ မယားငယ်တစ်ဦးလား။ မိသားစုဒရာမာက ဒီထက်ပို ရှုပ်ထွေးနိုင်သေးလား။

ကျုံချင်းယွီ "အတိုချုပ်ပြောရရင် "

ယန်ရှီ "အဲလို ယောကျ်ားတွေနဲ့ ဝေးဝေးနေ!"

ယန်ရှီသည် သူမနှင့် အမြင်ချင်းတူသည်ကို မြင်သောအခါ ကျုံချင်းယွီ နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ သူမသည် ယန်ရှီတစ်ယောက် ချစ်သူရည်းစားနှင့် ပြတ်ဆဲကာစဖြစ်၍ ကျုံယန်စီ၏ ပရိယာယ်များတွင် ကျရောက်သွားမည်ကို စိုးရိမ်ခဲ့သည်။ ကံကောင်းစွာဖြင့် ယန်ရှီသည် ထိုသို့သော ယောကျ်ားများကို မြင်တတ်လောက်အောင် လိမ္မာပါးနပ်သည်။

ယန်ရှီသည်လည်း သက်ပြင်းချလိုက်သည်။ System က သူတို့နှစ်ဦးလုံးကို "ဗီလိန်" ဟု သတ်မှတ်ထားသော်လည်း ပေဟန်လီနှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။ သူသည် ဝတ္ထု၏ သတ်မှတ်ထားသော အဓိကဗီလိန် ဖြစ်သည်။ ဝေးဝေးနေခြင်းက အကောင်းဆုံးပင်။

အပြန်အလှန် နှစ်သိမ့်ပေးပြီးနောက် နှစ်ဦးသား ပျော်ရွှင်စွာ ဖျော်ဖြေပွဲသို့ ထွက်ခွာခဲ့ကြသည်။

ချီဝိန်သည် လုပ်ငန်းနယ်ပယ်တွင် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူမ၏ သံစုံတီးဝိုင်းမှာ နိုင်ငံ၏ အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ ကျင်းပရာနေရာသည် လူပြည့်ကျပ်နေသည်။

လုံခြုံရေး စစ်ဆေးရေးဂိတ်တွင် သူတို့နှစ်ဦး ဆုလင်းလင်းကို တွေ့လိုက်ရသည်။

ကျုံချင်းယွီကဲ့သို့ ဆုလင်းလင်သည်လည်း ငယ်စဉ်ကတည်းက Cello ကို သင်ကြားခဲ့ဖူးပြီး ဟိုင်မြို့ရှိ ဖျော်ဖြေပွဲများကို ခဲယဉ်းစွာ လွဲချော်ခဲ့သည်။

ကျုံချင်းယွီနှင့် ယန်ရှီကို မြင်သည်နှင့် ဆုလင်းလင်း၏ မျက်ခုံးများ ကျုံ့ဝင်သွားသည်။

ပြိုင်ဘက်များ တွေ့ဆုံကြသည့်အခါ အပြန်အလှန်စကားစစ်ထိုးခြင်းသည် ရှောင်လွှဲ၍ မရနိုင်ပေ။

"ကျုံချင်းယွီ နင်က အခု ဖျော်ဖြေရေးလောကထဲ ရောက်နေပြီဆိုတော့ Cello တီးတာကို စွန့်လွှတ်လိုက်ပြီ ထင်တာ”

ကျုံချင်းယွီသည် ရုတ်တရက် ယန်ရှီ၏ မျက်ရည်စိုရွှဲနေသော ပြီးခဲ့သည့်လက ပြောပြခဲ့သည်များကို သတိရလိုက်သည်။ ဆုလင်းလင်းက သူမကို "ဆက်မတီးနိုင်တော့ဘူး" ဟု မည်သို့ လှောင်ပြောင်ခဲ့သည်၊ ယန်ရှီကို သူမ၏ လက်အောက်ခံဖြစ်အောင်ပင် ကြိုးစားခဲ့သည်ဟုပင်။

ဖြစ်ရိုးဖြစ်စဉ်အတိုင်းပင်

ကျုံချင်းယွီက ပြုံးလိုက်သည်။

"ဟန်မြို့မှာ ငါ့ကို ရှုံးပြီး အလုပ်ကြမ်းတွေ လုပ်နေတာ မေ့သွားပုံရတယ်၊ ဘာလဲ အစီအစဉ်အဟောင်းတွေ ပြန်မကြည့်ဘူးလား၊ ငါ ဘယ်လောက် ကောင်းကောင်း တီးခဲ့လဲဆိုတာ မမြင်ဘူးလား"

"နင် ပိုပြီး ရယ်စရာကောင်းတဲ့ မျက်နှာတွေ လုပ်သင့်တယ်၊ အမြဲတမ်း ငါ့ထက် အရှုံးသမား ဖြစ်နေတာကို မှတ်မိဖို့ ကူညီလိမ့်မယ်"

“နင်!”

ဆုလင်းလင်း၏ နူးညံ့သိမ်မွေ့သော မျက်ခုံးများ ဒေါသဖြင့် ပင့်တက်သွားသည်။

ကျုံချင်းယွီသည် အောင်မြင်စွာ ပြုံးလိုက်သည်။

“ဘာလဲ ဒေါသထွက်နေတာလား၊ မတတ်နိုင်ဘူး နင်အဲတုန်းကလည်း ငါ့ကို မနိုင်ခဲ့ဘူး အခုလည်း နိုင်မှာမဟုတ်ဘူး"

ဆုလင်းလင်းတစ်ယောက် သွားကြိတ်လိုက်သည်။ ကျုံချင်းယွီက အရင်ကလိုပဲ စိတ်တိုစရာကောင်းတယ် မဟုတ်ဘူး၊ အခု ပိုဆိုးလာတာ။

အွန်လိုင်းပေါ်က လူအများကြီး ဘာလို့ သူ့ကို ကြိုက်ကြတာလဲ သူတို့ မျက်စိမတရား ကန်းနေတာလား။

ရုတ်တရုတ်ဆိုသလို ဆုလင်းလင်းသည် ကျုံချင်းယွီ၏ လက်ထဲရှိ ဖျော်ဖြေပွဲလက်မှတ်များကို သတိပြုမိလိုက်သည်။

ခေတ္တရပ်တန့်လိုက်ပြီးနောက် သူမ လှောင်ပြောင်ရယ်မောလိုက်သည်။

"ကျုံချင်းယွီ ငါ့ထက် ပိုတော်နေလည်း ဘာအဓိပ္ပာယ်ရှိလဲ နောက်ဆုံးတော့ နင်က ပရိသတ်ထဲက တစ်ယောက်ပဲ၊ တစ်ချိန်က ဂီတပညာရှင် ဖြစ်ဖို့ အိပ်မက်မက်ခဲ့တဲ့သူတစ်ယောက် မဟုတ်ဘူးလား"

ကျုံချင်းယွီ၏ မျက်လုံးများ အနည်းငယ် မှောင်မိုက်သွားသည်။

"အဲဒါတွေက ကလေးဆန်တဲ့ စကားတွေပဲ၊ ဆုလင်းလင်း နင်ငယ်ငယ်တုန်းက မင်းသားတစ်ပါးနဲ့ လက်ထပ်ချင်တယ်လို့ မပြောခဲ့ဘူးလား၊ အခု မင်းသမီးတစ်ပါးရောဟုတ်ရဲ့လား"

သူတို့နှစ်ဦးသည် အဆက်မပြတ် စကားများရန် ဖြစ်နေကြသည်။

ယန်ရှီသည် သူမ၏ နားထဲတွင် စာကလေးတစ်သောင်းခန့် အော်မြည်နေသကဲ့သို့ သူမ၏ နားထင်တွင် သွေးကြောတစ်စင်း ထိုးဖောက် နာကျင်နေသည်ကို ခံစားရသည်။

၎င်းသည် အလယ်တန်းကျောင်းကတည်းက သူတို့၏ ပုံမှန်အပြုအမူဖြစ်သည်။ တွေ့ဆုံသည့်အခါတိုင်း စကားစစ်ထိုးခြင်းသို့ ပြောင်းလဲသွားသည်။ ရသစုံအစီအစဉ်ပြသစဉ်တွင် သူတို့နှစ်ဦးအား အတူတွဲမထားသောကြောင့် ထိပ်တိုက်ရင်ဆိုင်မှု နည်းပါးခဲ့သော်လည်း သူတို့၏ တူညီသော ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းများသို့ ပြန်ရောက်သောအခါ အငြင်းပွားမှုများ ပိုများလာသည်။

ယန်ရှီသည် ကျုံချင်းယွီ၏ အင်္ကျီစကို နှစ်ကြိမ် ဆွဲကာ သူမအား စိတ်လျှော့ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်။ သခင်မလေးသည် အငြင်းအခုန်တွင် အရှုံးမခံရန် ဆုံးဖြတ်ထားပြီး ဆုလင်းလင်းသည်လည်း ထိုနည်းတူ ခေါင်းမာသည်။ လက်လျှော့လိုက်ပြီး ယန်ရှီသည် သူတို့ကို ထားခဲ့ကာ ချီဝိန်အား နှုတ်ဆက်ရန် ထွက်ခွာခဲ့သည်။

ဖျော်ဖြေပွဲမစမီ ချီဝိန်သည် ကုဖန်သံစုံတီးဝိုင်း၏ ပရိသတ်များ၊ စပွန်ဆာများနှင့် ဧည့်သည်‌စောင့်ခန်းတွင် ရောနှောနေတတ်သည်။ သို့သော် ယနေ့တွင် သူသည် စင်နောက်တွင် အချိန်ပြည့် နေခဲ့သည်။

ဂီတသမားတစ်ဦးသည် နားနေကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။

ဆရာဝန်က သူ့အား သွေးကြောထဲသို့ IV ချိတ်ထားသော်လည်း အကူအညီ မဖြစ်ခဲ့ပေ။

“Acute appendicitis လို့ ခေါ်တဲ့ အူအတက်ရောင်တဲ့ ရောဂါပါ" ဟု ဆရာဝန်က ပြောသည်။

"ခွဲစိတ်တာက အကောင်းဆုံးရွေးချယ်မှုပါပဲ"

"ဆရာဝန်"

ဂီတသမားက ဆရာဝန်၏ အင်္ကျီစကို ဆုပ်ကိုင်ရင်း

"အကိုက်အခဲပျောက်ဆေးလေး ပေးလို့မရဘူးလား ကျွန်တော် ခဏနေ စင်ပေါ်တက်ရတော့မယ်"

ဆရာဝန်က သက်ပြင်းချလိုက်သည်။

"ခင်ဗျားရဲ့ ရောင်ရမ်းမှုက အခုပဲ ပြည်တည်နေပြီ၊ ဒါကို ခင်ဗျားက ဆက်ပြီး ဖျော်ဖြေချင်သေးတာလား၊ ပစ္စည်းတွေ သိမ်းပြီး ဆေးရုံသွားဖို့ ပြင်ပါတော့”

All Chapters