အခန်း (၇၁)
Vol. 8 Ch. 71
သံစုံတီးဝိုင်းအဖွဲ့၏ ဗန်ကားသည် နောက်တံခါးဝတွင် ရပ်ထားပြီး ဖျားနေသော ဂီတပညာရှင်ကို အတွင်းသို့ ဝင်ရောက်စေခဲ့သည်။ ကံကောင်းစွာပင် ဆေးရုံမှာ ပြဇာတ်ရုံနှင့် မဝေးလှသဖြင့် အရေးပေါ်အခန်းသို့ အချိန်မီ ပို့နိုင်ခဲ့သည်။
ထိုဂီတသမားကို နေရာချပေးပြီးနောက် ချီဝိန်သည် လက်မှတ်အစစ်ဆေးခံရန် တန်းစီနေသော ပရိတ်သတ်များကို လှမ်းကြည့်လိုက်သည်။ ဖျားနေသူမှာ Cello သမားဖြစ်သည်။ အဓိကမဟုတ်သော်လည်း ဤဂန္ထဝင်ဂီတဖျော်ဖြေပွဲတွင် cello မပါလျှင် ဖျော်ဖြေမှုကို ဆက်လုပ်ရန် မဖြစ်နိုင်ပေ။
"ဖျော်ဖြေပွဲကို ဖျက်ရမဲ့ပုံပဲ"
တီးဝိုင်းခေါင်းဆောင်က နှမြောတသဖြစ်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။
သို့သော် ချီဝိန်သည် လက်မလျှော့နိုင်သေးပေ။ သူမသည် ဤပွဲအတွက် များစွာကြိုးစားအားထုတ်မှုများစွာခဲ့ရပြီးဖြစ်သည်။
ထိုအချိန်တွင် သူမ၏ဖုန်းတွင် ယန်ရှီထံမှ မက်ဆေ့တစ်ခုရောက်လာသည်။
"ဆရာမချီ ကျွန်မနဲ့ ချင်းယွီ ပြဇာတ်ရုံကို ရောက်နေပါပြီ၊ လက်မှတ် တွေအတွက် ကျေးဇူးတင်ပါတယ်"
ချီဝိန်၏ မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်တန်းလေးကို မြင်မိသည့်နှယ် တဖြည်းဖြည်း ကျယ်လာသည်။ ရုပ်ရှင်အဖွဲ့၏ ရိုက်ကူး ရေးအစီအစဉ်အကြောင်း သူမသတိရမိသည်။ ထို့ကြောင့် ကျုံချင်းယွီသည်လည်း ခွင့်ယူထားမည်မှာ သေချာသည်။ ဆိုလိုသည်မှာ သူမသည် ပြဇာတ်ရုံတွင် ရှိနေပြီဖြစ်သည်။
ပြဇာတ်ရုံရှိ ဧည့်သည်ခန်းမတွင် ချီဝိန်ကို မတွေ့သဖြင့် ယန်ရှီသည် ကျုံချင်းယွီထံ ပြန်လာခဲ့သည်။
ကျုံချင်းယွီနှင့် ဆုလင်းလင်းတို့၏ သမိုင်းကြောင်းရှည်လျားသော ပြိုင်ဆိုင်မှုသည် Cello ပြိုင်ပွဲများမှ တက္ကသိုလ်အဆင့်သတ်မှတ်ချက်များအထိသာမက ယခုအခါ အချစ်ဆုံးသူငယ်ချင်းများအကြား ပြိုင်ဆိုင်မှုအဖြစ်သို့ပါ ရောက်ရှိလာခဲ့သည်။
ဆုလင်းလင်းက မာန်မာနအပြည့်ဖြင့် ခေါင်းကိုမာ့ပြီး ဆိုလိုက်သည်။
"ငါ့အချစ်ဆုံးသူငယ်ချင်းက နာမည်ကြီးတစ်ယောက်ပဲ"
ကျုံချင်းယွီက နှာခေါင်းရှုံ့လိုက်သည်။
"အခုတော့မဟုတ်တော့ပါဘူး ရဲ့လော့ယီရဲ့ ကျော်ကြားမှုက ငါ့နဲ့ယှဉ်ရင်တောင် မမှီတော့ဘူး၊ ဒါပေမဲ့ ရှီရှီကကျတော့ ပြည်နယ်အဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အဆင့် ၁၀ အတွင်းဝင်ခဲ့တာလေ ရဲ့ လော့ယီမှာရော ဒီလိုအောင်မြင်မှုမျိုးရှိလို့လား"
ဆုလင်းလင်းက စိတ်ရှုပ်သည်ဟန်ဖြင့် ခြေထောက်ကို တစ်ချက်ဆောင့်ချလိုက်သည်။
"ယီယီက အခုခဏလေး နာမည်ကျနေတာပါ၊ သူ့ရဲ့ဇာတ်လမ်းအသစ်ထွက်လာရင် ပြန်ပြီးနာမည်ကြီးလာမှာပဲ"
ကျုံချင်းယွီက လက်နှစ်ဖက်ကို ခါးတောက်လိုက်ကာ ပြန်ပြောသည်။
"ဇာတ်လမ်းကောင်းမကောင်းက နောက်မှကြည့်ရမဲ့ကိစ္စပါ အခုတော့ သူ့အိမ်မှာပဲ ဘာမှမလုပ်ဘဲထိုင်နေတာမလား၊ ပြောရရင် ရဲ့လော့ယီ အိမ်တွင်းပုန်းနေတာ အတော်ကြာပြီနော် နင်တို့က အရမ်းရင်းနှီးတဲ့သူငယ်ချင်းဆိုရင် ဒီဖျော်ဖြေပွဲကို သူနဲ့အတူတူဘာလို့မလာတာလဲ၊ နင်တို့သူငယ်ချင်းအရင်းကြီးဆိုတာ တကယ်လည်းမဟုတ်ပဲ ဟန်ဆောင်နေတာများလား"
ဆုလင်းလင်းက ခဏတာ တုန်လှုပ်သွားပြီး ဘာမှပြန်မပြောနိုင်ခဲ့ပေ။
သူမသည် ရဲ့လော့ယီကိုပါ လာစေချင်ခဲ့သည်။ နောက်ဆုံးကာလများတွင် အလုပ်မရှိသဖြင့် ဖျော်ဖြေပွဲတစ်ခုသည် သူမအတွက် စိတ်လက်ပေါ့ပါးစေရန် အကောင်းဆုံးဖြစ်မည်ဟု ထင်မြင်ခဲ့သည်။ သို့သော် ရဲ့လော့ယီ၏ တိုက်ခန်းသို့သွားသောအခါ သူမကို အိပ်ရာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ လှဲနေသည်ကိုတွေ့ရသည်။
သူမ၏ပုခုံးပေါ်တွင် ခြုံထားသော တဘတ်သည် ချော်ကျသွားပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသောပခုံးများနှင့် သူမချစ်သူကိုက်ထားသည့်လည်ပင်းတစ်ဝိုက်ကို မြင်တွေ့ရသည်။ ဤသည်ကို မြင်သည့်မည်သူမဆို ရှက်သွားစေနိုင်လောက်အောင် ဆိုးရွားသည်။
အနီးအနားရှိအိမ်တွင် ရပ်နားထားသည့် ဖာရာရီကားကို မြင်မိသောအခါ ဆုလင်းလင်းသည် အရာရာကို နားလည်သွားခဲ့သည်။
"ရဲ့လော့ယီ"
သူမက စိတ်တိုသွားပြီး ဆူပူလိုက်သည်။
"နင်ဘာလို့ ဒီလောက်အဆင်အခြင်မဲ့ရတာလဲ"
ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့၏ ဆက်ဆံရေးကိစ္စ ပထမဆုံးထွက်ပေါ်လာစဉ်က ဆုလင်းလင်းသည် ပေယွဲ့ပိုင်ဘက်မှ ရပ်တည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူသည် ရဲ့လော့ယီကို အမှန်တကယ်ချစ်မြတ်နိုးသည်ဟု ယုံကြည်ခဲ့သောကြောင့်ဖြစ်သည်။
သို့သော် လေဆိပ်တွင် တောင်းပန်ခဲ့ပြီး မီးရှူးမီးပန်းများဖြင့် ချစ်ခြင်းမေတ္တာဖော်ပြခဲ့ပြီးနောက် ဆုလင်းလင်းသည် အမှန်တရားကို မြင်တွေ့ခဲ့ရသည်။ ပေယွဲ့ပိုင်သည် အစစ်အမှန်တွင်လည်း စိတ်ဓာတ်မြင့်မားသူတစ်ဦးသာဖြစ်သည်။ အချစ်နှစ်ဖက်သမား၊ အမျိုးသမီးနှစ်ဦးလုံးကို လှည့်ဖြားသူဖြစ်ပြီး သူ့အတွက် မတန်ဖိုးရှိပေ။
"ကမ္ဘာပေါ်မှာ ကောင်းတဲ့ ယောက်ျားတွေ အများကြီးပါ"
ဆုလင်းလင်းက အားတက်သရော ပြောသည်။
"ပေယွဲ့ပိုင်က နင့်လိုမိန်းမကောင်းတစ်ယောက်နဲ့ မတန်ဘူး"
ရဲ့လော့ယီသည် တဘတ်ဖြင့် မျက်နှာကိုဖုံးကာ သူမ၏သူငယ်ချင်းနှင့် မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေမိသည်။
"ငါလည်းလက်လွှတ်ချင်မိပါတယ်၊ ဒါပေမဲ့ သူတောင်းပန်တိုင်း ငါနှလုံးသားကပျော့သွားတယ်၊ သူက အခု ကျုံချင်းယွီနဲ့တောင် မတွဲတော့ဘူး ဒါက နောက်ဆုံးတစ်ကြိမ်ပါ လင်းလင်းရယ်၊ ငါ့ကို ယုံပါနော် ဒါနောက်ဆုံးအကြိမ်ပါပဲ"
ဆုလင်းလင်း တိတ်ဆိတ်သွားပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
ပြဇာတ်ရုံသို့ ရောက်လာသောအခါ ကျုံချင်းယွီ၏စကားများက စုလင်းလင်းအား ဘာမျှပြန်မပြောနိုင်အောင် ဖြစ်စေခဲ့သည်။ စိတ်တိုမှုကြောင့် ရင်ထဲတွင် ဒေါသမီးများတောက်လောင်နေသော်လည်း သူမသည် ဒေါသထွက်ပြရန် တတ်နိုင်စွမ်းမရှိခဲ့ပေ။
"အား ငါနင်နဲ့ ငြင်းနေမှာမဟုတ်ဘူး"
သူမက အငြင်းပွားမည့်အစား အက်ကွဲကွဲအသံဖြင့် ပြောလိုက်ပြီး လက်မှတ်ကို ဝန်ထမ်းထံပေးကာ ဖျော်ဖြေပွဲခန်းမအတွင်းသို့ ဒေါသတကြီး ဝင်သွားသည်။
ကျုံချင်းယွီသည် သူမ၏နောက်ကျောကို ကြည့်ရင်း အောင်ပွဲခံသည့်ဟန်ဖြင့် ခါးထောက်ကာ ပြောလိုက်သည်။
"ဟား ဟား ငါနဲ့လည်း ပြိုင်ငြင်းနိုင်မှာမဟုတ်ပဲနဲ့"
လက်မှတ်စစ်ဆေးခံပြီးနောက် ယန်ရှီနှင့် ကျုံချင်းယွီတို့သည်လည်း ဖျော်ဖြေပွဲခန်းမအတွင်းသို့ ဝင်ရောက်သွားကြသည်။
နေရာတစ်ခုလုံး ပြည့်နှက်နေသည်။
ဖျော်ဖြေပွဲသည် သုံးနာရီတွင် စတင်ရမည်ဖြစ်သော်လည်း ယခုအချိန်ထိ ဘာလှုပ်ရှားမှုမှ မရှိသေးပေ။
ကျုံချင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။
"တစ်ခုခုဖြစ်သွားတာလား"
ထိုအချိန်တွင် ချီဝိန်သည် ဇာတ်စင်အနောက်မှ ထွက်လာသည်။ ယန်ရှီအား အရှေ့ဆုံးတန်း VIP နေရာများအတွက် လက်မှတ်ပေးထားသည့်အတွက် သူမအနေဖြင့် ကျုံချင်းယွီကို အလွယ်တကူမြင်တွေ့နိုင်ခဲ့သည်။
သူမက အလျင်အမြန်လာရောက်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။
"ချင်းယွီ ငါ့မှာ နောက်ထပ်ရွေးချယ်စရာမရှိတော့ဘူး၊ ကျီလုက အခု ဆေးရုံရောက်နေပြီ ဖြစ်နိုင်ရင် နင့်ကိုပဲ စင်ပေါ်မှာ အစားထိုးတီး စေချင်တယ်၊ ကျေးဇူးပြုပြီး ကူညီပေးပါနော်"
ကျုံချင်းယွီ အံ့အားသင့်သွားသည်။
"နင်တို့တီးဝိုင်းအဖွဲ့မှာ တခြားCelloသမား မရှိဘူးလား"
ချီဝိန် သက်ပြင်းချလိုက်သည်။
“ရှိတော့ရှိပါတယ် ဒါပေမဲ့ သူက ဟိုင်မြို့မှာ အခုမရှိဘူး"
ကျုံချင်းယွီသည် ခဏတာ ချီတုံချတုံဖြစ်နေခဲ့သည်။
"ငါ မလုပ်နိုင်ဘူး"
ချီဝိန်၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တဖျတ်ဖျတ်တောက်ပနေသည်။
"ရုပ်ရှင်အဖွဲ့အတွက် သီချင်းရွေးခဲ့တုန်းက ငါ့မှာ အကြံတစ်ခုရှိခဲ့တယ်၊ အဲဒီတုန်းက ဒီညဖျော်ဖြေမဲ့ တီးလုံးတွေကိုပဲ ရွေးထားခဲ့တာ၊ အဲဒါဘာလို့လဲဆိုတော့ နင်အရင်တုန်းက တီးဝိုင်းနဲ့ လေ့ကျင့်ဖူးတာကို ငါသိလို့လေ၊ လုပ်စမ်းပါ နင်လုပ်နိုင်ပါတယ်"
သူမက ကျုံချင်းယွီ အစမ်းလေ့ကျင့်စဥ်စဥ်က သံစုံတီးဝိုင်းနှင့် မည်သို့မည်ပုံ လိုက်ဖက်ညီခဲ့ပုံကို ပြန်ပြောပြသည်။ အကုန်လုံးက သူမကို ပရော်ဖက်ရှင်နယ်တစ်ယောက်ဟုသာ ထင်ခဲ့ကြသည်။
သို့သော်လည်း ကျုံချင်းယွီမှာ စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင်။ ယခုတစ်ခါသည် ရိုက်ကူးရေးလုပ်နေခြင်းမဟုတ်ပေ။ ရိုက်ကွင်းတွင် တစ်ခုခုမှားသွားပါက ပြင်လို့ရသေးသည်။ သို့သော်လည်း ဖျော်ဖြေပွဲတွင်တော့ ဒုတိယအခွင့်အရေးမရှိချေ။
သူမ၏ မပြတ်သားမှုကို မြင်သောအခါ ချီဝိန်က နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်သည်။
"နင်သာ မကူညီဘူးဆိုရင် ဖျော်ဖြေပွဲဖျက်ပစ်ရတော့မှာ"
ဖျော်ဖြေပွဲဖျက်သိမ်းလိုက်ပါက ချီဝိန်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သွားလိမ့်မည်။ သို့သော်လည်း သူမအတွက် အခြားရွေးချယ်စရာမရှိတော့ပေ။
ယန်ရှီက ကျုံချင်းယွီကို တံတောင်ဖြင့် ခပ်ဖွဖွလေးတွတ်လိုက်ပြီး အားပေးလိုက်သည်။
"ကြိုးစားကြည့်ပါလား၊ ဇာတ်ကားရိုက်နေတယ်လို့ပဲ မှတ်လိုက်လေ"
ကျုံချင်းယွီက ခေါင်းခါလိုက်သည်။
"မတူဘူး"
ယန်ရှီ၏ မျက်လုံးများက အနီးအနားတွင် ထိုင်နေသော ဆုလင်းလင်းထံသို့ ကြည့်မိသွားသည်။
ဉာဏ်နီဉာဏ်နက်များသော သူမ၏မျက်လုံးများ ဝင်းလတ်တောက်ပလာသည်။
"ဆုလင်းလင်းလည်း Cello ပညာကို နှစ်အကြာကြီးလေ့လာထားတယ်မလား ချင်းယွီ နင်တကယ်မသွားချင်ဘူးဆိုရင် ဆရာမချီကို သူ့ကို သွားမေးခိုင်း..."
"မဖြစ်ဘူး"
ကျုံချင်းယွီက သူမစကားမဆုံးခင်မှာတင် ကန့်ကွက်လိုက်သည်။ ဆုလင်းလင်းက စင်ပေါ်တွင် ဖျော်ဖြေနေပြီး သူမက ပရိတ်သတ်များထဲမှနေကာ ထိုင်ကြည့်နေရမည်ကို လက်မခံနိုင်ချေ။ ဆုလင်းလင်းက သည်ကိစ္စကို ဗန်းပြပြီး သူမကိုအမြဲတမ်းနှိပ်ကွပ်နေလိမ့်မည်။
ချီဝိန်က ဆုလင်းလင်းကို မသိပေ။ အမှန်တကယ်တမ်းတွင်လည်း ကျုံချင်းယွီငြင်းလိုက်ပါက သူမအနေဖြင့်လည်း ကြုံရာကျပမ်းလူတစ်ယောက်ကို စင်ပေါ်ကောက်မတင်နိုင်ချေ။ သို့သော်လည်း ယန်ရှီ၏ ဆိုလိုရင်းကို သူမချက်ချင်းသဘောပေါက်နားလည်သွားသည်။
"အင်း နင်သေချာတယ်ဆိုရင် ငါ ဆုလင်းလင်းကို သွားမေး..."
"ငါတီးမယ်"
ကျုံချင်းယွီက အံကို ခပ်တင်းတင်းကြိတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဆုလင်းလင်းကိုတော့ မနိုင်စေချင်ပေ။
ဇာတ်စင်နောက်တွင် ချီဝိန်က ကျုံချင်းယွီအတွက် cello ကို ကြိုးညှိပေးနေသည်။
အနက်ရောင်ကန့်လန့်ကာများမှတဆင့် ကျုံချင်းယွီသည် စောင့်ဆိုင်းနေသော ပရိတ်သတ်များကို မြင်နေရသည်။ "နည်းပညာဆိုင်ရာ အခက်အခဲ" ဟုကြေညာပြီး ၁၀ မိနစ်ခန့်အချိန်ဆွဲထားပြီး ပရိတ်သတ်များကလည်း စိတ်ရှည်စွာစောင့်နေကြသည်။
ကျုံချင်းယွီအနေဖြင့် နောက်ဆုံးအကြိမ် ယခုလို ဇာတ်စင်နောက်တွင်ရပ်ဖူးခဲ့သည်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ပါနာတက္ကသိုလ်တွင်ဖြစ်သည်။
ယခင်တုန်းက သူမအနေဖြင့် Cello ပြိုင်ပွဲများတွင် ဝင်ပြိုင်ခဲ့ဖူးသည်။ ကျောင်းရှိ ကဇာတ်ရုံများတွင် အကြိမ်ကြိမ် ဖျော်ဖြေခဲ့ဖူးရာ စင်ပေါ်တကက်ရခြင်းသည် သူမအတွက် ထမင်းစားရေသောက်ဖြစ်နေခဲ့သည်။
သို့သော်လည်း နှစ်နှစ်ခန့်မထိမတွေ့ခဲ့ရခြင်းက ဂီတသမားတစ်ယောက်အတွက်တော့ ကမ္ဘာလောက်ပင် ကြာပြီဟုခံစားရစေသည်။
ယခင်က လွယ်ကူခဲ့သောအရာများက ယခုမူကား သူမကို ထိတ်လန့်စေနေပြီဖြစ်သည်။
လက်ဖဝါးတစ်ခုလုံးတွင် ချွေးများစိုရွှဲနေသည်။ ရင်က တလှပ်လှပ်ဖြင့် ထိန်းမရသိမ်းမရခုန်နေသည်။ ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ကျုံချင်းယွီ လှည့်ကြည့်လိုက်သောအခါ ယန်ရှီက သူ့ဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမဘဝတွင် သူငယ်ချင်းများများစားစားမရှိပေ။ ဖျော်ဖြေပွဲမတိုင်ခင် ယခုလို တစ်ယောက်ယောက်က သူမဘေးတွင် ရပ်ပေးဖူးသည်မှာ ယခုအခေါက်သည်ပထမဆုံးအကြိမ်ဖြစ်သည်။
ယန်ရှီက စိတ်ခွန်အားဖြစ်စေမည့် စကားတစ်ခုခုပြောမည်ဟု သူမထင်ခဲ့မိသည်။
နောက်ဆုံးတွင် ကျုံချင်းယွီက ပထမဆုံးစကားစပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါ မစ္စတာကျုံကို အပြင်မှာ စောင့်ခိုင်းထားပြီးသားပါ၊ တကယ်လို့ ငါတို့ အဆင်မပြေရင် ပြေးကြတာပေါ့၊ ချီဝိန်ကိုလည်း သူ့ပြဿနာကို သူ့ဘာသာသူဖြေရှင်းခိုင်းလိုက်မယ်"
"နင်က သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီး ဒီလိုအချိန်မှာ ဝင်ပြီးကယ်တင်နိုင်တာတင် လေးစားဖို့ကောင်းနေပြီ၊ မဖြစ်နိုင်ဘူးတွေဘာတွေ တွေးမနေနဲ့တော့"
ကျုံချင်းယွီက စက္ကန့်နှစ်ဆယ်ခန့် ကြောင်သွားပြီး ရယ်မောလိုက်သည်။
သူမ မှန်သည်။
အဘယ့်ကြောင့် သည်လောက်စဉ်းစားနေရမည်နည်း။ အကယ်၍ အဆင်မပြေပါက ထွက်ပြေးလိုက်မည်။ သူမကို ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်၏ ပရိတ်သတ်များက သူများအိမ်ထောင်ရေးကို ဖျတ်စီးသူဟူ၍ သတ်မှတ်ထားပြီးမဟုတ်လော။ မည်သည့်အရာက ယင်းထက်ပိုဆိုးနိုင်သေးသနည်း။
သည်လိုဖြင့် သူမ၏ ထိတ်လန့်မှုများ လျော့ပါးသွားပြီး ယခင်က စိုးရိမ်မှုများပါ ပျောက်ကွယ်သွားခဲ့သည်။
ဖျော်ဖြေပွဲတွင် ဂန္ထဝင်တေးသွားများပါဝင်ပြီး အားလုံးကို ကျုံချင်းယွီက ယခင်ကတည်းက ကျွမ်းကျင်ပိုင်နိုင်နေပြီးသားဖြစ်သည်။ နူးညံ့သိမ့် မွေ့သော အမျိုးသမီးဇာတ်ကောင်တစ်ခုအတွက် သူမသည် Cello ကို ပုံမှန်လေ့ကျင့်နေခဲ့သည်။
မည်သည်ကိုမျှ စိုးရိမ်စရာမရှိတော့ပေ။
သူမ အားပါးတရ အသက်ရှူသွင်းလိုက်ကာ ကန့်လန့်ကာစများ ဖြည်းညင်းစွာဖြင့် ပျောက်ကွယ်သွားပုံကို စိုက်ကြည့်နေမိသည်။
ဆလိုက်မီးသည် သူမအပေါ်သို့ ကျရောက်လာချိန်၊ ဇာတ်စင်ပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် လွန်ခဲ့သော နှစ်နှစ်အကြာက အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်မှာ သူမ၏ စစ်မြေပြင်ဖြစ်သည်။ နှစ်နှစ်ကြာ ကင်းကွာခဲ့သော်လည်း အရာရာသည် သူမ အသက်ရှူနေသော လေထုကဲ့သို့ပင် ရင်းနှီးကျွမ်းဝင်နေဆဲပင်။
ကိုယ်ဟန်ကို ဖြောင့်မတ်စွာ ထိန်းကာ သူမ၏ နေရာသို့ ခန့်ညားစွာ လှမ်းလာစဉ် Cello တူရိယာမှာ အလင်းထဲတွင် ဖြူဖွေးစွာ တောက်နေသည်။
တေးသွားများ အရှိန်မြှင့်တက်လာသည်နှင့်အမျှ ပရိတ်သတ်တို့သည်လည်း ဂီတထဲတွင် စီးမျောသွားကြသည်။
ဆုလင်းလင်းမှာလည်း ယခင်ကကဲ့သို့ပင် ဖျော်ဖြေမှုထဲသို့ နှစ်မြုပ်နေမိသည်။ ထိုအချိန်တွင် သူမ၏ ရှေ့တည့်တည့်မှ ကျုံချင်းယွီကို မြင်လိုက်ရသည်နှင့် ဆွံ့အသွားခဲ့သည်။
သူမ မျက်လုံးများကိုပင် ပွတ်သပ်ကြည့်မိသည်။ ဤသည်မှာ ထင်ယောင်ထင်မှားလော။
ကျုံချင်းယွီပင်။ သူမ အမုန်းဆုံးသော ကျုံချင်းယွီ။
သို့သော် ယခုအချိန်တွင် သူမသည် စင်ပေါ်တွင် ထိုင်နေပြီး လက်ချောင်းများသည် ကြိုးများပေါ်တွင် ကျွမ်းကျင်စွာ လှည့်ပတ်ကစားနေကာ မျက်နှာထက်တွင် တည်ငြိမ်သော အာရုံစူးစိုက်မှုဖြင့် ပြည့်နှက်နေသည်။
ဆုလင်းလင်းသည် ကျုံချင်းယွီ လှသည်ကို ယခင်ကလည်း သိခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင်မူ သူမသည် ပိုမိုတောက်ပလာသည်ဟု ထင်မှတ်ရသည်။
ဆုလင်းလင်းသည် အလယ်တန်းကျောင်းသူဘဝကို မည်သည့်အခါတွင်မှမေ့နိုင်မည် မဟုတ်ပါ။
ထိုအချိန်က သူသည် ဖွင့်ပွဲအခမ်းအနားအတွက် Cello တစ်ကိုယ် တော်ဖျော်ဖြေမှုအတွက် မောပန်းနွမ်းနယ်သည်အထိ လေ့ကျင့်ခဲ့ပြီး အခွင့်အရေးရမည်ဟု ယုံကြည်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုအခွင့်အရေးကို ကျုံချင်းယွီလက်ထဲသို့ ပေးအပ်ခဲ့ရသည်။
သူမ အလွန်ဒေါသထွက်ခဲ့သည်။ ကျုံမိသားစုက နောက်ကွယ်မှ လာဘ်ပေးလာဘ်ယူလုပ်ခဲ့သည်ဟု ယူဆမိသည်။ ထိုအခါကလည်း သူမ၏ စိတ်ထဲတွင် တွေးခဲ့ဖူးသည်။
"စောင့်ကြည့်လိုက်စမ်းပါ၊ မိသားစုနောက်ခံနဲ့ဝင်လာတဲ့သူဆိုတာ ဇာတ်စင်ပေါ်မှာ အရှက်ရမှာ သေချာတယ်"
သို့သော် ဖျော်ဖြေပွဲနေ့တွင် ကျုံချင်းယွီ စင်ပေါ်တက်လာသည့်အခါ ဆုလင်းလင်းသည် မိမိ၏ အသက်ရှူသံကို ရပ်တန့်သွားသည်ဟုပင် ခံစားမိသည်။ ကျုံချင်းယွီသည် အလွန်လှပပြီး သူမ၏ တေးဂီတလက်ရာသည်လည်း ပို၍ပင် အံ့ဖွယ်ကောင်းလှသည်။ ဆုလင်းလင်းကြည့်နေမိသည်မှာ နတ်သမီးတစ်ပါးနှင့်ပင် တူနေသည်။
အမှန်အတိုင်း ဆိုရလျှင် နတ်သမီးတစ်ပါးကို ရှုံးနိမ့်ရခြင်းက သိပ်တော့မဆိုးလှချေ။
ထိုအချိန်တုန်းက ကျုံချင်းယွီသည် ဇာတ်စင်မှ ဆင်းလာပြီး ဆုလင်းလင်းကို လှမ်းကြည့်ကာ လှောင်ပြောင်လိုက်သည်။
"နင်က ငါ့နေရာဝင်ပြီး ငါ့လိုဖြစ်ချင်နေတာလား၊ ငါအမှားလုပ်မိမှာကို မျှော်လင့်နေတာလား ဆောရီးပဲ၊ ငါအမှားလုပ်မိရင်တောင် နင့်ထက်တော့ ပိုကောင်းဦးမှာ"
ဆုလင်းလင်း "..."
သည်ကောင်မလေးက အမှန်ပင် မောက်မာဝင့်ကြွားလွန်းသည်။
သည်လိုလူမျိုးကို သူမမည်သည့်အခါမျှ သဘောကျမည် မဟုတ်ပေ။
ထိုအချိန်မှစ၍ သူတို့၏ ပြိုင်ဆိုင်မှုသည် စတင်ခဲ့သည်။
ထိုကာလက ဆုလင်းလင်းသည် ကျုံချင်းယွီကို မနာလိုဝန်တိုခဲ့သော်လည်း သူမ၏ တင်ဆက်မှုတိုင်းကို ဗီဒီယိုရိုက်ယူကာ လေ့လာခဲ့သည်၊ ကျုံချင်းယွီတီးခဲ့သော တေးသွားတိုင်းကို ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့သည်။
နောက်ပိုင်းတွင် ကျုံချင်းယွီသည် Cello ပညာကို စွန့်လွှတ်လိုက်သည်ဟု ကြားသိရသောအခါ ဆုလင်းလင်းသည် အလွန်ဒေါသထွက်ခဲ့သည်။ အဘယ့်ကြောင့် ယခုလိုလုပ်ရသနည်း။ သူမသည် အလွန်တော်သူတစ်ဦး မဟုတ်လော။ ထို့ပြင် သူတစ်ပါးအိမ်ထောင်ရေးကိုဖြိုခွဲသူဖြစ်သွားသည်ဆိုသည်ကရော အဘယ်သို့ဖြစ်သွားရသနည်း။ သူမ၏ အလှနှင့် မိသားစုနောက်ခံအခြေအနေတို့ဖြင့် အမျိုးသားများစွာကို ခါချနေရမည့်အနေအထားပင်မဟုတ်လော။ အဘယ့်ကြောင့် ထိုကဲ့သို့ အောက်တန်းကျသည့်လုပ်ရပ်မျိုးကို လုပ်ခဲ့ရလေသနည်း။
ဆုလင်းလင်းသည် ကျုံချင်းယွီတစ်ယောက် လွန်ခဲ့သည့်နှစ်နှစ်အတွင်း မည်သို့မည်ပုံတွေးပြီး နေထိုင်ခဲ့သည်ကို မသိခဲ့ပေ။ သူမသိသည်မှာ ယင်းက သူမကို အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
သို့သော် ယခု ကျုံချင်းယွီကို ဇာတ်စင်ပေါ်တွင် ပြန်မြင်ရသည့်အခါ ဆုလင်းလင်း၏ မျက်လုံးထဲတွင် မျက်ရည်များစို့လာခဲ့သည်။
သူ့ရှေ့တွင် ရှိနေသော မိန်းကလေးသည် ဆယ်စုနှစ်တစ်ခုက ဆလိုက်မီးအောက်တွင် Cello တီးနေသည့် ကျုံချင်းယွီနှင့် တစ်ထပ်တည်း ဖြစ်နေသည်။
ကြည့်စမ်းပါဦး နတ်သမီးလေး ဒီမှာရှိနေဆဲပါလား။
ယန်ရှီကတော့ ဆုလင်းလင်းကဲ့သို့ စိတ်လှုပ်ရှားမှု မရှိခဲ့ပေ။
သိပ္ပံဘာသာရပ်တွင် ပိုမိုအားသာသူတစ် ယောက်ဖြစ်သည့်အား လျော်စွာ သူမသည် တေးဂီတကို နားမလည်နိုင်ချေ။ သင်္ချာနှင့် ရူပဗေဒကိုသာ စိတ်ဝင်စားသည်။ ကျုံချင်းယွီ၏ တင်ဆက်မှုကောင်းမကောင်း သူမ မသိနိုင်။
သို့သော် ချီဝိန်၏ မျက်ရည်ဝဲလောက်သည်အထိ စိတ်လှုပ်ရှားနေမှုနှင့် ပရိတ်သတ်တို့၏ အာရုံစိုက်နေသည့် မျက်နှာများကို ကြည့်လျှင် အတော်လေး ကောင်းမွန်နေခြင်းကြောင့်သာဖြစ်ပေလိမ့်မည်။
System သည် ယန်ရှီ၏ နားထဲတွင် ထအော်လိုက်သည်။
[Host ငါတစ်ခုပြောမလို့]
[မစ္စကျုံရဲ့ Cello စကေးတိုးတက်လာပြီ Hawthorne စားသောက်ဆိုင်မှာတုန်းကထက်တောင် ပိုကောင်းနေပြီ]
ယန်ရှီသည် မျက်ခုံးတွန့်အောင် ပြုံး၍ ပြန်ပြောလိုက်သည်။
"သတင်းကောင်းပဲ ဒီလိုသတင်းမျိုးကို သူတစ်ယောက်တည်း သိအောင် မထားသင့်ဘူး"
သူမသည် ဝူလျောင်ထံသို့ ချက်ချင်းပင် မက်ဆေ့ပို့လိုက်ကာ ကျုံချင်းယွီသည် ဂန္ထဝင်ဂီတဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေနေကြောင်း အွန်လိုင်းပေါ်တွင်ပျံ့နှံ့အောင် လုပ်ရန် ညွှန်ကြားလိုက်သည်။
ဝူလျောင် [မစ္စကျုံက ဖျော်ဖြေပွဲကို ဝင်ကူပေးနေတာလား]
[သူ အောင်မြင်အောင်လုပ်နိုင်ပါ့မလား]
ယန်ရှီ — [ငါတို့ရဲ့ သူဌေးမလေးကို ယုံလိုက်စမ်းပါ]
ဝူလျောင် [ဒါက စားသောက်ဆိုင်မှာ ဖျောဖြေတာနဲ့မတူဘူးနော်၊ ကွာဟချက်က ကြီးလွန်းတယ်]
ယန်ရှီလည်း သဘောတူသည်။ မင်းသမီးတစ်ဦးမှ ပရော်ဖက်ရှင်နယ် Cello ပညာရှင်အဖြစ် ကူးပြောင်းခြင်းသည် မလွယ်ကူသော အလုပ်ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် ကျုံချင်းယွီသည် ငယ်စဉ်ကတည်းကပင် Cello ပညာကို လေ့လာခဲ့သည်။ ထိုအချိန်က Cello တူရိယာသည် သူမထက် အရပ်ပိုမြင့်ခဲ့သည်။ ယင်းသည် သူမ၏ အနှစ်နှစ်ဆယ်ကြာ မိတ်ဆွေဖြစ်ခဲ့သည်။ ဤနှင့်စာလျှင် သရုပ်ဆောင်ခြင်းသည်သာ သူမအတွက် ပို၍ပင် အသစ်အဆန်းဖြစ်နေသေးသည်။
ယန်ရှီ [ငါတို့အခုမကြေညာထားရင်တောင် နောက်ပိုင်းအင်တာဗျူးတွေမှာ ပေါ်လာမှာပဲ]
ပရိတ်သတ်များအလွန်များပြားနေသည့်အတွက် ကျုံချင်းယွီကို တစ်ယောက်မဟုတ် တစ်ယောက်တော့ မှတ်မိမှာသာဖြစ်သည်။ ယခုအချိန်ကတည်းကစပြီး သတင်းကို ထိန်းချုပ်ထားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဝူလျောင် [ကောင်းပြီလေ၊ ငါ ရေပန်းစားမဲ့ သတင်းခေါင်းစဉ်တစ်ခုဝယ်ပြီး ကောမန့်စစ်မဲ့သူတွေ ငှားလိုက်မယ်]
ယန်ရှီက ခဏရပ်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
"တုံ့ပြန်မှုတွေ အရမ်းကောင်းနေရင် ကောမန့်စစ်မဲ့သူတွေကို သံသယဖြစ်အောင် လှုံ့ဆော်ခိုင်းလိုက်၊ အစတည်းက မယုံသင်္ကာဖြစ်နေကြရင်တော့ ဒီအတိုင်းထားလိုက်တော့"
ဝူလျောင် — "[...]"
[နှစ်ဘက်စလုံးကို ကစားနေတာလား Host မင်းကတော့ တကယ့်ကို စာနာမှုမရှိတဲ့သူပဲ]
ယန်ရှီ ပြုံးလိုက်သည်။ "ဒါမှ စိတ်ဝင်စားဖို့ကောင်းမှာလေ"
တညီတညွတ်တည်း ချီးကျူးနေကြပါက တမင်လုပ်ယူထားသည်နှင့်တူသွားလိမ့်မည်။ အငြင်းပွားမှုများကသာ အမှန်နှင့်တူစေပြီး သတင်းခေါင်းစဉ်များကို ပိုပြီးရေပန်းစားစေလိမ့်မည်။
...
နှစ်နာရီခန်ကြာပြီးနောက် ဖော်ဖြေပွဲကြီးသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော လက်ခုပ်သံများနှင့် အဆုံးသတ်သွားသည်။
ဇာတ်စင်နောက်တွင် ယန်ရှီသည် ပန်းစည်းများနှင့်အတူ စောင့်မျှော်နေပြီဖြစ်သည်။
"မစ္စကျုံချင်းယွီ အခုလို ပြီးပြည့်စုံတဲ့ဖျော်ဖြေပွဲမှာ ဖော်ဖြေနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
ကျုံချင်းယွီ၏ ရင်တွင်းတွင် ဖျော်ဖြေပွဲအတွက် စိတ်လှုပ်ရှားမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ သူမအနေဖြင့် ယခုလို မဖျော်ဖြေခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သူမ၏သွေးများသည် ယခုအချိန်ထိတိုင် ပူနွေးနေဆဲဖြစ်သည်။
သူမပတ်ဝန်းကျင်ရှိ လူတိုင်းက သူမကိုချီးကျူးနေကြသည်။ ချီးဝိန်၊ဂီတမှူးနှင့် အခြားဂီတပညာရှင်များ။
သူတို့၏ချီးကျူးမှုများက သူမ၏စိတ်ဓာတ်ကို ပိုမိုမြင့်တက်စေသည်။
တကယ်တော့ "ခရီးသွားကြစို့" တိုက်ရိုက်ထုတ်လွှင့်မှုကတည်းက ချီးကျူးမှုများစွာက သူမထံသို့ မစဲသည့်မိုးနှယ် ရွာသွန်းလာခဲ့သည်၊ အထူးသဖြင့် "Madness" ဇာတ်လမ်းတွဲတွင် ထုတ်လုပ်သူရှူနှင့် ဒါရိုက်တာဝိန်တို့က သူမ၏သရုပ်ဆောင်မှုတိုးတက်မှုကို ချီးကျူးခဲ့ပြီးနောက်ပိုင်းတွင် ပိုမို၍ ရေပန်းစားလာခဲ့သည်။
သို့သော် ထိုချီးကျူးမှုများသည် အွန်လိုင်းတွင် လှပသည်ဟုချီးကျူးခံရသည့်အရာနှင့် ဆင်တူသည်။ ပျော်စရာကောင်းသော်လည်း နှလုံးသားကို မလှုပ်ရှားစေခဲ့ပေ။
ဤညမှာတော့ ကွဲပြားလွန်းသည်။
ဤသည်မှာ သူမငယ်စဉ်ကတည်းက လွမ်းဆွတ်တောင့်တနေခဲ့သည့်အရာ၊ သူမ၏အပြောင်းအလဲများသောစိတ်ကို ဇွဲရှိရှိလုပ်ဆောင်စေခဲ့သည့်အရာဖြစ်သည်။ နှစ်နာရီကြာ ဖျော်ဖြေပြီးသည့်တိုင် သူမမှာ ပင်ပန်းမှုကို စိုးစဉ်းမျှပင် မခံစားခဲ့ရပေ။
အစေ့တစ်စေ့သည် သူမ၏နှလုံးသားထဲတွင် စိုက်ပျိုးခံခဲ့ရပြီး အမြစ်တွယ်လာကာ အပင်ငယ်တစ်ပင်အဖြစ် ကြီးထွားလာခဲ့သည်။ နောက်ပိုင်တွင် သူမကိုယ်တိုင်က ထိုအပင်ကို နှုတ်ပစ်မိလိုက်သည်။
ယခုတွင် ဇာတ်စင်နောက်တွင် ရပ်နေရင်း အလုပ်ရှုပ်နေကြသော တီးဝိုင်းအဖွဲ့ဝင်များကို ကြည့်ရှုနေရင်း ကျုံချင်းယွီသည် ထိုအစေ့ကို ပြန်လည်စိုက်ပျိုးလိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျုံချင်းယွီတစ်ယောက် နောက်ဆုံးမိနစ် ရောက်မှ ဖျော်ဖြေပွဲတက်ရောက်မှုနှင့်ပတ်သက်သော အွန်လိုင်းဆွေးနွေးမှုများမှာ တဖြည်းဖြည်းအရှိန်မြင့်လာခဲ့သည်။
"ခရီးသွားကြစို့" အစီအစဉ်နှစ်ခါရိုက်ကူးပြီးနောက် သူမ၏ဂုဏ်သတင်းတိုးတက်လာသော်လည်း သံသယများမှာ ကျန်ရှိနေဆဲဖြစ်သည်။
[ဂန္ထဝင်ဂီတပွဲတွေက အရမ်းကို အလေးအနက်ထားပြီး လုပ်ရတဲ့အလုပ်ပဲ ကျုံချင်းယွီ တကယ်လုပ်နိုင်ပါ့မလား]
[သူ့ကိုယ်သူ အရမ်းပုံကြီးချဲ့ပြနေသလိုပဲ]
[ငါ ကျုံချင်းယွီကိုကြိုက်ပေမဲ့ ဒီလိုနောက်ဆုံးမိနစ်အချိန်မှာ အစားထိုးဖျော်ဖြေဖို့ကျတော့ လုံလောက်တဲ့ကျွမ်းကျင်မှုရှိမယ်လို့ မထင်ဘူး]
[နားမလည်ဘူး ပွဲတက်တဲ့သူတွေက သရုပ်ဆောင်တာကိုပဲ အာရုံစိုက်သင့်တာမဟုတ်ဘူးလား၊ ကျုံချင်းယွီက သူချမ်းသာကြောင်းကြွားလုံးတွေ cello တီးတဲ့သတင်းတွေကိုလူပြိန်းကြိုက် သတင်းစာတွေမှာ ခဏခဏပါနေတာ သူ့ကို ပိုကောင်းအောင်သရုပ်ဆောင်ဖို့ပဲ အာရုံစိုက်ဖို့ပြောပေးကြပါလား]
လူအများစုက ကျုံချင်းယွီ၏ဖျော်ဖြေမှုစွမ်းရည်ကို သံသယရှိကြသည်။ အမှန်တကယ်ဆိုလျှင်လည်း ဂန္တဝင်ဂီတပညာရှင်နှင့် အခြေခံတီးခတ်သူတို့ကြားတွင် ကွာခြားမှုကြီးမားလှသည်။
ကျုံချင်းယွီ၏ပရိတ်သတ်များမှာ စိုးရိမ်နေကြသည်။ သူတို့ချစ်ခင်ရသည့် အမျိုးသမီးလေး၏ ဂုဏ်သတင်းမှာ မကြာသေးမီကမှ တိုးတက်လာခဲ့ပြီး သူတို့က သည်နောက်ဆုံးမိနစ်ရောက်မှ လူစားလဲမှုကြောင့် နောက်ထပ်ဝေဖန်မှုလှိုင်းတစ်ခုနှင့် ရင်ဆိုင်ရမည်ကို မလိုလားကြပါ။
ဖျော်ဖြေပွဲသည် အလွန်ခမ်းနားကြီးကျယ်ပြီး ဂီတပညာရှင်များစွာတက်ရောက်ခဲ့သည်။ ပရိတ်သတ်များကလည်း ကျုံချင်းယွီ၏ ဖျော်ဖြေမှုအခြေအနေမည်သို့ရှိခဲ့သနည်းဆိုသည့် အကြောင်းကို စိတ်အားထက်သန်စွာမေးမြန်းခဲ့ကြသည်။
ဖျော်ဖြေပွဲနှင့် ဂန္ထဝင်ဂီတတွင် ပါဝင်ခဲ့သူများအနက် အများစုမှာ ကျုံချင်းယွီကို မှတ်မိခြင်းမရှိကြပါ။ သူတို့မသိသည့်သူတစ်ဦးသည် တီးဝိုင်းထဲသို့ရောနှောပါဝင်နေသည်ကိုသိရှိရသည့်အခါ သူတို့အံ့အားသင့်ခဲ့ကြသည်။ ပရိတ်သတ်များက ထိုအကြောင်းကို ပြောပြပြီးနောက်မှသာ သတိထားမိကြသည်။
[ဒီနေ့ cello ကိုင်တဲ့သူက လူစားထိုးတဲ့တစ်ယောက်လား၊ ငါတော့သူတကယ်ကောင်းတယ်လို့ ထင်တယ်]
[သူက တီးဝိုင်းနဲ့အဆင်ပြေပြေလိုက်လုပ်နိုင်တယ် နောက်ဆုံးမိနစ်မှ အစားထိုးဝင်တာမျိုးမဟုတ်ဘူးလို့ထင်တယ်]
[ဒီဖျော်ဖြေပွဲအရဆိုရင်တော့ ဒီသရုပ်ဆောင်မင်းသမီးလေးက တော်တယ်လို့ပြောရမှာပဲ]
ချီဝိန်သည် အွန်လိုင်းဆွေးနွေးမှုများကိုမြင်ရပြီး ဂူဖန်သံစုံတီးဝိုင်းအဖွဲ့၏ တရားဝင်အကောင့်မှတစ်ဆင့် ကျုံချင်းယွီအတွက် ရပ်တည်ပြောဆိုလိုက်သည်။
[ကျွန်မတို့ရဲ့မူလ cello တီးခတ်တဲ့သူက အူအတက်ရောင်ရောဂါဖြင့် ဆေးရုံတင်ခဲ့ရတဲ့အတွက် မင်းသမီးကျုံချင်းယွီကို အစားထိုးဖျော်ဖြေသူအဖြစ် ဖိတ်ကြားရခြင်းဖြစ်ပါတယ်]
[မင်းသမီးက Crazy Summer and Winter ဇာတ်လမ်းတွဲမှာ တတိယမြောက်အမျိုးသမီးဇာတ်ဆောင်လီဟွားအဖြစ်ပါဝင်ခဲ့ပြီး သရုပ်ဆောင်မှုအစစ်အမှန်နဲ့ တူစေဖို့အတွက် cello သီးသန့်လေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့အပြင် ကျွန်မတို့တီးဝိုင်းနဲ့ပါ လေ့ကျင့်ခဲ့ပါတယ်၊ အခုဆိုရင် သူလည်း ပရော်ဖက်ရှင်နယ်အဆင့်ရှိလာပြီမလို့ ကျွန်မက သူ့ကို စင်ပေါ်မှာ ဖျော်ဖြေဖို့ ဖိတ်ခေါ်ခဲ့ရတာဖြစ်ပါတယ်]
[မင်းသမီးလေးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖျော်ဖြေပွဲကြီးက လူတိုင်းရဲ့မျှော်လင့်ချက်တွေနဲ့ ထပ်တူကျခဲ့ပါတယ်]
Weibo ပေါ်တွင် တိုက်ရိုက်ဖျော်ဖြေမှုမှ အကောင်းဆုံးအခိုက်အတန့်များကို ချီးဝိန်ကိုယ်တိုင် ရွေးချယ်ဖော်ပြထားသည်။
[ငါ ပထမဆုံးအကြိမ် ဂန္ထဝင်ဂီတနားထောင်ဖြစ်တာ အရမ်းကောင်းလိုက်တာနော်]
[မင်းသမီးလေး cello တီးခတ်တဲ့အခါ ကြိုးတွေကိုပဲ တီးခတ်နေတာမဟုတ်ဘူး ငါ့နှလုံးသားလေးကိုပါ တီးခတ်နေသလိုပဲ]
[မင်းသမီးလေးက သရုပ်ဆောင်ဖို့ cello လေ့ကျင့်ခဲ့တာကို ငါတစ်ယောက်တည်းသတိထားမိတာလား၊ သူတော့ သရုပ်ဆောင်ပညာစွမ်းကို တကယ်ကြီးပြတော့မယ်နဲ့တူတယ်]
[Crazy Summer and Winter က ဒါရိုက်တာဝိန်ရဲ့လက်ရာအသစ်လား စောင့်မျှော်နေပါတယ်နော်]
ထို့အပြင် သူမနှင့် အတူဖျော်ဖြေခဲ့ကြသော ဂီတပညာရှင်များကလည်း သူမအတွက် ရပ်တည်ပြောဆိုကြသည်။
သူတို့သည် Crazy Summer and Winter တွင် ငွေကြေးအပိုရရှိရန် ဇာတ်ရံအဖြစ်ပါဝင်ခဲ့ကြခြင်းဖြစ်ပြီး ကျုံချင်းယွီကလည်း သူတို့အား အကူအညီများပေးခဲ့သည်။ အကယ်၍ဖျော်ဖြေပွဲပျက်သွားပါက သူတို့အတွက် ကြီးမားသောဆုံးရှုံးမှုများဖြစ်စေနိုင်သည်။
မကြာမီအချိန်အတွင်း ဝူလျောင်ဝယ်ထားသော ရေပန်းစားသတင်း ခေါင်းစဉ်များအပြင် ကျုံချင်းယွီနှင့်သက်ဆိုင်သော hashtag များစွာက ထိပ်ဆုံးသို့ရောက်ရှိလာပြီး သူမ၏ပရိတ်သတ်အရေအတွက်သည်လည်း သိန်းနှင့်ချီပြီးတိုးလာခဲ့သည်။
ဖျော်ဖြေပွဲအပြီးတွင် ကျုံချင်းယွီနှင့်ယန်ရှီတို့သည် ကျုံမိသားစုအိမ်ရာသို့ပြန်လာခဲ့ကြသည်။
လမ်းတွင် ကျုံချင်းယွီသည် ဖုန်းကို ကြည့်ရင်း သူမ၏အကြောင်း ရေပန်းစားခေါင်းစဉ်များစွာကိုမြင်ရသည့်အတွက် ဝမ်းသာနေသည်။
မည်သူမျှ ချီးမွမ်းခြင်းကို မနှစ်သက်သည်မရှိပေ။ ကျုံချင်းယွီလည်း ထိုနည်းလမ်းအတိုင်းပင်။ ယခင်က သူမသည် သူမ၏အကြောင်း မှတ်ချက်များကို ရှောင်ရှားခဲ့သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အများအားဖြင့် အပျက်သဘောဆောင်သောကြောင့်ဖြစ်သည်။ သို့သော် မကြာသေးမီက သူမအပေါ် ပြန်လည်သုံးသပ်မှုများသည် အလွန်အမင်း အပြုသဘောဆောင်ခဲ့ပြီး ယခုအခါတွင် သူမသည် ညတိုင်း သူမ၏ပရိတ်သတ်များ၏ ချစ်ခြင်းမေတ္တာကို ခံစားရင်း အိပ်ပျော်နေခဲ့ရသည်။
ယန်ရှီလည်း စိတ်ချမ်းသာနေသည်။
ချောင်ယန်က ကျုံချင်းယွီနှင့်အတူ ကြော်ငြာသဘောတူညီမှုနှစ်ခုရရှိကြောင်း အကြောင်းကြားခဲ့သည့်အပြင် System ကလည်း ကျုံချင်းယွီ၏ ဖျော်ဖြေပွဲကြောင့် ဂီတလောကတွင် အသိအမှတ်ပြုခံရပြီး ကံ ကောင်းမှုအမှတ်တစ်မှတ်တိုးလာခဲ့ကြောင်း အသိပေးခဲ့သည်။
ဤသည်မှာ မူရင်းဝတ္ထု၏ဇာတ်လမ်းမပါဝင်သောကြောင့် ကံ ကောင်းခြင်းအမှတ်တိုးတက်မှုသည် အနည်းငယ်သာရှိခဲ့ခြင်းဖြစ်ပါသည်။ သို့သော် နောက်ထပ်ကြော်ငြာသဘောတူညီမှုများသည် ကျုံချင်းယွီ၏ကိုယ်ပိုင်အားထုတ်မှုများဖြင့်ရရှိသောအရာများဖြစ် သောကြောင့် စုစုပေါင်းရရှိသည့် အကျိုးကျေးဇူးများသည် သိသာထင်ရှားလာမည်ဖြစ်သည်။
တဖြည်းဖြည်းချင်းဖြင့် ကံကောင်းခြင်းအမှတ် ၁၀၀ အထိ ရောက်ရှိရန်မှာ အချိန်သာ ပို၍ လိုအပ်လာခဲ့သည်။
ဇိမ်ခံကားကြီးသည် ကျုံမိသားစုနေအိမ်သို့ရောက်ရှိသောအခါ ယန်ရှီသည် ဝင်ပေါက်အနားရှိ လုံခြုံရေးတဲထဲတွင် လင်းကျစ်ကိုတွေ့မြင်လိုက်သည်။
ယန်ရှီသည် စိတ်ရှုပ်ထွေးသွားခဲ့သည်။။ လင်းကျစ်သည် ရှင်းယောင်လုပ်ငန်းစု၏ လုပ်ငန်းများနှင့် ပိုမိုရင်းနှီးသောကြောင့်သာမက သာမ၏ ယခင်ကနေအိမ်သည်လည်း ကုမ္ပဏီနှင့်ဝေးကွာသော ကြောင့် သူမသည် ပုံမှန်အားဖြင့် လင်းကျစ်နှင့် ဖုန်းမှတစ်ဆင့်သာ ဆက်သွယ်ပြောဆိုလေ့ရှိသည်။ ယခုအခါ အဘယ်မျှအရေးကြီးသည့် ကိစ္စကြောင့် လင်းကျစ်ကိုယ်တိုင် လာရောက်ရခြင်းဖြစ်မည်နည်း။
သို့သော် ကျုံယန်စီကို သတိရမိသဖြင့် ယန်ရှီသည် မဆိုင်းမတွပင် ကျုံချင်းယွီကို အရင်သွားခိုင်းလိုက်သည်။
"ဒါဖြင့် ချူထင်းပိုင်နဲ့ပတ်သက်တာဖြစ်နိုင်တယ် နင်အရင်ဝင်သွားနှင့် နော်"
စိတ်အားတက်ကြွလာသော ကျုံချင်းယွီကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ရပါတယ် ဒီလိုရှုပ်အရှင်းတွေကို လင်းကျစ်နဲ့ပဲထားခဲ့လိုက်ပါ၊ ဒါက လက်ထောက်တွေရဲ့တာဝန်ပဲလေ"
သူမသည် သူမ၏ ကျုံစီးပွားရေးလုပ်ငန်းစု၏ ပရောဂျက်အားလုံးကို ယုရှောင်ထံသို့ လွှဲပြောင်းပေးခဲ့သကဲ့သို့ပင် ဖြစ်သည်။
ယန်ရှီ: "အင်းပါ"
ကျုံချင်းယွီအရင်ထွက်သွားသည်ကိုမြင်သောအခါ လင်းကျစ်သည် သက်သောင့်သက်သာရှိသွားသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမရှာဖွေတွေ့ရှိခဲ့သည်များကို ကျုံချင်းယွီအား ယခုအချိန်တွင် မျှဝေရန် အဆင်သင့်မဖြစ်သေးပေ။
စံအိမ်အဝင်ဝနားတွင် ချောင်ကျသော ပွဲကြည့်စင်တစ်ခုရှိသည်။ ယန်ရှီသည် လင်းကျစ်ကို ထိုနေရာသို့ ခေါ်ဆောင်သွားပြီး ပိုးမွှားကင်းစင် စေရန် ဆေးဖြန်းလိုက်ပြီးမှ ထိုင်လိုက်သည်။
"မုန့်ယင်းရုန်နဲ့ မုန့်ရွှမ်းယွီတို့ရဲ့ DNA ရပြီလား"
ယန်ရှီက တိုက်ရိုက်ပင်မေးလိုက်သည်။
လင်းကျစ်က လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကာ စစ်ဆေးမှုရလဒ်များကို လွှဲအပ်လိုက်သည်။
ယန်ရှီသည် ၎င်းတို့၏ဆက်ဆံရေးကို သိပြီးဖြစ်သောကြောင့် "[မုန့်ယင်းရုန်] နှင့် [မုန့်ရွှမ်းယွီ] တို့သည် သားအမိများဖြစ်နိုင်ကြောင်း" အစီရင်ခံစာကိုမြင်ရသည့်အခါ အံ့အားသင့်ခြင်းမရှိခဲ့ပါ။
လင်းကျစ်သည် ယခုအခါ မုန့်ယင်းရုန်၏လုပ်ရပ်များကို အထူးရွံရှာမုန်းတီးနေပြီဖြစ်သည်။ သူမသည် ယခင်က ယူရှောင်၏ လက်ထောက်ဖြစ်ခဲ့ပြီး ကျုံချင်းယွီဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။
သို့သော် DNA အစီရင်ခံစာတစ်ခုတည်းအတွက်သာဆိုလျှင် လင်းကျစ်သည် ကျုံမိသားစုအိမ်ရာသို့ ညအချိန်ကြီး လာရောက်မည်မဟုတ်။
"ဒါရိုက်တာယန် မုန့်ရွှမ်းယွီအကြောင်းကို စုံစမ်းရင်း အရမ်းကြီးမားတဲ့ကိစ္စတစ်ခုကို ကျွန်မ သိခဲ့ရပါတယ်"
ယန်ရှီ မျက်မှောင်ကြုပ်လိုက်သည်။
"ဘာကိုလဲ"
လင်းကျစ်က အထောက်အထားအသစ်များကို ဖော်ပြသည်။
"မုန့်ရွှမ်းယွီဟာ မကြာသေးခင်က မကာအိုကာစီနိုရုံမှာ တစ်ရာမီလီယမ် ရှုံးခဲ့ပါတယ် အဲဒီအကြွေးတွေကို ပြန်ဆပ်ဖို့အတွက် M အမှတ်တံဆိပ်ရဲ့နောက်ဆုံးပေါ်ပစ္စည်းတွေကို အပေါင်ထားခဲ့ပါတယ်"
ယန်ရှီတစ်ယောက်ပင့်သက်ရှိုက်လိုက်မိသည်။
"ဘယ်လောက်ကြီးတောင် အပေါင်ထားခဲ့ရတာလဲ၊ ဒါပေမဲ့ ငါတော့ M အမှတ်တံဆိပ်မှာ ပစ္စည်းပြတ်လပ်တယ်ဆိုတဲ့အကြောင်း မကြားမိပါဘူး"
"ဒါက အရေးကြီးတဲ့အပိုင်းပါ"
လင်းကျစ်က အခြားစာရွက်စာတမ်းတစ်ခုကိုလှန်ပြသည်။
"ဒီလမ်းကြောင်းအတိုင်း ကျွန်မ သေသေချာချာလေးလိုက်ရှာကြည့်တော့ မုန်ရွှမ်းယွီဟာ ကွမ်ကျုံးလုပ်ငန်းစုက ထုတ်လုပ်သူတွေနဲ့ ဆက်သွယ်ပြီး ပစ္စည်းအစစ်တွေကို အရည်အသွေးမြင့်တဲ့ ပစ္စည်းအတုတွေနဲ့ အစားထိုးပြီးရောင်းချနေတာကို တွေ့ခဲ့ရပါတယ်"
ယန်ရှီ - !!!
"မုန့်ရွှေယွီတော့ ရူးသွားပြီ"
ယခုသတင်းသာ ပေါက်ကြားလာပါက M-brand အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုကြီး ဖြစ်သွားမည်သာဖြစ်သည်။
ဝတ္ထုထဲတွင် မုန့်မိသားစု အဘယ့်ကြောင့် ဒုက္ခရောက်ခဲ့ရသည်ဆိုသည်ကို ယခ နားလည်သွားပြီဖြစ်သည်။ ကျုံယန်စီသေဆုံးခဲ့ပြီးနောက် သည်ကိစ္စက ပေါက်ကြားသွားခဲ့ပြီး မည်သူကမျှ မဖုံးဖိနိုင် တော့ပေ။
လင်းကျစ်က ထပ်မေးသည်။
"ဒါရိုက်တာယန် ကျွန်မတို့ ဥက္ကဌကျုံကို အသိပေးသင့်သလား"
ကျုံချင်းယွီနှင့် ကျုံယန်စီတို့ မသင့်မမြတ်ဖြစ်နေသော်လည်း သည်ကိစ္စကတော့ လျစ်လျူရှု၍ မရပါ။
ယန်ရှီက ပြန်ပြောသည်။
"ဘယ်ရမလဲ"
ပစ္စည်းအတုများသည် ဈေးကွက်ထဲရောက်နှင့်ပြီးဖြစ်သည်။ အနှေးနဲ့အမြန်ဆိုသလို အမှန်တရားက ပေါ်ထွက်လာမည်သာဖြစ်သည်။ ကျုံယန်စီလုပ်နိုင်သည့် အရာတစ်ခုမှာ မုန့်မိသားစုကိုကယ်တင်ရန်အတွက် သူ့ကိုယ်ပိုင်ပိုက်ဆံကိုသုံးပြီး ဝေဖန်လေကန်မည့် ပါးစပ်ပေါက်ကို ပိတ်ရုံသာရှိတော့သည်။ မုန့်ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးနှုန်းနှင့် ဂုဏ်သတင်းကမူ ထိခိုက်မှုရှိမည်မှာ မလွဲဧကန်ဖြစ်သည်။
လင်းကျစ်က မရေမရာဖြစ်ကာ ထပ်မေးသည်။
"ဒါဆို ဘာမှမဖြစ်သလိုနေကြရုံပဲပေါ့ အဲဒိလိုလား"
ယန်ရှီ စဉ်းစားနေပြီး စာရွက်စာတမ်းများကို ငေးကြည့်နေသည်။
"ငါတို့အနေနဲ့ တခြားနည်းလမ်းတစ်ခုတော့ သုံးဖို့လိုအပ်တယ်"
ထိုအတောအတွင်း ကျုံချင်းယွီသည် သူမ၏အခန်းသို့ပြန်ရောက်လာသည်။
ချူရန်တစ်ယောက် မပြန်သွားသေးပါ။ သူမသည် ရှင်းယောင်၏ CEO ရာထူးပြန်ရရန် အဓိကရည်ရွယ်ချက်ဖြင့် နေအိမ်အဟောင်းသို့ပြန်လာခဲ့သည်။ ကျုံပါးပါးနှင့် ကျုံယန်စီတို့က လက်မလျှော့သည့်အပြင် ကျုံချင်းယွီကလည်း ယန်ရှီဘက်မှ ရပ်တည်နေသဖြင့် သူမအ နေဖြင့် နည်းဗျူဟာပြောင်းရန် လိုအပ်နေသည်။
CEO ရာထူးမပြန်ရပါက အနည်းဆုံး ကျုံမိသားစုထံမှ အကျိုးအမြတ်အချို့ ရယူရန်လိုအပ်သည်။
ချူရန်က ကျုံချင်းယွီရှေ့တွင် ပရောဂျက်အဆိုပြုချက်များစွာကို ဖြန့်ထားသည်။
"အချစ်ကလေးရေ ဒါတွေကို ကြည့်ပါဦး ဒါတွေအားလုံးက အချစ်ကလေးတို့အဖိုးရဲ့ ကုမ္ပဏီက အလားအလာအရမ်းကောင်းတဲ့ ပရောဂျက်တွေပဲ၊ ချူမိသားစုကလည်း အချစ်ကလေးရဲ့ မိသားစုပါပဲနော် ၊ချူမိသားစုကို ရင်းနှီးမြှုပ်နှံတာက ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတာနဲ့ အတူတူပါပဲ"
ယခုအချိန်တွင် ကျုံချင်းယွီ၏ စိတ်အခြေအနေကောင်းနေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သည်ပရောဂျက်များအတွက် လိုအပ်သောစုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ၅၀ မီလီယမ်ခန့်ရှိမည်ဟု ခန့်မှန်းမိသည်။ ယင်းသည် ကြီးမားသော ငွေပမာဏဖြစ်သော်လည်း သူမ အရမ်းကာရောမသုံးဖြစ်ခဲ့ပေ။ ဤသည်မှာ သူမသုံးသမျှငွေတိုင်းကို ယန်ရှီက ပြန်ရှာပေးနေခြင်းကြောင့်လည်းပါသည်။ ထို့အပြင် ချောင်ယန်ပြောသည်မှာ လက်မှတ်ရေးထိုးရန် ကြော်ငြာနှစ်ခုမှ သဘောတူညီရန် စောင့်နေသည်ဟုဆိုသဖြင့် ဝင်ငွေအသစ်များ ရလာဦးမည်သာဖြစ်သည်။ ထို့ကြောင့် သူမသည် ချူရန်၏တောင်းဆိုမှုကို သဘောတူလိုက်သည်။
ချူရန်သည် အလွန်ဝမ်းသာသွားသည်။ အချိနိအကြာကြီး မနေထိုင်လိုသဖြင့် ပရောဂျက်စာရွက်စာတမ်းများကိုယူကာ ကျုံမိသားစုအိမ်ရာမှ ထွက်ခွာသွားသည်။
ခန်းမထဲမှထွက်ခွာစဉ် ချူရန်သည် ယန်ရှီနှင့် ပခုံးချင်းတိုက်မိသည်။
သူမသည် မျက်မှောင်ကြုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ယန်ရှီက သူမနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။ ကျုံချင်းယွီက သူမအား ၅၀ မီလီယမ်ခန့်ကို လွယ်လင့်တကူ ရင်းနှီးမြှုပ်နှံပေးခဲ့ပြီး ယန်ရှီကတော့ အလုပ်သမားငယ်လေးတစ်ယောက်သာဖြစ်သည်။ အကျိုးမရှိသော မိတ်ဆွေဆက်ဆံရေးက ဘာမျှမဟုတ်ပါ။ သွေးချင်းကမှ အရေးအကြီးဆုံးဖြစ်သည်။
ယန်ရှီက ချူရန်ပြန်လည်ထွက်ခွာသွားပုံကို ကြည့်ရင်း ပြောလိုက်သည်။
"သူ ဘာလို့ဒီလောက်ပျော်နေရတာလဲ"
[သူက သခင်မလေးဆီက ၅၀ မီလီယမ်တောင် လှည့်စားပြီးယူလိုက်တာပဲလေ ပျော်စရာကောင်းမှာပေါ့]
[အမှန်က သူကျုံမိသားစုနေအိမ်ကို ပြန်လာတဲ့အဓိကရည်ရွယ်ချက်က သခင်မလေးဆီက ပိုက်ဆံတွေယူဖို့ပဲ]
ယန်ရှီက ပြုံးပြလိုက်သည်။
"ဆုတောင်းလေ"
[သူမက သခင်မလေးရဲ့ အဒေါ်ဆိုတော့ ငါတို့ ဘာလုပ်နိုင်မှာလဲ]
ယန်ရှီက အောင်ပွဲခံသည့်အမူအရာဖြင့် ပြုံးပြလိုက်သည်။
"ငါ ချင်းယွီကို အခုချက်ချင်း စာချုပ်ဖျတ်သွားအောင် လုပ်နိုင်တယ်”
[???]
ကျုံချင်းယွီက ယန်ရှီပြန်လာသည်ကိုမြင်သောအခါ သူမကို ထိုင်ခိုင်းလိုက်ပြီး အန်တီကျန်းဆေးထားသော စပျစ်သီးများကို စားရန် ပြောလိုက်သည်။
"နင့်ကြည့်ရတာ ပျော်နေသလိုပဲ ချူထင်းပိုင်ကိစ္စက ပြေလည်သွားပြီလား"
ယန်ရှီက လျှို့ဝှက်ဆန်းကြယ်သောဟန်ဖြင့် အနားကပ်လာသည်။
"ပြေလည်ရုံတင်မကဘူး ငါတို့ ငွေကိုအပုံကြီးရှာလို့ရမဲ့ အခွင့်အလမ်းတစ်ခုလည်း တွေ့ခဲ့တယ်”
ကျုံချင်းယွီ စိတ်ဝင်စားသွားသည်။
"အို ဟုတ်လား ပြောစမ်းပါဦး"
ယန်ရှီက လင်းကျစ်စုဆောင်းထားသော အထောက်အထားများကို ဖြန့်ကာ ကျုံချင်းယွီရှေ့တွင် တစ်ခုချင်းစီထားပြသည်။
"ငါတို့ အရဲစွန့်ပြီး မုန့်စီးပွားရေးလုပ်ငန်းစုကို ဝယ်လိုက်ကြရင် ကောင်းမလား"