← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

“အဟွတ် အဟွတ် အဟွတ်…”

သူမ၏ လည်ချောင်းထဲ၌ နင်သွားသော စပျစ်သီးသည် ကျုံချင်းယွီအား အလွန်ပင် မွန်းကြပ်စေသည်။ထို့ကြောင့် ယန်ရှီသည် သူမ အသက်ရှု၍ ရစေရန်အလို့ငှာ ကျောပြင်အား နှိပ်ပေးနေသည်။

“ဘာလို့ အဲလောက်မြန်မြန်စားနေတာလဲ၊ ဘယ်သူမှ လုမစားပါဘူး”

ကျုံချင်းယွီသည် စိတ်တိုတိုဖြင့် ရယ်လိုက်သည်။

“နင်ပြောခဲ့တာကိုလည်း နင်ပြန်စဉ်းစားကြည့်လိုက်ဦး”

သူမသည် ထလိုက်ပြီး ယန်ရှီ၏နှဖူးအား စမ်းပြီးနောက် ပြောလိုက်သည်။

“အဖျားလည်းမရှိပါဘူး၊ ဒါဆို ဘာလို့ ကယောင်ကတမ်းတွေ ပြောနေတာပါလိမ့်”

ယန်ရှီသည် ရယ်ချင်စိတ်နှင့် အလိုမကျမှုများကို ပေါင်းခံစားလိုက်ရသည်။

“ငါတကယ်ပြောနေတာ”

ကျုံချင်းယွီသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

“ငါလည်းတကယ်ပြောနေတာ မုန့်မိသားစုကို ဘာများထင်နေတာလဲ၊ ရှင်းယောင်လို ကုမ္ပဏီအသေးလေးများထင်နေတာလား၊ သူတို့က ထိပ်တန်းအဆင့်ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်၊ အခုနှစ်တွေမှာ သူတို့ကျဆင်းနေပြီး အထက်တန်းဈေးကွက်တွေရဲ့ အောက်ဆုံး‌မှာရောက်နေတယ်ဆိုပေမယ့် သူတို့ရဲ့အောက်ခြေက ခိုင်ခံ့နေသေးတယ်၊ နင် ထျန်းဟွေ့ကို ရနိုင်တယ်လို့ပြောရင်တောင် ငါယုံလိုက်ဦးမယ်”

အကယ်၍ မုန့်မိသားစုသာ လုပ်ငန်းအသေးစားဖြစ်ခဲ့လျှင် မုန့်ယင်းရုန်သည် ကျုံပါးပါးနှင့် လက်ထပ်ရန်စီစဉ်ဖို့အတွက် အခွင့်‌အရေးရှိပါ့မလား။ ကျုံချင်းယွီသည် စီးပွားရေးအကြောင်းကို သိပ်၍နားမလည်သော်လည်း သူမတွင် အခြေခံသိထားသော အချက်များရှိသေးသည်။

“မုန့်မိသားစုကို ရဖို့ဆိုရင် နင်အနည်းဆုံး ကျုံလုပ်ငန်းစုလောက်ကြီးတဲ့ ကော်ပိုရေးရှင်းကြီးရှိဖို့လိုတယ်”

ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။

“အေးလေ၊ငါလည်း ကျုံလုပ်ငန်းစုကိုပဲ လုပ်ခိုင်းဖို့ကို ပြောတာလေ၊ ကောင်းပြီ ချက်ချင်းလက်ငင်းရယူဖို့ကတော့ အရမ်းခက်ခဲတာမှန်တယ်၊ ဒါပေမယ့် ငါတို့ ထိန်းချုပ်ပြီး နည်းနည်းချင်း အမြတ်ရယူသွားလို့ရတာပဲ၊ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့သူဖြစ်ရင် ရပြီလေ ငါ မုန့်မိသားစုကို မကျေနပ်ဘူး၊ ဒီဟာတွေသာ ဖော်ထုတ်လိုက်ရင် သူတို့ရဲ့ စတော့ရှယ်ယာတွေ တစ်ဝက်‌လောက်ထိုးကျသွားမှာပဲ၊ နင့်အဖေနဲ့ တိုင်ပင်သင့်တယ် ငါတော့ သူစိတ်ဝင်စားလိမ့်မယ်လို့ထင်တာပဲ၊ ဒါက ကျစ်ကျင်းဉယျာဉ် စီမံကိန်းလိုမျိုး အခွင့်အရေးကောင်းတစ်ခုနော်”

ကျုံချင်းယွီသည် နှစ်စက္ကန့်ခန့် ငြိမ်သက်သွားသည်။ ယန်ရှီသည် ရှင်းယောင်၌ VP အဖြစ်တာဝန်ယူနေသောကြောင့် သူမသည် ယန်ရှီမဖြစ်နိုင်သည့် ရှင်းယောင်ရှုထောင့်မှ ပြောနေသည်ဟု ထင်ခဲ့သည်။သို့သော် လုပ်ငန်းပေါင်းများစွာရှိသော ကျုံလုပ်ငန်းစုဘက်မှ ကြည့်လျှင် မုန့်မိသားစုအား ထိန်းချုပ်နိုင်ရုံသာမက ချက်ချင်းလက်ငင်းပင် သိမ်းယူရန် ပြဿနာမရှိချေ။

ယုံကြည်မှုကင်းမဲ့စွာဖြင့် ကျုံချင်းယွီသည် ခေါင်းငုံ့၍ ယန်ရှီမှ သူမအား ပေးထားသည့် စာရွက်စာတမ်းများကို လှန်လျောဖတ်ရှုနေသည်။ သူမ ပို၍ ဖတ်ကြည့်လေလေ ပို၍ အံဩရလေလေဖြစ်သည်။သူမသည် ကိုယ့်ကိုယ်ကိုယ် ငွေသုံးစွဲနိုင်လှပြီဟု အမြဲတမ်းထင်နေသော်လည်း မုန့်ရွမ်းယွီနှင့်ယှဉ်လျှင် သူမသည် သိပ်၍ မသုံးစွဲနိုင်သူတစ်ယောက်ဖြစ်သွားသည်။

“မုန့်ရွမ်းယွီက စိတ်လွတ်နေတာတော့ မဟုတ်ဘူးမလား”

ကျုံချင်းယွီသည် သူမ၏အသံအား အတော်နိမ့်၍ပြောလိုက်သည်။

ထိုပမာဏသည် အလွန်ပင် များလွန်းသည်။စံအိမ်ထဲ၌ အခြားသူများလည်းရှိနေခဲ့ပြီး သူမသည် မည်သည့်အသံကိုမျှ မကြားချင်တော့ပေ။

“အမှန်ပဲ”

မုန့်မိသားစုသည် ဝတ္ထုထဲ၌နောက်ဆုံးတွင် မည်သို့အဆုံးသတ်မည်ကို စဉ်းစားလျက် ယန်ရှီသည် လင်းကျီပေးသည့် သတင်းမှာ အနည်းဆုံး ၉၀ရာခိုင်နှုန်း‌မှန်လိမ့်မည်ဟု သေချာနေခဲ့သည်။

ကျုံချင်းယွီသည် စိတ်လှုပ်ရှားမှုများ မြင့်တက်လာသကဲ့သို့ ခံစားလိုက်ရ‌သည်။ အကယ်၍ ထိုအတင်းသတင်းသာ ပေါက်ကြားသွားခဲ့လျှင် မုန့်မိသားစု၏ စတော့ရှယ်ယာများသည် အမှန်ပင် ထိုးကျသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ရှယ်ယာများအား ဝယ်ယူလိုက်လျှင် ရူးမက်ဖွယ်ကောင်းသည့် အမြတ်ငွေများ ဝင်လာပေလိမ့်မည်။

ယန်ရှီသည် သူမကို ပိုမိုချော့မော့လိုက်သည်။

“စဉ်းစားကြည့်လေ ကျုံလုပ်ငန်းစုက Lion ရဲ့ရှယ်ယာကို ဝယ်လိုက်ပေမယ့် ဖယ်ထုတ်ခံလိုက်ရတယ်မလား၊ နင့်မှာ‌ရှိတဲ့ငွေနဲ့ မုန့်မိသားစုရဲ့ ရှယ်ယာတွေကိုဝယ်တာက ပြဿနာမရှိပါဘူး ဟုတ်တယ်မလား၊ သူတို့ သတင်းအကြပ်အတည်းကို ဖြေရှင်းပြီးတာနဲ့ စတော့ဈေးကွက်က ပြန်ပြီးတတ်လာမှာ”

“နင် ဒီဟာကို တင်ပြလိုက်ရင် နင့်ရဲ့ပါးပါးက နောက်ကျရင် မုန့်မိသားစုရဲ့အာဏာကို နင့်ဆီလွဲပြောင်းပေးဖို့သေချာသွားပြီ”

“ပါးပါး သဘောတူလောက်ပါ့မလား”

ကျုံချင်းယွီသည် မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့အရင်က ပတ်သတ်ခဲ့ဖူးတယ်လေ၊ သူက လူတွေသူ့ကို ဒီအချက်ကြောင့် ဝေဖန်တာကို မလိုချင်ဘူး”

ကျုံချင်းယွီ ပူပန်နေသည်ကို ကြည့်၍ ယန်ရှီသည် မုန်ရွမ်းယွီနှင့် မုန့်ယင်းရုန်တို့ မျိုးရိုးဗီဇ စစ်ဆေးမှုအစီရင်ခံစာအား ဆွဲထုတ်လိုက်သည်။

“နင့်ရဲ့ ပါးပါးကို ဒါပြလိုက် ၊သူကျိန်းသေ သဘောတူလာလိမ့်မယ်”

ကျုံချင်းယွီသည် ထိုအစီရင်ခံစာအား မယုံနိုင်သဖွယ် လှန်လျောဖတ်ရှုနေခဲ့သည်။ နောက်ဆုံး ရလဒ်အား ဖတ်လိုက်ရသည့်အချိန်တွင် သူမသည် ပင့်သက်ရှိုက်လိုက်သည်။

“သူက မုန့်ရွမ်းယွီကို သည်းသည်လှုပ်နေတာ အံ့ဩစရာမရှိတော့ပါဘူး ၊သူက သားအရင်းလေ၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ စီးပွားရေးအရလက်ထပ်လိုက်ရတဲ့သူရဲ့ ကလေးကိုရော သားသမီးအဖြစ် သဘောမထားနိုင်ဘူးလား”

သူမသည် ဖိုင်လ်အား ကော်ဖီစားပွဲပေါ်သို့ ပစ်ချလိုက်သည်။

“ကျုံယန်စီမှာ ဒိလိုအမေမျိူးရှိ‌နေတာ ကံဆိုးတာပဲ”

မုန့်မိသားစုတွင် တရားဝင်ကလေးသုံးယောက်ရှိ‌သည် : မုန့်ရွမ်းဟောင် ၊မုန့်ယင်းရုန်နှင့် မုန့်ရွမ်းယွီ တို့ဖြစ်သည်။

မုန့်ရွမ်းဟောင်သည် မုန့်ဟွေ့ကူ၏ ပထမဇနီးနှင့်ရသော ကလေးဖြစ်ပြီး မုန့်ယင်းရုန်သည် ဒုတိယအိမ်ထောင်မှရသော ကလေးဖြစ်သည်။ မုန့်ယင်းရုန်နှင့် မုန့်ရွမ်းဟောင်သည် မောင်နှမဖြစ်လင့်ကစား မတည့်လေဘူးဟု ကျုံချင်းယွီ အမြဲယူဆခဲ့သည်။

သို့သော် ယခု ဤကိစ္စများသည် ရှင်းလင်းသွားပြီဖြစ်၍ အငြင်းပွားဖွယ် မလိုတော့ချေ။ သူသည် သူမ၏သားကို အာဏာအဖြစ် အသုံးချသည့်အကြောင်းများပင်ဖြစ်သည်။

“အကယ်၍ နင့်ပါးပါးသာ ဒီအကြောင်းသိသွားရင် ငါတို့ဘက်မပါဘဲ နေမှာမဟုတ်ဘူး”

ယန်ရှီသည် အတိအကျပြောလိုက်သည်။

ကျုံချင်းယွီသည် ကော်ဖီစားပွဲအား လက်ချောင်းများဖြင့် တတောက်တောက်ခေါက်နေပြီး အတွေးထဲ၌ နစ်မြောနေသည်။

သူမနှင့် ကျုံယန်စီသည် မတည့်ဘူးဆိုလျှင်တောင် အကယ်၍ ကျုံလုပ်ငန်းစုအပေါ် မုန့်မိသားစုထိန်းချုပ်လိုက်လျှင် သူတို့ပါးပါး၏အမွေဆက်ခံမှုများသည် သူကွယ်လွန်ပြီးသည့်နောက်တွင် အညီအမျှခွဲယူရပေလိမ့်မည်။ ကျုံယန်စီသည် ပိုင်ဆိုင်မှုတစ်ဝက်ရပေလိမ့်မည်။ ဤသည်မှာ သူ့အတွက် အမှန်ပင် အကျိုးရှိစေလိမ့်မည်။သူတို့၏ ပါးပါးသည် မည်သည့်အခါမျှ ငြင်းဆိုမည်မဟုတ်ချေ။

သို့သော် သူမသည် ချူယန်၏ပရောဂျက်၌ ဝင်ရောက်မြှုပ်နှံမည်ဟု ကတိပေးထားသည်။ ငါးဆယ်မီလီယမ်သည် များပြားသည့်ပမာဏမဟုတ်သော်လည်း ချူယန်၏ပရောဂျက်ရွေးချယ်မှုများသည် များသောအားဖြင့် ဆိုးလွန်းလှသည်။ကျုံချင်းယွီသည် အစက သူမ၏အဒေါ်အား ပျော်ရွင်စေရန်ပြုလုပ်ပေးရသည်မှာ လွယ်ကူသည်ဟု ထင်ခဲ့သော်လည်း ယခုတွင် ကြီးမားသောအခွင့်‌အရေးနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ သူမသည် မုန့်မိသားစု၏ရှယ်ယာများအား တက်နိုင်သရွေ့ဝယ်ယူချင်ပေသည်။ ငွေကို အကျိုးရှိရှိ အသုံးပြုရမည်ဖြစ်သည်။

ကျုံချင်းယွီသည် ယန်ရှီပေးသည့် စာရွက်စာတမ်းများအား စုစည်းလိုက်သည်။

“ညစာစားပြီးသွားရင် ငါပါးပါးကိုသွားပြောလိုက်မယ်၊ ဒီကိစ္စကိုသေချာအောင် လုပ်ကြတာပေါ့”

__

ကျုံချင်းယွီနှင့် လမ်းခွဲပြီးသည့်နောက်တွင် ချူယန်သည် Victoria ကလပ်သို့ ဦးတည်သွားခဲ့သည်။

သူမ၏ သူငယ်ချင်းအဖွဲ့များသည် ယနေ့ ထိုနေရာ၌ ပါတီပွဲကျင်းပမည်ဖြစ်သည်။

အဖွဲ့ရှိ အမျိုးသမီးအများစုသည် ချူယန်နှင့် သက်တူရွယ်တူ ငယ်ရွယ်ချမ်းသာသည့် အမျိုးသမီးများဖြစ်ကြပြီး အများစုမှာ လက်ထပ်ပြီးသူများဖြစ်ကြသည်။‌ချူယန်ကဲ့သို့ အရွေးလွန်သူများသည်သာ တစ်ကိုယ်တည်းဖြစ်နေကြခြင်းဖြစ်သည်။

ယနေ့ည စု‌ဝေးခြင်းသည် မနက်ဖြန်တွင် လက်ထပ်တော့မည်ဖြစ်သော မိန်းကလေးတစ်ယောက်အတွက် အပျိုကြီးအဖြစ်အား စွန့်လွှတ်သည့်ပါတီဖြစ်သည်။

သီးသန့်ခန်းသည် နီယွန်မီးများဖြင့်အလှဆင်ထားပြီး ကြမ်းပြင်ပေါ်တွင် ဈေးကြီးသောရှန်ပိုင်ပုလင်းများ ပြန့်ကျဲနေသည်။ချူယန်သည် ခုံအလွတ်ကို တွေ့သောကြောင့် ဝင်ထိုင်လိုက်သည်။ သူမ ကြည့်လိုက်သည့်အခါတွင် သူမ၏ နှစ်တစ်ရာပြိုင်ဘက်ဖြစ်သည့် သတို့သမီးဖန်းရုံယန်သည် တခြားသူများအား သူမ၏ ငါးကာရက်ရှိသည့် စိန်လက်စွပ်ကို ကြွားလူံးထုတ်နေသည်။

“ရှင်းရှင်းပြောရရင် ငါက လက်စွပ်မလိုချင်ခဲ့ဘူး၊ ငါလက်ဝတ်လက်စားတွေဝတ်ရတာ မကြိုက်ဘူးဆိုတာ နင်တို့လည်းသိပါတယ် အဲလိုဝတ်ရတာ တကယ်အဆင်မပြေဘူးလေ၊ ဒါပေမယ့်ငါ့ရဲ့သတို့သားက မရမကတောင်းဆိုတယ်လေ၊ သူက ‘တစ်ခြားမိန်းမ‌တွေဝတ်ရင် မင်းလည်းဝတ်ရမှာပေါ့’လို့ပြောတယ်”

ဖန်းရုံယန်၏အဖေသည် ထိုင်ဝမ်သားဖြစ်သည်။ထို့ကြောင့် သူမသည် ငယ်ဘဝ၌ ထိုင်ဝမ်၌ကြီးပြင်းခဲ့ရသည်။ သူမ၏အသံသည် ယောက်ျားများ မက်မောသည့် ချိုသာသော မိန်းကလေးဆန်သည့်အသံဖြစ်သော်လည်း မိန်းမများအတွက်မူ သည်းမခံနိုင်လောက်အောင် နားဝင်ဆိုးလေသည်။

ချူယန်သည် ဖုန်းရုံယန်အား အထင်သေးသည့်ပုံစံဖြင့် မျက်စောင်းထိုးလိုက်သည်။ စိန်ငါးကာရက် လက်စွပ်လောက်လေးများ တကယ်ပဲ ထုတ်ကြွားဖို့ကော တန်လို့လား။

ထို့အပြင် သူမသည် ဖန်းရုံယန်၏ သတို့သားကို ယခင်က မြင်ဖူးသည်။သူတို့နှစ်ယောက်သည် Blind Date တစ်ခါတွေ့ဆုံဖူးသည်။ ချူယန်သည် ဆွဲဆောင်မှုမရှိသည့်ထိုယောကျာ်းအား ဖြတ်ချခဲ့သည်။ ယခုတွင်တော့ သူသည် ဖန်းရုံယန်နှင့် အဆုံးသတ်သွားလေပြီ ဖြစ်သည်။

လွန်ခဲ့သည့် 2နှစ်ခန့်တွင် ချူယန်၏အဖေသည် သူမအတွက် Blind Date ပေါင်းများစွာ စီစဉ်ပေးခဲ့သော်လည်း သူမသည် မည်သူ့အပေါ်ကိုမျှ သဘောမကျခဲ့ချေ။

ဖြစ်နိုင်သည်မှာ သူမငယ်ရွယ်စဉ်အချိန်က သူမ၏နှလုံးသားအားလှုပ်ခတ်စေနိုင်သည့်သူကို တွေ့ခဲ့ဖူးပြီးသောကြောင့်ဖြစ်ပေလိမ့်မည်။ ထိုကိစ္စပြီးနောက်တွင် သူမသည် တစ်ခြားသူတစ်ယောက်အား ထိုနည်းတူမခံစားမိတော့ချေ။

ချူမိသားစု၏အဆင့်အတန်းသည် မုန့်မိသားစုထက်ပို၍နိမ့်ကျသည်။ကျုံဟုန်ရှန်း၏အဖေနှင့် ချူယန်၏အဖေတို့သည် သူငယ်ချင်းဟောင်းများဖြစ်သောကြောင့် ကျုံဟုန်ရှန်းနှင့် မဟာမိတ်လက်‌ထပ်မှုဖြစ်လာခြင်း ဖြစ်သည်။ ချူယန်၏အဖေ စီးပွားရေးပျက်သည့်အခါတွင် ကျုံဟုန်ရှန်းသည် မုန့်ယင်းရုန်အားကွာရှင်း၍ ချူမိသားစုနှင့် လက်တွဲခဲ့ပေသည်။

ထိုအချိန်တွင် ချုယင်သည် အသက်၂၀ခန့်နှင့် ချူယန်သည် ၁၁နှစ်ခန့်သာ ရှိသေးသည်။ထို့ကြောင့် လက်ထပ်မှုသည် ချုယင်ထံသို့ ကျရောက်လာခဲ့သည်။

အစတွင် သူမ၏အစ်မသည် ကွာရှင်းထားသည့်သူဌေးအားယူလိုက်ရသည့်အကြောင်းကို သိပ်မတွေးမိခဲ့ချေ။ထို့အပြင် သူမ၏အမသည် အလွန်ပင် ချမ်းသာကြွယ်ဝလာပြီး ရက်ရောသောကြောင့် ချူယန်သည် အစ်မနှင့်တွေ့ရန်အလို့ငှာ ကျုံမိသားစုသို့ မကြာခဏ လာရောက်လည်ပတ်ခဲ့သည်။

မိန်းမပျိုလေး၏ နှလုံးသားလုပ်ခတ်မှုများသည် ယခုနှစ်များတွင် ပြန်လည်ဖြစ်ပေါ်လာသည်။သူမ၏အနား၌ရှိသောယောကျာ်းများသည် မရင့်ကျက်သေးသောပြဿနာကောင်များသာဖြစ်ပြီး သူမနှလုံးသားထဲတွင် ဆွဲဆောင်မှုရှိ၍ ဆန်းပြားသော အမျိုးသားတစ်ယောက်သာရှိလေသည်။

ထိုအချိန်တွင် ကျုံဟုန်ရှန်းသည် အသက်သုံးဆယ်အရွယ်မျှသာရှိသေးပြီး ကျောက်စိမ်းကဲ့သို့တောက်ပသော မျက်နှာနှင့် သူရဲကောင်းပန်အန်းကိုပင် ယှဉ်ပြိုင်နိုင်ပေသည်။ချူယင်နှင့် လက်မထပ်မှီအချိန်တွင် သူသည် ဟိုင်ချန်းမြို့၌ အချမ်းသာဆုံးမဟုတ်သေးပေ။သို့သော် နှစ်များကြာမြင့်ပြီးနောက်တွင် သူသည် အိမ်ခြံမြေကွက်များအား အမိအရဆုပ်ကိုင်ကာ သူ၏အသက်မွေးလမ်းကြောင်းအား မြှင့်တင်ခဲ့သည်။

ချူယန်သည် သူမကိုယ်သူမ ခဲအိုအား သဘောကျမိနေသည်ကို သိရှိခဲ့သည်။

သူမသည် ငယ်ရွယ်ပြီး မဖြစ်နိုင်သည်ကို မသိခဲ့ကြောင့် ထိုခံစားချက်များအား နှလုံးသားထဲ၌ မြှုပ်နှံခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ဆယ်စုနှစ်တစ်ခု ကြာမြင့်ပြီးနောက်တွင် ထိုခံစားချက်များ တဖြည်းဖြည်းပျောက်ကွယ်လာသည်။ ချူယင်ကွယ်လွန်သွားပြီသည့်နောက်တွင် ချူယန်သည် ကျုံဟုန်ရှန့်၏အကြောင်းအား နောက်တစ်ကြိမ်ဘယ်တော့မှ ထပ်မတွေးတော့ချေ။ ထို့အပြင် သူတို့နှစ်ဦးအကြားတွင် အသက်နှစ်ဆယ်ခန့်ကွာခြားလေသည်။

သို့သော် ကံကြမ္မာသည် ထပ်မံလှည့်စားပြန်သည်။ ကျုံချင်းယွီအားစောင့်ရှောက်ရန် ကျိုမိသားစု၌အတူနေစဉ် ချူယန်သည် တစ်ဆယ့်ခုနှစ်နှစ်အရွယ် ကျုံယန်စီအား မျက်စိကျမိသည်။

လူကြီးပင်မဖြစ်သေးသည့် ထိုလူငယ်သည် အရပ်ခြောက်ပေခန့်ရှိပြီး ပခုံးကျယ်၍ခြေတံရှည်များရှိသည်။သူ၏ ပြန့်ပြူးနေသော အဖြူရောင်ကျောင်းရှပ်အကျီအား အနက်ရောင်ဘောင်းဘီအတွင်းသို့ သပ်ရပ်စွာ ခေါက်ထည့်ဝတ်ဆင်ထားသည်မှာ သူ၏သေးသွယ်သည့်ခါးလေးကို ပေါ်လွင်စေသည်။သူ၏ခြေလှမ်းများသည် အတော်ကျယ်ပြီး အားမာန်ပြည့်ဝလှပေသည်။

ထိုအချိန်တွင် ချူယန်သည် အသက်နှစ်ဆယ့်လေးနှစ်သာ ရှိသေးသည်။

ကျုံယန်စီသည် ငယ်ရွယ်သော်လည်း ယဉ်ကျေးသိမ်မွေ့ပြီး လူတိုင်းအား ကျင့်ဝတ်နှင့်အညီဆက်ဆံသည်။သူ၏အကြည့်များသည် သူစိမ်းဆန်သော်လည်း သူ၏ပုံစံသည် အမှန်ပင်သဘောချင်စဖွယ်ကောင်းသည်။

သူသည် ချူယန်အားတွေ့သည့်အခါ သူမ၏ခရီးဆောင်အိတ်အား ကူမ,ပေးရန် ရှေ့တိုးလာသည်။

“အန်တီ၊ အန်တီကချင်းယွီရဲ့ဘေးခန်းမှာနေမှာမလား၊ ကျွန်တော်သယ်ပေးမယ်နော်”

ချူယန်၏လုပ်ရှားမှုများ ယာယီရပ်တန့်သွားသည်။

ကျုံယန်စီသည် သူမအား ထပ်မံ၍ခေါ်ပြန်သည်။သူ၏အသံသည် နက်ရှိုင်းပြီး ဆယ်ကျော်သက်တစ်ယောက်၏ ဩရှသောအသံသည် ချိူသာလှသည်။

သူမ၏တွေးဝေမှုများအား လက်ဖျောက်တီးလိုက်သည့်အခါမှသာ သူမသည် မသဲမကွဲပြောဆိုလာသည်။

“ကျေးဇူးပဲနော်”

သူမ၏ခရီးဆောင်အိတ်များအား ဧည့်သည်ခန်း၌ နေရာချပြီးသည့်အခါ ကျုံယန်စီသည် သူမဘက်သို့လှည့်၍ လေးနက်သောအသံဖြင့် ပြောလာသည်။

“ပါးပါးက မနေ့ကအသုဘကို မလာတော့ ချင်းယွီဝမ်းနည်းနေတယ်၊ သူက အတွေးလွန်တက်တာမလို့ သူမကို တစ်ချက်လောက် စိတ်ပြေသွားအောင်လုပ်ပေးပါလား”

ထို့နောက် သူမ မှတ်မိသည်မှာ အသုဘ၌ ကျုံယန်စီရှေ့တွင် ကျုံဟုန့်ရှန့်နေမကောင်းသည့်အကြောင်း ပြောမိခြင်းဖြစ်သည်။သူသည် ယခုထိ ဒေါသထွက်ကြောင်း မပြသေးဘဲနှင့် မိမိုက်နေဆဲဖြစ်သည်။

ချူယန်၏ ပါးနှစ်ဖက်သည် ရဲတက်လာပြီး သူမ၏နှလုံးခုန်သံများ မြန်ဆန်လာသည်။

ရှက်ကိုးရှက်ကန်းဖြစ်ခြင်းများ၊ ရင်ဖိုလှိုက်ရခြင်းများကို သူမ ခံစားမိခဲ့သည်။

သူမသည် ထိုအရာများအား ဖုံးဖိထားခဲ့သည်မှာ ဆယ်နှစ်ပင်ရှိနေပြီ ဖြစ်သည်။ ကျုံချင်းယွီနှင့် ကျုံဟုန်ရှန်းသည် သူမ၏ခံစားချက်အား အရိပ်အမြွက်မမျှပင် မသိသော်လည်း ကျုံယန်စီတစ်ယောက်သာ သိနေသည်ဟုထင်ရသည်။

အနည်းဆုံးတော့ ကျုံယန်စီသည် တစ်ကိုယ်တည်းသမားဖြစ်သည်။

သူမတွင် အခွင့်အရေးရှိသေးသည်။

“ချူယန် ချူယန်!”

ဖန်းရုံယန်သည် သူမအား ဆက်တိုက်ခေါ်နေခဲ့သည်။ ချူယန်ပြန်လည် မတုံ့ပြန်သည့်အခါ သူမ၏ဘေးနားတွင် သွားထိုင်လိုက်ပြီး လက်ချင်းထပ်လိုက်သည့်အချိန်တွင် သူမ၏စိန်လက်စွပ်သည် သိသာထင်ရှားစွာ တောက်ပနေသည်။

“ချူယန် နင်တစ်ယောက်ပဲ ငါတို့အဖွဲ့ထဲမှာ ဆင်ဂယ်ဖြစ်နေတာနော်၊ နင်လည်း အသက်မငယ်တော့ဘူး၊ တစ်ယောက်လောက်ရှာလိုက်တော့”

ချူယန်သည် သတိဝင်လာပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။

“တစ်ယောက်တည်းဖြစ်နေတာက ဘာဖြစ်လို့လဲ၊ ငါဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုဘဲနဲ့ ကြိုက်တဲ့သူနဲ့ချိန်းတွေ့လို့ရတယ်”

ဖန်းရုံယန်သည် တစ်ချက်ရယ်လိုက်သည်။

ချူယန်အတွက် “ငယ်ရွယ်သောကောင်လေး”သည် ကြည့်ကောင်း၍ ဆင်းရဲသောယောကျာ်းများကို ဆိုလိုခြင်းဖြစ်သည်။သူမတွင် ငွေသာရှိမည်ဆိုလျှင် မည်သူ့ယောကျာ်းကိုမဆို ရွေးချယ်နိုင်ပြီး သူတို့သည်လည်း သူမ၏ပြောစကားများအား လိုက်နာမည်ဖြစ်သည်။

“ဒါက မတူ‌ဘူးလေ”

ဖန်းရုံယန်သည် သူမ၏လက်စွပ်အား လှည့်ကစားနေပြီး ပြုံးလျက်ပြောလာသည်။

“ကောင်လေးတွေဆိုတာ အပျော်တွဲဖို့ပဲလေ၊ နင့်ကိုတကယ်ချစ်မြတ်နိုးပြီး ထောက်ပံ့ပေးနိုင်တဲ့ယောကျာ်းတစ်ယောက်လောက် ရှိသင့်တယ်”

ချူယန်သည် အသက်ကိုပြင်းပြင်းရှုလိုက်သည်

“ဟက် စိန်လက်စွပ်လား၊ ငါ့ဘာသာဝယ်ဝတ်နိုင်တယ်”

“ငါတို့ချူယန်လေး ပင်ပန်းနေပြီ”

သူငယ်ချင်းနောက်တစ်ယောက်မှ ဝင်ရောက်ပြောဆိုသည်။

“ကျုံလုပ်ငန်းစုရဲ့သမီးက သူ့တူမလေ၊ သူကဘာလို့ဝယ်မဝတ်နိုင်ရမှာလဲ”

“အကယ်၍ ငါမှာ ကျုံချင်းယွီလိုတူမမျိုးရှိရင် ဘာလို့ယောကျာ်းယူတော့မှာလဲ၊ တစ်ယောက်တည်းပဲ တောက်ပနေတော့မှာပေါ့”

“ဟုတ်တယ်၊ထျန်းဟွေ့က မင်းသားတွေက တော်တော်မိုက်တယ်”

“အမှန်ဘဲ၊ ဟို ရှန့်ရှင်းဟယ် နဲ့ စီယဲ့တို့က အရမ်းချောတာပဲ၊ သူတို့သက်လုံကောင်းမှာသေချာတယ်”

အဖွဲ့တစ်ဖွဲ့လုံးသည် ရယ်မောနေကြပြီး သူတို့ပြောဆိုနေသောစကားများသည် ပုံမှန်ပြောဆိုနေကြဖြစ်သည့် လက်ဝတ်လက်စားများ၊ အသုံးအဆောင်ပစ္စည်းများ ၊အိတ်များနှင့် ယောက်ျားများ အကြောင်းသာ ဖြစ်သည်။

“ယန်ယန်၊ ဒီည ဟိုင်ချန်းမှာလေလံပွဲရှိတယ်၊ ငါတို့မိသားစုမှာ လေလံဆွဲပေးတဲ့ ကိုယ်စားလှယ်တွေလည်းရှိတယ်၊ ဒီညရဲ့ပစ္စည်းက ငါးကာရက်ရှိတဲ့ အဝါရောင်စိန်လေ ၊ခန့်မှန်းရ‌သလောက်တော့ တစ်ဆယ်မီလီယမ်မကျော်ဘူး၊ စိတ်ဝင်စားလား”

ချူယန်မျက်လုံးများသည် လျင်မြန်စွာ ရွေ့လျားသွားသည်။သူမ ငြင်းသင့်သည်ဟု မတွေးမိခင်ကပင် တစ်ခြားသူများသည် သူမအား အားပေးမြှောက်ပင့်နေသည်။

“တစ်ဆယ်မီလီယမ်လား မက်လောက်စရာပဲ၊ နင်တို့ ကျုံချင်းယွီရဲ့ရှိုးကိုမကြည့်ဘူးလား၊ သူက သူငယ်ချင်းကို မီလီယမ်နှစ်ဆယ်တန်တဲ့ ဇိမ်ခံသင်္ဘောကို လက်ဆောင်ပေးတာ”

“အေးလေ၊ သူ့သူငယ်ချင်းကိုတောင် အဲလိုပေးရင် သူ့ရဲ့အဒေါ်ကို ဘယ်လောက်တောင်ပေးလိုက်မလဲဆိုတာ တွေးကြည့်လိုက်လေ”

“တစ်ဆယ်မီလီယမ် စိန်လက်စွပ်ဆိုတာ ယန်ယန်တို့မျက်တောင်တောင် ခတ်စရာမလိုဘူး”

ချူယန်သည် လက်ဝတ်လက်စားအတွက် ငွေတစ်ဆယ်မီလီယမ် သုံးဖြုန်းခြင်းသည် အရေးမပါသည့်အရာဟု ခံစားရသည်။

သို့သော် သူမသည် ပြုံးနေသည့် ဖန်းရုံယန်အား ရုတ်တရတ်ကြည့်လိုက်သည့်အခါ သူမ၏မျက်နှာသည် စိတ်လှုပ်ရှားခံစားမှုများနှင့် ပြည့်နှက်နေသည်။ဤပါတီသည် သူမအတွက်ပြု‌လုပ်ပေးခြင်းဖြစ်ပြီး ယခုအချိန်အထိ လူတိုင်းသည် ကျုံချင်းယွီအကြောင်းသာ ပြောဆိုနေကြပြီး ချူယန်အပေါ်သာ စိတ်ဝင်စားနေကြသည်။

ဖန်းရုံယန်သည် အံကြိတ်လိုက်ပြီး လက်ချောင်းများသည် သူမ၏စကပ်အား ချေမွနေပြီး မျက်လုံးများသည် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

ချူယန်သည် ရုတ်တရတ် စိတ်လှုပ်ရှားလာသည်။ စိန်တစ်လုံးတစ်ဆယ်မီလီယမ်သည် သိပ်၍မဆိုးဘူးဟု ထင်မြင်မိသည်။

ပြီးနောက် သူမသည် မနက်ဖြန် ကျုံချင်းယွီထံမှ မီလီယမ်ငါးဆယ်တောင်းယူရရှိမည်ဖြစ်သည်။

မေးငေါ့၍ ချူယန်သည် မာနကြီးစွာပြောလိုက်သည်။

“နင့်ရဲ့ကိုယ်စားလှယ်ကို လေလံဆွဲဖို့ပြောလိုက်၊ အဲဒီအဝါရောင်စိန်က ငါ့အတွက်ပဲ”

သူမ ထို့သို့ပြောပြီးသည်နှင့် သတင်းစကားသည် လေလံရုံနေရာသို့ ရောက်ရှိသွားသည်။ အတွေ့အကြုံရှိသည့် လေလံဆွဲသူသည် လုပ်ပိုင်ခွင့်အား ရယူလိုက်သည်။အကယ်၍ သူ‌ဌေးသာ စိန်ကိုလိုချင်လျှင် သေချာပေါက် ရစေရမည်။

ထိုအချိန်တွင် အဝါရောင်စိန်အား လေလံဆွဲခြင်းသည် ခုနှစ်မီလီယမ်မှ စတင်ခဲ့သည်။

၎င်း၏အရောင်အဆင်း၊ကြည်လင်တောက်ပြမှုနှင့် ပုံဖော်မှုများသည် ထူးခြားလှပြီး ပြိုင်ဆိုင်မှုများအား ပြင်းထန်စေသည်။ မိနစ်အနည်းငယ်အတွင်း၌ပင် စျေးနှုန်းသည် ကိုးမီလီယမ်အထိမြင့်တက်သွားပြီး လူအတော်များများကို လက်လျော့သွားစေသည်။

ချူယန်သည် ယုံကြည်ချက်ခိုင်မာနေသည်။သူမ၏ အသုံးပြုမည့်ပမာဏသည် တစ်ဆယ်မီလီယမ်ဖြစ်သည်။

သို့သော် သူမ၏ကိုယ်စားလှယ်သည် တစ်ဆယ်မီလီယမ်ဟုခေါ်လိုက်သည့်အချိန် တစ်ခြားသော ကိုယ်စားလှယ်မှ ပြန်လည်ချေပသည်။

“ဆယ့်တစ်မီလီယမ်”

ချူယန်အံ့ဩသွားသည်။

တစ်ဆယ်မီလီယမ်နှင့် ဈေးပိတ်ရမည်မဟုတ်ပါလော။

လေလံပစ်သူအမျိုးသမီးသည် မျက်နှာမဲ့စွာပြောလိုက်သည်။

“ကြည့်ရတာ တစ်စုံတစ်ယောက်က ဒီစိန်အပေါ်မျက်စိကျနေပုံပဲ၊ သူတို့ကလက်လျော့မှာ မဟုတ်ဘူး”

ဖန်းရုံယန်သည် ချိုမြိန်စွာ ပြုံးလိုက်သည်။

“ချူယန်၊ ထားလိုက်ပါတော့၊ ဆယ့်တစ်မီလီယမ်ဆိုတာ နည်းတဲ့ပမာဏမဟုတ်ဘူး”

ချူယန်သည် ဖန်းရုံယန်ရှေ့၌ မျက်နှာမပျက်ချင်ပေ။အဖွဲ့ထဲတွင် တစ်ကိုယ်တည်းသမားဖြစ်နေခြင်းသည် အတော်ပင်ရယ်စရာကောင်းနေပြီ ဖြစ်သည်။အကယ်၍ သူမသာစိန်ကို ရအောင်မဝယ်နိုင်ခဲ့လျှင် သူမ အသက်ရှင်နိုင်တော့မည်မဟုတ်ချေ။ ဖန်းရုံယန်သည် သူမအား တစ်သက်လုံး လှောင်ရယ်နေပေလိမ့်မည်။

“ဆက်ပြီး လေလံဆွဲထား၊ ငါစိန်ကို ရတော့မှာ”

တစ်ဖက်တွင် ကျုံစံအိမ်၌ ကျုံချင်းယွီသည် ညစာမစားမှီ လေလံဆွဲသူစာရင်းအား သူမ၏တက်ပလပ်ပ်(tablet)မှတဆင့် ကြည့်ရှုနေသည်။

သူမသည် ပါဝင်ရန် မစီစဉ်ထားဘဲ ပစ္စည်းအသေးများ အနည်းငယ်ကိုသာ ရယူရန် စဉ်းစားထားသည်။ သို့သော် ငါးကာရက် အဝါရောင်စိန်သည် သူမ၏မျက်လုံးအား ချက်ချင်း ဖမ်းစားလိုက်လေသည်။

မည်သူသည် တောက်ပနေသည့်စိန်အား မလိုချင်မည်နည်း။

ထို့အပြင် ခုနှစ်မီလီယမ်နှင့် လေလံစတင်သောကြောင့် ကျုံချင်းယွီသည် တစ်ဆယ်မီလီယမ်နှင့် လေလံနိုင်လောက်သည်ဟု ခန့်မှန်းခဲ့သည်။

ကျုံချင်းယွီသည် သူမ၏ ခန့်မှန်းချက်အားအတည်ပြုပေးသော ကိုယ်စားလှယ်အားဆက်သွယ်ခဲ့သည်။ လေလံဆွဲနေသည့်အချိန်တွင် ကိုယ်စားလှယ်သည် သူမ၏အမြင့်ဆုံးလေလံဈေးအား မေးမြန်းလေသည်။

ထိုမေးခွန်းသည် အမှန်ပင် စော်ကားရာကျလွန်းသည်။

ဤငယ်ရွယ်သည့်အမျိုးသမီးသည် မည်သည့်အချိန်တုန်းက “အမြင့်ဆုံးလေလံဈေး” ရှိခဲ့ဖူးသနည်း။ အကယ်၍ သူမသည် စိန်ကိုလိုချင်လျှင် ကျိန်းသေပေါက်ရရမည်၊ ကုန်ကျမှုသည် သူမအတွက် အရေးမကြီးချေ။

အစ၌ လူတိုင်းသည် ထိုစိန်အား တစ်ဆယ်မီလီယမ်ထက် ပို၍ဈေးမများလောက်ပေဟု ထင်ခဲ့ကြသော်လည်း ဈေးနှုန်းသည် ဆယ့်တစ်၊ဆယ့်နှစ်၊တစ်ဆယ့်ငါး၊တစ်ဆယ့်ခုနှစ်၊နှစ်ဆယ်မီလီယမ်အထိ မြင့်တက်သွားခဲ့သည်။

ချူယန်သည် တွေဝေသွားသည်။

ကျုံချင်းယွီသည်လည်း မှင်သက်သွားသည်။ မည်သူက သူမနှင့် ပြိုင်၍ဝယ်ရဲသနည်း။

သီးသန့်အခန်းထဲတွင် ချူယန်၏မျက်နှာသည် အပြုံးများဝေဆာနေသော်လည်း နှဖူးတွေ အေးစက်သောချွေးများ စီးကျနေသည်။

လေလံဆွဲပေးသည့်ကိုယ်စားလှယ်မှ သတိပေးသကဲ့သို့မေးလာသည်။

“ယန်ယန်၊လေလံဈေးက နှစ်ဆယ်မီလီယမ်တောင်ရောက်နေပြီ၊ ငါတို့ဆက်သွားသင့်လား”

ချူယန် မတုံ့ပြန်ခင်၌ပင် ဖန်းရုံယန်သည် စကားဖြတ်ပြောလာသည်။

“ထားလိုက်ပါတော့ ချူယန်၊ နှစ်ဆယ်မီလီယမ်ဆိုတာ နောက်စရာမဟုတ်ဘူး”

ချူယန်သည် အံကြိတ်လိုက်သည်။

“ဟိုဘက်လူက ရအောင်ယူနိုင်လောက်လား”

လေလံဆွဲပေးသောကိုယ်စားလှယ်သည် ခေါင်းညိတ်ပြသည်။

“ယူနိုင်မယ်ထင်တယ်”

တစ်ချို့သော လေလံဆွဲသူများသည် အမည်မသိဖြင့်သာ ရှိနေတက်သည်။ သို့သော် အကယ်၍ သူတို့သာကိုယ်စားလှယ်များနှင့် ဆက်ဆံရေးကောင်းမည်ဆိုလျှင် သူတို့သည် ကိုယ်စားလှယ်မ‌များအား လွယ်ကူစွာ မပြောင်းနိုင်ချေ။

လေလံဆွဲပေးသည့်ကိုယ်စားလှယ်သည် တစ်ခြားဘက်ရှိလေလံဆွဲသူအား သတိပြုမိသည်။ သူမသည် ဒေါသကြီးသည့်ပုံစံကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသူဖြစ်သည်။ သူမသည် ဈေးတင်သည့်ကဒ်အားမြှောက်လိုက်လျှင် မည်သည့်အခါမျှ မရှုံးချေ။

အများစုသည် ထိုဂုဏ်သတင်းကြောင့် စိတ်ယိုင်နဲ့သွားနိုင်သော်လည်း ချူယန်သည် အမှန်ပင် စိတ်သက်သာသကဲ့သို့ ခံစားရသည်။

အကယ်၍ တစ်ဖက်သူသည် တစ်ဆယ်မီလီယမ်နှင့် ဈေးဖြတ်လျှင် ၎င်းသည် သူတို့၏သုံးစွဲမည့်ပမာဏဖြစ်ပေလိမ့်မည်။

အကယ်၍ သူတို့သာ နှစ်ဆယ်မီလီယမ်နှင့်ဈေးဖြတ်လျှင် ၎င်းသည် သူတို့၏ အမြင့်ဆုံးဈေးဖြစ်ပေလိမ့်မည်။

တစ်ဖက်လူမှ ဆုံးဖြတ်ချက်ချထားသည့်အတွက် အဘယ့်ကြောင့် သူမသည် ဂုဏ်သိက္ခာအတွက် မတိုက်ခိုက်ရမည်နည်း။အကယ်၍ သူမသည် သုံးဆယ်မီလီယမ်နီးပါးကုန်လျှင်တောင် “တကယ့်အမျိုးသမီးဆိုတာ သူများတန်ဖိုးထားတဲ့အရာအပေါ် ဘယ်တော့မှ လက်မလျော့ဘူး”ဟု ပြောဆိုခြင်းဖြင့် မျက်နှာရပေလိမ့်မည်။

ချူယန်သည် စိတ်သက်သာရာရသွားပြီး သူမ၏လက်ကို ယုံကြည်ချက်ရှိစွာ ခါပြလိုက်သည်။

“ဆက်သွားထား ၊သုံးဆယ်မီလီယမ်မရောက်မချင်း မရပ်နဲ့”

သုံးဆယ်မီလီယမ်လား။

သက်ပြင်းချသံများသည် အခန်းတွင်း၌ ပဲ့တင်ထပ်သွားသည်။ တစ်ဆယ်မီလီယမ်သည်ပင်လျှင် အလွန်အံ့ဩစရာကောင်းလောက်အောင်များလွန်နေပြီဖြစ်သည်။ ဒါတောင် သုံးဆယ်မီလီယမ်တဲ့လား။ သူတို့အဖွဲ့ရှိ လူများတောင် တစ်နှစ်အတွင်း သုံးဆယ်မီလီယမ် မရှာနိုင်ကြချေ။

ချူယန်အား ကြည့်မရသည့်မိန်းကလေးများသည် ယခုတွင် သူမကို အားကျသကဲ့သို့ကြည့်နေကြပြီး သူတို့၏မျက်လုံးများသည် တောက်ပနေသည်။

တစ်ဖက်တွင်မူ…

“ဘာလုပ်နေတာလဲ”

ကျုံချင်းယွီ၏အခက်အခဲများကိုကူညီပေးနေသည့်ယန်ရှီသည် တက်ပလပ်အားကိုင်၍ လေလံဆွဲနေသည့် သူမကို တွေ့လိုက်သည်။ လေလံဈေးသည်၂၉မီလီယမ်ပင် ရောက်နေပြီ ဖြစ်သည်။

ကျုံချင်းယွီသည် တင်းမာစွာပြောဆိုလာသည်။

“ဘာမှမလုပ်ပါဘူး၊ ဒီတိုင်း ပစ္စည်းလေးနည်းနည်းဝယ်နေရုံပါ..”

ယန်ရှီ၏မျက်နှာသည် ခံစားမှုကင်းမဲ့သွားသည်။

“၂၉မီလီယမ်လား၊ ငါ့မျက်လုံးတွေကောင်းပါသေးတယ်”

ကျုံချင်းယွီသည် နှုတ်ခမ်းစူ၍ပြောသည်။

“ငါက စိန်လိုချင်လို့ပါ၊ မိန်းကလေးတစ်ယောက်က ပစ္စည်းလှလှလေးတွေဝယ်တာ ဘာမှားလို့လဲ”

ယန်ရှီသည် ပို၍နီးကပ်စေရန်အလို့ငှာ ခန္ဓာကိုယ်အား ငုံ့စောင်းလိုက်သည်။

“အဖွင့်ဈေးက ခုနှစ်မီလီယမ်ကို နင်က၂၉မီလီယမ်ပေးပြီး ဝယ်နေတာလား”

“အဲဒီစိန်က လှတယ်လေ”

ကျုံချင်းယွီသည် ပြန်လည်ချေပသည်။

“ငါWeiboပွဲ ညကျရင်ဝတ်ဖို့ ဆွဲကြိုးလုပ်လို့ရတယ်”

“ဒါပေမယ့် M house က နင့်ကို archival စုစည်းမှုပစ္စည်းတွေ ငှားပေးပြီးပြီလေ၊ ပြီးတော့ နင်က ကျောက်တုံးတစ်တုံးအတွက် ၂၉မီလီယမ်ပေးနေရင် မုန့်ရှယ်ယာတွေကိုရော ဘယ်လိုလုပ်မှာလဲ”

ကျုံချင်းယွီသည် ဒေါသဖြင့် ပြန်ပြောသည်။

“၂၉မီလီယမ်တည်းလေ”

ယန်ရှီသည် ပြန်လည်ချေပလိုက်သည်။

“မုန့်မိသားစု ၊ပွဲတက်ဂါဝန်တွေနဲ့ မရေတွက်နိုင်တဲ့လက်ဝတ်ရတနာတွေကို တွေးကြည့်လိုက်၊ နင် စိန်လက်စွပ်တွေကို လက်ချောင်းတိုင်းမှာ ဝတ်လို့ရတယ်၊ တစ်နာရီကို အကျီတစ်ထည် ပြောင်းဝတ်လို့ရတယ် ၊နင့်ရဲ့လက်သည်းတွေကိုတောင်…”

“ရပြီ၊တော်လိုက်တော့”

ကျုံချင်းယွီ၏ စိတ်ကူးများ ပြောင်းလဲသွားသည်။ချမ်းသာသော်လည်း သူမသည် ထိုမျှလောက် အသုံးအဖြုန်းမကြီးချေ။သို့သော် ယန်ရှီ၏စကားများသည် သူမ လိုချင်သည့် တောက်ပရှင်းလင်းသောဇိမ်ခံလူနေမှုဘဝကို ညွှန်ပြနေသည်။

“ကောင်းပြီ ၊ငါမဝယ်တော့ဘူး”

ယန်ရှီသည် စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

“ပိုကောင်းသွားပြီ”

Victoria ကလပ်၏ သီးသန့်အခန်းထံတွင် လေလံပစ်သူမှ၂၉မီလီယမ်ဟု ခေါ်လိုက်ပြီးနောက် ချူယန်၏ကိုယ်စားလှယ်သည် ချက်ချင်းပင် သုံးဆယ်မီလီယမ်သို့ဈေးတင်လိုက်သည်။

ထို့နောက် အားလုံးတိတ်ဆိတ်သွားသည်။

“သုံးဆယ်မီလီယမ်၊တစ်”

“သုံးဆယ်မီလီယမ်၊နှစ်”

“သုံးဆယ်မီလီယမ်၊ရောင်းထွက်သွားပါပြီ၊ လေလံဆွဲသူနံပါတ်၂၅၀ ဤအဝါရောင်စိန်ကိုပိုင်ဆိုင်သွားပါပြီ၊ ဂုဏ်ယူပါတယ်”

ချူယန်သည် လေလံဆွဲသူနံပါတ်၂၅၀ဖြစ်သည်။

ထိုသို့ပြောပြီးသည်နှင့် ချူယန်သည် ရပ်ဆိုင်းသွားသည်။

သူမသည် လေလံဆွဲသူကိုယ်စားလှယ်၏အင်္ကျီလက်ကိုဆွဲ၍ ပြောသည်။

“မင်းပြောတော့ သူတို့နောက်မဆုတ်လောက်ဘူးဆို”

ကိုယ်စားလှယ်သည် ပခုံးတွန့်ပြသည်။

“သူတို့ဘာလို့ထွက်သွားလဲဆိုတာ ငါလည်းမသိဘူး၊ သူတို့က မင်းစိတ်ပိုင်းဖြတ်ထားတာကိုသိလို့ လက်လျော့သွားတာနေမှာပေါ့”

“ယန်ယန် ဂုဏ်ယူပါတယ်၊ အဝါရောင်စိန်က နင့်အပိုင်ဖြစ်သွားပြီ”

ချူယန်ငိုချင်လာသည်။ ခုနှစ်မီလီယမ်သာတန်သည့် စိန်ကို သုံးဆယ်မီလီယမ်ပေးဝယ်ရတော့မည်လား။ဂုဏ်ယူစရာပင် မရှိတော့ချေ။

ဟိုင်ချန်းမြို့၌ရှိသည့် လေလံရုံသည် ငွေချေပြီးသည်နှင့် စိန်အားနာရီဝက်အတွင်းအရောက်ပို့ပေးမည်ဟု အာမခံထားသည်။

မိန်းကလေးများသည် စိတ်လှုပ်ရှားမှုဖြင့် တတွတ်တွတ်ပြောနေကြသည်။

“ငါမစောင့်နိုင်တော့ဘူး”

“ငါအရင်က အဝါရောင်စိန်ကို တစ်ခါမှ မမြင်ဖူးဘူး”

“အဲဒါက ယန်ယန်လိုမျိုး အရမ်းလှမှာပဲ”

သူတို့သည် သူမအားတိုက်တွန်းနေသည်။

“ငွေလွဲလိုက်တော့၊ ငါတို့အရမ်းကြည့်ချင်နေပြီ”

ယခုတွင် ချူယန်သည် ထောင်ချောက်၌ ပိတ်‌မိနေပြီး ထွက်လမ်းမရှိချေ။

သူမသည် ကိုယ့်ကိုကိုယ်နှစ်သိမ့်နေသည်။အနည်းဆုံးတော့ သူမသည် ကျုံချင်းယွီထံမှ ငါးဆယ်မီလီယမ်တောင်းယူနိုင်သည်။ ငွေချေပြီးလျှင်တောင် သူမ၌နှစ်ဆယ်မီလီယမ်ကျန်ရှိနေဦးမည်ဖြစ်သည်။ မည်သည့်ဆုံးရှုံးမှုမျှမရှိချေ။

သို့သော် သူမသည် လက်ထဲ၌ငွေမရှိနေချေ။သူမသည် ကျံချင်းယွီထံမှ ငွေအရင်တောင်းယူရမည်ဖြစ်သည်။

လျှောက်လမ်းသို့ ထွက်လာလိုက်ပြီး ချူယန်သည် ကျုံချင်းယွီအား ဖုန်းခေါ်လိုက်သည်။

“အချစ်ကလေး၊င ါအရင်ကပြောထားတဲ့ပရောဂျက်ကို မှတ်မိလား၊ သူတို့က ဒီနေ့ချက်ချင်းရင်းနှီးမြှုပ်နှံခိုင်းနေတယ်၊ ငွေအခုလွဲပေးမှရမယ်”

စိန်မ‌ရခဲ့၍ စိတ်ကောက်နေသည့်ကျုံချင်းယွီသည် ယခု မုန့်ရှယ်ယာများ ရယူရန် အာရုံစိုက်နေရသောကြောင့် စိတ်ဝင်စားမှုမရှိချေ။

“အန်တီ၊ ကျွန်မအခု မအားဘူး၊ ကိုယ့်ဘာသာဖြေရှင်းလိုက်”

ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်သည်။သူမသည် ဆုံးရှုံးသွားသည့် လက်ဝတ်ရတနာအတွက် ကြေကွဲနေသည်ဖြစ်သည်။

ချူယန်သည် သူမ၏ဖုန်းအား မယုံနိုင်စွာ ကြည့်လိုက်သည်။

ကျုံချင်းယွီသည် အဘယ့်ကြောင့် သူမ၏စကားများအား ရုတ်သိမ်းသွားသနည်း။

သုံးဆယ်မီလီယမ်၊သူမ ထိုငွေများကို မည်သည့်နေရာ၌သွားရှာရမည်နည်း။

အခန်းသို့ပြန်လာသည့်အချိန်တွင် သူမအား မျှော်လင့်တကြီးကြည့်နေသည့် ကိုယ်စားလှယ်နှင့် သူငယ်ချင်းများကို တွေ့လေသည်။

သူမသည် ရှက်ရွံမှုကြောင့် မျက်နှာများနီရဲနေသည်။

“တကယ်တော့ အဲဒီစိန်က သိပ်မထူးခြားပါဘူး၊ ကုဗတုံးနဲ့တောင် တူနေသေးတယ်၊ ငါစိတ်ပြောင်းသွားပြီ”

“ဪ…”

စိတ်ပျက်၍ညဉ်းညူသံများ ပျံ့နှံ့သွားသည်။

ဖန်ရုံယန်တစ်ယောက်သည်သာ လှောင်ပြုံးပြုံး၍ သူမ၏စိန်လက်စွပ်အား လှည့်ပြလာသည်။

“ချူယန် အဲဒါက မထူးခြားတာလား ဒါမှမဟုတ် ဈေးကြီးလွန်းတာလား၊ သုံးဆယ်မီလီယမ်ဆိုတာ ဘာမှမဟုတ်ပါဘူး နင် လက်ဆောင်ပေးသလောက်ပဲရှိတာလေ”

ချူယန်သည် တင်းမာနေပြီး ဝယ်ယူရန် ငြင်းဆိုနေခဲ့သည်။

တစ်ခြားသူများသည်လည်း သတိထားမိပြီး တီးတိုးပြောဆိုလာကြသည်။

“မထူးခြားတာလား၊ မဝယ်နိုင်တာထင်တယ်”

“ကျုံချင်းယွီလိုတူမမျိုးရှိနေတာတောင် သူက စိန်တစ်လုံးလောက် မဝယ်နိုင်ဘူးလား”

“ကျုံချင်းယွီက သူ့တူမလေ၊ ငွေထုတ်စက်မှမဟုတ်တာ၊ သူမပါရင် ချူယန်က ဘာမှမဟုတ်ဘူး”

“ချူမိသားစုက ဘယ်လိုဖြစ်ဖြစ်နိမ့်ကျတာပဲလေ၊ ကျုံမိသားစုသာမကူညီရင် ဟိုင်ချန်းမြို့ရဲ့ အထက်တန်းလွှာထဲမှာ မရှိတော့တာကြာလှပေါ့”

“တချို့သော အထက်တန်းလွှာတွေများ သုံးဆယ်မီလီယမ်တောင်မရှိဘူးတဲ့”

နူးညံ့စွာပြောဆိုနေကြသော်လည်း သူတို့၏စကားများသည် ချူယန်အား ရိုက်နှက်နေသကဲ့သို့ပင် နာကျင်လှသည်။

သူမ၏အိတ်အား ဆွဲယူကာ လှည့်၍ ထွက်လာခဲ့သည်။

လေလံဆွဲသူကိုယ်စားလှယ်သည် သူမအား သတိပေးပြောဆိုလာသည်။

“ယန်ယန် မင်းမလိုချင်တော့တာသေချာလား၊ ဒါဆို ငါလေလံရုံကို ပြောလိုက်မယ် ဒါပေမယ့် မင်းကိုသိစေချင်တာက မင်းအရင်ကပေးထားတဲ့ ငွေတစ်မီလီယမ်ယွမ်ကို ပြန်အမ်းမှာမဟုတ်ဘူးနော်”

ချူယန်သည် စိတ်ပျက်စွာဖြင့် အံကြိတ်လိုက်သည်၊ယခုတွင် သူမ ဘာမှမလုပ်နိုင်ချေ။

“ထားလိုက်”

ကျုံစံအိမ်၏ ညစာစားခန်း၌ ဖြစ်သည်။

ကျုံချင်းယွီသည် သူမ၏ညစာကို စိတ်မပါစွာဖြင့် ယူလိုက်သည်။ သူမသည် လေလံပွဲ၌ နိုင်တော့မည့်ဆဲဆဲတွင် ဆုံးရှုံးခဲ့ရသော အဝါရောင်စိန်အပေါ် စိတ်ရောက်နေဆဲဖြစ်သည်။

မိန်းမပျိုလေးသည် သူမ၏ဘဝတွင် လိုချင်သည့်အရာများအား မရနိုင်သည်ဟူ၍ မရှိချေ။အတိတ်တွင် သူမသည် အချစ်ဒဏ်ရာများကိုသာ ခံစားခဲ့ရသော်လည်း ယခုတွင်မူ အဝါရောင်စိန်အား မရရှိခဲ့သောကြောင့် ကြေကွဲနေရလေသည်။

ရိုးသားစွာပြောရမည်ဆိုလျှင် သုံးဆယ်မီလီယမ်သည် ဘာမျှမဟုတ်ချေ။ အကယ်၍ သူမသာ ဆက်ကြိုးစားခဲ့မည်ဆိုလျှင် သူမ ရယူနိုင်လောက်သည်။

ထို့နောက် သူမ၏ဖုန်းမြည်လာသည်။ခေါ်ဆိုသူမှာ သူမအားလေလံဆွဲပေးသည့် ကိုယ်စားလှယ်ဖြစ်သည်။

“မစ္စကျုံ၊ လေလံဆွဲသူနံပါတ်၂၅၀က ဖျက်သိမ်းလိုက်ပြီ၊ အဝါရောင်စိန်က ဒုတိယလေလံဆွဲသူဆီရောက်လာပြီ၊ မင်းလိုချင်သေးလား”

ကျုံချင်းယွီ၏ မျက်လုံးများမှာ တောက်ပလာသည်။

“အင်း၊လိုချင်သေးတယ်”

ယခုတွင် ငါးဆယ်မီလီယမ်ပေးရမည်ဆိုလျှင်တောင် သူမသည် ထိုစိန်အား အရယူရန် ဆုံးဖြတ်ထားလေသည်။

ဆယ်မိနစ်ကြာပြီးနောက် သူမ၏ကိုယ်စားလှယ်သည် နောက်ဆုံးသတင်းအား ပေးပို့လာသည်။

“ရှစ်မီလီယမ်နဲ့ ရလိုက်ပြီ”

ရှစ်မီလီယမ်တည်းလား။

ကျုံချင်းယွီ တွေဝေသွားသည်။

“အဲလောက်ဈေးပေါတာလား”

“အင်း၊ပထမပွဲတုန်းက မင်းနဲ့ လေလံဆွဲသူနံပါတ်၂၅၀တို့က ဈေးကိုတအားတင်ကြတာလေ၊ လူတိုင်းက မင်းနိုင်မယ်ဆိုတာသိနေကြတယ်၊ ဒုတိယပွဲမှာတော့ ဘယ်သူမှ သိပ်ပြီးလေလံမဆွဲကြဘူး၊ ငါတစ်ခါလောက်လှုပ်ရှားလိုက်တာနဲ့ လူတိုင်းနောက်ဆုတ်ကုန်ကြတယ်လေ”

“ဂုဏ်ယူပါတယ် မဒမ်”

All Chapters