← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

မုန့်ရွှမ်းယွီ၏ အလုပ်လုပ်နှုန်းသည် အလွန်မြန်ဆန်ထိရောက်လှသည်။ ယခင်ကလည်း မိန်းကလေးများစွာကို လက်ဆောင်များပေးဖူးသောကြောင့် သူ၏လက်အောက်ငယ်သားများမှာ ဤအလုပ်ကို ကျွမ်းကျင်စွာ လုပ်တတ်နေကြပြီဖြစ်သည်။ ကျုံချင်းယွီတစ်ယောက်အဝတ်အစားများ စမ်းသပ်ဝတ်ဆင်နေစဉ်အတွင်း သူတို့သည် ယန်ရှီတောင်းဆိုထားသော လက်ကိုင်အိတ်များကို အချိန်မှီ ပို့ဆောင်ပေးနိုင်ခဲ့သည်။

"System အခုပဲ စကမ်ဖတ်လိုက်ပါ"

[Host ငါစကမ်ဖတ်ပြီးသွားပါပြီ အကုန်လုံးက အရည်အသွေးမြင့်တဲ့ ဘရန်းအတုတွေပဲ]

System ၏ အမျိုးအစားခွဲခြားသည့်စွမ်းရည်သည် အထွတ်အထိပ်ဖြစ်သော်လည်း ကံမကောင်းစွာပင် သူသည် တရားဝင်အစီရင်ခံစာမျိုး မထုတ်ပေးနိုင်ပေ။ ဤအိတ်များကို ကျွမ်းကျင်သော စစ်ဆေးရေးအေဂျင်စီထံသို့ ပို့ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။

ယန်ရှီသည် မုန့်ရွှမ်းယွီဘက်သို့ ချိုမြိန်စွာပြုံးကာ လှည့်ကြည့်လိုက်သည်။

“ဒုတိယသခင်လေးမုန့်က တကယ်ပဲ သဘောထားကြီးလိုက်တာ"

သူမအတွက်တော့ သိုးမွှေးညှပ်ရန် အလွန်လွယ်ကူသော သိုးတစ်ကောင်ပင်ဖြစ်သည်။

မုန့်ရွှမ်းယွီသည် မာန်မာနထောင်လွှားစွာ ပြုံးပြလျက် အကျင့်ပျက် ခြစားထားသောလက်ဖြင့် လှမ်းယူလိုက်သည်။

"အိတ်တွေရပြီဆိုတော့ လာလေ ငါနဲ့အတူတူ ရွက်လှေပေါ်သွားကြရအောင်"

"ဖက်!"

ကျုံချင်းယွီသည် သူမလက်ထဲတွင် ကိုင်ထားသော လက်ကိုင်အိတ်ရှိ ကြိုးဖြင့် မုန့်ရွှမ်းယွီ၏ လက်ကို ပိတ်ရိုက်လိုက်သည်။

လက်မွေးမီးမလောင် ခြေမွေးမီးမလောင်လက်‌မွေးမီးမလောင်ဘဝဖြင့် ရွှေပေါ်မြတင်နေခဲ့ရသော နူးညံ့သောအသားအရေရှိသည့် ဒုတိယသခင်လေး မုန့်ရွှမ်းယွီသည် နာကျင်မှုကြောင့် ချက်ချင်းပင် လက်ကို ရုတ်တရက် ပြန်သိမ်းလိုက်ရပြီး လက်ဖဝါးမှာ နီရဲလာခဲ့သည်။

"ကျုံချင်းယွီ မင်းငါ့ကိုဘာလုပ်လိုက်တာလဲ"

ကျုံချင်းယွီသည် သူမ၏ ကိုယ်ပိုင်အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပြီးဖြစ်ကာ ယန်ရှီ၏ ပခုံးကို ဖက်၍ မုန့်ရွှမ်းယွီဘက်သို့ မော့ကြည့်လိုက်သည်။

"ငါ အဝတ်စမ်းဝတ်ပြီးပြီ၊ နင်နဲ့နင့်လူတွေ အခုပဲ ထွက်သွားလို့ရပြီ"

သူ၏ သားကောင်လက်လွတ်သွားသည်ကို မြင်သော မုန့်ရွှမ်းယွီသည် အလွန်ဒေါသထွက်နေသည်။ သူပေးခဲ့သော အိတ်များသည် အတုများဖြစ်နေသော်လည်း ထိုအိတ်များအတွက် ငွေထောင်နှင့်ချီ အကုန်ခံခဲ့ရသည်။

"ဒုတိယသခင်လေး မုန့်"

ယန်န်ရှီက ပျားသကာတမျှချိုမြိန်သောအသံဖြင့် ပြောလျက် ရှက်ကိုးရှက်ကန်းရယ်‌မောလိုက်သည်။

"ဒုတိယအခွင့်အရေးဆိုတာ အမြဲတမ်းရှိပါတယ်"

ထိုအပြုံးက မုန့်ရွှမ်းယွီကို ချမ်းစိမ့်စေခဲ့သည်။

ယနေ့တွင် ကျုံချင်းယွီရှိနေသောကြောင့် သူသည် ယန်ရှီအား အနိုင် ကျင့်နိုင်မည်မဟုတ်ပေ။ နောက်တစ်ကြိမ်တွင် ကျုံချင်းယွီမရှိသောအချိန်ကို ရွေးချယ်ရမည်ဖြစ်သည်။ အချစ်ရေးကိစ္စတွင် သူသည် ကျုံယန်စီထက် များစွာကျွမ်းကျင်သည်။ ကျုံယန်စီ၏လက်ထဲမှ အမျိုးသမီးတစ်ဦးကို ခိုးယူရန်မှာ အဘယ်မျှ ခက်ခဲနိုင်မည်နည်း။

တစ်ချိန်ချိန်တွင် ယန်ရှီသာ သူ၏လက်အောက်သို့ ရောက်ရှိသွားပါက သူသည် ယန်ရှီကို ကျုံယန်စီရှေ့မှောက်တွင် ဂုဏ်ယူစွာ ကြွားလုံးထုတ်လိုက်မည်ဖြစ်သည်။ ထိုအခါ ကျုံယန်စီ၏မျက်နှာပေါ်ရှိ အမူအရာမှာ အမှန်တကယ်ပင် ရယ်ရွှင်ဖွယ်ဖြစ်နေပေလိမ့်မည်။ အကြံတစ်ခုသပ်သပ်တည်းကပင် မုန့်ရွှမ်းယွီကို စိတ်လှုပ်ရှားစေခဲ့သည်။

သို့သော် လောလောဆယ်တွင် သူသည် အေးဆေးတည်ငြိမ်စွာ နေရမည်။ အလျင်စလို လုပ်စရာမလိုပေ။

သူသည် ယန်ရှီထံ လုပ်ငန်းကတ်ပြားတစ်ခုကို ပေးလိုက်သည်။

"ကိုယ့်ကို ဖုန်းဆက်ဖို့ မမေ့နဲ့နော်"

"ဟုတ်ကဲ့"

ယန်ရှီက ပျော်ရွှင်စွာ သဘောတူခဲ့သည်။

မုန့်ရွှမ်းယွီထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူမသည် ထိုကတ်ပြားကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။

ကျုံချင်းယွီက သူယူဆောင်လာသော အိတ်များကို စစ်ဆေးကြည့်လိုက်သည်။

"ဒါတွေအကုန်လုံးက အတုတွေလား ငါတောင် မခွဲခြားနိုင်ဘူး"

"ဟုတ်တာပေါ့ အရည်အသွေးညံ့နေရင် မုန့်ရွှမ်းယွီရောင်းဝံ့ပါ့မလား"

အမှန်တကယ်တမ်းတွင် ကျုံချင်းယွီသည် သူမ၏အဝတ်အစားများကို စမ်းသပ်ဝတ်ဆင်ခြင်းပြီးစီးခဲ့သည်မှာ ကြာပြီဖြစ်သည်။ မုန့်ရွှမ်းယွီအား အိတ်များကို အချိန်မီပို့ဆောင်နိုင်ရန်အတွက် တမင်တကာ နောက်ကျစေရန်အချိန်ဆွဲခဲ့ခြင်းသာဖြစ်သည်။

ယန်န်ရှီသည် လင်းကျီအား M-အမှတ်တံဆိပ်၏ ရောင်းကုန်အသစ်များကို ကြိုတင်ဝယ်ယူစေခဲ့သော်လည်း အချိန်နှောင်းလွန်းနေပြီဖြစ်သည့်အတွက် ဆိုင်များလည်း ပိတ်ချိန်နီးနေပြီဖြစ်သည်။ M-အမှတ်တံဆိပ်သည် ဘရန်းအစစ်နှင့်အတုများကို ရောနှောရောင်းချသည့်အတွက် ကျော်ကြားသည်။ ထို့ကြောင့် အရည်အသွေးမြင့်ဘရန်းအတုများရရှိမည့်ကိစ္စနှင့် ပတ်သက်ပြီးအာမခံချက်မရှိပေ။

သို့သော် မုန့်ရွှမ်းယွီအကြောင်းပြောရလျှင် သူပေးသော ပစ္စည်းများသည် အတုများဖြစ်ရန် အလားအလာများသည်။

"လင်းကျီက စစ်ဆေးရေးအေဂျင်စီမှာ ရှိနေသေးတယ်"

ယန်ရှီက ပြောသည်။

"ဒီအိတ်တွေကို အခုသိမ်းထားပြီး နောက်မှ ပို့လိုက်မယ်"

ကျုံချင်းယွီခေါင်းညိတ်လိုက်သည်။ ထိုအစီအစဉ်သည်ပင် အကောင်းဆုံးဖြစ်သည်။

ယန်ရှီသည် M-အမှတ်တံဆိပ် အိတ်များကို သယ်ဆောင်လျက် အဝတ်လဲခန်းမှ ထွက်လာစဉ် ချူယန်နှင့် ထိပ်တိုက်တိုးခဲ့သည်။

ယန်ရှီ၏လက်ထဲတွင် ရှိသော အိတ်များကို မြင်လိုက်ရသည့်အခါ ချူယန်၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။

သူမအနေဖြင့် ကျုံချင်းယွီသည် M-အမှတ်တံဆိပ်၏ ကိုယ်စားလှယ်ဖြစ်ကြောင်းကို သိထားသော်လည်း ယန်ရှီတွင် သူတို့၏ နောက်ဆုံးပေါ်အိတ်များအရေအတွက်များစွာရှိနေသည်မှာ အဘယ်ကြောင့်နည်း။ ကျုံချင်းယွီက သူမကို ပေးထားခြင်းပေလား။

ထိုအိတ်များအားလုံးမှာ အသစ်စက်စက်ထွက်ရှိထားသော အိတ်များဖြစ်ပြီး တန်ဖိုးအားဖြင့် သိန်းနှင့်ချီကာ ရှိသည်။ ချူယန်၏ မျက်နှာတွင် မနာလိုစိတ်များ ပေါ်လွင်လာခဲ့သည်။

"အချစ်ကလေး"

ချူယန်သည် အတင်းအဓမ္မလုပ်ယူဖန်တီးထား‌သည့် အပြုံးတစ်ခုဖြင့် ကျုံချင်းယွီအအနီးသို့ ချဉ်းကပ်သွားခဲ့သည်။

ကျုံချင်းယွီတွင် မွန်းလွဲပိုင်းတွင် ဓာတ်ပုံရိုက်ကူးမည့်အစီအစဉ်ရှိပြီး ပရိတ်သတ်များနှင့် မီဒီယာများလည်း ရှိနေမည်ဖြစ်သောကြောင့် သူမသည် အလှဆုံးအခြေအနေတွင် ရှိနေရန် လိုအပ်နေသည်။

ချူယန်ကို တွေ့သောအခါ ကျုံချင်းယွီက သဘာဝကျစွာ နှုတ်ဆက်လိုက်သည်။

"အန်တီလေးပါလား၊ သမီးက အန်တီလေးကို ပရောဂျက်ကိစ္စ‌တွေနဲ့ အလုပ်များနေတယ်လို့ ထင်နေတာ၊ ဒီကို ဘာလာလုပ်တာလဲ"

ပရောဂျက်အကြောင်းပြောလိုက်ရသည်နှင့် ချူယန်၏ နှလုံးသား နာကျင်သွားခဲ့သည်။

ကတိပေးထားသည့် ယွမ် ၅၀ မီလီယမ်မှာ လေထဲပျောက်ကွယ်သွားပြီး သူမသည် ငွေအပ်နှံခများအတွက် ယွမ် ၁ သန်းပင် ဆုံးရှုံးသွားခဲ့ သေးသည်။

ကျုံချင်းယွီအဘယ်ကြောင့် နောက်ဆုတ်သွားရသည်ကို သူမနားလည်နိုင်ခြင်း မရှိပေ။ ကျုံချင်းယွီ၏ ပုဂ္ဂလိကပိုင်ဆိုင်မှုများ များပြားလှသည်ဖြစ်ရာ မည်သို့လျှင် ငွေကြေးပြတ်လပ်နိုင်မည်နည်း။

"ပရောဂျက်က အခက်အခဲတွေ့နေတယ်"

ချူယန်က သက်ပြင်းချကာ ဒရာမာခင်းလိုက်သည်။

"မင်းရဲ့ရင်းနှီးမြှုပ်နှံမှုကိုပဲ အားကိုးနေရတာ၊ မင်းက ရုတ်တရက်ဆိုသလို နောက်ဆုတ်သွားတော့ ငါ လုံးဝမပြင်ဆင်ထားမိဘူး"

"တောင်းပန်ပါတယ်၊ သမီးလည်း အခုတလော ပိုက်ဆံနည်းနည်းပြတ်နေလို့"

ကျုံချင်းယွီက အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

သူမတွင်သာ ငွေကြေးအလုံအလောက်ရှိပါက M-အမှတ်တံဆိပ်ကို ကျုံစီးပွားရေးလုပ်ငန်းစုအပေါ် မှီခိုစရာမလိုဘဲ ကိုယ်တိုင်ဝယ်ယူနိုင်မည်။ ထို့နောက် မုန့်ဦးပိုင်ကုမ္ပဏီ၏ အကြီးဆုံးအစုရှယ်ယာရှင်ဖြစ်လာပြီး ကျုံယန်စီရှေ့မှောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့နိုင်မည်ဖြစ်သည်။

ချူယန်၏ ရင်ထဲတွင် မီးတောက်မီးလျှံများတဟုန်းဟုန်တောက်လောင်နေသည်။

ကျုံပါးပါးသည် သားသမီးများအား အာရုံစိုက်မှုနည်းသူတစ်ဦးဖြစ်သော်လည်း သူတို့အတွက် ငွေကြေးအဆင်ပြေမှုကိုမူ လုံးဝအဖြစ်မခံခဲ့ပေ။ ကျုံချင်းယွီ၏ အရွယ်ရောက်ပြီး ရင့်ကျက်လာခြင်းအတွက် သူမအား ကျုံစီးပွားရေးလုပ်ငန်းစု၏ အစုရှယ်ယာများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ နှစ်စဥ် ပုံမှန်ရရှိသည့် အမြတ်ငွေတစ်ခုတည်းကပင် တစ်မီလီယမ်အထိ ရှိခဲ့သည်။

သို့ပါလျက် ကျုံချင်းယွီငွေကြေးပြတ်လပ်နေသည်ဆိုမှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

သို့သော် ကျုံချင်းယွီ၏ စကားများမှာ အလွန်ယုံကြည်ဖွယ်ကောင်းနေပြီး သူမအမှန်တကယ် ငွေကြေးအခက်အခဲရှိသည်ဟု ထင်ရစေသည်။

မကြာမီတွင် ယန်ရှီပြန်ရောက်လာခဲ့သည်။

သူမသည် ချူယန်အား ယဉ်ကျေးပျူငှာစွာနှုတ်ဆက်ပြီးနောက် ကျုံချင်းယွီထံ အနက်ရောင်ကတ္တီပါသေတ္တာတစ်လုံးကို ပေးလိုက်သည်။

"ဘာကြီးလဲ"

ကျုံချင်းယွီက သေတ္တာကိုဖွင့်လိုက်သောအခါ မြင်လိုက်ရသောအရာကြောင့် အံ့အားသင့်သွားခဲ့သည့်အတွက် လက်မှလွတ်ကျလုနီးပါးပင်ဖြစ်သွားသည်။ အတွင်းတွင် စိန်၅ကာရတ်အပြည့်ရှိသော တလတ်လတ်တောက်ပနေသည့် အဝါရောင်စိန်ကြီးတစ်လုံး ရှိနေသည်။

သူမသည် သေတ္တာကို ချက်ချင်းပြန်ပိတ်လိုက်သည်။

ယန်ရှီက မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ့ကိုကျတော့ မဝယ်ပါဘူးလို့ ကတိပေးထားပြီး ဘယ်သူတွေက ငါမသိအောင် လေလံတင်လိုက်တာလဲ "

ကျုံချင်းယွီက သူမ၏ လက်များကို ငြင်းဆန်သည့်အနေဖြင့် မြှောက်ပြလိုက်သည်။

"ငါကျိန်ပြောတယ်၊ မနေ့ညက နင့်ကိုကတိပေးပြီးတော့ ငါ နောက်ထပ်လေလံတင်ခဲ့တာမရှိဘူးနော်"

ယန်ရှီက မျက်ခုံးမွေးကို တွန့်သည်အထိ ကြည့်လိုက်သည်။

"ဒါဆို ဒီစိန်က ဒီကိုဘယ်လိုရောက်လာတာလဲ"

"အရင်ဆုံးဝယ်တဲ့သူက နောက်ဆုတ်သွားလို့ ဒုတိယအကြိမ် လေလံတင်တော့ ငါရသွားတာ၊ ရှစ်မီလီယမ်နဲ့ရခဲ့တာ ငွေလွှဲပြေစာတောင်ရှိတယ်၊ ဒီမှာကြည့်"

ကျုံချင်းယွီက သူမ၏ဖုန်းမှ ၈ မီလီယမ်ငွေလွှဲပြေစာကို ထုတ်ပြလိုက်သည်။

ယန်န်ရှီသည် ကျုံချင်းယွီအား သူမ၏ ကိုယ်ပိုင်ငွေများသုံးစွဲခြင်းကို တားမြစ်ခြင်း မဟုတ်ပေ။ သူမလိုချင်သည်မှာ ကျုံချင်းယွီငွေကြေးအခက်အခဲကို သိသွားစေရန်သာဖြစ်ပြီး ချူယန်၏ အကြံအစည်များထဲသို့ မပါသွားမိစေရန်အတွက်သာဖြစ်သည်။

ထိုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ချူယန်ကစကားစပြောလာခဲ့သည်။ သူမ၏ နှလုံးသားမှာ သွေးထွက်သံယိုတမျှဖြစ်နေခဲ့သည်။

ဤသို့ဆိုရပါလျှင် မနေ့ညက သူမအား လေလံပွဲတွင် အနိုင်ရသူမှာ ကျုံချင်းယွီဖြစ်နေသည်မဟုတ်ပါလား။

ချူယန်ငွေအပ်နှံကြေးတစ်မီလီယမ် ဆုံးရှုံးရသည်မှာလည်း ကျုံချင်းယွီကြောင့်ပင်။

အဆိုးဆုံးမှာ ကျုံချင်းယွီသည် ထိုစိန်အတွက် ရှစ်မီလီယမ်သာပေးရသည်မှာ အလွန်နည်းလှသည်။

ချူယန်၏လက်ချောင်းများမှာ တုန်ယင်နေ‌ရာ သူမ၏ လက်သည် အင်္ကျီကို ဆုပ်ကိုင်ထားနေမိသည်။

"အချစ်ကလေး မနေ့ညက အဝါရောင်စိန်ကြီး လေလံတင်ရောင်းချတဲ့ပွဲမှာ ခုနစ်မီလီယမ်ဈေးစခေါ်ပြီး သုံးဆယ်မီလီယမ်အထိတက်သွားတယ်ဆိုတာ မင်းလုပ်တာပေါ့"

"အစက အဲဒီလောက်အထိ ဈေးတင်ဖို့ အစီအစဉ်မရှိပါဘူး၊ ဒါပေမဲ့ အရှက်မရှိတဲ့ အရူးတစ်ယောက်က ဈေးကို ပြိုင်ပြီးတိုးနေတာ"

ကျုံချင်းယွီသည် ဒေါသူပုန်ထနေဆဲဖြစ်သည်။ အဝါရောင်စိန်များသည် အခြားအရောင်ရှိသည့် စိန်များထက် ပို၍တန်ဖိုးမရှိပေ။ ပုံမှန်အားဖြင့်သူမသည် ထိုစိန်များကို ဂရုပင်မစိုက်ပေ။ သူမသည် ရုတ်တရက်စိတ်ကူး‌ပေါ်လာခြင်းကြောင့်သာ လေလံဆွဲခဲ့ပြီး တစ်စုံတစ်ဦးက စိန်ခေါ်လာလိမ့်မည်ကို မမျှော်လင့်ထားခဲ့ပေ။

ကျုံချင်းယွီ၏ အတွေးအခေါ်မှာ ရိုးရှင်းလွန်းသည်။ သူမ ထိုအရာကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူမသည် အရှုံးမပေးနိုင်ပေ။

"သူတို့က ၃၀ မီလီယမ်အထိတင်ပြီးမှ လက်လျှော့သွားခဲ့တယ်၊ ဘယ်လိုတောင် အရှုံးသမားစရိုက်ရှိတဲ့ လူမျိုးတွေလဲ"

"လေလံတင်တဲ့သူနဲ့ ပူးပေါင်းထားတာပဲဖြစ်ရမယ်"

ယန်ရှီက ပြောသည်။ မဟုတ်လျှင် တစ်စုံတစ်ဦးသည် ဤမျှအထိလေလံဆွဲပြီးမှ အဘယ်ကြောင့် လက်လျှော့မည်နည်း။

"ဒါဆို သူတို့က ငါ့ကို တမင် လှည့်စားနေခဲ့တာပေါ့"

ကျုံချင်းယွီက နှာခေါင်းရှုံ့လိုက်သည်။

"အရမ်းကို ယုတ်မာတဲ့လူတွေပဲ၊ ယန်ရှီ နင်အချိန်မီတားပေးတာ ကျေးဇူးပါဟာ၊ တော်သေးတာပေါ့ ငါအလှည့်စားခံရတော့မလို့"

ယန်ရှီက ခေါင်းညိတ်လိုက်သည်။ သူမသည် ကျုံချင်းယွီအား ငွေကြေးအလဟဿသုံးစွဲမှုမှ ကာကွယ်ရန်သာ ရည်ရွယ်ခဲ့ပြီး လေလံပွဲများ၏ အရှုပ်တော်ပုံများအကြောင်းကို မသိခဲ့မိပေ။

ချူယန်တစ်ယောက်နားထောင်နေရင်း သူမ၏မျက်နှာမှာ ခံပြင်းဒေါသထွက်ခြင်းကြောင့် အရောင်ပင်ပြောင်းသွားခဲ့သည်။ သူမသည် လေလံတင်သူနှင့်ပူးပေါင်းသည့်သူတစ်ယောက် မဟုတ်ပေ။

ထို့ပြင် ယန်ရှီက ဘာပြဿနာဖြစ်နေရသနည်း။ သူမသည် အဘယ်ကြောင့် ကျုံချင်းယွီအား တားမြစ်နေရပါသနည်း။

သူမသာ မတားဆီးခဲ့ပါက ချူယန်သည် အပိုငွေများ သုံးစွဲရမည်မဟုတ်ပေ။

ချူယန်မှာ ဒေါသဖြင့် တစ်ကိုယ်လုံးပေါက်ကွဲလုနီးပါးဖြစ်နေသည်။

ပိုဆိုးသည်မှာ ကျုံချင်းယွီနှင့် ယန်ရှီတို့သည် အဝါရောင်စိန်ဖြင့် မည်သို့သော ရတနာများဒီဇိုင်းဆွဲရမည်ကို ဆွေးနွေးနေဆဲဖြစ်ပြီး သူတို့၏စကားလုံးတိုင်းသည် ချူယန်၏နှလုံးသားကို ဓားနှင့်ထိုးနေသကဲ့သို့ နာကျင်စေသည်။

နောက်ဆုံးအဖြစ် ကျုံချင်းယွီက ထပ်လောင်းပြောလိုက်သည်။

"အန်တီလေး သမီးစိတ်မကောင်းပါဘူး၊ သမီးမှာ အရေးကြီးတဲ့ပရောဂျက်တစ်ခုရှိနေလို့ ငွေအားလုံးလည်း အဲဒီထဲမှာပဲရောက်နေတာ၊ အခုတော့ အန်တီလေးကို ငွေချေးဖို့မဖြစ်နိုင်သေးဘူး"

ချူယန်၏ မျက်စိထဲတွင် အမှောင်ထုများဖုံးလွှမ်းလာပြီး သူမသည် အနီးရှိဆိုဖာပေါ်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့သည်။

သူမ၏လက်ချောင်းများသည် ဆိုဖာပေါ်ရှိ တက်ဘလက်ကို တိုက်မိသွားကာ စခရင်ပေါ်တွင် စာရွက်စာတမ်းတစ်ခုပေါ်လာခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့် "မုန့်ရွှမ်းယွီသည် လောင်းကစားတွင် သန်းတစ်ရာဆုံးရှုံးခဲ့သည်" ဆိုသည့်စာပိုဒ်နှင့် "M အမှတ်တံဆိပ်သည် ကုန်ပစ္စည်းအတုများအသုံးပြုနေသည်"စသည့်စာပိုဒ်တိုများကို မြင်လိုက်မိသည်။

ယန်ရှီက တက်ဘလက်ကို အလျင်အမြန် ဆွဲယူလိုက်သည်။ ချူယန်က စူးစမ်းလိုသည့် ဟန်ဖြင့် မေးလိုက်သည်။

"ဘာတွေမလို့ အဲလောက်လျှို့ဝှက်နေတာလဲ"

ယန်ရှီက ယဉ်ကျေးစွာပြန်ဖြေသည်။

"အလုပ်နဲ့ပတ်သက်တာတွေပါ၊ ရှင်က ကျုံမိသားစုအိမ်မှာ ဘယ်လောက်ကြာကြာနေဦးမှာလဲ၊ ကျုံချင်းယွီမှာ ဘာပိုက်ဆံအပိုမှ မရှိဘူး"

နှလုံးသားကို ဓားနှင့် အစိတ်စိတ်အမြွှာမြွှာထိုးဆွသကဲ့သို့ နာကျင်စေသည့် စကားလုံးများ။

"ငါပိုက်ဆံတောင်းဖို့လာတယ်လို့ ဘယ်သူကပြောလို့လဲ၊ ငါ့တူမလေးကိုတွေ့ဖို့သပ်သပ်လာတာ"

ချူယန်က မေးစေ့ကိုမော့ကာ ခုခံပြောသည်။

"ပြီးတော့ အန်တီကျန်းက ဘာဖြစ်နေတာလဲ၊ ငါဒီမှာအကြာကြီးထိုင်နေတာတောင် လက်ဖက်ရည်တစ်ခွက်လာမချဘူး"

သူမက ဝန်ထမ်းခေါ်သည့် ခေါင်းလောင်းကိုနှိပ်လိုက်ရာ အန်တီကျန်းသည် အခန်းထဲဝင်လာပြီး ပီလော့ချွင်းလက်ဖက်ရည်ကို ငှဲ့ပေးလိုက်သည်။

ချူယန်သိသည်။ ကျုံချင်းယွီကို ဘာမှမလုပ်နိုင်သော်လည်း ဤအိမ်၏ အိမ်အကူတစ်ဦးအပေါ်တွင် ဩဇာလွှမ်းမိုးနိုင်သေးသည်။

ပီလော့ချွင်းလက်ဖက်ရည်ကို တစ်မော့သောက်ပြီးနောက် ချူယန်က ထွေးထုတ်လိုက်သည်။

"ဘာလက်ဖက်ရည်လဲ ခါးလိုက်တာ"

အန်တီကျန်းက ယဉ်ကျေးစွာဖြေသည်။

"မစ္စချူ ဒီလက်ဖက်ရည်ရဲ့အရသာက ဒီလိုပါပဲ"

"နင်!"

ချူယန်သည် အံကိုခပ်တင်းတင်းကြိတ်လိုက်သည်။ အန်တီကျန်းက သူမကို သဘောမကျသည်ကို သိသော်လည်း ဟန်ဆောင်လိုက်ပြန်သည်။

"အန်တီကျန်း ကျွန်မကလည်း ကျုံမိသားစုရဲ့ဧည့်သည်နော်၊ ဧည့်သည်ကိုဒီလိုပဲဆက်ဆံရတာလား"

အန်တီကျန်းက ပါးစပ်ကို ပိတ်ပြီးငြိမ်နေသည်။ အရည်အသွေးမြင့် လက်ဖက်ရည်ကိုပင် ငှဲ့ပေးပြီးပြီမဟုတ်လား။ သည်ထက်ဘာများလိုချင်နေသေးသနည်း။

"မစ္စချူ သခင်ကြီးအိမ်မှာမရှိပါဘူး၊ ဘယ်သူ့အတွက် လာပြီးဟန်ဆောင်နေတာလဲ"

ချူယန်က လှောင်ပြုံးပြုံးလိုက်သည်။

"ငါ့ခဲအိုဆီကိုလာတာမဟုတ်ဘူး၊ ငါ့တူမလေးကိုလာတွေ့တာ"

အန်တီကျန်းစိတ်ထဲတွင် လှောင်ရယ်လိုက်မိသည်။ ထိုကဲ့သို့သော ဆင်ခြေဆင်လက်များကို ယုံရလောက်သည်အထိ သူမလည်း တုံးအ,မနေသေးပါ။

ကျုံချင်းယွီက အသံကျယ်လောင်မှုကိုသတိထားမိပြီး လှမ်းကြည့်လိုက်သည်။ သူမလည်း သိသည်။ ချူယန်သည် သူမ၏ ဖခင်အကြောင်းကို စိတ်ဝင်စားခြင်းမရှိပါ။ သို့သော် အစေခံများက ချူယန်ကို အန္တရာယ်တစ်ခုသဖွယ် ဆက်ဆံသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာပင်။

"အန်တီကျန်း နောက်တစ်ခါ ဒီလိုမျိုးမပြောပါနဲ့"

သခင်မလေးကိုယ်တိုင်ပြောပြီးသည်နောက် အန်တီကျန်းတစ်ယောက် ပါးစပ်ပိတ်သွားရတော့သည်။

သခင်မလေး အဘယ့်ကြောင့်နားမလည်သေးသနည်း။ အန်တီကျန်းက သူမအကျိုးအတွက်သာ ကြည့်နေခြင်းဖြစ်သည်။ ချူယန်သည် သခင်ကြီး၏ နောက်ယူမည့် အမျိုးသမီးဖြစ်လာပြီး ကလေးထပ်ရသွားလျှင် ကျုံချင်းယွီ ဆင်းရဲဒုက္ခရောက်မည်မှာ သေချာသည်။

သို့သော်လည်း အန်တီကျန်းသည် အိမ်အကူသာဖြစ်ပြီး ချူယန်မှာ မိသားစုဖြစ်နေသည်။

အန်တီကျန်းပါးစပ်ပိတ်သွားသည်ကို တွေ့ရှိရသည်နှင့် ချူယန်စိတ်ကျေနပ်သွားသည်။

ယနေ့ ကျုံချင်းယွီထံမှ ပိုက်ဆံရမည်မဟုတ်ကြောင်း သိသောကြောင့် လက်ကိုင်အိတ်ကိုကောက်ယူကာ ပြောလိုက်သည်။

"ချစ်ကလေး အန်တီလေးအလုပ်ရှိသေးလို့ ပြန်လိုက်ဦးမယ်နော်"

သူမထွက်ခွာတော့မည့်အချိန်တွင် အန်တီကျန်းကို အထင်သေးသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ကျုံချင်းယွီအား မှာလိုက်သည်။

“ဒီအိမ်က အိမ်အကူတွေကို သေချာလေးစည်းကမ်းတင်းကျပ်ဦးမှရမယ်၊ အလုပ်မလုပ်တတ်ရင် အသစ်လဲလိုက်၊ ကိုယ့်ကိုယ်ကို နှိပ်စက် မနေနဲ့ ဟုတ်ပြီလား ချစ်ကလေး"

ထို့နောက် ချူယန်သည် ကျုံမိသားစုအိမ်မှ ထွက်ခွာသွားခဲ့သည်။

ကျုံချင်းယွီ အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ မိသားစုကိုမူ အစားထိုး၍မရသော်လည်း အစေခံများကိုတော့ လဲပစ်ရန်စဉ်းစားဖူးသည်။ သို့သော် ချူယန်ကိုမုန်းသည်မှလွဲ၍ အိမ်အကူများသည် သူ့အားကောင်းစွာဆက်ဆံပြီး အလုပ်တာဝန်ကျေပွန်ကြသည်။

သူမက အန်တီကျန်းဘက်လှည့်၍ နှစ်သိမ့်လိုက်သည်။

"အန်တီကျန်း အန်တီချူက ကျွန်မရဲ့မိသားစုပါ၊ သူက ပါးပါးကိုလည်း စိတ်ဝင်စားတာမျိုးမဟုတ်ပါဘူး၊ နောက်တစ်ခါကျရင်တော့ သူ့ကိုဒီလိုမျိုးမပြောတော့နဲ့နော်၊ ကျွန်မအတွက် နေရခက်နေလို့ပါ"

အန်တီကျန်းက ခေါင်းငုံ့ကာ လက်လျှော့သည်ဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်မ နားလည်ပါပြီ သခင်မလေး"

ယန်ရှီက အန်တီကျန်းလှီးပေးထားသော သစ်သီးတစ်ခုကို ဝါးနေရင်း ဝင်ပြောလိုက်သည်။

"အန်တီကျန်းက အတွေးလွန်နေတာပဲ၊ အန်တီချူက ကျုံပါးပါးကိုစိတ်ဝင်စားတာမဟုတ်ဘူးဆိုတာ သိသာနေတာပဲကို၊ ပြီးတော့လည်း သူက ဘယ်တော့မှ ချင်းယွီရဲ့မိထွေးဖြစ်လာမှာမဟုတ်ပါဘူး"

ကျုံချင်းယွီ စိတ်သက်သာရာရသွားသည်။ ကြည့်လေ ယန်ရှီက သူမကို နားလည်နေသည်။

သို့သော် အန်တီကျန်းမှာကား စိတ်တိုနေမိသည်။ ဒီငယ်ရွယ်တဲ့ကလေးတွေက အဘယ့်ကြောင့်လွယ်လွယ် ယုံနေကြသနည်း။

ချူယန်က သခင်ကြီးကိုစိတ်မဝင်စားဘူးဆိုလျှင် အဘယ့်ကြောင့်မကြာခဏလာနေရသနည်း။

ထို့နောက် ယန်ရှီက ဆက်ပြောသည်။

"တကယ်လို့ ကျွန်မသာ ချူယန်ဆိုရင် ကျုံမိသားစုထဲဝင်ဖို့အတွက်ဆိုရင် ကျုံပါးပါးကို ရွေးစရာလား အိုနေတဲ့လူနဲ့ ငယ်တဲ့လူကြားမှာ ငယ်တဲ့သူကိုပဲ ရွေးမှာပေါ့"

အန်တီကျန်း အံ့အားသင့်သွားသည်။ ကျုံချင်းယွီလည်း ကြောင်သွားသည်။

သည်ရှုထောင့်ကို သူတို့ တစ်ခါမှ မစဉ်းစားဖူးချေ။

အန်တီကျန်းက နှုတ်မှ လွှတ်ခနဲ့ထွက်သွားမိသည်။

"ဒါ မဖြစ်နိုင်ဘူး မစ္စချူနဲ့ ကျုံယန်စီက မျိုးဆက်မတူဘူးလေ"

"ဟုတ်လား"

ယန်ရှီက စဉ်းစားသည်။

"ဒါပေမယ့် သူတို့ သွေးမတော်သလို သားလည်မစပ်ဘူးလေ၊ ကျုံပါးပါးက ချူယန်ထက် အသက် ၂၀ ပိုကြီးပေမဲ့ ကျုံယန်စီက သူ့ထက် ၇ နှစ်ပဲ ငယ်တယ်၊ ဒီခေတ်ကြီးမှာ အဲလို အသက်ကွာခြားမှုက ဘာမှ မဟုတ်တော့ဘူး၊ အသက်ကြီးကြီးမိန်းမတွေကို ကြိုက်တဲ့သူတွေလည်း အများကြီးပါ"

ဤစကားကို ကြားပြီးနောက် အန်တီကျန်းနှင့် ကျုံချင်းယွီတို့ နောက်ဆုံးတွင် အဖြစ်မှန်ကို သိလိုက်ရသည်။

အန်တီကျန်းအတွက်ဆိုလျှင် သူမသည် ကျုံယန်စီ ကြီးပြင်းလာခဲ့ပုံကို မျက်မြင်ကြည့်ရှုခဲ့သူဖြစ်သည်။

ချူယန် တက္ကသိုလ်တက်နေစဉ်တွင် ကျုံယန်စီမှာ မူလတန်းကျောင်းသားဖြစ်နေတုန်းပင်ဖြစ်သည်။ သူမအတွက် သည်ကွာဟမှုကို ကျော်လွှားဖို့ မဖြစ်နိုင်ဟု အလိုလိုယူဆထားမိသည်။

ကျုံချင်းယွီအတွက်လည်း သူမနှင့် ကျုံယန်စီတို့သည် ကလေးဘဝတည်းက ချူယန်ကို အန်တီလေးဟု ခေါ်ခဲ့ကြသောကြောင့် ဤဖြစ်နိုင်ခြေကို စဉ်းစားမိခဲ့ခြင်းမရှိပေ။

သို့သော် အမှန်တရားမှာ ချူယန်နှင့် ကျုံပါးပါးတို့ကြားတွင်သာ အသက်ကွာဟမှု ကြီးမားခဲ့သည်။ ချူယန်နှင့် ကျုံယန်စီကြားတွင်မူ ခုနစ်နှစ်သာကွာဟချက်ရှိသည်။ အသက်ကြီးလာသည်နှင့်အမျှ ဤအသက်အရွယ်ကွာဟသည့်ကိစ္စမှာ သိပ်အရေးမကြီးတော့ပေ။

ကျုံချင်းယွီသည် ဤအတွေးကို တွေးမိိလိုက်သည်နှင့် တုန်လှုပ်သွားသည်။

အန်တီကျန်းသည်လည်း ကျုံယန်စီနှင့် ချူယန်တို့၏ ယခင်အချိန်များက အပြန်အလှန် ဆက်ဆံမှုများကို ပြန်သတိရကာ မျက် မှောင်ကြုတ်လာမိကြသည်။

သူတို့၏ တုံ့ပြန်မှုကို မြင်ပြီး ယန်ရှီက ရယ်လိုက်သည်။

"အေးဆေးပါ၊ ငါက စ လိုက်ရုံပါပဲ သိပ်အလေးထားစရာမလိုပါဘူး"

သို့သော် သံသယ၏ မျိုးစေ့ကို စိုက်ပျိုးပြီးသည်နှင့် ကြီးထွားရန်သာ အချိန်တစ်ခုသာလိုတော့သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ကျုံချင်းယွီသည် ရုပ်ရှင်ရိုက်ကူးရန် ထွက်ခွာသွားပြီး ယန်ရှီက မုန့်ရွှမ်းယွီပေးခဲ့သော အိတ်ကို အရည်အသွေးစစ်ဆေးရေးအေဂျင်စီသို့ ယူဆောင်သွားခဲ့သည်။

ညနေ ၅ နာရီအချိန်တွင် ရလဒ်များ ထွက်ပေါ်လာသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ပန်းနုရောင်စိန်လက်ကောက်၊ မုန့်ရွှမ်းယွီပေးခဲ့သောအိတ်နှင့် လင်းကျစ် ဆိုင်များတွင် ပတ်ဝယ်ခဲ့သည့် Mအမှတ်တံဆိပ်ပစ္စည်းအချိုအပါအဝင် အားလုံးသည် အတုများ ဖြစ်နေသည်။

သူမကိုယ်တိုင်လည်း ဤသို့သံသယရှိထားသော်လည်း လင်းကျစ်က မနေနိုင်ပဲ ပြောလိုက်သည်။

"မုန့်ရွှမ်းယွီက တကယ်ကြီး လုပ်ရဲတယ်နော်"

"သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

ယန်ရှီက သုံးသပ်ကြည့်သည်။

"ဒါပေမဲ့ ကျုံယန်စီက ဘယ်သူမှသတိမထားမိခင် အမြဲတမ်း ဖြေရှင်းပေးခဲ့တာပဲ"

"ဟုတ်တယ်၊ သနားစရာကျုံယန်စီလေးက တခြားသူတွေအတွက် အမြဲဒုက္ခရောက်နေရရှာတာ"

ယန်ရှီက တုံ့ပြန်ခြင်းမရှိ။ သဘောတူသည်လည်းမဟုတ်၊ ကန့်ကွက်သည်လည်းမဟုတ်ပေ။ မိသားစုကိစ္စများတွင် ကျုံယန်စီ အမှန်တကယ် ဒုက္ခရောက်ခဲ့သော်လည်း မုန့်ရွှမ်းယွီနှင့် ပတ်သက်လျှင်မူ ကွဲပြားခြားနားသည်။ သူသည် မုန်ယင်းရုန်၏ တောင်းဆိုမှုများကို ငြင်းဆန်နိုင်ခဲ့သော်လည်း တစ်ခါမျှ မငြင်းဆိုခဲ့ပေ။

ယန်ရှီ သံသယရှိမိသည်။

ဤအရာသည် ကျုံယန်စီ၏ ဖုံးကွယ်ထားသော အမှောင်ဘက်ခြမ်းဖြစ်နိုင်သည်။

သူသည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်း ဖြစ်နိုင်သည်။ အကယ်၍ သူသည် မုန့်မိသားစုကို အမှန်တကယ် ဂရုစိုက်မည်ဆိုလျှင် မုန့်ယင်းရုန်အား မုန့်ရွှမ်းယွီကို ပြုပြင်ရန် တိုက်တွန်းခဲ့ရမည်။ သူ၏ မှားယွင်းသော လုပ်ရပ်များကြောင့် မချိတင်ကဲဖြစ်ခဲ့ရမည်။

မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် ကြိုးစားခဲ့ရမည်။

သို့သော် ကျုံယန်စီသည် ဤအရာများအနက်မှ တစ်ခုကိုမျှ မပြုလုပ်ခဲ့ပေ။ သူသည် အရှုပ်အရှင်းများကိုသာ စက်တစ်လုံးသဖွယ် သန့်ရှင်းပေးနေခဲ့သည်။

ယန်ရှီသည် ရှေးစကားတစ်ခုကို သတိရမိသည်။

"လူတစ်ယောက်ကိုဖျတ်ဆီးချင်ရင် အမြင့်ဆုံးကိုရောက်အောင် အရင်တွန်းတင်ပေးရတယ်”

ဤစကားသည် မုန့်ရွှမ်းယွီနှင့် အလွန်ကိုက်ညီနေသည်။

ယခုအခါ မိန်းမလိုက်စားခြင်းမှ လွဲ၍ သူတတ်နိုင်သည်မှာ အဘယ်နည်း။ မုန့်ယင်းရုန်သည် သူ့အား မုန့်မိသားစု၏ ဘဝအခြေအနေအတွက် တိုက်ပွဲဝင်ရာတွင် အားကိုးနိုင်လိမ့်မည်ဟု အမှန်တကယ် ထင်မြင်နေသလော။

မုန့်ရွှမ်းယွီသည် ယခင်တည်းက ပျက်စီးနေပြီးဖြစ်သည်။

သို့သော် ယန်ရှီသည် ဤအရာတွင် မှားယွင်းမှုတစ်စုံတစ်ရာမရှိဟု တစ်ကြိမ်တစ်ခါမှ မတွေးမိခဲ့ချေ။ ပုထုဇဉ်လူသားတိုင်းသည် အရိယာမဟုတ်သေးသမျှကာလပတ်လုံး မှားနေကြဦးမည်ပင်မဟုတ်လော

ထို့ကြောင့် သူမသည် သူမ၏သံသယများကို လင်းကျစ်အား မျှဝေခြင်းမပြုဘဲ စစ်ဆေးချက်အစီရင်ခံစာကို လက်ထဲထည့်ပေးလိုက်ကာ မှာလိုက်သည်။

"အချိန်တန်ပြီ ဝူလျောင်ကို အကုန်ဖော်ထုတ်ခိုင်းလိုက်တော့"

ထိုအချိန်သည် မုန့်မိသားစု၏ အမှတ်တံဆိပ် အထွတ်အထိပ် ရောက်နေချိန်ဖြစ်သည်။

သူတို့၏ ဆောင်းဦးရာသီထုတ်ကုန်များကို စင်များမှ ဖယ်ရှားထားခဲ့သည်။ ၎င်းမှာ လုပ်ငန်းစုအတွင်းပိုင်းမှ ဆုံးဖြတ်ချက်တစ်ခုဖြစ်သော်လည်း ဖောက်သည်များအဖို့မူကား ကုန်ပစ္စည်းအသစ်များအားလုံး ရောင်းကုန်သွားသည်ဟုသာ ထင်ခဲ့ကြရသည်။

မုန့်ယင်းရုန်သည် PR အဖွဲ့ကို လူထုအမြင်ကို လှည့်စားရန် ညွှန်ကြားခဲ့သည်။ မုန့်အမှတ်တံဆိပ်၏ထုတ်ကုန်အသစ်များသည် တစ်နိုင်ငံလုံးရှိ ဆိုင်များတွင် အလွန်အမင်း မြန်ဆန်စွာ ရောင်းချနေပြီးပစ္စည်းများ မြန်မြန်ဆန်ဆန် ကုန်နေသည်ဟူသော ကောလာဟလတစ်ခုကို ဖန်တီးခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖောက်သည်များသည် မုန့်မိသားစုပိုင် စတိုးဆိုင်များသို့ အုပ်စုလိုက် ရောက်ရှိလာကြသည်။ ထွက်ကုန်အသစ်များ အမှန်တကယ်မရောင်းချရသေးသော်လည်း ပုံမှန်ပစ္စည်းများမှာမူ လျှင်မြန်စွာကုန်သွားသည်။

မုန့်ရွှမ်းယွီနှင့် မုန့်ယင်းရုန်တို့သည် ဆိုင်တစ်ခုကို စစ်ဆေးနေစဉ် လူအုပ်ကြီးကိုမြင်လိုက်ရသည်။ မုန့်ရွှမ်းယွီက အားရကျေနက်စွာဖြင့် လျှာကို ကိုက်ရင်း ချီကျူးလိုက်သည်။

"မားမား တော်လိုက်တာ"

မုန့်ယင်းရုန်မှာ စိတ်ကြီးဝင်သောအပြုံးမျိုးပြုံးရင်း ပြန်ပြောသည်။

"ဒါကဘာမှမဟုတ်ပါဘူး၊ အရောင်းတိုးတက်မှုက အခုထိ မသိသာသေးပါဘူး၊ ဒါပေမဲ့ ဆိုင်ကြီးတွေက ပစ္စည်းအတုတွေအကုန်လုံးကိုပြန်ထုတ်ပစ်ပြီး ပြန်ရောင်းလိုက်ရင် ဒီထကိပိုပြီး ရောင်းကောင်းလာမှာ"

ယွမ်တစ်ဘီလီယံဆုံးရှုံးမှုသည် ကြီးမားသောပြဿနာဖြစ်သော်လည်း မုန့်ယင်းရုန်အတွက်မူ ဖြေရှင်းနိုင်နေဆဲပင်ဖြစ်သည်။

ရုတ်တရက် လက်ထောက်တစ်ဦး အလျင်အမြန်ဝင်လာပြီး အသက်ရှူမှန်အောင် လုပ်ပြီးမှ ပြောသည်။

"မဒမ်၊ မုန့်သခင်လေး အရေးကြီးပါတယ်"

လက်ထောက်သည် တက်ဘလက်တစ်ခုကို ဖွင့်ပြသည်။ ဘလော့ဂါတစ်ဦး၏ ထိပ်တိုက်ဖော်ထုတ်ချက်တွင် မုန့်မိသားစု၏ သခင်လေး မုန့်ရွှမ်းယွီသည် မကာအိုတွင် ငွေများဆုံးရှုံးပြီး မုန့်အမှတ်တံဆိပ်၏ ပစ္စည်းအသစ်များကို အပေါင်ထားကာ နောက်ပိုင်းတွင် ဘရန်းအတုများနှင့်အစားထိုးရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။‌

ဖော်ပြချက်တွင် မကာအိုတွင် ကစားနေသော မုန့်ရွှမ်းယွီ၏ဓာတ်ပုံများမှစ၍ လက်ကိုင်အိတ်၊ အဝတ်အစားနှင့် လက်ဝတ်ရတနာများသည် အတုများဖြစ်ကြောင်း စစ်ဆေးချက်များအထိပါဝင်နေသည်။

အင်တာနက်ပေါ်တွင် လူအများ အမျက်ဒေါသများတဟုန်ထိုးမြင့်တက်လာသည်။ အင်တာနက်သုံးစွဲသူများ၏ ဝေဖန်ပြစ်တင်ဆဲဆိုစကားများဖြင့် အုတ်အော်သောင်းနင်းဖြစ်နေကြသည်။

[မုန့်အမှတ်တံဆိပ်ပစ္စည်းတွေ အရမ်းရောင်းရတယ်ဆိုတာ တင်းအမှားကြီးလား]

[အကုန်အတုတွေပါလား၊ ဒါဆိုလူတွေအကုန်လုံး ပစ္စည်းအတုတွေဝယ်မိနေကြတာလား]

[ကြောက်စရာကောင်းလိုက်တာ၊ အဲဒါတွေက တစ်ဘီလီယံတန် ကြေးရှိတဲ့ အတုတွေပေါ့နော် လူတွေရဲ့ပိုက်ဆံအိတ်တွေအစား ငါတောင်ခေါင်းကိုက်လာပြီ]

[တချို့လူတွေက ဇိမ်ခံပစ္စည်းတစ်ခုဝယ်ဖို့ကို နှစ်နဲ့ချီပြီးချွေတာကြရတာ မုန့်မိသားစုက ဒီလိုလုပ်နိုင်တယ်ဆိုတာ မယုံနိုင်ဘူး]

[သခင်လေးက လောင်းကစားရှုံးတာနဲ့ပဲ သာမန်လက်လုပ်လက်စားလူတွေကိုလာလိမ်ရတယ်ပေါ့]

[ငါတော့ တကယ်ဒေါသထွက်တယ် မုန့်အမှတ်တံဆိပ်ပစ္စည်းဆို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ပြီပဲ]

မုန့်ယင်းရုန်နှင့် မုန့်ရွှမ်းယွီတို့ လန့်ဖျပ်သွားကြသည်။ သူတို့ချက်ချင်းသတင်းကိုဖျက်ရန် အမိန့်ပေးလိုက်သည်။

သို့သော် လက်ထောက်က ခေါင်းခါလိုက်သည်။

"Weibo မှာဖျက်ပစ်ဖို့တောင်းဆိုထားပေမဲ့ အခုက နေရာတိုင်းမှာ ဒီသတင်းက ထိပ်ဆုံးရောက်နေပါပြီ နေရာအကုန်လုံးကို ပြန့်နေပါပြီ၊ ကျွန်တော်တို့မထိန်းနိုင်တော့ပါဘူး"

မုန့်ယင်းရုန်သည် လိုက်ပါမတွေးတတ်တော့ဘဲ ခေါင်းကိုကုပ်လိုက်သည်။

"ဘယ်သူကများဒီသတင်းကိုလွှင့်လိုက်တာလဲ"

ဖော်ထုတ်ထားသောဘလော့ဂါသည် နောက်ဆုံးပေါ်ပစ္စည်းများထဲမှ သာမန်ပစ္စည်းများကိုသာဖော်ပြထားပြီး ပန်းရောင်စိန်လက်ကောက်ကို မဖော်ပြထားသောကြောင့် မုန့်ယင်းရုန်အနေဖြင့် သတင်းအရင်းအမြစ်ကိုမခြေရာခံနိုင်ခဲ့ပေ။

လက်ထောက်က ခေါင်းခါပြန်သည်။

"ဒီပစ္စည်းတွေကို ဝယ်ယူထားခဲ့တဲ့သူက ရုပ်ဖျက်ထားပါတယ်၊ သူတို့ရဲ့ဗီဒီယိုတွေရော ကျွန်တော်တို့ထောက်လှမ်းတာတွေရောမှာ ဘယ်သူဘယ်ဝါဆိုတာမသိရပါဘူး"

ဤသည်မှာ အစီအစဉ်တကျပြင်ဆင်ထားသောတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရှင်းလင်းနေပေသည်။ စေ့စပ်ညှိနှိုင်းစရာအကြောင်းမရှိတော့ပေ။

မကျေနပ်မှုများသည် တောမီးသဖွယ်ပျံ့နှံ့သွားသည်။ မုန့်မိသားစုပိုင်စတိုးဆိုင်များတွင် ဝယ်ယူနေသောဖောက်သည်များပင် သတင်းကိုသိသွားကြသည်။

တဒင်္ဂပျော်ရွှင်စွာဝယ်နေရာမှ နောက်တဒင်္ဂတွင် ပြန်အမ်းရန်တောင်းဆိုနေကြသည်။

မည်သူကများ ဈေးနှုန်းကြီးကြီးပေးပြီး ဇိမ်ခံပစ္စည်းအတုဝယ်ချင်မည်နည်း။

မုန့်မိသားစုပိုင် စတိုးဆိုင်များသည် တစ်ခဏအတွင်းမှာပင် လူများစွာနှင့်ပြည့်သွားသည်။ သို့သော် ပစ္စည်းပြန်အပ်လိုသူများသာဖြစ်သည်။

မုန့်ယင်းရုန်သည် အခြေအနေကို ထိန်းချုပ်မရတော့ကြောင်း နားလည်သည်။ မုန်ဟွေ့ကူလည်းသိပြီးဖြစ်နိုင်ရာ သူမအနေဖြင့် အမြန်ဆုံးဖြေရှင်းနည်းရှာရမည်။

သူမ၏ပထမဆုံးတွေးမိသည်မှာ ကျုံယန်စီပင်ဖြစ်သည်။

ဤပြဿနာကို ဖြေရှင်းနိုင်သူသည် သူတစ်ဦးတည်းသာရှိသည်။

ကျုံယန်စီသည်လည်း သတင်းကိုသိပြီးဖြစ်သည်။ သို့မဟုတ် ပိုမိုတိကျစွာဆိုရလျှင် ယန်ရှီသည်မည်သည့်အချိန်တွင် စတင်ထိုးနှက်တိုက်ခိုက်မည်ကို သူမသိခဲ့သော်လည်း ဤသို့ဖြစ်လာမည်ကိုမူ သူကြိုတင်သိထားခဲ့သည်။

"ဥက္ကဌကျုံ ဒါက သခင်မလေးလုပ်တာသေချာသွားပါပြီ"

လက်ထောက်ဆွန်းက ချက်ချင်းအစီရင်ခံသည်။

"ခြေရာလက်ရာတွေရော အကုန်ရှင်းပြီးပြီလား"

"အကုန်ရှင်းပါပြီ၊ မုန့်မိသားစု ဘာမှမတွေ့နိုင်တော့ပါဘူး"

ဖျော်ဖြေရေးလောကသည် သတင်းစကားများကိုထိန်းချုပ်ရာတွင် အထူးကျွမ်းကျင်သည်။ ဝူလျောင်သည် မူလက ကျုံစီးပွား ရေးလုပ်ငန်းစု၏ ပြည်သူ့ဆက်ဆံ‌ရေးဌာနမှကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး နေ့စဉ်နေ့တိုင်းလိုလိုပင် အနုပညာရှင်များ၏ အကျင့်ပျက်ခြစားမှုသတင်းများကိုကိုင်တွယ်နေသူဖြစ်သည်။ သံသယဖြစ်စရာမကျန်ရှိစေဘဲ သတင်းတစ်ပုဒ်တင်ရန်မှာ သူ့အတွက် ကလေးကစားစရာမျှပင် မခက်‌ခဲချေ။

ကျုံယန်စီသည် အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

မုန့်ယင်းရုန်သည် နောက်ဆုံးတွင်ယန်ရှီ၏ ပါဝင်ပတ်သက်နေမှုကိုသိရှိသွားမည်ဆိုသည်ကို သူသိသော်လည်း တစ်ရက်ပိုမိုနေရခြင်းသည် အောင်ပွဲတစ်ခုပင်ဖြစ်သည်။

"ယန်ရှီဘာလို့ရုတ်တရက်ကြီး မုန့်ရွှမ်းယွီအကြောင်းကိုစုံစမ်းတာလဲ"

သူမသာမစုံစမ်းခဲ့ပါက ထိုအမှတ်တံဆိပ်အတုစီမံကိန်းသည် မည်သည့်အခါမျှပေါ်လာမည်မဟုတ်ပေ။

လက်ထောက်ဆွန်းသည် ကျုံယန်စီရှေ့တွင် ဖိုင်တစ်ခုကို တုံ့ဆိုင်း နေပြီးမှ တင်ထားလိုက်သည်။

"ယန်ရှီက မုန့်ယင်းရုန်နဲ့ မုန့်ရွှမ်းယွီတို့ကြားကဆက်ဆံရေးကို လင်းကျစ်ကိုစုံစမ်းခိုင်းခဲ့ပါတယ်၊ ဒါကသူတို့ရဲ့ DNA စစ်ဆေးချက်အစီရင်ခံစာပါ၊ သူတို့ရဲ့ သီးသန့်စုံစမ်းရေးမှူးက မုန့်ရွှမ်းယွီရဲ့ DNA ကို ယူနေတုန်း ဒီပစ္စည်းအတုရောင်းမဲ့စီမံကိန်းအကြောင်း သိသွားတာဖြစ်နိုင်ပါတယ်"

ကျုံယန်စီ မင်သတ်မိသွားသည်။

အကယ်၍ မုန့်ယင်းရုန်နှင့် မုန့်ရွှမ်းယွီ တို့သည် မောင်နှမများ ဖြစ်ကြောင်း အစီရင်ခံစာက အတည်ပြုထားသည်ကိုဆိုပါက လက်ထောက်ဆွန်းအနေဖြင့် အစီရင်ခံစာကို တကူးတက လာပြလိမ့်မည်မဟုတ်ပေ။

ဖိုင်ကို ဖွင့်လိုက်စဉ် သူ့လည်ချောင်း တစ်ဆို့လာသကဲ့သို့ ခံစားလိုက်ရသည်။ စာရွက်များကလည်း သူ့လက်ထဲတွင် ပို၍ပင် လေးလံနေသကဲ့သို့ ခံစားရသည်။ နောက်ဆုံးစာကြောင်းအထိ အကြမ်းဖျင်းကြည့်မိသွားပြီး ခါးသက်သက် ရယ်သံတစ်ချက်ထွက်ပေါ်လာသည်။

ထင်သည့်အတိုင်းပင်။

အစီရင်ခံစာကို အရင်ဖတ်ပြီးသားဖြစ်သော လက်ထောက်ဆွန်းက ခပ်တိုးတိုးမေးလိုက်သည်။

"ဥက္ကဌကျုံ အဆင်ပြေရဲ့လား"

ကျုံယန်စီက ဖိုင်ကို ပိတ်လိုက်ပြီး အေးအေးစက်စက်အပြုံးတစ်ခုဖြင့်ပြန်ဖြေလိုက်သည်။

"ပြေပါတယ်၊ တကယ်အဆင်ပြေတယ်"

ထိုအချိန်တွင် တံခါးခေါက်သံ တစ်ချက်ထွက်‌ပေါ်လာသည်။ ဒုတိယအတွင်းရေးမှူးက အလျင်အမြန် ပြေးဝင်လာသည်။

"ဥက္ကဌကြီးကျုံ မဒမ်မုန့် ရောက်နေပါတယ်"

မုန့်မိသားစု၏ ပြဿနာက သူမကို ကျုံယန်စီထံ အကူအညီတောင်းရန်အတွက် မဖြစ်မနေ အကြောင်းဖန်လာစေခဲ့သည်။

အတွင်းရေးမှူးဝန်စကားမဆုံးမီ မုန့်ယင်းရုန်က လုံခြုံရေးဝန်ထမ်းကိုကျော်ပြီး ရုံးခန်းထဲသို့ဝင်လာခဲ့သည်။

"ဘာလို့ငါ့ကို တားနေတာလဲ သူက ငါ့သားနော်၊ နင်တို့ကဘာမလို့ ငါ့ကိုတားရဲတာလဲ"

ကျုံယန်စီက ဖျတ်ခနဲတစ်ချက်ကြည့်လိုက်ပြီး အခြားသူများကို ထွက်ခွာခိုင်းလိုက်သည်။

"မဆိုင်တဲ့သူတွေ ထွက်သွားကြ"

လူများထွက်ပြီးသွားသည့်နောက်တွင် မုန့်ယင်းရုန်က ရုံးခန်းထဲမှာရှိ နေသော လျှပ်စစ်ဝှီးချဲတစ်ခုကို သတိထားမိသွားသည်။

"သား မင်းနေမကောင်းဘူးလား"

ကျုံယန်စီက မျက်နှာပင် မော့မကြည့်ဘဲ "နေကောင်းနေပါပြီ" ဟုပြန်ပြောလိုက်သည်။

မုန့်ယင်းရုန်က ဂရုမစိုက်သကဲ့သို့ နေလိုက်သည်။ ရုံးပင်လာနိုင်သေးပါက သိပ်မဆိုးလှသည်မဟုတ်‌လော။

"မင်းမုန့်မိသားစုပြဿနာကို တွေ့တယ်မလား၊ ဘယ်သူကများ ငါတို့ကို ဒီလိုလုပ်ရဲရတာလဲ၊ Weiboမှာ မင်းရဲ့အစုရှယ်ယာရှိတယ်မဟုတ်လား သတင်းတွေ ချက်ချင်းဖျက်ခိုင်းလိုက်စမ်းပါ၊ ဒီအတိုင်းသာဆက်သွား‌နေရင် မုန့်မိသားစုရဲ့ စတော့ရှယ်ယာတွေ ထိုးကျသွား‌ တော့မယ်"

ကျုံယန်စီက ဘာမျှ ပြန်မပြောချေ။ သူ၏ အေးစက်စက်အကြည့်က သူမကိုမသက်မသာဖြစ်စေသည်။

"ယန်စီ ငါပြောတာ ကြားလား၊ ကိစ္စက ပိုဆိုးလာနေပြီ အခုချက်ချင်း..."

"မုန့်ရွှမ်းယွီရဲ့ အဖေအရင်းက ဘယ်သူလဲ"

ကျုံယန်စီက သူမစကားမဆုံးမီ ကြားဖြတ်မေးလိုက်သောအခါ မုန့်ယင်းရုန်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

"မင်းအဘိုးရဲ့သားပေါ့ မင် ဘာတွေပြောနေတာလဲ"

ကျုံယန်စီက DNA အစီရင်ခံစာကို သူမထံ ပစ်ပေးလိုက်သည်။ သူမစာရွက်စာတမ်းများကို လှန်ကြည့်ပြီးသည့်အခါ လဲကျလုမတက်ပင်ဖြစ်သွားခဲ့ရသည်။

"မင်းက ငါတို့အကြောင်းကိုစုံစမ်းခဲ့တာလား"

"အဲဒီလိုမှမဟုတ်ရင် မားမားတို့ဆက်ဆံရေးနဲ့ ကျွန်တော့်မှာအစ်ကိုတစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်ဘယ်လိုလုပ်ပြီးသိမှာလဲ"

မုန့်ယင်းရုန်က အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ပြီး ဖခင်အဖြစ်အတည်ပြုကြောင်း ဖော်ပြထားသည့်စာဖိုင်ကို ပိတ်ထားလိုက်သည်။

"ရွှမ်းယွီက မင်းရဲ့အစ်ကိုဖြစ်နေတော့ရော ဘာဖြစ်လို့လဲ၊ မင်းတို့ပိုတောင်ရင်းနှီးသွားသေးတယ်လေ၊ မင်းသူ့ကိုပိုပြီးတော့ကူညီသင့်တယ်မဟုတ်လား"

"ကျွန်တော်က အဲဒီလောက်သဘောထားကြီးတဲ့သူမဟုတ်ဘူးနော်၊ ဒီကိစ္စ ကျွန်တော်မကူညီနိုင်ဘူး"

မုန့်ယင်းရုန်တစ်ယောက် ဒေါသငယ်ထိပ်ရောက်လာခဲ့သည်။

"ကျုံယန်စီ မင်းဘာဖြစ်နေတာလဲ၊ မကူညီနိုင်တာမဟုတ်ပဲ မကူညီချင်တာပဲ"

"ဟုတ်တယ် ကျွန်တော်မကူညီချင်ဘူး"

ကျုံယန်စီက သူမတည့်တည့်ကိုမျက်နှာမူပြီးပြောလိုက်သည်။

"အရင်တုန်းက မားနဲ့မုန့်ရွှမ်းယွီဟာ အရမ်းချစ်ကြတဲ့ မောင်နှမ တွေလို့ထင်ခဲ့တာ၊ ဒါပေမဲ့ အခုကျတော့ သူကမားရဲ့ သားဖြစ်နေတယ် ဒါဆိုမားလည်း မိခင်တစ်ယောက်ရဲ့ခံစားချက်ကို ကောင်းကောင်းကြီးနားလည်ခဲ့တာပဲ၊ ဒါနဲ့တောင် သားကိုကျတော့ နည်းနည်းလေးမှ မကြင်နာခဲ့ ဂရုမစိုက်ခဲ့ မချစ်ခဲ့ရတာလဲ"

"သားကို အသုံးချစရာ ပစ္စည်းတစ်ခုလိုပဲမြင်နေခဲ့တာလား၊ ကျုံစီးပွား‌ရေးလုပ်ငန်းစုနဲ့ အချိတ်အဆက်ရှိဖို့ ပြီးတော့ ပါးပါးဆီက လိုချင်တာတွေရဖို့အတွက် သားကို အသုံးချနေခဲ့တယ်ပေါ့"

"မဟုတ်ဘူး"

မုန့်ယင်းရုန်က သူ့အနားသို့ ချက်ချင်းချဉ်းကပ်လာခဲ့သည်။

“မင်းလည်း ငါကိုးလလွယ်ဆယ်လဖွားပြီး မွေးထားခဲ့ရတဲ့ငါ့သားပဲ၊ ငါမင်းကို ဘာလို့အဲဒီလို သဘောထားနိုင်မှာလဲ"

ကျုံယန်စီက သူ၏လက်ကိုင်တုတ်ကို အားပြုပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

"ဒါဆိုရင် သူ့ကိုဘာလို့ဒီလောက်ဘက်လိုက်ရတာလဲ"

မုန့်ယင်းရုန်ဝန်ခံလိုက်သည်။ သူမတကယ်ပင် မုန့်ရွှမ်းယွီကို ပိုချစ်သည်။ တစ်ပိုင်းက မုန့်ရွှမ်းယွီသည် သူမ အချစ်ဦး၏ သားဖြစ်သည့်အပြင် သူမအချိန်အကြာကြီး စောင့်မျှော်နေခဲ့ရသည့် ကလေးဖြစ်‌နေခြင်းကြောင်းဖြစ်သည်။ ကျန်တစ်ပိုင်းက ကျုံယန်စီဟာ သူမကို လုံးဝမလိုအပ်သည့်သူတစ်ယောက်ဖြစ်သည်။ သူက ထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် ကျုံဟုန်ရှန်း၏ အကြီးဆုံးသားတစ်ယောက်လည်းဖြစ်သည်။ သူမ မရှိလျှင်ပင် သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်သူတစ်ယောက်ဖြစ်သည်။

သို့သော်လည်း မုန့်ရွှမ်းယွီကား ကွဲပြားခြားနားသည်။ အဖမဲ့သား ရေနည်းငါးသဖွယ်နေလာခဲ့ရသူဖြစ်သည်။၊ မုန့်ရွှမ်းဟောင်က မုန့်မိသားစုထဲတွင် သူ့နေရာတစ်ခုကို ရနေနိုင်သည့်အခါ သူမအနေနှင့်လည်း သူ့အနာဂတ်ကိုလုံခြုံအောင်လုပ်ဖို့လိုအပ်သည်။

သို့သော်လည်း သူမဘက်လိုက်လျှင်တောင် ကျုံယန်စီက သူမရဲ့သားပဲမဟုတ်‌လော။ သူမ ဂရုမစိုက်စရာအကြောင်းစိုးစဉ်းမျှမရှိပါ။

"ယန်စီ မင်း အတွေးလွန်နေတာပါ"

"ရပြီ"

ကျုံယန်စီပင်ပန်းသည့်ဟန်ဖြင့် ပြောလိုက်သည်။

"နှစ်ပေါင်းများစွာကြာအောင် မုန့်မိသားစုအတွက်လုပ်ပေးခဲ့တာ လုံလောက်ပြီ၊ မုန့်ရွှမ်းယွီဖြစ်လာတဲ့ပုံစံက မားလုပ်စေချင်ခဲ့တဲ့အတိုင်းပဲလေ သားလည်း မပြင်နိုင်ဘူး"

"လက်ထောက်ဆွန်း သူကိုလိုက်ပို့လိုက်"

မုန့်ယင်းရုန်ရှင်းပြရန် ကြိုးစားသော်လည်း လက်ထောက်ဆွန်းနှင့်လုံခြုံရေးဝန်ထမ်းများဝင်လာပြီး ကျုံယန်စီ၏ အမိန့်ဖြင့် သူမကို ဆွဲခေါ်သွားခဲ့သည်။

ကုမ္ပဏီအဆောက်အဦအပြင်ဘက်တွင် သူမ မိန်းမောတွေဝေနေမိသည်။ ကျုံယန်စီ သူမကို ယခုလောက်ထိ ပြန်ပြတ်သားသားငြင်းဆိုလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် မထင်ခဲ့မိပေ။ သူ၏လေသံက သူမဘက်မှ တစ်ခုခုလွန်လွန်ကျူးကျူးလုပ်မိခဲ့သည့်နှယ်ဖြစ်နေသည်။

သူမက သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူမ အမှန်တကယ်ပင် မတရားခဲ့လေသလား။

သို့ဟုတ် ကျုံယန်စီကပဲ ဆတ်ဆတ်ထိမခံဖြစ်နေခြင်းပေလော။

သူမ၏ ဇဝေဇဝါဖြစ်နေသည့် အမူအရာကိုကြည့်ပြီး လက်ထောက်ဆွန်းက မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"မဒမ်မုန့် ဥက္ကဌ ပြီးခဲ့တဲ့အပတ်က ဆေးရုံတက်ခဲ့ရတယ်"

မုန့်ယင်းရုန်က ရုံးခန်းထဲရှိ လျှပ်စစ်ဝှီးချဲကို သတိရမိသည်။

"ငါသိပါတယ် သိပ်တော့မဆိုးဘူးမဟုတ်လား"

"ဥက္ကဌမှာ ကင်ဆာရောဂါရှိနေပါတယ်"

သူမခေါင်းကို ဆတ်ခနဲမော့လိုက်ပြီး လက်ထောက်ဆွန်းကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် ထုံထိုင်းနေဟန်ရှိသော်လည်း လိမ်ညာ‌နေခြင်းမဟုတ်သည်မှာသေချာသည်။ သူမဟုတ်မှန်ပြောနေခြင်းမဟုတ်ချေ။

ကင်ဆာ...

သူမရင်ဘက်ထဲတွင် ခါးသီးမှုကို ပထမဆုံးအကြိမ်ခံစားလိုက်ရပြီး မွန်းကြပ်မှုနှင့် နာကျင်မှုခံစားလိုက်ရသည်။ မျက်ရည်များချက်ချင်းကျလာပြီး အသံများတုန်ယင်လာတယ်။

"သူ သူငါ့ကို ဘာမှမပြောခဲ့ဘူး"

လက်ထောက်ဆွန်းက ခနဲ့တဲ့တဲ့ဖြင့် ပြန်ပြောလိုက်သည်။

"သူ မပြောတာလား ဒါမှမဟုတ် မဒမ်ကပဲ ဂရုမစိုက်တာလား၊ ဒုတိယအတွင်းရေးမှူးတောင် ဆေးရုံကို သွားကြည့်ခဲ့တယ်၊ အဲဒိအချိန် မဒမ်ဘယ်ရောက်နေခဲ့တာလဲ"

All Chapters