အခန်း (၇၈)
Vol. 8 Ch. 78
ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။
ကျုံယန်စီ၏ နှုတ်ခမ်းသားများသည် အလွန်နူးညံ့လွန်း၏။
သို့သော် ထိုအတွေးသည် ယန်ရှီစိတ်ထဲတွင် တစ်စက္ကန့်လောက်ပင် ဖြတ်ကနဲ တွေးမိသွားခဲ့ပြီး သူမ၏မျက်လုံးများသည် တဖြည်းဖြည်းကျယ်လာကာ သဘောပေါက်လာခဲ့သည်။
သူတို့မနေ့က ကျုံစံအိမ်မှာ တစ်ယောက်မှမရှိကြပေမယ့် ဒီနေ့တော့ Weibo Nightရဲ့ အဓိကခန်းမကြီးအလယ်တည့်တည့်မှာရှိနေကြတာပဲ။
ယန်ရှီသည် ကျုံချင်းယွီဘက်သို့ ချက်ချင်းလှည့်ကြည့်ခဲ့သည်။
စင်ပေါ်၌ Hostသည် လေလံဆွဲလျှင်သုံးသည့် တူနှင့် ထူနေကာ
“နှစ် မီလီယမ် တစ်ကြိမ် နှစ်ကြိမ် ရောင်းထွက်သွားပါပြီ!”
ကျုံချင်းယွီသည် အလွန်စိတ်လှုပ်ရှား၍ သူမထိုင်နေသည့်ခုံမှ ထခုန်မလိုပင် ဖြစ်ပြီး ယန်ရှီကို လှမ်းဖက်လိုက်သည်။
“ ဟားဟားဟား ငါ လေးလံဆွဲတာနိုင်သွားပြီ၊ ကျုံယန်စီ နင်ငါ့ကို ပြိုင်ဖို့ကြိုးစားနေပေမယ့်လည်း နင်ရှုံးသွားပြီ”
ယန်ရှီသည် စိတ်သက်သာရာရ၍ သက်ပြင်းချလိုက်သည်။သူမ၏စိတ်ထဲတွင် ဘုရားကိုလည်း ကျေးဇူးတင်နေခဲ့သည်။
ထို့နောက် သူမသည် ရုတ်တရက်ပင် နောက်သို့ လှည့်ကြည့်ခဲ့သည်။
လက်ထောက်ဆွန်းနှင့် လင်းကျီတို့သည် သူတို့၏မျက်နှာများကာရန်အတွက် လေးလံကတ်ပြားများကို အနည်းငယ်မြှောက်ထားခဲ့သည်။
ယန်ရှီ: "..."
ယခုချက်ချင်း တွင်းတစ်တွင်းတူး၍ ပျောက်ကွယ်သွားလိုက်ရန် နောက်ကျသွားသလား။
ကျုံချင်းယွီသည် လုံးဝပင် သတိမမူမိဘဲ သူမအသစ်စက်စက်ရရှိထားသည့် ရင်ထိုးလေးအား ကြွားဝါနေခဲ့ပြီး ကျုံယန်စီကိုလည်း လှောင်ပြောင်၍ ပျော်မြူးနေခဲ့သည်။
နှစ်ယောက်ကြားတွင် ညှပ်နေသည့် ယန်ရှီသည် မျက်နှာပူ၍ နီရဲနေခဲ့သည်။
ယန်ရှီသည် ကျန်ရှိနေသည့်လေလံပွဲတစ်လျှောက်ကို သိပ်အာရုံမထားခဲ့ပေ။ပရဟိတလေလံပွဲများတွင် တန်ဖိုးမြင့်သည့် ပစ္စည်းများ မပါဝင်ရုံသာမက ပါဝင်သည့်ပစ္စည်းများသည်လည်း သူတို့၏မူလတန်ဖိုးထက် အဆပေါင်းများစွာပို၍ ဈေးကောင်းရသွားတာမျိုးသည်လည်း ရှားပါသည်။
နောက်ဆုံးတွင် ကျုံချင်းယွီလှူဒါန်းထားသည့် ပစ္စည်းအား လေလံတင်ရန် အချိန်ရောက်လာခဲ့၏။
သူမလှူဒါန်းထားသည့်ပစ္စည်းသည် လေလံပွဲ၏ နောက်ဆုံးပစ္စည်းဖြစ်ပြီး သူမသည် နောက်ဆုံးမိနစ်အလိုမှ ထည့်သွင်းခဲ့ခြင်းကြောင်း တရားဝင်စာရင်းထဲတွင် မပါခဲ့ပေ။
ထိုပစ္စည်းသည် ဈေးမည်မျှ ရမည်ကို ကျုံချင်းယွီကိုယ်တိုင်ပင် မသေချာဖြစ်နေ၍ သူမ၏သိချင်စိတ်များမှာ ထက်သန်နေခဲ့သည်။
သူမသည် ပေယွဲ့ပိုင်ဘက်သို့လှည့်၍ ပြတ်ပြတ်သားသားပြောခဲ့သည်။
“ နောက်ပစ္စည်းတစ်ခုက ကျွန်မဟာပဲ ပြီးတော့ ကျွန်မအဲ့တာကိုကြိုက်တယ်၊ ရှင် ကျွန်မအတွက် အဲတာကိုရအောင်ယူပေးရမယ်”
ထျန်းဟွေ့၏ CEO ဖြစ်သည့် ပေယွဲ့ပိုင်သည်လည်း Weibo Night ကို တက်ရောက်နေခြင်းဖြစ်သည်။ ထိုအရာသည် ကျုံချင်းယွီ၏မျက်နှာသာပေးမှုကို ပြန်ရရှိရန်အတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူသိနေခဲ့သည်။
ယခင်တစ်ခေါက်ရိုက်ကွင်း၌ သူမအား စိတ်ဆိုးအောင်လုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် ယခုလို သူမနှင့်ပြန်ဆုံရန် အခွင့်အရေးရခဲ့သည့် အချိန်မျိုးမှာ သူမကို ထပ်၍ စိတ်ဆိုးအောင် လုပ်ရန်မဖြစ်တော့ပေ။
ပေယွဲ့ပိုင်သည် ခေါင်းအကြိမ်အကြိမ်အခါအခါငြိမ့်နေသော်လည်း ကြောက်ရွံနေ၍ မေးလိုက်သည်။
“ ဘာတွေ အဓိက လှူခဲ့တာလည်း”
“အို အသေးအမွှားလေးပါ”
ကျုံချင်းယွီသည် ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေခဲ့သည်။
“ စိတ်မပူပါနဲ့ အဲတာက ဈေးမကြီးပါဘူး၊ တကယ်လို့ အဲပစ္စည်းက အဲလောက်တန်ဖိုးရှိနေရင် ကျွန်မဘယ်လိုလုပ် လှူမှာလည်း”
ပေယွဲ့ပိုင်သည် သူမပြောသည့်အချက်ကို သဘောပေါက်သွားခဲ့သည်။
ယခုအချိန်ထိ ဈေးအများဆုံး ဖြင့်ရောင်းထွက်ခဲ့သည့် ပစ္စည်းသည် ဆုရထားသည့်မင်းသားတစ်ဦးလှူဒါန်းထားသော ရှူခင်းပန်ချီကားတစ်ချပ်ဖြစ်ပြီး 4မီလီယမ်ဖြင့် ရောင်းချခဲ့ခြင်းသာဖြစ်သည်။
ယန်ရှီ၏ ရင်ထိုးသည်လည်း 100,000ကျော်သာ ရရှိခဲ့သည်။
သေချာပေါက်ပင် ကျုံချင်းယွီနှင့် သူမ၏အဖွဲ့သည် လေလံပွဲ၏အခြေအနေကို စဉ်းစား၍ အလွန်မတန်တရာပစ္စည်းများလှူမှာ မဟုတ်လောက်ပေ။
ထို့နောက် ကျုံချင်းယွီ၏ပစ္စည်းကို ထုတ်ပြလာခဲ့သည်။
Hostသည် လက်ဝတ်ရတနာသေတ္တာကိုအုပ်ထားသည့် ကတ္တီပါအဝတ်စကို ဖယ်လိုက်သည့်အခါ၌ တောက်ပနေသည့် အဝါရောင် စိန်တစ်လုံးသည် မြင်ကွင်းထဲပေါ်လာခဲ့ပြီး စင်၏ မီးရောင်အောက်တွင် ပို၍ တောက်ပနေခဲ့သည်။
လူအများသည် အသက်ရှူများပင် မှားကုန်ကြ၏။
ဒီလောက်ကြီးတဲ့ အဝါရောင်စိန်ကြီး ဘယ်လောက်တောင် တန်ဖိုးရှိဝာာလဲ။
ပေယွဲ့ပိုင်သည် ထိုအရာကို မြင်လိုက်ရသည့်အခါ၍ အသက်ရှူကြပ်သွားသလိုပင် ဖြစ်ခဲ့သည်။
ထိုအရာက သူမပြောတဲ့ “ အသေးအမွှာလေး” ဆိုတာလား။
ဒါက “ ဈေးမကြီးဘူး”လို့ ဆိုတာလား။
အဲ့စိန်က အနည်းဆုံး တစ်ဆယ်မီလီယမ်လောက် တန်ဖိုးရှိတာပဲ။
သို့သော် ကျုံချင်းယွီသည် နှုတ်ခမ်းဆူကာ အပြစ်ကင်းရိုးသားသည့်မျက်နှာလေးနှင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေခဲ့သည်။
“ အဝါရောင်စိန်တွေက တစ်ခြားအရောင်ရှိတဲ့စိန်တွေထက် တန်ဖိုးအနည်းဆုံးပဲ၊ ကျွန်မအဲတာကို အရင်က အပျော်သက်သက်ဝယ်ထားခဲ့တာ၊ ဘာလဲ ရှင်က လေလံမဆွဲတော့ဘူးလား”
“ ဒါပေါ့ ကိုယ်ဆွဲမှာပေါ့”
ပေယွဲ့ပိုင်မှ လျင်လျင်မြန်မြန်ဖြင့် အခိုင်အမာပြောခဲ့သည်။
အဝါရောင်စိန်များသည် ဈေးကြီးသည်မှာ မှန်သော်လည်း စတင်လေလံဆွဲသည့်ဈေးသည် 8မီလီယမ် ကျော်မှာမဟုတ်ပေ။
ထိုဈေးဆိုလျှင် ယှဉ်ပြိုင်သူ အနည်းငယ်သာရှိပြီး သူသည် ထိုအရာလား တစ်ဆယ်မီလီယမ်လောက်ဖြင့် ရနိုင်မည်ဖြစ်သည်။
ထိုအတွေးဖြင့် သူသည် နှစ်သိမ့်နေခဲ့ပြီး ပေယွဲ့ပိုင်မှာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
လေလံစတင်သည့်အခါ၌ သူ၏ နံပါတ်ပြား ကိုပထမဆုံး မြှောက်လိုက်သည်။
“ 8 မီလီယမ်နဲ့ 100,000”
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြသည်။
စိန်၏ ဈေးနှုန်းသည် ယခင်ကတည်းကပင်ဈေးကြီးနေခဲ့ခြင်းကြောင့် မည်သူမျှ မလှုပ်ရဲကြပေ။
ပေယွဲ့ပိုင်သည် စိတ်ထဲပျော်ရွှင်နေခဲ့ပြီး Host၏ နောက်ဆုံးရောင်းချပြီးဆုံးမှုကို စောင့်ရင်း သူ၏မျက်နှာကို ပုံမှန်အတိုင်း ထိန်းထားလိုက်သည်။
ထို့နောက် သူ့၏အနောက်မှ ရှင်းလင်းပြတ်သားသည့် အော်သံတစ်ခုထွက်လာခဲ့သည်။
“ 9 မီလီယမ်”
ပေယွဲ့ပိုင်သည် လန့်သွား၍ နောက်သို့ အလျင်အမြန်လှည့်ကြည့်လိုက်သောအခါ၌ ပေဟန်လီသည် နံပါတ်ပြားကို ကိုင်၍ အေးအေးဆေးဆေး ထိုင်နေသည်ကို မြင်လိုက်ရသည်။
ပေမိသားစု၏ စီးပွားရေးလုပ်ငန်းများသည် ဖျော်ဖြေရေးအနုပညာ လောကနှင့် အနည်းငယ်သာ ပတ်သတ်မှုရှိပြီး ပေဟန်လီ သည် ဤအသိုင်းအဝိုင်းနှင့် ပတ်သတ်လေ့ သိပ်မရှိပေ။
ကျုံမိသားစုသည် Weibo Night ကို ထောက်ပံ့ပေးထားခြင်းကြောင့် ပေဟန်လီသည် ယခုနေရာတွင် ရှိနေရန် မလိုအပ်ပေ။
သို့သော် သေချာကြည့်လိုက်သည့်အခါ၌ ပေဟန်လီသည် The Madness ၏ သရုပ်ဆောင်များ၊ အဖွဲ့သားများနှင့် အတူထိုင်နေပြီး ထိုရုပ်ရှင်၏ ရင်နှီးမြုပ်နှံသူတစ်ဦးအဖြစ် ရောက်လာသည်ကို ပေယွဲ့ပိုင်မှနားလည်သွားခဲ့သည်။
ပေယွဲ့ပိုင်၏ မျက်နှာသည် ဒေါသများထွက်တာ ရှုံ့မဲ့နေခဲ့သည်။
ပေဟန်လီသည် သူ့အစီအစဉ်များကို တမင်တကာပင် ဖျက်ဆီးနေသလား။
ပထမတစ်ကြိမ်သည် ရိုက်ကွင်းတွင်ဖြစ်ပြီ ယခုတွင် ဤနေရာ၌ ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့၏ အခွင့်အရေးကို ဖျက်ဆီးရန် ဆုံးဖြတ်ချက် ချထားဟန် ရှိသည်။
သူ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေခဲ့သော်လည်း ပေယွဲ့ပိုင်သည် မြိုသိပ်ထားရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။
ကျုံချင်းယွီသည် ပေဟန်လီကို သတိထားမိသွားပြီး မီးလောင်ရာလေပင့်လိုက်ခဲ့သည်။
“အို.. ပေဟန်လီလည်း ဒီမှာရှိတာနေတာလား၊ ပေယွဲ့ပိုင် ရှင် ပိုကြိုးစားမှရတော့မယ်နော်၊ ကျွန်မရဲ့ရတနာလေး သူများလက်ထဲရောက်သွားမှာကို စိုးရိမ်လို့”
ထို့နောက် လေလံစစ်ပွဲအသစ် စတင်ခဲ့သည်။
ယခု လေလံဆွဲနေကြသည့် အလွန်များပြားသော ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်လိုက်လျှင် အစောပိုင်း၌ ကျုံချင်းယွီနှင့် ကျူံယန်စီတို့ အငြင်းပွားမှုသည် အရေးမပါတော့သလိုပင် ဖြစ်သွားခဲ့သည်။
အဝါရောင်စိန်၏ မူလဈေးနှုန်းသည် နဂိုကတည်းကပင် အံ့ဩဖွယ်ကောင်းနေခဲ့ပြီး ပေယွဲ့ပိုင်သည် သတိထား၍ လေလံဆွဲနေသော်လည်း ပေဟန်လီသည် အကြိမ်တိုင်း ပြန်လည်ချေပခဲ့ပြီး ဖြစ်နိုင်ချေမရှိသည့် အမြင့်ဆုံးဈေးနှုန်းသို့ မြှင့်တင်ခဲ့သည်။
လေးဆယ် မီလီယမ်။
မိနစ်အနည်းငယ်အတွင်းများတွင် စိန်၏ ဈေးနှုန်းသည် လေးဆယ်မီလီယမ်ထိ မြှင့်တက်သွားခဲ့သည်။
ယန်ရှီသည် မနေနိုင်တော့ဘဲ တိုးတိုးလေးပြောလာခဲ့သည်။
“ ဒီဈေးအတိုင်းဆိုရင် ဒီလိုစိန်မျိုး ငါးလုံးလောက်ဝယ်လို့ရပြီ”
ကျုံယန်စီသည် ရယ်လိုက်သည်။
“ သူတို့က ကျုံအမွေဆက်ဆံသူရဲ့ မျက်နှာသာပေးမှုကိုခံချင်လို့ ပိုက်ဆံတွေသုံးနေကြတာလေ၊ လေးဆယ်မီလီယမ်ဆိုတာက နည်းတဲ့ပမာဏပဲ”
ကျုံချင်းယွီမှ ပေယွဲ့ပိုင်ထံသို့ ပေးခဲ့သည့်အရာများသည် လေးဆယ်မီလီယမ်ထက် ပို၍ တန်ဖိုးရှိလေသည်။
ကျုံချင်းယွီသည် သူ့အပေါ်တွင် နှစ်ပေါင်းများစွာ အမ်းလာခဲ့သည့် ပိုက်ဆံများသည် ထိုပမာဏထက် များလွန်းလှသည် သူမ၏ ငွေကြေးအထောက်အပံ့မရှိပါက ထျန်းဟွေ့သည် ယနေ့လို နေရာမျိုးတွင် ရှိနေနိုင်မဟုတ်ပေ။
လေးဆယ်မီလီယမ်သည် ထောင်ချောက်တစ်ခုပင်ဖြစ်သည်၊ ပေယွဲ့ပိုင် တကယ်လိုချင်သည့်အရာမှာ ကျုံချင်းယွီ၏ အနောက်တွင်ရှိသော အကန့်အသတ်မဲ့သည့် အရင်းအနှီးများပင် ဖြစ်သည်။
သို့နော် ကျုံယန်စီ၏ အကြည့်များသည် ပေဟန်လီအပေါ်တွင် ရှိနေခဲ့သည်။
အကယ်၍ ပေယွဲ့ပိုင်သည် ကျုံမိသားစု၏ ဩဇာအာဏာကို လိုချင်နေသည်ဆိုလျှင် ပေဟန်လီ၏ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်မည်နည်း။
ပေစီးပွားရေးလုပ်ငန်းစု၏ CEO တစ်ယောက်အနေဖြင့် သူ့၏ စွမ်းဆောင်ရည်များသည် ကျုံယန်စီနှင့် အတူတူပင် ဖြစ်သည်။
သူသည် စိန်တစ်လုံးကို အကြောင်းမရှိဘဲ လေလံဆွဲမည်မဟုတ်ပေ။ အခြားကိစ္စတစ်ခုခုရှိမည်မှာသေချာသည်။
ဖြစ်နိုင်ချေသည် ထိုကောင်မလေးပင်ဖြစ်သည်။
ကျုံယန်စီမျက်နှာမှာ ရှုံ့မဲ့သွားခဲ့သည်။
အဘယ့်ကြောင့် ပေ ယောကျာ်းလေးများသည် သူ့ ညီမနားတွင် လင်းတ များကဲ့သို့ ဝိုင်းနေကြသနည်း။
ပေယွဲ့ပိုင်က အရမ်းဆိုးလွန်းနေပေမယ့် ပေဟန်လီကလည်း လျော့မနေချေ။
သူသည် ကျုံချင်းယွီ၏ မျှော်လင့်ချက်မရှိ၍ အချစ်ကြီးမှုသည် သူမအား ဘေးအန္တရာယ်တစ်ခုမှ နောက်တစ်ခုထဲသို့ ပြုတ်မကျသွားစေရန် မျှော်လင့်နေခဲ့သည်။
ကျုံယန်စီသည် သက်ပြင်းချလိုက်ပြီး သူ၏ နားထင်များကို နှိပ်နေခဲ့သည်။
ထိုအချိန်တွင် ယန်ရှီသည် လေလံဆွဲနေကြသည်ကို အဆက်မပြတ်ကြည့်နေခဲ့သည်။
ယခုတွင် ပေယွဲ့ပိုင်သည် သိသိသာသာရုန်းကန်လှုပ်ရှားနေခဲ့ရပြီး သူ၏လေလံဆွဲခြင်းသည် နှေးကွေးလာ၍ ပိုပြီးတုံ့ဆိုင်းနေခဲ့ချိန်တွင် ပေဟန်လီသည် အားစိုက်ထုတ်ရန်မလိုသည့်ပုံစံဖြင့် တည်ငြိမ်နေခဲ့သည်။
ထို့နောက် သူမ၏ System သည် ရုတ်တရက်ပေါ်လာခဲ့သည်။
[ ပေဟန်လီက ပေစီးပွားရေးလုပ်ငန်းစုရဲ့ ရှယ်ယာတွေက ခိုးဝယ်နေတာတဲ့]
ယန်ရှီသည် မျက်ခုံးပင့်လိုက်သည်။
“ နင်ဘယ်လိုသိလာတာလဲ”
[ အခုတလော သခင်မလေးက မုန့်စီးပွားရေးလုပ်ငန်းစုရဲ့ stockတွေကို ဝယ်ယူနေတာကနေ ရုတ်တရက် ခြေရာခံမိသွားတာပါ၊ ဝတ္ထုထဲမှာလည်း အဲအတိုင်းပဲ ပြောထားပေမယ့် ပေရှယ်ယာတွေကို အဘိုးပေနဲ့ ပေယွဲ့ပိုင်ရဲ့ပါးပါးတို့ကပဲ ကိုင်ထားကြလို့ ပေဟန်လီက နောက်ဆုံးမှာ ပေယွဲ့ပိုင်ကိုနိုင်ဖို့အတွက် လုံလုံလောက်လောက်စုဆောင်းတာမရှိဘူးလေ၊ ပြီးတော့ ပေယွဲ့ပိုင်ပါးပါးက သူ့ရဲ့ရှယ်ယာတွေက တိတ်တိတ်လေးခိုးရောင်းနေတာ]
ယန်ရှီ၏မျက်လုံးများမှာ ကျယ်လာခဲ့သည်။
“ဘာလို့လဲ ၊ပေလုပ်ငန်းစုက ကောင်းကောင်းလည်ပတ်နေတာ မဟုတ်လား”
[ ကုမ္ပဏီကတော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ပေယွဲ့ပိုင်ကတော့ ငွေအခက်အခဲရှိနေတယ်]
ဝတ္ထုထဲတွင် ထျန်းဟွေ့၏ စီးပွားရေးလုပ်ငန်းသည် တိုးတက်နေပြီး အကယ်၍ ပိုက်ဆံမရှိလျှင်တောင်ပင် သူတို့သည် ချမ်းသာသည့်အမွေဆက်ခံသူဖြစ်သည့် ကျုံချင်းယွီကို အားကိုးခဲ့ကြခြင်းဖြစ်သည်။
[ဒါပေမယ့် အခုတော့ ပေယွဲ့ပိုင်ရဲ့ ငွေကြေးထောက်ပံ့မှုကို ဖြတ်လိုက်ပြီဆိုတော့ ထျန်းဟွေ့က ပြသာနာမျိုးစုံနဲ့ ကြိုးခုန်နေရပြီလေ
စီမံကိန်းငွေကြေးမလုံလောက်တာပဲ ဖြစ်ဖြစ် PRအတွက် လိုအပ်တာပဲဖြစ်ဖြစ် အရာအာလုံးက ငွေလိုအပ်နေတာပဲလေ]
[ပေယွဲ့ပိုင်နဲ့ သူ့ပါးပါးက တစ်ဖက်တည်းဆိုပေမယ့် ပေအကြီးအကဲက သိပ် အရည်အချင်းရှိတဲ့သူ မဟုတ်ဘူး သူလုပ်နိုင်တာဆိုလို့ ပေယွဲ့ပိုင်ကို ရှယ်ယာတွေထုတ်ရောင်းပေးဖို့ပဲရှိဝယ် ဒါပေမယ့် အဲရှယ်ယာတွေအကုန်လုံးကို ပေဟန်လီက ဝယ်သွားပြီ]
သို့မဟုတ်လျှင် အဝါရောင်စိန်လေးအား လေလံဆွဲရန်အတွက် မီလီယမ်ပေါင်းများစွာသည် မည်သည့်နေရာမှ ရောက်လာမည်နည်း။
ပေယွဲ့ပိုင်က မွဲနေပြီပဲ။
အိုး အိုး ယန်ရှီသည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
သူမသည် ကျုံချင်းယွီအား ပေယွဲ့ပိုင်၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် ကူညီပေးနေချိန်တွင် ပေဟန်လီသည် နောက်ကွယ်မှ သူတို့အား ထိခိုက်စေရန် တိတ်တိတ်ကလေးလုပ်နေခဲ့ခြင်းဖြစ်သည်။
ဤသို့ဆိုလျှင် သူတို့သည် တစ်လှေတည်းစီးကြသည့် လူများ ဖြစ်နေကြပါသလား။
မဟုတ်ဘူး… ယန်ရှီသည် သူမ၏ခေါင်းကိုခါလိုက်သည်။ ဝတ္ထုထဲတွင် ကျုံချင်းယွီသည် အဓိကဇာတ်ဆောင်ကို ပေါ်လွင့်စေသည့် အရံဇာတ်ကောင်တစ်ခုသာဖြစ်ပြီး ရဲ့လော့ယီ၏ ထပ်ခါထပ်ခါ အရှက်ခွဲမှုကို ခံခဲ့ရသော်လည်း သူမအား တကယ်အန္တရာယ်ဖြစ်စေခဲ့သူမဟုတ်ပေ။
သူကမှ တကယ့် ဗီလိန်ပဲ၊ အဓိက ဇာတ်ဆောင်မင်းသားနဲ့မင်းသမီးကို ပြသာနာတွေအများဆုံး ပေးနိုင်ပြီး ပြိုလဲလုနီးနီး ဖြစ်အောင်လုပ်နိုင်တဲ့ ပြီးပြည့်စုံတဲ့ ဗီလိန်။
သူတို့သည် အဆင့်အတန်းမတူပေ။ ထို့ကြောင့် ဝေးဝေးနေခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။
System နှင့်အတူ ဆွေးနွေးနေချိန်တွင် အဝါရောင်စိန်အတွက် လေလံဈေးသည် 50 မီလီယမ်ဖြစ်သွားခဲ့ပြီး ထိုပမာဏသည် ပေယွဲ့ပိုင်တက်နိုင်သည့် နောက်ဆုံးကန့်သတ်ချက်ပင်ဖြစ်သည်။
ပေဟန်လီသည် ထိုအရာအား ကြိုတင်ခန့်မှန်းထားခြင်းကြောင့် လေလံတင်ဈေး 50မီလီယမ်ကျော်သွားသည့်အခါ၌ ရပ်ခဲ့သည်။
သူ၏ကျဉ်းမြောင်းသောမျက်လုံးများသည် တောထဲမှ မြေခွေးကဲ့သို့ ကောက်ကျစ်သည့်အတိုင်း ကွေးသွားခဲ့သည်။
“ ငါချစ်ရတဲ့ညီလေးက ဒီအဝါရောင်စိန်ကို တော်တော်ကြိုက်ပုံရတယ်၊ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ တစ်ခြားသူရဲ့ရတနာလေးတွေကို မလုယူချင်တော့ပါဘူး မင်းကိုပဲပေးလိုက်တော့မယ်”
ပေယွဲ့ပိုင်သည် အံကြိတ်လိုက်သည်။
ပေဟန်လီက သူ့ကို “ ပေးလိုက်တော့မယ်” တဲ့လား ဒါက သူကိုယ်တိုင် တိုက်ခိုက်ပြီးရလာတဲ့ဟာလေ။
ထိုအချိန်၌ ကျုံချင်းယွီသည် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။
သူလှူခဲ့တဲ့ ပစ္စည်းက 50 မီလီယမ်ဆိုတဲ့ ကောင်းကင်ထိမြင့်တဲ့ဈေးကို ရခဲ့တာလေ။
နောက်ပိုင်းတွင် mediaများသည် သူမအား ချီးမွမ်းကြတော့မည်ဖြစ်သည် အဘယ့်ကြောင့် သူမသည် မပျော်ပဲ နေရမည်နည်း။
“ ပေယွဲ့ပိုင်…ရှင်က အကောင်းဆုံးပဲ”
သူမ၏ အပြုံးများသည် ချိုမြိန်လွန်းခဲ့ပြီး မြို့ကြီးများကိုပြိုလဲစေနိုင်သည့် သူမျိုးပင်ဖြစ်သည်။
ထိုအချိန်ခဏအတွင်း ပေယွဲ့ပိုင်သည် အာခေါင်ခြောက်လာသလိုပင် ခံစားခဲ့ရသည်။
ကျုံချင်းယွီသည် ကမ္ဘာပေါ်တွင် ချိုမြိန်သည့် အသီးတစ်လုံးလိုပင် 50 မီလီယမ်သာမကဘဲ သူ၏ ဘဝတစ်ခုလုံး တစ်ကမ္ဘာလုံးနှင့်တောင် ထိုက်တန်သည်။
ထိုအတွေးသည် အလျင်အမြန်ပင် ပျောက်သွားခဲ့ပြီး ရဲ့လော့ယီအပေါ်ထားရှိသည့် ခံစားချက်များဖြင့် ပြန်၍ ဖုံးသွားခဲ့သည်။
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ပေယွဲ့ပိုင်သည် ဖိအားပေးလိုက်၏။
“ ချင်းယွီ မင်းက မနက်ဖြန်ကျရင် ရသစုံရှိုး ရိုက်ကူးဖို့ သွားရတော့မှာလေ ဒီည ကိုယ်နဲ့တူတူ ပေမိသားစုဆီ ပြန်မလိုက်ချင်ဘူးလား၊ ဒီ အဝါရောင်စိန်ကို လက်စွပ်တစ်ကွင်းလုပ်ပြီး မင်းကို စေ့စပ်လက်စွပ်အဖြစ် လက်ဆောင်ပေးမယ်လေ”
စွဲလမ်းမှုတွေရှိနေသော်လည်း ပေယွဲ့ပိုင်သည် သူ၏ ဦးစားပေးမှုများကို မေ့ထားလို့မရပေ။ ကျုံချင်းယွီနှင့် စေ့စပ်ပွဲကို ပြန်၍ ရအောင်လုပ်ရမည်မှာ အဓိကအရေးအကြီးဆုံးပင် ဖြစ်သည်။
ကျုံချင်းယွီသည် သူ၏ပါးကို ရိုက်လိုက်သည်။
“ ဒါပေမယ့် အခုက အရမ်းနောက်ကျနေပြီလေ၊ ပြီးတော့ ကျွန်မက အရမ်းပင်ပန်းနေပြီ အဲတာကို ရှင်က ကျွန်မကို ပေမိသားစုဆီ ခေါ်သွားချင်သေးတာလား၊ ပေယွဲ့ပိုင် ရှင်ဘယ်လိုလုပ် အဲလောက်ရက်စက်ရတာလဲ”
ပေယွဲ့ပိုင်၏ ခန္ဓာကိုယ်သည် ဝောာင့်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း မဲမှောင်သွားခဲ့သည်။
ပရဟိတလေလံပွဲပြီးသွားပြီးနောက် ပေယွဲ့ပိုင်သည် သန့်စင်ခန်းသို့ သွားခဲ့သည်။
သူသည် သူ၏ ပါးပါးကို ပိုက်ဆံတောင်းရန် လိုနေခဲ့သည် ထျန်းဟွေ့၏ ယခုအခြေအနေကြောင့် 50မီလီယမ်ကို သူကိုယ်တိုင်ပေးနိုင်မည်မဟုတ်ပေ။
သန့်စင်ခန်း အဝင်ပေါက်တွင် သူသည် ရဲ့လော့ယီနှင့် ဝင်တိုက်မိခဲ့သည်။
သူမ၏ မျက်လုံးများမှာနီရဲနေခဲ့ပြီး ငိုထားသည်မှာ သေချာလေသည်။
“ လော့ယီ”
ပေယွဲ့ပိုင်သည် သူမ၏လက်ကိုဆွဲ၍ လှေကားအကွေ့သို့ ခေါ်သွားခဲ့သည်။
ရဲ့လော့ယီသည် ရုန်းနေသော်လည်း သူဆွဲထားသည်မှာ အားသန်လွန်းလှသည်။ သူမကိုမြင်လိုက်ရသည့်အခါ၌ ပေယွဲ့ပိုင်၏နှလုံးသားမှာ နာကျင်လာခဲ့သည်။
“ မင်း.. အကုန်မြင်ခဲ့တာလား”
ရဲ့လော့ယီသည် ခေါင်းငြိမ့်ခဲ့သည်။
ကျုံချင်းယွီ၏ အဝါရောင်စိန်အတွက် ပေညီအစ်ကိုကြားပြင်းထန်သည့် လေလံစွဲပွဲနှင့် အံ့ဩဖွယ်ကောင်းလှသော 50မီလီယမ်တန်ဖိုး ထိုအရာသည် လွဲချော်ဖို့ မဖြစ်နိုင်ပေ။
လူအများအားလုံး၏မျက်လုံးများသည် ကျုံချင်းယွီထံသို့ ရောက်ရှိနေသော်လည်း ရဲ့လော့ယီသည် သူမအား မှတ်မိနေကြသည်ကိုလည်း သိ၏။
သူတို့၏ စေ့စေ့စပ်စပ်အကြည့်များသည် အထက်မြက်ဆုံး ဓားသွားများလိုပင် ဖြစ်နေပြီး သူ၏ ဘေးပတ်ပတ်လည်မှ ထိုးဖောက်ဝင်ရောက်နေသလိုပင် ခံစားနေခဲ့ရသည်။
ထိုအရာသည် ရယ်စရာကောင်းလှပါသည်။ ယခုမနက်ခင်းတွင် ထိုယောကျာ်းသည် သူမနှင့် နီးနီးကပ်ကပ်နေ၍ သူမနား နားကပ်ပြီး အချစ်စကားများ ပြောနေခဲ့သေးသည်။
အခုညကျတော့ သူက တစ်ခြားမိန်းမတစ်ယောက်အတွက် ပိုက်ဆံတွေဖြုန်းနေတာပဲ။
ပေယွဲ့ပိုင်သည် မျက်ရည်များစီးကျနေသည့် သူမ၏မျက်နှာကိုကြည့်ကာ စိုးရိမ်တကြီးဖြင့်ပြောလာခဲ့သည်။
“ လော့ယီ ကိုယ့်မှာရွေးချယ်စရာမရှိလို့ပါ၊ ကိုယ်ကမင်းတစ်ယောက်တည်းကိုပဲချစ်တာပါ မင်းကိုယ့်ကိုယုံပါနော်”
ရဲ့လော့ယီသည် အသက်ပြင်းပြင်းရှူလိုက်သည်။
ထိုအရာသည် တတိယအကြိမ်မြောက်ပင်ဖြစ်သည်။
ပေယွဲ့ပိုင်သည် ကျုံချင်းယွီအတွက် သူမအား စွန့်ပစ်ခဲ့ခြင်းမှာ သုံးကြိမ်မြောက်ပင် ဖြစ်သည်။
သုံးကြိမ်တောင်ရှိခဲ့ပေပြီ ၊ သူမခံစားချက်များ မည်မျှပင် နက်ရှိုင်းပါစေ ယခု၌ လက်လွှတ်ဖို့ အချိန်ရောက်ခဲ့လေပြီ။
ရဲ့လော့ယီသည် သူမ၏ မျက်ရည်များဖြင့်ပြည့်ကာ နူးညံ့နေသည့်မျက်လုံးဖြင့် ပေယွဲ့ပိုင်အား ကြည့်လိုက်သည်။
“ ယွဲ့ပိုင် ကျွန်မသိပါတယ်၊ ရှင်နဲ့ကျုံချင်းယွီက ဟန်ဆောင်နေကြတာပဲ”
ပေယွဲ့ပိုင်သည် မှင်သက်သွားခဲ့သည်။
ရဲ့လော့ယီသည် ရှေ့ကိုလှမ်းလာ၍ သူ၏မျက်နှာကို ညင်သာစွာပွတ်ပေးလိုက်သည်။
“ ရှင် ဘယ်လောက်ဝောာင်အခက်အခဲဖြစ်နေလည်းဆိုတာ ကျွန်မသိပါတယ်၊ ရှင်ကျွန်မကို ဒီလောက်တောင်ချစ်တာ ကျွန်မဘယ်လိုလုပ် သစ္စာဖောက်ရက်မှာလဲ”
ပေယွဲပိုင်၏မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လာခဲ့သည်။
ယခုရက်ပိုင်းများတွင် သူသည် ပေဟန်လီ၏အကြံအစည်များဖြင့် တိုက်ခိုက်ခံရခြင်း၊ ပေအကြီးအကဲများ၏ အထင်သေးခံရခြင်းနှင့် သူပါးပါး၏ ဆူပူခြင်းများကို ခံနေခဲ့ရသည်။
ရဲ့လော့ယီတစ်ယောက်တည်းပဲ သူ့နာကျင်မှုကို နားလည်တာ။
သူသည် အပျော်လွန်၍ ရဲ့လော့ယီကို တင်းကြပ်စွာဖက်လိုက်သည်။
“လော့ယီ ငါ့မှာ မင်းတစ်ယောက်တည်းပဲရှိတော့တာ…”
ရဲ့လော့ယီ သူ၏ကျောကို ပုတ်ပေးလိုက်သည်။
“ ရှင်ရုန်းကန်ကြိုးစားနေရတာကျွန်မသိပါတယ်”
ပြောကာ သက်ပြင်းချလိုက်သည်။
“ ဒါပေမယ့် ကျွန်မကို အိမ်ထောင်ဖျက်စီးတဲ့သူလို့ ပြောနေကြပြီး ကျွန်မကြိုးစားပြီး ရလာခဲ့တဲ့ ခေါင်းဆောင်မင်းသမီးနေရာကိုလည်း လူစားထိုးတော့မယ်တဲ့၊ ကျွန်မ ထျန်းဟွေ့အတွက် ပိုက်ဆံတောင် မရှာနိုင်တော့ဘူး”
ပေယွဲ့ပိုင်၏စိတ်ထဲတွင် တင်းကြပ်သွားခဲ့သည်။
ရဲ့လော့ယီသည် ထိုသို့ ပုတ်ခတ်ခံနေရသည်မှာ သူ့ကြောင့်ပင် မဟုတ်လား။
ဒီ fantasy ဇာတ်လမ်းတွဲရဲ့ ဇာတ်ဆောင်မင်းသမီးက သူကြိုးစားပြီး ထိုက်ထိုက်တန်တန်ရလာတာပဲလေ
“ သူတို့က လူစားထိုးလိုက်ဝာာလား ဘယ်သူနဲ့လဲ”
ရဲ့လော့ယီသည် ခါးသီးစွာဖြင့် ပြုံးလာခဲ့သည်။
“ လက်ထောက်ဆွန်းပြောတာကတော့ ရင်းနှီးမြုပ်နှံသူက ကျွန်မနေရာအစား သူ့ကောင်မလေးကို အစားထိုးဖို့ 30 မီလီယမ် မြုပ်နှံခဲ့တယ်တဲ့၊ အဲနေရာက ကျွန်မအတွက် မဟုတ်ခဲ့ဘူးထင်တယ်”
ပေယွဲ့ပိုင်သည် စဉ်းစားခဲ့၏။
ထိုနေရာသည် ရွှေလိုတန်ဖိုးရှိသည့်နေရာပင်ဖြစ်သည်။ အကယ်၍ ရဲ့လော့ယီသာ ထိုနေရာရခဲ့လျှင် သူမသည် ပြန်၍ အောင်မြင်ကျော်ကြားလာမည်ဖြစ်သည်။
30 မီလီယမ်လား။ သေးငယ်သည့် ပမာဏပင်ဖြစ်သည်။
“ စိတ်မပူပါနဲ့”
သူသည် သူမ၏ဆံပင်များကို ဖွဖွလေးကိုင်၍ တိုးတိုးလေးပြောလာခဲ့သည်။
“ ကိုယ် ဖြေရှင်းလိုက်မယ်”
သူတို့သည် လှေကားထစ်တွင် ကြာကြာမနေခဲ့ပေ အကယ်၍ မိသွားပါက ကျုံချင်းယွီနှင့် ပြန်လည်အဆင်ပြေရန် မဖြစ်နိုင်တော့ပေ။
ပေယွဲ့ပိုင်သည် သူ၏ပါးပါးနှင့် ဖုန်းပြောရန်လိုအပ်နေသေးသောကြောင့် ရဲ့လော့ယီကို အရင်ပြန်လွှတ်လိုက်သည်။
ရဲ့လော့ယီထွက်သွားသည့်အခါ၌ သူမ၏မျက်လုံးထဲတွင် စိတ်မပါဘဲ ကျနေသည့် မျက်ရည်များသည် အပြင်ရောက်သွားသည့်အခါ၌ ပျောက်ကွယ်သွားပြီး အေးစက်နေသည့် ပုံစံနှင့် အစားထိုးလိုက်သည်။
ပေယွဲ့ပိုင်သည် ထိုအရာကို သတိမထားမိဘဲ သူမ နားလည်ပေးသည်ဟုထင်ကာ ပျော်ရွှင်စွာကျန်နေခဲ့သည်။
သူသည် သူ၏ပါးပါးကို ဖုန်းဆက်၍ 100မီလီယမ် လှမ်းတောင်းခဲ့သည်။
ပေအကြီးအကဲသည် တုန်လှုပ်သွားခဲ့၏။
“ မင်းဘာလို့ ဒီလောက်တောင် ကျုံချင်းယွီကို ပြန်ရဖို့ကြိုးစားနေရတာလည်း”
ပေယွဲ့ပိုင်သည် အကူအညီမဲ့နေသည့်ပုံစံ ဖြစ်အောင် ဟန်ဆောင်လိုက်သည်။
“ ပါးပါး ကျုံချင်းယွီလို ဆိုးသွမ်းတဲ့စိတ်ဓာတ်ရှိတဲ့သူက ကြီးကြီးမားမားမလုပ်ပြဘဲ ပြန်လာမယ်လို့ထင်လား၊ သူ့ကိုရလိုက်တာနဲ့ ပေစီးပွားရေးလုပ်ငန်းစုရဲ့ ရှယ်ယာတွေနဲ့ ကျုံမိသားစုရဲ့ အရင်းအနှီးတွေကို ရတော့မှာလေ၊ အဲတာတွေနဲ့ယှဉ်ရင် 100 မီလီယမ်က ဘာမှမဟုတ်ဘူးမလား”
တစ်ခြားရွေးချယ်စရာမရှိဝာာကြောင့် ပေအကြီးအကဲသည် ဝန်လေးစွာဖြင့် သဘောတူခဲ့သည်။
ဖုန်းပြောပြီးနောက် ပေယွဲ့ပိုင်သည် လှေကားထစ်မှ ထွက်လာခဲ့သည်။
လေလံပွဲသည် ပြီးဆုံးသွားသည်မှာ ကြာခဲ့ပြီး ဖြစ်ပြီး ယခုတွင် ဆုပေးပွဲအခမ်းအနား စတင်နေပြီ ဖြစ်၏။
ထိုအရာသည် သူနှင့် သိပ်မဆိုင်သောကြောင့် သူရှိရှိမရှိရှိ မထူးခြားပေ။
သူသည် သန့်စင်ခန်းထဲမှ ထွက်လာသည့်လမ်း၌ ဒါရိုက်တာယွီနှင့် ဝင်တိုက်မိသည်။
“ ဒါက သခင်လေးပေ မဟုတ်လား၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ”
ဒါရိုက်တာယွီသည် ပေယွဲ့ပိုင်ကို ကောင်းကောင်းသိလေသည်။
ကျုံချင်းယွီသည် The Journey တွင် မြှုပ်နှံခဲ့သည်မှာ ပေယွဲ့ပိုင်နှင့်အတူတူ ပါဝင်ချင်ခဲ့သောကြောင့်ဖြစ်ပြီး ဒါရိုက်တာယွီသည် သူတို့နှစ်ဦးအား ကြေညာဓာတ်ပုံများကို ရိုက်ကူးပေးဖူးသည်။
ပေယွဲ့ပိုင်သည် စိတ်မပါလက်မပါဖြင့် ပြန်ဖြေခဲ့သည်။
ထို့နောက် သူသည် တစ်ခုခုကိုသတိရလာ၍ ဒါရိုက်တာယွီကို တားလိုက်သည်။
“ အစက ဒီရှိုးမှာ ကျုံချင်းယွီရဲ့ ပါတနာက ရှူယန်ယန်မဟုတ်ဘူးလား၊ ဘာလို့ ယန်ရှီဖြစ်သွားတာလည်း”
ယန်ရှီသည် ကျုံချင်းယွီဘေးနားတွင် ပေါ်လာသည့် အချိန်ကတည်းကပင် ပေယွဲ့ပိုင်သည် အခက်အခဲများတစ်ခုပြီးတစ်ခု ကြုံတွေ့နေခဲ့ရသည်။
အကယ်၍ ယန်ရှီက ကျုံချင်းယွီနဲ့အတူတူ အဲ့ရှိုးမှာ မပါခဲ့ရင် သူက ထျန်းဟွေ့ရဲ့ ဒုဥက္ကဌဖြစ်လာမှာမဟုတ်သလို သူ့ရဲ့ ငွေကြေးအခွင့်အရေးတွေကိုလည်း ပိတ်ဆို့နိုင်မှာမဟုတ်ဘူး!
ဒါရိုက်တာယွီသည် ခဏတာ စဉ်းစားလိုက်သည်။
“အစကတော့ ရှူယန်ယန်ပဲ ဒါပေမယ့် ယန်ရှီက လောလောလတ်လတ်အသဲကွဲထားလို့ သခင်မလေးက သူ့သူငယ်ချင်းလေးနဲ့ ခရီးအတူတူထွက်ပြီး နှစ်သိမ့်ပေးချင်လိုလို့ပြောတယ်”
“ အသည်းကွဲတာလား” ပေယွဲ့ပိုင်မှ ရယ်လိုက်သည်။
“ ယန်ရှီရဲ့ ပုံစံကိုကြည့်ရတာ သူက အသည်းကွဲနေတဲ့ပုံပေါ်နေလို့လား”
“ အဲတာတော့မှန်တယ်”
ဒါရိုက်တာယွီမှ လေးလေးနက်နက်ပြောလာခဲ့သည်။
“ ကျွန်တော်ကြားတာကတော့ သူက သူ့အခန်းဖော်ရဲ့ရည်းစားကိုသဘောကျသွားတာတဲ့၊ အတိအကျတော့ မသိပေမယ့် ဟန်မြို့မှာ သခင်မလေးက ယန်ရှီအတွက် blind dateတောင် စီစဉ်ပေးခဲ့သေးတယ်မဟုတ်လား၊ အဲတာကြောင့် မမှားနိုင်ဘူး အို ဒါနဲ့ သခင်လေးပေ ကျွန်တော်ဆုယူဖို့အချိန်းနီးနေပြီ သွားတော့မယ်နော်”
ဒါရိုက်တာယွီသည် အမြန်ထွက်သွားခဲ့သည်။
ပေယွဲ့ပိုင်သည် သူ၏မှတ်ဉာဏ်ကို အလုပ်ပေးလိုက်သည်။
သူသည် The Journey ကို မကြည့်ခဲ့သော်လည်း ရိုက်ကူးရေးမစခင် ညတွင် ယန်ရှီသည် ကျုံချင်းနှင့်အတူ သူ့အား လာတွေ့ခဲ့သည်ကို သတိရသွားခဲ့သည်။ ထိုအချိန်တုန်းကပင် သူမ၏အသွင်အပြင်သည် အသည်းကွဲနေသည့် အရိပ်အယောင်ပင် မရှိပေ။
သူသည် မျက်မှောင်ကြိုတ်လိုက်သည်။ ပေယွဲ့ပိုင်သည် ချက်ချင်းပင် သူသိသည့် ပါပါရာဇီတစ်ယောက်ကို လှမ်းဆက်သွယ်လိုက်သည်။
“ ယန်ရှီအကြောင်း အကုန်ရှာပေး”
“ ဘယ်ဟာကို အတိအကျရှာပေးရမလဲ သခင်းလေးပေ”
“ သူ့ရဲ့အချစ်အကြောင်း ယန်ရှီရဲ့ အခန်းဖော်တွေ ပြီးတော့ ယန်ရှီက သူတို့ရဲ့ကောင်လေးတွေနဲ့ပတ်သတ်နေလားဆိုတာရောပဲ”
စုံစမ်းစစ်ဆေးမှုများသည် အချိန်ယူရခြင်းကြောင့် ပေယွဲ့ပိုင်သည် ချက်ချင်းအဖြေရရန် မမျှော်လင့်ထားပေ။
နှစ်နာရီမပြည့်သေးခင်မှာပဲ ပါပါရာဇီသည် ပြန်ခေါ်လာခဲ့သည်။
“ သခင်လေးပေ ယန်ရှီရဲ့အချစ်ရေးအကြောင်းက သိပ်ပြီး အများကြီးရှာမတွေ့ပေမယ့် သူ့အခန်းဖော်တွေရဲ့ အချစ်ရေးအခြေအနေကိုထုတ်ဖော်ရတာက အရမ်းလွယ်ပါတယ်”
“ ဘာရှာတွေ့ခဲ့လည်း”
“ ယန်ရှီရဲ့ အခန်းဖော် သုံးယောက်လုံးက singleတွေပါ”
ပေယွဲ့ပိုင်သည် အသက်ရှုရပ်မတက်ပင် ဖြစ်သွားခဲ့သည်။
“ အဲတာက သေချာလား”
“အတိအကျပါပဲ၊ ဒီလိုမျိုး သုတေသနတွေက လူမှုရေးလေ့လာမှုတွေအတွက် စစ်တမ်း အမြဲဖြည့်နေရတာပါ၊ ကျွန်တော်က ဆက်ဆံရေး status တစ်ခုပါတဲ့ စစ်တမ်းတစ်ခုကို အတုပြုလုပ်လိုက်ပြီး သူတို့သုံးယောက်လုံးက ‘single’လို့ အတည်ပြုထားကြပါတယ်၊ ပိုမို နက်ရှိုင်းတဲ့အသေးစိတ်သိချင်ရင်တော့ ရှာလို့ရပါတယ်၊ ဒါပေမယ့် ဒါကလည်း အတော်လေး သေချာပါတယ်”
ပေယွဲ့ပိုင်သည် အလွန်ပင်စိတ်လှုပ်ရှားကာ နှလုံးခုန်နေခဲ့သည်။
ယန်ရှီရဲ့ အခန်းဖော်တွေအကုန်လုံးက single ပဲ။
ဒါဆို အခန်းဖော်ရဲ့ကောင်လေးကို သဘောကျမိပြီး “အသည်းကွဲတယ်” ဆိုတယ်ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးက အလိမ်အညာတစ်ခုပဲ။
သူသည် ဆုပေးပွဲခန်းမထဲတွင် ရှိနေသည့် ယန်ရှီအား အဝေးက လှမ်းကြည့်နေခဲ့သည်။
ကျုံချင်းယွီသည်သူမညာဘက်တွင် ထိုင်နေပြီး ကျုံယန်စီသည် သူမ ဘယ်ဘက်တွင် ထိုင်နေသည်။
ပေယွဲ့ပိုင်သည် မျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍ လမ်းခွဲတာမဟုတ်ဘူးဆိုလျှင် အဘယ်ကြောင့် ယန်ရှီသည် ကျုံချင်းယွီကို လိမ်ခဲ့ရသနည်း။
Weibo Night ဆုပေးပွဲအခမ်းအနားပြီးသွားသည့်အခါ၌ အနုပညာရှင်အားလုံး စတင်ထွက်ခွာသွားကြသည်။
ယန်ရှီသည် ကျုံချင်းယွီဘေးနားမှနေ၍ ပုံမှန်အတိုင်း လျှောက်သွားကြသည်။
သူမသည် ဦးလေးကျောင်းကို အရင်ပြန်လွှတ်လိုက်ပြီး ကျုံချင်းယွီ၏ ဗန်ကားနှင့် လိုက်သွားရန် စီစဉ်ထားခဲ့သည်။
ကားပါကင်တွင် ပေယွဲ့ပိုင်သည် ကျုံချင်းယွီထံသို့ ရုတ်တရက်ချဉ်းကပ်လာခဲ့သည်။
သူ၏လက်ထဲတွင် အဝါရောင်စိန်ကိုကိုင်ထားပြီး လမ်းမီးရောင်အောက်တွင် တလက်လက်တောက်ပနေခဲ့သည်။
ကျုံချင်းယွီသည် ပျော်ရွှင်စွာဖြင့် ယူလိုက်သည်။
“ ပေယွဲ့ပိုင် ရှင် နောက်ဆုံးတော့ ကောင်းကောင်းပြုမူတတ်နေပြီပဲ”
သူသည် ထိုစိန်ကို ဓားခံအနေဖြင့် ထားမည်လား သို့မဟုတ် ပေမိသားစုထံကို ဖိအားပေး၍ ပြန်ခိုင်းမလား စိုးရိမ်နေခဲ့ပေမယ့် ကျေးဇူးတင်စွာဖြင့်ပင် သူသည် ထိုစိတ်ပျက်စရာနည်းလမ်းများကို မသုံးခဲ့ပေ။
“ ချင်းယွီ” ဟု ပေယွဲ့ပိုင်မှ နူးနူးညံ့ညံ့ဖြင့်ပြောလာခဲ့သည်။
“ အခုနောက်ကျနေလို့ ပေအိမ်တော်ကို ပြန်ဖို့ အခု အဆင်မပြေတော့ပေမယ့် ကိုယ်မင်းကို ပြောစရာရှိတယ်”
ကျုံချင်းယွီသည် စိန်ကိုကြည့်၍ အလွန်သဘောကျနေခဲ့သည်။
ဖြစ်နိုင်သည်မှာ လေလံပွဲတွင် 50မီလီယမ်ဖြင့်ရခဲ့တာဖြစ်သောကြောင့် အရောင်သိပ်မရှားသည် စိန်သည် ရုတ်တရက်ပင် တောက်ပနေခဲ့သည်။
“ ကောင်းပြီ ပြောပါ”
ပေယွဲ့ပိုင်သည် ယန်ရှီကိုစိုက်ကြည့်ခဲ့သည်။
“ ကိုယ် သီးသန့်စကားပြောချင်တယ်”
ကျုံချင်းယွီသည် မျက်မှောင်ကြုံလိုက်သည်။
“ ဒီမှာပြောလို့မရဘူးလား ယန်ရှီက အပြင်လူမှမဟုတ်တာ”
ပေယွဲ့ပိုင်သည် သူမ၏လက်ကိုဆွဲယူ၍ သူသည် အသံတိုးတိုးလေးဖြင့်ပြောလာသည်။
“ တစ်ချို့ကိစ္စတွေက ကိုယ်တို့နှစ်ယောက်ကြားပြောတာ ပိုကောင်းတယ်”
ကျုံချင်းယွီသည် သူမ၏မျက်လုံးကို လှိမ့်လိုက်သည်။
“အာ အရမ်း ဒရမ်မာဆန်တာပဲ”
သူမသည် ယန်ရှီဘက်သို့လှည့်လိုက်သည်။
“ ရှီအာ ငါနဲ့ပေယွဲပိုင်က ခဏလောက်ပဲပြောမှာပါ၊ ငါ့ကိုစောင့်နော် အဆင်ပြေရဲ့လား”
ယန်ရှီသည် ပေယွဲ့ပိုင်ကို ကြည့်လိုက်ပြီး တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။
သို့သော် ကျုံချင်းယွီသည် ဇာတ်ညွှန်း၏ထိန်းချုပ်မှု အောက်မှ လွတ်မြောက်ခဲ့ပြီး ဖြစ်ပြီး အနားတွင်လည်း လူအများကြီးရှိတာကြောင့် ပေယွဲ့ပိုင်သည် သူမအား စကားလုံးများဖြင့်ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
သူမသည် ခေါင်းငြိမ့်လိုက်သည်။
“ရတာပေါ့ ငါ ကားထဲက စောင့်နေလိုက်မယ်”
ကျုံချင်းယွီသည် ပေယွဲ့ပိုင်နောက်သိူ့လိုက်သွားကာ လူမမြင်သည့်ထောင့်တစ်နေရာသို့ရောက်သွားခဲ့သည်။
သူမသည်လက်ပိုက်ထားတာ သူမ၏ခြေထောက်ကို စိတ်မရှည်စွာဖြင့် ဆောင့်နေခဲ့သည်။
“မြန်မြန်ပြော ကျွန်မအလှအတွက် အိပ်ဖို့လိုအပ်တယ်”
ပေယွဲ့ပိုင်သည် ပါပါရာဇီ၏ ရှာဖွေစုဆောင်းထားသည့်အချက်များကို ပြလာခဲ့သည်။
“ ချင်းယွီ ယန်ရှီက မင်းကိုလှည့်စားနေတာ”
“ သူက ကျောင်းအဆောင်မှာ အခန်းဖော်သုံးယောက်နဲ့နေတာ အကုန်လုံးက single တွေချည်ပဲ၊ ဒါဆိုဘယ်လိုလုပ် အခန်းဖော်ရဲ့သူငယ်ချင်းကိုသဘောကျပြီး အသဲကွဲခဲ့ရမှာလဲ၊ သူက အဲဇာတ်လမ်းကို မင်းနဲ့ရင်းနှီးဖို့အတွက် သုံးခဲ့တာပဲ”
ကျုံချင်းယွီသည် မှင်သက်သွားပြီး ပုံတွေကို စိုက်ကြည့်လိုက်သည်။
ကောင်မလေးသုံးယောက်အနက်၌ သူသည် ကျောင်းကျောင်းကို ချက်ချင်းပင် မှတ်မိသွားခဲ့သည် ထိုတစ်ယောက်သည် စားသောက်ဆိုင်တွင် ယန်ရှီအား ရေနဲ့ပက်ခဲ့သူတစ်ယောက်ဖြစ်သည်။
ထိုအဖြစ်အပျက်ကို သူမ မေ့နိုင်မှာမဟုတ်ပေ။
ကျောင်းကျောင်း၏ပုံကို ထောက်ပြ၍ မေးလာခဲ့သည်။
“ သူကရော single ပဲလား”
“ ဟုတ်တယ် သူက အခု U.Sမှာ ကျောင်းတက်နေတဲ့ ထိပ်တန်းကျောင်းသူပဲ၊ ဒါပေမယ့် ကိုယ်ရှာထားတဲ့သတင်းတွေအရ သူက ရည်းစားတစ်ခါမှမထားဖူးဘူး ပြီးတော့ သူက ကျောင်းရဲ့ ဇာတ်လမ်းတွဲ အဖွဲ့မှာလည်း ပါဖူးပြီးတော့ သရုပ်ဆောင်လည်း အတော်ကောင်းတယ်”
ကျုံချင်းယွီ၏လက်များမှာ တုန်ယင်လာခဲ့သည်။
ပေယွဲ့ပိုင်သည် ပို၍ နီးကပ်လာခဲ့သည်။
“ မင်းမသိသေးဘူးလား အရင်က ယန်ရှီက သာမန်ကျောင်းသူတစ်ယောက်ပဲ၊ အခုတော့ သူက ထျန်းဟွေ့ရဲ့ ဒုဥက္ကဌဖြစ်နေပြီး မီလီယမ်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်နေပြီ၊ ကျုံလုပ်ငန်းစုက ဖျော်ဖြေရေးလုပ်ငန်းတွေကို ထျန်းဟွေ့ကလွဲပြီး ကျန်တာတွေမထိခဲ့ဘူး၊ ဒါပေမယ့် ကျုံယန်စီက Weibo Night ကို ထောက်ပံ့ပေးခဲ့တယ်လေ”
“ သူ့ရဲ့ရည်ရွယ်ချက်က မင်းကိုအသုံးချပြီး ကျုံလုပ်ငန်းစုရဲ့အရင်းအနှီးတွေနဲ့ ကျုံယန်စီကို ရဖို့ပဲ”
ယန်ရှီ၏လိမ်ညာမှုများအတွက် တစ်ခြား ဖြေရှင်းစရာများ မရှိတော့ပေ။
ကျုံချင်းယွီသည် ထိုအရာကို မယုံချင်သော်လည်း သက်သေအထောက်အထားများသည် ငြင်းလို့မရပေ။
ပေယွဲ့ပိုင်သည် ထိုအရာကို လိမ်လည်ဖို့အကြောင်းမရှိသည့်အပြင် သူမသည် စုံစမ်းစစ်ဆေးသူများကိုငှား၍လည်း အတည်ပြုနိုင်လေသည်။
ထို့အပြင် တစ်ခုခုမှားနေသည်ဟုခံစားနေရခဲ့ခြင်းမှာ ယန်ရှီသည် အသည်းကွဲနေသည့်သူတစ်ယောက်လို တစ်ခါမှ မပြုမူနေခဲ့ပေ။
ကျုံချင်းယွီသည် သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။
ပေယွဲ့ပိုင်သည် ကျုံချင်းယွီ၏တွေဝေနေသည့် ပုံစံကိုရိပ်မိသွား၍ သူ၏အကျိုးရရှီရေးအတွက် ဖိအားပေးလိုက်သည်။
“ ချင်းယွီ မင်းနဲ့ယန်ရှီရဲ့ ခင်မင်မှုက ဘယ်လောက်လေးနက်လဲ ကိုယ်သိပါတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက မင်းကိုမလိမ်သင့်ဘူး သူ့မှာအကြောင်းပြချက်တွေရှ်ိရင်တောင် မင်းကိုအမှန်အတိုင်းဖွင့်ပြောဖို့ အခွင့်အရေးတွေရှိခဲ့တာပဲလေ၊ ဒါပေမယ့် သူက တစ်ချိန်လုံး ဘာမှမပြောဘဲ ငြိမ်နေခဲ့တာ အဲတာက ဘယ်လိုသူငယ်ချင်းမျိုးလဲ၊ တကယ့်ညီမအရင်းစိတ်ဓာတ်လိုမဟုတ်ဘဲ ဟန်ဆောင်နေခဲ့တာပဲ”
“ တော်လောက်ပြီ” ဟု ကျုံချင်းယွီမှ ဖြတ်ပြောလိုက်သည်။
သို့သော် ပေယွဲ့ပိုင်သည် လက်မလျှော့ခဲ့ပေ။
နောက်ဆုံးတွင် ယန်ရှီ၏လိမ်ညာမှုကို သိလိုက်ရသည့်အခါ၌ အဘယ့်ကြောင့် ဤ အခွင့်အရေးကို လက်လွှတ်ခံမည်နည်း။
“ ချင်းယွီ ကိုယ် မင်းအတွက်ပြောနေတာပါ၊ ယန်ရှီက ပိုက်ဆံတစ်ခုတည်းကိုပဲကြည့်ပြီး လိမ်ညာတက်တဲ့လူစားမျိုးပဲလေ၊ မင်းသူနဲ့ ခပ်ခွာခွာနေသင့်တယ်”
“ ယန်ရှီက ကျွန်မကို လိမ်ခဲ့တယ်ဆိုရင်ရော ဘာဖြစ်လဲ”
ကျုံချင်းယွီသည် ပေယွဲပိုင့်ကို စိုက်ကြည့်ခဲ့သည်။
“ ပေယွဲ့ပိုင် ရှင်ရော ကျွန်မကို မလိမ်ခဲ့ဖူးလို့လား”
ပေယွဲ့ပိုင်သည် မှင်သက်သွားပြီး သူ၏နဖူးမှ ချွေးစီးများထွက်လာခဲ့သည်။
“ ဒါပေမယ့် အဲတာက သူနဲ့မတူဘူးလေ”
“ ဒါပေါ့ သူနဲ့ဘယ်တူမလဲ”
ကျုံချင်ယွီသည် လှောင်ပြောင်သည့်သဘောဖြင့်ရယ်လိုက်သည်။
“ ရှီရှီက ကျွန်မကို ဘာလို့လိမ်ခဲ့လည်းမသိပေမယ့် ကျွန်မက အကျိုးကျေးဇူးကိုပဲ ဂရုစိုက်တယ် ၊ အခု သူ့ကိုကြည့်လိုက် သူက ရှင်းယောင်ရဲ့ ဒုတိယဥက္ကဌပဲ ပြီးတော့ ကျွန်မကိုကြည့်လိုက်လေ ပြသာနာတွေများစွာနဲ့ အပြစ်တင်ပြောခံနေရတဲ့ မင်းသမီးဘဝကနေ အခု လူချစ်လူခင်ပေါပြီး အောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်လာပြီ၊ ကျွန်မ Mလုပ်ငန်းစုရဲ့ ရှယ်ယာတွေကို ကိုင်ထားတယ်ပြီးတော့ မုန့်စီးပွားရေးလုပ်ငန်းစုရဲ့ ဥက္ကဌဖြစ်နေပြီ၊ ရှင်းယောင်ကလည်း အတော်လေးတိုးတက်နေပြီ ရှင့်ရဲ့ထျန်းဟွေ့ကတော့ နောက်ကျကျန်ခဲ့ပြီ”
“ ဟုတ်တယ် ရှီရှီက ကျွန်မကိုလိမ်ခဲ့တယ် ဒါပေမယ့် အဲတာကြောင့်ပဲ ကျွန်မ ပိုပြီး သန်မာလာခဲ့တယ်၊ အကယ်လို့ သူလှည့်စားတာခံရလို့ ကျွန်မတိုးတက်လာမယ်ဆိုရင် ကျွန်မ တစ်သက်လုံး လှည့်စားခံလိုက်မယ်”
“ ဒါပေမယ့် ရှင်ကရော ပေယွဲ့ပိုင်”
ကျုံချင်းယွီသည် ရှေ့သို့တိုးလာပြီး သူ၏ နက်ကတိုင်ကို ဆွဲလိုက်သည်
“ ရှင်ကျွန်မကို လှည့်စားခဲ့တဲ့အချိန်တုန်းက ကျွန်မကောင်းဖို့အတွက်လား ဒါမှမဟုတ် ရှင့်အတွက်လား”