← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

ပေယွဲ့ပိုင်သည် ရုတ်တရက် မှင်သတ်သွားပြီး သူ့လည်ပင်းတွင် ချွေးများ တစ်စက်ချင်းစီးကျလာကာ အင်္ကျီကော်လံကိုပင် စိုစွတ်သွားသည်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေရှင်းချက်ပေးသည်။

"ချင်းယွီ မင်းဘာတွေပြောနေတာလဲ၊ ငါ မင်းကို ဘယ်တုန်းကမှ လိမ်ဖူးလို့လဲ၊ ရဲ့လော့ယီနဲ့ငါက သရုပ်ဆောင်ပီပြင်အောင်လို့ အခုလိုနေ‌ နေရတာလို့ ငါ မင်းကို ပြောပြီးသားပဲ‌လေ၊ ငါလုပ်သမျှအားလုံးက ငါတို့ရဲ့အနာဂတ်အတွက်၊ မင်းအတွက်ပဲ"

ကျုံချင်းယွီက ပေယွဲ့ပိုင်ကိုင်ထားသည့် နက်ကတိုင်ကို လက်ဖြင့်တွန်းလိုက်ပြီး သရော်လိုက်သည်။

"ရှင်တို့ယောက်ျားတွေအကုန်လုံးက အတူတူနဲ့ အနူနူချည်းပဲ၊ ကိုယ့်အလိုဆန္ဒတွေပြည့်ဖို့အတွက်နဲ့ မိန်းကလေးတွေအပေါ် အမြဲတမ်း ဖိအားပေးတတ်ကြတယ်၊ ကျွန်မကြောင့်သာမဟုတ်ရင် ရှင်က ထျန်းဟွေ့ကို မစီမံနိုင်ဘူးမလား ပေဟန်လီနဲ့လည်း မယှဉ်ပြိုင်နိုင်တော့ဘူးမလား"

"ရှင့်ဘေးမှာ ဘယ်သူပဲရှိရှိ ရှင်က အဲဒီလိုအချိုးမျိုးပဲလုပ်ဦးမှာပဲ၊ ရှင်က ရှင့်အတွက် ရှင်လုပ်နေတာ၊ အဲဒါကို ကျွန်မအတွက်ပါဆိုပြီးတော့ ခေါင်းစဉ်လာမတပ်နဲ့ ကျွန်မ မလိုအပ်ဘူး"

"ယန်ရှီအကြောင်းကတော့"

ကျုံချင်းယွီက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

"ဒါက သူနဲ့ ကျွန်မကြားက ကိစ္စပါ၊ ရှင်နဲ့မဆိုင်ဘူး"

ပြောစရာရှိသည်များ အကုန်ပြောပြီး ကျုံချင်းယွီက လှည့်ထွက်သွားလိုက်သည်။ ပေယွဲ့ပိုင်တစ်ယောက် ဒေါသတကြီးဖြင့် အံကြိတ်ပြီး စာရွက်စာတမ်းများအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ ခပ်ပြင်းပြင်းဖိနင်းသွားသည်။

ကျုံချင်းယွီက ကားထဲပြန်ရောက်လာသောအခါ ယန်ရှီသည် အထဲတွင် ဂိမ်းဆော့နေသည်။ သူမပြန်ရောက်လာသည်ကို မြင်သောအခါ ယန်ရှီ လျင်မြန်စွာ ထွက်လာသည်။

"စကားပြောပြီးပြီလား"

ပေယွဲ့ပိုင်က လိုက်မလာဘဲ ကျုံချင်းယွီကလည်း စိတ်အခြေအတင်မကောင်းပုံပေါက်နေသည်မှာ သူမအောင်မြင်သွားသည်မှာ သေချာသည်။

ယန်ရှီ စိတ်ထဲ၌ သက်သောင့်သက်သာဖြစ်သွားသည်။ ပေယွဲ့ပိုင်က ယခုအချိန်တွင် ဘာလုပ်နေမည်ကို မသိသော်လည်း သူမအောင်မြင်သွားပါက မည်သည့်ပြဿနာမျှမရှိပေ။

ကျုံချင်းယွီက သူမကို အေးစက်စက်ကြည့်လိုက်ပြီးပြောလိုက်သည်။

"ယန်ရှီ ငါတို့ အေးအေးဆေးဆေစကားပြောဖို့လိုတယ်"

ယန်ရှီက သူမ၏ရုတ်တရက်ဆန်သောစကားကြောင့် အံ့အားသင့်သွားမိပြီး မျက်တောင်တစ်ချက်ခတ်လိုက်မိသည်။

ကျုံချင်းယွီက ရှောင်မုန့်ကို အခြားတစ်နေရာသွားခိုင်းလိုက်ပြီး ယန်ရှီထံသို့ ပြန်လှည့်လာသည်။

"ပေယွဲ့ပိုင်က နင့်အခန်းဖော်တွေအကုန်လုံးက ရည်းစားမရှိတဲ့သူတွေလို့ပြောတယ်၊ အဲဒါမလို့ နင်က သူတို့ကောင်လေးတွေကြောင့် အသည်းကွဲခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ နင်က ငါ့ကို လမ်းခွဲခဲ့တယ်ဆိုပြီး လိမ်နေခဲ့တာ"

ယန်ရှီ၏ ဦးနှောက်တစ်ခုလုံး ထုံကျဉ်သွားခဲ့သည်။

သူမ၏ အတွေးများက ရပ်တန့်သွားသည်။ ကျုံချင်းယွီ၏ လှပ သော်လည်း အေးစက်နေသည့် မျက်လုံးများကို ကြည့်ရင်းနောက်သို့အလိုလိုဆုတ်မိသွားပြီး ဆွံ့အသွားမိသည်။

ကျုံချင်းယွီက သူမကိုယ်သူမ နှုတ်ခမ်းကို တစ်ချက်ကိုက်ပြီး မေးလိုက်သည်။

"ဘာလို့ ငါ့ကို လိမ်နေတာလဲ"

[သတိပေးချက် သတိပေးချက်]

[ဇာတ်လမ်းရဲ့ အသေးစိတ်အချက်အလတ်တွေကို ဇာတ်ကောင်တွေဆီ မပြောမိစေဖို့အတွက် System က အလိုအလျောက် စစ်ဆေးမှာပါ၊ ထပ်ခါထပ်ခါ ချိုးဖောက်ရင်တေ့ Host ကို ထုတ်ပယ်ပစ်ရမှာပါ]

ယန်ရှီက မျက်လုံးပြူးကျယ်သွားပြီး ပြန်မေးလိုက်တယ်။

"ထုတ်ပယ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"

[ထုတ်ပယ်တယ်ဆိုတာထုတ်ပယ်တာပေါ့၊ ဘာရှင်းပြစရာရှိသေးလို့လဲ]

ယန်ရှီက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ကျုံချင်းယွီကို ပြန်ကြည့်လိုက်သည်။

"ငါ နင့်ကို မပြောပြနိုင်ဘူး"

ကျုံချင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့မပြောနိုင်ရတာလဲ"

ယန်ရှီက အံကို ခပ်တင်းတင်းကြိတ်လိုက်ပြီး သတိပေးချက်များ ထပ်မံမဖြစ်အောင် စကားလုံးများကို သေချာရွေးချယ်ပြီး ပြောလိုက်သည်။

"ငါပြောနိုင်တာက ငါနင့်ကို ပေယွဲ့ပိုင်နဲ့ မတွဲစေချင်ဘူး၊ နင့်ကို သူများအိမ်ထောင်ရေးကို ဖျတ်ဆီးတဲ့သူလို့လည်း အခေါ်မခံစေချင်ဘူး၊ သူ့အတွက် ပိုက်ဆံတွေလည်း မဖြုန်းစေချင်ဘူး၊ နင့်ရဲ့နာမည်တစ်လုံးကို သန့်သန့်ရှင်းရှင်းလေးဖြစ်ချင်တယ်၊ နင်ကိုယ်တိုင် နင့်ရဲ့ ကိုယ်ပိုင်ဘဝလေးတစ်ခုမှာ ရှင်သန်နိုင်အောင် ကူညီချင်တယ်"

[သတိပေးချက် သတိပေးချက်]

[မင်းရဲ့ နောက်ဆုံးစာကြောင်းက ဇာတ်လမ်းအသေးစိတ်တွေကိုဖော်ထုတ်လိုက်တော့မလိုဖြစ်သွားတယ်နော် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးမယ် ဒါပေမဲ့ ထပ်တော့မဖြစ်စေနဲ့]

"အဲဒါက လမ်းခွဲခဲ့တယ်ဆိုတာနဲ့ ဘာဆိုင်လို့လဲ"

ကျုံချင်းယွီက နားမလည်နိုင်ဘဲ အတန်ကြာမှ ထပ်ပြောသည်။

"နင်က ငါ့ကို ပေယွဲ့ပိုင်ဆီမသွားအောင် နင့်ကို အားပေးနှစ်သိမ့် နေစေချင်ခဲ့တာလား"

ယန်ရှီက ခေါင်းတစ်တဆတ်ဆတ်ငြိမ့်လိုက်ပြီး သဘောတူလိုက်သည်။

ကျုံချင်းယွီက သူမလက်များကို ကိုင်ထားရာမှ လွှတ်ချလိုက်သည်။

"ဒါဆို ဘာလို့ ဒီလိုရှုပ်ရှုပ်ရှပ်ရှပ်တွေလုပ်နေတာလဲ၊ အစတည်းက ပေယွဲ့ပိုင်က ငါနဲ့မထိုက်တန်ဘူးလို့ တည့်ပြောလိုက်လို့ ရတာပဲကို၊ ဒီလိုဒုက္ခခံနေရတာလဲ"

ယန်ရှီက သူမကို အကူအညီမဲ့စွာ ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။ စိတ်ထဲတွင်သာ ငိုသံကြီးဖြင့် အော်ဟစ်နေမိသည်။

"နင်က ငါပြောလည်း နားထောင်မှာမှ မဟုတ်တာ၊ တကယ်ဆို နင်က ဇာတ်လမ်းကြောင့် ချည်နှောင်ခံထားရတာ၊ အဒီတုန်းက နင့်ရဲ့နှလုံးသားထဲမှာ ပေယွဲ့ပိုင်ကလွဲပြီး ဘယ်သူ့ကိုမှ မနေရာပေးခဲ့ဘူး"

သို့သော်လည်း ယန်ရှီအနေဖြင့် ယခုစကားများကို မပြောနိုင်ခဲ့ပေ။ ကျုံချင်းယွီကပဲ ဇာတ်လမ်းကြောင့် ထိန်းချုပ်ခံထားရသလား။ သည်ကမ္ဘာကပဲ ဝတ္ထုတစ်ပုဒ်ဖြစ်နေသလား။ စသည့် မေးခွန်းများအတွက် အဖြေများကို တစ်ခုတ‌လေပင် အသံထွက်၍ မပြောနိုင်ခဲ့ချေ။

ယန်ရှီက ခေါင်းငုံ့ချလိုက်ပြီး တောင်းပန်လိုက်သည်။

"ငါတောင်းပန်ပါတယ်၊ ငါ နင့်ကို မလိမ်ခဲ့သင့်ဘူး"

ဤသည်က ကျုံချင်းယွီကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။ ယန်ရှီက တစ်ခုခုဖုံးကွယ်ထားတာကို သိပြီးဖြစ်ရာ ဤသည်က သူမကို ပို၍ပင်စိတ်အနှောင့်အယှက်ဖြစ်စေသည်။

"ယန်ရှီ နင်က ငါ့ရဲ့ အယုံကြည်ရဆုံးသူပါ၊ အခု နင်ကလည်း ငါ့ကို လိမ်နေတာလား၊ ငါ့ကို လိမ်တဲ့သူတွေကိုဆို အရမ်းမုန်းတာပဲ"

စိတ်ဆိုးလွန်း၍ ဘာမျှ ဆက်မပြောနိုင်တော့ဘဲ သူမက လှည့်ထွက်သွားပြီး ကားဆီသို့ ပြန်လျှောက်သွားသည်။

"ရှောင်မုန့် သွားကြရအောင်"

ရှောင်မုန့်သည် နားကြပ်တပ်ထားပြီး သီချင်းနားထောင်နေခဲ့သည်ဖြစ်ရာ အခြေအနေကို မသိလိုက်ဘဲ ကားမောင်းထိုင်ခုံသို့ လျင်မြန်စွာတက်လာကာ နောက်သို့လှည့်ကြည့်လိုက်သည်။

"ချင်းယွီအစ်မ ယန်ရှီ မလာသေးဘူးနော်"

"သူ့အကြောင်း ဘာဂရုစိုက်စရာရှိလို့လဲ"

ကျုံချင်းယွီက စိတ်ဆိုးမာန်ဆိုးဖြင့် ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။

"ချင်းယွီ"

ယန်ရှီက ရုတ်တရက် ရောက်ရှိလာပြီး တံခါးကို မပိတ်နိုင်ရန် ကြိုးစားသော်လည်း ကျုံချင်းယွီက မြန်လွန်းသည်။ တံခါးက ချက်ချင်းဆိုသလို ပိတ်မိသွားပြီး ယန်ရှီ၏လက်ကို ညှပ်မိသွားသည်။

"အား!"

ယန်ရှီက နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

ကျုံချင်းယွီက ဘုရားတမိသွားပြီး တံခါးကို အလျင်အမြန်ပြန်ဖွင့်လိုက်သည်။ ယန်ရှီ၏ ဖြူနုသောအရေပြားပေါ်တွင် နီရဲနေသော ဒဏ်ရာတစ်ခုပေါ်လာသည်။ အရေပြားပြဲသွားပြီး သွေးများယိုစီးကျနေသည်။

"နင် အဲဒီ‌လောင်တောင်အ,ရလား၊ ငါ တံခါးပိတ်နေတာမမြင်ဘူးလား"

ယန်ရှီက သူမကို သနားဖွယ်မျက်လုံးများဖြင့် ငေးကြည့်ရင်း ပြောလိုက်သည်။

"ချင်းယွီ နာလိုက်တာ၊ နင်ငါ့ကို တစ်ယောက်တည်း ဒီမှာချန်ထားခဲ့မှာတော့ မဟုတ်ဘူးမလား"

"ပန်းနုသွေးလုပ်မနေနဲ့၊ ဒါမျိုးတွေက ငါ့အပေါ် အလုပ်မဖြစ်တော့ဘူး"

ကျုံချင်းယွီက မျက်ခုံးကြုတ်ကာ ပြောလိုက်ပြီး ရှောင်မုန့်ဘက်သို့ လှည့်လိုက်သည်။

"လင်းကျီက ဘယ်မှာလဲ၊ သူက ဒုတိယဥက္ကဋ္ဌရဲ့လက်ထောက်မဟုတ်ဘူးလား၊ ဘယ်ကို သဝေထိုးနေတာလဲ"

ရှောင်မုန့်က ဖုန်းထုတ်ယူလိုက်ပြီး ပြန်ပြောသည်။

"ကျွန်မ လင်းကျီအစ်မကို အခုပဲဖုန်းဆက်လိုက်ပါမယ်"

ကျုံချင်းယွီက ယန်ရှီကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာက အနည်းငယ်နူးညံ့သွားသော်လည်း ချက်ချင်းပင် ပြန်လည်တင်းမာသွားသည်။

"လင်းကျီမှာ ကားရှိတယ်၊ သူ နင့်ကို ဆေးရုံလိုက်ပို့ပေးလိမ့်မယ်"

ယန်ရှီက နှုတ်ခမ်းကို စူလိုက်သည်။

"နင်ကိုယ်တိုင် လိုက်မပို့ပေးဘူးလား"

ကျုံချင်းယွီက လက်ပိုက်လိုက်သည်။

"ငါ နင့်ကို အခုထိ ဒေါသထွက်နေတုန်းပဲနော်၊ ကံလာစမ်းမနေနဲ့"

ရှောင်မုန့်က ဖုန်းချလိုက်သည်။

"ကျဲကျဲချင်းယွီ ကျဲကျဲလင်းကျီက ပြန်သွားပြီတဲ့"

"သူမက လက်ထောက်လေ၊ ဒုတိယဥက္ကဋ္ဌတောင်မပြန်သေးတာကို သူက ဘာမလို့ပြန်သွားတာလဲ"

"ဒီနေ့က တနင်္ဂနွေနေ့လေ၊ သူက အချိန်ပိုလုပ်ဖို့ပဲ ခဏလာတာ"

ကျုံချင်းယွီက သက်ပြင်းချလိုက်မိသည်။ လင်းကျီမရှိတော့ဘဲဆရာကျောင်းကလည်း အလုပ်ပြီးသွားပြီဖြစ်သည့်အတွက် သူမအနေနှင့် အခြားရွေးချယ်စရာမရှိတော့ပေ။

ကောင်းပြီ။ သူမက ယန်ရှီကို ဆေးရုံပို့ပေးလိုက်မည်။ သို့သော်လည်း သူမကိုခွင့်လွှတ်ခြင်းကြောင့်တော့ မဟုတ်ပေ။ အကြီးအကဲတစ်ယောက်အနေနှင့် တာဝန်ယူမှုပြသခြင်းသာဖြစ်သည်။

သူမ သနားစိတ်ဝင်လာမိပြီး စိတ်ပြောင်းတော့မည့်အချိန်တွင် အနောက်ဘက်မှ နက်ရှိုင်းသောအသံတစ်ခုကို ကြားလိုက်ရသည်။

"ငါ သူ့ကို ဆေးရုံပို့ပေးလိုက်မယ်"

ကျုံယန်စီက ရှေ့သို့တက်လာသည်။

"ဒုတိယဥက္ကဋ္ဌတစ်ယောက်အနေနှင့် ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုကိစ္စအကုန်လုံးကို ကြီးကြပ်ရမယ်လေ၊ ယန်ရှီကလည်း ငါ့လက်အောက်ကပဲဆိုတော့ ငါပဲလိုက်ပို့ပေးလိုက်ပါမယ်"

ကျုံချင်းယွီ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

"ဘယ်သူက မေးလို့လဲ၊ အကြံသမားမြေခွေးအိုကြီးရဲ့"

သို့သော် သူမအနေနှင့် နောက်ပြန်မဆုတ်နိုင်တော့ပေ။ ယန်ရှီက သူမကို ကြာမြင့်စွာလိမ်နေပြီး အကြောင်းပြချက်ကိုလည်း မဖြေကြားခဲ့ပေ။ သူမအနေနှင့် အလွယ်တကူခွင့်မလွှတ်နိုင်ချေ။ သူမ၏ ဂုဏ်သိက္ခာကိုလည်း ပြန်ငဲ့ကြည့်ရဦးမည်မဟုတ်ပါလား။ အနည်းဆုံးတော့ ထိုကောက်ကျစ်သည့်မြေခွေးအိုကြီးက ယန်ရှီကို ပိုးပမ်းနေသူတစ်ဦးဖြစ်သည့်အတွက် ရက်ရက်စက်စက်တော့ ဘာမျှ လုပ်ဝံ့မည်မဟုတ်ပေ။

"လုပ်ပေါ့ လုပ်ချင်ရာသာလုပ်"

သူမက မာန်မာနကြီးသူတစ်ယောက်၏ ထုံးစံအတိုင်း ဆံပင်ကို နောက်သို့လှန်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ကားထဲသို့ ဒေါသတကြီးဖြင့် ပြန်ဝင်သွားသည်။

ခပ်မြန်မြန်မောင်းထွက်သွားသည့် ကားလေးကို ကြည့်ရင်း ယန်ရှီက သက်ပြင်းချလိုက်မိသည်။ ယခုကဲ့သို့သော နေ့ရက်မျိုးရောက်လာမည်ကို သူမကြိုတင်သိခဲ့ပြီးသားဖြစ်သော်လည်း ဤမျှမြန်မြန်ရောက်လာမည်ကို မမျှော်လင့်မိခဲ့ပေ။

ကျုံယန်စီက သူမ၏ဒဏ်ရာကို ဂရုတစိုက်စစ်ဆေးနေစဉ် ရိုးရွိုက်စ် ကားတစ်စီးက သူတို့ဘေးတွပ် ထိုးရပ်လာသည်။

"ဆေးရုံကို သွားကြရအောင်"

"ရပါတယ် အဆင်ပြေတယ်၊ ဒဏ်ရာကလည်း အရမ်းကြီးမဆိုးပါဘူး"

နာကျင်မှုရှိသော်လည်း ယန်ရှီအနေနှင့် ဤသည်မှာ အပေါ်ယံပွန်းခြဒဏ်ရာသာဖြစ်ပြီး အရိုးမကျိုးကြောင်း သိရှိသည်။

ကျုံယန်စီက အနီးအနားရှိ စတိုးဆိုင်တစ်ခုမှ အိုင်အိုဒင်း၊ ဂွမ်းနှင့် အနာကပ်ပလာစတာများ ဝယ်ယူလာပြီး သူမကို အပြင်ဘက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်ခိုင်းကာ လက်ကိုကုသပေးသည်။

"ကျုံယန်စီ၊ ချင်းယွီတကယ်ဒေါသထွက်နေတာလို့ ထင်လား"

ယန်ရှီက စိုးရိမ်စွာမေးသည်။ ကျုံချင်းယွီနှင့် ကြာမြင့်စွာသိကျွမ်းထားသော်လည်း သူမကိုဒေါသထွက်သည်ကို ပထမဆုံးအကြိမ်မြင်ရခြင်းဖြစ်သည်။

ကျုံယန်စီက မျက်လုံးပြူးပြလိုက်ပြီး ပြန်မေးသည်။

"မင်းက ဒါကို ဒေါသထွက်တယ်လို့ ခေါ်တာလား"

"မဟုတ်ဘူးလား"

ကျုံယန်စီက မည်သို့ပြန်ဖြေရမည်မသိပေ။ သူသိထားသည်ကားကျုံချင်းယွီသည် အမြဲတမ်းလိုလိုပင် လူတိုင်းကို အာဏာသုံးတတ်သူမဟုတ်လား။ အကယ်၍ သူမစိတ်ကြိုက်မဖြစ်ပါက ဒေါသ‌ပေါက်ကွဲတတ်သည်။ ထို့ကြောင့် အနုပညာလောကတွင် သူမအကြောင်း ကောလာဟလများသည် အလွန်နာမည်ကြီးနေရခြင်းဖြစ်သည်။ တကယ်တော့ သူမက အမှန်တကယ်လည်း ထိုကောလာဟလများအတိုင်းပင်ဖြစ်သည်။

သို့သော် သူက ထိုအချက်ကို မထောက်ပြဘဲ ပြန်မေးလိုက်သည်။

"မင်းက သူ့ကို ဘာလို့အမှန်အတိုင်းမပြောတာလဲ"

ကျုံယန်စီ၏ အမြင်တွင် အကယ်၍ ယန်ရှီက ကျုံချင်းယွီကို လိမ်ခဲ့ပါက အကြောင်းပြချက်ကောင်းတစ်ခုရှိရမည်သာဖြစ်သည်။

ယန်ရှီက စကားမပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားသည်။

သူတို့နှစ်ဦးက တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေစဉ် ကျုံယန်စီက ယန်ရှီ၏ ဒဏ်ရာကို ဂရုတစိုက်ပြုစုပေးနေသည်။

နွေရာသီည၏ အအေးဓာတ်က လေတိုက်လိုက်တိုင်း ယန်ရှီတစ်ယောက် တုန်လှုပ်သွားမိပြီး ကြက်သီးမွေးညင်းများပင်ထလာခဲ့သည်။ ကျုံယန်စီက သူ့ဂျာကင်ကိုချွတ်ပြီး ယန်ရှီ၏ ပခုံးပေါ်ခြုံပေးလိုက်သည်။

"ကျုံယန်စီ"

ယန်ရှီက ရုတ်တရက် သူ့နာမည်ကိုခေါ်လိုက်သည်။

“တကယ်လို့ တစ်နေ့မှာ ရှင့်ကိုလည်း တစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာသိရင် ရှင်ဒေါသထွက်မှာလား"

ကျုံယန်စီက အေးစက်စွာဖြင့် ပြန်ဖြေသည်။

"ဘာဖုံးကွယ်ထားတာလဲဆိုတာအပေါ်မူတည်တယ်"

ယန်ရှီက နှုတ်ဆိတ်သွားသည်။

"ဥပမာ ရှင်နဲ့ နီးစပ်အောင်ကြိုးစားခဲ့ရတာက ရှင့်ကိုကြိုက်လို့မဟုတ်ကြောင်း ပြီးတော့ ရှင့်အခြေအနေကိုတကယ်ဂရုစိုက်လို့မဟုတ်ဘဲ ချင်းယွီကြောင့်ဆိုတဲ့အချက်လိုမျိုး‌ပေါ့"

သို့သော်လည်း ယန်ရှီသည် ဤစကားကို မပြောရဲခဲ့ပေ။

ကျုံယန်စီက သူမတိတ်ဆိတ်နေခြင်းကြောင့် အောက်ငုံ့ကြည့်လိုက်ရင်း မျက်ခုံးကို ကွေးနေအောင်မော့ပြလိုက်သည်။

"ငါဒေါသထွက်မှာပေါ့"

ယန်ရှီ၏ နှလုံးသားက တစ်ချက်ခုန်သွားမိသည်။

ခဏအကြာတွင် ကျုံယန်စီက သူမ၏ခါးကို ဖက်လိုက်ပြီး နူးညံ့သော်လည်း ညှို့ဓာတ်ပါသောအသံဖြင့် ပြောလိုက်သည်။

"ဒါဆို မင်းကအရင်ကတည်းက ဖုံးကွယ်ထားတာဆိုရင် ဆက်ဖုံးကွယ်ထားပါ၊ ငါမသိ‌အာင် အမြဲတမ်းဖုံးကွယ်ထားပါ၊ အမှန်တရားကို ဘယ်တော့မှမသိပါစေနဲ့ နားလည်ပြီလား"

ထိုအချိန် စတိုးဆိုင်ထောင့်ရှိ အမှောင်ထဲတွင်.....

ကျုံချင်းယွီက M အမှတ်တံဆိပ်အဝတ်အစားဖြင့် မတ်တပ်ရပ်နေပြီး သူမ၏ ရှည်လျားလှသော ဂါဝန်ကြီးကြောင့် လှုပ်ရှားရခက်စေသည်။ သို့သော်လည်း သူမက ဂါဝန်အနားစကို ဆွဲကိုင်ထားရင်း ဆိုင်နံရံအနောက်ဘက်မှတစ်ဆင့် လှမ်းကြည့်နေသည်။

"ကျုံယန်စီဘာလုပ်နေတာလဲ၊ ဆေးလိမ်းရုံပဲ လုပ်ရမှာကို ဘာလို့ထိနေတာလဲ၊ ဆေးရုံသွားရမှာမဟုတ်ဘူးလား၊ လှည့်စားတတ်တဲ့လက်ဖက်ရည်ဖျော်ဆရာအဘိုးကြီး"

ကျုံချင်းယွီက သူ့လက်ချောင်းများဖြင့် ဆိုင်နံရံကို ကုတ်ခြစ်လိုက်ပြီး ဆေးသားများပါ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။

နောက်မှာရပ်နေတဲ့ ရှောင်မုန့်က စိတ်ကုန်နေပြီ ဖြစ်သည်။

"ကျဲကျဲချင်းယွီ ပွင့်ပွင့်လင်းလင်းထွက်သွားလို့မရဘူးလား"

ယခုလို လူကွယ်ရာတွင် ပုန်း‌နေခြင်းက ကလေးကလားဆန်လွန်းသည်။ သတင်းထောက်များ ရှိနေပါက မည်သို့ဖြေရှင်းမည်နည်း။

"မဖြစ်ဘူး၊ ယန်ရှီငါ့ကိုမြင်သွားလို့ရဘူး"

ကျုံချင်းယွီက ခိုင်ခိုင်မာမာပြောလိုက်သည်။ သူမစိတ်အေး နေသည်တော့မဟုတ်ပေ။ ယန်ရှီသိသွားပါက သူမရှုံးသွားသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။

"ဒါပေမဲ့ ကျွန်မတို့ဒီမှာ ဘယ်လောက်ကြာကြာနေဦးမှာလဲ"

ရှောင်မုန့်က သူ့လက်မောင်းများကို ပွတ်သပ်ရင်း အမှောင်ထဲ၌ မသက်မသာဖြစ်နေသည်။

"အား နောက်နည်းနည်းပဲထပ်နေတော့မှာပါ နည်းနည်းပဲ"

ကျုံယန်စီက ယန်ရှီ၏ဒဏ်ရာကို ပတ်တီးစီးပြီးသွားပြီဖြစ်ပြီး ညလည်းနက်သွားပြီဖြစ်သည်။ ယန်ရှီမနက်ဖြန်တွင် X နိုင်ငံသို့ ရသစုံရှိုးရိုက်ရန်အတွက် လေယာဉ်စောစောစီးရမည်ဖြစ်ပြီး အဝတ်အစားများ မပြင်ဆင်ရသေးပေ။ သူမကျုံမိသားစုအိမ်တော်ကိုသာ ပြန်ရမည်ဖြစ်သည်။

သူမထလိုက်သည့်အချိန်မှာပင် System က သူမဘေး၌ပေါ်လာသည်။

[Host သခင်မလေးက စတိုးဆိုင်နားမှာ ပုန်းပြီး လှမ်းကြည့်နေပါတယ်]

ယန်ရှီ: !!!

"သူ မပြန်သွားသေးဘူးလား"

[မသွားသေးဘူး]

ယန်ရှီက System ညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်လိုက် သောအခါ အမှန်ပင်ဖြစ်နေသည်။ ခေါင်းတစ်လုံးက ပုန်းလျှိုးကွယ်လျှိုးဖြင့် ချောင်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။

သူတို့နှစ်ဦး မျက်လုံးချင်းဆုံမိချိန်တွင် ကျုံချင်းယွီက နံရံအနောက်ဘက်ကို ချက်ချင်းပြန်ပုန်းလိုက်သည်။

"သူမ ငါ့ကိုမြင်သွားလောက်လား"

ရှောင်မုန့်ကိုမေးသည်။

ရှောင်မုန့်: "မဖြစ်နိုင်ပါဘူး ဒီမှာအမှောင်ဖုံးနေတာ၊ ယန်ရှီက ထူးချွန်ကျောင်းသူတစ်ယောက်ပဲ၊ ထူးချွန်တဲ့ကျောင်းသူတွေက အမြင်အာရုံမကောင်းတတ်ဘူး"

ကျုံချင်းယွီက သူ့ကိုယ်သူအားပေးလိုက်သည်။

"ဟုတ်တယ်နော် ထူးချွန်ထက်မြတ်တဲ့လူတွေက မျက်မှန်တပ်တတ်တယ်၊ ကျုံယန်စီတောင်မျက်မှန်တပ်တာပဲ ယန်ရှီလည်းတပ်ရမှာပဲ၊ သူငါ့ကိုမြင်လိုက်မှာ မဟုတ်..."

"ချင်းယွီ"

ယန်ရှီ၏အသံကို ရုတ်တရက်အနောက်ဘက်မှ ကြားလိုက်ရသည်။ ကျုံချင်းယွီသည် အလွန်အမင်းတုန်လှုပ်သွားပြီး သူမ၏ ဂါဝန်ရှည်ကြီးကို နင်းမိကာ ချော်လဲလုနီးပါးဖြစ်သွားခဲ့သည်။ ရှောင်မုန့်၏ မြန်ဆန်သောတုံ့ပြန်မှုကြောင့်သာ မလဲကျခဲ့ခြင်း ဖြစ်ပေသည်။

ယန်ရှီက လက်တွင် ပတ်တီးစည်းထားရင်း သူမရှေ့၌ ပေါ်လာပြီး မျက်လုံးများက ပျော်ရွှင်မှုကြောင့်တောက်ပလာသည်။

"နင် ငါ့အတွက်စိတ်ပူနေတာလား၊ ငါ့ကို မထားခဲ့ရက်လို့မလား"

ကျုံချင်းယွီက တုန်တုန်ယင်ယင်‌ဖြင့် ပြန်ပြောလိုက်သည်။

"မ…မဟုတ်တာ ငါရေဝယ်ဖို့လာတာ ဟုတ်တယ်မလား ရှောင်မုန့်"

ရှောင်မုန့်က တောင့်တောင့်ကြီးရပ်ပြီး အားပါးတရခေါင်းညိတ်လိုက်သည်။

"ဟုတ်.. ဟုတ်ပါတယ် ကျဲကျဲချင်းယွီက နင့်ကို ကြည့်ဖို့လာတာမဟုတ်ဘူး ရေဝယ်ဖို့လာတာ"

ယန်ရှီက စကားလုံးများကို တမင်တကာ မရှည်ရှည်အောင်ဆွဲပြောလိုက်သည်။

"အိုး ဒါဆို ရေဘယ်မှာလဲ"

ကျုံချင်းယွီက ရုတ်တရက်ကြောင်သွားသည်။

သူမက ရှောင်မုန့်ဘက်လှည့်လိုက်ပြီး လွှဲချပြန်သည်။

“ရေဘယ်မှာလဲ"

"ရေ ရေက အခုဝယ်လိုက်မယ်"

ရှောင်မုန့်က ဖုန်းကို ကိုင်ပြီး ဆိုင်ထဲပြေးဝင်သွားကာ ကျုံချင်းယွီသာ တောင့်တောင့်ကြီးကျန်ရစ်ခဲ့သည်။

သူမက ယန်ရှီကို မောက်မောက်မာမာကြည့်လိုက်သည်။

"ငါပြောတာသိထားပါ ငါ နင့်ဆီကို လာတာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဂုဏ်ယူမနေနဲ့"

"အမ် ငါသိပါတယ်"

ယန်ရှီက ချိုချိုမြိန်မြိန်ဖြေလိုက်သည်။

"နင်က ငါ့ဆီကိုလာတာမဟုတ်ပါဘူး၊ ငါကိုယ်တိုင်က နင်သွားမဲ့ ဆိုင်ကိုရွေးချယ်ထားတာ ဒါတွေအားလုံးငါ့အမှားပါ နင်နဲ့မဆိုင်ပါဘူး"

ကျုံချင်းယွီက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

"ဒီလိုပဲ ဖြစ်ရမှာပေါ့"

ရှောင်မုန့်က ရေဝယ်ပြီးပြန်လာသည့်အခါ ကျုံချင်းယွီက ဂုဏ်ယူစွာဖြင့် ရေနည်းနည်းသောက်ပြပြီး မောက်မာသည့် ငန်းပျိုမလေးတစ်ကောင်နှယ် လမ်းလျှောက်ကာ ပြန်ထွက်သွားသည်။

ယန်ရှီဘေးမှ ဖြတ်သွားရင်း သူမက ပတ်တီးစီးထားသည့်လက်ကိုမြင်သွားသည်။

“ကျုံယန်စီ ဘာလို့ ပတ်တီးကို ဒီလိုမျိုး လျော့တိလျော့ရဲစည်းထားတာလဲ၊ ကြည့်ရတာ အရမ်းရုပ်ဆိုးတယ်"

ကျုံယန်စီက ရယ်ရမလိုငိုရမလိုဖြစ်နေသည်။

"ငါ့ကပ်ထားတာ မှားလို့လား"

ကျုံချင်းယွီ: "သေချာတာပေါ့ လုပ်ထားတာကကို မျက်စိစပါးမွေးစူးစရာကြီး၊ အိမ်ရောက်ရင် ဒေါက်တာလီကို ပြန်စည်းခိုင်း ဒီလိုပုံစံနဲ့က အလှအပကိုထိခိုက်စေတယ်"

ကျုံယန်စီမတုံ့ပြန်နိုင်မီ ယန်ရှီက ဦးအောင်ဝင်ပြောလိုက်သည်။

"အိုကေ အိမ်ရောက်တာနဲ့ ဒေါက်တာလီကိုပြန်လုပ်ခိုင်းလိုက်မယ်"

ထိုနေ့ညတွင် ယန်ရှီက ကျုံယန်စီ၏ ရိုးရိုက်စ်ကားလေးဖြင့် ကျုံမိသားစုအိမ်တော်ကိုပြန်လာခဲ့သည်။

"အတူခရီးသွားကြစို့" အစီအစဉ်၏ တတိယမြောက်ခရီးစဉ်က X နိုင်ငံ၏ Queen's City ဖြစ်ပြီး တောင်ဘက်သို့ ၁၂ နာရီကြာပျံသန်းရမည်ဖြစ်ပြီး မနက်ခင်း ၈ နာရီတွင် ထွက်ခွာရန်စီစဉ်ထားသည်။

နောက်တစ်နေ့မနက်ပိုင်းတွင် ယန်ရှီနိုးလာသည့်အခါ ကျုံယန်စီက သူမကိုလာရှာခဲ့သည်။ သူက ဆေးသေတ္တာလေးကိုကိုင်ကာ ပတ်တီးအသစ်လဲပေးရန် လာခဲ့ခြင်းဖြစ်သည်။

ညက ကျုံချင်းယွီက ဒေါက်တာလီကို ပြန်စည်းဖို့ပြောခဲ့သော်လည်း အချိန်နောက်ကျနေပြီဖြစ်ကာ ဒေါက်တာကအိပ်နေပြီဖြစ်သည်။ ယန်ရှီက သူ့ကိုမနှိုးချင်ခဲ့ပေ။ ကျုံယန်စီစည်းထားသည့်အတိုင်းသာ ထားခဲ့လိုက်သည်။

ကျုံယန်စီက ပတ်တီးအဟောင်းကိုဖယ်ရှားပြီး ဆေးလိမ်းပေးသည်။

"ပိုထူအောင် လုပ်ပေးရမလား"

သူက မေးသည်။

“ချင်းယွီက အသည်းနုတယ်"

ယန်ရှီက လုပ်ချင်စိတ်ဖြစ်ပေါ်လာသော်လည်း ချက်ချင်းခေါင်းခါလိုက်သည်။

"မလုပ်ပါနဲ့ သူသိသွားရင် ထပ်ပြီးဒေါသထွက်ဦးမှာ"

အိမ်အပေါက်ဝရှိ အခန်းတွင် ကျုံချင်းယွီက အထုပ်များပြင်ဆင်ပြီးနေပြီဖြစ်သည်။ အထုပ်ကြီးလေးထုပ်က သူမတစ်ယောက်တည်းသယ်ဖို့အတွက် လေးလွန်းနေသည်။

ယန်ရှီက အားရပါးရပြေးလာသည်။

"ချင်းယွီ ငါကူသယ်ပေးမယ်"

ကျုံချင်းယွီက မျက်ခုံးကို ကွေးနေအောင် ကော့လိုက်သည်။

"ကောင်းပြီလေ၊ ဒါပေမဲ့ နင့်ဘာသာနင်ကမ်းလာတာပါနော်၊ ငါခွင့်လွှတ်ပြီးလို့မဟုတ်ဘူး"

ယန်ရှီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်"

Queen's City တွင် ဆောင်းရာသီအလယ်သို့ ရောက်ဖြစ်နေပြီး ကျုံချင်းယွီ၏ အထုပ်ကြီးလေးထုပ်အပြည့်ထည့်လာခဲ့သည်။ ယန်ရှီကမူ အမြဲလိုလိုပင် အထုပ်တစ်ထုပ်တည်းဖြင့်သာ ခရီးထွက်တတ်သည်။ သို့သော်လည်း သူမ၏ အထုပ်တစ်ထုပ်တည်းနှင့်ပင် ကျုံချင်းယွီ၏ ဧရာမအထုပ်ကြီးများကို သယ်ရမည်မှာ မလွယ်လှပါ။

အထူးသဖြင့် သူမ၏ ဘယ်ဘက်လက်က ဒဏ်ရာရနေသည့်အတွက် ညာဘက်တစ်ဖက်တည်းဖြင့် သယ်နေရသည်မှာ ခက်ခဲနေခဲ့သည်။

သူမက လှေကားပေါ်မှဆင်းနေစဉ် ခြေချော်ပြီး လဲကျတော့မည့်အခိုက်တွင် ကျုံယန်စီက ဖမ်းထိန်းလိုက်သည်။

"ငါသယ်လိုက်မယ်"

သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

ကျုံချင်းယွီက စိုးရိမ်စွာ လှမ်းကြည့်ရင်း ယန်ရှီ၏ ခြေသလုံးတွင်လှေကားနှင့် ထိမိသဖြင့် အညိုရောင်ဖြစ်နေသည်ကိုတွေ့ပြီး အံကြိတ်ကာ လှမ်းအော်လိုက်သည်။

"အထုပ်တွေမသယ်နဲ့တော့၊ နင်က ပျာတီးပျာယာနဲ့ ငါ့အထုပ်တွေပျက်စီးသွားလိမ့်မယ်"

"အန်ကယ်ယွီ"

သူမက အော်ခေါ်လိုက်သည်။

"အထုပ်တွေသယ်ဖို့ လူနည်းနည်းလောက်ခေါ်ပေးပါဦး"

အိမ်တော်ထိန်းယွီက ရို‌သေစွာဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့သခင်မလေး"

ကျုံချင်းယွီကဝင့်ကြွားသည့် ဟန်ပန်ဖြင့် အရှေ့မှလျှောက်သွားပြီး နောက်တွင် အိမ်အကူနှစ်ယောက်က ဧရာမအထုပ်ကြီးလေးထုပ်ကို မနိုင့်တနိုင်သယ်လျက် လိုက်ပါလာသည်။

ယန်ရှီဘေးကိုဖြတ်သွားရင်း ကျုံချင်းယွီသည် ကျုံယန်စီကိုကြည့်ပြီးပြောလိုက်သည်။

"နင်က ဒီမှာဘာတွေ ကြောင်ပြီးရပ်နေတာလဲ၊ ယန်ရှီရဲ့ ခရီးဆောင်ကိုသယ်ပြီး မြန်မြန်လိုက်ခဲ့တော့လေ"

ထို့နောက် ယန်ရှီဘက်လှည့်ကာ ပြောလိုက်သည်။

"ငါနင့်ကို ကူညီတာမဟုတ်ဘူးနော်၊ နင့်ကြောင့်ငါ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေမဖြုန်းချင်လို့ Queen's City ကို သွားတာကလည်း ၁၂ နာရီကြာဦးမှာ နင့်အတွက်နဲ့ အချိန်မဖြုန်းနိုင်ဘူး"

"နားလည်ပါတယ်"

ယန်ရှီက ပြုံးပြလိုက်သည်။

"သခင်မလေးက အချိန်ကုန်မှာကိုစိုးရိမ်နေတာ၊ ငါ့ကိုစိုးရိမ်နေတာမဟုတ်ပါဘူး"

ကားထဲသို့ဝင်သွားပြီးနောက် ကျုံချင်းယွီသည် အိပ်စက်ရာတွင်သုံးသည့်မျက်နှာဖုံးတပ်ကာ နောက်သို့ ကျောမှီကာ ခေတ္တအိပ်စက်ရန်လှဲလိုက်သည်။

ယနေသူမ စောစီးစွာနိုးလာခဲ့သဖြင့် သူမ ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲနေသေးသည်ကို ခံစားနေရသည်။ လေယာဉ်ပေါ်မှာလည်း အိပ်စက်ရန်အတွက် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။

အိမ်အကူများက အထုပ်များကို ကားနောက်ခန်းထဲထည့်လိုက်ကြပြီး နောက်ဆုံးတွင် ကျုံယန်စီသည် ယန်ရှီ၏ခရီးဆောင်ကို ထည့်လိုက်သည်။

ယန်ရှီက အသံနိမ့်နိမ့်ဖြင့် တီးတိုးဆိုသည်။

"လေဆိပ်မှာ ဝန်ထမ်းတွေကအထုပ်သယ်ပေးမှာပါ၊ ဒါကြောင့်စိတ်မပူပါနဲ့၊ အလုပ်ကိုပဲအမြန်သွားပါ"

ကျုံစီးပွားရေးလုပ်ငန်းစု၏ CEO အနေဖြင့် အလုပ်နောက်ကျ၍ မရပေ။

ကျုံယန်စီက သူမ၏နှာခေါင်းကို ညင်သာစွာ ညှစ်လိုက်သည်။

"အချိန်ရရင် ဖုန်းဆက်ပါ"

ယန်ရှီက ပတ်ဝန်းကျင်ကိုစိုးရိမ်စွာကြည့်ပြီး မည်သူမျှမမြင်ကြောင်းသေချာသွားကာမှ ပြန်ပြောလိုက်သည်။

"ဒီလိုထိပြီးမနေနဲ့ တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ"

ကျုံယန်စီက သူမ၏ ပါးကိုညှပ်လိုက်သည်။

“ကိုယ့်ရည်းစားကိုထိတာ ဘယ်သူကကန့်ကွက်မှာလဲ"

ယန်ရှီ၏ မျက်နှာရှိန်းတိန်းတိန်းဖြစ်သွားသည်။

"ကျွန်မက ရှင့်ရည်းစားမဟုတ်..."

ကျုံယန်စီက မျက်မှောင်ကြုတ်၍ အံ့အားသင့်ဟန်ဆောင်ပြီး ပြောသည်။

“မင်း ကိုယ့်ကိုနမ်းပြီးတာနဲ့ ငြင်းတယ်ပေါ့၊ ယန်ရှီ မင်းဒီလောက်‌တောင်နှလုံးသားမဲ့ရတာလား"

ယန်ရှီက လိပ်ပြာမလုံသည့်ဟန်ဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

"ချင်းယွီမသိသေးခင်အထိတော့ ဒီအတိုင်းလေးပဲနေကြရအောင်ပါ"

ကျုံချင်းယွီက ကျုံယန်စီကို ယခုအချိန်ထိ ဒေါသထွက်နေဆဲဖြစ်သည်။ လွန်ခဲ့သည့်ညက ပေယွဲ့ပိုင်က ယန်ရှီရဲ့လှည့်ကွက်များကိုဖော်ထုတ်ပြခဲ့သည်။ ထို့ကြောင့် သူမကို ကျုံမိသားစု၏ ဥစ္စဓနများအတွက် အကြံအစည်များ ဆွဲနေသည် သို့မဟုတ် ကျုံယန်စီကိုဖြားယောင်းပြီး ချမ်းသာသည့် မိသားစုထဲဝင်ရန် ကြိုးစားနေသည်ဟု ထင်ကောင်းထင်နိုင်သည်။ ယခု သူတို့နှစ်ဦး အတူတူရှိနေကြသည်ကို ကျုံချင်းယွီသာသိသွားပါက ပေယွဲ့ပိုင်၏ စွပ်စွဲချက်များကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားမည်မဟုတ်ပါလား။

လျှို့ဝှက်ချစ်သူဘဝကလည်း သိပ်မဆိုးလှပေ။

"ဘာဖြစ်ဖြစ် အခုတော့ ကျွန်မကိုမထိပါနဲ့ဦး၊ နားလည်တယ်မလား"

ကျုံယန်စီက သူမ၏ ရဲတင်းမှုကိုကြည့်ပြီး ရယ်မောစရာဖြစ်နေသည်။

"မင်းက ကျုံချင်းယွီရဲ့ ဒေါသကိုကျတော့ စိတ်ပူနေပြီးတော့ ကိုယ့်ဒေါသကိုကျတော့ စိတ်မပူဘူးလား"

ထိုစကားက ယန်ရှီကို စိတ်ရှုပ်ထွေးစွာဖြင့် စဉ်းစားခန်းဝင်သွားစေသည်။

"ရှင်က ဘာလို့ဒေါသထွက်မှာလဲ၊ ရှင်က အကြီးအကဲတစ်ယောက်လေ ရင့်ရင်ကျက်ကျက်တည်တည်ငြိမ်ငြိမ်လေးနေစမ်းပါရှင်ရယ်၊ ကလေးကလားတွေလုပ်မနေစမ်းပါနဲ့"

ကျုံယန်စီ: "..."

"ကောင်းပြီ ကောင်းပြီ"

ယန်ရှီက သူ့ပခုံးကိုပုတ်ပြီး ပြောသည်။

"ကျွန်မတို့သွားတာ ၅ရက်ပဲကြာမှာ၊ ဟိုင်မြို့မှာနေခဲ့ပြီး အလုပ်ကိုအာရုံစိုက်နော်"

ကျုံယန်စီက မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။

ယန်ရှီ: "ရှင့်အတွက် လက်ဆောင်ဝယ်လာခဲ့မယ်"

ကျုံယန်စီက အေးစက်နေဆဲ။

ယန်ရှီ: "နေ့တိုင်းစာပို့မယ်လို့ကတိပေးတယ်"

ကျုံယန်စီက မျက်နှာရွဲ့လိုက်သည်။

ယန်ရှီ နောက်ဆုံးလက်လျှော့လိုက်ရသည်။ အမျိုးသားများက ပြန်ချော့ရန်အလွန်ခတ်သည်။

ကောင်းပြီ။ သူ့ကိုစိတ်ဆိုးခွင့်ပြုလိုက်မည်။ စိတ်ဆိုးပြီး သေသည့်သူ ဤကမ္ဘာတွင်မရှိ‌သေးချေ။ သူမလေဆိပ်ကိုသွားဖို့လိုနေပြီဖြစ်သည်။

မဟုတ်ပါက ကျုံချင်းယွီက သူမအဘယ့်ကြောင့် နောက်ကျသနည်းဟု မေးလာလိမ့်မည်။

ကျုံယန်စီကိုလျစ်လျူရှုပြီး ကားထံသို့ လှည့်လိုက်သည်။

ရုတ်တရက် တစ်စုံတစ်ဦးက သူမကို နောက်ပြန်ဆွဲခေါ်လိုက်ပြီး နွေးထွေးသောရင်ခွင်ထဲသို့ ကျရောက်သွားခဲ့သည်။ ထို့‌နောက် နူးညံ့သောနှုတ်ခမ်းများဖြင့် သူမ၏နှုတ်ခမ်းများကို ဖိကပ်လိုက်သည်။

သူမတုံ့ပြန်နိုင်မီပင် သူ၏လျှာက ဝင်ရောက်လာပြီး သူမ၏ အာရုံများကို လုံးဝလွှမ်းမိုးသွားသည်။

သူမတွန်းဖယ်ရန် ကြိုးစားသော်လည်း ကျုံယန်စီက အလွန်အမင်းအားကောင်းလှပြီး သူမအသက်ရှူမဝအောင်ပင် အငမ်းမရနမ်းရှိုက်နေသည်။ နှစ်ယောက်တည်းသီးသန့် ကမ္ဘာလေးတစ်ခုတွင်တွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ခြေထောက်များက အားနည်းစွာ ပျော့ခွေသွားသည်။

အချိန်အတန်ကြာပြီးနောက် ကျုံယန်စီက နောက်ဆုံးတွင် သူမကိုလွှတ်လိုက်သည်။

ယန်ရှီ၏နှုတ်ခမ်းများက ဖူးရောင်နေပြီး အသက်ရှူမြန်နေခဲ့သည်။

ကျုံယန်စီက သူမ၏စိုစွတ်နေသောအောက်နှုတ်ခမ်းပေါ်သို့ သူ၏ လက်မနှင့်ပွတ်သပ်ပေးလိုက်သည်။

"ကဲကြည့်၊ အခုဆို ပိုကောင်းသွားပြီ"

"ကျုံယန်စီ!"

ယန်ရှီက ဒေါသတကြီး ထအော်လိုက်သည်။ သူက ပြုံးရုံသာ ပြုံးပြပြီး သူမ၏ နားနားကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

"နောက်ထပ်ကြာနေရင် ကျုံချင်းယွီဒေါသထွက်နေလိမ့်မယ်နော်"

အချိန်ကိုက်ပင် ကျုံချင်းယွီ၏အသံက ကားထဲမှ ထွက်ပေါ်လာသည်။

“ယန်ရှီ ဘာလို့ဒီလောက်ကြာနေတာလဲ"

"လာပါပြီ"

ယန်ရှီက ပြန်အော်လိုက်ပြီး ကျုံယန်စီကိုကြည့်ကာ ကျိန်းမောင်းလိုက်သည်

"ပြန်လာရင်တော့ ရှင်သေပြီပဲ"

သူမမသိသော်လည်း သူမ၏ဒေါသထွက်နေသည့်မျက်ဝန်းများမှာ သူ့အတွက်ချစ်စရာကောင်းနေသည်။

သူက ပြန်ပြုံးပြလိုက်သည်။

"စောင့်နေပါ့မယ်"

ကားကလေးက လေဆိပ်ဆီသို့ အမြန်မောင်းထွက်သွားသည်။

သူတို့အကုန်နေရာချပြီးသည်နှင့် ကျုံချင်းယွီက ယန်ရှီ၏ နှုတ်ခမ်းကိုသတိထားမိသွားသည်။

"နင် နှုတ်ခမ်းနီဆိုးထားတာလား လှသားပဲ"

ယန်ရှီ၏နှလုံးခုန်သံက မြန်လာသည်။

"အို ဒါက နာမည်ကြီးအမှတ်တံဆိပ်မဟုတ်ပါဘူး၊ ကြော်ငြာဖို့အတွက် နမူနာအနေနဲ့ အခမဲ့ပို့လိုက်တဲ့ အမှတ်တံဆိပ်လေးလေ"

ကျုံချင်းယွီသည် ဇိမ်ခံပစ္စည်းမဟုတ်ကြောင်းကြားလိုက်သည်နှင့်စိတ်ဝင်စားမှုပျောက်သွားသည်။ အမှန်တကယ်လည်း သခင်မလေးက အဆင့်မြင့်အလှကုန်ပစ္စည်းတွေသာ သုံးတတ်သည်မဟုတ်ပါလား။

ခဏအကြာတွင် သူတို့သည် ဟိုင်မြို့လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

ကျုံမိသားစုအိမ်တော်သည် မြို့ဆင်ခြေဖုံးတွင် တည်ရှိသော်လည်း လေဆိပ်နှင့် သိပ်မဝေးလှပေ။

ယန်ရှီက လုမိသားစု၏ သီးသန့်လေယာဉ်ကို မတွေ့မိခဲ့ပေ။ ဝန်ထမ်းများက လုပေယွီနှင့် ရဲ့လော့ယီတို့ မိနစ်သုံးဆယ်စောပြီးထွက်ခွာသွားကြောင်း ရှင်းပြခဲ့သည်။

လေယာဉ်ဝန်ထမ်းများက အထုပ်များသယ်ဆောင်ရန် အလျင်အမြန်လာရောက်ကူညီကြသည်။

ကျုံချင်းယွီက ယန်ရှီကို ထပ်မံစစ်ဆေးမိသည်။ သူမ၏နှုတ်ခမ်းများက မနက်ကပင် အနီရောင်ဖြစ်နေရာမှ ပန်းနုရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အဲဒီနှုတ်ခမ်းဆိုးဆေးက အမှိုက်ပဲ လွှင့်ပစ်လိုက်"

ကျုံချင်းယွီက ကောက်ကာငင်ကာထပြောလိုက်သည်။

"ဟင်"

ယန်ရှီက နားမလည်နိုင်ခဲ့ပေ။

ကျုံချင်းယွီက သူမ၏ဖုန်းကို Selfi Mode သို့ပြောင်းကာ ယန်ရှီဘက်သို့ လှည့်ပြလိုက်သည်။

"ကြည့်ဦး‌လေ ငါတို့စထွက်တာ အချိန်သိပ်မကြာသေးဘဲနဲ့ ပျောက်ကုန်ပြီ၊ ဘာအမှတ်တံဆိပ်မလို့ ဒီလောက်မခံရတာလဲ လုံးဝမသုံးနဲ့"

"ပြီးတော့ တခြားအနုပညာရှင်တွေကိုလည်း ဒီအမှတ်တံဆိပ်ကို မကြော်ငြာကြဖို့ပြောလိုက်ပါ၊ ဒီလိုညံ့ဖျင်းတဲ့အမှတ်တံဆိပ်က မတန်ဘူး"

လေဆိပ်ထဲဝင်သည်နှင့်တပြိုင်နက် ရသစုံရှိုးထုတ်လွှင့်မှုစတင်ခဲ့သည်ဖြစ်ရာ ကျုံချင်းယွီ၏မှတ်ချက်က ကြည့်ရှုသူတိုင်းအား သတိထားမိသွားစေသည်။

[သခင်မလေးက အခု မကောင်းတဲ့အမှတ်တံဆိပ်တွေကို ဖော်ထုတ်နေတာလား]

[ဆိုးထားတာမကြာသေးဘဲ ဒီလောက်မြန်မြန်ပျက်သွားရင်‌တော့ သေချာပေါက်အမှိုက်ပဲပေါ့၊ တံဆိပ်နာမည်ဖော်ပြီးရှုတ်ချရမယ်]

[ဒီအလှကုန်အမှတ်တံဆိပ်က ဘာလဲ အရမ်းညံ့တာပဲ]

ယန်ရှီ၏မျက်နှာက နီရဲပြီး ငိုချင်လာသည်။

အမှတ်တံဆိပ်နာမည်ကို မည်သို့ပြောရမည်နည်း။ လုပ်ကြံပြောလိုက်လျှင်လည်း အပြစ်မဲ့ကုမ္ပဏီတစ်ခု၏ ရောင်းအားများထိုးကျသွားမည်မဟုတ်ပါလား။

"ငါမေ့သွားပြီ ပြန်ရောက်ရင် ပြန်ကြည့်လိုက်မယ်"

ယန်ရှီက ခပ်တိုးတိုးပြောလိုက်သည်။

ကျုံချင်းယွီက ထပ်မမေးတော့သော်လည်း ယန်ရှီ၏ မနက်ကနှုတ်ခမ်းနီကိုသာ ပိုကြိုက်နေဆဲဖြစ်သည်။

သူမ၏အိတ်ထဲမှ စိန်စီထားသောနှုတ်ခမ်းနီဗူးကိုထုတ်ယူကာ ယန်ရှီ၏ မေးစေ့ကိုမော့စေပြီး သုတ်ပေးလိုက်သည်။

"ဒီအရောင်က နင်နဲ့ အရမ်းလိုက်တယ်"

ထို့နောက် နှုတ်ခမ်းနီဗူးကို ယန်ရှီထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

"ဒီတစ်ခုသုံး"

ထို့နောက် မျက်နှာထားကို တင်းပြီး ထပ်ပြောလိုက်သည်။

"ငါ့ကိုအရှက်ရစေတာမကြိုက်လို့ပါ၊ တစ်မျိုးထင်မနေပါနဲ့"

ယန်ရှီက စိန်စီထားသည့် နှုတ်ခမ်းနီဗူးကိုဆုပ်ကိုင်ရင်း ခေါင်းညိတ်လိုက်သည်။

“နားလည်ပါတယ် သခင်မလေးက ငါ့အတွက်လုပ်နေတာမဟုတ်ပါဘူး၊ သူအရှက်ရတာမကြိုက်လို့ပါ"

ကျေနပ်သွားသော ကျုံချင်းယွီက ခေါင်းမော့ပြီး လေယာဉ် လှေကားထစ်များပေါ်သို့ လှမ်းလျှောက်သွားသည်။ ယန်ရှီက သူမ၏ အိတ်ကိုကောက်ယူကာ နောက်မှလိုက်ပါသွားသည်။

လေယာဉ်ဝင်ပေါက်တွင် ရင်းနှီးသောမျက်နှာတစ်ခုက သူတို့ကိုစောင့်နေသည်။

"မင်္ဂလာနံနက်ခင်းပါ ချင်းယွီ ယန်ရှီ"

ပေယွဲ့ပိုင်က သပ်ရပ်သောဝတ်စုံဝတ်ဆင်ထားပြီး လေယာဉ်အတွင်းဘက်မှ သူတို့ကိုကြိုဆိုနေသည်။

ယန်ရှီ၏ အသက်ရှူသံ ရုတ်တရက်ရပ်တန့်သွားသည်။

"သူဘာလို့ဒီမှာရှိနေတာလဲ"

ကျုံချင်းယွီက ပေါ့ပေါ့တန်တန်ပြန်ဖြေသည်။

“ပေယွဲ့ပိုင်က ဒီခရီးကိုငါနဲ့အတူလိုက်ချင်တယ်လို့ပြောတယ်၊ ခရီးစဉ်အတွင်းမှာ ငါတို့ရဲ့ ဘဏ္ဌာထိန်းအဖြစ် အကုန်လုံးကို လိုက်ပြီးစီစဉ်ပေးလိမ့်မယ်"

ယန်ရှီတစ်ယောက် မျက်နှာပေါ်တွင်အရေးအကြောင်းများ ပေါ်လာသည်အထိ မျက်နှာပျက်သွားသည်။

"System ချင်းယွီက ဇာတ်လမ်းထိန်းချုပ်တာကို ထပ်ပြီးခံနေရတာလား"

[မဖြစ်နိုင်ပါဘူး]

[ဇာတ်ကောင်တစ်ဦးရဲ့ ကံ‌ကောင်းခြင်းအမှတ် ၆၀ကျော်သွားပြီဆိုရင် ထိန်းချုပ်မှုကိုခံရမှာမဟုတ်ပါဘူး၊ ဒါက ပြောင်လဲလို့မရတဲ့စည်းမျဉ်းပါ]

[ဖြစ်နိုင်ချေအရှိဆုံးက ပေယွဲ့ပိုင်က သခင်မလေးနဲ့ပြန်ရင်းနှီးဖို့အတွက် ဘဏ္ဌာထိန်းအဖြစ် စေတနာ့ဝန်ထမ်းလုပ်နေတာပဲ၊ ဒီလိုနည်းလမ်းနဲ့မှပဲ သူနဲ့နီးနီးကပ်ကပ်ရှိနိုင်ပြီး ကျန်တာအကုန်အဆင်ပြေအောင်လုပ်နိုင်မှာ]

ယန်ရှီ၏မျက်လုံးများ မှောင်မည်းလာသည်။

"သူအောင်မြင်မှာမဟုတ်ဘူး"

ခရီးစဉ်တစ်လျှောက်လုံး ယန်ရှီက ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်ကို ခွဲထားရန် အားစိုက်ကြိုးစားခဲ့သည်။ သို့သော်လည်း ကျုံချင်းယွီက သူမအပေါ်ဒေါသထွက်နေဆဲဖြစ်ပြီး သူမ၏ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်သွားခဲ့သည်။

ကျုံချင်းယွီက နာနတ်သီးစားချင်ကြောင်းပြောလိုက်သည့်အခါ ယန်ရှီက "ငါလုပ်မယ်" ဟု ပြောက ရှေ့တိုးလိုက်သည်။

သူမက သစ်သီးလှီးသည့်ဓားကိုမကောက်ယူမီ ကျုံချင်းယွီက ဖြတ်ပြောလိုက်သည်။

"နင် လှီးတဲ့သစ်သီးကို ဘယ်သူစားချင်မှာလဲ၊ ပေယွဲ့ပိုင် ရှင် လှီးပေး”

ကျုံချင်းယွီက နို့လက်ဖက်ရည်သောက်ချင်သည်အခါ ယန်ရှီက ထပ်ပြောလိုက်သည်။

"ငါဖျော်ပေးမယ်"

ကျုံချင်းယွီက သူမကို ဘေးမှစောင်းကြည့်ပြီး ပြောပြန်သည်။

"နင့်ရဲ့အသုံးမကျတဲ့လက်တွေနဲ့လား၊ ပေယွဲ့ပိုင် ကျွန်မလိုချင်တာက လေးရာသီနို့လက်ဖက်ရည် သကြားသုံးဆထည့်၊ အခန်းအပူချိန်မှာ ဖျော် ပုလဲနဲ့ ပဲနီလေးပါထည့်၊ ပြီးတော့ Oreo အမှုန့်တွေနည်းနည်းထည့်ပေး လုပ်တတ်တယ်မလား"

ပေယွဲ့ပိုင်လှုပ်ရှားနေသည်ကိုကြည့်ရင်း ယန်ရှီက စိတ်ဆိုးနေသည်။

ယန်ရှီက အံကြိတ်ပြီး ပြောလိုက်သည်။

"ဒါကတော့ တကယ်ကို စိတ်တိုစရာပဲ ပေယွဲ့ပိုင်"

Systemက ယန်ရှီ၏ ဘယ်ဘက်လက်ဘေးရှိ ညီညီညာညာလှီးထားသော နာနတ်သီးနှင့် ညာဘက်လက်ဘေးတွင်ရှိသော ပူပူနွေးနွေးဖျော်ထားသည့် နို့လက်ဖက်ရည်ကိုကြည့်ပြီး သတိပေးလိုက်သည်။

[Host ရေ ငါတို့ အေးအေးဆေးဆေးနေရင်ပိုကောင်းမယ်ထင်တယ်နော်]

All Chapters