← Chapters

မသေမျိုးများ Wechatသုံးရန် အစီအစဥ်

Vol. 2 Ch. 21

မသေမျိုးများ Wechatသုံးရန် အစီအစဥ်

Vol. 2 Ch. 21

"ကြက်ပေါက်လေးတွေမှာ ဘယ်လိုလုပ်လက်တွေရှိမှာလဲ...အဲ့ဒါက ခြေသည်းတွေမလား"

(ဆိုလိုရင်းကို အောက်ဆုံးမှာ ရှင်းပြထားပါတယ်)

ရွှီဖန်း၏လက်ထဲမှ Apple 6ဖုန်းလေးကို ကြည့်ရင်း နတ်ဘုရားများက ခေါင်းရှုပ်နေကြသည်။

လူ့လောကနှင့်ပတ်သက်၍ သူတို့၏မှတ်ဉာဏ်

များသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာမှာကတည်းက ကျန်ရစ်ခဲ့လေပြီ။ မိုဘိုင်းဖုန်းကဲ့သို့ အဆင့်မြင့်ထုတ်ကုန်မျိုးကို သူတို့ မကြားဖူးခဲ့ကြပေ။

ရွှီဖန်းကလည်း စိတ်မရှည်ခြင်းမျိုးမရှိပေ။ အနာဂါတ်တွင် နေ့ရက်ကောင်းများ ပိုင်ဆိုင်ရန်အတွက် ဖုန်း၏အသုံးပြုပုံနှင့် လုပ်ဆောင်ပုံများအား စိတ်ရှည်ရှည်ရှင်းပြပေးနေသည်။

"ကျွန်တော်တို့လူ့လောကမှာ ဖုန်းကိုသုံးရတဲ့ အဓိကအရေးကြီးတဲ့အရာက ဆက်သွယ်ဖို့ပဲ၊ တစ်ဖက်ကလူလည်း ဖုန်းသုံးနေသ၍ ကျွန်တော်တို့က မိုင်ပေါင်းထောင်ချီကလူကို ဆယ်သွယ်နိုင်တယ်၊ အခု အသုံးပြုရတာအဆင်ပြေဆုံးက ဒီမှာ Wechatပဲ"

နတ်ဘုရားများ၏ နားလည်နိုင်မှုက မနိမ့်ပေ။ ရွှီဖန်း ကျွမ်းကျွမ်းကျင်ကျင်လုပ်ပြနေသည့် နည်းလမ်းများအား သူတို့ မြန်မြန်နားလည်သွားသည်။ Wechat၏ လုပ်ဆောင်ပုံနှင့် အသုံးပြုပုံကို ရွှီဖန်းက ရှင်းပြပြီးသည့်နောက်မှာ နတ်ဘုရားများက ခေါင်းညိတ်လာကြသည်။

"ဒီသေးသေးလေး အဆင်ပြေသားပဲ...သေမျိုးလောကမှာ ဒီလိုရတနာလေး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ကောင်းကင်ဘုံစိတ်အာရုံခံခြင်းအတတ်လိုမျိုး ငါ့ရဲ့စွမ်းအင်တွေ ထည့်သုံးစရာမလိုဘူးပဲ...တန်ဖိုးရှိတယ် တန်ဖိုးရှိတယ်!"

ရုတ်တရက်ပင် နတ်ဘုရားများအားလုံးသည် ဤကဲ့သို့သောဖုန်းမျိုး သန့်စင်မွမ်းမံရန် စိတ်ကူးခဲ့ကြသည်။

အရှေ့ဆုံးမှာ ရပ်နေသည့် ထိုက်ပိုင်ကျင့်စစ်က ပြောလာသည်။

"လူငယ်လေး မင်းအဆိုပြုတဲ့နည်းလမ်းက တော်တော်ကောင်းတယ်...ငါတို့လေ့လာလို့ရအောင် ဖုန်းနည်းနည်းလောက် ပေးနိုင်မလား"

အစောကြီးကတည်းကပြင်ဆင်ထားတာကြောင့် ရွှီဖန်း ပြုံးလိုက်သည်။ သူ ဖုန်းများထည့်ထားသည့် အိတ်ကို ညွှန်ပြရင်းဖြင့်...

"ဒါက နတ်မင်းတို့အတွက်ယူလာတာပါ...ဒါတွေကို ကျွန်တော် ဘယ်လိုပေးရမလဲပဲပြောပါ"

"ဒါက ရိုးရှင်းတယ်...မင်း ဒီကြေးမုံဝိုင်းထဲ ပစ်ပို့လိုက်ဖို့ပဲ လိုတယ်"

ထိုက်ပိုင်ကျင့်စစ်၏ရှင်းပြမှုကို သိပြီးနောက် ရွှီဖန်း ခေါင်းညိတ်လိုက်ကာ ဖုန်းခြောက်လုံးအား ကြေးမုံဝိုင်းထဲသို့ ပစ်လိုက်သည်။

ဖုန်းခြောက်လုံးက နတ်အုပ်ကြီးထဲ ဟိုရောက်ဒီရောက်ဖြစ်နေကာ နောက်ဆုံး ထိုက်ပိုင်ကျင့်စစ်ထံ ရောက်သွားသည်။ ပတ်ပတ်လည်မှ နတ်ဘုရားများအားလုံးသည် ဖုန်းရဖို့ရန် စတင်တိုက်ခိုက်ကြတော့သည်။

သူတို့အတွက် ဤပစ္စည်းအသစ်လေးက မှော်ကိရိယာထက် ပို၍ စိတ်ဝင်စားဖို့ ကောင်းနေလေသည်။

"အဟွတ် အဟွတ် လူငယ်လေး...မင်းရဲ့ဖုန်းနောက်ကွယ်က သဘောတရားအယူအဆကို လေ့လာပြီးရင် မင်းကို ပြန်ဆက်သွယ်လိုက်မယ်"

ထိုက်ပိုင်ကျင့်စစ်သည် နတ်အုပ်ကြီးဖြင့် အဝိုင်းခံထားရသည်။ သူဟာ ထိုစကားအား ကတိုက်ကရိုက်ပြောကာ ကြေးမုံဝိုင်းကြီးကို ပိတ်လိုက်တော့သည်။

အခုအချိန်၌ ရွှီဖန်း၏တာဝန်လည်း ပြီးဆုံးသွားလေပြီ။ ယခု နတ်ဘုရားများ အကြောင်းကြားလာတာကို စောင့်ဖို့သာ ကျန်တော့သည်။

မနက်စောစောရောက်ပြီလို့တောင် ပြောလို့မရသေးပေ။ သူ 'ကောင်းကင်ဘုံစွမ်းအားအဆောင်'အား သန့်စင်မွမ်းမံထားတာကြောင့် စွမ်းအားအများကြီးလည်း ကုန်ထားခဲ့သည်။ဒါကြောင့် အိမ်ကိုပြန်ကာ မျက်နှာသစ် သွားတိုက်၍ ပြန်အိပ်ခဲ့သည်။

အိပ်မက်ကောင်းသည့် ညလေးပင်။

နောက်တစ်နေ့မှာ ရွှီဖန်းအိပ်ရာမှထကာ ကိုယ်လက်ဆေးကြောခဲ့သည်။ သူ့မိသားစုနှင့် မနက်စာကို ပျော်ပျော်ရွှင်ရွှင်စားပြီးနောက်မှ အနောက်ကတောင်သို့ ထွက်လာခဲ့သည်။

မက်မွန်သီးတချို့ကို ခူးပြီးနောက်မှာ မနေ့ကစိုက်ပျိုးခဲ့သည့် အပင်ဆယ်ပင်အား အကြမ်းဖျင်း လေ့လာလိုက်သည်။ ကောင်းကင်ဘုံမြေသြဇာ၏ အာဟာရကြောင့် ထိုအပင်များသည် မူလအမြင့်ထက် ကျော်လွန်လာနေပြီ။

အခုလို ကြီးထွားနေသည့် အရှိန်နှုန်းဖြင့်သာ ဆိုလျှင် ဤသစ်သီးပင်များသည် မက်မွန်ပင်များကဲ့သို့ ဖြစ်လာရန် တစ်လတောင်မလိုဟု ရွှီဖန်းခန့်မှန်းမိသည်။ ပြီးလျှင် မက်မွန်သီးလိုမျိုး သူ့အတွက် အကျိုးအမြတ်များစွာ ရစေလိမ့်မည်။

ဖုန်းထဲမှာမှတ်ထားသည့် အမှာစာများအတိုင်း မက်မွန်သီးများကို အိတ်များဖြင့် ထုတ်ပိုးကာ ခရိုင်မြို့တော်သို့ သုံးဘီးဖြင့် မောင်းထွက်လာခဲ့သည်။

ခရိုင်မြို့တော်အတွင်း တစ်နာရီခွဲလောက် မက်မွန်သီးများအား လိုက်ပို့ပြီးသည့်နောက်မှာတော့ သူအနားယူရန် အချိန်ရလေပြီ။

လက်ရှိ သူ့နှုန်းအား အကြမ်းဖျင်းတွက်ကြည့်မိသည်။ ယခင်က စုဆောင်းထားခဲ့သော အမှာစာများကို အပြီးသတ်လိုက်ပို့ရန်အတွက် တစ်ပတ်လောက် ကြာလိမ့်မည်။

ဆိုလိုတာက ဒီတစ်ပတ်အတွင်း သူ့မှာ ဝင်ငွေမရှိပေ။

ရွှီဖန်းမှာ သူ့ပိုက်ဆံအားလုံး သုံးကုန်လုနီးပါးဖြစ်နေလေပြီ။ ယခုဆိုလျှင် တောင်အနောက်ဘက်၌ သစ်သီးပင်များ တိုးချဲ့စိုက်ပျိုးရန်အတွက် ပိုက်ဆံလိုအပ်သည်၊ အဆောင်လုပ်တာလေ့ကျင့်ဖို့အတွက် ပိုက်ဆံလိုအပ်သည်။ သူ ဒုက္ခရောက်သလို ခံစားနေရသည်။

ဒီလိုဖြစ်လာမယ်ဆိုသာ သိထားခဲ့ရင် ရွှီဖန်းလည်း နည်းနည်းပါးပါး ပိုက်ဆံစုထားမိလောက်သည်။ အခုတော့ တစ်ပတ်လုံးကို အံကြိတ်ပြီး ကျော်ဖြတ်ရတော့သည်။

ဒင်!

ရုတ်တရက် သူ့အိတ်ကပ်ထဲမှ ဖုန်းအသစ်က တုန်လာသည်ကို ခံစားလိုက်ရသည်။ ပြီးမှ Wechatက မြည်နေမှန်း သိတော့သည်။

မကြာသေးခင်ကမှ မက်မွန်သီးလာပို့ပေးရန် ဆက်သွယ်သော ဖောက်သည်တချို့ရှိခဲ့သည်။ ရွှီဖန်းထင်ထားခဲ့သည်က ဖောက်သည်ဆီမှ စာဝင်သည်ဟူ၍ပင်။ သို့သော် Wechatအား ဖွင့်လိုက်သည်နှင့် သူငယ်ချင်းလာအပ်ကြောင်း အသိပေးချက်အား တွေ့လိုက်ရသည်။

~ထိုက်ပိုင်ကျင့်စစ်သည် သင့်အား သူငယ်ချင်းအဖြစ် အပ်ချင်နေပါသည်၊ သင်လက်ခံမည်လား~

အတိတ်ကဆိုရင်တော့ လူလိမ်လူညာအကောင့်ဟု သတ်မှတ်ကာ သူငြင်းမိပေလိမ့်မည်။ သို့သော် ရှေးခေတ်တာအိုဝတ်စုံဖြင့် မသေမျိုးနတ်အိုကြီးအား ပြေးမြင်မိကာ သူအနည်းငယ်အံ့သြသွားရသည်။

ထိုက်ပိုင်ကျင့်စစ်၏ကျွမ်းကျင်သွားမှုက အလွန်မြန်လွန်းသည်။

ရွှီဖန်း သူအား ဖုန်းပေးလိုက်တာ တစ်ညပင် မရှိသေးပေ။ ဒါတောင် Wechatကို စေ့စေ့စပ်စပ် လေ့လာပြီးနေလေပြီ။

ကောင်းမွန်သော ရည်ရွယ်ချက်လေးနှင့်အတူ လက်ခံသည်အား နှိပ်လိုက်သည်။

"လူငယ်လေး မင်းငါ့ကို ပေးလိုက်တဲ့ မိုဘိုင်းဖုန်းလို့ခေါ်တဲ့ဟာလေးက တော်တော်ကို ဆန်းကြယ်တာပဲ၊ ဒါက အရမ်းအဆင်ပြေလွန်းတယ်!"

ရွှီဖန်း လက်ခံလိုက်သည်နှင့် ထိုက်ပိုင်ကျင့်စစ်သည် သူ၏စိတ်လှုပ်ရှားနေသော ခံစားချက်များအား စာရိုက်ပို့လာသည်။

ကောင်းကင်ဘုံနန်းတော်၌ နတ်ဘုရားများစွာ ရှိသော်လည်း ဆက်သွယ်ရေးကတော့ အလွန်

လစ်လပ်နေတုန်းပင်။ နတ်ဘုရားများကြားမှ ဆက်ဆံရေးအား ဘယ်လိုမျိုးသင့်မြတ်အောင်လုပ်ကြမလဲဆိုတာက အလွန်ခက်ခဲသော အမေးတစ်ခုဖြစ်နေခဲ့သည်။

ထိုက်ပိုင်ကျင့်စစ်သည် နှစ်ရာပေါင်းများစွာ ဦးနှောက်ခြောက်အောင်စဥ်းစားခဲ့ရသည်။ ယခု ရွှီဖန်းအကြံပေးလာသော wechatကြောင့် သူလည်း ဖြေရှင်းနည်း တွေ့သွားရသည်။

ကောင်းကင်ဘုံစိတ်အာရုံခံခြင်းအတတ်ထက် wechatက ကောင်းကျိုးတွေ ပိုများသည်။

စွမ်းအားသုံးစရာမလိုဘဲနဲ့ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်သည်။ ထိုမျှမကသေးပေ၊ wechat momentလို့ခေါ်သည့် နေရာမှာ နတ်ဘုရားများက သူတို့တင်ချင်သည့်အရာတင်လို့ရပြီး ကျန်

သည့်နတ်ဘုရားများက မှတ်ချက်ရေးနိုင်ကြသည်။

ဒါက မသေမျိုးတွေကြားက ဆက်ဆံရေးကို နက်ရှိုင်းစေရန်အတွက် အံ့သြစရာကောင်းသည့် နည်းလမ်းတစ်ခုပင်။

ရွှီဖန်းမှာ ထိုက်ပိုင်ကျင့်စစ်၏ wechatဘယ်လောက်ကောင်းကြောင်း စိတ်လှုပ်တရှား ပြန်ပြောပြနေခြင်းအား နားထောင်ရင်း ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။

wechatသုံးရတာကို နေသားကျပြီးသား ရွှီဖန်းအတွက်တော့ ဘာမှသိပ်မခံစားရပေ။

"လူငယ်လေး မင်းက ဒီတစ်ခေါက် ကြီးကြီးမားမား ကူညီပေးခဲ့တာပဲ...ကျေးဇူးပြုပြီး စာအိတ်နီလေး လက်ခံပေးပါ"

ရွှီဖန်းသည် ကောင်းကင်ဘုံမှ အမှိူက်များ ဖယ်ရှားဖို့ကို ကူညီပေးခဲ့ရုံမကဘဲ ကျောက်စိမ်းအင်ပါယာ သူ့အားပေးထားသည့် ပြဿနာကိုလည်း ဖြေရှင်းပေးခဲ့သည်။ ကျေးဇူးတင်မိတာကြောင့် စာအိတ်နီကို တိုက်ရိုက်ပို့ပေးလိုက်သည်။

ဒါမမြန်လွန်းနေဘူးလား ဟု ရွှီဖန်း တွေးမိသည်။ 

ထိုက်ပိုင်ကျင့်စစ်က စာအိတ်နီတောင် ပို့တတ်နေပြီလေ။ ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်လာသည့် စာအိတ်နီလေးအားကြည့်ရင်း ရွှီဖန်း မနေနိုင်ဘဲ တံတွေးမြိုချမိတော့သည်။

နတ်ဘုရားတစ်ပါးကပေးတဲ့စာအိတ်နီဆိုတော့ သေးသေးမွှားမွှားတော့ မဖြစ်နိုင်ဘူးမလား။

သိထားရမည်မှာ မနေ့က သူတို့အတွက် ဖုန်းဝယ်ပေးတုန်းက ယွမ်သောင်းကျော် သုံးခဲ့ရသည်။

သိလိုစိတ်ဖြင့် ရွှီဖန်းဖွင့်ကြည့်လိုက်သည်။ သို့သော် အထဲမှာ ရှိနေတာက ပုံမှန်လို ယွမ်တွေထည့်ထားတာ မဟုတ်ပေ။

"မြင်ကွင်းမြှင့်အဆောင်လား"

စာအိတ်နီထံ၌ X-rayပုံစံ အဆောင်တစ်ခုရှိနေသည်။

ထိုက်ပိုင်ကျင့်စစ်က ရှင်းပြလာသည်။

"ဟဲဟဲ လူငယ်လေး ငါမင်းရဲ့ဖုန်းကို ပြုပြင်မွမ်းမံထားတယ်၊ ငါတို့ကိုဒီတစ်ကြိမ်ကူညီပေးခဲ့တဲ့အတွက် အနာဂါတ်မှာ ငါတို့နဲ့ ဆက်သွယ်ရင် ပိုလွယ်အောင်လို့ မင်းကို ဒီအဆောင် လက်ဆောင်ပေးမယ်"

"ကောင်းပါပြီ..."

ထိုက်ပိုင်ကျင့်စစ်ရှင်းပြပြီးသည်နှင့် ရွှီဖန်းလည်း အင်တင်တင်ဖြင့် လက်ခံလိုက်ရသည်။ အဆောင်အား သူညွှန်လိုက်သည်နှင့် အညိုရောင်အဆောင်လေးက ရွှီဖန်းလက်အပေါ်ကျလာသည်။ 

ဤမြင်ကွင်းမြှင့်အဆောင်အား ထိုက်ပိုင်အဆောင်ပြုနည်းမှာ မှတ်တမ်းတင်ထားသည်။ ဤအဆောင်အား ပြုလုပ်ရန် လိုအပ်သည့်ပစ္စည်းများမှာ အလွန်ရှားပါးကာ ရေးဆွဲရတာလည်း ခက်ခဲသည်။ အခုအချိန် ရွှီဖန်း သန့်စစ်မွမ်းမံနိုင်သည့် အရာတော့ မဟုတ်ပေ။

ဖြစ်နိုင်တာကတော့ ထိုက်ပိုင်ကျင့်စစ်သည် စမ်းသပ်ချင်တာကြောင့် သူ့အား X-rayပုံစံဖြင့် ပေးဖို့ စဥ်းစားခဲ့ပုံပင်။

ထိုက်ပိုင်ကျင့်စစ်နှင့် စကားပြောပြီးနောက်မှာ အဆောင်အား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ 

ထိုအချိန်၌ သူ၏ wechat momentတွင် ပို့စ်တစ်ခုပေါ်လာသည်။

"ကျောက်စိမ်းအင်ပါယာက ကျုပ်ရဲ့အကြံပြုချက်ကို လက်ခံတယ်...နောက်ကျရင် ကောင်းကင်ဘုံနန်းတော်မှာ wechatကို နာမည်ကြီးလာအောင် ငါတို့ တိုက်တွန်းရလိမ့်မယ်...နတ်ဘုရားရောင်းရင်းတို့ အဆင်သင့်ဖြစ်ပြီလား!"

အာ...ထိုက်ပိုင်ကျင့်စစ်ရဲ့ ကိုယ်တိုင်ရေးပုံတူတောင် ရှိနေတာပဲ။

*************** 

(Translator Jue's note - အပိုင်း ၁၁မှာ preorder ရောင်းရငွေ သိန်းတစ်ရာနဲ့ကိုးသောင်းလို့ပြန်ခဲ့မိပါတယ်၊ မဖြစ်နိုင်ဘူးလို့တော့ ထင်ခဲ့ပါသေးတယ်၊ English translator က မှားပြန်ထားတဲ့ပုံပါပဲ၊ ရွှီဖန်းညည်းနေပုံအရ အဖြစ်နိုင်ဆုံးကတော့ အဲ့ဒီအချိန်ကရခဲ့တာ ယွမ်တစ်သိန်းနဲ့ကိုးသောင်းပါ။ 

"ကြက်ပေါက်လေးတွေမှာ ဘယ်လိုလုပ်လက်တွေရှိမှာလဲ...အဲ့ဒါက ခြေသည်းတွေမလား"

ကြက်တွေမှာ လက်မရှိဘူး...တောင်ပံနဲ့ခြေသည်းပဲရှိတာ၊ ပြောချင်တဲ့သဘောကတော့ နတ်ဘုရားတွေက ဖုန်းကို ဖြစ်ရောဖြစ်နိုင်လို့လားဆိုပြီး မယုံနိုင်တဲ့သဘောအနေနဲ့ အဲ့ဒီစကားကိုသုံးနှုန်းထားတာဖြစ်နိုင်ပါတယ် )

All Chapters