← Chapters

မြို့ထဲရှိ တောင်သူလယ်သမားများ

Vol. 2 Ch. 19

မြို့ထဲရှိ တောင်သူလယ်သမားများ

Vol. 2 Ch. 19

"ကောကော ညီမလေးတို့ ဘယ်ကိုသွားနေကြတာလဲ"

ရွှီရှို့ရှို့သည် သုံးဘီးနောက်တွဲ၌ ထိုင်ကာ ပတ်ပတ်လည်အား စူးစမ်းလိုစိတ်ပြင်းပြစွာ လိုက်ကြည့်နေသည်။

"ညီမလေးနဲ့ မိဘတွေအတွက် ဖုန်းဝယ်ပေးမလို့"

မသေမျိုးများအတွက် ဖုန်းဝယ်ပေးဖို့ဆိုပြီး ပြောလိုက်လို့ မဖြစ်ပေ။ ဒါ့အပြင် မိဘတွေလည်း ဖုန်းသေးသေးလေးကို မျှဝေသုံးနေရပြီး ရှို့ရှို့ဆီမှာလည်း ယွမ်၅၀၀ထက်နည်းသည့် ဖုန်းတစ်လုံးကိုသာ ကိုင်ထားရသည်။

စောနကမှ ရွှီဖန်းတွေးခဲ့သည်။ နတ်ဘုရားများအတွက် ဖုန်းဝယ်နေစဥ်မှာ အိမ်ကလူတွေအတွက်လည်း ဖုန်းပြောင်းပေးရမည်ဟူ၍ပင်။

ခရိုင်မြို့တော်အတွင်း လှည့်ပတ်မောင်းနှင်နေတုန်း မနီးမဝေးမှ Apple ဖုန်းတံဆိပ် အရောင်းဆိုင်အား ရွှီဖန်း တွေ့လိုက်သည်။

ဆိုင်အရှေ့မှာ သုံးဘီးကို ရပ်ပြီးသည်နှင့် ရှို့ရှို့အား ဆွဲကာ ဆိုင်ထဲဝင်ရန် ပြင်လိုက်သည်။ သို့သော်ငြား ရွှီရှို့ရှို့သည် သူမအစ်ကိုအား ပြန်ဆွဲထားကာ အကျပ်တွေ့နေသည့် အမူအရာဖြင့် ပြောလာသည်။

"ကော...မဝယ်ပါနဲ့လား၊ ညီမလေးအတန်းဖော်ပြောတာ ကြားဖူးတာတော့ Appleဖုန်းတွေက ဈေးကြီးတယ်တဲ့"

ကျောင်းတက်နေစဥ် Appleဖုန်းကိုင်နိုင်သည့် အတန်းဖော်အားလုံးသည် နောက်ခံကောင်းသည့်မိသားစုမှလာကြသည်ဖြစ်ရာ ရွှီရှို့ရှို့အတွက် Appleဖုန်းအား မျှော်လင့်ဖို့တောင် သတ္တိမရှိခဲ့ပေ။

ရွှီဖန်းသည် မျက်လုံးလှန်ကာ သူ့ညီမအား ရယ်မော၍ ဆူလိုက်သည်။

"အရူးမလေး...ဝယ်ပေးမယ်လို့ပြောနေတာကို ဘာလို့ ပိုက်ဆံကိစ္စစိတ်ပူနေရပြန်တာလဲ၊ အစ်ကိုကြီးမှာ ဘာမှမကျန်တော့ရင်တောင် ဒီထက်ပိုပြီးထပ်ရှာနိုင်တယ်"

Appleဖုန်းများက အရည်အသွေးကောင်းတာကြောင့် ကောင်းကင်ဘုံနန်းတော်မှာ နတ်ဘုရားများလေ့လာလျှင် ပိုပြီး လွယ်လောက်မည်ဟု သူထင်သည်။ 

"ဟေး! ဟေး! ငါ နင့်ကိုပြောနေတယ်! ဒီမှာ နင့်ရဲ့ဆိုင်ကယ်အစုတ်ကို ရပ်လို့မရဘူးလို့! သိပြီလား!"

ထိုအချိန်၌ ရုံးဝတ်စုံဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်သည် ဆိုင်ထဲမှ ပြေးထွက်လာကာ ရွှီဖန်း၏ဆိုင်ကယ်အား လက်ညှိုးထိုး၍ ဆူငေါက်လာခဲ့သည်။

တစ်ဖက်လူ၏စီးပွားရေးကို သက်ရောက်စေသည်ဟု ထင်မိတာကြောင့် ရွှီဖန်းလည်း အပြုံးဖြင့် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်...ကျွန်တော်တို့ မကြာခင် ပြန်

ထွက်သွားမှာပါ၊ အရင်ဆုံး ပစ္စည်းဝယ်ခွင့်ပြုပါဦး"

"ဒါဆို နင်ပစ္စည်းသွားဝယ်ရင် ငါ့ဆိုင်အပေါက်ဝကို ဘယ်သူလာဂရုစိုက်ပေးမှာလဲ! နင့်ရဲ့ဆိုးဝါးတဲ့သုံးဘီးကို အမြန်မောင်းပြီး ထွက်သွားစမ်းပါ! မဟုတ်ရင် နင်တို့ကို ရိုက်ဖို့ အစောင့်ကို ခေါ်ရလိမ့်မယ်"

အရောင်းဝန်ထမ်းမိန်းမသည် ရွှီဖန်းနှင့် သူ့ညီမအား ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ခြောက်လွှတ်နေကာ တတွတ်တွတ်ရွတ်နေပြန်သည်။

"ဒီတောသားတွေက ဘယ်ကရောက်လာတာလဲ...ကံဆိုးလိုက်တာ"

သူမ၏စိတ်သဘောထားက ရွှီဖန်းအား မျက်မှောင်ကြုတ်စေသည်။ ရွှီရှို့ရှို့ကလည်း သူမအစ်ကိုအားဆွဲထားလျက်...

"ကောကော ညီမလေးတို့ ပြန်ရင်​ဘယ်လို..."

"ဘယ်ကိုပြန်ရမှာလဲ...အစ်ကိုတို့ အခုထိ ဘာဖုန်းမှ မဝယ်ရသေးတာကို"

ရွှီဖန်းသည် အမူအရာကင်းမဲ့စွာ ပြောရင်း သူ့ညီမအား အားသုံး၍ ဆွဲခေါ်လာကာ ဆိုင်ပေါက်ဝကို ဦးတည်

လိုက်သည်။

"ဟေး! ဟေး! ဟေး! နင့်ရဲ့ဆိုင်ကယ်စုတ်ကို ဖယ်ဖို့ပြောနေတာ မကြားတာလား! နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ!"

ရွှီဖန်းက သူမဆီလျှောက်လာတာကိုမြင်သည်နှင့် အရောင်းဝန်ထမ်းမိန်းမသည် ရွံရှာသည့်အမူအရာဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ မသိရင် ရွှီဖန်းတို့မောင်နှမကပဲ လတစ်ဝက်လောက် ရေမချိုးထားကြသည့်အတိုင်းပင်။

ရွှီဖန်းသည် သူ၏နှုတ်ခမ်းထောင့်ကိုမြှင့်၍ ပြုံးလိုက်ကာ...

"ဒါပေါ့ ငါဖုန်းဝယ်ဖို့လာတာလေ"

"ဘာ!"

သူမက ရွှီဖန်းတို့မောင်နှမ၏အနွေးထည်များအား ကြည့်ကာ မနီးမဝေးမှ အနိမ့်စားဖုန်းဆိုင်ကို ညွှန်ပြလာသည်။

"နင်က ဖုန်းဝယ်ချင်တာလား...ဒါဆို အဲ့ဒီဆိုင်ကိုသွားလေ ဖုန်းတွေက အဲ့ဒီမှာ၊ ဒီမှာက နင့်လို အလုပ်သမားတွေ တတ်နိုင်တဲ့ ဖုန်းအနိမ့်တွေမရှိဘူး"

ရွှီဖန်းသည် မျက်လုံးများအား ကျဥ်းမြောင်းကာ အမူအရာမဲ့စွာပြောလိုက်သည်။

"ငါတတ်နိုင်လား မတတ်နိုင်ဘူးလားဆိုတာ မင်းက ဘယ်လိုသိလဲ"

"အိုး...ကြည့်စရာတောင်လိုသေးလို့လား၊ ငါမျက်လုံးကန်းနေရင်တောင်မှ နင်က ဟိုအလုပ်ဒီအလုပ် ရရာလုပ်ရတဲ့အလုပ်သမားမှန်း သိတယ်၊ နင်ကပဲ Appleဖုန်း သုံးချင်သေးတယ်လား"

သို့သော် သူမ ဘာမှဆက်မပြောခင်မှာပဲ ရွှီဖန်းဟာ သူ့ညီမအား ဆွဲ၍ ဆိုင်ထဲသို့ ဝင်သွားလေပြီ။

"အား! နင့်ကို ဝင်သွားဖို့ ဘယ်သူပြောလဲ!"

အရောင်းဝန်ထမ်းမိန်းမက ရွှီဖန်း၏နောက်သို့ လိုက်ကာ ကန်ထုတ်ဖို့ပင် ပြင်ဆင်ထားသကဲ့သို့ ဆွဲထားသည်။

ရွှီဖန်းက ပြုံးနေလျက်...

"ငါကဖုန်းဝယ်မှာလေ...ဘာလို့ မဝင်နိုင်ရမှာလဲ"

ဆိုင်ထဲမှာ အခြားဝန်ထမ်းလေးက ဘာတွေဖြစ်ပျက်နေမှန်း နားမလည်တာကြောင့် အရောင်းဝန်းထမ်းမိန်းမအား စူးစမ်းစွာ ကြည့်နေသည်။

အရောင်းဝန်ထမ်းမိန်းမက လှောင်ပြောင်ရယ်မောလာသည်။

"ကောင်းပြီလေ...ဒါဆို ငါ့ကိုပြော၊ ဘာဖုန်းဝယ်ဖို့ စီစဥ်ထားလဲ"

ရွှီဖန်းသည် ရွှီရှို့ရှို့အား ဆွဲထားကာ အထဲမှကောင်တာအား ကြည့်လျက်...

"ဒီမှာ ဈေးအကြီးဆုံးဖုန်းက ဘာလဲ...အဲ့ဒါကိုပြပေး"

"အိုး! နင်က ဈေးအကြီးဆုံးဖုန်းကိုတောင် ဝယ်ချင်သေးတယ်ပေါ့"

အရောင်းဝန်ထမ်းမိန်းမကြီးသည် နှာမှုတ်ကာ တွေးနေသည်။ 

*ဒီတောသားတွေက ဘယ်လိုပြုမူရမလဲ သိကြတာပဲ*

ခဏနေရင် သူ ဘယ်လိုပြန်ဖြေရှင်းမလဲဆိုတာ သူမမြင်ချင်မိသည်။

"ဒါပေါ့ ခဏပဲစောင့်၊ ငါနင့်အတွက် အခုပဲ ယူခဲ့ပေးမယ်"

ထို့နောက် သူမ ကောင်တာသို့ လျှောက်သွားကာ 6plusအား ကိုင်ရင် ရွှီဖန်းအား ကမ်းပေးလိုက်သည်။

"နင်က ကြည့်ကောင်းသားပဲ၊ ဒီမတိုင်ခင်က နင့်ကို တစ်ခါမှမမြင်ဖူးဘူး...ဒါကို မြန်မြန်ကြည့်ပြီး ထွက်သွားလိုက်တော့...နားလည်လား"

ဤဖုန်းအား ကြည့်ပြီးလျှင် ဝယ်ဖို့ပိုက်ဆံမရှိတာကြောင့် ရွှီဖန်းထွက်သွားလိမ့်မည်ဟု သူမထင်ထားခဲ့သည်။ သို့သော် ရွှီဖန်းက တစ်ချက်ကြည့်ပြီးသည်နှင့် လက်ကိုဝှေ့ယမ်းကာ ဖုန်းအား မြေပြင်ပေါ်သို့ ပစ်ချလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"နင် ဘာလုပ်လိုက်တာလဲ!"

ဘန်း! ဆိုသည့် မြည်သံနှင့်အတူ ဖုန်းက ကွဲကြေသွားခဲ့သည်။ အရောင်းဝန်ထမ်းမိန်းမသည် ကြောက်ရွံ့သွားတာကြောင့် သူမအသံက ပျက်ယွင်းနေသည်။

ပတ်ဝန်းကျင်မှ လုံခြုံရေးများနှင့် အရောင်းဝန်ထမ်းများမှာ ထိုအရာအား မြင်သည်နှင့် စုဝေးလာကြသည်။

သိထားရမည်မှာ ဤဖုန်း၏ဈေးက ယွမ်၅၀၀၀အထက်မှာရှိသည်။ ဖုန်းပျက်စီးသွားမှတော့ ထိုလူအား သူတို့ ထွက်ပြေးခွင့် မပြုနိုင်ပေ။ 

"ဘာလဲ...မင်းတို့က ငါထွက်ပြေးမှာကို ကြောက်နေတယ်ပေါ့"

ပတ်ပတ်လည် လူတွေနှင့် ဝိုင်းရံခံထားရသော်လည်း ရွှီဖန်းက အလွန်တည်ငြိမ်နေသည်။ ထိုလူများအား စက္ကန့်အနည်းငယ် ကြည့်ပြီးနောက် သူကိုင်ထားသည့် အနက်ရောင်အိတ်အားလုံးကို ကောင်တာပေါ် သွန်ချလိုက်သည်။

"ပိုက်ဆံတွေရေလိုက်...ဒီပိုက်ဆံတွေနဲ့ ငါ ဖုန်းဘယ်နှစ်လုံး ဝယ်လို့ရမလဲ"

ငွေအစုလိုက်အပုံလိုက် ကောင်တာပေါ် သွန်ချလာသည့် မြင်ကွင်းအား ဆိုင်ထဲရှိ အလုပ်သမားများသည် ဗလာအကြည့်များဖြင့် မိန်းမောစွာ ကြည့်နေကြသည်။

ရွှီဖန်းလို အပေါစားအနွေးထည်ပါးပါးလေးသာဝတ်ထားသည့် လူတစ်ယောက်ဆီမှာ အခုလို ပိုက်ဆံများအပြည့်ဖြည့်ထားသည့် အိတ်တွေရှိနေမည်ဟု ဘယ်သူကမှ မထင်ထားခဲ့ပေ။

မန်နေဂျာဖြစ်သူမှာ ပိုက်ဆံအပုံလိုက်အား ကြည့်ရင်း မျက်လုံးများ လင်းလက်သွားသည်။ သူတံတွေးမြိုချကာ နတ်ဘုရားအားမြင်သလို အပြုံးဖြင့် ရွှီဖန်းအနား ကပ်လာသည်။

"လူချောလေး လူချောလေး...ကျွန်တော့်ဘက်ကပဲ တောင်းပန်ပါတယ်၊ ဆိုင်ကဝန်ထမ်းတွေက မသိနားမလည်ကြလို့ပါ၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"

ထိုစကားနှင့်အတူ မန်နေဂျာသည် အရောင်းဝန်ထမ်းမိန်းမအား မျက်လုံးမှိတ်ပြ၍ မြန်မြန်တောင်းပန်ရန် အချက်ပြလိုက်သည်။

သိသာစွာပင် အရောင်းဝန်ထမ်းမိန်းမသည် သူမမျက်နှာအား ပြဖို့ရန်ပင် အလွန်ရှက်ရွံ့နေသည်။

ရွှီဖန်းက ကောင်တာပေါ်မှ ပိုက်ဆံများအား ညွှန်ပြကာ လှောင်ပြောင်လာသည်။

"မန်နေဂျာ ဒီပမာဏနဲ့ဆိုရင် ဖောက်သည်အကြီးစားအဖြစ် မှတ်ယူလို့ရတယ်မလား၊ မင်းဆိုင်က ဝန်ထမ်းက အရမ်းရိုင်းစိုင်းနေတာ...ငါက ပိုက်ဆံတွေကို ဒီဆိုင်မှာ ဘယ်သုံးရဲပါ့မလဲ"

"ခရိုင်တစ်ခုလုံးမှာ မင်းရဲ့ဆိုင်တစ်ဆိုင်ပဲ Appleဖုန်းကို ရောင်းတယ်ဆိုတာ ငါမယုံဘူး"

"အောင်မလေး...မလုပ်ပါနဲ့ဗျာ"

ထိုအကြောင်းကို မန်နေဂျာလုပ်သူ ကြားသည့်အခါ သူ အလွန်စိုးရိမ်ပူပန်သွားတော့သည်။ ကောင်တာပေါ်မှ ရွှီဖန်း၏ပိုက်ဆံများက ယွမ်၅၀,၀၀၀မှ ယွမ်၆၀,၀၀၀အထိ ရှိနိုင်သည်။ 

ဒီလောက်များများ ရောင်းရမည့် အခွင့်အရေးအား သူအဆုံးရှုံးမခံနိုင်ပေ။

သူ တုံ့ဆိုင်းခြင်းမရှိဘဲနဲ့ အရောင်းဝန်ထမ်းမိန်းမ၏မျက်နှာအား ရိုက်ကာ ကြိမ်းမောင်းလိုက်သည်။

"ဒီမှာဘာလို့ရပ်နေသေးတာလဲ! အလုပ်ကို ဘယ်လိုလုပ်နေတာလဲ! ငါမင်းကို မသင်ထားပေးလို့လား! ဘယ်လိုတောင်ရိုင်းစိုင်းလိုက်လဲဆိုတာ! ကိုလူချောကို မြန်မြန်တောင်းပန်လိုက်စမ်း!"

အရောင်းဝန်ထမ်းမိန်းမသည် အရိုက်ခံလိုက်ရပြီးကတည်းက မျက်ရည်များစီးကျလာသည်။ သူမ လက်မခံလျှင် အလုပ်ပြုတ်မည်ကို ကြောက်နေသည်။ သူမ၏မျက်နှာအား ဖုံးလျက် ရွှီဖန်းအား ထစ်ငေါ့စွာ တောင်းပန်လာသည်။

"အရင်ဆုံး လူကြီးမင်းကို ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်...."

ရွှီဖန်းသည် နှာမှုတ်လျက် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"မှတ်ထားပါ...နောင်ကျရင် လူတွေကို မင်းရဲ့ခွေးမျက်လုံးတွေနဲ့ အထင်သေးသလိုမကြည့်နဲ့! ငါ ဒီကိစ္စကို သင်ခဲ့ပေးလို့ အနာဂါတ်မှာ မင်းငါ့ကို ကျေးဇူးတင်ရလိမ့်မယ်"

"ပြီးတော့ တောင်သူလယ်သမားတွေအပေါ်မှာလည်း အထင်မသေးနဲ့...သူတို့က မင်းထက်တော့ မဆိုးရွားဘူး၊ တောင်သူလယ်သမားတွေမရှိရင် မင်း ငတ်သေတာ ကြာလှရှိပြီ၊ နားလည်လား"

အရောင်းဝန်ထမ်းမိန်းမက ခေါင်းကိုညိတ်လျက်...

"ဟုတ်ကဲ့...ကျွန်မ နားလည်ပါပြီ"

ရွှီဖန်းသည် ကောင်တာပေါ်မှ ပိုက်ဆံများကို ထိုးပြလျက်...

"အဲ့ဒီငွေပမာဏနဲ့ဝယ်နိုင်သမျှ ရတဲ့ဖုန်းတွေကို ငါ့အတွက် အကုန် ထုတ်ပိုးပေးပါ"

All Chapters