ချိုးဆုအာ၏ အထင်လွဲမှု
Vol. 3 Ch. 40
ရက်အနည်းငယ်အကြာမှာ ချန်းကျင်းရှန်တို့သားအဖသည် ရွှီဖန်းဘက်မှ စတောင်းစရာမလိုဘဲ ယွမ်၁သိန်းကို နာနာခံခံဖြင့် လာပေးသွားသည်။
အကြွေးမပေးပါက ကိစ္စတွေပိုဆိုးသွားကာ သူတို့အပေါ် များစွာ သက်ရောက်လာမည်ကို သတိထားနေခဲ့ကြသည်။ ဒါကြောင့် အချိန်ထပ်မဖြုန်းတော့ဘဲ ရွှီဖန်းအား ရိုးရိုးသားသား ပေးလာကြသည်။
ရက်ပိုင်းအတွင်း ရွှီဖန်း သစ်သီးရောင်းချထားရာမှ ရထားသည့် အမြတ်ငွေနှင့် ဤယွမ်၁သိန်းအား ပေါင်းလိုက်ပါက ရွှီဖန်းအတွက် နည်းလမ်း ရှာတွေ့လေပြီ။
ဒီရက်ပိုင်းအတွင်းမှာ မက်မွန်သီး လိုက်ပို့ရင်းဖြင့် ခရိုင်မြို့တော်မှာ သင့်လျော်မည့်နေရာကို သူလိုက်ရှာခဲ့ရာ သစ်သီးရောင်းချသည့် အဆောက်အအုံမျက်နှာစာတစ်ခုကို အမြန် ရှာတွေ့ခဲ့သည်။
ဤသစ်သီးဆိုင်မှာ ဈေးရောင်းမကောင်းတာကြောင့် အရှုံးပေါ်နေလေသည်။ သို့သော်ငြား ပိုင်ရှင်ဖြစ်သူ ပြင်ဆင်ထားသည့် ဆိုင်ခန်း အပြင်အဆင်နှင့် ပစ္စည်းများမှာ ရွှီဖန်းအား စိတ်ကျေနပ်စေသည်။
ဒီလို အဆင်သင့်ပြုလုပ်ထားသည့် ဆိုင်ခန်းကို ဝယ်ယူခြင်းက သူ့အား ဒုက္ခများစွာ လျော့စေလိမ့်မည်။ ဒါ့အပြင် ပိုင်ရှင်က အမြန် ရွှေ့ပြောင်းချင်နေတာကြောင့် ယွမ်၁သိန်းငါးသောင်းဖြင့် ပြန်ရောင်းချပေးလာသည်။
ဆိုင်အပြင်အဆင်က ပြီးစီးပြီးသားဖြစ်တာကြောင့် သူ့ရဲ့သစ်သီးဆိုင်ကို တရားဝင်မဖွင့်ခင်မှာ လိုင်စင်ကျလာတာကို စောင့်ရန်သာ ကျန်ရှိတော့သည်။
ဒီရက်ထဲမှာ သူ့ဆိုင်စီးပွားရေးကို စီမံပေးရန်အတွက် မြစ်အောက်ပိုင်းရွာမှ အလုပ်သမားတချို့ကို ရှာဖွေခဲ့သေးသည်။
ဆိုင်အတွက် အလုပ်သမားများစွာ မလိုပေ။ သစ်သီးတွေကို ရွှေ့ဖို့ရန်နှင့် မပုတ်မသိုးအောင် ထိန်းသိမ်းရန်အတွက်သာ တာဝန်ကျေဖို့ လိုတာကြောင့် လူအနည်းငယ်က လုံလောက်လေသည်။
ဒီလိုအလုပ်နေရာက ပညာရေးလည်းမလိုအပ်သလို အလုပ်အတွေ့အကြုံလည်း မလိုအပ်ချေ။ ဒါကြောင့် ထိုနေရာအတွက် အလုပ်သမားရွေးရာမှာ များစွာ အားမကုန်ခဲ့ပေ။
ဝူယွီရွှမ်းမှ တစ်လကို ယွမ်၃၀၀၀ပေးမည်ဟု ကြေညာပေးခဲ့တာကြောင့် မကြာခင်မှာ လူများစွာ လာလျှောက်ကြတော့သည်။
အိမ်ကြက်များနှင့် ခြံထွက်ပစ္စည်းများအား ယူ၍ လာလျှောက်ကြသူများတောင်ရှိသည်။ သူတို့က ဒီလက်ဆောင်မှတဆင့် အလုပ်ရရန် မျှော်လင့်နေကြသည်။
ရွှီဖန်းသည် ထိုလူတွေထဲကမှ သူသဘောကြသည့် လူအနည်းငယ်ကို ရွေးကာ အိမ်ပြန်နားရန် ပြောခဲ့သည်။
နောက်ထပ် လိုအပ်သည်က ဆိုင်မန်နေဂျာ ရာထူးပင်။
သာမာန်အလုပ်သမားများနှင့် ယှဥ်လျှင် မန်နေဂျာခန့်ရာ၌ လိုအပ်ချက်များက မြင့်မားသည်။ အရေးကြီးဆုံးကတော့ သူ ယုံကြည်ရသူအား ခန့်ထားရန်ပင်။
ရှို့ရှို့ကလည်း သူ့ကို ကူညီပေးနိုင်သည်။ ပြောရရင် သူ့ညီမအရင်းဖြစ်သည့်အပြင် အတွက်အချက်တော်တာကြောင့် သူ့ကို ကူညီပေးရန်အတွက် မခက်ခဲချေ။
သို့သော်ငြား ညီမလေးက မကြာခင်မှာ တက္ကသိုလ်တက်ရတော့မည်ဖြစ်တာကြောင့် ဒီမှာ အချိန်ခဏသာ ကူညီနိုင်လိမ့်မည်။
ခဏတာတွေးတောပြီးနောက်မှာ သင့်လျော်သည့်လူအား သူသတိရသွားတော့သည်။
ညစာစားပြီးနောက် ချိုးဆုအာ အိမ်သို့ သူထွက်လာခဲ့သည်။
ချိုးဆုအာသာ သူ့အသီးဆိုင်ကို မန်နေဂျာအဖြစ် စီမံပေးမည်ဆိုလျှင် သူ့အတွက် အခက်အခဲများစွာ လျော့သွားလိမ့်မည်။
ချိုးဆုအာနှင့် အချိန်သိပ်မဖြုန်းဖူးသော်ငြား သူမအပေါ်၌ သူကောင်းမွန်သော ခံစားချက်ရှိသည်။ အနည်းဆုံးတော့ သူမထံ၌ မကောင်းသော ရည်ရွယ်ချက်များ မရှိပေ။
ဒါတင်မကပေ။ ယေဘုယျအားဖြင့် မြစ်အောက်ပိုင်းရွာ၏ နိမ့်ကျသော ပညာရေးနှင့် ယှဥ်လျှင် အထက်တန်းထိ တက်ခဲ့ဖူးသူ ချိုးဆုအာသည် အတတ်ပညာများစွာ သင်ယူခဲ့ရသူဖြစ်သည်။
"အစ်မဆုအာ အိမ်မှာ ရှိလားဗျ"
လျှင်မြန်စွာပင် ချိုးဆုအာ အိမ်သို့ ရွှီဖန်း ရောက်ရှိသွားခဲ့သည်။ သူတံခါးကို ခေါက်လိုက်မှသာ သော့မခတ်ထားမှန်း သိရသည်။ ကျွီကနဲ မြည်သံနှင့်အတူ တံခါးက ပွင့်သွားတော့သည်။
"ဟမ်"
ချိုးဆုအာပဲ တံခါးသော့ခတ်ဖို့ မေ့ခဲ့တာလား ဒါမှမဟုတ် အိမ်ထဲပဲ သူခိုးဝင်နေတာလား မသိပေ။ ရွှီဖန်း မျက်မှောင်ကြုတ်ကာ တံခါးတွန်းဖွင့်၍ အထဲဝင်သွားလိုက်သည်။
ချိုးဆုအာ၏အိမ်လေးက ရိုးရှင်းကာ အကြမ်းထည်
ဆန်နေသည်။ ဧည့်ခန်းထဲ၌ သုံးလို့မရတော့သည့် အဖြူအမည်း တီဗီအား ထားထားသည်။
သို့သော်ငြား ချိုးဆုအာ၏ ဂရုတစိုက်ရှိမှုကြောင့် အိမ်က သပ်ရပ်ကာ သူ့နေရာနှင့်သူ အစီအစဥ်တကျ ရှိနေသည်။
"အစ်မဆုအာ အိမ်ထဲမှာလား"
ရွှီဖန်းမှာ ပတ်ပတ်လည်ကို ကြည့်လိုက်သော်ငြား ချိုးဆုအာ၏ ခြေရာကိုတောင် ရှာမတွေ့ပေ။ ဒါကြောင့် သူ ထပ်မေးလိုက်သည်။
"ဘယ်သူ အပြင်က ဘယ်သူလဲ!"
ထိုအခိုက်အတန့်မှာ အိမ်အတွင်းပိုင်းမှ ချိုးဆုအာ၏ အသံကထွက်လာသည်။
သူမအသံ၌ ထိတ်လန့်နေမှုများ ပါနေသော်လည်း ရွှီဖန်းက သတိမထားမိပေ။ သူကြားသည်နှင့် အိမ်အတွင်းပိုင်းကို လျှောက်သွားလိုက်သည်။
"အစ်မဆုအာ ကျွန်တော် ရွှီဖန်းပါ"
"အာ ရွှီ ရွှီဖန်းလား...အရင်ဆုံး မင်း အစ်မအနားကို မလာနဲ့ဦး"
ချိုးဆုအာ၏ အသံကိုကြားသည့်အခါ ရွှီဖန်း ဇဝေဇဝါဖြစ်သည်။ သို့သော်ငြား သန့်စင်ခန်း၏ တံခါးနားရောက်သည့်အခါ သူမ၏ရင်ဘက်အား ကိုင်ထားသည့် လှပသောပုံရိပ်လေးအား မှန်ပြတင်းပေါက်၌ ရောင်ပြန်ဟပ်နေတာကို မြင်လိုက်ရသည်။
"အဟွတ် အဟွတ်! အစ်မဆုအာ...ကျွန်တော် ဧည့်ခန်းပြန်ပြီး စောင့်နေမယ်"
ချိုးဆုအာ ပျာယာခတ်နေတာကို မအံ့သြတော့ပေ။ သူမက ရေချိုးနေခဲ့တာ ဖြစ်သည်။ ရွှီဖန်းမှာ သူ့နှာခေါင်းအား နေရခက်စွာ ပွတ်၍ ဧည့်ခန်းရှိရာသို့ ပြန်လှည့်ထွက်လာခဲ့သည်။
တခြားလူသာဆိုရင် ချိုးဆုအာ ကံဆိုးလောက်သည်။
အပြင်မှာ ယောကျ်ားသားရှိနေတာကြောင့် ချိုးဆုအာ ရေဆက်ချိုးရန် စိတ်မပါတော့ပေ။ သူမ ခန္ဓာကိုယ်အား သုတ်ကာ အဝတ်လဲ၍ ထွက်လာခဲ့သည်။
သူမ၏စိုစွတ်နေသော ဆံပင်အောက်၌ သူမမျက်နှာလေးက နီမြန်းနေသည်။ သိသာစွာပင် မိန်းကလေးတစ်ယောက်အနေဖြင့် ဒီလိုအချိန်မှာ ယောကျ်ားတစ်ယောက် ဝင်လာသည့်အတွက် ကြောက်သွားခဲ့ရသည်။
"အာ...အစ်မဆုအာ တံခါးက သေချာမပိတ်ထားလို့ထင်တယ် ကျွန်တော် နည်းနည်းခေါက်လိုက်တာနဲ့ ပွင့်သွားတော့တာပဲ၊ အဲ့ဒါနဲ့ အစ်မအိမ်ကို သူခိုးဝင်နေတယ်ထင်ပြီး စိတ်ပူသွားတာနဲ့ အထဲဝင်ကြည့်လိုက်တာပါ"
"ဪ ဪ ဒါက ဒီလိုကို"
ချိုးဆုအာ သက်ပြင်းကြီးစွာ ချမိကာ သူမကိုယ်သူမ တွေးလိုက်သည်။
*အချိန်မီ ငါကြားလိုက်မိလို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် ရွှီဖန်းသာ သန့်စင်ခန်းထဲ ပြေးဝင်လာလို့ ငါ့ရဲ့ကိုယ်လုံးတီးကို မြင်သွားရင် ရှက်စရာပဲ*
"ရွှီဖန်း အခု အခုက ညလယ်အချိန်ကြီးလေ၊ ဒီကို ဘာလာလုပ်တာလဲဟင်၊ ဒီမှာ ဘာလုပ်စရာရှိလို့လဲ"
သို့သော်ငြား နေရခက်မှုက မပျောက်သွားသေးပေ။ အခုအချိန်က ညရှစ်နာရီ ကိုးနာရီလောက် ရှိနေလေပြီ။ ယောကျ်ားလေးတစ်ယောက်က ဒီအချိန်ကြီး ဘာလာလုပ်တာလဲ။ ရှုချိုးယာမှာ စိတ်မသက်မသာ ခံစားနေရတုန်းပင်။
ရွှီဖန်းက ပြုံးလာသည်။ သူက ချိုးဆုအာ၏ နေရခက်နေမှုအား သတိမထားမိပေ။
"အစ်မဆုအာ...ကျွန်တော် ဒီကိုလာတာ အစ်မငွေရှာဖို့ အခွင့်အရေးပေးမလို့"
"အာ...ငွေ ငွေရှာတယ်လား"
ချိုးဆုအာ အနောက်ဆုတ်လိုက်မိသည်။ သူမ အစကတည်းက စိတ်ပျံ့လွင့်နေခဲ့တာကြောင့် ထိုစကားကိုကြားသည့်အခါ သူမအတွေးများ အရိုင်းဆန်သွားရတာကို မထိန်းလိုက်နိုင်ပေ။
သူမ၏အလှကြောင့် သူမအား ပိုက်ဆံရှာခွင့်ပေးချင်တယ်ဆိုသည့် လူများနှင့် ခဏခဏဆုံခဲ့ရသည်။
ပိုက်ဆံရှာနိုင်မည်ဆိုသည့် စကားက လှသော်ငြား တစ်ကယ်တမ်းတွင်တော့ ကောင်းသည့်အရာမဟုတ်ပေ။ သူမအား သူတို့၏ အပျော်မယား လုပ်ခိုင်းသည့် သဘောပင်။
ရှုချိုးယာက အရှက်သိက္ခာကို သိသည့် အမျိုးသမီးပင်။ သူမ ရွှီဖန်းအား ကြည့်မိသည့်အခါ အနည်းငယ်စိတ်ပျက်သွားရသည်။
လူတွေကပြောလေ့ရှိသည်...ယောကျ်ားတွေက ချမ်းသာလာရင် ဆိုးတယ်တဲ့...
ရွှီဖန်းကပါ ထိုကဲ့သို့သော လူမျိုးဖြစ်နေမည်ဟု သူမ မထင်ထားခဲ့ပေ။
"ရွှီဖန်း မေ့လိုက်ပါ၊ အစ်မ မင်းပိုက်ဆံတွေကို မရှာချင်ဘူး"
"ဟမ်"
ချိုးဆုအာ၏စကားထဲ၌ ယမ်းမှုန့်များ ပါဝင်နေသကဲ့သို့ ရွှီဖန်းခံစားရကာ သူဇဝေဇဝါ ဖြစ်သွားရသည်။
"အာ...အစ်မဆုအာ ပိုက်ဆံနည်းနေမယ်ထင်လို့လား၊ ကျွန်တော်တို့ ဒီကိစ္စကို ခဏနေပြီးရင် ဆွေးနွေးကြမှာပါ...ဒီလောက်မြန်မြန်ကြီး မငြင်းပါနဲ့လား"
သူ့သစ်သီးဆိုင်က ဖွင့်တော့မှာ ဖြစ်လို့ တစ်ယောက်ယောက်ကို ငှားဖို့ အမြန်လိုအပ်နေသည်။ ဒါကြောင့် သူ ချိုးဆုအာကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြခဲ့သည်။
သို့သော်ငြား ချိုးဆုအာ၏ မျက်လုံးထဲမှာတော့ အရှက်မရှိသကဲ့သို့ ဖြစ်သွားရသည်။
လက်ရှိအချင်းအရာက ဒီနှစ်တွေထဲမှာ သူမခံစားခဲ့ရသည့် အရှက်တကွဲဖြစ်ရမှုများကို ပြန်အမှတ်ရစေသည်။ သူမက အမျိုးသမီးဖြစ်သော်လည်း ဘယ်သူကိုမှ မမှီခိုဘဲ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ ဘာလို့ သူမကို သူတို့တွေက အထင်လွဲနေကြတာလဲ။
ထိုအခိုက်အတန့်မှာ သူမ၏ မျက်ရည်များ လျှံတက်လာတော့သည်။
သူမ အံကိုကြိတ်ကာ ရွှီဖန်းအား ပြတ်သားစွာ ကြည့်လိုက်သည်။ ထို့နောက် ရှိုက်သံဖြင့်..
"ရွှီဖန်း ဒါက ပိုက်ဆံကိစ္စမဟုတ်ဘူး၊ အစ်မက မင်းထင်နေသလို မိန်းမမျိုးမဟုတ်ဘူး၊ ထွက်သွားပါတော့...နောင့်နောင်မှာလည်း မင်းမှာ ဒီလိုစိတ်ကူးမျိုး မရှိတော့ဖို့ မျှော်လင့်တယ်"
"အာ...အစ်မဆုအာ ကျွန်တော် ခေါင်းပါမူးသွားရပြီ၊ ကျွန်တော် အစ်မကို ဘာများမှားတာလုပ်မိလို့လဲ"
ရွှီဖန်းမှာ အပြစ်ကင်းသည့်မျက်နှာဖြင့် မျက်တောင်ခတ်မိသည်။ သူ ဘာလုပ်ခဲ့မိလို့လဲ။
"ကျွန်တော့်သစ်သီးဆိုင်လေးကို ဂရုစိုက်ပေးဖို့ အစ်မကို အကူအညီတောင်းချင်ခဲ့ရုံပါ"
********************