← Chapters

သန့်ရှင်းအောင်နေပါ

Vol. 3 Ch. 39

သန့်ရှင်းအောင်နေပါ

Vol. 3 Ch. 39

"မင်းတို့ ဘာလုပ်နေတာလဲ"

တစ်ခုခုမှားနေပြီမှန်း အာရုံခံမိတာကြောင့် ထိုနေရာသို့ ပြေးသွားလိုက်သည်။ လူရမ်းကားအနည်းငယ်က ထိတ်လန့်သွားကြသော်ငြား ရွှီဖန်းကို မြင်လည်းမြင်ပြီးရော စတင်ရယ်မောလာကြသည်။

"ဟဟ! ကောင်မလေး မင်းက ဘာလို့ ဒီလိုအားနည်းပြီးအသုံးမကျတဲ့ချစ်သူကို ရှာထားတာလဲ"

"ကျစ်! ကျစ်! ဒီကောင်က တောကလာတာပဲ ဖြစ်ရမယ်၊ ရှေးဆိုရိုးစကားအတိုင်း ပန်းတွေက နွားချေးပုံမှာပဲ ကပ်ကြတယ်တဲ့"

ရွှီဖန်း မျက်မှောင်ကြုတ်လျက် ရှုချိုးယာအား ရှုပ်ထွေးမှုအနည်းငယ်ဖြင့် ကြည့်လိုက်သည်။

"ချိုးယာ ဘာတွေဖြစ်နေတာလဲ"

ဒီလူရမ်းကားတွေကို နှိမ်နင်းရန် သုံးခဲ့သော ရှုချိုးယာ၏စကားများက ရွှီဖန်းအား သူမ၏ချစ်သူဟု အထင်မှားစေခဲ့တာကို သူ မသိထားပေ။

သူမကို ရွှီဖန်းကူညီစေရန်အတွက် စကားအမှားတွေ ပြောခဲ့သော်ငြား ဆေးခန်းမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် သူမ သူ့အား လျစ်လျူရှုကာ စိတ်ဆိုးသကဲ့သို့ ဟန်ဆောင်နေတုန်းပင်။

"တောသား မင်း လူစကားနားမလည်တာလား၊ မင်းက ဒီမိန်းကလေးနဲ့ မထိုက်တန်ဘူးလို့ ငါပြောနေတယ်၊ မြန်မြန်ထွက်သွားလိုက်...နားလည်လား"

ထိုအချိန် လူရမ်းကားအုပ်စု၏ ခေါင်းဆောင်လုပ်သူက ရွှီဖန်းအား လှောင်ပြောင်လာသည်။

"ဟမ်! မြန်မြန်လစ်ပြီး ကောင်မလေးအချိန်တွေကို လာဖြုန်းမနေနဲ့ ... နားလည်တယ်နော်"

တစ်ဖက်လူ၏စကားများကို ကြားသည့်အခါ ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။

အခြေအနေကို နားမလည်သော်လည်း ဒီလူအုပ်စုက ခရိုင်မြို့တော်မှ တေလေဂျပိုးအုပ်စုဆိုတာ သိသာလှသည်။ သူတို့က ရှုချိုးယာကို တွေ့ရုံနှင့် တဏှာလာထနေကြသည်။

"မင်းရဲ့ပါးစပ်က နံဟောင်နေတယ်လို့ မထင်ဘူးလား"

ပြောပြီးသည်နှင့် ရွှီဖန်းတစ်ယောက် သူ့လက်တွေကို ဆန့်ထုတ်ကာ တစ်ဖက်လူ၏ ပါးအား ဆော်လိုက်သည်။

ကောင်းကင်ဘုံစွမ်းအားအဆောင်ကို မသုံးထားသော်ငြား ကောင်းကင်ဖြိုခွဲ လက်သီး၏ အနှစ်သာရများ ပါဝင်နေသော ဒီလက်ဝါးရိုက်ချက်က အလွန်စွမ်းအားကြီးနေတုန်းပင်။

ကျယ်လောင်သည့်အသံနှင့်အတူ ထောင်လွှားနေခဲ့သည့်အကောင်မှာ ရွှီဖန်းရိုက်ချက်ဖြင့် ပျံထွက်သွားတော့သည်။

ကျန်သည့်အပေါင်းအသင်းများက ထိုလူအား ထလို့ရအောင် ကူညီပေးခဲ့ကာ ရွှီဖန်းအား ဒေါသအပြည့်ဖြင့် စိုက်ကြည့်လာကြသည်။

"ဖာ့ခ်! မင်းကများ ပြန်တိုက်ခိုက်သေးရဲတယ်ပေါ့!"

နိုင်လိုမင်းထက်ဆက်ဆံခြင်းများကို ကျင့်သားရနေပြီးသား ဖြစ်တာကြောင့် ထိုလူများက ရွှီဖန်းရှိရာကို ပြေးဝင်လာကြသည်။ အနည်းငယ် သုန်မှုန်နေသည့် ရှုချိုးယာမှာ ထိုမြင်ကွင်းကြောင့် အော်ဟစ်လာသည်။

ရွှီဖန်းအား ထိုလူများ အနိုင်ကျင့်မှာကို သူမ မမြင်ချင်ပေ။

သို့သော်ငြား နောက်စက္ကန့်မှာတင် သူမမျက်လုံးထဲမှ ကြောက်ရွံ့မှုများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ရွှီဖန်း၏စွမ်းရည်က သူမမျှော်လင့်ထားခဲ့သည်ထက် သာလွန်နေသည်။

ရှုချိုးယာသည် လူရမ်းကားအုပ်စုအား ရိုက်နှက်နေသည့် ရွှီဖန်းအား ကြည့်ကာ ကြောင်အနေမိသည်။

"အဲ့ဒီလူတွေ....ဘယ်လိုလုပ်ပြီး သူက ကိုယ်ခံပညာကို တတ်နေတာလဲ"

မတိုင်ခင်က ရွှီဖန်း တိုက်ခိုက်တာကို မမြင်ဖူးခဲ့သည့် ရှုချိုးယာမှာ လက်သီးတစ်လုံးဖြင့် လူရမ်းကားများအား အလဲထိုးနေသည့် သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ သူမနှလုံးသားထဲ၌ ထူးဆန်းသည့် ခံစားချက်ကြီးကလည်း ပေါ်ထွက်လာသည်။

သူမ၏နှုတ်ခမ်းထောင့်မှာ အပြုံးခပ်ရေးရေးပေါ်လာလေသည်။ ဟမ့်! ဒီလူ တော်တော်ကြည့်ကောင်းနေပါလား!

မကြာလိုက်၊ လူရမ်းကားအုပ်စုများက မြေကြီးပေါ် အကုန်လဲကျကုန်ကြသည်။ ရွှီဖန်းက သူတို့၏ ခြေထောက်များအား ကန်ထုတ်လိုက်တာကြောင့် အော်ညည်းသံများနှင့်အတူ အဝေးကို လွင့်ထွက်ကုန်ကြသည်။

ကောင်းကင်ဖြိုခွဲလက်သီးအား သူလေ့ကျင့်ခဲ့ပြီးနောက် ဘယ်သူ့ပေါ်မှာမှ မစမ်းရသေးပေ။ ဒီကောင်တွေက သူ့အိမ်ရှေ့ကို ကိုယ်တိုင်ရောက်ချလာမှတော့ သူတို့အတွက် ကံဆိုးသွားတာပင်။

"ဟမ့်! မြွေစိမ်းဂိုဏ်းရဲ့ လူတွေကို ရန်စရင် ကောင်းမွန်တဲ့အဆုံးသတ် မရှိဘူး!"

လူရမ်းကားတစ်အုပ်သည် မြေကြီးပေါ်မှ ထကာ ရွှီဖန်းအား မုန်းတီးစွာ ကြည့်လျက် ခြေရာတောင်မချန်ဘဲ ထွက်ပြေးသွားကြသည်။

"မြွေစိမ်းဂိုဏ်း"

ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ ခရိုင်မြို့တော်မှာ သူကောင်းကောင်းသိတာဆိုလို့ ဝမ်မာဇီပဲ ရှိကာ မြွေစိမ်းဂိုဏ်းနှင့်ပတ်သက်၍ သူ့မှာ ထင်မြင်ချက်များများ မရှိပေ။

ရွှီဖန်းခေါင်းခါရမ်းကာ အများကြီး မတွေးတော့ပေ။ သူ ရှုချိုးယာဆီ လျှောက်သွားကာ မေးလိုက်သည်။

"ချိုးယာ အဆင်ပြေရဲ့လား"

ရှုချိုးယာက ပါးများဖောင်းကာ လေမှုတ်ထုတ်လာသည်။

"ဟမ့်! သူရဲကောင်းကြီးကိုပဲ ကျေးဇူးတင်ရမှာပဲ...ကျွန်မ အဆင်ပြေပါတယ်...ကျေနပ်ပြီလား"

"ဆေးဆိုင်မှာ ဝယ်ခဲ့တဲ့ ဟာတွေရော ဘယ်မှာလဲ၊ မြန်မြန် ကျွန်မကိုပေးပါ"

ပြောပြီးသည်နှင့် သူမ၏လက်များကို ဝှေ့ယမ်းကာ ရွှီဖန်းဝယ်လာသည့် ထီးများအား သိမ်းယူဖို့ လက်

ဖြန့်လာလေသည်။

ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်စွာဖြင့် ခေါင်းခါရမ်းမိသည်။ ကံကောင်းစွာဖြင့် သူတစ်ခုကိုသာ အပြင်ထုတ်ထားပြီး ကျန်တာတွေကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားသည်။ 

သူ ရှုချိုးယာထံသို့ ထိုတစ်ခုကို ပေးလိုက်သည်။

"ရွှီဖန်း...ဒီတစ်ခါတော့ ဗွေမယူတော့ဘူး၊ နောက်တစ်ခါ ဒီလိုအလုပ်တွေ ထပ်လုပ်ဖို့မစဥ်းစားနဲ့...နားလည်လား"

ရှုချိုးယာသည် သူမအိတ်ထဲ၌ ထိုထီးလေးအား ထည့်လိုက်သည်။

"ရှင်သိရမှာက ဘာကိုမှ ဂရုမထားတဲ့ မိန်းမတွေနဲ့ မရှုပ်ဘဲ သန့်ရှင်းအောင်နေပါ...ရှင် ရောဂါရသွားရင် ဘယ်လိုလုပ်မလဲ"

"ရှင်သုံးချင်ရင်တောင်မှ ရှင့်ဘေးနားမှာ မိန်းမကောင်းလေးတွေ မရှိတာမှ မဟုတ်တာ...မေ့လိုက်တော့"

ရှုချိုးယာက စကားဆက်ပြောနေရင်းမှ ရွှီဖန်း သူမအား စိုက်ကြည့်နေသည်ကို သတိထားမိသွားကာ ရှက်ရွံ့သွားတော့သည်။ ပြီးမှသာ သူမစကားများက ဒွိဟဖြစ်စရာကောင်းနေမှန်း သိတော့သည်။

"ဟေး! ရှင့်ပေါက်ကရတွေ လိုက်စိတ်ကူးမနေနဲ့၊ ကျွန်မ ကျွန်မက ရှင့်ကို ဘာမှမစဥ်းစားဘဲ လုပ်မိမှာစိုးလို့၊ ဟိုလိုဆိုလိုတာမဟုတ်..."

ရှုချိုးယာက အပြစ်ရှိသောစိတ်ဖြင့် မြန်မြန် ရှင်းပြလာသည်။ ရွှီဖန်း ပြုံးလိုက်ကာ...

"ဟုတ်ပါပြီ ရှင်းပြစရာမလိုပါဘူး၊ ဒီပစ္စည်းကို သိမ်းထားလိုက်ပါ၊ နောင့်နောင် ကျွန်တော် သုံးချင်လာရင် ဆရာမရှုကို အရင်စဥ်းစားပါ့မယ်...ဟုတ်ပြီလား"

"ချီးကို စဥ်းစားပါလား!"

နှစ်ယောက်သား အချိန်တစ်ခုကြာ စနောက်ပြောဆိုကြပြီးနောက် မတိုင်ခင်ကလို နေရမခက်တော့ပေ။

ရွှီဖန်းသည် ရှုချိုးယာအား တင်၍ မြစ်အောက်ပိုင်းရွာကို သုံးဘီးဖြင့် ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်သည်နှင့် သိုလှောင်လက်စွပ်ထဲမှ ထီးတချို့ကို ထုတ်ယူလိုက်သည်။

သူ့ဖုန်းကိုလည်း ထိုက်ပိုင်ကျင့်စစ်က အဆင့်မြှင့်ပေးထားတာကြောင့် အတွေးနှင့်တင် ထီးလေးများက စာအိတ်နီအဖြစ် ပြောင်းသွားကာ အာ့လန်ရှန်းဆီကို ပို့ပေးလိုက်သည်။

နည်းနည်းရှင်းပြလိုက်ရုံဖြင့် အာ့လန်ရှန်းက ပစ္စည်းအသုံးပြုပုံကို နားလည်သွားခဲ့သည်။ သူ အလွန်ပျော်ရွှင်သွားတာကြောင့် ရွှီဖန်းအိမ်၏ အနောက်တောင်သို့

မြေကြီးများအား ပို့ဆောင်ပေးခဲ့သည်။ 

ရွှီဖန်း အနောက်တောင်ကို ရောက်သည့်အခါ လူ့လောကနှင့် ကောင်းကင်ဘုံကြားက ဥမင်ထဲမှ သူ၏ ကောင်းကင်ဘုံမြေသြဇာများ သွန်ကျလာသည်ကို တွေ့လိုက်ရ၍ သူစပ်ဖြဲဖြဲလိုက်မိသည်။ 

အာ့လန်ရှန်းက တစ်ကယ်ကို လုံလုံလောက်လောက် ပို့ပေးလာခဲ့သည်။

အခုသွန်ကျလာသည့် ကောင်းကင်ဘုံမြေသြဇာပမာဏဖြင့်သာဆိုလျှင် ဥယျာဥ်ခြံထဲမှ သစ်သီးပင်များအတွက် လုံလောက်ရုံသာမကဘဲ နောက်ထပ်လုပ်ငန်းအတွက်ပါ လုံလောက်လေသည်။

အချိန်က စောသေးတာကြောင့် ရွှီဖန်းလည်း ဥယျာဥ်ခြံထဲ၌ အလုပ်များနေခဲ့သည်။

ကြီးထွားမှုနှုန်းကို တိုးမြှင့်ရန်အတွက် သစ်သီးပင်များအပေါ်မှာ ကောင်းကင်ဘုံမြေသြဇာများ လိုက်ဖြန့်ခဲ့သည်။

အားလုံးလုပ်ပြီးသည့်အချိန် ကောင်းကင်ကြီးလည်း မှောင်နေလေပြီ။ ကျန်နေသော ကောင်းကင်ဘုံမြေသြဇာများအား သိုလှောင်လက်စွပ်ထဲထည့်သိမ်းကာ ရွှီဖန်း သက်ပြင်းကြီးစွာ ချမိသည်။

အခုဆိုလျှင် သူ့ဥယျာဥ်ခြံလေးလည်း ပြီးပြည့်စုံသွားလေပြီ။ အသစ်စိုက်ပျိုးထားသည့် အပင်လေးများက ကောင်းကင်ဘုံမြေသြဇာကြောင့် အချိန်တိုအတွင်းမှာ ကြီးထွားလာကြလိမ့်မည်။

အခု စဥ်းစားဖို့လိုနေတာက ဒီကောင်ကင်ဘုံသစ်သီးတွေရဲ့ ရောင်းအားကို ဘယ်လိုတိုးမြှင့်ရမလဲဆိုသည့် အကြောင်းကိုပင်။

ယခင်က မက်မွန်သီးများအား သူ့သုံးဘီးဆိုင်ကယ်လေးဖြင့် သူကိုယ်တိုင်လိုက်ပို့နိုင်ခဲ့သည်။

သို့သော်ငြား အခုဆိုလျှင် သူ့ဆီမှာ ခြံတစ်ခုလုံးစာအပင်များရှိနေလေပြီ။ ရွှီဖန်း ဂရုတစိုက် တွေးတောမိသည်။ ခရိုင်မြို့တော်မှာ သစ်သီးဆိုင်တစ်ဆိုင် ဖွင့်ဖို့ အချိန်ရောက်ပြီဟု သူထင်သည်။

ကောင်းကင်ဘုံမြေသြဇာဖြင့် စိုက်ပျိုးထားသော သစ်သီးအပေါ် ရွှီဖန်းက လုံးဝယုံကြည်ချက် ရှိသည်။ သူဆိုင်ဖွင့်လိုက်ပြီဆိုတာနဲ့ အချိန်တိုအတွင်းမှာ ခရိုင်မြို့တော်၌ သစ်သီးဈေးကွက်ကို ခိုင်ခိုင်မာမာ ခြေကုပ်ယူထားနိုင်လိမ့်မည်။

ဒါတင်မက အွန်လိုင်းမှ ရောင်းချခြင်းကို သူစမ်းကြည့်လို့ ရနိုင်သည်။ ဥယျာဥ်ခြံ အကြီးကြီးပိုင်ဆိုင်ထားသည့် ရွှီဖန်းအနေဖြင့် ဒီလို မြို့သေးသေးလေးမှာပဲ ရောင်းနေရခြင်းကို ကျေနပ်နေလို့ မဖြစ်ပေ။

ကုန်ကျစရိတ်အတွက်တော့ သူလုံးဝ မစိုးရိမ်ပေ။ 

ချန်ကျင်းရှန်၏ ငွေပေးချေရန်စာချုပ်အား အသုံးပြုဖို့ အချိန် ရောက်လာလေပြီ။

************************

All Chapters