အကြိုတွေ့ဆုံပွဲ
Vol. 4 Ch. 46
"အစ်မရှောင်း မြစ်အောက်ပိုင်းရွာကိုတော့ တစ်ခါမှမကြားဖူးပေမယ့် ဝမ်မာဇီလို့ ခေါ်တဲ့လူကတော့ အဲ့ဒီမှာရှိတယ်...သူက နည်းနည်းတော့ရက်စက်ကြမ်းကြုတ်တယ်"
ရှောင်းချောင်မှ မြစ်အောက်ပိုင်းရွာ၏အခြေအနေကြောင်း မေးမြန်းလာသည့်အခါ ဘေးမှာ ရပ်နေသည့် ကာကွယ်စောင့်ရှောက်သူ အားလုံသည် ဂရုတစိုက်တွေးပြီးနောက် ပြောပြလိုက်သည်။
သူသိသည့်လူဆိုလို့ ချန်မာဇီသာ ရှိသည်။
ချန်မာဇီသည် ရက်စက်ကြမ်းကြုတ်သောလူဖြစ်သော်လည်း အရေးကြီးပုဂ္ဂိုလ်တော့ မဟုတ်ချေ။ ဒါ့အပြင် သူ့ဆီမှာ ခွန်အားလည်းမရှိတာကြောင့် သူတစ်ယောက်တည်းနဲ့ မြွေစိမ်းဂိုဏ်းမှ လူငါးယောက်ကို ချနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပေ။
"ဟမ်...ကြည့်ရတာ စိတ်ဝင်စားဖို့တော့ကောင်းသား"
ရှောင်းချောင် ခေါင်းညိတ်လိုက်ကာ အရိုက်ခံထားရသည့် ထိုငါးယောက်အား မေးလိုက်သည်။
"မင်းတို့ကို ရိုက်လိုက်တဲ့လူရဲ့နာမည်က ဘာလဲ"
"အာ..ဒါက"
မတိုင်ခင်က ရွှီဖန်းသည် သူ့နာမည်ကို ပြောပြခဲ့သည်။ သူတို့ဂရုတစိုက် ပြန်တွေးတောလိုက်သည့်အခါ ချက်ချင်း မှတ်မိသွားတော့သည်။
"အစ်မရှောင်း သူ့ကို ရွှီဖန်းလို့ ခေါ်တယ်"
"ကောင်းပြီ ထွက်သွားကြတော့"
ထိုနာမည်ကိုကြားပြီးနောက် ရှောင်းချောင်က သူတို့အား ချက်ချင်းနှင်ထုတ်လာသည်။ သူတို့ငါးယောက်
စလုံးမှာ အနည်းငယ် ကသိကအောင့်ခံစားလိုက်ရသည်။
သူတို့က ရှောင်းချောင်နှင့်အတူလိုက်၍ သူတို့၏သိက္ခာကို ပြန်ယူဖို့ တွေးနေခဲ့တာဖြစ်သည်။
သို့သော်ငြား အခုကြည့်ရတာတော့ ရှောင်းချောင်က သူမနှင့်အတူ ခေါ်သွားဖို့ စီစဥ်ထားပုံမပေါ်ပေ။
သူတို့ အနည်းငယ်စိတ်ပျက်သွားရသော်ငြား စိတ်ဓာတ်တော့မကျပေ။ ရှောင်းချောင်က သူတို့ကို အသေးစိတ်မေးမြန်းပြီးပြီဖြစ်လို့ သေချာပေါက် ပညာသွားပြန်ပြလိမ့်မည်။
ပြောရရင် ဒီကိစ္စက မြွေစိမ်းဂိုဏ်း၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။
ငါးယောက်စလုံးထွက်သွားပြီးနောက် လောင်းကြေးသွားယူနေသည့် နောက်ထပ် ကာကွယ်စောင့်ရှောက်သူကလည်း ပြန်ရောက်လာသည်။
"အစ်မရှောင်း အဲ့ဒီကောင်က ဘာလို့ ဒီလောင်းကြေးကိုပဲ ပေးလိုက်တာလဲမသိဘူး၊ ကြည့်ရတာ သူလက်မခံနိုင်သေးတဲ့ပုံပဲ၊ ခဏနေရင် ဒီမှာလာရှုပ်လောက်တယ်"
ရှောင်းချောင်သည် အိတ်ထဲမှငွေတွေကိုကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ချေ။
"သူက ဒီလိုလုပ်ရတာကြိုက်ရင်လည်း ငါတို့က ဘာလို့ သူ့ကိုတားရမှာလဲ၊ မင်းတို့ ပိုက်ဆံရှာရတာ မလုံလောက်သေးဘူးမလား"
"ဟဲဟဲ အစ်မရှောင်းပြောတာ မှန်တယ်"
ရှောင်းချောင်သည် ထိုလူပေါ်ကြော့လေး၏ မလိုလားမှုကို မျက်လုံးထဲ လုံးဝမထည့်ပေ။ သူမက လူတွေကို ထိန်းချုပ်သည့်နေရာနှင့် ခွေးတွေကို သင်ကြားသည့်နေရာမှာ ကျွမ်းကျင်သူတစ်ဦးပင်။
အတွေ့အကြုံရင့်ခွေးလေ့ကျင့်ပေးသူများကလွဲလို့ သူမမွေးမြူထားသည့်ခွေးများကို အနိုင်ယူရန် နည်းလမ်းမရှိပေ။
"လျိုမန်း ဒီမှာ ခွေးတိုက်ပွဲကွင်းပြင်ကို အချိန်ခဏလောက်ကြည့်ထား၊ ငါနဲ့ အားလုံ အပြင်ခဏသွားဦးမယ်"
ဒီတစ်ကြိမ်မှာတော့ ရှောင်းချောင်သည် သူမ၏ကျောက်စိမ်းလက်ချောင်းလေးကြားထဲမှ ဆေးလိပ်အား ငြိမ်းသတ်လိုက်သည်။ သူမ၏မျက်လုံးများမှာ ညှို့ငင်နေသည့်ဓာတ်များထုတ်လွှတ်နေကာ လှပသောခြေထောက်လေးများကိုအားပြု၍ ထိုင်ခုံမှ ထလိုက်သည်။
"အာ...အစ်မရှောင်း ဘယ်သွားမလို့လဲ"
လျိုမန်းသည် အခုမှ လောင်းကြေးတောင်းပြီး ပြန်
ရောက်လာတာကြောင့် ဘာတွေဖြစ်ပျက်သွားမှန်း မသိခဲ့ပေ။ ဒါကြောင့် ညီအစ်ကို အားလုံကိုပဲ ပဟေဠိအမူအရာဖြင့် ကြည့်လိုက်မိသည်။
ရှောင်းချောင်သည် နောက်ဖြစ်လာမည့် စိတ်ဝင်စားစရာအရာများအား တွေးရင်း မျက်လုံးများကျဥ်းမြောင်းကာ ပြုံးလိုက်မိသည်။
"မြွေစိမ်းဂိုဏ်းရဲ့စည်းမျဥ်းတွေကို ဖျက်လိုဖျက်ဆီးလုပ်ချင်နေတဲ့သူတွေရှိနေတယ်၊ လျိုမန်း ပြောစမ်းပါ...ငါသွားမကြည့်သင့်ဘူးလား"
'အမတ'သစ်သီးဆိုင်
ပထမဆုံး ဆိုင်သစ်ဖွင့်လှစ်ပွဲမှာ ရွှီဖန်း မျှော်လင့်
ထားသည်ထက် ကျော်လွန်နေသည်။ ကောင်းကင်ဘုံမြေသြဇာဖြင့် အသီးစိုက်ပျိုးခြင်းအပေါ်မှာ ရွှီဖန်းက အလွန်ယုံကြည်ချက်ရှိတာကြောင့် ဆိုင်မဖွင့်ခင်ကတည်းက အသီးများရောင်းရန်ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ဒါကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက အားတန်နှင့်အခြားလူများသည် မြစ်အောက်ပိုင်းရွာမှ သစ်သီးအမြောက်အများကို သယ်ယူထားကြသည်။
ကြည့်ရတာ မြွေစိမ်းဂိုဏ်းမှလူများ၏သောင်းကျန်းမှုကြောင့် ရွှီဖန်းမျှော်လင့်ထားသည့်ထက် အဆပေါင်းများစွာပင် ဈေးဝယ်သူအမြောက်အမြားကို ဆွဲဆောင်နိုင်လိုက်သည့်ပုံပင်။
နေ့တစ်ဝက်တောင်မပြည့်ခင်မှာဘဲ စင်ပေါ်မှာတင်ထားသည့် အသီးများအားလုံး ရောင်းကုန်သွားခဲ့သည်။ ရွှီဖန်းသည် အားတန်နှင့်အခြားလူများအား ဂိုဒေါင်ထဲမှ သစ်သီးတွေသွားယူပြီး ပြန်ဖြည့်ထားဖို့ရန် ပြောရင်း အခြေအနေကို ထိန်းထားခဲ့သည်။
အခုလို ကြီးပွားတိုးတက်နေသည့်စီးပွားရေးအခြေအနေက ရွှီဖန်းအား စိတ်လှုပ်ရှားစေသည်။ သူ့ဆီမှာ ဖောက်သည်များလေ 'အမတ'သစ်သီးဆိုင်မှ ပိုက်ဆံများများ ပိုရှာနိုင်လေပင်။
ပိုက်ဆံများများရှာနိုင်ခြင်းကို အလိုမရှိတဲ့သူ မရှိပေ။
သို့သော် အဆုံးမရှိသော ဖောက်သည်များက ရွှီဖန်းအား မေးခွန်းတချို့ တွေးစေခဲ့သည်။
သူသာ ဒီပြဿနာကို မြန်မြန်မဖြေရှင်းလျှင် 'အမတ'သစ်သီးဆိုင်၏ ကြီးပွားမှုအား နှောင့်နှေးစေလိမ့်မည်။
'အမတ'သစ်သီးဆိုင်အား စုံစုံလင်လင်ဖြည့်တင်းရန်
အတွက်က ကိစ္စမရှိပေ။ ကောင်းကင်ဘုံမြေသြဇာအကူအညီဖြင့် အနောက်တောင်ရှိ ဥယျာဥ်ခြံအတွင်းမှ အပင်များအားလုံး သီးလာဖို့က မကြာတော့ပေ။
သို့သော်ငြား များပြားသောအရေအတွက်ဖြစ်နေလို့ ပိုပြီးအလေးအနက်ထားရမည့် ပြဿနာဖြစ်နေသည်။
မည်သို့ သယ်ယူရမည်နည်း။
မြစ်အောက်ပိုင်းရွာမှ ခရိုင်မြို့တော်အထိ ခရီးလမ်းအား စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်ပေသည်။
'အလွန့်အလွန်ကို စုတ်လွန်းသည်' ဟူ၍ပင်။
မတိုင်ခင်က အားတန်နှင့် အခြားလူများ သယ်ယူခဲ့သည့် သစ်သီးများက သူ့သုံးဘီးဖြင့် သွားသယ်ထားကြတာဖြစ်သည်။
မြစ်အောက်ပိုင်းရွာမှ သစ်သီးများကို သယ်ဆောင်
ရန်အတွက် ကုန်တင်ကားငှားဖို့ သူ တွန့်တိုနေတာမျိုး မဟုတ်ချေ။ မြစ်အောက်ပိုင်းရွာမှ လမ်းများက ကုန်တင်ကားဝင်ဖို့အရေး ပျက်စီးယိုယွင်းနေတာကြောင့်ပင်။
ထိုကဲ့သို့ပြဿနာက မြစ်အောက်ပိုင်းရွာတစ်ခုတည်း ဖြစ်နေတာမဟုတ်ပေ။ ရွာအများစုက ထိုအတိုင်းပင်။ သူတို့ဆီမှာ ဒေသထွက်ကုန်တွေ တစ်ကယ်ကို များပြားသော်လည်း သယ်ယူပို့ဆောင်ရေးအတွက် လမ်းများက ပြဿနာဖြစ်နေကာ စီးပွားရေးတိုးချဲ့ဖို့ မဖြစ်နိုင်ပေ။
သူ့မှာရည်မှန်းချက်မရှိဘူးဟု ကိုယ့်ကိုယ်ကိုယ် မလိမ်ချင်ပေ။ ရွှီဖန်းမှာလည်း ရည်မှန်းချက် ရှိပေသည်။ သူအသက်ရှင်နေသ၍ အမြင့်ကို တက်နိုင်သမျှတက်သွားချင်၏။ သူ၏သစ်သီးဆိုင်လေးအား အသေးစားစီးပွားရေးအဖြစ်သာ မရပ်လိုက်ချင်ပေ။
အနာဂါတ်မှာ မြစ်အောက်ပိုင်းရွာ၏စီးပွားရေးကို တိုးတက်အောင် လုပ်ချင်လာပြီဆိုလျှင်လည်း ဒီပြဿနာက ရှောင်လွှဲလို့မရသည့်အရာပေ။ လမ်းများကို ကျယ်ကျယ်ဝန်းဝန်းနှင့် ဖြောင့်ဖြောင့်ဖြူးဖြူးသာ လုပ်ထားပါက မြစ်အောက်ပိုင်းရွာထဲသို့ ကားတွေ ဝင်ရောက်ဖို့ အဆင်ပြေသွားလိမ့်မည်။
ရွှီဖန်းမှာ လမ်းပြင်ချင်သော်ငြား သူ့ရှေ့မှာ ပိတ်ရပ်နေသည့် ကျားတစ်ကောင်က ရှိနေသည်။
ပိုက်ဆံ....
မြစ်အောက်ပိုင်းရွာနှင့် ခရိုင်မြို့တော်မှ လမ်းက မတိုပေ။ လုံလောက်မည့်လမ်းအား သူဆောက်ရပါက အနည်းဆုံး ယွမ်၁သန်းထက် သုံးရလိမ့်မည်။
မြွေစိမ်းဂိုဏ်းမှ ယွမ်၂သိန်းခွဲအား သူရထားသော်လည်း 'အမတ'ဆိုင်ကို အခုမှ ဖွင့်ထားတာကြောင့် လိုအပ်တာသုံးဖို့ ချန်ထားရဦးမည်။ အချိန်တိုအတွင်း ထိုပိုက်ဆံပမာဏကို သူ ထုတ်သုံးနိုင်မည်မဟုတ်ချေ။
အချိန်အတော်ကြာတွေးပြီးနောက်မှာလည်း သင့်လျော်သည့်နည်းလမ်းအား သူမတွေးနိုင်ပေ။ ဒီညမြစ်အောက်ပိုင်းရွာကို ပြန်ရင် ဝူယွီရွှမ်းနှင့် သွားတွေ့ပြီး မေးရမည်ဟုတွေးကာ သက်ပြင်းအသာချမိသည်။ ခရိုင်မြို့တော်ကအစိုးရနှင့်လည်း ပူးပေါင်းဖို့ သူကြိုးစားသင့်သည်။
အစိုးရကသာ ခွင့်ပြုပါက ပိုလွယ်ကူသွားလိမ့်မည်။
"ဟမ်"
အပြင်ဘက်မှ လာသည့် ကားအသံအားကြားသည့်အခါ ရွှီဖန်း ထွက်ကြည့်လိုက်သည်။
အနက်ရောင်Porsche Cayenne ကားက ဆိုင်ရှေ့မှာ ရပ်လာသည်။
ယနေ့ 'အမတ'ဆိုင်ကို လာသည့် လူများစွာရှိသော်လည်း အခုလို သန်းပေါင်းများစွာတန်သည့် ကားကို စီးပြီးလာတဲ့လူက ပထမဆုံးပင်။
"ရှယန်ယွိများလား"
မတိုင်ခင် သူပန်းချီကားရောင်းခဲ့တုန်းက ရှယန်ယွိနှင့် wechatမှာ အပ်ခဲ့သေးသည်။ ဒီအကြိမ် 'အမတ'ဆိုင် ဖွင့်မည့်အကြောင်းကို သူ wechatမှာ တင်ခဲ့ပေသည်။
စီအီးအိုရှယန်ယွိကလွဲလို့ သူ့ဆိုင်လေးကို ဇိမ်ခံကားစီးပြီး ရောက်လာမည့်လူအား သူစဥ်းစားလို့မရပေ။
မကြာလိုက်ပေ၊ ကားက ဆိုင်တံခါးရှေ့မှာ ရပ်သွားကာ အင်ဂျင်လည်းရပ်သွားသည်။
လူအုပ်ကြီး၏အကြည့်အောက်မှာ ကားတံခါးပွင့်
လာ၍ လူထွားကြီးတစ်ယောက်က ခုန်ဆင်းလာသည်။ ထို့နောက် နောက်တံခါးကို ရိုရိုသေသေဖွင့်ကာ အထဲမှ လူထွက်လာမှာကို စောင့်နေလေသည်။
ကားမောင်းလာသူ၏အရပ်တစ်ခုတည်းနဲ့တင် မျက်စိဖမ်းစားစဖွယ်မြင်ကွင်းဖြစ်နေသည်။ သူ့လက်မောင်းပေါ်မှ ကြွက်သားများ တစ်ခုနှင့်တစ်ခု ထပ်နေသည်မှာ ကြီးမားသော စပါးအုံကြီးကဲ့သို့ ထင်ရသည်။ လူတစ်ယောက်၏လည်ပင်းအား တစ်ချက်လှည့်လိုက်သည်နှင့် ချိုးပစ်နိုင်သည့် လက်မောင်းပင်။
ဤကဲ့သို့ရက်စက်ကြမ်းကြုတ်ပုံပေါ်သည့်လူတစ်ယောက်က တခြားတစ်ယောက်ကို ရိုရိုသေသေဖြင့် တံခါးဖွင့်ပေးနေခဲ့သည်။ ထိုအချိန်၌ လူတိုင်းမှာ ကားထဲမှာ ထိုင်နေသည့်လူအား ခန့်မှန်းနေကြတော့သည်။
အနက်ရောင်ပိုးသားခြေအိတ်ဖြင့် သွယ်လျကာ လှပသော ခြေတံလှလှလေးက ကားပေါ်မှထွက်လာကာ လူတိုင်း၏ရင်ထဲမှ ဆန်းကြယ်မှုကို ရှင်းလင်းသွားစေသည်။
ကားထဲမှာရှိနေတာက အမျိုးသမီးတစ်ယောက်ပင်။
ချွန်မြသောဒေါက်ဖိနပ်ကို ဝတ်ဆင်ထားသည့် ခြေထောက်များသည် ရှည်လျားသွယ်လျပြီး အဆီပိုမရှိဘဲ လှပနေသည်။ ဒါ့အပြင် သူမ၏ဖြူဖွေးသောခြေထောက်လေးကို ရစ်ပတ်ထားသည့် အနက်ရောင်ပိုးသားအလွှာလေးသည် လေထုထဲ၌ ဖျားယောင်းသွေးဆောင်မှုအား ထုတ်လွှတ်နေသည်။
ထိုအနက်ရောင်ပိုးသားခြေအိတ်လေးမှတဆင့် အောက်မှ အပေါ်သို့ တဖြည်းဖြည်းလိုက်ကြည့်သွားရာ စကပ်နားရောက်တော့ အရာအားလုံးဖုံးကွယ်သွားလေသည်။
ရှင်းရှင်းလင်းလင်းမမြင်လိုက်ရသော်ငြား ဆွဲဆောင်မှုရှိသည့်ခြေထောက်များကြောင့် လူအုပ်ကြီးသည် မသိစိတ်မှအလိုလိုပင် အသက်ရှုသံများ လေးလံလာကြသည်။ ထိုကဲ့သို့ ခြေထောက်များ ပိုင်ဆိုင်ထားသော မိန်းကလေး၏ အထင်ကြီးဖွယ်ရာ လှပသောမျက်နှာလေးအား မြင်တွေ့ဖို့ရာ မစောင့်နိုင်တော့ချေ။
မကြာလိုက်ပေ၊ ရှောင်းချောင်၏ မျက်နှာအစစ်လေးက လူတိုင်းရှေ့မှာ ပေါ်ထွက်လာသည်။ ကားပေါ်က အလှလေးတစ်ပါးဆင်းလာတာကိုမြင်မှသာ လူအုပ်ကြီးသည် ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖျော့သွားကြကာ တံတွေးမြိုချကုန်ကြသည်။
ဒီမြို့မှာ ထိုအမျိုးသမီးအား မသိတဲ့လူမရှိပေ။
မြွေစိမ်းဂိုဏ်း၏ ခေါင်းဆောင်၊ ရှောင်းချောင်။
နှင်းဆီပန်းက လှပသော်ငြား အဆိပ်ရှိဆူးများဖြင့် ပြည့်နှက်နေသည်။ ရှောင်းချောင်သည် သိသာစွာပင် အဆိပ်ရှိနှင်းဆီဖြစ်သည်။
အခုဆိုရင် သူတို့မျက်လုံးထဲမှ စိတ်ဆန္ဒများအား ဘယ်သူမှ မထုတ်ဖော်ရဲကြတော့ပေ။ 'အမတ'ဆိုင်မှ ဈေးဝယ်သူများသည် ကြောက်ရွံ့မှုကြောင့် ခေါင်းကို ငုံ့ထားကြလေသည်။ သူတို့ကြာကြာကြည့်မိသည်နှင့် ပစ်မှတ်ဖြစ်သွားရမည်ကို ကြောက်ရွံ့နေကြသည်။
တချို့အကြောက်လွန်သော လူများဆိုလျှင် သစ်သီးတောင်မကိုင်နိုင်တော့ဘဲ ချော်ထွက်ကုန်ကြသည်။
"ဒါက...."
ရွှီဖန်းအတွက်မူ ထိုအမျိုးသမီးအား အရင်က မမြင်ဖူးတာ သေချာပေသည်။
သို့သော် ထိုလှပသောမိန်းကလေးအား ဘာကြောင့်ကြောက်နေကြမှန်း သူနားမလည်တော့ပေ။
ခရိုင်မြို့တော်ကလူတွေက မြစ်အောက်ပိုင်းရွာကလူတွေလိုမဟုတ်ဘဲ အလှတရားကို မကြိုက်လို့များလား။
ရှောင်းချောင်သည် ရွှီဖန်းကို ရှာရန်အတွက် အထဲသို့ တိုက်ရိုက်မဝင်သွားပေ။ သူမက အပြင်မှာပဲ အားလုံနှင့်အတူ ရပ်နေကာ စိတ်ရှုပ်မှုကြောင့် မျက်မှောင်ကြုတ်နေသည်။
ရှောင်းချောင်က ခရိုင်မြို့တော်မှာ နေတာအတော်ကြာပြီဖြစ်သည်။ သူမမှာ ဗဟုသုတများစွာ မရှိရင်တောင်မှ သူမ သိသင့်သမျှ အရာတွေကိုတော့ ရှင်းရှင်းလင်းလင်းသိထားပေသည်။
အသီးဆိုင်ရှိရာနေရာက လုံးဝကောင်းနေတာကြီးမဟုတ်ပေ။ ပုံမှန်အားဖြင့် ဒီလောက် ဈေးဝယ်သူအများအပြားရှိလိမ့်မည်မဟုတ်ချေ။ ဒီအကြောင်း
အရင်းကြောင့် အရင်ပိုင်ရှင်တောင်မှ ရွေးချယ်စရာမရှိဘဲ ရွှေ့ပြောင်းသွားရသည်။
သို့သော် အခု သူမအရှေ့ရှိမြင်ကွင်းကတော့ အလွန်
စည်ကားနေကာ စီးပွားရေးက အတော်ဖြစ်ထွန်းနေသည်။
အကျိုးမရှိသည့်မြေအနေအထားဖြင့် ဆိုင်ဖွင့်ပွဲမှာ ဤကဲ့သို့ အနေအထားထိ ရောက်အောင် လုပ်နိုင်တယ်ဆိုကတည်းကိုက စောနက သူမလက်အောက်ငယ်သားများ ပြောသလိုမဟုတ်ဘဲ ဆိုင်ပိုင်ရှင်မှာ စွမ်းရည်
တချို့ရှိကြောင်း ပြသနေသည်။
ထိုအခိုက်အတန့်မှာ ရှောင်းချောင်သည် ရွှီဖန်းအား စိတ်ဝင်စားလာသည်။ သူမဘေးမှာ ရပ်နေသည့် အားလုံကိုကြည့်ကာ သူမရယ်မောလိုက်သည်။
"အားလုံ သွားကြစို့၊ ငါတို့မြွေစိမ်းဂိုဏ်းကို တိုက်ခိုက်ရဲတဲ့အထိ သတ္တိရှိတဲ့လူက ဘယ်လိုလူစားလဲဆိုတာ သွားကြည့်ရအောင်"
သူမပြောပြီးသည်နှင့် 'အမတ'သစ်သီးဆိုင်၏ ဝင်ပေါက်သို့ လျှောက်သွားခဲ့သည်။