စကားကောင်းကောင်းပြောကြရအောင်
Vol. 4 Ch. 47
"ကျေးဇူးပြု၍ ဘာများဝယ်မလို့ပါလဲရှင့်"
ထိုနှစ်ယောက် ဆိုင်ထဲဝင်လာသည့်အခါ ချိုးဆုအာသည် သူတို့ဆီ လျှောက်သွားရင်း အရင်စကားစလိုက်သည်။
သစ်သီးဆိုင်မှမန်နေဂျာအဖြစ် ရွှီဖန်းက သူမအား ခန့်အပ်ခဲ့ပြီးကတည်းက အလုပ်ကို ကြိုးစားလုပ်ပေးနေလေသည်။
ချိုးဆုအာသည် ထိုနှစ်ယောက်အား စိတ်အားထက်သန်စွာ ကြိုဆိုနေခဲ့သည်။ ရွှီဖန်းမှာ ထိုမြင်ကွင်းအား ကြည့်ရင်း သူတို့ အသီးလာဝယ်တာ မဟုတ်လောက်ဘူးဟု မရေမရာ ခံစားနေရသည်။
သူသွားပြီးမေးတော့မည့်အချိန်မှာပဲ အားတန်က သူ့ကို တားလာသည်။
"ဘာဖြစ်လို့လဲ အားတန်"
အားတန်က ရှော့ရနေပုံရကာ မျက်နှာကဖြူဖျော့နေ၏။
ရွှီဖန်းတစ်ယောက် ဘာမှမသိသေးသည့်ပုံကိုကြည့်ရင်း အားတန် ငိုချင်လာတော့သည်။
တံခါးနားမှာရပ်နေသည့် ရှောင်းချောင်ကို ခိုးကြောင်ခိုးဝှက်ညွှန်ပြ၍ ခပ်တိုးတိုး ပြောပြလိုက်သည်။
"အစ်ကိုရွှီဖန်း သူမက ဘယ်သူလဲ အစ်ကိုမသိဘူးမလား"
"ဟမ် ဘယ်သူမို့လို့လဲ"
အားတန်၏ပုံစံက တံခါးနားမှအမျိုးသမီးအား သိနေသည့်ပုံပေါ်ကာ သူ့အကြောက်တရားများကလည်း သူမဆီကလာသည့်ပုံပင်။
ရွှီဖန်းမှာ ထူးဆန်းသလိုခံစားရတာကြောင့် သိချင်
စိတ်ဖြင့် မေးမိသည်။
အားတန်က ခါးသက်စွာပြုံး၍ ခပ်တိုးတိုးပြောပြလာသည်။
"အစ်ကိုရွှီဖန်း သူမက မြွေစိမ်းဂိုဏ်းရဲ့ခေါင်းဆောင်လေ...ဟင်း သွားပါပြီဗျာ"
မြွေစိမ်းဂိုဏ်းမှ ပြဿနာလာထပ်ရှာမည်မှန်း အားတန်သိသော်ငြား ဤမျှ မြန်မြန်ရောက်လာလိမ့်မည်ဟု မထင်ခဲ့ချေ။
သူမနောက်မှာရပ်နေသည့်လူက မြွေစိမ်းဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ အားလုံ ဖြစ်ကာ သူက လူတွေကို ခြိမ်းခြောက်ငွေညှစ်ရုံသက်သက် လာတတ်သော လူမဟုတ်ပေ။
အားတန်တစ်ယောက် ရွှီဖန်းအား စိုးရိမ်ပူပန်စွာ ကြည့်မိသည်။ သူ့သူဌေးတော့ ဒီနေ့နာပြီဟု သူတွေးလိုက်သည်။
"ရွှီဖန်း ဒီနှစ်ယောက်ကိုကြည့်ရတာ မင်းဆီလာတဲ့ပုံပဲ"
ထိုအခိုက်အတန့်မှာ ချိုးဆုအာသည် ထိုနှစ်ယောက်က သူတို့ဦးတည်လိုရာကိုကြည့်နေမှန်း သိသွားရသည်။
ချိုးဆုအာ၏လေသံကြောင့် ရှောင်းချောင်နှင့် အားလုံသည် မြွေစိမ်းဂိုဏ်းမှလူများကို ရိုက်နှက်လိုက်သူ ရွှီဖန်းက မနီးမဝေးမှာရပ်နေသည့်လူမှန်း သိလိုက်ရသည်။
ထိုအချိန်၌ ရွှီဖန်းသည် ရှောင်းချောင်ကို စိတ်ဝင်တစားကြည့်နေကာ နှုတ်ခမ်းပင့်တင်လျက် သူမကို ပြုံးပြ၍ ကြိုဆိုလိုက်သည်။
ခရိုင်မြို့တော်မှာ သောင်းကျန်းနေသည့် မြွေစိမ်းဂိုဏ်း၏ခေါင်းဆောင်က အမျိုးသမီးတစ်ယောက် ဖြစ်နေမည်ဟု သူမထင်ခဲ့ပေ။ တစ်ဖက်လူက သူ့ကိုတွေ့ဖို့ စောစောရောက်လာသေးသည်။ သေချာပေါက် အသီးလာဝယ်ခြင်းတော့ မဖြစ်နိုင်တော့ချေ။
ဘယ်လိုမျိုးထပ်လှည့်စားဖို့ လာကြလဲဆိုတာ သူသိချင်နေလေပြီ။
"အစ်မဆုအာ အပြင်ကဈေးဝယ်သူတွေကိုပဲ အရင်သွားနှုတ်ဆက်လိုက်ပါ"
ချိုးဆုအာဘေးကိုလျှောက်သွားကာ ရွှီဖန်း ညွှန်ကြားလိုက်သည်။
ခဏနေရင် သူတို့တိုက်ခိုက်ရမလား မသိနိုင်ပေ။ ဒါကြောင့် ချိုးဆုအာ မငြိစွန်းရလေအောင် အဝေးကို အရင် ပထုတ်လိုက်ရသည်။
"ကောင်းပြီ အစ်မအရင်သွားလိုက်မယ်"
ချိုးဆုအာသည် ရွှီဖန်းအား တစ်ချက်ကြည့်လိုက်
သည်။ သူမမျက်လုံးများက လေးနက်နေကာ စိတ်ထဲမှာလည်း မအီမသာဖြစ်နေသော်လည်း ရွှီဖန်း အမိန့်ပေးသည်နှင့် နာနာခံခံပင် ထွက်သွားသည်။
"နှစ်ယောက်လုံး ထိုင်ကြပါ"
ချိုးဆုအာကို ပထုတ်ပြီးနောက်မှာ ဘေးမှာရှိသည့် စားပွဲနှင့်ခုံများအား သူ ညွှန်ပြလိုက်သည်။
ထိုအခိုက်အတန့်မှာ ရွှီဖန်းက တစ်ဖက်လူအပေါ်၌ သတိအပြည့်အဝရှိနေသည်။ ဒါကြောင့် သူအလျင်လည်းမလိုသလို စိတ်လည်းမပူပေ။
ထိုကဲ့သို့တည်ငြိမ်အေးဆေးသောအမူအရာက ရှောင်းချောင်၏မျက်လုံးများအား အရောင်လက်စေသည်။
လွန်ခဲ့သည့်နှစ်များထဲမှာ သူမနှင့်တွေ့ခဲ့သမျှ ယောကျ်ားအားလုံး၏ မျက်လုံးများထဲ၌ သူမ မကြိုက်သော အရာများ ရှိနေခဲ့သည်။
လောဘနှင့် အကြောက်တရားပင်။
ရွှီဖန်းလိုမျိုး တည်ငြိမ်အေးဆေးသည့်လူမျိုးကို တွေ့ခဲ့ရတာ ရှားလွန်းသည်။
"ကောင်းပြီလေ ဒါဆိုလည်း"
ရှောင်းချောင်ကလည်း အလျင်မလိုချေ။ သူမ အပြုံးလေးဖြင့် ခေါင်းညိတ်ကာ စားပွဲခုံရှိရာသို့ လျှောက်သွားလိုက်သည်။
စားပွဲခုံပေါ်ထိုင်ပြီးနောက် ဘေးမှာရပ်နေသည့် အားလုံသည် ပြောစရာမလိုဘဲ အလိုက်တသိဖြင့် စီးကရက်ကို ကမ်းပေးလာသည်။
ရှောင်းချောင်သည် စီးကရက်ကိုကိုင်လိုက်သော်လည်း ချက်ချင်းမီးမညှိပေ။
သူမက ရွှီဖန်းအားကြည့်ကာ ပြုံးလာသည်။
"စိတ်မရှိဘူး ဟုတ်တယ်မလား"
"သေချာတာပေါ့"
ရွှီဖန်းခေါင်းညိတ်လာမှသာ အားလုံ အဆင်သင့်လုပ်ပေးထားသည့်မီးခြစ်ဖြင့် ဆေးလိပ်မီးညှိလာသည်။
"ငါ့ဆီက အသုံးမကျတဲ့ နောက်လိုက်တွေ ပြောတာ မမှားဘူးဆိုရင် မင်းက ရွှီဖန်းဖြစ်ရမယ်၊ ဟုတ်လား"
ရှောင်းချောင်သည် သူမ၏ အနီရောင် နှုတ်ခမ်းနီများဖြင့် ဆေးလိပ်ငွေ့ကို မှုတ်ထုတ်ကာ ရွှီဖန်းအား မရေမရာကြည့်နေသည်။
ထိုအခိုက်အတန့်၌ သူမပြုလုပ်သော လှုပ်ရှားမှုတိုင်းက ဟန်ပန်ကြီးသော အမျိုးသမီးတစ်
ယောက်၏အော်ရာများ ထုတ်လွှတ်နေသည်။ ဒါကိုမြင်သည့်အခါ ဒီအမျိုးသမီးက သေချာပေါက်မရိုးရှင်းဘူးဟု ရွှီဖန်း တွေးလိုက်မိသည်။
သူမဆီကသာ ထိုကဲ့သို့ အမူအရာဖြင့်ကြည့်ခံရပါက အမည်မသိဖိအားတစ်ခု ကျဆင်းလာသလိုခံစားရမည်ဖြစ်ကာ အသက်ရှူဖို့တောင် ခဲယဥ်းစေလိမ့်မည်။
သို့သော် ရွှီဖန်းကတော့ ဘာတုံ့ပြန်မှုမှ မပြပေ။ သူမက မြွေစိမ်းဂိုဏ်းခေါင်းဆောင်ဆိုတော့ရော ဘာဖြစ်လဲ။
အော်ရာချင်းယှဥ်ပါက နှစ်ပေါင်းများစွာအသက်ရှင်လာသည့် မသေမျိုးနတ်မင်းများ၏ အော်ရာများအား ဘယ်သူကမှ မယှဥ်နိုင်ပေ။
ပတ်ပတ်လည်က လူတွေက ဟာသလုပ်နေကြတာပဲဖြစ်ရမည်။ သူမလို ကြည့်ကောင်းသည့် အမျိုးသမီးတစ်ယောက်အား သူကြောက်ဖို့ မဖြစ်နိုင်ပေ။
"ကြည့်ရတာ ကျုပ်လုပ်ရပ်တွေက အချည်းနှီးမဖြစ်ခဲ့ပုံပဲ၊ အဲ့ဒီကောင်တွေဆီမှာ မှတ်ဉာဏ်တချို့တော့ ပါသွားသေးတာပဲ"
စားပွဲခုံကိုခေါက်ကာ သူမေးလိုက်သည်။
"ဒါဆို ခင်ဗျားတို့က သူတို့အတွက် ဒီကိုရောက်လာကြတာပေါ့"
ရွှီဖန်းက ဘွင်းဘွင်းရှင်းရှင်းမေးလာတာကြောင့် ရှောင်းချောင်သည် သူမလက်ထဲမှာပဲ စီးကရက်ကို ငြိမ်းသတ်ကာ ပြုံးလိုက်သည်။
"ငါပျင်းနေလို့များ မင်းရဲ့အသီးအနှံတွေ လာဝယ်တယ် ထင်လို့လား"
"ဟားဟား ဘယ်သူသိမှာလဲ"
ရွှီဖန်း ပုခုံးတွန့်ပြလိုက်ကာ...
"ကြွားဝါနေတာတော့ မဟုတ်ပေမယ့် ကျုပ်ငှက်ပျောသီးကတော့ တစ်ကယ်အရသာရှိတယ်၊ မင်း အချိန်အားရင် လာစားကြည့်နိုင်တယ်"
ဒီအမျိုးသမီးက သူ့လိုသစ်သီးသည်ကို အထင်သေးနေသည့်ပုံပင်။ သူမမျက်လုံးများက ပြက်ရယ်မှုများ ပြည့်နေသည်။
သူ သိပ်လက်မခံချင်တာကြောင့် တိုက်ရိုက်ချေပပေးလိုက်သည်။
"ကောင်လေး မင်းသေချင်နေတာလား"
ထိုစကားက ဘေးမှာရပ်စောင့်နေသည့် အားလုံ ကို စိတ်အနှောင့်အယှက်ဖြစ်သွားစေသည်။ သူကို ကြည့်တာနဲ့တင် တိုက်ခိုက်တော့မည့်ပုံပင်။
"အားလုံ"
ရှောင်းချောင်က သူမလက်များကို ဝှေ့ယမ်းကာ တားဆီးလာသည်။
သူမက ရွှီဖန်းအား အေးစက်စွာကြည့်၍ နှာမှုတ်လာသည်။
"ရွှီဖန်း မင်းကိုယ်မင်း သေခြင်းတရားကို ဖိတ်ခေါ်နေတယ်ဆိုတာရော သိလား"
သူမအား ပရောပရည်လုပ်သည့် ယောကျ်ားများ ရှိသော်လည်း အများစုက ချမ်းသာပြီး ရာထူးကြီးသည့်လူများပင်။
အခု ရွှီဖန်းက သူ့ငှက်ပျောသီးကို စားဖို့ပြောနေသည်။ သူ့လို သစ်သီးဆိုင်ပိုင်ရှင်အဆင့်လေးနဲ့ သူမကို ပလီပလာလုပ်ဖို့ လုံလောက်တယ်ထင်နေတာလား။
"အာ အလှလေး...ဘာပြောလိုက်တာလဲ"
ရွှီဖန်းသည် မရေမရာပုံစံဖြင့် သူ့မျက်လုံးများအား ခတ်ကာ ဘေးမှာရှိနေသည့် ငှက်ပျောသီးကို လက်ညှိုးထိုးပြလိုက်သည်။
"မြွေစိမ်းဂိုဏ်းမှာ ဘယ်သူကမှ ငှက်ပျောသီးမစားကြဘူးလား"
ထိုအခိုက်အတန့်မှာ ရွှီဖန်း၏မျက်နှာက ရိုးသားမှုအပြည့်ဖြစ်နေသည်။ ခုနက သဘောကွဲလွဲကာ ထင်ခဲ့သလိုမျိုး အင်္ဂါကို ရည်ညွှန်းသည့် ပုံမပေါ်ချေ။ ရှောင်းချောင် မျက်မှောင်ကြုတ်ကာ စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဒီလူက သူမကိုစနောက်နေတာလား၊ သူမထင်သလို တစ်ကယ်ပြောခဲ့တာလားဆိုတာ သူမမပြောနိုင်ပေ။
သူမ မပျော်မရွှင် နှာမှုတ်လိုက်ကာ ထိုအကြောင်း ထပ်ပြောဖို့ စိတ်မဝင်စားတော့ပေ။
"ပေါက်ကရတွေ ရပ်လိုက်တော့...ငါတို့ ဒီနေ့လာခဲ့တာက ကိစ္စဖြေရှင်းဖို့ပဲ"
"မင်းဆိုတဲ့ရွှီဖန်းအပါအဝင် ဘယ်သူကမှ မြွေစိမ်းဂိုဏ်းရဲ့ စည်းမျဥ်းတွေကို မချိုးဖောက်နိုင်ဘူး၊ မင်းမှာ မြွေစိမ်းဂိုဏ်းကို ထိဖို့ အရည်အချင်းမရှိရင်ပေါ့...နားလည်လား"
"ငါ ရှောင်းချောင်က အားနည်းတဲ့လူကိုအနိုင်ကျင့်
တယ်လို့ သူများတွေ ပြောတာကနေ ကာကွယ်ဖို့ဆိုရင် ဒီပြဿနာကို ငါဘယ်လိုဖြေရှင်းသင့်လဲ"
ရှောင်းချောင်သည် ရွှီဖန်းအား ရွေးချယ်ခွင့်ပေးသကဲ့သို့ ရက်ရောစွာ ပြောလာသည်။
ရွှီဖန်းပြုံးလိုက်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။
"ကျုပ်ဘက်က ဘာလုပ်ပေးနိုင်မလဲ...တောင်းပန်တာလား"
"အိုး..."
ရွှီဖန်းမှ သူ့ရှုံးနိမ့်မှုကို အသိအမှတ်ပြုလာတာကြောင့် ရှောင်းချောင် အနည်းငယ် အံ့အားသင့်သွားရသည်။ ခက်ခဲမည့်ပုံပေါ်သည့်လူက အခုလို မြန်မြန် လက်ခံလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"တောင်းပန်တာက သဘာဝကျပေမယ့် မရိုးရှင်းလွန်းဘူးလား၊ ရွှီဖန်း ငါက စီးပွားရေးလုပ်ငန်းရှင်
လေ...တောင်းပန်ပြီး ယွမ်တစ်သန်းပေးရမယ်"
သူမစကားပြောပြီးနောက် သစ်သီးဆိုင်လေးအား သူမကြည့်လိုက်သည်။ ယွမ်တစ်သန်းဖြင့် ဒီလူ၏ ကံကြမ္မာတစ်ခုလုံး ပျက်စီးသွားဖို့ရန် လုံလောက်သည်။
မြွေစိမ်းဂိုဏ်းရဲ့စည်းမျဥ်းတွေကို လာချိုးဖောက်ဖို့ ဘယ်သူခွင့်ပြုထားလို့လဲ!
****************************