လမ်းပြင်ရန်အစီအစဥ်
Vol. 4 Ch. 49
"ရွှီ...အစ်ကိုရွှီဖန်းက အရမ်းအံ့သြဖို့ကောင်းတာပဲ!"
ထိုနှစ်ယောက်ထွက်ခွာသွားကြပြီးနောက် အားတန်က အထဲပြေးဝင်လာသည်။
သစ်သီးဆိုင်ထဲသို့ ရှောင်းချောင် ဝင်သွားပြီးကတည်းက သူ စိတ်ဓာတ်ကျနေခဲ့သည်။ သူရထားခဲ့သည့် အလုပ်ပါ ပျောက်တော့မည်ကို သေချာနေခဲ့သည်။
သို့သော်ငြား ရွှီဖန်းတစ်ယောက် ရှောင်းချောင်အရှေ့မှာ တည်တည်ငြိမ်ငြိမ်ဖြင့် တုန့်ပြန်နေတာကို မြင်သည့်
အခါ သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှု အပြည့်ဖြစ်သွားရသည်။
ရှောင်းချောင်ကဲ့သို့ လူမျိုးကို ဆန့်ကျင်ရဲသည်အထိ သူ့ သူဌေးမှာ ဘယ်လောက်တောင်မှ သတ္တိတွေရှိလဲဆိုတာ သူခွဲခြမ်းစိတ်ဖြာချင်လာသည်။
"ကောင်းပြီ အားတန်...နောက်လည်းကျနေပြီ၊ အစ်မဆုအာနဲ့ ငါနဲ့ အရင်ပြန်နှင့်မယ်"
ရွှီဖန်းသည် မိမိကိုယ်ကိုဂုဏ်ဖော်ရန်အတွက်လေးဖြင့် အားတန်၏မေးခွန်းများကို ဖြေရန်စိတ်မဝင်စားပေ။
အမျိုးသမီးတစ်ယောက်က သူ့ကို သူမရှေ့မှာ ဒူးထောက်ပြီး တောင်းပန်အောင် လုပ်မယ်လို့ ပြောခဲ့တာကို တွေးမိတော့ သူပြုံးလိုက်မိသည်။
ကြည့်ရတာ နောက်ရက်တွေမှာလည်း သူကစားပေးရဦးမည့်ပုံပင်။
"အစ်မဆုအာ အလုပ်ဆင်းရမယ့်အချိန်ပဲ"
ဆိုင်ကိုရှင်းလင်းနေသည့် ချိုးဆုအာကိုကြည့်၍ ရွှီဖန်း အော်ပြောလိုက်သည်။
ချိုးဆုအာသည် ဆိုင်စဖွင့်ကတည်းက ဈေးဝယ်သူများကို အကောင်းဆုံးဝန်ဆောင်မှု ပေးနေခဲ့သည်။ ဒီလိုရှားပါးသည့်အလုပ်မျိုးကို သူမတန်ဖိုးထားသည့်အတွက် ဆိုင်မပိတ်မချင်း အကောင်းဆုံးလုပ်ကိုင်နေခဲ့သည်။
ဒီလိုရူးမိုက်သည့် မိန်းကလေးတစ်ယောက် ပင်ပန်းမှုဒဏ်ကြောင့် လဲကျသွားမှာစိုး၍ ရွှီဖန်း ရပ်ခိုင်းလိုက်ရသည်။
"အစ်မဆုအာ နောက်ကျနေပြီ၊ ကျွန်တော်တို့ ပြန်သင့်ပြီ"
ဒီတစ်ကြိမ်မှာ သူမ၏လက်ကောက်ဝတ်အား သူတင်းကြပ်စွာ ဆွဲလိုက်သည်။ ဘေးပတ်ပတ်လည်မှာ ကြည့်နေသည့်လူများရှိတာကြောင့် ချိုးဆုအာ၏မျက်နှာမှာ ပူလာတော့သည်။
သူမလက်အား ရှက်ရွံ့စွာ ပြန်ယူ၍ ပြောလိုက်သည်။
"ရွှီဖန်း အစ်မ မပင်ပန်းသေးပါဘူး...ဆက်လုပ်လို့ရသေးတယ်...မောင်လေးပဲ အရင်ပြန်နှင့်ပါလားဟင်"
"အစ်မဆုအာ ချထားလိုက်တော့"
ရွှီဖန်း သူမအား စိတ်ဆိုးစွာ ကြည့်၍...
"အစ်မဆုအာ အိမ်ပြန်ဖို့ ကျွန်တော်ပြောနေတယ်၊ ကျွန်တော် အစ်မကို ခန့်ထားတာ မန်နေဂျာနေရာမှာနော်...တောက်တိုမယ်ရလုပ်ဖို့မဟုတ်ဘူး"
"အလုပ်တွေအားလုံးကို အစ်မတစ်ယောက်တည်း သိမ်းကြုံးပြီး မလုပ်ရဘူး...ဟုတ်လား"
"ဒါက..."
ချိုးဆုအာသည် ဘာလုပ်ရမှန်းမသိတာကြောင့် နေရခက်စွာဖြင့် သူမလက်ချောင်းများကို ဆိတ်နေခဲ့သည်။ ရွှီဖန်း၏အမူအရာက ပြင်းထန်နေတာကြောင့် သူမ ကြောက်သွားကာ သူ့ရှပ်အင်္ကျီအားဆွဲ၍ တောင်းပန်လိုက်သည်။
"ကောင်းပါပြီ ရွှီဖန်း...အစ်မ မင်းပြောတာ နားထောင်ပါ့မယ်...စိတ်မဆိုးပါနဲ့နော်"
ချိုးဆုအာက အားနည်းနေသည့်ပုံပေါ်သည်။ သူမ အလွန်ပင်ပန်းနေမည်ကို စိုးရိမ်တာကြောင့် ကူကယ်ရာမဲ့စွာ သူခေါင်းခါရမ်းမိသည်။ ဘေးမှာရပ်ထားသည့် သုံးဘီးဆိုင်ကယ်ကို ညွှန်ပြလျက်...
"တော်ပြီ...ဆိုင်ကယ်ပေါ် တက်တော့"
သုံးဘီးဆိုင်ကယ်က သစ်သီးသယ်ယူပို့ဆောင်ရန်အတွက် ဝယ်ယူထားခဲ့တာဖြစ်သည်။ ဒီတစ်ကြိမ်မှာ လှတပတအမျိုးသမီးအား သူနှင့်အတူ ခေါ်လာတာကြောင့် ပတ်ဝန်းကျင်မှ လူများသည် သူ့ကို လက်ညှိုးဝိုင်းထိုးခဲ့ကြသည်။
ထိုလူအုပ်စု၏အတွေးကို ခန်မှန့်ဖို့က မခဲယဥ်းပေ။ ချိုးဆုအာလို လှပသည့်မိန်းကလေးက ကန်းနေလို့ သုံးသီးစီးတဲ့ကောင်မျိုးဖြင့် အဆုံးသတ်သွားရသည်ဟု သူတို့တွေးနေကြလိမ့်မည်။
ရွှီဖန်း ပုခုံးတွန့်လိုက်ကာ ဂရုမစိုက်ပေ။
အသေးစိတ်မှန်သမျှကို သူ ဂရုမစိုက်၍ မဟုတ်ဘဲ အခုအချိန်မှာ ထိုကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်မရှိတာကြောင့်ပင်။
အသီးဆိုင်က အခုမှ စဖွင့်ထားတာဖြစ်လို့ ပိုက်ဆံက နေရာတိုင်းမှာ လိုအပ်နေသည်။ အသီးသယ်ဆောင်ရာမှာလည်း ပြဿနာရှိ၍ ထိုအပေါ်မှာ ပိုက်ဆံဖြုန်းတာက ကိစ္စမရှိပေ။
ဇိမ်ခံကားအပေါ်မှာ ပိုက်ဆံဖြုန်းဖို့ဆိုတာကတော့ လက်ရှိ တွေးဖို့ မှန်ကန်သည့်အရာမဟုတ်ချေ။
သုံးဘီးဆိုင်ကယ်ဖြင့် မြစ်အောက်ပိုင်းရွာကို ရောက်
သည့်အခါ အစ်မဆုအာကိုပြန်ပို့ပေး၍ ဝူယွီရွှမ်းအိမ်
အရှေ့သို့ မောင်းလာခဲ့သည်။
ထိုအချိန်မှာ ရပ်ရွာကော်မတီရုံးတစ်ခုလုံးက အလုပ်တွေပြီးစီးနေကြလေပြီ။ ယုတ္တိရှိရှိဆိုရလျှင် ဝူယွီရွှမ်းကို နှောင့်ယှက်ဖို့ အချိန်ကောင်းမဟုတ်တော့ချေ။ သို့သော်ငြား သူ ဒုက္ခကြုံလုနီးပါးဖြစ်နေတာကြောင့် ထပ်မစောင့်နိုင်တော့ပေ။
"အဒေါ်တုန်မေ! ယွီရွှမ်း အိမ်မှာရှိလားခင်ဗျ"
နေက ဝင်လုနီးပါးနေလေပြီ။ ဝူယွီရွှမ်း အိမ်အရှေ့သို့ ရောက်သည့်အခါ အဝတ်ချုပ်နေသည့် ယွီရွှမ်းအမေအား သူတွေ့လိုက်ရသည်။
"ရွှီဖန်းလား ဘာလို့ဒီရောက်လာတာလဲ...မြန်မြန် အထဲဝင်လာခဲ့လေ"
အဒေါ်တုန်မေက တံခါးနားမှာ ရပ်နေသည့် ရွှီဖန်းကို မြင်သည့်အခါ သူမမျက်နှာက လင်းလက်သွားလေသည်။ အဝတ်ဖာဖို့ကို စိတ်မဝင်စားတော့ဘဲ ရွှီဖန်းကို ခြံထဲ ဆွဲခေါ်လာခဲ့သည်။
ရွှီဖန်းကျေးဇူးကြောင့် ဝူထိုက်ကန်း၏လေဖြတ်ရောဂါက များစွာ ပြန်ကောင်းလာလေသည်။ ဝူမိသားစုအတွက်တော့ ရွှီဖန်းက ကယ်တင်ရှင်တစ်ပါးပင်။
ပြောစရာပင်မလိုအောင် ရွှီဖန်းသည် မြစ်အောက်ပိုင်းရွာ၌ အလားအလာအကောင်းဆုံးသားယောကျ်ားလေးဖြစ်သည်။ တလောကပင် ခရိုင်မြို့တော်မှာ သစ်သီးဆိုင်ဖွင့်ခဲ့သေးသည်။ အပြင်အလုပ်ထွက်လုပ်ပြီး တစ်နှစ်နေမှ ယွမ်တစ်သောင်းသာ ရှာနိုင်သည့် ရွာကလူများနှင့်ယှဥ်လျှင် ဒီကလေးက ပိုပြီး တော်ထက်သည်။
"ယွီရွှမ်း မြန်မြန်ထွက်လာခဲ့ဦး...ရွှီဖန်း ရောက်လာတယ်"
ထိုအခိုက်အတန့်မှာ သူမက ရွှီဖန်းလက်မောင်းအား သဲကြီးမဲကြီးဖက်ထားကာ ခြံထဲ ဆွဲခေါ်လာခဲ့သည်။ အဒေါ်တုန်မေသည် သူ့သမီး၏မင်္ဂလာကိစ္စအား မတွေးဘဲ မနေနိုင်တော့ချေ။
အခုလို ငယ်ရွယ်နေသည့်အရွယ်မှာ သမီးဖြစ်သူက တစ်ခါမှ ချစ်သူကောင်လေးကို မခေါ်ပြခဲ့ဖူးပေ။ အခု ရွာအုပ်ချုပ်ရေးမှူးဖြစ်နေပြီဖြစ်လို့ သူမ၏ အနာဂါတ် အသက်တစ်ခြမ်းအား ဂရုစိုက်ဖို့ အချိန်ရောက်လေပြီ။
ချန်ရှောင်ကျွင်းနှင့် သူမသမီးအား လက်ထပ်ပေးလို့ ရကောင်းရနိုင်သည်ဟု သူမခံစားခဲ့ရသော်လည်း အခု ကြည့်လျှင် ရွှီဖန်းကို သားမက်တော်ခြင်းက ပိုကောင်းမွန်သည့် ရွေးချယ်မှုပင်။
"ရွှီဖန်း ဒီည အိမ်မပြန်ပါနဲ့လား...အဒေါ်တို့မှာ အခန်းလွတ်တစ်ခန်းရှိသေးတယ်...အဒေါ်တို့နဲ့ တစ်ည နေသွားလေ"
"အမေ! ဘာတွေလျှောက်ပြောနေတာလဲ"
ထိုအခိုက်အတန့်မှာ အဒေါ်တုန်မေသည် ရွှီဖန်းအား သူ့သမီးဖြင့် ပေးစားဖို့ မစောင့်နိုင်တော့ချေ။ အိမ်ထဲကနေ ပြေးထွက်လာသည့် ဝူယွီရွှမ်းမှာ ထိုစကားကြားသွား၍ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။
ဝူယွီရွှမ်းက အခုလေးတင် ရေချိုးပြီးတာဖြစ်သည်။ သူမက ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီကို ဝတ်ကာ ပြေးထွက်လာခဲ့သည်။
ရေစိုဆံနွယ်များအောက်ရှိ လှပသော မျက်နှာလေးမှာ သူမအမေဖြစ်သူ၏ စကားများကြောင့် ရှက်ရွံ့သွားရသည်။
ထို့နောက် ရွှီဖန်းအား သူမ တံတောင်စေ့ဖြင့် တို့ကာ မကျေမချမ်း မေးလိုက်သည်။
"နင် ဘာလာလုပ်တာလဲ"
"ဟဲဟဲ သမီးတို့နှစ်ယောက် စကားပြောကြဦး၊ အမေတော့ သမီးအဖေကို သွားကြည့်ဦးမယ်"
ဒီမှာ ဆက်နေတာက မကောင်းပေ။ အဒေါ်တုန်မေက အလွန်ပျော်ရွှင်နေတာကြောင့် ခိုးရယ်ကာ အိမ်ထဲ ဝင်သွားတော့သည်။
"အမေကတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်ပြီ"
ဝူယွီရွှမ်းက သူမအမေအားကြည့်၍ စိတ်ဆိုးတကြီး ခြေဆောင့်တော့သည်။
"အိမ်ထောင်မပြုနိုင်တာ မဟုတ်ပါဘူးဆိုမှ"
သူမကိုယ်သူမ တီးတိုး ရေရွတ်မိသည်။
ရွှီဖန်းမှာတော့ အခုလို ညုတုတုမြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်လုနီးပါးဖြစ်နေကာ ဘေးမှာ ရပ်နေမိသည်။
ဝူယွီရွှမ်းသည် ငယ်ငယ်လေးကတည်းက အလှလေးဖြစ်ကာ အခုဆိုလျှင် ကျောင်းအလှလေးက ရင့်ကျက်လာလေပြီ။
သူမ၏ သွယ်လျချောမွေ့သော ခြေထောက်နှစ်ချောင်းထက်၌ ရေချိုးရင်းမှ ကျန်ခဲ့သည့် ရေစက်များကို မြင်တွေ့နိုင်သည်။
ဝူယွီရွှမ်းခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ရေချိုးဆပ်ပြာရည်အနံ့ကလည်း ရွှီဖန်းနှာခေါင်းထဲသို့ တစ်ကြိမ်ပြီးတစ်ကြိမ် တိုးဝင်နေသည်။
"ယွီရွှမ်း မင်းကို လက်ထပ်ခွင့်ရတဲ့ယောကျ်ားလေးကတော့ တစ်ကယ် ကံကောင်းတာပဲ"
ဝူယွီရွှမ်းမှာ သူမပါးစပ်လေးအားဟကာ ရွှီဖန်းကို ကြည့်လိုက်မိသည်။ သူမခြေထောက်ကို လှမ်းရှိုးနေသည့် သကောင့်သားကြောင့် သူမစိုက်ကြည့်လိုက်ရသည်။
"ဟမ့်! နင့်ကိုဘယ်သူကြည့်ခွင့်ပေးထားလို့လဲ! ငါ နင့်ကိုလည်း လက်ထပ်မှာ မဟုတ်ပါဘူးနော်"
ပြောပြီးသည်နှင့် သူမနှာခေါင်းကို ရှုံ့ကာ ရွှီဖန်းအား မကျေမနပ် ကြည့်လိုက်တော့သည်။
သူသာ ရုတ်တရက်ကြီး အိမ်မရောက်ချလာလျှင် အခုလို နေရခက်သည့်အခြေအနေမျိုးဖြင့် အဆုံးသတ်ရမည် မဟုတ်ချေ။
"အဟွတ်! အဟွတ်!"
သူမက သူ့ကိုတွေ့တာနဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။ အချိန်မှားလာမိတာကြောင့် ရွှီဖန်းလည်း နေရခက်စွာ သူ့နှာခေါင်းအား ပွတ်လိုက်မိသည်။
"မနက်ဖြန်မှ ငါမင်းကို လာပြန်ရှာရမလား"
"နင့်ကို ထွက်သွားခွင့်မပြုဘူး!"
***********************