ဒါဆိုလည်း မနက်ဖြန်မှ ပြန်လာခဲ့တော့
Vol. 4 Ch. 50
ရွှီဖန်း ခြံထဲမှ မထွက်သွားခင် ဝူယွီရွှမ်းသည် ခြေညှပ်ဖိနပ်ကို စီးရင်း ပြေးလိုက်လာသည်။
"ပြော! ပြော! ပြော! နင် ငါ့ကို ဘယ်လိုထင်နေတာလဲ"
ရွှီဖန်းကို ဖမ်းမိသည့်အခါ သူ့လက်ကောက်ဝတ်အား ဆောင့်ကြီးအောင့်ကြီးဆွဲ၍ ဆိတ်လိုက်သည်။
"တစ်ကယ်နာလို့လား...ငါ အားအများကြီး မသုံးလိုက်ပါဘူး"
ရွှီဖန်းက နာကျင်မှုကြောင့် မျက်နှာမဲ့ပြသည့်အခါ ဝူယွီရွှမ်းသည် သူမပါးစပ်လေးအား အုပ်၍ ကျိတ်ရယ်လိုက်မိသည်။ ပတ်ပတ်လည်ကို ကြည့်၍ ဘယ်သူမှမရှိမှန်း သေချာသည့်အခါမှ မေးလိုက်သည်။
"ပြော...ငါ့ကို ဘာလို့ လာရှာတာလဲ"
ရွှီဖန်းလည်း လက်ကောက်ဝတ်ကို ပွတ်၍ ပြန်ဖြေလိုက်သည်။
"တစ်ကယ်တော့ ငါဒီနေ့ လာရှာတာ အရေးကြီးကိစ္စလုပ်ဖို့အတွက်ပဲ"
"ဒါဆိုလည်း မနက်ဖြန်မှ ပြန်လာခဲ့တော့"
ရွှီဖန်း ဆက်ပြောလာမှာကို မစောင့်တော့ဘဲ ဝူယွီရွှမ်းသည် သူမ၏မျှော်လင့်ချက်အပြည့်မျက်နှာလေးအား ချက်ချင်း ပြန်ရုတ်သိမ်းကာ မျက်နှာကို ဟိုဘက်လှည့်လိုက်တော့သည်။
"............"
ရွှီဖန်းမှာတော့ ပြောစရာစကားပင် ပျောက်ရှသွားရသည်။ ခုနကပဲ မထွက်သွားဖို့ ပြောပြီး အခုကျ ထွက်သွားခိုင်းနေပြန်ပြီ။ ဘာအဓိပ္ပာယ်ပါလိမ့်။
"မေ့လိုက်တော့...နင့်လိုအရူး နားလည်သဘောပေါက်လာဖို့ ငါမမျှော်လင့်တော့ဘူး...ပြော ဘာလို့လာရှာတာလဲ"
ရွှီဖန်း ထွက်သွားတော့မည့်အချိန်မှာပဲ ဝူယွီရွှမ်းသည် ခါးသီးမှုများကို ဖုံးကွယ်လျက် သူ့လက်ကို ပြန်ဆွဲထားခဲ့သည်။
ဝူယွီရွှမ်း၏လက်က ဖြူဖွေးနူးညံ့နေသည်။ သူမလက်ကိုကိုင်ထားရင်း နွေးထွေးမှုနှင့် ချောမွေ့မှုကို ခံစားနေရသည်။ ရွှီဖန်း ထုတ်မပြောဘဲ မနေနိုင်တော့ပေ။
"ယွီရွှမ်း မင်းလက်တွေက တစ်ကယ်လှတယ်"
ဝူယွီရွှမ်း၏ မျက်နှာက ရှက်ရွံ့မှုအပြည့်ဖြင့် နီရဲနေကာ သူမလက်အား ပြန်ဆွဲယူ၍ ရွှီဖန်းအား ဆိုးဆိုးဝါးဝါး စပြောတော့သည်။
"လူယုတ်မာ! နင် ဒီလိုဆက်လုပ်နေရင် နင့်ကို ရိုက်ဖို့ ငါ့အမေကို ခေါ်လိုက်မှာနော်!"
ဝူယွီရွှမ်းက ရွှီဖန်းခန္ဓာကိုယ်ကို လက်သီးဖြင့်ထိုးနေသော်ငြား ပန်းပွင့်များနှင့် မိုးရေများ ကျနေသကဲ့သို့ပင် ထင်ရကာ သူ့မှာ မနာရုံတင်မကဘဲ ယားတောင်မယားပေ။ သူမလက်သီးအား သူဆွဲယူလိုက်သည်။
"တော်တော့...အဒေါ်တုန်မေ ထွက်လာရင် ဒီမြင်ကွင်းကြည့်ပြီး ပျော်နေလိမ့်မယ်"
"နင်! ငါနင့်ကို နုတ်နုတ်စဥ်းပြမယ် ယုံလား!"
ခုနလေးတင်ကမှ သူမ နူးညံ့သိမ်မွေ့ခဲ့သေးသော်ငြား အခုတော့ လူဆိုးမလေးကဲ့သို့ ပြုမူနေပြန်သည်။ ဝူယွီရွှမ်းသည်လည်း သူအမေထွက်လာရင် သူမဘက်ပါမည်မဟုတ်ကြောင်း သိနေခဲ့သည်။
ဝူယွီရွှမ်း၏နှလုံးသားက တဒုတ်ဒုတ်ခုန်နေခဲ့သည်။ ရွှီဖန်းကို ရိုက်ဖို့ရန်အတွက် သူမသတ္တိများကို စုရန်သာ တတ်နိုင်ခဲ့သည်။
"ဟဲဟဲ ငါမင်းကို စနေတာပါ"
ကံကောင်းစွာဖြင့် ရွှီဖန်းက စနောက်နေရုံသာ။
"တစ်ကယ်တော့ လမ်းပြင်ဖို့အကြောင်း ဆွေးနွေးဖို့ လာခဲ့တာ"
"လမ်း လမ်းပြင်မယ်လား"
ဝူယွီရွှမ်းသည် သူမ၏လက်အား ပြန်ဆွဲယူနေချိန် ရွှီဖန်းပြောသည့်စကားကြောင့် မျက်ခုံးပင့်လိုက်မိသည်။
"ဘာကိုဆိုလိုတာလဲ"
ဒီနေ့ကြုံခဲ့ရသည့်ပြဿနာကိုတွေးရင်း ရွှီဖန်း အသက်ရှူထုတ်လိုက်သည်။
"ယွီရွှမ်း မင်းလည်း အုပ်ချုပ်ရေးမှူးဆိုတော့ သိမှာပဲ၊ မြစ်အောက်ပိုင်းရွာကို တိုးတက်အောင် လုပ်ချင်ရင် ခရိုင်ကို သွားတဲ့လမ်းကို အရင် ဖြေရှင်းမှရမှာ"
"ငါတို့ရွာရဲ့အဓိကပြဿနာက သယ်ယူပို့ဆောင်ရေးမလုပ်နိုင်တာပဲ၊ အပြင်လူတွေလည်း လာလို့မရဘူး ဖြစ်နေတာ"
ရွှီဖန်းက ရှင်းပြလာတာကြောင့် ဝူယွီရွှမ်း၏အမူအရာကလည်း တဖြည်းဖြည်းလေးနက်လာသည်။ အုပ်ချုပ်ရေးမှူးဖြစ်တာကြောင့် ဒီလိုဆိုးရွားသည့်
ပြဿနာအား သူမ သိပေသည်။
မြစ်အောက်ပိုင်းရွာဖွံ့ဖြိုးလာဖို့အတွက် သူမလည်း အခုလို အတွေးရှိခဲ့သော်ငြား အခုထိ ဖြေရှင်းနည်းအား မရှာတွေ့သေးပေ။
"ရွှီဖန်း ဒီပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် လွယ်မှာမဟုတ်ဘူး"
ဝူယွီရွှမ်းက သက်ပြင်းချကာ
"ခရိုင်မြို့တော်နဲ့ မြစ်အောက်ပိုင်းရွာကြားက အကွာအဝေးကိုလည်း နင်သိသားပဲ၊ လမ်းကောင်းကောင်းခင်းဖို့ဆို ငွေအများကြီးလိုမှာ၊ အရင်က ငါဒီပြဿနာကို ခရိုင်ရုံးဆီ စာတင်လိုက်သေးပေမယ့် လက်မခံကြဘူး"
"ခရိုင်မြို့တော်အနားမှာ ငါတို့လိုရွာတွေအများကြီးရှိတယ်လေ...ရွာတွေအကုန်လုံးက တောင်းဆိုလာကြရင် လမ်းပြင်ဖို့ဆိုတာ ဘယ်လောက်တောင်မှ ကုန်လိမ့်မလဲ...အဲ့ဒါကြောင့် ခရိုင်ကလည်း လက်မခံဘူး...သူတို့မှာ ပေးစရာပိုက်ဆံမလောက်လို့လေ"
"နည်းလမ်းတစ်ခုကတော့ လမ်းပြင်ဖို့ဆိုပြီး ရွာကလူတွေကို အလှူငွေကောက်ခံဖို့ပဲ၊ ဒါပေမယ့် ဒီလောက်ငွေပမာဏကို သူတို့ပေးဖို့ ဆန္ဒရှိပါ့မလားဆိုတာကို တွေးထားရဦးမယ်၊ သူတို့ တတ်နိုင်မယ်ထင်လား"
"............"
ဝူယွီရွှမ်းရှင်းပြမှုများကို နားထောင်၍ ရွှီဖန်းမှာ ခါးသက်စွာ ပြုံးလိုက်မိသည်။
တစ်ကယ်ကို ရန်ပုံငွေက ပြဿနာအကြီးဆုံးပင်။ မြစ်အောက်ပိုင်းရွာက ချမ်းသာသောရွာမဟုတ်ပေ။ အနီးအနားရွာတွေကြားထဲမှာတောင် ဆင်းရဲသည့်ရွာဆိုပြီး နာမည်ကြီးသေးသည်။ လမ်းပြင်ဖို့ လှူရန်ဆန္ဒရှိကြရင်တောင်မှ မွဲသာမွဲကုန်လိမ့်မည်၊ ပိုက်ဆံက ပြည့်မည်မဟုတ်ချေ။
အခုအချိန်မှာလည်း သူ့အတွက် ငွေရပေါက်က မလွယ်သေးပေ။
ခဏတာစဥ်းစားပြီးနောက် ခြေလှမ်းတစ်လှမ်းဆုတ်ရမည့်နည်းလမ်းတစ်ခုကို တွေးမိသွားသည်။
ရွှီဖန်း ပြုံးလိုက်ကာ...
"ဒါဆို ငါတို့ဘာလုပ်နိုင်မလဲ...ခရိုင်က ပိုက်ဆံအပြည့်အဝချပေးဖို့လည်း မလိုအပ်ပါဘူး...ဝေစုတစ်ခုရရင် ရပြီ...ကျန်တာ ငါ့ဘာသာ ဖြည့်လိုက်လို့ရတယ်"
ခရိုင်မှ အပြည့်အဝထုတ်ပေးဖို့ မျှော်နေရင်တော့ အခွင့်အရေးမရှိနိုင်ပေ။ သို့သော်ငြား တစ်စိတ်တစ်ပိုင်းလောက် ပေးလာရင်တောင် သူလည်း ဆက်လုပ်နိုင်လိမ့်မည်။ သူ့အနာဂါတ်တိုးတက်ရေးအတွက် လမ်းပြင်ရာ၌ သူတစ်ဦးတည်း ရန်ပုံငွေထည့်ရန် ဆန္ဒရှိပေသည်။
"ရွှီဖန်း ဒါက နင့်အတွက် ဖိအားမများလောက်ဘူးလား"
ရွှီဖန်းမှ ကျန်တာအားလုံး ပေးချေမည်ဟု ပြောလာတာကြောင့် ဝူယွီရွှမ်းသည် အနည်းငယ်ရှက်စိတ်ဝင်သွားရသည်။
အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့်တောင် သူမ ရွာအတွက် ခရိုင်က ပြုလုပ်ပေးရန် မတောင်းဆိုနိုင်ခဲ့ပေ။ နောက်ဆုံးမှာတော့ ရွှီဖန်းကိုပဲ သွားအားကိုးရပြန်သည်။
"ငါမနက်ဖြန် သူတို့ကိုမေးကြည့်ရင်ရော ဘယ်လိုလဲ၊ သူတို့ဘယ်လိုတွေးကြလဲ သိရအောင်လို့"
"မလိုပါဘူး...အရာအားလုံးတွက်ချက်ပြီးခြုံကြည့်
မယ်ဆိုရင် ဒါကနည်းပါးတဲ့ ပမာဏပါပဲ...ဒါ့အပြင် ငါမင်းကိုပေးမယ့် ပိုက်ဆံတွေက ရင်းနှီးမြှုပ်နှံတာလို့ပြောလို့ရတယ်...အဲ့ဒီကနေ ငါလည်း အကျိုးကျေးဇူးတွေ အများကြီး ပြန်ရမယ်လို့ ငါယုံတယ်"
ဝူယွီရွှမ်း၏အကြံအား သူတိုက်ရိုက်ပဲ ငြင်းပယ်
လိုက်သည်။ လမ်းပြင်ရန်အတွက် ရွာသားတွေကိုပါ ပိုက်ဆံစုခိုင်းဖို့ သူ မတွေးထားပေ။
လမ်းသာပြင်ပြီးပါက ထိုပိုက်ဆံပမာဏကို ပြန်ရမည်ဟု သူယုံကြည်သည်။
"ဒါဆိုလည်း ကောင်းပြီ၊ ငါမနက်ဖြန် ခရိုင်မြို့တော်ကအသိမိတ်ဆွေတချို့နဲ့သွားတွေ့ပြီး အချက်အလက်တွေမေးလိုက်မယ်...ဝေစုတစ်ခုစာလောက်ဆိုရင်တော့ ပြဿနာမရှိလောက်ဘူး"
ဝူယွီရွှမ်းက ခေါင်းညိတ်ကာ ရွှီဖန်းစိတ်ကူးအား လက်ခံခဲ့သည်။ သူမ ရွှီဖန်းအား ရှက်ကိုးရှက်ကန်းဖြင့် ကြည့်ကာ...
"ဒါဆို နင့်ကိုပဲ ရန်ပုံငွေထည့်ပေးဖို့ ငါအကူအညီတောင်းရတော့မှာပဲ"
ယခင်ကတည်းက ဝူယွီရွှမ်းသည် ဆက်ဆံရေးတစ်ခုတည်ဆောက်သည့်နေရာ၌ ပိုက်ဆံအသုံးပြုခြင်းကို ရှောင်ရှားလေသည်။ သို့သော် လက်ရှိအခြေအနေကတော့ ရွှီဖန်း၏ ပိုက်ဆံကို မသုံးလို့ မရတော့ချေ။ သူမဘက်ကလည်း ထုတ်ပေးဖို့ရန် ပိုက်ဆံမရှိပေ။
သူမအကူအညီတောင်းနိုင်သည့်လူကလည်း ရွှီဖန်းတစ်ယောက်သာ ရှိသည်။
"အဆင်ပြေတယ်...ငါပေးမှာပါ၊ အားလုံးပြီးသွားရင် ဒီပိုက်ဆံက ဘာမှမဟုတ်တော့ဘူး"
"ကောင်းပြီ!"
လမ်းပြင်ခြင်းက ဝူယွီရွှမ်းဆန္ဒတွေထဲက တချို့ပင်။ နောက်ဆုံးမှာတော့ ရွှီဖန်းက မျှော်လင့်ချက်ပေးလာတာကြောင့် သူမ စိတ်လှုပ်ရှားနေမိသည်။
တစ်နေ့ကျရင် မြစ်အောက်ပိုင်းရွာလေးက ရွှီဖန်းကြောင့် အံ့သြထိတ်လန့်စရာကောင်းအောင်ကို ပြောင်းလဲတိုးတက်သွားမည်ဟု သူမယုံကြည်သည်။
"ကောင်းပြီ...နောက်လည်းကျနေပြီဆိုတော့ မြန်မြန် အိမ်ပြန်တော့လေ"
လမ်းပြင်မည့်အစီအစဥ်အား အဆုံးသတ်ပြီးနောက် ဝူယွီရွှမ်းသည် ပြုံးရွှင်လျက် ရွှီဖန်းအား အိမ်ပြန်ခိုင်းတော့သည်။
"အလျင်မလိုပါနဲ့"
ရွှီဖန်းက ထွက်ခွာရန် အလျင်မလိုချေ။ သူ့လည်ပင်းအား ဆန့်၍ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် တီးတိုးရေရွတ်မိသည်။
"စောနကပဲ အဒေါ်တုန်မေက မင်းအတွက် မိသားစုရှာပေးချင်နေလားလို့လေ...ငါ အထဲဝင်ပြီးကြည့်ချင်လို့"
"ထွက်သွားစမ်း!"
ရွှီဖန်းပြောပြီးသည်နှင့် ခြံထဲပြန်ဝင်ဖို့လုပ်လိုက်တာကြောင့် ဝူယွီရွှမ်းက မျက်နှာနီနီဖြင့် သူ့အား အပြင်တွ
န်းထုတ်လာသည်။
သူ့ကိုသာ အမေနှင့် စကားပြောခွင့်ပေးလိုက်ပါက ဒီညတစ်ညလုံး ဝူယွီရွှမ်းတစ်ယောက် မအိပ်နိုင်ဘဲ သူ့ကို စောင့်ကြည့်နေရလိမ့်မည်။
"အိုက်ယား!"
ဝူယွီရွှမ်းက ခြေညှပ်ဖိနပ်ကိုဝတ်ထားပြီး ရွှီဖန်းအား တွန်းနေတာကြောင့် ရှေ့ကို ချော်လဲကျတော့သည်။
ရွှီဖန်းမှာလည်း စနောက်နေရုံသာဖြစ်ပြီး အခုလိုအခြေအနေဖြစ်သွားဖို့ မမျှော်လင့်ထားခဲ့ပေ။ သူ အာမေဋိတ်သံပြုကာ ဝူယွီရွှမ်းဆီ ပြေးသွားလိုက်သည်။
********************