မင်းအရမ်းကြည့်ကောင်းတယ်
Vol. 4 Ch. 51
"ဂရုစိုက်"
ကောင်းကင်ဖြိုကွဲလက်သီးကို သူလေ့ကျင့်ထားသည့် အကျိုးကျေးဇူးကြောင့် ရွှီဖန်း၏ တုံ့ပြန်မှုက မြန်ဆန်သည်။ ဝူယွီရွှမ်း မြေပြင်ပေါ် မလဲကျခင်မှာပဲ သူမခါးလေးအားဆွဲကာ ဖက်ထားလိုက်သည်။
အခုလေးတင် ရေချိုးပြီးထားသော ရွာအုပ်ချုပ်မှူးလေး ဝူယွီရွှမ်းက သူ့လက်မောင်းထဲရှိနေကာ ရေချိုးဆပ်ပြာရည်အနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။
သူ ခေါင်းငုံ့ကြည့်လိုက်လျှင် သူမဝတ်ထားသော အင်္ကျီပါးလေးမှတဆင့် လျို့ဝှက်ဖွယ်ရာ နှစ်ခုအား ထုတ်ပိုးထားသည့် အနက်ရောင်ဇာကို မြင်နေရသည်။
ကျောင်းတုန်းက အလှလေးနှင့် သူ၏ဆက်ဆံရေးမှာ သူငယ်ချင်းအနေဖြင့်သာ ရှိခဲ့သည်။ ချစ်သူမဟုတ်သည့်ဆက်ဆံရေးအောက်မှာ အခုလိုဖက်ဖို့မပြောနှင့် လက်တောင်မကိုင်ခဲ့ဖူးကြပေ။
မတော်တဆသူမခန္ဓာကိုယ်အား ရွှီဖန်း ပွေ့ဖက်မိသွားသည့်အခိုက် ဝူယွီရွှမ်း၏ ခန္ဓာကိုယ်ရနံ့လေးက ကာမတိုးဆေးအဆိပ်အလား ပြောင်းလဲသွားတော့သည်။ ထိုအချိန်၌ ရွှီဖန်းမှာ သူတောင်မတတ်နိုင်ဘဲ အနည်းငယ် ညှို့ငင်ခံလိုက်ရသည်။
"ယွီရွှမ်း မင်း အရမ်းလှတယ်"
"ရွှီဖန်း! နင်! မြန်မြန်ထွက်သွားတော့"
ဝူယွီရွှမ်းသည် အခုလို ရှက်ဖို့ကောင်းသည့် ကိစ္စအား တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။ သူမတို့က အိမ်၏ ခြံအပြင်မှာသာ ရှိသေးသည်။ တစ်ယောက်ယောက်သာ မြင်သွားပါက နောက်တစ်နေ့မှာ မြစ်အောက်ပိုင်းရွာတစ်ခုလုံး သတင်းတွေ ပျံ့နှံ့သွားလိမ့်မည်။
အဲ့ဒီအချိန်က လူတိုင်းက သူမကိုမြင်သည်နှင့် လှောင်ပြောင်ကြလိမ့်မည်။
ဝူယွီရွှမ်းသည် ရှက်ရွံ့စွာပင် ရွှီဖန်းအား အဝေးတွန်းထုတ်လိုက်သည်။
"ရွှီ ရွှီဖန်း ငါ..."
ဒီလို ယောကျ်ားတစ်ယောက်ဆီမှ ဖက်တာခံရခြင်းက သူမအတွက် ပထမဆုံးပင်။ ဒီအခြေအနေကို ဘယ်လိုဆက်လုပ်ရမလဲ သူမမသိတော့ချေ။ သူမလက်ချောင်းတွေအား ရှက်ရွံ့စွာကစားရင်း ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။
"ငါတို့အထဲဝင်ပြီး အဒေါ်တုန်မေကို သွားတွေ့ကြမလား"
ဝူယွီရွှမ်း ရှက်နေသည့်ပုံစံလေးက နှစ်လိုဖွယ်ကောင်းနေသည်။ သူ့လက်မောင်းထဲမှာ မွေးကြိုင်ကာ နူးညံ့နေသည့်ခန္ဓာကိုယ်လေးအား ပြန်သတိရမိရင်း ခြံထဲဝင်ရန် ပြင်နေသကဲ့သို့ စနောက်လိုက်သည်။
"ရပ်!"
ဝူယွီရွှမ်းက ရှက်ရှက်ဖြင့် တားဆီးလာသည်။ သူမ ရွှီဖန်းအား ခါးသက်သော အကြည့်တစ်ချက် ပို့ပေးလိုက်သည်။
"တစ်ကယ်လို့ နင် ရွာမှာ မူလတန်းကျောင်းဆောက်ပေးနိုင်ရင် ငါ နင့်ကောင်မလေး လုပ်ပေးမယ်"
"တစ်ကယ်လား"
ဝူယွီရွှမ်းက သူ့ကို မနှစ်သက်တာမျိုး မရှိသည့် ပုံပင်။ သူမသတ္တိများကိုစုကာ ထိုစကားပင် ပြောလာသေးသည်။ တိတ်ဆိတ်နေသောရွှီဖန်းမှာလည်း စိတ်လှုပ်ရှားသွားရသည်။
ဝူယွီရွှမ်း၏လက်လေးအား သူ ကိုင်လျက်...
"ဒါဆို ကောင်းပြီ...အတည်ပြုပြီးပြီနော်"
"ဒါပေမယ့် တချို့ကောင်းတဲ့အရာလေးတွေရော မပေးချင်ဘူးလား...အနမ်း ဒါမှမဟုတ် သူနဲ့ဆင်တူတဲ့ဟာမျိုးပေါ့၊ ဘာပဲဖြစ်ဖြစ် အဒေါ်တုန်မေကလည်း အိမ်ထဲမှာရှိနေတာဆိုတော့ ငါတို့ကို တွေ့မှာမဟုတ်ဘူး"
ဝူယွီရွှမ်း၏ လက်သေးသေးလေးကို ကိုင်ထားရင်း သူ့အတွေးတွေက အဝေးလွင့်သွားတော့သည်။ ကျီစယ်သည့်သဘောဖြင့် သူရယ်မောကာ ခပ်ညစ်
ညစ်အကြံတစ်ခုကို အဆိုပြုလိုက်သည်။
"ထွက်သွား"
ဒီလူ တစ်ကယ်ပဲ ဝင်ချသွားမလားဆိုတာ မသိနိုင်ပေ။ ဝူယွီရွှမ်းသည် သူမ၏လက်အား ပြန်ဆွဲယူ၍ ရှည်လျားချောမွေ့သော သူမခြေထောက်များကို ရွှေ့ကာ ခြံဝင်သွားတော့သည်။
"ကျစ်! ကျစ်! လှချက်"
ဘောင်းဘီတိုအောက်မှ သူမခြေထောက်လေးများကို မျက်စိစောင်းကြည့်၍ သူပြောလိုက်သည်။ ထို့နောက် ရွှီဖန်း ပြုံးလျက် အိမ်ပြန်လာခဲ့သည်။
နောက်တစ်နေ့။
ရွှီဖန်းသည် ဝူယွီရွှမ်းအတွက် ခရီးစရိတ် နှစ်သောင်းကို ပေးခဲ့သည်။ ထို့နောက် သူ့သုံးဘီးဖြင့် အနောက်တောင်မှ သစ်သီးများကို ခူးဆွတ်ကာ ခရိုင်မြို့တော်ကို ထွက်လာခဲ့သည်။
ဒီလိုဆိုးရွားသည့်လမ်းဖြင့် သစ်သီးဆိုင်မှာ သစ်သီးလုံလုံလောက်လောက် ဖြည့်ထားနိုင်ဖို့ရန်အတွက် ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် အသွားအပြန် လုပ်ရမည်ဟု သူခန့်မှန်းလိုက်သည်။
တစ်နေ့ထဲမှာ ဒီလောက်ထိ သွားလိုက်ပြန်လိုက်လုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ပေ။
သယ်ယူပို့ဆောင်ခြင်းအခက်အခဲကြောင့် တစ်နေ့ဝင်ငွေတစ်သောင်းလောက်ကို ဆုံးရှုံးရလိမ့်မည်။
ကောင်းကင်ဘုံနန်းတော်ဆီမှ နေရာရွှေ့ပြောင်းလို့ရသည့်တံခါးတစ်ချပ်လောက်ရရင် ပိုကောင်းမည်ဟု သူတွေးမိသည်။ ဒါဆိုရင် သယ်ယူပို့ဆောင်ရေးပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။သို့သော်ငြား တရုတ်အရှေ့ပင်လယ်တိုက်ကြီး၌ ထိုကဲ့သို့အရာမျိုး ရရန် မဖြစ်နိုင်ပေ။
'အမတ' သစ်သီးဆိုင်ရှေ့သို့ သစ်သီးတွေကို ရွှေ့ပြီးနောက် အားတန်ကိုခေါ်ကာ အထဲကိုရွှေ့ခိုင်းလိုက်သည်။
သစ်သီးလှည်းကို ဂိုထောင်ထဲထည့်ရာ၌ ဆယ်ငါးမိနစ်ကြာလေသည်။ ပြီးနောက်မှာ ဆိုင်ဖွင့်ရန် အချိန်ရောက်လေပြီ။ ချိုးဆုအာလက်ထဲသို့ တာဝန်လွှဲပြောင်းခဲ့ကာ သူကတော့ အထဲမှာထိုင်၍ အွန်လိုင်းအရောင်းဆိုင်ဖွင့်ရန် တွေးဆနေ၏။
ကောင်းကင်ဘုံသစ်သီးများ၏ဆွဲဆောင်မှုက ဒီလိုမြို့သေးသေးလေးမှာပဲ ရောင်းချဖို့ရန် မဖြစ်နိုင်ပေ။မြစ်အောက်ပိုင်းရွာက လမ်းတွေကိုပြင်ပြီးတာနဲ့ အွန်လိုင်းအရောင်းဆိုင်ပါ ဖွင့်နိုင်မည်ဟု သူတွေးမိသည်။
ထိုအချိန်ကျရင် 'အမတ'သစ်သီးဆိုင်ကလည်း ကျော်ကြားမှုတော်တော်များများစုဆောင်းပြီးလောက်ပြီဖြစ်လို့ အွန်လိုင်းအရောင်းဆိုင်ဖွင့်ရာ၌ ချောချောမွေ့မွေ့ပြီးသွားလိမ့်မည်။
ဒီအချိန် ဝူယွီရွှမ်းသည်လည်း ခရိုင်မြို့တော်မှာ ရန်ပုံငွေရဖို့ရန် အလုပ်ရှုပ်နေလိမ့်မည်။ ရန်ပုံငွေကို ခွဲတမ်းချဝေပေးမှာဖြစ်၍ ရွှီဖန်းလည်း စိုးရိမ်မိသည်။
အခုလက်ရှိ သူ့ငွေရေးကြေးရေးအခြေအနေကြောင့် ခရိုင်ရုံးမှပေးလာမည့် ရန်ပုံငွေပေါ်မှာ မူတည်၍ လမ်းကို မြန်မြန်ပြင်နိုင်မလားဆိုတာ ကြည့်ရမည်။
အောင်မြင်မလား၊ ကျရှုံးမလားဆိုတာက ဝူယွီရွှမ်းအပေါ်မှာ မူတည်နေသည်။
နှစ်နာရီနီးပါးစောင့်ပြီးနောက် ဝူယွီရွှမ်းဆီ ဖုန်းဝင်လာသည်။
"ရွှီဖန်း ငါတောင်းပန်ပါတယ်ဟာ"
ဖုန်းကိုင်လိုက်လိုက်ချင်း ဝူယွီရွှမ်း၏ တောင်းပန်သံကြောင့် ရွှီဖန်းမှာ နှလုံးခုန်နှုန်းပင် မှားလုမတတ်ပင်။
အသံအနေအထားကိုနားထောင်ကြည့်ရုံဖြင့် အလုပ်မအောင်မြင်ခဲ့မှန်းသိနိုင်သည်။
အခုလေးတင် ရှာကြည့်ထားသည့် အွန်လိုင်းအရောင်းဆိုင်ဖွင့်ရန် လိုအပ်ချက်များကို ဖတ်ရင်း ရွှီဖန်း ခါးသက်စွာ ပြုံးလိုက်မိသည်။
ကြည့်ရတာ အချိန်တစ်ခုအထိတော့ နှောင့်နှေးဦးမည့်ပုံပင်။
"အဆင်ပြေပါတယ်၊ လမ်းပြင်ဖို့လည်း အလျင်မလိုပါဘူး၊ ခရိုင်ရုံးက မပေးတော့လည်း မေ့လိုက်ရုံပဲပေါ့၊ လနည်းနည်းလောက်စောင့်ပြီးရင် ငါ့မှာလည်း လမ်းပြင်ဖို့ ပိုက်ဆံရှိလာလိမ့်မယ်"
'အမတ'ဆိုင်မှရသည့် ဝင်ငွေအရ မြစ်အောက်ပိုင်းရွာမှ ခရိုင်မြို့တော်အထိ လမ်းပြင်ရန်အတွက် ကုန်ကျငွေကို အနည်းဆုံး သုံးလလောက် စုရမည်ဟု သူခန့်မှန်းလိုက်သည်။
လမ်းပြင်မှာကလည်း အချိန်တော်တော်ကုန်လိမ့်မည်။ ထိုမျှအချိန်ဖြင့် သူဆုံးရှုံးထားမည့်ပိုက်ဆံများအား ပြန်ရနေလောက်လေပြီ။
ဝူယွီရွှမ်းတစ်ယောက် ရန်ပုံငွေမတောင်းနိုင်ခဲ့တာကို လက်ခံရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။
"ဟင်း...ဒါတွေအားလုံး ငါအသုံးမကျလို့ပါဟာ"
ရွှီဖန်း၏ နှစ်သိမ့်စကားများက ဝူယွီရွှမ်း၏စိတ်အား ပိုမကောင်းလာစေပေ။ ထိုအခိုက်အတန့်မှာ ဖုန်းထဲမှ ရွှီဖန်း၏သက်ပြင်းချသံအား သူမ ကြားနေရသည်။
"တစ်ကယ်တော့ ငါအခုလေးတင် လူတစ်ယောက်နဲ့ စကားပြောခဲ့တယ်...သူက ငါတို့ကို ယွမ်၁သန်းပေးမယ်လို့ ကတိပေးခဲ့တယ်"
"တစ်ကယ်လို့ ငါအကောင်းဆုံးကြိုးစားမယ်ဆိုရင် ယွမ်နှစ်သန်းတောင် ရနိုင်..."
"ဘာ!"
ဝူယွီရွှမ်းက တောင်းပန်ကာ သူမရခဲ့သည့် ရန်ပုံငွေအနည်းငယ်ကို ထုတ်ပြောလာခဲ့သည်။ ရွှီဖန်းမှာ ကြားကြားချင်း မူးဝေသွားတော့သည်။
ဒီနတ်ဆိုးမလေးကတော့...တစ်ချိန်လုံး သူ့ကို စနောက်နေခဲ့တာပဲ။
"အတန်းဖော်ဟောင်းရေ မင်း မုဆိုးမ မဖြစ်သွားရအောင် ဂရုစိုက်ရမယ်...ခုနက ငါတစ်ကယ် လန့်သေမလိုဖြစ်သွားရတာ"
"ထွက်သွားစမ်း! ရွှီဖန်း နင်အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ်ဆို ငါနင့်ကို ဆွဲဖြဲပစ်မယ်!"
ဝူယွီရွှမ်းက မနေ့ညက နှစ်လိုဖွယ်အခြေအနေအား ပြန်တွေးကာ သူမ၏အသံမှာ တုန်လှုပ်နေသည်။
"ကောင်းပြီ ကိစ္စတွေလည်းရှင်းပြီးသွားပြီ၊ ခရိုင်ရုံးက အဲ့ဒီလူနှင့် ငါနဲ့ဆက်ဆံရေးကောင်းလို့သာ ဘာပြဿနာမှမရှိခဲ့တာ၊ ရွာမှာဂရုစိုက်ရမယ့်ကိစ္စတွေရှိသေးလို့ ငါဖုန်းချနှင့်ပြီ"
ဝူယွီရွှမ်းသည် သာမာန်ကာလျှံကာ စကားတချို့ပြောပြီးနောက် ဖုန်းချသွားတော့သည်။
"ဟုတ်ပြီကွ!"
ဖုန်းချလိုက်ပြီးနောက် ရွှီဖန်းတစ်ယောက် စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။ သူ့အတွက် ဒီရန်ပုံငွေက ဘယ်လောက်ထိအရေးကြီးလဲဆိုတာ သူ့ထက်ပိုသိနိုင်မည့်လူ မရှိပေ။
ဒီရန်ပုံငွေနှင့် သူပါပိုက်ဆံထပ်စိုက်လိုက်ပါက အချိန်တိုအတွင်း မြစ်အောက်ပိုင်းရွာအတွက် လမ်းကြောင်းဖောက်ပေးနိုင်လိမ့်မည်။
ထိုအချိန်ရောက်ပါက သူ့ကိုစောင့်ကြိုနေသည်က အကန့်အသတ်မရှိသည့် အလားအလာများပင်။
"ဟမ်?"
*********************