ဂိမ်းက အခုမှ စတာ
Vol. 4 Ch. 53
ရှောင်းချောင်၏ဘဝစည်းမျဥ်းက လက်စားချေခြင်းဖြစ်သည်။
ရွှီဖန်းက ထိုစကားတွေကိုပြောရဲမှတော့ သူမကလည်း သဘာဝကျစွာပင် အချိန်ကောင်းတွေကို သူနှင့်အတူ လိုက်ကစားပေးရန် လိုလားပေသည်။
ထို့နောက် ရွှီဖန်း၏ကော်လံအား သူမဖြေပေးလိုက်သည်။ သူမအရှေ့မှ ယောကျာ်းအား စိတ်ဝင်တစားကြည့်ကာ ပြုံးလျက်...
"ဘာလဲ...အခုမှ အစပဲရှိသေးတာကို ကြောက်နေပြီလား"
"ဟက်"
ရွှီဖန်း လှောင်ရယ်၍ အမူအရာမဲ့စွာ ပြန်ထိုင်ချလိုက်သည်။
သူမမျက်လုံးထဲဝင်လာသမျှ လူတိုင်းကို သေသည်အထိဆော့ကစားကာ ရိုက်ချတတ်သည့် ရှောင်းချောင်လိုမိန်းမမျိုးကို ကိုယ်ထူးကိုယ်ချွန် လယ်သမားတစ်ယောက်အနေဖြင့် တစ်ကယ်ကို ကြောက်ရွံ့သင့်ပေသည်။
"ရွှီဖန်း ငယ်ရွယ်ပြီးဖြတ်လတ်တာက ကောင်းပါတယ်၊ ဒါပေမယ့် ဖြောင့်မှန်လွန်းရင်လည်း ကျိုးလွယ်တယ်ဆိုတဲ့ သဘောတရားကို နားမလည်တာလား"
ရှောင်းချောင်က မီးခြစ်အား ဆော့ကစားရင်း ရေရွတ်လာသည်။
"မင်းမှာ ခွန်အားရှိတိုင်း ဘေးကနေ လျှောက်သွားလို့ရမယ်မထင်နဲ့...မင်းကို သတ်ချလို့ရတဲ့နည်းလမ်းတွေ ငါ့မှာ အများကြီးရှိတယ်...ဥပမာ"
ရှောင်းချောင်က ပတ်ပတ်လည်ကိုဝေ့ကြည့်ကာ ထပ်ရေရွတ်လာသည်။
"ပြောကြည့်စမ်းပါ...ငါသာ စကားတစ်ခွန်းလောက် ဖြန့်လိုက်ရင် မင်းဆိုင်ကို ဖောက်သည်တွေ လာရဲဦးမယ်ထင်လို့လား"
"မင်းလုပ်ကြည့်နိုင်တယ်"
သူ့လက်သီးများအား ဆုပ်ထားရင်း ရွှီဖန်းပြောလိုက်သည်။ မြွေစိမ်းဂိုဏ်းက ခရိုင်မြို့တော်မှာ အရိုးစွဲနေခဲ့တာ နှစ်အတော်ကြာနေလေပြီ။ ရှောင်းချောင်သာအလိုရှိသ၍ သူ့ကောင်းကင်ဘုံသစ်သီးတွေ ဘယ်လောက်ပဲ အရသာရှိနေပါစေ ဘယ်သူမှ လာရဲမည်မဟုတ်ပေ။ ဒါဆိုရင် သူ့အတွက်လည်း စီးပွားရေးဆက်လုပ်ရန်မဖြစ်နိုင်တော့ချေ။
"ဟဲဟဲ ငါ့လိုအားနည်းတဲ့မိန်းကလေးကို အနိုင်ကျင့်ဖို့ မင်းကိုဘယ်သူပြောခဲ့တာလဲ၊ ရွှီဖန်း ဘာလို့ငါ့ကို ဒူးထောက်ပြီးမတောင်းပန်တာလဲ၊ အကယ်၍ ငါ့နှလုံးသားလေးနူးညံ့သွားရင် မင်းကို ခွင့်လွှတ်ပေးလောက်မှာပေါ့"
ပြောပြီးသည်နှင့် ရှောင်းချောင်သည် မျှော်လင့်စောင့်စားမှု အပြည့်ဖြင့် ရွှီဖန်းကို ကြည့်လာသည်။
ယောကျ်ားတွေအတွက် အဖိုးတန်ဆုံးအရာမှာ ရွှေစင်တစ်သောင်းမကတန်သည့် သူတို့၏ဒူးများပင်။ သူမကို ကျီစားရဲသည့် တစ်ဦးတည်းသော အမျိုးသားက သူမခွင့်လွှတ်စေဖို့ရန် သူ့ဂုဏ်သိက္ခာကို စွန့်လွှတ်မလားဆိုတာ သိချင်နေမိသည်။
ရွှီဖန်းက ခေါင်းကိုငုံ့ကာ တိတ်ဆိတ်နေသည်။ ထိုအခိုက်အတန့်၌ ဆိုင်ထဲရှိ လေထုက စိတ်ဓာတ်ကျစရာကောင်းနေသည်။
ဒါက ဂုဏ်သိက္ခာနှင့် ရှင်သန်ခြင်းကြားက ရွေးချယ်မှုပင်။ ဘယ်သူမဆို အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက်ချဖို့ရန် မဖြစ်နိုင်ပေ။
ရှောင်းချောင်တစ်ယောက် မီးခြစ်ဖြင့် ဆော့ကစားနေသည့် အသံသာ အခန်းထဲ၌ ကြားနေရသည်။ သူမ၏ဆွဲဆောင်မှုရှိသော မျက်လုံးများအောက်မှာ ရွှီဖန်းက နောက်ဆုံးမှာတော့ ခေါင်းမော့လာသည်။
"ရှောင်းချောင် မင်းကတစ်ကယ်ရက်စက်တဲ့လူပါ"
ရွှီဖန်းမျက်လုံးထဲမှ စိတ်ဓာတ်ကြံ့ခိုင်ခြင်းအရိပ်အယောင်များက ထင်ယောင်ထင်မှားမြင်ယောင်နေခြင်းမဟုတ်ပေ။
"မင်းနဲ့ယှဥ်မယ်ဆိုရင် ငါက လေလွင့်ခွေးတောင်
မဟုတ်ဘူး၊ ဒါပေမယ့် ငါ ရွှီဖန်းက လေလွင့်ခွေးဖြစ်နေရင်တောင်မှ အရှုံးကို လက်မခံမယ့် ခွေးရူးဖြစ်နေတုန်းပဲ၊ မင်းငါနဲ့ကစားချင်ရင် ငါလည်းကစားပေးရမှာပေါ့"
"အချိန်တစ်ခုရောက်လာရင် ဒီလိုအရသာမျိုး မင်းနှစ်ဆပြန်ခံစားရအောင် ငါပြန်လုပ်ပေးမယ်"
"............"
ဘုတ်!
သူမလက်ထဲမှ မီးခြစ်က စားပွဲအပေါ် ကျယ်လောင်စွာ ပြုတ်ကျသွားခဲ့သည်။ စိတ်မဝင်စားသော အမူအရာဖြင့် သူ့ခွန်အားကိုထုတ်ပြနေသည့် ရွှီဖန်းအား ရှောင်းချောင် ကြည့်နေခဲ့သည်။ သူမ၏ခေါင်းက တစီစီမြည်နေကာ ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်လာတော့သည်။
သူတို့ဂုဏ်သိက္ခာကိုစွန့်လွှတ်၍ သူမခြေထောက်
အောက်မှာ ဝပ်တွားတောင်းပန်ခဲ့ကြသည့် အမျိုးသားမြောက်များစွာကို သူမမြင်ဖူးသည်။ အချိန်ကြာလာသည်နှင်အမျှ ဒီလောကမှ အမျိုးသားများအားလုံးကို အားနည်းသည်ဟု သူမကောက်ချက်ချခဲ့တော့သည်။
ရှောင်းချောင်၏ မျက်လုံးများ၌ ထူးဆန်းသည့် အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။ ဒီလိုအခြေအနေမှာ သူမကို စိန်ခေါ်တာ ရွှီဖန်းက ပထမဆုံးပင်။
"ခွေးရူးဟုတ်လား...ရွှီဖန်း ငါရှောင်းချောင်က ခွေးပျိုးထောင်တဲ့အလုပ်ပါလုပ်တာ မသိဘူးလား"
ရှောင်းချောင်သည် ရွှီဖန်းအား နက်နက်နဲနဲကြည့်ကာ အပြုံးလေးဖြင့် ထိုင်ခုံမှ ထရပ်လိုက်သည်။ သူမက သူ့အတွက် သွေးဆောင်ဖျားယောင်းသည့် အကြည့်တစ်ချက်ကိုပေးခဲ့ကာ ဆွဲဆောင်မှုရှိသည့်ခြေလှမ်းများဖြင့် ဆိုင်ထဲမှ ထွက်သွားခဲ့သည်။
"မင်း ငါ့ကို သေအောင် ကိုက်သတ်မယ့်နေ့ကို စောင့်နေမယ်"
ရှောင်းချောင်၏အသံက ဆိုင်ထဲ၌ ပျောက်ကွယ်သွားကာ မကြာလိုက်၊ ဆိုင်ရှေ့မှာ ရပ်ထားသည့် Porsche Cayenneကားကလည်း ဘီးရာတောင်မချန်ဘဲ ပျောက်သွားတော့သည်။ အားတန်သည် စားပွဲအပေါ်မှာ ရှိနေသည့် စာအိတ်ခပ်ထူထူအား ကြည့်ကာ စိတ်သက်သာရာရသွားခဲ့သည်။
သူတို့ဆိုင်အပြင်မှာ ဖောက်သည်တွေကို ဂရုစိုက်ပေးနေတုန်း ရွှီဖန်းနှင့် ရှောင်းချောင်တို့ ဘာပြောကြမလဲ သိချင်ခဲ့ကြသော်လည်း မတတ်နိုင်ခဲ့ပေ။ စားပွဲပေါ်မှ ပိုက်ဆံအိတ်ကိုမြင်မှသာ သူစိတ်သက်သာရာရတော့သည်။
ဒီပိုက်ဆံတွေက ရှောင်းချောင်ပေးခဲ့တာပဲ ဖြစ်
လိမ့်မည်။ ရွှီဖန်းနှင့် မြွေစိမ်းဂိုဏ်းကြားမှ အာဃာတက ပိုပြီး အကောင်းဘက် ရောက်လာသည့်ပုံပင်။
"အစ်ကိုရွှီဖန်း ကောင်းတယ်ဗျာ၊ မြွေစိမ်းဂိုဏ်းက အနာဂါတ်မှာ မနှောင့်ယှက်တော့ဘူးဆိုရင် ကျွန်တော်တို့ သေချာပေါက် ပိုက်ဆံအများကြီး ရှာနိုင်လိမ့်မယ်"
"အားတန်"
အားတန် အထင်လွဲနေခြင်းအား ရွှီဖန်း ရှင်းပြရန် စိတ်မပါချေ။ သူ အားတန်အားကြည့်၍ မေးလိုက်သည်။
"ဒီရှောင်းချောင်က တစ်ကယ်ပဲ ဘာအလုပ်လုပ်နေတာလဲ"
"အစ်ကိုရွှီဖန်းက မြွေစိမ်းဂိုဏ်းအကြောင်းမေးတာလား"
အားတန်သည် သူ့ခေါင်းအား ဆွဲဆန့်ကာ ဂရုတစိုက် စဥ်းစားနေသည်။
"မြွေစိမ်းဂိုဏ်းက သန့်ရှင်းတဲ့ဂိုဏ်းမဟုတ်ပေမယ့်...သူလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကတော့ တရားဝင်တယ်၊ မဟုတ်ရင် ခရိုင်မြို့တော်မှာ သူတို့ ကြာကြာရပ်တည်ဖို့ မဖြစ်နိုင်ဘူး"
"ခရိုင်မြို့တော်က ကေတီဗီနဲ့ ဟိုတယ်အများစုက ရှောင်းချောင်ရဲ့ နာမည်အောက်မှာကြီးပဲ၊ ဒါပေါ့ မြွေစိမ်းဂိုဏ်းဆိုတဲ့ဟာကြီးကလည်း စီးပွားရေးလုပ်ငန်းလိုပဲလေ၊ ရှောင်းချောင်က ခွေးတွေပျိုးထောင်တဲ့နေရာမှာ အထူးကျွမ်းကျင်တယ်၊ သူမရဲ့ခွေးတိုက်ပွဲဆိုတာက ဒီဒေသမှာ နာမည်ကြီးတယ်"
"အံ့သြစရာမရှိဘူးပဲ"
သူ ခဏတာတွေးတောပြီးနောက် ထိုင်ခုံမှမတ်တပ်ရပ်ကာ ဆိုင်အပြင်ကို ထွက်လာခဲ့သည်။ ချိုးဆုအာကို နှုတ်ဆက်၍ သူ့သုံးဘီးဆိုင်ကယ်ဖြင့် မြစ်အောက်ပိုင်းရွာကို အမြန်ပြန်သွားတော့သည်။
ဝူယွီရွှမ်းက ခရိုင်မြို့တော်မှာ သူမ ဆက်သွယ်ခဲ့သည့် လူအကြောင်းကို အမှန်မသိသေးပေ။ သူမကို မြန်
မြန်ပြောပြမှဖြစ်မည်။
မြစ်အောက်ပိုင်းရွာကိုရောက်သည်နှင့် အချိန်မဆွဲတော့ဘဲ ရပ်ရွာကော်မတီရုံးရှေ့၌ ရပ်ကာ အထဲပြေးဝင်သွားလိုက်သည်။
မတိုင်ခင်ကသာဆိုလျှင် တစ်ယောက်ယောက်က ရွှီဖန်းကို တားလာမည်ဖြစ်သော်ငြား အခုကတော့ မတူတော့ချေ။ ချန်ကျင်းရှန်တို့သားအဖနှစ်ယောက်သည် ရွှီဖန်းကို မြင်သည်နှင့် ခေါင်းငုံ့ကာ ဟိုကြည့်ဒီကြည့် ကြည့်၍ ကြောက်ရွံ့နေကြသည်။
ရွှီဖန်းကလည်း သူတို့ကို အာရုံမစိုက်ပေ။ ဝူယွီရွှမ်း၏ ရုံးခန်းကို သွားကာ တံခါးခေါက်လိုက်သည်။
"တံခါးလော့ခ်မချထားဘူး...ဝင်လာခဲ့ပါ"
ဝူယွီရွှမ်း၏အသံကိုကြားပြီးနောက် တံခါးဖွင့်၍ အထဲကို မဝင်ခင်မှာ သူအသက်တစ်ချက် ရှူထုတ်လိုက်သည်။
ဝူယွီရွှမ်းက စာရွက်စာတမ်းတွေကြားထဲ အလုပ်ရှုပ်နေကာ ရွှီဖန်းဝင်လာတာလည်းမြင်ရော သူမမျက်လုံးများထဲ၌ အံ့အားသင့်မှုများ ဖြတ်သန်းသွားသည်။
"ဘာလဲ...ငါ့ကိုကျေးဇူးတင်ဖို့ရောက်လာတာလား၊ ဘာလို့ အလောကြီးနေတာလဲ၊ ငါနင့်ကိုပြောမယ်...ငါက ပတ်သက်ဖို့ မလွယ်ဘူးနော်"
ဝူယွီရွှမ်းက ဘာမှမသိသေးချေ။ သူမ၏ ပျော်ရွှင်နေသည့် မျက်နှာလေးအား ကြည့်ရင်း ရွှီဖန်း စိတ်မသက်မသာ ခံစားလိုက်ရသည်။
"ယွီရွှမ်း"
သူသက်ပြင်းချကာ စောနက ရှောင်းချောင်ပေးခဲ့သည့် စာအိတ်ကို ယွီရွှမ်းစားပွဲပေါ်သို့ တင်လိုက်သည်။
"ဒါက..."
လွန်ခဲ့သည့်စက္ကန့်ပိုင်းကမှ ပန်းတစ်ပွင့်လိုပြုံးရွှင်နေသည့် ဝူယွီရွှမ်းသည် ရွှီဖန်း ထုတ်ယူလာသည့် စာအိတ်ကိုမြင်ကာ တောင့်တင်းသွားတော့သည်။
စာအိတ်ထုတ်ကိုကောက်၍ ဂရုတစိုက်ကြည့်ကာ သူမ စိုးရိမ်စွာ မေးမိသည်။
"ရွှီဖန်း ဘာလို့ နင့်လက်ထဲမှာ ဒီစာအိတ်ရှိနေတာလဲ"
ဒီမနက်တင် ခရိုင်ကသူ့အသိကို ဒီစာအိတ်ပေးခဲ့တာ ထင်ရှားလှသည်။ အဲ့ဒီလူက ဘာလို့ ဒီစာအိတ်ကို ရွှီဖန်းကို ချက်ချင်း သွားပေးရတာလဲ။
"ကိစ္စတွေက နည်းနည်းတော့ရှုပ်ပေမယ့် သေချာတာကတော့ ငါ့ကြောင့်ဖြစ်တာပဲ"
ဝူယွီရွှမ်း၏စိုးရိမ်နေသည့်အမူအရာကြောင့် ရွှီဖန်း သက်ပြင်းချမိသည်။ သူက ဝူယွီရွှမ်း၏ ဆန့်ကျင်ဘက်မှာ ထိုင်ချကာ အကြောင်းစုံ ရှင်းပြခဲ့သည်။
******************