သွားတစ်ချောင်းအတွက် ဆယ်ချောင်းပြန်ပေးရခြင်း
Vol. 4 Ch. 54
ဝူယွီရွှမ်းကို ဖြစ်ရပ်တစ်ခုလုံး ပြောပြပြီးနောက်မှာ သူမမျက်နှာပေါ်မှ စိုးရိမ်မှုကြောင့် ရွှီဖန်းလည်း စိတ်မကောင်းဖြစ်သွားရသည်။
ဝူယွီရွှမ်းက မြို့ထဲမှာ အလုပ်လုပ်ရမည့် အခွင့်အရေးကို လက်လျှော့ကာ မြစ်အောက်ပိုင်းရွာကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရွာကိုသာ ပြန်လာပြီး အလုပ်လုပ်ခဲ့သည်။ သူမ၏အိပ်မက်က သေးငယ်သော်လည်း ရွှီဖန်းမျက်လုံးထဲမှာတော့ ဒီအလုပ်က လူအများ အိပ်မက် မမက်ရဲသည့်အလုပ်ဖြစ်ကာ ကြီးမြတ်လှသည်။
သို့သော် သူနှင့် ပက်သတ်မိ၍ သူမအိပ်မက်တစ်ခုလုံး မစခင်မှာ အရင်ချနင်းခံရတော့မည်။
ဤကိစ္စက ကြီးကြီးမားမားမဟုတ်သော်ငြား အန္တရာယ်ရှိနေပြန်သည်။ ရှောင်းချောင်လို အရိုင်းအစိုင်းသာဆိုလျှင် သူမစကားတစ်ခုခုပြောလိုက်သည်နှင့် ဝူယွီရွှမ်းကို အုပ်ချုပ်ရေးမှူးရာထူးမှ ဖြုတ်ရန် မခက်ခဲပေ။
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ ယွီရွှမ်းလက်လေးကို ဖျစ်ညှစ်လိုက်သည်။
"ယွီရွှမ်း အချိန်ကျလာရင် ငါ့အပေါ် အပြစ်ပုံကျလိုက်...အဲ့ဒီပိုက်ဆံတွေက ငါမင်းကို ပေးခိုင်းတာပဲ ဟုတ်ပြီနော်"
ရွှီဖန်းထံ၌ သူမအိပ်မက်ကို ဖြည့်ဆည်းပေးဖို့ရန် စွမ်းရည်မရှိရင်တောင်မှ သူ့ကြောင့်နဲ့တော့ သူမအိပ်မက်ကို မပျက်စီးစေရပေ။
"မလုပ်ဘူး!"
သို့သော်ငြား ဝူယွီရွှမ်းက ရွှီဖန်း၏ဆုံးဖြတ်ချက်ကို ချက်ချင်း ငြင်းပယ်လာသည်။
ရွှီဖန်းလက်ထဲက သူ့မလက်ကို ပြန်ဆွဲယူကာ ရှက်ရှက်ဖြင့် ပြုံးလိုက်သည်။
"ရွှီဖန်း ဒီလိုအရာမျိုးကို လုပ်ဖို့ မလိုအပ်ပါဘူး...စိတ်မပူပါနဲ့၊ ပြဿနာလာရှာရင်လည်း ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်"
"နင်ပြောသလိုတော့ ငါလုပ်မှာမဟုတ်ဘူး"
ဝူယွီရွှမ်းက စကားပြောပြီးသည်နှင့် ပူပန်မှုကင်းနေသလိုမျိုး ပြုံးပြလာသည်။ သို့သော်ငြား သူမနှင့် ရင်းနှီးကျွမ်းဝင်သော ရွှီဖန်းကမူ သူမက အတင်း သတ္တိရှိဟန်ဆောင်နေမှန်း သိသည်။
ဒါတွေအားလုံးက ရှောင်းချောင်ကြောင့်ပင်။ ရွှီဖန်း လက်သီးတင်းတင်းဆုပ်ကာ သူမကို နှစ်ဆ ပြန်ခံစားစေရမည်ဟု သူ့ကိုယ်သူ ကျိန်ဆိုလိုက်သည်။
"ရွှီဖန်း နင်သာ မြွေစိမ်းဂိုဏ်းကို ဆန့်ကျင်မယ်ဆိုရင် ခရိုင်တစ်ခုလုံးက ဘယ်သူကမှ ရန်ပုံငွေမပေးရဲတော့မှာပဲ ကြောက်မိတယ်၊ လမ်းပြင်ဖို့အတွက် တခြား စီစဥ်ထားတာရှိသေးလား"
ဝူယွီရွှမ်းသည် ရွှီဖန်း၏လက်ရှိအခြေအနေအား နားလည်လေသည်။ အချိန်တိုအတွင်းမှာ လမ်းပြင်
ရန်အတွက် သူ သေချာပေါက်ကို တတ်နိုင်မည်
မဟုတ်ချေ။ ဒါ့အပြင် မြွေစိမ်းဂိုဏ်းကိုလည်းဆန့်ကျင်ထားသေးသည်။
"စိတ်မပူပါနဲ့"
ဝူယွီရွှမ်းက စိတ်ပူနေသော်ငြား ရွှီဖန်းက ရယ်ပြလာသည်။ သူမ၏ ပဟေဠိအကြည့်အောက်မှာ သူပြောလိုက်သည်။
"စောင့်ကြည့်နေလိုက်ပါ၊ သုံးရက်အတွင်း လမ်းပြင်ဖို့ ပိုက်ဆံတွေ ငါအကုန်စုဆောင်းလာမယ်"
"ဒါက.."
ထိုအခိုက်အတန့်မှာ ရွှီဖန်းက ယုံကြည်ချက်ရှိနေပုံပေါ်ကာ ကြီးကြီးကျယ်ကျယ်ပြောနေခြင်းမဟုတ်ပေ။ သို့သော်ငြား သုံးရက်အတွင်း သန်းပေါင်းများစွာကို ရှာလာမယ်ဆိုတာက နည်းနည်းတော့ ဝင့်ဝါလွန်းသည်။
မြွေစိမ်းဂိုဏ်းကိုဆန့်ကျင်ထားခဲ့တာကို ဖယ်ကြည့်မယ်ဆိုရင်တောင်မှ အခုမှ ခရိုင်မှာ ဖွင့်ထားသည့် သစ်သီးဆိုင်လေးကနေ သုံးရက်အတွင်း သန်းပေါင်းများစွာ ရှာဖို့က မဖြစ်နိုင်ပေ။
"ရွှီဖန်း လမ်းပြင်ဖို့ကို ခဏမေ့ထားရင်ရော ဘယ်လိုလဲ"
ရွှီဖန်းအား စိုးရိမ်ပူပန်စွာကြည့်ရင်း ခဏမေ့ထားရန် သူမတိုက်တွန်းမိသည်။
ဒီကိစ္စအတွက်က မျှော်လင့်ချက်မရှိပေ။ သူတို့သာ ဆက်လုပ်နေပါက ရွှီဖန်းကိုသာ နှိပ်စက်သလိုဖြစ်နေလိမ့်မည်။
"ဒီကိစ္စကို ဒီအတိုင်းလက်လွှတ်လိုက်ဖို့ မဖြစ်နိုင်ဘူး"
ရွှီဖန်းသည် လက်သီးဆုပ်လျက် ယုံကြည်ချက်ရှိစွာ ပြောခဲ့သည်။
မြစ်အောက်ပိုင်းရွာသို့ ပြန်လာသည့်လမ်း၌ ပိုက်ဆံဘယ်က ရှာရမလဲဆိုတာကို တစ်လမ်းလုံးတွေးခဲ့သည်။
နှစ်ဆပြန်ခံစားစေရမယ်လို့ ရှောင်းချောင်ကို သူပြောခဲ့သည့်အတိုင်း သူမပါးစပ်ထဲမှ ပိုက်ဆံကိုပဲ ရအောင်ယူမှာဖြစ်သည်။
ဝူယွီရွှမ်းနှင့်စကားတချို့ပြောပြီးနောက် ရွှီဖန်းလည်း ရပ်ရွာကော်မတီမှ ထွက်လာခဲ့ကာ သူ့အိမ်သို့ မောင်းပြန်လာခဲ့သည်။
ဒီရက်တွေထဲမှာ ဆိုင်ကို ဂရုစိုက်ရန်အတွက် သူအိမ်ကို နောက်ကျမှ ပြန်လာတတ်ကာ သူရောက်သည့်အချိန်ဆို ကောင်းကင်လည်း မှောင်နေလေပြီ။ ဒါက အရင်က မရှိခဲ့ဖူးသော ဖြစ်ရပ်ပင်။
"ကောကော ဘာလို့ပြန်လာတာလဲ"
ရွှီရှို့ရှို့က ခြံထဲတွင် ဘူးသီးခုနစ်လုံးဖြင့်ဆော့ကစားနေသည်။ ရွှီဖန်း အစောကြီးပြန်လာသည်ကိုမြင်သည့်အခါ သူမ အံ့အားတကြီး မေးလိုက်သည်။
"ဆိုင်မှာ ဘာမှလုပ်စရာမရှိတော့လို့ အရင်ပြန်လာခဲ့တာ"
ရွှီဖန်းက သာမန်ကာလျှံကာပဲ ရှင်းပြခဲ့သည်။ သူဆောင့်ကြောင့်ထိုင်ကာ ဘူးသီးခုနစ်လုံးအား လက်ခုပ်တီး၍ အနားကိုခေါ်လိုက်သည်။
ဒီခွေးပေါက်လေးခုနစ်ကောင်က ကောင်းကင်နတ်ခွေး စိတ်လိုက်မာန်ပါလုပ်ရာကနေ ရလာသည့် အပြစ်ဒဏ်လေးများပင်။ သူ့ညီအစ်ကို၏အနာဂါတ် ပျော်ရွှင်ရေးအတွက် အာ့လန်ရှန်းသည် တိတ်တဆိတ်ပစ်ချ၍ သူတို့ကို စောင့်ရှောက်ပေးရန် ရွှီဖန်းကို အကူအညီတောင်းခဲ့သည်။
ကောင်းကင်ဘုံနန်းတော်နှင့် လူ့ပြည်ကြားမှ စိတ်
စွမ်းအင်များက ကွာခြားလွန်းသည်။ ညီမဖြစ်သူက သူတို့လေးတွေကို နေ့တိုင်းအစာကျွေးပြီး ဆော့ကစားပေးတာတောင်မှ သူ့ဒူးအထက် နည်းနည်းလေးသာ ကြီးလာသေးသည်။
အိမ်မှာဆိုလျှင် ဒီဘူးသီးခုနစ်လုံးက ညီမဖြစ်သူပျော်ရွှင်စေရန်အတွက် ချစ်ဖို့ကောင်းအောင် လှိမ့်နေတတ်ကြသည်။
အစပိုင်းမှာတော့ ဒီလာဘ်ကောင်လေးခုနစ်ကောင်က ကောင်းကင်နတ်ခွေး၏ မျိုးရိုးသွေးကို ဖျက်ဆီးပစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ချန်ကျင်းရှန်တို့သားအဖနှစ်ယောက်အား သေးပေါက်ချမိသည်အထိ ခြောက်နိုင်တာမြင်တော့ သူလည်း ချက်ချင်း စိတ်
ပြန်ပြောင်းသွားရသည်။
ကောင်းကင်ဘုံနန်းတော်က ကပြားခွေးတွေဆိုရင်တောင်မှ သာမာန်မဖြစ်နိုင်ချေ။
ထိုအခိုက်အတန့်၌ ဘူးသီးခုနစ်လုံး၏ ထက်ရှသော ခြေသည်းလက်သည်းများနှင့် သွားများအား စစ်ဆေးကာ သူတွေးတောမိသည်။
ရှောင်းချောင်မှာ ခွေးတွေကိုပျိုးထောင်သည့်နည်းလမ်းရှိလေသည်။ ကောင်းကင်ဘုံကခွေးတွေနဲ့ဆိုရင် သူမခွေးတွေ အကိုက်ခံရနိုင်မလား။
ရှောင်းချောင်က ခွေးတိုက်ပွဲ ပြိုင်ပွဲကွင်းတစ်ခု ဖွင့်ထားကြောင်းကို အားတန်ပြောပြခဲ့သည်အခါ သူ ဒီအတိုင်းထိုင်မနေခဲ့ဘဲ ခွေးတိုက်ပွဲအကြောင်း စုံစမ်းခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရရလျှင် ခွေးတိုက်ပွဲသည် သားရဲများကြားက အလောင်းကစားပွဲအတိုင်းပင်။ ခွေးတိုက်ပွဲမှတဆင့် လောင်းကြေးချခြင်းပင်။
ခွေးတွေကိုပျိုးထောင်နိုင်စွမ်းရှိသည့်လူများက ခွေးတိုက်ပွဲမှာ ဝင်ပြိုင်ကြကာ အနိုင်ရရှိပါက လောင်းကြေးငွေအားလုံကို ရနိုင်လေသည်။
ရွှီဖန်းလက်ထဲ၌ ယွမ်သိန်းများစွာ ကျန်နေသေးသော်လည်း ဒီပမာဏဖြင့် လမ်းပြင်ရန်မလောက်ပေ။ သို့သော်ငြား ရှောင်းချောင်၏ခွေးတိုက်ပွဲမှာ ဝင်ပြိုင်
ရန်အတွက် လုံလောက်သည်ထက်ပင်ပိုလေသည်။
"ဒီညများများစားထားကြ၊ မနက်ဖြန်ကျရင် ငါ့ကိုကူညီဖို့ မင်းတို့ကိုပဲ ယုံစားရတော့မှာ၊ အဲ့ဒီအချိန်ကျရင် မင်းတို့ကို ကြက်ခြေထောက်အများကြီး ကျွေးမယ်"
ကောင်းကင်ဘုံနန်းတော်မှ ဤရတနာလေး ခုနစ်
ကောင်အပေါ်၌ ရွှီဖန်း ယုံကြည်လေသည်။ သူတို့လေးတွေက သူ့စိတ်ထဲမှာ နေရာယူထားပြီးပြီဖြစ်လို့ အချိန်ကျလာရင် ထိုက်တန်တာထက် ပိုလုပ်ပေးရမည်။
အချိန်သိပ်မကြာလိုက်ဘဲ ဒုတိယနေ့သို့ ရောက်ရှိလာလေပြီ။
မနက်ပိုင်းမှာ အိပ်ရာမှထ၍ အနောက်တောင်မှ ရင့်
မှည့်နေသော သစ်သီးများကို ခူးကာ သုံးဘီးနောက်တွဲသို့ ထည့်ပြီး ခရိုင်မြို့တော်ကိုမောင်းလာခဲ့သည်။
အရင်ကနှင့်မတူသည်က သစ်သီးများအပြင် နှစ်လိုဖွယ်ကောင်းသည့် အသွင်အပြင်များ ပိုင်ဆိုင်ထားသော ခွေးလေးတစ်ကောင်ပါ လိုက်ပါလာခြင်းပင်။
သာမာန်ခွေးဖြင့်ဆင်နေသော်ငြား ကောင်းကင်ဘုံနန်းတော်မှ လူ့ပြည်သို့ခုန်ဆင်းလာသည့် ဤခွေးလေးသည် ရှောင်းချောင်ကို အနိုင်ယူရန်အတွက် သူ၏ ဝှက်ဖဲဖြစ်သည်။
"အစ်ကိုရွှီဖန်း ဘာလို့ခွေးယူလာတာလဲ"
ခရိုင်မြို့တော်သို့ရောက်သည့်အခါ အားတန်သည် သစ်သီးများသယ်ရန်အတွက် ဆိုင်ရှေ့ထွက်လာခဲ့သည်။ ရွှီဖန်းခြေထောက်နားမှ ခွေးလေးကို ကြည့်၍ သူမျက်မှောင်ကြုတ်လိုက်မိသည်။
"အားတန် ငါတစ်ခုလောက်မေးဦးမယ်"
"အာ...ဘာကိစ္စလဲဗျ"
ရွှီဖန်းက ပြုံးလျက်ပင်။
"ရှောင်းချောင်ရဲ့ ခွေးတိုက်ပွဲကွင်းပြင်က ဘယ်မှာလဲသိလား"
"မဟုတ်မှလွဲရော"
ရွှီဖန်းမေးခွန်းအား ကြားသည့်အခါ အားတန်သည် သူ့ခြေထောက်နားမှ ချစ်ဖို့ကောင်းသည့်ခွေးလေးအား အလိုလိုကြည့်မိသွားသည်။
*ငါ့သူဌေးက ရှောင်းချောင်ရဲ့ခွေးတိုက်ပွဲမှာ ဒီခွေးလေးတွေကို မှီခိုပြီး ပိုက်ဆံရှာဖို့ စိတ်ကူးယဥ်နေတာတော့ မဟုတ်ဘူးမလား*
အားတန်မှာ နေရခက်စွာ ရယ်မော၍ မနေနိုင်မထိုင်နိုင် မေးမိသည်။
"အစ် အစ်ကိုရွှီဖန်း အခုထိ အိပ်ချင်မူးတူးဖြစ်နေတာလား"
****************