အခန်း (၂၄၆၁-၂၄၆၃)
Vol. 101 Ch. 2461-2463
အပိုင်း (၂၄၆၁)
ရန်ကိုင် သူတို့အား လွှတ်ပေးလိုက်ပြီဟု ထင်သွားကာ ကျန်းဟောင်နှင့် အခြားသူများ ဝမ်းသာအားရ ဖြစ်သွားကြလေသည်။ ထို့အတွက်ကြောင့် ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်နိုင်ရန်အတွက် အရှိန်ကို တင်လိုက်ကြလေ၏။ သူတို့အားလုံး ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် သူ့လက်အား တင်းတင်းဆုပ်ချလိုက်လေသည်။
ချက်ချင်းဆိုသလို ပွင့်နေသော ဟင်းလင်းပြင်အက်ကြောင်းမှာ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြန်ပိတ်သွားခဲ့လေ၏။
အလစ်အငိုက်ဖြစ်သွားသည့် အတွက်ကြောင့် အမည်မသိရသည့် ကျင့်ကြံသူနှစ်ဦးမှာ နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရလေသည်။ သွေးများ ပန်းထွက်လာခဲ့ရပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများလည်း ပြန့်ကျဲထွက်သွားခဲ့သည်။ ထိုကျင့်ကြံသူနှစ်ဦးစလုံး၏ အရှိန်အဝါမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။ အခြားတစ်ဖက်တွင်တော့ ကျန်းဟောင်မှာ အချိန်မီ နောက်ပြန်ဆုတ်နိုင်ခဲ့သည့် အတွက်ကြောင့် အက်ကွဲကြောင်းထဲသို့ မရောက်လိုက်ဘဲ သေဘေးမှ ကပ်သီလေး လွတ်မြောက်လာနိုင်ခဲ့လေ၏။
ဟန်ချက်ညီအောင် ထိန်းပြီးသည့်နောက်တွင် ကျန်းဟောင်သည် အလောင်းနှစ်လောင်းအား အကြောက်မပြေသေးသည့် အမူအယာဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရန်ကိုင့်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “မင်း… မင်း တကယ်ကြီး ငါတို့ကို သတ်ချင်နေတာလား…”
ရန်ကိုင်က ကျန်းဟောင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ “ဒီသခင်လေးကို ရန်စလိုက်တဲ့ ဘယ်သူမှ အဆုံးသတ်ကောင်းလေ့မရှိဘူး…”
“မင်း သိပ်ပြီး မောက်မာလွန်းမနေနဲ့… ငါ ကျန်းဟောင်က ဗြဟ္မာကုန်းမြေရဲ့ တော်ဝင်သားတော်တစ်ယောက်ကွ… ငါမင်းကို ကြောက်မယ်ထင်နေတာလား…” ကျန်းဟောင်သည် ရဲဆေးတင်၍ ပြန်အော်ပြောလိုက်လေသည်။
ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ပြန်ပြောလိုက်လေ၏။ “မင်းပြောလို့ပြီးပြီလား…”
ကျန်းဟောင် ကြောင်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “မင်း ဘာလုပ်ချင်နေတာလဲ…”
“ပြောလို့ပြီးသွားရင် မင်းသွားလို့ရပြီ…” ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်းလျက် ဟင်းလင်းပြင်စီးကြောင်းများကို ကျန်းဟောင်ဆီသို့ ပို့လွှတ်လိုက်လေသည်။ ဟင်းလင်းပြင်စီးကြောင်းများ၏ လွှမ်းခြုံခြင်း ခံလိုက်ရသည့်အခိုက် ကျန်းဟောင်မှာ တစ်ချက်ကလေးမှပင် လှုပ်မရတော့ချေ။
ထိုအချင်းအရာကိုမြင်သော် ကျန်းဟောင်မှာ အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်၍ ဟင်းလင်းပြင်စီးကြောင်းများလက်မှ ရုန်းထွက်ရန် ကြိုးစားခဲ့ပါသော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ ရုန်းမထွက်နိုင်ခဲ့ဘဲ ဟင်းလင်းပြင်စီးကြောင်းများထဲသို့ပင် ပိုပို၍ နစ်ဝင်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်လာပြီး ရန်ကိုင့်အား ကြည့်ရင်း ကတုန်ကယင်လေသံဖြင့် တောင်းပန်တိုးလျှိုးလိုက်လေသည်။ “ငါ့ကို သွားခွင့်ပေးပါကွာ… မင်း ဘာပဲ တောင်းဆိုတောင်းဆို ဖြည့်ဆည်းပေးပါ့မယ်… ငါ့ဝိဉာဉ်အမှတ်အသားကို လိုချင်တယ်ဆိုရင်တောင် ငါပေးပါ့မယ်ကွာ…”
သူ့ဝိဉာဉ်အမှတ်အသားကိုသာ ပေးလိုက်မည်ဆိုပါက သူသည် ရန်ကိုင်ပြုသမျှနုသမျှ အဖြစ်သို့ ရောက်သွားရပေလိမ့်မည်။ တစ်နည်းဆိုရသော် ကျန်းဟောင်သည် ရန်ကိုင့်၏ကျွန် ဖြစ်လာရပေတော့မည်။ သို့သော်ငြား ဤကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်နှင့် ကြုံနေရသော် ကျန်းဟောင်မှာ ထိုကဲ့သို့သော အရာမျိုးကို ဘာကြောင့်များ အရေးစိုက်နိုင်ပါဦးမည်နည်း။ သူ့စိတ်ထဲ အသက်ရှင်ချင်စိတ်တို့ဖြင့်သာ ပြည့်နေလေ၏။
“မင်းခွန်အားက အရမ်းနိမ့်လွန်းတယ်… မင်းကို အသက်ရှင်လျက်ထားလည်း ငါ့အတွက် ဘာမှ အသုံးဝင်မှာမဟုတ်ဘူး…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်မှ သူ့လက်ကိုမြှောက်လိုက်ရာ လေဟာနယ်နိယာမစွမ်းအားများ စတင်၍ လှုပ်ရှားလာကြလေသည်။ ရုတ်တရက် ကျန်းဟောင်ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ထွက်ပေါ်လာခဲ့လေ၏။
“ငါ့ခွန်အားက အရမ်းနိမ့်လွန်းတယ်…” ကျန်းဟောင် မင်သက်သွားခဲ့လေသည်။ သူ့ဘဝတွင် မည်သူမျှ သူ့အား ဤကဲ့သို့ မပြောခဲ့ဖူးပေ။ ရန်ကိုင်သည်လည်း သူ့ကဲ့သို့ပင် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ အဆင့်တူခြင်းဖြစ်သည့်တိုင် ထိုကောင်သည် သူ့အား သူ့ခွန်အားမှာ အလွန်ကိုမှ နိမ့်ကျလွန်းသည်ဟု ပြောနေခဲ့သည်။
ကျန်းဟောင်မှာ ရှက်ရှက်ဖြင့် ဒေါသထွက်လာပြီး သွေးရူးသွေးတမ်းဖြင့် အော်ပြောလိုက်လေသည်။ “ငါသေရင် မင်းကိုပါအပါ ခေါ်သွားမယ်ကွ…”
ထိုသို့ပြောပြီးနောက် မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီများမှာလည်း ကသောင်းကနင်း ဖြစ်လာကြလေသည်။ တစ်ချိန်တည်းတွင် အန္တရာယ်များသည့် အရှိန်အဝါတစ်ရပ် ကျန်းဟောင်ဆီမှ ဖြာထွက်လာခဲ့လေ၏။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်မျက်နှာပျက်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ကိုယ့်ကိုယ်ကို ဖောက်ခွဲချင်နေတာလား… စဉ်းတောင်မစဉ်းစားနဲ့…”
“ရွှစ် ရွှစ် ရွှစ်…”
ကျန်းဟောင်အနားတွင် ရှိနေသော မရေမတွက်နိုင်အောင် များပြားလွန်းလှသည့် ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာ ကျန်းဟောင်ဆီသို့ တစ်ခုပြီးတစ်ခု ပြေးဝင်သွားခဲ့လေသည်။
ဖြတ်တောက်သံများစွာနှင့်အတူ ကျန်းဟောင်၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ကြလေသည်။ သူ့မျက်လုံးများမှာလည်း တဖြည်းဖြည်းနှင့် အရောင်အစင်းကင်းမဲ့သွားခဲ့ပြီး နောက်ဆုံးတွင် ကျန်းဟောင်ဆီမှ အသက်စွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့လေ၏။ သူ့ဆီမှ ဖြာထွက်နေသည့် အန္တရာယ်များသည့် အရှိန်အဝါမှာလည်း တမုဟုတ်ချည်း ငြိမ်းသေသွားခဲ့ရလေသည်။
တစ်ခဏအကြာတွင် ကျန်းဟောင်ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပြီး ဟင်းလင်းပြင်အနှံ့ လွင့်စင်ထွက်သွားခဲ့လေ၏။
ရန်ကိုင်သည် ကျန်းရှန်တောင်းဆိုပေးသည့်အတိုင်း ကျန်းဟောင်အား တစ်စစီ လုပ်ပစ်ပြီးသွားလေပြီ။
ကျန်းဟောင်သေသွားသည့်နောက်တွင် သူပိုင်ဆိုင်ထားသည့် ခြောက်ထောင့်ပုံစံ ကြယ်စည်းတံဆိပ်မှာ ရန်ကိုင့်လက်ခုံထဲသို့ တိုးဝင်လာကာ ခုနှစ်ထောင့်ပုံစံကြယ်စည်းတံဆိပ်၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။
ကျန်းဟောင်ကို သတ်ပြီးသည့်အခါမှသာ ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။ ညစ်နေသော သူ့စိတ်ကလေး ယခုမှသာလျှင် အတော်လေး သက်သာရာ ရသွားတော့လေသည်။
ကျန်းဟောင်ကို သတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုနေရာတွင်ရပ်လျက် ယင်လဲ့ရှန်းပြောပြခဲ့သည့် အကြောင်းအရာကို သေချာပြန်စဉ်းစားကြည့်နေခဲ့လေသည်။
ရှောင်ရှောင် ထိုနေရာဆီသို့ တကယ်ကြီး သွားခဲ့လေသလော။
သို့သော်ငြား ထိုနေရာသို့ သွားသည်နှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးတို့ ရှိပေသည်။ ရန်ကိုင်သည် အခြားသောကျင့်ကြံသူများမှ ရှောင်ရှောင်အား လိုက်လံတိုက်ခိုက်မည်ကို အမြဲတစေစိုးရိမ်ခဲ့ရသည်။ သို့သော်ငြား ရှောင်ရှောင်သာ ထိုနေရာဆီသို့ သွားပါက ရန်ကိုင့်အနေဖြင့် ထိုပြဿနာကို စိုးရိမ်စရာ လိုတော့လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ထိုနေရာတစ်ခုလုံးမှာ အန္တရာယ်ပေါင်းစုံနှင့် ပြည့်နေသည့်အတွက်ကြောင့် ရှောင်ရှောင်၏လုံခြုံရေးကိုလည်း စိတ်ပူရပြန်လေသည်။
(ကြည့်ရတာ ငါကိုယ်တိုင် အရှေ့ဘက်နယ်မြေကို သွားမှ ရတော့မယ်နဲ့တူတယ်…)
ကြယ်ပျက်ပင်လယ် ပြန်ပိတ်သွားပြီးသည့်နောက်ပိုင်း ရန်ကိုင်သည် အရှေ့ဘက်နယ်မြေသို့ သွားကာ ရှောင်ရှောင်ကိုရှာရန် ဆုံးဖြတ်လိုက်လေသည်။
ထိုသို့ဆုံးဖြတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်ထဲတွင် ရှိနေသော တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်း ပေါ်လာစဉ်က ကျင့်ကြံသူပေါင်းများစွာ ရှိနေခဲ့ကြလေသည်။ ထိုကျင့်ကြံသူပေါင်းများစွာမှာ တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ ပြေးလိုက်လာရင်း အသက်ပျောက်ကုန်ကြကာ ယခုဆိုလျှင် ရန်ကိုင်တစ်ဦးတည်းသာ ကျန်ရှိတော့လေ၏။
ယွမ်တင်းမဟာဧကရာဇ်သည် တောင်နဲ့မြစ်ခေါင်းလောင်းကြောင့် မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်ဟု ချီဟိုင်ပြောပြခဲ့ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည်သာ တောင်နဲ့မြစ်ခေါင်းလောင်းကို သန့်စင်နိုင်မည်ဆိုပါက ကြယ်ပျက်ပင်လယ်သို့ လာရသည့်ခရီး ထိုက်တန်သည်ထက် ပိုသွားပြီဟုပင် ပြော၍ရပေသည်။
သို့သော်ငြား ဤကဲ့သို့သော မှော်ရတနာတစ်ခုကို သန့်စင်ရန်အတွက် လွယ်ကူပါမည်လား။ ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား မည်ကဲ့သို့ သန့်စင်ရမလဲဆိုသည်ကို မသိသည့်အတွက်ကြောင့် ချီဟိုင်ပြောပြသည့်နည်းလမ်းကိုသာ ကြိုးစားရတော့လေသည်။
ယွမ်တင်းမဟာဧကရာဇ်သည် တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံ ရှစ်ဆယ့်တစ်ချက်တိတိကို ခုခံခဲ့ပြီးသည့်နောက် မှော်ရတနာစိတ်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပေသည်။ ထိုသို့ဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းအား ရှေးဟောင်းတောအုပ်ထဲမှ ယူထုတ်လာနိုင်ခဲ့လေ၏။ ရန်ကိုင်သည်လည်း ယွမ်တင်းမဟာဧကရာဇ်လုပ်ခဲ့သည့် နည်းလမ်းအတိုင်း လုပ်ရပေတော့မည်။
ထိုသို့စဉ်းစားပြီးသော် ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေသည်။
ဘာကြောင့်မှန်းမသိ တောင်နဲ့မြစ်ခေါင်းလောင်းသည် ယခင်ကဲ့သို့ တောက်ပနေခြင်းမရှိတော့ချေ။ ၎င်း၏မျက်နှာပြင်ထက်တွင် ကူးကလန်ခတ် သွားလာနေသော ဆန်းကြယ်နက်နဲလှသည့် ရုန်းအက္ခရာများသည်ပင်လျှင် ပျောက်ချင်းမလှ ပျောက်ကွယ်နေခဲ့လေ၏။ ယခုနေသာ တောင်နဲ့မြစ်ခေါင်းလောင်းအား လမ်းဘေးတစ်ဖက်တစ်ချက်ပေါ် ပစ်ချထားလိုက်မည်ဆိုလျှင် မည်သူမျှ ဤခေါင်းလောင်းသည် ယွမ်တင်းမဟာဧကရာဇ်အား မဟာဧကရာဇ်တစ်ပါးဖြစ်လာအောင် လုပ်ပေးခဲ့သည့် အဖိုးတန်ရတနာတစ်ပါး ဖြစ်လိမ့်မည်ဟု ယုံကြည်လိမ့်မည် မဟုတ်ချေ။ လက်ရှိ တောင်နဲ့မြစ်ခေါင်းလောင်းသည် သာမန်ခေါင်းလောင်းလေးတစ်လုံးပုံစံသာ ပေါက်နေခဲ့လေ၏။
သို့သော်ငြား ထိုတောင်နဲ့မြစ်ခေါင်းလောင်းသည် ရန်ကိုင့်အား ၎င်းအား သွားရောက်နှောက်ယှက်လိုက်ပါက အချိန်မရွေး ထသောင်းကျန်းနိုင်သည့် အိပ်ပျော်နေသော နဂါးတစ်ကောင်၏ ခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။
တစ်ခဏအကြာတွင် ရန်ကိုင် တောင်နဲ့မြစ်ခေါင်းလောင်းရှေ့သို့ ရောက်လာခဲ့လေသည်။ သို့ရာတွင် တောင်နဲ့မြစ်ခေါင်းလောင်းမှာ ငြိမ်သက်စွာသာ ရှိနေလေ၏။
ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးသည့်နောက် တောင်နဲ့မြစ်ခေါင်းလောင်းကို သူ့လက်ဖြင့် သွားထိလိုက်လေ၏။
ရန်ကိုင်မှ သူ့လက်အား တောင်နဲ့မြစ်ခေါင်းလောင်းနှင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် မြေကမ္ဘာတုန်ဟည်းဖွယ်ရာ အသံတစ်သံ ရန်ကိုင့်စိတ်ထဲ ပဲ့တင်ထပ်သွားခဲ့လေသည်။ ထိုရှေးဟောင်းဆန်သည့် အရှိန်အဝါများဖြင့် ပြည့်နေသော အသံသည် ရန်ကိုင့်ခေါင်းတစ်ခုလုံးအား မူးဝေသွားစေခဲ့လေသည်။ ရန်ကိုင့်ခမျာ သူ့ကိုယ်သူ ကျောက်ခေတ်သို့ ပြန်ရောက်သွားသလားဟုပင် ထင်သွားခဲ့ရလေ၏။
အသံကို ကြားပြီးသည့်နောက်တွင် ရန်ကိုင့်စိတ်ထဲ ရှင်းပြမရသော မြင်ကွင်းအဖုံဖုံ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထိုမြင်ကွင်းများထဲ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ပြိုကျပျက်စီးနေသည့် မြင်ကွင်းများ၊ အာကာသလေမုန်တိုင်းများ တိုက်ခိုက်နေသည့် မြင်ကွင်းများ၊ ဆူနာမီလှိုင်းလုံးများ ကုန်းမြေတစ်ခုလုံးအား ရိုက်ခတ်နေသည့်မြင်ကွင်းများ ပါရှိနေခဲ့လေသည်။
မိုးထိမတတ်အောင် မြင့်မားလှသော ထွားကျိုးသန်မာသည့် လူ့ဘီလူးကြီးများ လမ်းလျှောက်နေသည့် မြင်ကွင်းများကိုလည်း မြင်တွေ့နေရလေ၏။ လူ့ဘီလူးကြီးများ ရောက်လာသည့်နေရာတိုင်းတွင် ရှိနေသော သက်ရှိအားလုံး အခြားတစ်နေရာသို့ ထွက်ပြေးကုန်ကြလေသည်။
တောင်နဲ့မြစ်များကို လှန်လိုလှန် မှောက်လိုမှောက် လုပ်နိုင်သည့် ကျင့်ကြံသူများလည်း ရှိနေကြလေ၏။ ထိုကျင့်ကြံသူများသည် မြေလျှိုးမိုးပျံကာ သွားလာနိုင်ကြပေသည်။ ထို့အပြင် သူတို့၏ အလွန်ကိုမှ အားကောင်းလှသော စွမ်းရည်များကို ထုတ်သုံးလျက် ကြုံလာရသည့် ဘေးအန္တရာယ်အသွယ်သွယ်ကို ပြန်လည်တိုက်ခိုက်ရင်း အသက်ရှင်နိုင်ရန် ကြိုးစားနေကြလေ၏။
မရေမတွက်နိုင်သော နတ်သားရဲများသည်လည်း တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်သတ်ဖြတ်ကြရင်း နယ်မြေများကို လုယက်နေကြလေသည်။ ထိုသားရဲများ တိုက်ခိုက်ကြသည့်အခါ မြေပြင်တစ်ခုလုံး အက်ကွဲကုန်ပြီး ကောင်းကင်တစ်ခုလုံးလည်း ဗြောင်းဆန်ကုန်ရလေသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် အဖျက်မီးတောက်တို့ဖြင့် လောင်ကျွမ်းနေခဲ့လေ၏။ ဤသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်း နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားခဲ့လေသည်။
ရန်ကိုင်မှာ တောင်တစ်လုံးဖြင့် ဆောင့်ရိုက်ခြင်း ခံလိုက်ရသည့်အလား နာကျင်စွာငြီးတွားရင်း သွေးတစ်ပွက်အန်ထုတ်လျက် မီတာတစ်သောင်းကျော်အကွာသို့ လွင့်စင်ထွက်သွားခဲ့လေ၏။ ထို့နောက်မှသာလျှင် ဟန်ချက်ပြန်ထိန်းလိုက်နိုင်လေသည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင့်မျက်နှာတစ်ပြင်လုံး စက္ကူဖြူတစ်ရွက်နှယ် ဖြူဆွတ်နေခဲ့ပြီး သူ့အရှိန်အဝါမှာလည်း ကသောင်းကနင်း ဖြစ်နေခဲ့လေသည်။
ခြေငြိမ်အောင် ရပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ချက်ချင်းကို တင်ပျဉ်ခွေ ထိုင်ချလျက် သူ့ဒဏ်ရာများကို ပြန်လည်ကုသလိုက်လေသည်။
သူ့ဝိဉာဉ် ဒဏ်ရာရသွားသည့်အတွက်ကြောင့်လားမသိ သူ့ခေါင်းတစ်ခုလုံးမှာ မခံမရပ်နိုင်အောင်ကို ကိုက်ခဲနေခဲ့လေသည်။ ရန်ကိုင့်နေရာတွင်သာ အခြားတစ်ယောက်ဆိုပါက ဤဒဏ်ရာများကို အလွယ်တကူ ကုစားနိုင်လိမ့်မည်မဟုတ်ချေ။ သူတို့၏ဝိဉာဉ် တဖြည်းဖြည်းခြောက်ကပ်ကာ သေသွားရမည့်အချိန်ကိုသာ ထိုင်စောင့်နေရပေလိမ့်မည်။ မဟာရတနာတစ်ပါးဖြစ်သော ဝိဉာဉ်ကြာပန်းကို ပိုင်ဆိုင်ထားသည့် ရန်ကိုင်ပင်လျှင် ထိုဒဏ်ရာများကို အလွယ်တကူ ပြန်လည်မကုသနိုင်ပေ။
ထိုမျှသာလျှင် မဟုတ်သေးဘဲ တောင်နဲ့မြစ်ခေါင်းလောင်း အသံလှိုင်း ထွက်ပေါ်လာရာမှတစ်ဆင့် ထူးဆန်းသည့်စွမ်းအင်တစ်မျိုးလည်း သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာကြောင်းကို ရန်ကိုင် သတိထားမိသည်။ ထိုစွမ်းအင်မှာ ဝိုးတိုးဝါးတားနှင့် ဆန်းကြယ်နက်နဲလှပေသည်။ သို့သော်ငြား သူ့အား အန္တရာယ်ပြုမည့်ပုံတော့မပေါ်။ ထို့အစား ထိုစွမ်းအားဆီမှ ဆန်းကြယ်၍ မပီမပြင်သည့် ခံစားချက်တစ်မျိုးကို ရနေခဲ့လေ၏။
ထိုထူးဆန်းသောစွမ်းအင်ကို သန့်စင်ရန်နှင့် သူ့ဝိဉာဉ်ကို ပြန်လည်ကုသရန်အတွက် အချိန်ဆယ်ရက်တိတိ ရန်ကိုင် ယူလိုက်ရလေသည်။ ဒဏ်ရာများမှ ပြန်လည်သက်သာပြီးသလို ထူးဆန်းသောစွမ်းအင်ကိုလည်း သန့်စင်ပြီးသည့်နောက် အကျိုးအမြတ်တစ်ခုခု ရရှိလိုက်သည်ဟု ရန်ကိုင်ခံစားလိုက်ရသည်။ မည်ကဲ့သို့သော အကျိုးအမြတ်အား ရခဲ့သလဲ ဆိုသည်ကိုတော့ ရန်ကိုင်ကိုယ်တိုင်ပင်လျှင် မရှင်းပြတတ်ချေ။
မျက်လုံးပြန်ပွင့်လာပြီးသည့်နောက် ရန်ကိုင်သည် တစ်ခဏမျှ ထိုင်စဉ်းစားနေပြီးသည့်နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ နောက်တစ်ကြိမ် လျှောက်သွားလိုက်လေသည်။
ခဏအကြာတွင် ရန်ကိုင်သည် ပထမတစ်ကြိမ်ကကဲ့သို့ပင် လွင့်ထွက်လာခဲ့ပြန်လေသည်။ သွေးအပွက်ပွက်အန်ထုတ်ရင်း ချက်ချင်း တင်ပလင်ခွေထိုင်ချလိုက်ပြီးသည့်နောက် သူ့ဒဏ်ရာများအား အလျင်စလို ပြန်လည်ကုစားလေ၏။
နောက်ရက်များအတောအတွင်း ရန်ကိုင်သည် ထိုကဲ့သာ ထပ်တလဲလဲ လုပ်နေခဲ့လေသည်။ ခေါင်းလောင်း၏အသံလှိုင်းကြောင်း လွင့်ထွက်သွားလိုက်၊ ဒဏ်ရာများကို ပြန်လည်ကုစားလိုက်၊ ထို့နောက် ခေါင်းလောင်းအား သွားပြန်ထိလိုက်၊ လွင့်ထွက်လာလိုက်၊ ပြန်လည်ကုစားလိုက် လုပ်နေခဲ့လေ၏။
ရန်ကိုင့်တွင် အလွန်ကိုမှအားကောင်းသော ရုပ်ခန္ဓာ၊ ဝိဉာဉ်နှင့် မဟာရတနာတစ်ပါးဖြစ်သော ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း ရှိနေခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ ရန်ကိုင့်၏ ဝိဉာဉ်မှာ အားကောင်းနေသလို သူ့တွင် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းလည်း ရှိနေခဲ့မည်ဆိုလျှင်ပင် ရန်ကိုင့်၏ရုပ်ခန္ဓာသည်သာ အားနည်းနေပါက ခေါင်းလောင်း၏ အသံလှိုင်းဒဏ်ကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အသံလှိုင်းကြောင့် တစ်ခါတည်း အသက်ထွက်မသွားလျှင်ပင် ဆိုးဆိုးရွားရွားတော့ ဒဏ်ရာရသွားရပေလိမ့်မည်။ သို့သော်ငြား သူ၏အားကောင်းလှသော ရုပ်ခန္ဓာ၊ ဝိဉာဉ်နှင့် ဝိဉာဉ်ကြာပန်း၏ကျေးဇူးကြောင့် ရန်ကိုင်မှာ ဒဏ်ရာများအား တစ်ခဏလေးအတွင်း ပြန်လည်ကုစားနိုင်ခဲ့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ ရထားသည့်ဒဏ်ရာများကို ပြန်လည်ကုစားရန် ယူရသည့်အချိန်မှာ ပိုပို၍ တိုတောင်းလာခဲ့ပြီး ရန်ကိုင်ရလိုက်သည့် ဒဏ်ရာများမှာလည်း ယခင်ကလောက် ပြင်းထန်ခြင်း မရှိတော့ချေ။
သူ့ကိုယ်ထဲ တဖြည်းဖြည်းနှင့် တောက်လျှောက်စိမ့်ဝင်လာနေခဲ့သော ထူးဆန်းသည့် စွမ်းအင်ကိုမူ ရန်ကိုင် တဖြည်းဖြည်းနှင့် နားလည်လာနေခဲ့လေသည်။
နှစ်လခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်း၏ အသံလှိုင်းဒဏ်ကို နောက်သို့ လွင့်စင်မထွက်သွားစေဘဲ ခုခံလိုက်နိုင်ခဲ့လေသည်။ သို့သော်ငြား နောက်တစ်ချက်တိုးဝင်လာသည့် အချိန်တွင်တော့ လွင့်ထွက်သွားခဲ့လေ၏။
သုံးလခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အသံလှိုင်းငါးလှိုင်းဆက်တိုက်ကို ခုခံနိုင်နေခဲ့လေပြီ။ ခြောက်လကြာပြီးသည့်အခါတွင်တော့ အခါနှစ်ဆယ်။ တစ်နှစ်ခန့်ကြာသွားပြီးသည့်နောက်တွင်တော့ အခါခြောက်ဆယ်။ ရန်ကိုင့်၏တိုးတက်နှုန်းမှာ ဩချစရာပင်။
တစ်နှစ်ခွဲခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင့်တစ်ကိုယ်လုံးမှာ လုံးဝကို စုတ်ပြတ်သပ်နေတော့လေသည်။ အဝတ်အစားများမှာ တစ်စစီဖြစ်နေပြီး ဆံပင်များမှာလည်း ဖွာကြဲလန်နေခဲ့လေသည်။ သူ့ကိုယ်ပေါ်တွင် ကျန်ရစ်နေသော အဝတ်စ အစုတ်အပြဲများမှာလည်း သွေးများဖြင့် နီရဲနေခဲ့လေ၏။ လက်ရှိရန်ကိုင်မှာ သူဖုန်းစားတစ်ယောက်လောက်ပင် သားနားခြင်း မရှိတော့သော်ငြား သူ့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာတော့ ယခင်ထက် ပိုမို အားကောင်းနေခဲ့လေသည်။
ရန်ကိုင်သည် မျက်လုံးကိုပိတ်လျက် သူ့လက်နှစ်ဖက်ကို တောင်နဲ့မြစ်ခေါင်းလောင်းပေါ်သို့ တင်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် တောင်နဲ့မြစ်ခေါင်းလောင်း နောက်တစ်ကြိမ် မြည်ထွက်လာခဲ့ပြီး ရန်ကိုင် ယခင်က မြင်ခဲ့ဖူးသည့် ပုံရိပ်များကို ပြန်မြင်လိုက်ရလေသည်။ ခေါင်းလောင်း၏ မျက်နှာပြင်တစ်ခုလုံးမှာလည်း ရေထဲ ကူးကလန်ခတ် သွားလာနေသည့် ငါးများအလား ထင်မှတ်ရသော ရုန်းအက္ခရာများဖြင့် ပြည့်နှက်နေခဲ့လေသည်။ ထို့အပြင် ခေါင်းလောင်းဆီမှ အလွန်ကိုမှ သိပ်သည်းပြင်းထန်လှသော ရှေးကျသည့် အရှိန်အဝါတစ်ရပ်လည်း ဖြာထွက်နေခဲ့ပေသေးသည်။
ထို့နောက်တွင် ခေါင်းလောင်းသံများ တစ်သံပြီးတစ်သံ ရန်ကိုင့်၏စိတ်ထဲ မြည်ဟည်းထွက်ပေါ်လာခဲ့လေသည်။ ထိုခေါင်းလောင်းသံတစ်သံသည် တာအိုသခင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးကိုပင်လျှင် သွေးအန်သွားအောင် လုပ်နိုင်ပါသော်ငြား ရန်ကိုင်ကမူ ခေါင်းလောင်းသံများကို အေးအေးလူလူဖြင့် ခုခံနိုင်နေခဲ့လေ၏။
“ဒေါင်… ဒေါင်… ဒေါင်…”
ဆယ်သံ၊ အသံနှစ်ဆယ်၊ အသံသုံးဆယ်။ ရန်ကိုင်ကမူ တုတ်တုတ်မျှမလှုပ်။
အကြိမ်ငါးဆယ်မြောက်၊ အကြိမ်ခြောက်ဆယ်မြောက်၊ အကြိမ်ခုနှစ်ဆယ်မြောက် ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီးချိန်တွင်တော့ ရန်ကိုင့်၏အမူအယာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့၏။ သို့သော်ငြား လက်ရှိအခြေအနေသည် သူထိန်းချုပ်နိုင်သည့် ဘောင်အတွင်းတွင်သာ ရှိနေပေသေးသည်။
အကြိမ်ခုနှစ်ဆယ်မြောက်မှသာလျှင် ရန်ကိုင့်၏အသိစိတ်ပင်လယ် စတင်၍ မငြိမ်မသက် ဖြစ်လာတော့၏။ ထို့အတွက်ကြောင့် ရန်ကိုင့်မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကိုယ်တွင်းသွေးလည်ပတ်နှုန်းနှင့် ချီလှည့်ပတ်နှုန်းများ ကသောင်းကနင်း ဖြစ်လာရတော့လေသည်။ သို့ရာတွင် ရန်ကိုင်ကမူ တုတ်တုတ်မျှ မလှုပ်ဘဲ ခေါင်းလောင်းသံများကို အံကြိတ်ကာ ဆက်၍ တင်းခံနေခဲ့လေသည်။
အကြိမ်ရှစ်ဆယ်မြောက် အရောက်တွင်တော့ ရန်ကိုင်သည် နာကျင်စွာ ငြီးလိုက်ပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့လေသည်။ ထို့နောက်တွင် လွင့်ထွက်သွားတော့မည့်အလား ရန်ကိုင့်ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၆၂)
ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် သူ့ကိုယ်သူ နောက်သို့ လွင့်စင်မထွက်သွားအောင် ထိန်းလိုက်နိုင်ပေသည်။
“ဒေါင်…”
အကြိမ်ရှစ်ဆယ်မြောက်အသံလှိုင်း ပြီးသွားသည့်နောက်တွင် ရှစ်ဆယ့်တစ်ကြိမ်မြောက်အသံလှိုင်း ထပ်မံထွက်ပေါ်လာခဲ့လေသည်။ ထိုအသံလှိုင်းသည် ရန်ကိုင့်တစ်ကိုယ်လုံးအား ဆုတ်ဖြဲပစ်ခါနီး ဖြစ်သွားခဲ့လေ၏။ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းလှသည့် နာကျင်မှုကြောင့် ရန်ကိုင့်မှာ ဒဏ်ရာရထားသည့် သားရဲတစ်ကောင်နှယ် အသံကုန် အော်ဟစ်မိလိုက်လေသည်။ သွေးများမှာလည်း သူ၏ ဒွာရခုနှစ်ပေါက်မှ စီးကျလာနေခဲ့လေရာ ရန်ကိုင့်မျက်နှာတစ်ပြင်လုံးမှာ အလွန်ကိုမှ ခြောက်ခြားဖွယ်ရာ ကောင်းနေတော့လေသည်။
ကြမ်းကြုတ်ခက်ထန် ပြင်းထန်လွန်းလှသော စွမ်းရည်တစ်မျိုးမှာလည်း ရန်ကိုင့်၏ခန္ဓာကိုယ်ထဲ မွှေနှောက်သောင်းကျန်းရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခဲ့လေသည်။
ရန်ကိုင်မှာ သူ့ကိုယ်သူ သေတော့မည်ဟုပင် ခံစားလာနေခဲ့ရလေသည်။ သေခြင်းတရားအငွေ့အသက်တို့မှာ သူ့ခန္ဓာကိုယ်တစ်ဝိုက် စတင်၍ ရစ်သိုင်းလာကြလေ၏။
နောက်ဆုံးအခိုက်အတန့်တွင် ရန်ကိုင်သည် ကျယ်လောင်စွာအော်ဟစ်၍ အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်ရင်း နာကျင်မှုအလုံးစုံကို တင်းခံလိုက်လေသည်။
အသက်တစ်ရှိုက်စာလောက်လေးသာ ကြာသွားခဲ့ခြင်း ဖြစ်သော်လည်း ရန်ကိုင်ကမူ နှစ်ပေါင်းသောင်းနှင့်ချီ ကြာသွားသလို ခံစားလိုက်ရပေသည်။ သို့သော်ငြား သူ့ကိုယ်ထဲ ဝင်ရောက်သောင်းကျန်းနေသည့် စွမ်းအင်အားလုံး ပျောက်ကွယ်သွားသည့်အခါ ရန်ကိုင်၏ မျက်လုံးများ ကြယ်ကလေးများနှယ် တလက်လက် တောက်ပလာလေတော့သည်။
သူလုပ်နိုင်သွားခဲ့လေပြီ။ တစ်နှစ်ခွဲခန့် ကြာပြီးသွားပြီးသည့်နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်း၏ အသံလှိုင်း ရှစ်ဆယ့်တစ်လှိုင်းကို နောက်သို့လွင့်စင်မထွက်သွားဘဲ ခုခံနိုင်ခဲ့လေပြီ။ ရန်ကိုင်၏ပုံစံသည် အလွန်ကိုမှ ပုံပျက်ပန်းပျက် ဖြစ်နေသည့်တိုင် လုပ်လက်စအလုပ်ကိုတော့ အောင်မြင်အောင် လုပ်နိုင်သွားနိုင်ခဲ့ပေသည်။
ချီဟိုင်ပြောသည်သာ အမှန်ဖြစ်မည်ဆိုပါက သူ၏ခွန်အားကို တောင်နဲ့မြစ်ခေါင်းလောင်း၏ မှော်ရတနာစိတ်ဝိဉာဉ်မှ အသိအမှတ်ပြုကာ သူသည် တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင်အသစ် ဖြစ်လာနိုင်ပေလိမ့်မည်။
ထိုသို့စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင်သည် မျှော်လင့်ချက်အပြည့်ဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းအား မော့ကြည့်လိုက်လေသည်။ သို့သော်ငြား ကောင်းကောင်း ဝမ်းမသာနိုင်သေးခင်မှာပင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် မှင်တက်သွားခဲ့ရလေသည်။
အကြောင်းမှာ တောင်နဲ့မြစ်ခေါင်းလောင်း၏မျက်နှာပြင်သည် နောက်တစ်ကြိမ် အရောင်တလက်လက် တောက်ပနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဤအရောင်တလက်လက် တောက်ပသည့် မြင်ကွင်းကို ရန်ကိုင် မရေမတွက်နိုင်အောင် မြင်ခဲ့ဖူးပေသည်။ ဤကဲ့သို့ အရောင်တလက်လက် တောက်ပလာသည့်အကြိမ်တိုင်း တောင်နဲ့မြစ်ခေါင်းလောင်းသည် နောက်ထပ် အသံလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်လေ့ရှိပေ၏။
(နောက်တစ်ကြိမ်လား…)
ရန်ကိုင့်စိတ်ထဲ တုန်လှုပ်ခြောက်ခြားလာမိတော့လေ၏။ သူ့လက်ရှိခွန်အားဖြင့် နောက်ထပ်အသံလှိုင်းတစ်လှိုင်းကို မည်သည့်နည်းနှင့်မှ မခုခံနိုင်တော့ချေ။ အသံလှိုင်းရှစ်ဆယ့်တစ်လှိုင်းမှာ သူ့အကန့်အသတ် ဖြစ်နေလေပြီ။ နောက်ထပ်အသံလှိုင်းသာ ထပ်မံတိုးဝင်လာမည်ဆိုပါက ရန်ကိုင်သည် သူ့အသက်ကိုပင်လျှင် ဆုံးရှုံးသွားရနိုင်ပေသည်။
ရန်ကိုင့်စိတ်ထဲ ပထမဦးဆုံး ပေါ်လာသည့်အတွေးမှာ နောက်သို့ ချက်ချင်း ပြန်ဆုတ်လိုက်ရန်ပင်။
ချီဟိုင်ပြောပြသည့် နည်းလမ်းအတိုင်း ကြိုးစားခဲ့ပြီးပြီ ဖြစ်သည့်အတွက်ကြောင့် မအောင်မြင်လျှင်ပင် သူ့အနေဖြင့် နောင်တရစရာအကြောင်း မရှိတော့ချေ။ သို့ပါသော်ငြား သူ့စိတ်ထဲ လက်မလျှော့ချင် ဖြစ်နေခဲ့၏။
အသံရှစ်ဆယ့်တစ်လှိုင်းတိတိကို ခုခံနိုင်ရန်အတွက် တစ်နှစ်ခွဲခန့်ကြာအောင် ကြိုးစားအားထုတ်ခဲ့ပြီး ယခုနေမှ လက်လျှော့လိုက်ရမည်ဆိုပါက သူ၏ကြိုးစားအားထုတ်မှုအားလုံး အချည်းအနှီးဖြစ်သွားလိမ့်မည်။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ တိုက်ပွဲဟစ်ကြွေးသံအလား ကျယ်လောင်စွာအော်ဟစ်လိုက်ရင်း အခိုင်အမာရပ်လျက် အရင်းအမြစ်ချီများအားလုံးကို တောင်နဲ့မြစ်ခေါင်းလောင်းထဲသို့ ထည့်သွင်းလိုက်လေသည်။ သို့သော်ငြား ဆက်လက်ဖြစ်ပျက်လာသည့်အရာကြောင့် ရန်ကိုင် အံ့အားသင့်သွားရတော့လေသည်။ သူ၏အရင်းအမြစ်ချီသည် တောင်နဲ့မြစ်ခေါင်းလောင်းထဲသို့ ချောချောမွေ့မွေ့နှင့် ဝင်ရောက်သွားခဲ့လေသည်။ ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။ ယခင်က ရန်ကိုင်ကိုယ်တိုင်လည်း တောင်နဲ့မြစ်ခေါင်းလောင်းထဲသို့ အရင်းအမြစ်ချီများကို ထည့်သွင်းကြည့်ခဲ့ဖူးသည်။ သို့သော်ငြား ထိုကဲ့သို့ ထည့်သွင်းလိုက်သည့်အခါတိုင်း သူ့အရင်းအမြစ်ချီများမှာ ပြန်ကန်ထွက်လာရလေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ တောင်နဲ့မြစ်ခေါင်းလောင်းသည် သူ့အရင်းအမြစ်ချီအားလုံးကို လက်ခံယူထားလိုက်လေ၏။
ရန်ကိုင့်မှာ ယာယီမျှ မင်သက်နေခဲ့ပြီးသည့်နောက် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားတော့လေသည်။
ထို့နောက်တွင် သူ့ဝိဉာဉ်အတွင်းပိုင်းဆီမှ အားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင့်မျက်လုံးများ အမှောင်အတိကျသွားကာ ရန်ကိုင်ကိုယ်တိုင်လည်း တစ်ခါတည်း တန်းသတိလစ်သွားတော့လေသည်။
အခြားတစ်ဖက်တွင်မူ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းများသည် ရန်ကိုင့်၏ခန္ဓာကိုယ်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားခဲ့လေသည်။ ထိုသို့ဖြစ်ပျက်နေစဉ်အတောအတွင်း ဟင်းလင်းပြင်တစ်ခုလုံး ရှေးကျသည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့လေ၏။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ထိုဖြစ်စဉ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည်လည်း တဖြည်းဖြည်း အရွယ်အစား ကျုံ့ဝင်သွားခဲ့ရာ မကြာမီ လက်တစ်ဝါးစာအရွယ်သို့ ရောက်သွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင့်ဘေးနားသို့ ကျသွားခဲ့လေသည်။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာသွားပြီးသည့်နောက် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နေရာလပ်မကျန်အောင် နာကျင်ကိုက်ခဲနေခဲ့လေသည်။ ဘာမှမဟုတ်သည့် အရာလေးတစ်ခုအကြောင်း စဉ်းစားလိုက်ရုံဖြင့်ပင်လျှင် သူ့ခေါင်းတစ်ခုလုံး တဆစ်ဆစ် ကိုက်ခဲလာခဲ့ရသည်။
သူသတိလစ်မသွားခင် ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို သေသေချာချာ မှတ်မိပေသည်။ ထို့အတွက်ကြောင့် နိုးလာလာချင်း ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်း၏ အခြေအနေကို စစ်ဆေးကြည့်လေ၏။
သူ တောင်နဲ့မြစ်ခေါင်းလောင်းအား ရသွားသလား မရသွားဘူးလား ဆိုသည်ကို ရန်ကိုင် သိချင်နေမိလေသည်။
သို့ရာတွင် မော့ကြည့်လိုက်သည့်အခိုက် မိုးထိမတတ် မြင့်မားလှသော တောင်နဲ့မြစ်ခေါင်းလောင်းမှာ ပျောက်ချင်းမလှ ပျောက်ကွယ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုမှော်ရတနာ မည်သည့်နေရာသို့ ထွက်သွားသလဲ ဆိုသည်ကို ရန်ကိုင်မသိချေ။
ထိုအချင်းအရာကိုမြင်သော် တောင်နဲ့မြစ်ခေါင်းလောင်း ဟင်းလင်းပြင်ထဲသို့ နောက်တစ်ကြိမ် တိုးဝင်ပျောက်ကွယ်သွားပြီဟု အထင်ရောက်လျက် ရန်ကိုင် စိတ်ပျက်သွားတော့လေ၏။ ကြိုးစားအားထုတ်မှုအားလုံး အချည်းအနှီး ဖြစ်သွားခဲ့ရလေပြီ။ မည်သူမျှ ထိုကဲ့သို့သော ရလဒ်မျိုးကို အလွယ်တကူ လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
သို့ရာတွင် မကြာမီ တစ်ခုခု မှားယွင်းနေမှန်း ရန်ကိုင် သတိပြုမိသွားခဲ့လေသည်။ အကြောင်းမှာ သူ့စိတ်ထဲ တစ်စုံတစ်ခုသည် ထူးဆန်းသော စိတ်ချင်းဆက်သွယ်မှုမျိုး သုံးလျက် သူ့အား ဆက်သွယ်နေသည်ကို ခံစားမိလိုက်သည့် အတွက်ကြောင့်ပင်လျှင်။ ရန်ကိုင်လည်း မသိလိုက်မသိဘာသာဖြင့် ဘေးဘက်သို့ လှည့်ကြည့်လိုက်လေရာ လက်ဝါးအရွယ်အစားခန့်ရှိသော ခေါင်းလောင်းလေးတစ်လုံး သူ့ဘေးနားတွင် ငြိမ်သက်စွာ ဝဲနေကြောင်း တွေ့လိုက်ရလေသည်။
“တောင်နဲ့မြစ်ခေါင်းလောင်းလား…” ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်း၏ အရွယ်အစားသည် မရေမတွက်နိုင်အောင်ကို သေးငယ်သွားခဲ့ပါသော်ငြား ရန်ကိုင်ကတော့ ခေါင်းလောင်းကိုမြင်လိုက်သည်နှင့် မှတ်မိနေဆဲပင်။
သူ့လက်ကိုဆန့်ထုတ်လိုက်ရာ ရန်ကိုင့်၏ဘေးနားတွင် ဝဲနေသော တောင်နဲ့မြစ်ခေါင်းလောင်းသည် သူ့လက်ထဲသို့ အလိုလို ပျံသန်းလာခဲ့လေသည်။ သူ့လက်နှင့် ခေါင်းလောင်း ထိသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ခံစားနေရသည့် ဝိုးတဝါးတားခံစားချက်မှာ ရုတ်တရက်ဆိုသလို ကြည်လင်ပြတ်သားလာခဲ့လေ၏။ ရန်ကိုင့်၏ မှိုင်တိုင်တိုင်ဖြစ်နေသည့် မျက်နှာလေး ရုတ်ချည်း ပြုံးရွှင်လာခဲ့လေသည်။
ချီဟိုင်ပြောသွားခဲ့သည်မှာ တကယ်ကို မှန်ပေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံ ရှစ်ဆယ့်တစ်သံကို တစ်ဆက်တည်း ခုခံနိုင်သ၍ တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင်အသစ် ဖြစ်လာနိုင်ပေလိမ့်မည်။ ယွမ်တင်းမဟာဧကရာဇ်သည်လည်း ဤနည်းလမ်းကိုသုံး၍ တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင် ဖြစ်လာနိုင်ခဲ့လေသည်။ ရန်ကိုင်လည်း ထိုနည်းတူပင်။
သို့သော်ငြား ယွမ်တင်းမဟာဧကရာဇ် တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင်ဖြစ်လာချိန်တွင် သူသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေပြီ ဖြစ်သော်ငြား ရန်ကိုင်ကမူ တာအိုသခင် တတိယအဆင့်သာ ရှိပေသေး၏။ ထို့အတွက်ကြောင့်ပင်လျှင် တောင်နဲ့မြစ်ခေါင်းလောင်း၏ အသံလှိုင်း ရှစ်ဆယ့်တစ်လှိုင်းတိတိကို ခုခံနိုင်ရန်အတွက် တစ်နှစ်ခွဲခန့် အချိန်ယူလိုက်ရခြင်းပင်။
ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို လက်ထဲထည့်၍ ခဏမျှ ဆော့ကစားကြည့်နေလေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင်အသစ် ဖြစ်လာပြီမှန်း အတည်ပြုပြီးသည့်နောက်တွင် အားရကျေနပ်စွာ ခေါင်းလောင်းကို သိမ်းလိုက်လေသည်။
သို့သော်ငြား ခေါင်းလောင်းအား သူ့ကိုယ်ထဲသို့ ဆွဲထည့်၍မရကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင် မယုံသင်္ကာဖြစ်သွားကာ အရင်းအမြစ်ချီကိုလှည့်ပတ်၍ တောင်နဲ့မြစ်ခေါင်းလောင်းကို သန့်စင်ရန် ကြိုးစားကြည့်လိုက်သော်ငြား မည်သို့မှ သန့်စင်၍မရကြောင်း တွေ့လိုက်ရလေသည်။
တစ်နည်းဆိုရသော် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင် ဖြစ်နေပြီဖြစ်သလို ခေါင်းလောင်း၏စွမ်းအားကိုလည်း ထိန်းချုပ်နိုင်ပါသော်ငြား ခေါင်းလောင်းကို မသန့်စင်နိုင်သလို ခေါင်းလောင်းကို သူ့ကိုယ်ထဲသို့လည်း မထည့်သွင်းနိုင်ပေ။
(ရှေးဟောင်းမှော်ရတနာတွေက ဒီလိုမျိုးတွေလား… အင်း… ဒီလိုမှော်ရတနာတွေက လောကကြီးကနေ သူ့ဘာသာသူ ဖြစ်ပေါ်လာတာဆိုတော့ သန့်စင်လို့မရတာတော့ မထူးဆန်းပါဘူး…)
သို့သော်ငြား ရန်ကိုင်သည် ထိုကိစ္စနှင့်ပတ်သက်၍ အရမ်းကြီး စဉ်းစားမနေခဲ့ချေ။ လက်ရှိတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်ထားသည့်အတွက်ကြောင့် ဒဏ်ရာများကို ပြန်လည်ကုစားရန်မှာ ဦးစားပေးဖြစ်သည်။ နောက်မှသာ ခေါင်းလောင်းနှင့် ရင်းနှီးအောင် လုပ်ရပေလိမ့်မည်။ ထိုသို့တွေးပြီးသည့်နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်းကိုသိမ်း၍ သူ့ဒဏ်ရာများကို ကုသတော့လေ၏။
ငါးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
လွန်ခဲ့သော တစ်နှစ်ခွဲကနှင့် ယှဉ်လိုက်သော် ရန်ကိုင့်၏အရှိန်အဝါမှာ ပို၍ နက်နဲသိပ်သည်းလာခဲ့၏။ တောင်နဲ့မြစ်ခေါင်းလောင်း မှော်ရတနာစိတ်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ရန်အတွက် ကြိုးစားနေသည့် အချိန်အတောအတွင်း ရန်ကိုင် မတိုးတက်ခဲ့သည်တော့ မဟုတ်ချေ။ တောင်နဲ့မြစ်ခေါင်းလောင်း၏ အသံလှိုင်းတိုင်းကို ခုခံရသည့် အချိန်တိုင်း ရန်ကိုင့်၏ စိတ်စွမ်းအင်မှာ ပိုပို၍ အားကောင်းလာခဲ့ရလေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ဖြာထွက်လာသည့် ထူးဆန်းသောစွမ်းအား၏ အားဖြည့်ပေးမှုကိုလည်း ရရှိခဲ့ပေသေးသည်။
ထိုစဉ်က တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိုင်ရှင်ဖြစ်ခဲ့သော ယွမ်တင်းမဟာဧကရာဇ် မည်မျှပင် အားကောင်းလိုက်လေသနည်း။
သို့သော်ငြား သူကဲ့သို့ အားကောင်းလှသည့် လူတစ်ဦးပင်လျှင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ဧကရာဇ်ပညာရှင်များကြား တိုက်ပွဲတွင် မဟာဧကရာဇ်လေးပါးသည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရပေသည်။
ထိုအချက်နှင့်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံး ပညာရှင်ဖြစ်သည်ဟု ပြောနိုင်နေလေပြီ။
ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်အကြောင်း စဉ်းစားမိလိုက်သည့်အခိုက် မျက်လုံးတစ်လုံးမဟာနတ်ဆိုးအကြောင်းကိုလည်း ရန်ကိုင် ပြန်စဉ်းစားမိသွားလေ၏။ ထိုမျက်လုံးတစ်လုံးမဟာနတ်ဆိုးသည်လည်း ရှေးခေတ်အချိန်က အလွန်ကိုမှ အားကောင်းသော ပညာရှင်တစ်ဦး ဖြစ်ခဲ့ပေသည်။ မရေမတွက်နိုင်သော ပညာရှင်များ အတူပူးပေါင်း၍ မဟာနတ်ဆိုးအား သတ်ဖြတ်ပစ်နိုင်ခဲ့ပါသော်ငြား မဟာနတ်ဆိုးကိုယ်တိုင်သည်လည်း သူနှင့်အတူ ပညာရှင်ပေါင်းများစွာကို သေရွာသို့ ဆွဲခေါ်သွားခဲ့ပေသည်။ သို့သော်ငြား သေသွားခဲ့ပြီးသည့်တိုင် မဟာနတ်ဆိုး၏ မျက်လုံးကြီးကိုတော့ မည်သည့်နည်းနှင့်မျှ ဖျက်ဆီးမရခဲ့သည့်အတွက်ကြောင့် မေပယ်မြို့အောက်ခြေတွင်သာ ချိတ်ပိတ်ထားခဲ့ရလေသည်။
မျက်လုံးတစ်လုံးမဟာနတ်ဆိုးဖြစ်ပါစေ ကောင်းကင်ဝါးမျိုးခြင်းမဟာဧကရာဇ်ဖြစ်ပါစေ နှစ်ဦးစလုံးသည် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ သူတို့နှစ်ဦးစလုံးသည် သက်ရှိများ၏ အသက်ကို လမ်းဘေးတွင်ပေါက်နေသော မြက်ပင်များနှယ်သာ သဘောထားကြလေသည်။ မည်သူသေသေ ငတေမာလျှင်ပြီးသည်ဆိုသည့် လူစားမျိုးမှာ သူတို့နှစ်ဦးသာ ဖြစ်ကြလေ၏။ သူတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့်ပင်လျှင် ကောင်းကင်မှာ သည်းမခံနိုင်တော့ဘဲ အမျက်ထွက်ကာ သူတို့အား ဒဏ်ခတ်ခဲ့လေသည်။
ရုတ်တရက် ရန်ကိုင်မှာ သူ့အနာဂတ်လမ်းကြောင်းနှင့် ပက်သက်၍ ပို၍ ရှင်းလင်းလာသလို ခံစားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီတို့မှာလည်း ပဥ္စလက်ဆန်ဆန် စတင် ပြောင်းလဲလာလေတော့သည်။
ဧကရာဇ်ချီ အသွင်ပြောင်းလဲခြင်းပင်။
ဧကရာဇ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်း ပိုမိုနီးကပ်သွားပြီမှန်း နားလည်လိုက်သည့်နောက် ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားတော့လေ၏။
တာအိုသခင်အဆင့်မှစ၍ ဧကရာဇ်အဆင့်သို့ ရောက်သည်အထိ ကျင့်ကြံသူတစ်ဦး၏ ကိုယ်ထဲတွင် ရှိနေသော စွမ်းရည်မှာ စတင်၍ ပြောင်းလဲလာကြပေလိမ့်မည်။ တာအိုသခင်အဆင့် ပညာရှင်များသည် အရင်းအမြစ်ချီကို ကျင့်ကြံကြပြီး ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ ဧကရာဇ်ချီကို ပျိုးထောင်ရပေသည်။ ထိုချီစွမ်းအင်နှစ်မျိုးသည် စွမ်းရည်အပိုင်းအရ အလွန်ကိုမှ ကွာခြားပေ၏။
ယေဘုယျကျကျ ပြောရသော် ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်သို့ မချိုးဖြတ်နိုင်ခင် သူတို့ကိုယ်ထဲရှိ အရင်းအမြစ်ချီကို ဧကရာဇ်ချီအဖြစ်သို့ စတင် အသွင်ပြောင်းရပေလိမ့်မည်။ တန်ခိုးရှင်ဘုရင်အဆင့်မှ တာအိုသခင်အဆင့်သို့ အသွင်ပြောင်းသည့်အခါ သူတော်စင်ချီကို အရင်းအမြစ်ချီသို့ ပြောင်းလဲရသည်နှင့် အတူတူသာ ဖြစ်လေ၏။ ဖြစ်စဉ်နှစ်မျိုးစလုံးမှာ အလွန်ကိုမှ အချိန်ယူရသည့် ဖြစ်စဉ်များ ဖြစ်ကြပေသည်။ သို့သော်ငြား တာအိုသခင်အဆင့်နှင့် မတူသည်မှာ အရင်းအမြစ်ချီကို ဧကရာဇ်ချီအဖြစ်သို့ ပြောင်းလဲရာတွင် ဆေးလုံးများ၏ အကူအညီကို ယူ၍မရချေ။ မိမိဘာသာ တစိုက်မတ်မတ်နှင့် ကြိုးစားကျင့်ကြံရင်းမှသာ အရင်းအမြစ်ချီအား ဧကရာဇ်ချီအဖြစ်သို့ အသွင်းပြောင်းလဲပစ်နိုင်လေ၏။
ရန်ကိုင့်လက်ချက်ကြောင့် သေသွားခဲ့ပြီဖြစ်သော ကောင်းကင်ရောင်စဉ်နန်းတော်မှ ဧကရာဇ်အဆင့် ပညာရှင် ချိုကျဲသည် ဧကရာဇ်အဆင့်သို့ ရောက်ခါစသာ ရှိသေးပြီး သူ့ကျင့်ကြံခြင်းမှာ မတည်ငြိမ်သေးချေ။ ထို့အတွက်ကြောင့် သူ့ဧကရာဇ်ချီမှာလည်း အတော်လေးကိုမှ ကယောက်ကယက်ဖြစ်နေကာ သန့်စင်ခြင်းလည်း မရှိသေးချေ။ ထို့အတွက်ကြောင့်ပင်လျှင် ဧကရာဇ်အဆင့် ကျင့်ကြံခြင်း၏ စွမ်းအား အကုန်အစင်ကို ထုတ်မသုံးနိုင်ခဲ့ဘဲ ရန်ကိုင်လက်၌ သေသွားခဲ့ရခြင်း ဖြစ်သည်။
ချိုကျဲနေရာတွင်သာ ကောင်းရွှယ်ထင်းသာ ဆိုလျှင်တော့ ထိုစဉ်က သူ့ခွန်အားဖြင့် မည်သို့မျှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ကောင်းရွှယ်ထင်း ဧကရာဇ်အဆင့်သို့ ရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်သည့်အတွက်ကြောင့် သူမ၏ဧကရာဇ်ချီသည် ချိုကျဲ၏ ဧကရာဇ်ချီထက် အဆပေါင်းများစွာ ပိုမိုသန့်စင်သိပ်သည်းနေရပေလိမ့်မည်။
ရန်ကိုင့်၏ကိုယ်ထဲရှိ အရင်းအမြစ်ချီသည်လည်း ဧကရာဇ်ချီအဖြစ်သို့ စတင်ပြောင်းလဲနေတော့လေ၏။ ဤသည်မှာ ရန်ကိုင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်တော့မည်ဟူသော အရိပ်အယောင်များပင် ဖြစ်လေသည်။
ယခုတစ်ကြိမ်ခရီးတွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား ရလိုက်သလို ဧကရာဇ်အဆင့်သို့ သွားမည့်လမ်းကြောင်းလည်း ပွင့်သွားခဲ့သေးသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ မဟာရတနာတစ်ပါးဖြစ်သော ဖီးနစ်မီးတောက်ကိုလည်း ရရှိခဲ့သေး၏။ ထို့ကြောင့် ကြယ်ပျက်ပင်လယ်ထဲသို့ လာရသည့် ဤခရီးမှာ တန်သည်ထက်ကိုပင်လျှင် ပိုလွန်းနေသည်ဟု ရန်ကိုင် ခံစားလိုက်ရလေသည်။ အခြားသူများအတွက် မည်ကဲ့သို့ ရှိလိမ့်မလဲ ဆိုသည်ကို သူမသိသော်ငြား ဤခရီးသည် သူ့အတွက်တော့ အလွန်ကိုမှ တန်လွန်းသည့် ခရီးတစ်ခုဖြစ်သည်။
ရန်ကိုင်မှာ ဝမ်းလည်းဝမ်းသာ စိတ်လည်းအေးသွားတော့လေသည်။ ထို့နောက် အနီးအနားရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထိုနေရာမှ ထွက်လာခဲ့လေ၏။
ဟင်းလင်းပြင်ထဲမှ ထွက်လာပြီးသည့်နောက် ခြောက်ကပ်အေးစက်နေသော ကြယ်ပျက်ပင်လယ်ကြီးကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။
လက်ရှိ သူ့အနီးအနားတစ်ဝိုက်တွင် မည်သူမျှ ရှိမနေ။ သို့သော်ငြား သူ့လက်ခုံပေါ်တွင် ရှိနေသော ခုနှစ်ထောင့်ကြယ်စည်းတံဆိပ်မှာတော့ ခပ်လှမ်းလှမ်းဆီမှ စွမ်းအင်လှိုင်းများကို အာရုံခံမိနေခဲ့လေသည်။
ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ထိုစွမ်းအင်လှိုင်းများ အာရုံခံမိရာ နေရာဆီသို့ ပျံသန်းသွားလိုက်လေသည်။ ထိုနေရာတွင် အခြားလူများ ရှိနေသည့်အတွက်ကြောင့် အဖိုးတန်သည့် ပစ္စည်းတစ်ခုခုလည်း ရှိနေရပေလိမ့်မည်။ ရန်ကိုင်သည် အခြားလူများ၏ ရတနာများကို လိုက်လုရန် စိတ်မဝင်စားသော်ငြား ဤနေရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိထားရန်တော့ လိုအပ်ပေသည်။ ထို့အတွက်ကြောင့် ထိုလူများသည် သူသိချင်နေသည့် အကြောင်းအရာများကို မေးနိုင်မည့် အကောင်းဆုံးလူများသာ ဖြစ်ကြလေ၏။
နှစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ပျက်စီးနေသော ကျင့်ကြံရေးကြယ်တစ်လုံးနှင့် ခပ်လှမ်းလှမ်းသို့ ရောက်လာခဲ့လေ၏။ ကြယ်စည်းတံဆိပ်စွမ်းအင်လှိုင်းများမှာ ထိုကြယ်ဆီမှာ လာနေခြင်း ဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၆၃)
ရန်ကိုင် ထိုကြယ်နားသို့ မရောက်သေးခင်မှာပင် ထိုကြယ်ဆီမှ ဧကရာဇ်အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။
ထိုအရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး အလန့်တကြား ထအော်မိလေ၏။ “နောက်ထပ် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုလား…”
တောင်နဲ့မြစ်ခေါင်းလောင်း ပေါ်လာစဉ်က ထိုကဲ့သို့သော အရှိန်အဝါမျိုးကို ရန်ကိုင် ခံစားဖူးခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ထိုအရှိန်အဝါမျိုးကိုပင် ထပ်ခံစားရန်ပြန်လေ၏။ ထို့ကြောင့် ကြယ်ပျက်ပင်လယ်ထဲ ဧကရာဇ်အဆင့် မှော်ရတနာများ တကယ်ကို များပါလားဟု ရန်ကိုင် တွေးမိသွားခဲ့ရလေသည်။ သို့သော်ငြား မကြာမီတွင် ထိုကဲ့သို့ မဟုတ်မှန်း ရန်ကိုင် သတိပြုမိသွားခဲ့သည်။
ယခုတစ်ကြိမ် ဧကရာဇ်အရှိန်အဝါလှိုင်းတွင် ဧကရာဇ်အဆင့် မှော်ရတနာ ပေါ်လာမည့် မည်သည့်အရိပ်အယောင်မှ ရှိမနေခဲ့ပေ။ အကြောင်းမှာ ဤကြယ်ပေါ်ရှိ အခြေအနေမှာ တောင်နဲ့မြစ်ခေါင်းလောင်း ပေါ်လာခဲ့သည့် ကြယ်ပေါ်ရှိ အခြေအနေနှင့် လုံးဝ ကွဲပြားနေသည့် အတွက်ကြောင့်ပင်လျှင်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ တစ်စုံတစ်ဦးမှ မိုးမြေကောင်းချီးကို ခံယူနေသည့်အလား မိုးခြိမ်းသံများ၊ အနက်ရောင်တိမ်စိုင်တိမ်တိုက်များကိုလည်း ဤဟင်းလင်းပြင်ကြီးထဲ မြင်တွေ့နေရသေး၏။
“အဆင့်တက်နေတာလား…” တစ်ယောက်ယောက် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်တော့မည်မှန်း နားလည်သွားသည့်နောက်တွင် ရန်ကိုင့်၏သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။
တဖြည်းဖြည်း စတင် အသွင်ယူလာသည့် မိုးမြေကောင်းချီးကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေရင်း ရန်ကိုင့်၏သွေးများ စတင် ဆူပွက်လာတော့လေသည်။ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာပြီးသည့်နောက်ပိုင်း ကျင့်ကြံသူပေါင်းများစွာသည် ဤနေရာတွင်ပင် သူတို့အား ချုပ်နှောင်ထားသည့် အတားအဆီးများကို ချိုးဖြတ်၍ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ကြကြောင်းကို ရန်ကိုင် ကြားခဲ့ဖူးပေသည်။ ယခု ကြယ်ပျက်ပင်လယ် ပွင့်သွားခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ်ခန့် ဧကရာဇ်အဆင့်သို့ ရောက်ထားသည့် မည်သူ့ကိုမှ ရန်ကိုင် မတွေ့ခဲ့ရပေ။
ဧကရာဇ်အဆင့်သည် ကြယ်တာရာအစုအဝေး ကျင့်ကြံခြင်းခရီးလမ်း၏ အထွဋ်အထိပ်အဆင့်တစ်ခု ဖြစ်ပေသည်။ ထိုအဆင့်သည် ကျင့်ကြံသူပေါင်းများစွာ အရောက်လှမ်းချင်သည့် အဆင့်တစ်ဆင့်လည်း ဖြစ်ပေသည်။ ဧကရာဇ်အဆင့်သည် မြင့်မားသော ခွန်အားနှင့်တကွ ကြီးကျယ်ခမ်းနားလှသော အဆင့်အတန်းကိုပါ ကိုယ်စားပြုပေသည်။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နေသည်မှာ မည်သူမှန်း မသိသည့်တိုင် ရန်ကိုင်ကမူ မိုးမြေကောင်းချီကို မြင်ပြီးသည့်နောက် စတင်၍ စိတ်လှုပ်ရှားလာခဲ့လေသည်။
သူ့အနေဖြင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ပါး မွေးဖွားလာသည်ကို မသိမသာလေး စောင့်ကြည့်နိုင်ပေသည်။ ရန်ကိုင်သည် ခပ်လှမ်းလှမ်းမှသာ စောင့်ကြည်နေချင်ပေသည်။ အခြားသူတစ်ဦး ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သည်ကိုသာ စောင့်ကြည့်ချင်လိုခြင်း ဖြစ်ပြီး ပြဿနာရှာလိုခြင်းမဟုတ်ချေ။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ မည်သို့မှ မခံစားရ။ ထိုကဲ့သို့ စဉ်းစားပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ လျှပ်စီးတန်းတစ်ခုအလား ဧကရာဇ်အရှိန်အဝါ ထွက်ပေါ်လာရာဆီသို့ ပျံသန်းထွက်သွားလေ၏။
မကြာမီမှာပင်လျှင် ပျက်စီးနေသည့် ကျင့်ကြံရေးကြယ်ဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ ရန်ကိုင် ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ပုံရိပ်သုံးခု ရုတ်တရက် ထွက်ပေါ်လာပြီး ရန်ကိုင့်အား ဝိုင်းလိုက်ကြလေသည်။
ထိုလူသုံးယောက်သည် ဤနေရာတွင် အလွန်ကိုမှ လျို့ဝှက်စွာ ပုန်းကွယ်နေကြခြင်း ဖြစ်လေသည်။ ရန်ကိုင်သည် မိုးမြေကောင်းချီးကိုသာ အာရုံစိုက်နေသည့်အတွက်ကြောင့် ထိုလူသုံးဦးကို သတိမထားမိခဲ့ချေ။ ယခုကဲ့သို့ အဝိုင်းခံလိုက်ရသည့် အခါသာမှလျှင် သတိပြုမိသွားတော့လေသည်။
ထိုလူသုံးဦးသည် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်အား တိုက်ကွက်အမျိုးမျိုးဖြင့် တိုက်ခိုက်လိုက်ကြလေသည်။ စကားတစ်ခွန်းမျှပင် ပြောမနေခဲ့။ အရောင်တလက်လက် ဓါးလှိုင်းများနှင့်အတူ အေးစက်စက် ရေခဲစက်ကွင်းတစ်ခုဟာလည်း အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေသည်။
ထိုအအေးဓာတ်ကြောင့် ရန်ကိုင့်ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားမိလေ၏။ သို့သော်ငြား တစ်ဖက်လူသည် မပြောမဆိုနှင့် သူ့အား ဤကဲ့သို့ တိုက်ခိုက်ခဲ့သည့် အတွက်ကြောင့် ရန်ကိုင်လည်း ညှာတာမနေခဲ့ဘဲ တိုးဝင်လာနေသည့် တိုက်ကွက်များဆီသို့ လက်ဝါးချက်အသီးသီး ရိုက်ထုတ်ပေးလိုက်လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရပ်နေနိုင်သော်ငြား သူ့အား လာတိုက်ခိုက်သည့် လူသုံးဦးမှာတော့ အထိတ်တလန့် အော်ဟစ်ရင်း နောက်သို့ ပြန်ဆုတ်သွားကြရလေ၏။
“ပုံစံပြင်မယ်…” ရန်ကိုင့်ခွန်အားသည် သူတို့ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်မှန်း သိလိုက်သည့်နောက်တွင် သူ့အား တိုက်ခိုက်လိုက်သည့် ကောင်မလေးများ၏ မျက်လုံးများထဲ ထိတ်လန့်ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားခဲ့လေသည်။
ထိုကောင်မလေးသုံးဦးသည် တစ်ဂိုဏ်းတည်းမှ လာခြင်းသာ ဖြစ်ရပေလိမ့်မည်။ ထို့အပြင် သူတို့ အတူပူးပေါင်း တိုက်ခိုက်ခဲ့ဖူးသည်မှာ တစ်ကြိမ်မကလောက်တော့ချေ။ ရန်ကိုင်သည် သူတို့ ဤအတိုင်းတိုက်ခိုက်၍ နိုင်နိုင်သည့်လူမဟုတ်မှန်း သိလိုက်သော် မိန်းကလေးသုံးဦးသည် အတူတကွ ပူးပေါင်းလျက် ကျင့်စဉ်တစ်ခုကို ထုတ်သုံးလိုက်ကြလေ၏။ ထိုကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏အရှိန်အဝါသည် တစ်ခုထဲအဖြစ်သို့ ပေါင်းစည်းသွားခဲ့ကြလေသည်။
“ဟမ်…” ရောက်ရောက်ချင်း အလစ်အငိုက် ချောင်းတိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သလို ရန်ကိုင်ကလည်း ကမန်းကတန်းဖြင့် တန်ပြန်ခုခံရခြင်း ဖြစ်သည့်အတွက်ကြောင့် ယခုအချိန်မတိုင်ခင်အထိ သူ့အား တိုက်ခိုက်လိုက်သည့် လူသုံးဦး၏ မျက်နှာကို သေသေချာချာ မကြည့်မိပေ။ ယခု ကြည့်မိလိုက်သည့်အခါမှသာလျှင် ရန်ကိုင်လည်း သူ့လက်ကို အလျင်စလိုမြှောက်၍ ပြောလိုက်လေ၏။ “နေပါဦး…”
ရန်ကိုင်မှ ရပ်တန့်ရန် ပြောလိုက်ပါသော်ငြား တစ်ဖက်လူသုံးဦးမှာတော့ ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ သူတို့၏ ရေခဲအရှိန်အဝါများကို ပို၍ ပြင်းပြင်းထန်ထန်ပင် စုဝေးလိုက်ကြလေသည်။
“နင်တို့တွေက ရေခဲနှလုံးသားတောင်ကြားကလား…” ရန်ကိုင်က နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်လေ၏။
ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားထဲသို့ ခိုးဝင်ဖူးသည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ ဝတ်သည့် ဝတ်ရုံကို မြင်ခဲ့ဖူးပေသည်။ သူ့ရှေ့တွင်ရှိနေသည့် မိန်းကလေးသုံးဦးစလုံးသည် ရေခဲနှလုံးသားတောင်ကြား၏ ဝတ်ရုံများကို ဝတ်ဆင်ထားခြင်း ဖြစ်လေ၏။
သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူမှာ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။
(ကြည့်ရတာ တစ်ခုခု နားလည်မှုလွဲနေပြီနဲ့တူတယ်…) ရန်ကိုင် စိတ်ထဲ ကြိတ်၍ စဉ်းစားလိုက်လေသည်။ (ဒီသုံးယောက်ကို ကြည့်ရတာ အဆင့်တက်နေတဲ့လူကို ကာကွယ်ပေးနေကြတာနဲ့တူတယ်… ဒီတော့ ငါ ရုတ်တရက် ရောက်လာတာနဲ့
ငါ့ကို အလစ်ချောင်းတိုက်ခိုက်တာ… ဟုတ်တယ် အဲ့လိုပဲ ဖြစ်ရလိမ့်မယ်…)
ရန်ကိုင်မှ ထိုကဲ့သို့ မေးလိုက်သည့်တိုင် မိန်းကလေးသုံးဦးမှာတော့ ရပ်တန့်သွားခြင်းမရှိသေးပေ။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ အနည်းငယ်ပင်လျှင် အံ့အားသင့်သွားခဲ့ရလေသည်။ နောက်ဆုံး မတတ်နိုင်တော့သည့်အဆုံးတွင် သူ့နာမည်ကို ထုတ်ပြောရတော့လေ၏။ “ငါ့နာမည်က ရန်ကိုင်ပဲ… နင်တို့ ငါ့အကြောင်းကို ကြားဖူးလားတော့မသိဘူး…”
ထိုကဲ့သို့ ပြောလိုက်သည့်အခါမှသာ မိန်းကလေးသုံးဦးလည်း သူတို့အသက်သွင်းနေသည့် ကျင့်စဉ်အား ရပ်တန့်လိုက်ကြပြီး ရန်ကိုင့်အား အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။ သူတို့ဆီမှ ဖြာထွက်နေသည့် ရေခဲစက်ကွင်းမှာလည်း တဖြည်းဖြည်း အားလျော့ပျောက်ကွယ်သွားခဲ့လေ၏။
ရှေ့ဆုံးမှဦးဆောင်နေသော အမျိုးသမီးက အံ့အားသင့်နေသည့်လေသံဖြင့် ပြန်မေးလိုက်လေသည်။ “ရှင်က စီနီယာအစ်ကိုရန်ကိုင်လား…”
“ဟုတ်တယ်…” ယခုမှသာ ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။
“သူ့ကြည့်ရတာ စီနီယာအစ်ကိုရန်ကိုင်နဲ့ နည်းနည်းလေးမှ မတူဘူးနော်… အကြီးဆုံးစီနီယာအစ်မ ပြသွားတဲ့ပုံက သူ့ပုံစံမျိုးမဟုတ်ပါဘူး…”
“ဒါပေမဲ့ သူ့မျက်နှာတစ်ခုလုံးက ညစ်ပတ်နေတာ… သူ့မျက်နှာကိုသေချာမမြင်ရဘူး…”
“သူ့အဝတ်အစားတွေကလည်း အကုန်လုံး စုတ်ပြဲနေတာပဲ…”
မိန်းကလေးသုံးဦးသည် ရန်ကိုင့်အား ကြည့်ရင်း သူတို့ဘာသာ အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။
သူတို့ပြောနေသည်မှာ တိုးတိုးလေးသာ ဖြစ်သော်ငြား ရန်ကိုင်ကမူ ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။ ထိုအခါမှသာလျှင် ရှက်ရှက်ဖြင့် သူ့ခေါင်းအား ရိုက်မိလိုက်လေသည်။
ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ တစ်နှစ်ခွဲခန့်ကြာအောင် နေရင်း တောင်နဲ့မြစ်ခေါင်းလောင်း မှော်ရတနာစိတ်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးစားခဲ့ရပေသည်။ ထို့အတွက်ကြောင့် ထပ်တလဲလဲ ဒဏ်ရာရကာ သူ့အဝတ်အစားများမှာ စုတ်ပြဲကုန်ပြီး သူ့မျက်နှာတစ်ပြင်လုံးမှာလည်း သွေးများဖြင့် စိုရွှဲနေတော့လေ၏။ တောင်နဲ့မြောက်ခေါင်းလောင်း၏ အသိအမှတ်ပြုမှုကို ရရှိပြီးသွားသည့်နောက်တွင် ရန်ကိုင့်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ခန္ဓာကိုယ် မည်ကဲ့သို့ ဖြစ်နေသလဲ ဆိုသည်ကိုပင် မစဉ်းစားနိုင်တော့ဘဲ ဟင်းလင်းပြင်ထဲမှ ပျာယီးပျာယာဖြင့် ထွက်လာခဲ့ခြင်း ဖြစ်လေ၏။
ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ သတိပေးလိုက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် ထိုအချက်ကို သတိထားမိဦးလိမ့်မည် မဟုတ်ပေ။
ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်၍ သူ့ကိုယ်ပေါ်ရှိ တွယ်ကပ်နေသော သွေးစသွေးနများကို ဖယ်ရှားပစ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီမှ ရေဓါးချီကို အသက်သွင်းလျက် ရေဘောလုံးလေးတစ်လုံးကို ဖန်တီးလိုက်လေ၏။ ထို့နောက် ထိုရေဘောလုံးကိုသုံးကာ သူ့တစ်ခေါင်းလုံးကို ဆေးချပစ်တော့လေသည်။ ထိုကဲ့သို့ လုပ်ပြီးသွားသည့် အခါမှသာလျှင် ရင်းနှီးဖော်ရွေစွာပြုံးလျက် ပြန်ပြောလိုက်လေသည်။ “သေသေချာချာ တစ်ချက်ကြည့်ကြည့်ပါဦး…”
“ဟာ… ဟုတ်တယ်… စီနီယာအစ်ကိုရန်ပဲ…”
“ဟုတ်တယ်… စီနီယာအစ်ကိုရန်ပဲ…”
ရန်ကိုင်မှန်း အတည်ပြုပြီးသည့်နောက်တွင် မိန်းကလေးသုံးဦးမှာ စိတ်သက်သာရာ ရသွားခဲ့ပြီး ဝမ်းသာအားရ အော်ဟစ်ရင်း ရန်ကိုင့်ဆီသို့ တောင်းတောင်းပန်ပန်ဖြင့် ပြေးလာကြလေသည်။
ဦးဆောင်နေသည့် အမျိုးသမီးက ရှက်ရှက်ဖြင့် ပြုံးလျက် လက်သီးဆုပ်ကာ တောင်းပန်လိုက်လေ၏။ “စီနီယာအစ်ကို… ကျေးဇူးပြုပြီး ကျွန်မတို့ကို အပြစ်မတင်ပါနဲ့… စီနီယာအစ်ကိုရန်ကို ကျွန်မတို့နောက် လိုက်နေတဲ့ ရန်သူထင်ပြီး တိုက်ခိုက်လိုက်မိတာ… စီနီယာအစ်ကိုရန် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”
“ရပါတယ်… ဘာမှမဖြစ်ပါဘူး…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် ပြန်မေးလိုက်လေသည်။ “နင်တို့နောက်ကို တစ်ယောက်ယောက်လိုက်နေတာလား…”
ထိုမိန်းကလေးက ခေါင်းညိတ်လိုက်လေ၏။ “ဟုတ်တယ်… ကျွန်မတို့နောက်ကို လိုက်နေတာ တော်တော်ကြာနေပြီ…”
“ဘယ်သူလဲ…”
အမျိုးသမီးက မှုန်ကုပ်ကုပ်အမူအယာဖြင့် အံကြိတ်ကာ ပြန်ပြောလိုက်လေ၏။ “ရမ္မက်ရှာဂိုဏ်းရဲ့သခင်လေးက လွဲပြီး ဘယ်သူဖြစ်ရဦးမှာလဲ…”
“ဖုန်းရှီလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး အံ့အားသင့်တကြီးဖြင့် “ဖုန်းရှီ အားကောင်းတာ မှန်တယ်ဆိုပေမဲ့ နင်တို့ကလည်း အဲ့လောက်ကြီးဆိုးတာမှမဟုတ်တာ… ဘာလို့ သူ့ကို ကြောက်နေတာလဲ…”
အမျိုးသမီးက သက်ပြင်းချလျက် ပြန်ပြောလိုက်လေသည်။ “တခြားအချိန်တွေမှာသာဆိုရင်တော့ သူ့ကို ဘယ်ကြောက်ပါ့မလဲ… ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အကြီးဆုံးစီနီယာအစ်မရဲ့ စွမ်းအင်က မတည်မငြိမ်ဖြစ်လာတယ်လေ… သူ့ပုံစံကြီးက အဆင့်ချိုးဖြတ်တော့မဲ့ပုံစံမျိုး ပေါက်နေတာဆိုတော့ ကျွန်မတို့လည်း ဖုန်းရှီနဲ့ ထိပ်တိုက်မရင်ဆိုင်ရဲတော့ဘဲ ထွက်ပြေးလာခဲ့တာ… မဟုတ်ရင် အကြီးဆုံးစီနီယာအစ်မ အဲ့အခွင့်အရေးကို လက်လွတ်သွားရတော့မှာ…”
“အကြီးဆုံးစီနီယာအစ်မ…” ထိုစကားကိုကြားသော် ရန်ကိုင့်မျက်လုံးများ တောက်ပသွားခဲ့ပြီး မိုးမြေကောင်းချီး ဖြစ်ပေါ်နေသည့် နေရာဆီသို့ လှမ်းကြည့်၍ မေးလိုက်လေသည်။ “ဒီတော့ နင်တို့ပြောချင်တာက ဧကရာဇ်အဆင့်ကို ချိုးဖြတ်နေတဲ့လူက ညီမကျိယုပေါ့…”
“ဟုတ်တယ်… ကျွန်မတို့ ဒီကိုရောက်လာပြီးတာနဲ့ အကြီးဆုံးစီနီယာအစ်မက အဆင့်တက်ချင်တဲ့ခံစားချက်ကို လုံးဝဖိနှိပ်လို့မရတော့ဘူး… အဲ့ဒါနဲ့ပဲ ဆက်ပြီး ဖိနှိပ်မထားတော့ဘဲ စလိုက်တာ… ကျွန်မတို့သုံးယောက်ကတော့ သူ့ကို ကာကွယ်ပေးနေတာပေါ့… စီနီယာအစ်ကိုရန်ရောက်လာတုန်းက စီနီယာအစ်ကိုရန်ကို ရမ္မက်ရှာဂိုဏ်းက တပည့်တစ်ယောက်ထင်ပြီး ဝိုင်းတိုက်ခိုက်မိလိုက်တာ…” ထိုနေရာသို့အရောက်တွင် စကားပြောနေသည့် ကောင်မလေး၏မျက်နှာ နီတက်သွားခဲ့လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ညီမကျိယုက တကယ့်ကို ပါရမီရှင်တစ်ဦးပဲ… သူ့အတွက်တော့ ဂုဏ်ယူစရာပဲ…”
ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နေသည့်လူမှာ ရေခဲနှလုံးသားတောင်ကြားမှ ကျိယုဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ရန်ကိုင်နှင့် ကျိယုသည် အရမ်းကြီး ရင်းနှီးခြင်း မရှိသော်ငြား ကျိယုသည် ရေခဲနှလုံးသားတောင်ကြား၏ အထူးချွန်ဆုံး တပည့်တစ်ဦးမှန်းတော့ သိပေသည်။
ယနေ့တွင် ကျိယုသည် အကုန်လုံး၏ မျှော်လင့်ချက်အတိုင်း ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် ပြင်နေခဲ့လေပြီ။
ရေခဲနှလုံးသားတောင်ကြားမှ ဦးဆောင်တပည့်က ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်က သူမြင်ဖူးတဲ့လူတွေထဲမှာ အတော်ဆုံးပဲလို့ အကြီးဆုံးစီနီယာအစ်မကတော့ ပြောတာပဲ… ပုံမှန်ဆိုရင် အကြီးဆုံးစီနီယာအစ်မက အခြားသူတွေကို သိပ်ပြီး ချီးကျူးလေ့မရှိဘူး… ရမ္မက်ရှာဂိုဏ်းက ဖုန်းရှီကိုတောင် မျက်လုံးထဲထည့်တာမဟုတ်ဘူး… စီနီယာအစ်ကိုကိုတော့ အရမ်းလေးစားတယ်တဲ့… ဒါကြောင့်ပဲ ကြယ်ပျက်ပင်လယ်ထဲကို ဝင်လာပြီးတဲ့နောက်ပိုင်း စီနီယာအစ်ကိုနဲ့တွေ့လို့ရှိရင် ယဉ်ယဉ်ကျေးကျေးနဲ့ဆက်ဆံဖို့ စီနီယာအစ်ကိုရန်ရဲ့ပုံကို ကျွန်မတို့ကို ပြထားပေးတာ…”
“ဟုတ်တယ်… ပြီးတော့ စီနီယာအစ်ကိုရန် ရေခဲလမြို့တော်မှာ လုပ်ခဲ့တာတွေလည်း ကျွန်မတို့ကြားတယ်… စီနီယာအစ်ကိုရန်က တကယ်ကို အံ့ဩဖို့ကောင်းတာ…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ညီမကျိယုကလည်း ဘယ်သူ့ထက်ဆိုးလို့လဲ… သူအခုလိုမျိုးပြောတာ ငါ့ကို မျက်နှာသာပေးချင်ရုံပဲ… အခုပဲကြည့်ကြည့်လေ… သူက ဧကရာဇ်အဆင့်ကို ချိုးဖြတ်တော့မယ်… ငါက တာအိုသခင်တတိယအဆင့်မှာ ရှိနေတုန်းပဲ…”
ထိုစကားကိုကြားသည့်အခါ ရေခဲနှလုံးသားတောင်ကြားမှ တပည့်သုံးဦးစလုံး ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိသေးကြောင်းကို ပြန်မှတ်မိသွားခဲ့လေသည်။
သို့ရာတွင် ကျိယုမှာတော့ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် ပြင်နေခဲ့လေပြီ။ ကျိယု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူမသည် ရန်ကိုင့်ထက် ခြေတစ်လှမ်းသို့ ကြိုရောက်နေသည်မှာ ငြင်း၍မရသည့်အချက် ဖြစ်ပေသည်။ ထိုမိန်းကလေးသုံးဦး၏အမြင်တွင် သူမတို့၏ အကြီးဆုံးစီနီယာအစ်မသည် ရန်ကိုင့်အောက် နိမ့်ကျခြင်းမရှိဘဲ ရန်ကိုင့်ထက်ပင်လျှင် တော်နေပေသည်။
ရန်ကိုင့်၏အမူအယာ လေးနက်သွားခဲ့ပြီး သတိပေးလိုက်လေ၏။ “ဧကရာဇ်အဆင့်ကို ချိုးဖြတ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး… ဧကရာဇ်အဆင့်ကို ချိုးဖြတ်ရင်း သေသွားတဲ့ ပါရမီရှင်တွေ တပြုံတခေါင်းကြီးပဲ… ကျိယု အခုလိုမျိုး ကတိုက်ကရိုက်နဲ့ချိုးဖြတ်လိုက်တာ သူ အောင်မြင်နိုင်ချေ ဘယ်လောက်ရှိတယ်လို့ ပြောလဲ…”
ရေခဲနှလုံးသားတောင်ကြားမှ တပည့်တစ်ဦးက ပြန်ပြောလိုက်လေသည်။ “ခြောက်ဆယ်ရာခိုင်နှုန်းပဲရှိတယ်တဲ့…”
အခြားတပည့်နှစ်ဦးမှာလည်း စိုးရိမ်နေကြလေသည်။
“ခြောက်ဆယ်ရာခိုင်နှုန်း…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဤရာခိုင်နှုန်းမှာ သိပ်ပြီးတော့မမြင့်လှ။ သူမသာ မအောင်မြင်ခဲ့ပါက မိုးမြေကောင်းချီးအောက်တွင်ပင် တစ်ခါတည်း သေသွားနိုင်ပေသည်။
“ပြီးတော့ ရမ္မက်ရှာဂိုဏ်းက တပည့်တွေလည်း ကျွန်မတို့နောက် လိုက်နေသေးတယ်… သူတို့ ဒီနေရာကို ရှာတွေ့သွားမလားတော့ မပြောတတ်ဘူး…”
ရန်ကိုင်က နှစ်သိမ့်ပေးလိုက်လေသည်။ “စိတ်ပူမနေနဲ့… ငါရောက်နေပြီဆိုမှတော့ အဲ့ကောင်တွေကို ငါ့လက်ထဲ ထည့်ထားလိုက်… ရမ္မက်ရှာဂိုဏ်းကကောင်တွေရောက်လာတာနဲ့ ငါသူတို့ကို ပြန်ထွက်မသွားနိုင်အောင် လုပ်ပေးလိုက်မယ်…” ထိုသို့ပြောနေရင်း ရန်ကိုင့်ဆီမှ သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့လေသည်။
ယခုအချိန်အထိ ဖုန်းရှီနှင့် သူ့ကြားရှိအကြွေးကို မရှင်းရသေးချေ။ ဖုန်းရှီမှ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်သုံးလိုက်သည့် အတွက်ကြောင့် ရန်ကိုင် ဆိုးဆိုးရွားရွား ဒုက္ခရောက်ခဲ့ရလေသည်။ အချိန်မီ ပြန်ဆုတ်နိုင်ခဲ့သလို မြင့်မားလှသည့် သူ့ခွန်အားကြောင့်သာ မဟုတ်ပါက ထိုဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ တိုက်ကွက်အောက်တွင်ပင် ရန်ကိုင် အသက်ပျောက်သွားလောက်ပေပြီ။