← Chapters

အခန်း (၂၄၆၄-၂၄၆၆)

Vol. 101 Ch. 2464-2466

အခန်း (၂၄၆၄-၂၄၆၆)

Vol. 101 Ch. 2464-2466

အပိုင်း (၂၄၆၄)

ဧကရာဇ်အာဏာပိုင်ဓာတ်လုံးများမှာ အလွန်ကိုမှ ရှားပါးပေသည်။ ထို့အတွက်ကြောင့် ဖုန်းရှီသည် ရမ္မက်ရှာဂိုဏ်း၏ သခင်လေးတစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင် သူ့တွင် နောက်ထပ် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး ထပ်ရှိမနေနိုင်လောက်တော့ပေ။ လက်ရှိအချိန်တွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမရှိသည့် ဖုန်းရှီသည် ရန်ကိုင်အတွက် ခွေးလေခွေးလွင့်တစ်ကောင်နှင့် မခြားချေ။

ကြယ်ပျက်ပင်လယ်ထဲသို့ မဝင်လာခင်ကတည်းက ရန်ကိုင်သည် အဆင့်တူအတွင်းရှိ မည်သည့်ကျင့်ကြံသူကိုမဆို အလွယ်လေး အနိုင်ယူနိုင်ပေသည်။ ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်လာပြီးသည့်နောက်ပိုင်း ရန်ကိုင်သည် အချိန်မြစ်မဟာဧကရာဇ်၏စွမ်းရည်ကို နားလည်သွားရုံမက တောင်နဲ့မြစ်ခေါင်းလောင်းကိုပါ ရရှိခဲ့လေသည်။ ထို့အပြင် သူ့စိတ်စွမ်းအင်နှင့် အရင်းအမြစ်ချီမှာလည်း သိသိသာသာ တိုးတက်လာခဲ့ရလေ၏။

ထို့အတွက်ကြောင့် ယခုနေ ဖုန်းရှီ၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် ယခင်ကလောက် အခြေအနေ ဆိုးတော့လိမ့်မည်မဟုတ်ဟု ရန်ကိုင်ယုံကြည်နေလေ၏။

“စီနီယာအစ်ကိုရန်… ရှင် သတိလက်လွတ်နေလို့ မရဘူးနော်… ဖုန်းရှီက အရင်လိုမဟုတ်ဘူး…” ရန်ကိုင် သူမပြောနေသည်ကို တစ်ချက်ကလေးမှပင် နားမထောင်သည်ကို မြင်သော် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ အလျင်အမြန် ထပ်သတိပေးလိုက်လေသည်။

ထိုစဉ် ရန်ကိုင်က ရုတ်တရက် ခေါင်းမော့၍ ဟင်းလင်းပြင်ထဲသို့ စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။ “သူတို့လာနေပြီ…”

“သူတို့လာနေပြီ…” ထိုစကားကိုကြားသော် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ အံ့အားသင့်သွားခဲ့ကြပြီး ရန်ကိုင်ကြည့်နေသည့်ဘက်ဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြလေသည်။ သို့သော်ငြား သူတို့၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည့်တိုင် မည်သူ့ကိုမျှ အာရုံခံမရပေ။

ရန်ကိုင်ကပြုံးလျက် ရှင်းပြလိုက်လေ၏။ “ငါ့ကြယ်စည်းတံဆိပ်က ထောင့်ခုနှစ်ထောင့်လေ… ဒါကြောင့် အခြားသူတွေရဲ့ ကြယ်စည်းတံဆိပ်တွေကို အဝေးကြီးကနေ လှမ်းအာရုံခံလို့ရတယ်…”

“ဖုန်းရှီမှာလည်း ထောင့်ခုနှစ်ထောင့် ကြယ်စည်းတံဆိပ်ရှိတယ်…” ရေခဲနှလုံးသားတောင်ကြားမှ မိန်းကလေးတပည့်တစ်ဦး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်တောင် သူတို့ကို အာရုံခံလို့ရမှတော့ ဖုန်းရှီလည်း ကျွန်မတို့ကို အာရုံခံလို့ရမှာပေါ့… သူတို့ဘယ်နှစ်ယောက်တောင် လာတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “နှစ်ယောက်တော့ ငါအာရုံခံမိတယ်… ဒါဆိုရင် သုံးယောက်ဖြစ်မယ်နဲ့တူတယ်…”

ဖုန်းရှီတွင် ထောင့်ခုနှစ်ထောင့်ကြယ်စည်းတံဆိပ် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သည် ဖုန်းရှီ၏ ကြယ်စည်းတံဆိပ်ကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင့်အား ဇဝေဇဝါဖြစ်စေသည်မှာ ဖုန်းရှီကဲ့သို့သော လူတစ်ဦးသည် ထောင့်ခုနှစ်ထောင့်ကြယ်စည်းတံဆိပ်အား မည်ကဲ့သို့ ရရှိသွားသလဲ ဆိုသည်ကိုပင်။

ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ သေဆုံးသွားသော ကျင့်ကြံသူပေါင်းများစွာ၏ ကြယ်စည်းတံဆိပ်အားလုံးကို စုပ်ယူပြီးမှသာလျှင် သူ့ကြယ်စည်းတံဆိပ်အား ထောင့်ခုနှစ်ထောင့်ကြယ်စည်းတံဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ဖုန်းရှီအနေဖြင့် ထောင့်ခုနှစ်ထောင့် ကြယ်စည်းတံဆိပ်ကို မည်သို့များ ရခဲ့ပါလေသနည်း။ ကြယ်စည်းတံဆိပ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် လူပေါင်းများစွာကို သူကိုယ်တိုင်သတ်ခဲ့လေသလော။ ဖုန်းရှီအားကောင်းသည်မှာ မှန်သော်ငြား သူ့ခွန်အားသည် အလွန်အကျွံ မြင့်မားနေခြင်းတော့မဟုတ်ပေ။ ကြယ်ပျက်ပင်လယ်ထဲရှိ ကျင့်ကြံသူတိုင်းမှာလည်း ရန်စလို့ကောင်းသည့်လူများ မဟုတ်ကြ။

ရန်ကိုင့်စိတ်ထဲ မသေချာမရေရာ ဖြစ်နေစဉ်မှာပင် ရန်ကိုင့်၏ကောင်းကင်စိတ်အာရုံသည် သူ့ဆီသို့ ချဉ်းကပ်လာနေသော အရှိန်အဝါသုံးခုကို အာရုံခံမိသွားခဲ့လေသည်။ ထိုအရှိန်အဝါသုံးခုအနက် တစ်ခုမှာ အတော်လေးကိုမှ ရင်းနှီးနေ၏။ ထိုလူမှာ ဖုန်းရှီမှလွဲ၍ အခြားမဟုတ်ချေ။ ထို့နောက်တွင် ရန်ကိုင်မျက်လုံးပြူးသွားခဲ့ပြီး အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေ၏။ “ဖုန်းရှီ ဘယ်တုန်းက ဧကရာဇ်အဆင့်ကို ရောက်သွားတာလဲ…”

လက်ရှိအချိန်တွင် ဖုန်းရှီခန္ဓာကိုယ်ပတ်လည်၌ ဧကရာဇ်အရှိန်အဝါတစ်ရပ် ရစ်သိုင်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်လေသည်။ ထိုအရှိန်အဝါမှာ တည်ငြိမ်ခြင်းမရှိသေးသော်ငြား ဖုန်းရှီ ဧကရာဇ်အဆင့်သို့ ရောက်နေသည်မှာတော့ မေးခွန်းထုတ်စရာ မလိုတော့ချေ။

ထိုအချက်ကို သတိပြုမိလိုက်သည့်နောက်တွင် ကျိယု ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နေသည်ကို ကြားလိုက်ရစဉ်ထက် ရန်ကိုင် ပို၍ ထိတ်လန့်သွားတော့လေ၏။

ရန်ကိုင် ဟင်းလင်းပြင်ထဲ တစ်နှစ်ခွဲခန့် ရှိနေသည့် အချိန်အတောအတွင်း ကြယ်ပျက်ပင်လယ်ကြီးထဲတွင် ကိစ္စရပ်များစွာ ဖြစ်ပျက်သွားခဲ့ပေသည်။

ပထမဦးစွာ ကျိယုသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် ကြိုးစားနေလေ၏။ ယခု ဖုန်းရှီသည် ဧကရာဇ်အဆင့်သို့ပင်လျှင် ချိုးဖြတ်ဝင်ရောက်ပြီးနေလေပြီ။ အခြားသောဂိုဏ်းများမှ ပါရမီရှင်များဆိုလျှင်ကော။ သူတို့သည်လည်း ဧကရာဇ်အဆင့်သို့ ရောက်နေမည်လား။

“ဖုန်းရှီ ဧကရာဇ်အဆင့်ကို ရောက်သွားလို့ပဲ ကျွန်မတို့ညီအစ်မသုံးဦးလည်း သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘဲ ထွက်ပြေးလာခဲ့ရတာ… ဒါပေမဲ့ သူ့ကျင့်ကြံခြင်း ကမတည်ငြိမ်သေးတာ ကျွန်မတို့ကံကောင်းသွားတယ်… မဟုတ်ရင် အခုလိုမျိုး ပြေးလို့လွတ်မှာမဟုတ်ဘူး…” ရေခဲနှလုံးသားတောင်ကြားမှ တပည့်တစ်ဦးက မဲ့ပြုံးပြုံးရင်း ပြောလိုက်လေသည်။

ယခုမှသာလျှင် ဤအမျိုးသမီးမှ ဖုန်းရှီသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘူးဟု ဘာကြောင့်ပြောနေမှန်းကို ရန်ကိုင် ချက်ချင်း နားလည်သွားတော့လေသည်။

တာအိုသခင်တတိယအဆင့်နှင့် ဧကရာဇ်အဆင့်ကြား အဆင့်တစ်ဆင့်သာ ကွာသော်ငြား ခွန်အားကွာခြားချက်မှာတော့ မိုးနှင့်မြေအလားပင်။

“စီနီယာအစ်ကိုရန်… ရှင် အခုထွက်ပြေးရင် ကောင်းလိမ့်မယ်နော်…” ရေခဲနှလုံးသားတောင်ကြားမှ တပည့်များက စိုးရိမ်တကြီးဖြင့် သတိပေးလိုက်လေ၏။ “ဖုန်းရှီက စီနီယာအစ်ကိုကို အရမ်းမုန်းတီးနေတာ… သူသာ ရှင့်ကိုမြင်လို့ရှိရင် လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…”

“ငါထွက်ပြေးမယ်ဆိုလို့ရှိရင် နင်တို့က ဘာလုပ်မှာလဲ…” ရန်ကိုင်က စကားပြောလိုက်သည့်မိန်းကလေးအား ကြည့်လျက် ပြန်မေးလိုက်လေသည်။

ထိုမိန်းကလေးက ပြန်၍ ပြောလိုက်လေ၏။ “ဖုန်းရှီ ကျွန်မတို့နောက် တစ်ချိန်လုံးလိုက်နေတာ ကျွန်မတို့ကို သတ်ချင်လို့မဟုတ်ဘူး… အကြီးဆုံးအစ်မကြီးကို အညံ့ခံလာအောင် လုပ်ချင်လို့ပဲ… ဒီတော့ ကျွန်မတို့ အသတ်ခံရမှာကို စိတ်ပူနေစရာမလိုဘူး…”

ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ “ဖုန်းရှီ နင်တို့ကို မသတ်ချင်ရင်တောင် ကျိယု အဆင့်ချိုးဖြတ်နေတာကို ဒီတိုင်း ရပ်ကြည့်နေမယ်ထင်လား…”

ရမ္မက်ရှာဂိုဏ်းသည် ရမ္မက်တာအိုကို ကျင့်ကြံကြပေသည်။ ကျိယုအား သူ့အပိုင်ဖြစ်အောင် လုပ်ရန်အတွက် ဖုန်းရှီ၏ ခွန်အားမှာ ကျိယုအား ဖိနှိပ်နိုင်သည့်အဆင့်တွင် ရှိနေရပေလိမ့်မည်။ ထို့အတွက်ကြောင့် ဖုန်းရှီသည် ကျိယု ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ကို ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။ ကျိယုသာ ဧကရာဇ်အဆင့်သို့ ရောက်သွားသည်နှင့် ဖုန်းရှီမှ ကျိယုအား အလွယ်တကူ ဖိနှိပ်နိုင်တော့လိမ့်မည် မဟုတ်‌ချေ။

ထို့ကြောင့် ဖုန်းရှီသည် ကျိယုအား မည်သည့်အကြောင်းနှင့်မှ ဧကရာဇ်အဆင့်သို့ ရောက်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ဖုန်းရှီသာ သူ့ခွန်အားကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မည်ဆိုပါက ကျိယုအား မသေစေဘဲ အဆင့်တက်ခြင်းဖြစ်စဉ် ကျရှုံးသွားအောင် လုပ်နိုင်ပါသော်ငြား သူ့ခွန်အားကိုသာ မထိန်းချုပ်နိုင်ခဲ့လျှင်တော့ ကျိယုသည် မိုးမြေကောင်းချီးအောက်တွင် တစ်ခါတည်း အသက်ပျောက်သွားရပေလိမ့်မည်။

မည်သို့သော ရလဒ်ဖြစ်ပါစေ ထိုရလဒ်နှစ်ခုစလုံးသည် ကျိယုလက်ခံနိုင်သည့် ရလဒ်မျိုးမဟုတ်ချေ။

ရေခဲနှလုံးသားတောင်ကြားမှ တပည့်သုံးဦးမှာလည်း ထိုအချက်ကို စဉ်းစားမိကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အား ထွက်သွားရန်ပြောနေသည့်တိုင် သူတို့စိတ်ထဲမှာတော့ အလွန်ကိုမှ စိုးရိမ်နေလေ၏။

“မတတ်နိုင်ရင်လည်း ဖုန်းရှီ စီနီယာအစ်မကို လက်လျှော့သွားအောင် ကျွန်မတို့သုံးယောက် သူ့နေရာ အစားဝင်လိုက်မှာပေါ့…” သုံးဦးအနက်မှ တစ်ဦးက ရုတ်တရက် ပြောလိုက်လေ၏။ ထိုစကားကိုကြားသော် ကျန်နှစ်ဦးစလုံး၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ သို့သော်ငြား စကားတစ်ခွန်းမှပင် မပြောကြဘဲ တိတ်တိတ်သာ နေကြလေ၏။

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “နင်တို့ကို အထင်သေးနေတာမဟုတ်ဘူး… မလှဘူးလို့လည်း ပြောနေတာမဟုတ်ဘူး… ဒါပေမဲ့ ဖုန်းရှီမှာ မိန်းမတွေအများကြီးရှိတယ်ဆိုတာ နင်တို့သိထားသင့်တယ်… သူ ကျိယုကို မျက်စိကျသွားပြီဆိုကတည်းက ဘယ်လိုမှ အလွယ်တကူ အလွတ်ပေးမှာမဟုတ်ဘူး… ရှင်းရှင်းပြောရရင် ကျိယုက သူ့စိတ်ထဲမှာ ကိုယ်တွင်းနတ်ဆိုးဖြစ်နေပြီလို့တောင် ပြောလို့ရတယ်… ကျိယုကိုသာ သူ့လက်အောက် အညံ့ခံအောင် မလုပ်နိုင်လို့ရှိရင် သူ့အနေနဲ့ သိုင်းတာအိုမှာ အဆင့်တက်ဖို့က ခက်သွားလိမ့်မယ်… ဒီတော့ နင်တို့သုံးယောက်ပေါင်းလည်း ကျိယုနေရာကို အစားဝင်နိုင်မှာမဟုတ်ဘူး…”

“ဒါဆို ကျွန်မတို့ ဘာလုပ်ရမှာလဲ… သူ့ကို ပြန်ပြီးတိုက်ခိုက်ရမှာလား…”

ရန်ကိုင်က ကြမ်းကြုတ်စွာ ပြုံးလျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “စိတ်မပူနဲ့… သူတို့လာရဲလို့ရှိရင် အကုန်လုံး ပြန်ထွက်မသွားနိုင်အောင် ငါလုပ်ပေးလိုက်မယ်…”

ရန်ကိုင်မှ ထိုကဲ့သို့ပြောလာသော် မိန်းကလေးသုံးဦးစလုံး ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်မိကြလေသည်။

အစောပိုင်းက ရန်ကိုင် ဖုန်းရှီအား စိတ်ထဲမထည့်သည်မှာ ဖုန်းရှီ ဧကရာဇ်အဆင့်သို့ ရောက်နေသည်ကို မသိသေးသည့်အတွက်ကြောင့် ဖြစ်သည့်အတွက် သူတို့အနေဖြင့် လက်သင့်ခံနိုင်ပါသော်ငြား ယခု ဖုန်းရှီ ဧကရာဇ်အဆင့်သို့ ရောက်နေမှန်း သိသည့်တိုင် ဤကဲ့သို့ ပြောရဲနေသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင် အလွန်ကိုမှ မောက်မာဝံ့ကြွားလွန်းသည်ဟု မိန်းကလေးသုံးဦးစလုံး ခံစားလိုက်ကြရလေသည်။

(စီနီယာအစ်ကိုရန် ဘယ်လောက်အားကောင်းကောင်း သူက တာအိုသခင်အဆင့်ပဲ ရှိသေးတာလေ…)

(တာအိုသခင်အဆင့်တစ်ယောက်က ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးရဲ့ ပြိုင်ဘက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… အဲ့အဆင့်နှစ်ဆင့်က တူတာမှမဟုတ်တာ… သူတို့သာ တကယ်ကြီး တိုက်ခိုက်ကြလို့ရှိရင် စီနီယာအစ်ကိုရန် ကျိန်းသေ သေမှာ…)

ထိုမိန်းကလေးသုံးဦး၏ ထူးထူးဆန်းဆန်းအကြည့်များကို မြင်သော် ရန်ကိုင် မိန်းကလေးသုံးဦး မည်ကဲ့သို့ စဉ်းစားနေမှန်း သိလိုက်လေသည်။ သို့သော်ငြား သွားတော့ ရှင်းပြမနေခဲ့ပေ။ ထို့အစား ပြန်၍သာ ပြောလိုက်လေ၏။ “ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးရဲ့ တိုက်ခိုက်မှုတွေက အရမ်းအားကောင်းလွန်းတယ်… ညီမကျိယုက အဆင့်ချိုးဖြတ်ခါနီး ဖြစ်နေတာဆိုတော့ သူ့ကို နည်းနည်းလေးတောင် သွားနှောင့်ယှက်လို့မရဘူး… ဒီတော့ ငါ ဖုန်းရှီကို သွားပြီး အချိန်ဆွဲထားပေးမယ်… နင်တို့သုံးယောက် ကျိယုကို ကောင်းကောင်း ကာကွယ်ပေးထားကြ…”

“စီနီယာအစ်ကိုရန်… ရှင်….” ရေခဲနှလုံးသားတောင်ကြားမှ တပည့်တစ်ဦးသည် သူမပါးစပ်ကို လက်ဖြင့် အလန့်တကြားအုပ်၍ ရန်ကိုင့်အား အံ့လည်းအံ့ဩ ကျေးဇူးလည်းတင်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို သူမ မသိဘဲနေမည်လား။

ရန်ကိုင်သည် သူ့လုံခြုံရေးကို ဂရုမစိုက်ဘဲ ကျိယုအတွက် အချိန်ဆွဲထားပေးလိုခြင်း ဖြစ်ပေသည်။

ရုတ်တရက် စိတ်ပိုင်းဖြတ်လိုက်သည့်အလား ထိုမိန်းကလေးက ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ကျွန်မလည်း လိုက်မယ်…”

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်လေသည်။ “လိုက်ပြီးရင် နင်က ဘာလုပ်မှာလဲ…”

ထိုကောင်မလေးက နှုတ်ခမ်းကိုကိုက်လျက် ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန် ကူညီပေးလို့ရတယ်လေ…”

ထိုမိန်းကလေးကိုကြည့်ရသည်မှာ သူမအသက်ကိုပင်လျှင် ဂရုမစိုက်တော့သည်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံးအောင့်အီးရင်း ပြန်ပြောလိုက်လေ၏။ “မလိုဘူး… ငါတစ်ယောက်တည်းဆိုအဆင်ပြေတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မည်သည့်အပိုစကားမှ ဆက်ပြောမနေတော့ဘဲ ဖုန်းရှီတို့ဆီသို့သာ ပျံသန်းသွားလေသည်။ ထိုသို့ပျံသန်းသွားနေရင်းမှ လှမ်းပြောလိုက်သေး၏။ “ကျိယုကို ကြည့်ထားကြနော်… ကျိယုအဆင့်ချိုးဖြတ်နေတာကို သေသေချာချာ ကြည့်ထားကြ… သူအဆင့်ချိုးဖြတ်နေတာကိုကြည့်ရင်း တစ်ခုခုနားလည်သွားခဲ့ရင် နင်တို့အတွက်လည်း အရမ်းအကျိုးရှိမှာ… ဒီလိုအခွင့်အရေးကောင်းကို လက်လွတ်မခံနဲ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မိန်းကလေးသုံးဦး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ မိန်းကလေးသုံးဦးမှာတော့ ရန်ကိုင့်နောက် ပြေးလိုက်သွားလျှင် ကောင်းမလား မလိုက်သွားဘဲနေလျှင် ကောင်းမလား စဉ်းစားတွေဝေနေရင်း ရန်ကိုင်ထွက်သွားသည့်ဘက်သို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေကြလေ၏။

သို့သော်ငြား လက်ရှိအချိန်မျိုးတွင် ကျိယုအနား၌ သူမအား ကာကွယ်ပေးမည့် အခြားတစ်ဦးဦး ရှိနေရန် တကယ်ကို လိုအပ်ပေသည်။ ထို့အတွက်ကြောင့် သူမတို့စိတ်ထဲ အလွန်ကိုမှ စိုးရိမ်နေသည့်တိုင် မဆင်မခြင် မလှုပ်ရှားရဲခဲ့ကြပေ။

ဟင်းလင်းပြင်ထဲရှိ တစ်နေရာရာတွင် ရမ္မက်ရှာဂိုဏ်းမှ တပည့်သုံးဦးသည် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ ရှိနေရာဆီသို့ ပျံသန်းသွားနေကြလေသည်။ သူတို့၏ခေါင်းဆောင်မှာတော့ ရမ္မက်ရှာဂိုဏ်း၏ သခင်လေးဖြစ်သည့် ဖုန်းရှီမှလွဲ၍ အခြားမဟုတ်ပေ။

လွန်ခဲ့သောနှစ်ဝက်ခန့်က ဖုန်းရှီ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားပြီးသည့် အချိန်မှစ၍ သူတို့သုံးဦးသည် ကြယ်ပျက်ပင်လယ်ထဲတွင် ပြိုင်ဘက်ကင်းတည်ရှိမှုများ ဖြစ်လာကြလေသည်။ ဖုန်းရှီ၏ကျေးဇူးကြောင့် ထိုတပည့်နှစ်ဦး၏ ကြယ်စည်းတံဆိပ်များသည်ပင်လျှင် ထောင့်ခြောက်ထောင့်ကြယ်စည်းတံဆိပ်များအဖြစ်သို့ အဆင့်တက်သွားခဲ့ရလေသည်။

ဖုန်းရှီကိုယ်တိုင်တွင်မူ ထောင့်ခုနှစ်ထောင့်ကြယ်စည်းတံဆိပ် ရှိနေခဲ့ပေသည်။ ထိုကဲ့သို့ အဆင့်မြင့်လှသည့် ကြယ်စည်းတံဆိပ်များကို ရရန်အတွက် လူဘယ်နှစ်ဦးလောက်ကို သူတို့သတ်ခဲ့သလဲ ဆိုသည်မှာ မတွေးရဲစရာပင်။

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ဖုန်းရှီမှာ အလွန်ကိုမှ ယုံကြည်ချက်ရှိနေကာ ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်တော့ချေ။

ရှေ့သို့ပျံသန်းနေရင်းမှ ဖုန်းရှီ ရုတ်တရက် မျက်မှောင်ကျုံ့သွားပြီး ရပ်လိုက်လေသည်။ ထို့နောက် မျက်လုံးမှေးစင်းလျက် သူ့ရှေ့တည့်တည့်အား သေသေချာချာ စိုက်ကြည့်လိုက်လေ၏။

“သခင်လေး… ဘာဖြစ်လို့လဲ…” ဖုန်းရှီ ရုတ်တရက် ရပ်လိုက်သည်ကိုမြင်သော် သူ့ဘေးနားတွင်လိုက်ပါလာသည့် တပည့်နှစ်ဦးလည်း ရုတ်တရက် ကောက်ရပ်၍ မေးလိုက်လေသည်။

ဖုန်းရှီက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “တစ်ယောက်ယောက် ငါတို့ဆီလာနေတယ်…”

“သခင်လေးကို စိန်ခေါ်ရဲလောက်တဲ့ထိ မိုက်ရတာလား…”

ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် အခြားသော သက်လတ်ပိုင်းလူကြီးက ဝင်ပြောလိုက်လေ၏။ “သေချင်နေတဲ့ အရူးတစ်ကောင်ကောင် နေမှာပေါ့ကွာ…”

ဖုန်းရှီက ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။ “သူက သေချင်နေတယ်ဆိုမှတော့ ငါတို့ကလည်း သတ်ပေးရမှာပေါ့… ဒါပေမဲ့ ဒီကောင့်အရှိန်အဝါကို ဘာဖြစ်လို့ ရင်းနှီးနေသလို ခံစားနေရတာလဲ… ငါ ဒီကောင့်ကို တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုပဲ…”

ထိုသို့ပြောနေရင်း ဖုန်းရှီစိတ်ထဲ မသက်မသာ ခံစားလိုက်ရပြီး ရင်တဒုန်းဒုန်း ခုန်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်၏ တုံ့ပြန်ပုံကိုကြည့်ရင်း ဖုန်းရှီမှာ အတော်လေးကိုမှ အံ့အားသင့်သွားခဲ့ရလေသည်။ ဧကရာဇ်အဆင့်သို့ ရောက်ပြီးချိန်မှစ၍ မည်ကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် ဤကဲ့သို့သော ခံစားချက်မျိုးကို မခံစားခဲ့ရချေ။ ထို့အတွက်ကြောင့် သူ့စိတ်ခံစားချက်များသည် လုံးဝကို မယိမ်းယိုင်တော့သည့် ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်နေသော အဆင့်သို့ ရောက်သွားပြီဟုပင် ထင်ခဲ့မိလေသည်။ သို့သော်ငြား ယခုတွင်မူ ဖုန်းရှီ၏ ရင်တစ်ခုလုံးမှာ မြင်းရိုင်းကဆုန်ပေါက်ပြေးနေသည့်နှယ် ကယောက်ကယက် ဖြစ်နေလေ၏။

(ဘယ်သူလဲ…) ဖုန်းရှီ ရုတ်တရက် စတင်၍ စိတ်ပူလာတော့လေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် သူ့ဆီသို့ ပျံသန်းလာနေသည့် အလင်းတန်းသည် ရမ္မက်ရှာဂိုဏ်းမှ တပည့်သုံးဦးနှင့် မလှမ်းမကမ်းနေရာတွင် ရပ်တန့်သွားခဲ့လေသည်။ အလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဖုန်းရှီ ရင်းနှီးကျွမ်းဝင်နေသော အလွန်ကိုမှ ခါးခါးသီးသီး မုန်းတီးနေခဲ့ရသော မျက်နှာတစ်ခု သူ့ရှေ့၌ ထွက်ပေါ်လာခဲ့လေ၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ရန်ကိုင့်ကို မြင်ပြီးသည့်နောက် ဖုန်းရှီ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်သွားတော့လေသည်။

လွန်ခဲ့သော နှစ်နှစ်ခွဲခန့် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာစဉ်က ဖုန်းရှီနှင့် ရန်ကိုင်တို့သည် တစ်နေရာထဲသို့ တည်နေရာကူးပြောင်းခြင်း ခံလိုက်ရလေသည်။ ရန်ကိုင်နှင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် ရန်ကိုင့်၏ပြိုင်ဘက်မဟုတ်မှန်း သိသည့်အတွက်ကြောင့် ဖုန်းရှီသည် တိုက်ပွဲစသည်နှင့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ချက်ချင်း ထုတ်သုံးခဲ့လေ၏။ ထိုတိုက်ကွက်ကြောင့်ပင်လျှင် ရန်ကိုင့်၏အရှိန်အဝါမှာ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် သေသွားပြီဟု ဖုန်းရှီ ထင်ခဲ့လေ၏။

လွန်ခဲ့သောနှစ်များအတွင်း ရန်ကိုင်နှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မရသည့် အချက်နှင့် ရန်ကိုင့်ကိုပါ မမြင်ခဲ့ရသည့်အချက်များသည် ရန်ကိုင်သေသွားပြီဆိုသည့်အကြောင်းကို ပို၍ ယုံကြည်စရာဖြစ်လာအောင် လုပ်ပေးနေခဲ့လေသည်။

ရန်ကိုင့်ကြောင့် သူခံစားခဲ့ရသည့် ကြောက်ရွံ့မှုအလုံးစုံမှာလည်း ဖုန်းရှီ၏မှတ်ဉာဏ်ထဲမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေ၏။

သို့သော်ငြား ဖုန်းရှီ၏ အိပ်မက်ဆိုးသည် လက်ရှိအချိန်တွင် သူ့ရှေ့၌ တစ္ဆေသရဲတစ်ကောင်နှယ် ပေါ်လာခဲ့လေသည်။ ထို့အပြင် ရန်ကိုင်သည် မည်သည့်ဒဏ်ရာမှ ရမထားရုံသာ မဟုတ်ဘဲ အကောင်းအတိုင်းပင်လျှင် ရှိနေသေး၏။

သို့သော်ငြား ထိုကဲ့သို့ မည်သို့များ ဖြစ်နိုင်ပါမည်နည်း။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ တိုက်ကွက်တစ်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်တွင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမှာ မည်ကဲ့သို့များ အသက်ရှင်နေနိုင်ပါသေးသနည်း။ ဖုန်းရှီ၏စိတ်တစ်ခုလုံး ဆူနာမီလှိုင်းရိုက်သည့်နှယ် ကသောင်းကနင်းကို ဖြစ်နေတော့လေသည်။ ထို့ကြောင့် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။ “မင်း လူလား သရဲလား…”

ရန်ကိုင်က နှုတ်ခမ်းကိုကွေးလျက် ညစ်ကျယ်ကျယ်ပြုံးရင်း ပြန်ပြောလိုက်လေသည်။ “မတွေ့ရတာ နှစ်နှစ်လောက်ကြာသွားတာတောင် သခင်လေးကတော့ အရင်အတိုင်းဖြစ်နေပါတုန်းပဲလား… အခုလိုမျိုး တွေ့တွေ့ချင်း ဘာဖြစ်လို့ အဲ့လိုမေးခွန်းကြီး လာမေးနေရတာလဲ… ပြီးတော့ သခင်လေးမေးတာကို ကျုပ်ကရော ဘယ်လိုပြန်ဖြေပေးရမှာလဲ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၆၅)

ဖုန်းရှီသည် ကောင်းကင်စိတ်အာရုံကိုသုံးလျက် ရန်ကိုင့်အား ထပ်တလဲလဲကို စစ်ဆေးကြည့်နေသည်။ ထိုသို့ စစ်ဆေးကြည့်နေစဉ်အတောအတွင်း လွန်ခဲ့သောနှစ်များအတွင်းက ရန်ကိုင့်လက်၌ ခံစားခဲ့ရသည်များကို ပြန်သတိရသွားကာ ဖုန်းရှီ၏အရှိန်အဝါမှာ ရုတ်တရက်ဆိုသလို မတည်မငြိမ် ဖြစ်လာခဲ့ရလေသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က သူသည် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့သည့် အတွက်ကြောင့် ရန်ကိုင်နှင့် တွေ့တွေ့ချင်းတွင်ပင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်သုံးခဲ့ရသော်ငြား ယနေ့မူ ထိုကဲ့သို့မဟုတ်တော့ချေ။

(ငါ အခု ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ… ဒါပေမဲ့ သူက တာအိုသခင်အဆင့်မှာပဲ ရှိသေးတယ်… အခု ငါတို့နှစ်ယောက်က လုံးဝ မတူတော့ဘူး…)

ထိုကဲ့သို့စဉ်းစားမိလိုက်သော် ဖုန်းရှီ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် ပြုံးရင်း ရန်ကိုင့်ကိုကြည့်ကာ ပြောလိုက်လေသည်။ “မင်း တစ္ဆေပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ဒီသခင်လေးနဲ့ လာတွေ့ပြီဆိုမှတော့ အဆုံးသတ်ကောင်းမယ် မထင်တော့နဲ့… ဒီနေ့က မင်းသေရမယ့်နေ့ပဲ…”

“အိုက်ယား… သခင်လေးက အရမ်းကြောက်ဖို့ကောင်းတာပဲ…” ရန်ကိုင်သည် ဖုန်းရှီကိုကြည့်ရင်း လှောင်ပြောင်စနောက်လိုက်လေသည်။ “ကျုပ်သိချင်တာ တစ်ခုတော့ရှိတယ်… သခင်လေး ဘယ်လိုလုပ်ပြီး ဧကရာဇ်အဆင့်ကို ချိုးဖြတ်သွားနိုင်တာလဲ…”

ဖုန်းရှီက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီသခင်လေးကို မင်းလို သာမန်လူတစ်ယောက် မှတ်နေတာလား… ဒီသခင်လေးက ဘယ်သူနဲ့မှမတူတဲ့ ပါရမီရှင်ကွ…”

ရန်ကိုင်က ပြန်၍ပြောလိုက်ပြန်၏။ “ဟုတ်တော့ ဟုတ်ပါတယ်… ဒါပေမဲ့ သခင်လေးတို့ရမ္မက်ရှာဂိုဏ်းရဲ့ ကျင့်စဉ်အရ ဆိုလို့ရှိရင် ဒီရန်က သခင်လေးရဲ့ ကိုယ်တွင်းနတ်ဆိုးဖြစ်နေပြီလေ… ကိုယ်တွင်းနတ်ဆိုးကို မဖယ်ရှားလို့ရှိရင် သခင်လေးရဲ့ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းက ဘယ်လိုလုပ်ပြီး တည်ငြိမ်မှာလဲ… ဒါမှမဟုတ် ဖြစ်နိုင်တာက…” ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ဆက်ပြောလိုက်လေသည်။ “ဒီရန် သေသွားပြီလို့ထင်ပြီး သခင်လေးက ဧကရာဇ်အဆင့်ကို အေးအေးဆေးဆေးနဲ့ ချိုးဖြတ်သွားနိုင်တာများလား… အဲ့လိုဆိုရင်တော့ သခင်လေးတော့ ပြဿနာတက်တော့မယ်နဲ့တူတယ်…”

ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းရှီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ဧရာမတူကြီးဖြင့် ဆောင့်ထုခံလိုက်ရသည့်အလား ရင်ဘတ်ကို လက်ဖြင့်ဖိရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှာလည်း ကတုန်ကယင် ဖြစ်လာပြီး အက်သံများမှာ သူ့ဝိဉာဉ်အတွင်းပိုင်းမှနေ၍ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ သူ့ကိုယ်ထဲရှိ အရာတစ်ခုခု ပျက်စီးသွားသည်ကို ခံစားမိလိုက်သော် ဖုန်းရှီ၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

ပျက်စီးသွားသည့်အရာမှာ သူ၏တာအိုနှလုံးသားသာ ဖြစ်လေသည်။ မထင်မှတ်ထားစွာပင် သူ့တာအိုနှလုံးသား၌ အက်ရာပေါ်လာခဲ့လေပြီ။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ရန်ကိုင့်၏ စကားတစ်ခွန်းကြောင့်သာ ဖြစ်လေ၏။

ရေခဲလမြို့တော်တွင်တည်းက ရန်ကိုင့်၏တည်ရှိမှုသည် ဖုန်းရှီ၏ ကိုယ်တွင်းနတ်ဆိုးသဖွယ် ဖြစ်လာခဲ့ရလေသည်။ ထိုကိုယ်တွင်းနတ်ဆိုးကိုသာ မဖယ်ရှားနိုင်ပါက ဖုန်းရှီ၏ သိုင်းတာအိုကျင့်ကြံခြင်းမှာ ဆက်လက် အဆင့်မြင့်တက်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ကြယ်ပျက်ပင်လယ်ထဲတွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကိုသုံး၍ ရန်ကိုင့်အား သတ်နိုင်သွားပြီဟု ဖုန်းရှီ ထင်မှတ်ခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သူ့ကိုယ်တွင်းနတ်ဆိုးမှာ ပျောက်ကွယ်သွားခဲ့ပြီး ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့လေ၏။ သို့သော်ငြား ယနေ့တွင်မူ သူ သေသွားပြီဟု ထင်မှတ်ထားသော ရန်ကိုင်သည် ထင်မှတ်မထားစွာပင် သူ့ရှေ့၌ တစ်ဖန်ပြန်လည် ပေါ်လာခဲ့လေသည်။

ရန်ကိုင်ပြောလိုက်သည့်စကားများသည် ပျောက်ကွယ်သွားပြီဖြစ်သော သူ၏ကိုယ်တွင်းနတ်ဆိုးအား တစ်ဖန်ပြန်လည်နိုးကြွလာအောင် လုပ်ဆောင်လိုက်လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဖုန်းရှီ၏ တာအိုနှလုံးသားမှာ အက်ရာထင်သွားရခြင်း ဖြစ်လေသည်။

သွေးများသည် ဖုန်းရှီ၏ နှုတ်ခမ်းထောင့်မှ စီးကျလာခဲ့လေသည်။ ဖုန်းရှီသည် အံကိုတင်းတင်းကြိတ်ရင်းမှ ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။ “သေလိုက်စမ်း… သေလိုက်စမ်း… မင်းသေလိုက်စမ်း…”

ဖုန်းရှီမှာ စိတ်လွတ်သွားသည့်အလား အရူးအမူးအော်ဟစ်ရင်း ရန်ကိုင့်ဆီသို့ ဧကရာဇ်ချီလှိုင်းများကို တရစပ် ပစ်လွှတ်လိုက်လေသည်။ ဖုန်းရှီ၏ တိုက်ကွက်မှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းများကြောင့် သူ့ဘေးတွင်ရပ်နေသည့် ကျင့်ကြံသူနှစ်ဦး နောက်သို့ လွင့်စင် ထွက်သွားခဲ့လေ၏။ အချိန်အတော်ကြာသွားသည့်အခါမှသာ ထိုနှစ်ဦး ဟန်ချက်ပြန်ထိန်းလိုက်နိုင်ပြီး ဖုန်းရှီအား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။

ဖုန်းရှီ ဤကဲ့သို့ အရူးတစ်ပိုင်းဖြစ်သွားသည်ကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ လက်ရှိအချိန်တွင် ဖုန်းရှီ၏ ကိုယ်တွင်းနတ်ဆိုးပြန်ပေါ်လာပြီး သူ့ကျင့်ကြံခြင်းမှာလည်း သွေဖယ်တော့မည့် အရိပ်အယောင်များ ပြနေပြီမှန်း ထိုနှစ်ဦးစလုံး သိလိုက်ကြသည်။ ထို့အတွက်ကြောင့် နှစ်ယောက်စလုံးမှာ သွေးပျက်မတတ် ကြောက်လန့်သွားခဲ့ကြပြီး ဖုန်းရှီ စိတ်ပြန်ငြိမ်သွားအောင် ဖုန်းရှီအား အဆက်မပြတ် အော်ဟစ်ဖျောင်းဖျနေကြလေသည်။

သူ့ဆီသို့ တိုးဝင်လာနေသည့် ဧကရာဇ်ချီလှိုင်းများနှင့် အရူးတစ်ပိုင်းဖြစ်နေသည့် ဖုန်းရှီကိုကြည့်ရင်း ရန်ကိုင် ယဲ့ယဲ့လေးပြုံးလိုက်ပြီး ဖုန်းရှီပစ်လွှတ်လိုက်သည့် တိုက်ကွက်များကို အသာအယာ ရှောင်တိမ်းလိုက်လေသည်။ ထို့နောက် ဖုန်းရှီအား အထင်အမြင်တသေးဖြင့်ကြည့်၍ လက်ယက်ခေါ်ရင်း လှောင်ပြောင်လျက် ရန်စလိုက်လေ၏။ “သခင်လေး… ခင်ဗျား ကျုပ်ကို သတ်ချင်လို့ရှိရင် ကျုပ်ကိုလိုက်ဖမ်းမှ ရမှာနော်… မဟုတ်ရင် ကျုပ်က ထွက်ပြေးတော့မှာ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ဟင်းလင်းပြင်အတွင်းပိုင်းထဲသို့ ပြေးထွက်သွားလေ၏။

ဖုန်းရှီ၏မျက်လုံးများမှာ နီရဲတက်နေခဲ့လေသည်။ ရန်ကိုင် ထွက်ပြေးသွားသည်ကို မြင်သော် ဒေါသတကြီးအော်ဟစ်ရင်း ရန်ကိုင့်နောက်သို့ ပြေးလိုက်လေ၏။

မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် ကျင့်ကြံသူတို့နှစ်ဦးမှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် ဖုန်းရှီနောက်သို့ စိုးရိမ်တကြီးဖြင့် ပြေးလိုက်သွားကြလေသည်။ နှစ်ယောက်စလုံးမှာလည်း ရန်ကိုင့်၏ အရှက်မဲ့သည့်လုပ်ရပ်အပေါ် ကျိန်ဆဲနေကြလေသည်။ တကယ်တော့ ရန်ကိုင်သည် သူတို့သခင်လေး၏ အားနည်းချက်ကို တမင်သက်သက် ပစ်မှတ်ထားခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့်သာလျှင် ဖုန်းရှီ ယခုကဲ့သို့ အရူးတစ်ပိုင်းဖြစ်သွားရခြင်း ဖြစ်လေသည်။ ဖုန်းရှီသာ သူ့စိတ်အား ပြန်ငြိမ်အောင် မလုပ်နိုင်ပါက သူ့ကျင့်ကြံခြင်းမှာ လုံးဝကို သွေဖီသွားတော့ပေလိမ့်မည်။

ဖုန်းရှီမှာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ပြီးခါစ ဖြစ်သည့်အတွက်ကြောင့် သူ့ကျင့်ကြံခြင်းမှာ မတည်ငြိမ်သေးလေရာ ကိုယ်တွင်းနတ်ဆိုး ပြန်လည်ထွက်ပေါ်လာသော် သူ့အခြေအနေမှာ လုံးဝကို ဆိုးဆိုးရွားရွား ဖြစ်သွားရတော့လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူတို့နှစ်ဦး လုပ်နိုင်သည့်အရာဆို၍ ဘာမျှ မရှိချေ။ ဖုန်းရှီ သူ့စိတ်သူနိုင်အောင် ထိန်းနိုင်ပါစေဟူ၍သာ ထိုနှစ်ဦးမှာ ကြိတ်၍ ဆုတောင်းနေရတော့လေသည်။

ရန်ကိုင့်နောက်သို့ ပြေးလိုက်သွားသည့်နောက်တွင် ဖုန်းရှီနှင့် ကျန်နှစ်ဦးမှာ ကျိယု အဆင့်ချိုးဖြတ်ရန် ကြိုးစားနေသည့် ကြယ်ပျက်ကြီးဆီမှ ဝေးကွာလာခဲ့လေ၏။

ရန်ကိုင် ဤကဲ့သို့လုပ်ရခြင်းမှာ သူတို့တိုက်ပွဲမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများသည် ကျိယုအဆင့်ချိုးဖြတ်နေသည်ကို သွားရောက်ထိခိုက်သွားမည်ကို စိုးသည့်အတွက်ကြောင့်ပင်လျှင်။ သို့သော်ငြား ဖုန်းရှီအား ဤမျှ အလွယ်တကူ လှည့်စားရ လွယ်ကူလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ဖုန်းရှီ၏စိတ်မှာ မတည်ငြိမ်ခြင်းတော့မဟုတ်။ ဖုန်းရှီကိုယ်တိုင်ကကို ရန်ကိုင့်အား အလွန်အမင်း မုန်းတီးနေခြင်းသာ ဖြစ်လေသည်။

တစ်နာရီခန့်ကြာပြီးသည့်နောက် ကျိယုနှင့် အခြားသူများ ရှိနေသည့် နေရာဆီမှ ခပ်လှမ်းလှမ်းသို့ ရောက်လာသော် ရန်ကိုင်ရပ်လိုက်ပြီး သူ့နောက်သို့ လိုက်လာနေသည့် ရမ္မက်ရှာဂိုဏ်းမှ တပည့်သုံးဦးအား အေးစက်စက် အမူအယာဖြင့် ပြန်၍ စိုက်ကြည့်လိုက်လေသည်။

သို့သော်ငြား သူမြင်လိုက်ရသည့်အရာကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။

သူ့နောက်သို့ လိုက်လာနေစဉ်အတောအတွင်း ဖုန်းရှီသည် အစောပိုင်းကကဲ့သို့ ဒေါသူပုန်ထနေခြင်း မရှိတော့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင့်မှာ မဆိုစလောက်ကလေး အံ့အားသင့်သွားခဲ့ရလေသည်။ ဤသခင်လေးဆိုသည့်လူမှာ တကယ်ကို အရည်အချင်းရှိသည့်ပုံပင်။ ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ဝင်ရောက်သွားနိုင်ခဲ့သည်မှာလည်း ကံကောင်းမှုသက်သက်ကြောင့် မဟုတ်သည့်ပုံပင်။

ဖုန်းရှီသည် ရန်ကိုင်နှင့် မီတာတစ်ထောင်အကွာခန့်တွင် ရပ်နေခဲ့လေသည်။ မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံဝတ်စားထားသည့် ကျင့်ကြံသူတို့မှာ ဖုန်းရှီအား လိုက်မီလာပြီး သူ့ဘေး တစ်ဖက်တစ်ချက်စီတွင် အသီးသီး ရပ်လိုက်ကြလေ၏။ ဖုန်းရှီ ပြန်လည်တည်ငြိမ်သွားသည်ကို မြင်သော် နှစ်ဦးစလုံး သက်ပြင်း အသာအယာ ချလိုက်ကြလေသည်။

ကျောင်းတော်သားပုံစံဝတ်စားထားသည့် ကျင့်ကြံသူက တိုးတိုးလေးပြောလိုက်လေ၏။ “သခင်လေး… အဲ့ကောင် ဘာပြောပြော လုံးဝ ဒေါသထွက်လို့မဖြစ်ဘူးနော်…”

“ဒီသခင်လေးသိတယ်…” ဖုန်းရှီက ထိုသို့ပြောလိုက်ပြီးသည့်နောက် ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်လျက် မေးလိုက်လေသည်။ “ကျိယု အေးအေးဆေးဆေးနဲ့ အဆင့်ချိုးဖြတ်နိုင်အောင်လို့ မင်း ဒီသခင်လေးကို ဒီနေရာထိ ဆွဲခေါ်လာခဲ့တာမလား…”

ရန်ကိုင်က မျက်ခုံးပင့်လျက် ချီးကျူးလိုက်လေ၏။ “သခင်လေးက ဉာဏ်ရှိသားပဲ… ဟုတ်တယ် သခင်လေးပြောတာအမှန်ပဲ…”

ဖုန်းရှီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ဒီလောက် သိသာနေတာကြီးကို

ရန်ကိုင်က ပြန်၍မေးလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး အချည်းအနှီးဖြစ်ရမှာလဲ… အခုချိန်လောက်ဆို ကျိယု ဧကရာဇ်အဆင့်ကိုတောင် ရောက်ချင်ရောက်နေတော့မှာ…”

ဖုန်းရှီက ပြန်လည်လှောင်ပြောင်လိုက်လေ၏။ “ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဖို့ဆိုတာ အဲ့လောက်လွယ်တယ်လို့ မင်းထင်နေတာလား… ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဖို့က ဒီလောက်မမြန်ဘူးကွ… သူမြန်တယ်ဆိုရင်တောင် ဒီသခင်လေးအဖို့ မင်းကိုသတ်ဖို့က ငါ့လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရုံပဲ… ဘယ်လောက်မှမကြာဘူး… ပြီးတော့မှ သူ့ကိုပြန်သွားရှာမယ်ဆိုရင်တောင် နောက်မကျသေးဘူး…”

ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “သခင်လေး ခင်ဗျား အခုလိုပြောနေတာ အရူးကွက်နင်းသလို ဖြစ်မနေဘူးလား…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “သခင်လေးရဲ့ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတောင် ကျုပ်ကို မသတ်နိုင်ခဲ့တာ… သခင်လေးက ကျုပ်ကို သတ်နိုင်မယ်ထင်နေတယ်ပေါ့…”

ထိုစကားကိုကြားသည့်အခါ ဖုန်းရှီ ဒေါသထွက်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်ပြောတော့မည်အပြု ချက်ချင်းပဲ အသက်ကို ပြင်းပြင်းရှူသွင်းလျက် ရုန်းကြွလာသော သူ့ဒေါသစိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်လေသည်။ ထို့နောက် ပြန်၍ ပြောလိုက်လေ၏။ “အရင်ကြိမ်တုန်းက မင်းအသက်ရှင်သွားခဲ့တာ ဒီသခင်လေး အရမ်းကို နမော်နမဲ့ နိုင်သွားလွန်းလို့ပဲ… ဒါပေမဲ့ အခုတော့ မတူတော့ဘူး…”

ထို့နောက်တွင် ဖုန်းရှီ၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင့်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လျက် “ဒီတစ်ကြိမ်တော့ ဒီသခင်လေးကိုယ်တိုင် မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်…”

ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “သခင်လေး… သိပ်ပြီးတော့ လေလုံးမထွားပါနဲ့လား…”

“ဟား ဟား…” ဖုန်းရှီက ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “တကယ်ဆိုရင် ဒီသခင်လေးကတောင် မင်းကို ကျေးဇူးတင်နေတာ… မင်းသာ ဒီနေ့ ဒီသခင်လေးရှေ့မှာ ပေါ်မလာခဲ့လို့ရှိရင် မင်းသေသွားပြီလို့ပဲ ဒီသခင်လေး အမြဲတမ်း ထင်နေမိမှာ… အဲ့လိုနဲ့ ငါ့ဘာသာငါ ဆက်ပြီး ကျင့်ကြံလို့ ငါကျင့်ကြံခြင်းမြင့်လာတဲ့တစ်နေ့မှ မင်းအသက်ရှင်နေရတဲ့အကြောင်း ကြားလိုက်မယ်ဆိုလို့ရှိရင် အဲ့အချိန်ကြ ငါ့ကိုယ်ငါ လုံးဝ ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူး… ငါ့ကျင့်ကြံခြင်းက လုံးဝကို သွေဖီသွားတော့မှာ… ဒါပေမဲ့ အခုတော့ အဲ့ကိစ္စကို စိတ်ပူစရာ မလိုတော့ဘူး… ငါ့တာအိုနှလုံးသား ထိခိုက်သွားတယ်ဆိုရင်တောင် မင်းကို သတ်လိုက်တာနဲ့ လုံးဝ အကောင်းအတိုင်း ပြန်ဖြစ်သွားမှာ… အကောင်းအတိုင်းဖြစ်ရုံတင်မဟုတ်ဘူး ပိုပြီးတော့တောင် အားကောင်းလာနိုင်သေးတယ်…”

ထိုသို့ပြောပြီးသည့်နောက် ဖုန်းရှီ၏မျက်လုံးများ တလက်လက်တောက်ပလာခဲ့လေသည်။

ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ကျုပ်က သခင်လေးအတွက် ဒီလောက်အရေးပါမယ်လို့ မထင်ထားခဲ့ဘူး… သခင်လေး ကျုပ်ကို ဘယ်လိုကျေးဇူးတင်ချင်လဲ…”

ဖုန်းရှီက ပြန်ပြောလိုက်လေသည်။ “မင်း အရင်တိုက်လိုက်… မဟုတ်ရင် ဒီသခင်လေးက မင်းကို အခွင့်အရေးမပေးဘူး ဆိုပြီးတော့ လာမပြောနဲ့…”

ရန်ကိုင်က အော်ရယ်မောလျက် “သခင်လေးက အခုလိုမျိုး အခွင့်အရေး ပေးလာတယ်ဆိုမှတော့ ဒီရန်ကလည်း ငြင်းလို့ဘယ်ဖြစ်ပါ့မလဲ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုမြှောက်လျက် အနန္တဓါးကို ထုတ်ကာ ဓါးထဲသို့ အရင်းအမြစ်ချီထည့်သွင်း၍ အားမာန်တကြီးဖြင့် ခုတ်ချလိုက်လေသည်။

လခြမ်းကွေးအလား ထင်မှတ်ရသည့် ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ထိုးခွဲ၍ ဖုန်းရှီတည့်တည့်သို့ တိုးဝင်သွားလေသည်။

တိုးဝင်လာနေသည့် ဓါးလှိုင်းကိုကြည့်ရင်း ဖုန်းရှီဘေးနားတွင် ရပ်နေသော မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံဝတ်စားထားသည့် ကျင့်ကြံသူနှစ်ဦးစလုံး၏ ခြေထောက်များ ပျော့ခွေချင်သလို ဖြစ်သွားခဲ့လေသည်။

“ထင်ထားတဲ့အတိုင်းပဲ မင်းမှာ အရည်အချင်းလေး နည်းနည်းပါးပါး ရှိတာပဲ…” ဖုန်းရှီကမူ တစ်ချက်ကလေးမျှပင် ထိတ်လန့်သွားခြင်းမရှိဘဲ ပြန်၍ပင် လှောင်ပြောင်လိုက်လေသေး၏။ “ဒါပေမဲ့ ပိုးစုန်းကြူးရဲ့အလင်းရောင်က လမင်းရဲ့အလင်းရောင်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ၏ဓါးကို ထုတ်လျက် ဝှေ့ယမ်းကာ တိုးဝင်လာနေသည့် ဓါးလှိုင်းဆီသို့ ဓါးလှိုင်းတစ်လှိုင်း ပြန်လည်ပစ်လွှတ်လိုက်လေသည်။ ဓါးလှိုင်းနှစ်လှိုင်းမှာ အချင်းချင်းတိုက်မိသွားပြီး တစ်စစီကွဲကြေသွားခဲ့ကြလေသည်။

ထိုအချင်းအရာကိုမြင်သော် ဖုန်းရှီဘေးနားတွင်ရပ်နေသည့် ကျင့်ကြံသူနှစ်ဦးစလုံး ဝမ်းသာအားရ ဖြစ်သွားကြလေသည်။

“မင်းတို့ ဘေးဖယ်နေလိုက်ပေတော့…” ရန်ကိုင်၏တိုက်ကွက်ကို ချေဖျက်လိုက်ပြီးသည့်နောက်တွင် ဖုန်းရှီသည် သူ့ဘေးနားတွင်ရပ်နေသည့် ကျင့်ကြံသူနှစ်ဦးအား အော်ပြောလိုက်လေသည်။ ထိုနှစ်ဦးမှာ သူ့အား မည်သည့်အကူအညီမှ မပေးနိုင်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေလေသည်။

ထိုနှစ်ဦးမှာလည်း ဖုန်းရှီ၏အမိန့်ကို မနာခံပဲ မနေရဲသည့်အတွက်ကြောင့် ခပ်ဝေးဝေးသို့ ချက်ချင်း ပြန်ပြေးသွားလေသည်။

“ရန်ကိုင်… မင်းက လုံးဝကို သာမန် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ဘူးဘဲ… ရေခဲလမြို့တော်မှာသာ ရှိနေဦးမယ်ဆိုလို့ရှိရင်တော့ ဒီသခင်လေးက မင်းရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာတောင် မဟုတ်ဘူး… ဒါပေမဲ့ အခု ဒီသခင်လေးက ဧကရာဇ်အဆင့်ကို ရောက်ပြီကွ… မင်းရဲ့တာအိုသခင်အဆင့် ကျင့်ကြံခြင်းလေးနဲ့ ဒီသခင်လေးကို ဘယ်လို အနိုင်ယူနိုင်မှာလဲ…” ဖုန်းရှီသည် စကားပြောနေသော်ငြား တိုက်ခိုက်သည်ကိုတော့ မရပ်လိုက်ချေ။ သူ့ဓါးကို အဆက်မပြတ်ဝှေ့ယမ်း၍ ရန်ကိုင့်ဆီသို့ ဓါးလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်နေလေ၏။

ထိုမျှသာလျှင်မဟုတ်သေးဘဲ ဖုန်းရှီမှ သူ့ဓါးကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ရှင်းပြမရနိုင်သည့် အရှိန်အဝါတစ်ရပ် ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။

ရန်ကိုင့်မှာလည်း ဖုန်းရှီဆီမှ ဖြာထွက်လာသည့် အရှိန်အဝါကြောင့် အတော်လေးကိုမှ ပြဿနာတက်နေရလေ၏။ ထိုအရှိန်အဝါသည် သူ့တိုက်ခိုက်လိုစိတ်ကို လျော့နည်းအောင်လုပ်၍ သူ့အား တိုက်ပွဲအပေါ် အာရုံမစိုက်နိုင်အောင် လုပ်နေခဲ့လေသည်။ ထိုအရှိန်အဝါကြောင့် ရန်ကိုင့်မှာ တိုက်ခိုက်နေရင်းမှ စုရန်၊ ရှနင်းချန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့အကြောင်းများကို အလိုလို ပြန်တွေးနေမိလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ဖုန်းရှီသည် ရမ္မက်ရှာကျင့်စဉ်၏ စွမ်းရည်တစ်မျိုးမျိုးကို ထုတ်သုံးနေပြီမှန်း ချက်ချင်း နားလည်လိုက်လေသည်။ ထိုစွမ်းရည်သည် တစ်ဖက်ရန်သူ၏ စိတ်ခံစားချက်နှင့် စိတ်ဆန္ဒရိုင်းများအပေါ် လွှမ်းမိုးမှုရှိလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် ဖုန်းရှီနှင့် တိုက်ခိုက်နေရင်းမှ ထိုအကြောင်းများကို ရုတ်တရက် ပြန်စဉ်းစားမိလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်သည် သူ့လျှာကိုကိုက်လျက် သူ့စိတ်အား လာရောက်လွှမ်းမိုးနေသည့် ထိုအရှိန်အဝါကို ချေဖျက်ပစ်လိုက်လေသည်။ ထို့နောက် အနန္တဓါးကို ဝှေ့ယမ်းလျက် ဓါးလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်လိုက်ကာ ဖုန်းရှီ၏ တိုက်ကွက်များကို ချေဖျက်ပစ်လိုက်လေသည်။

ထိုစဉ် ဖုန်းရှီ၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့လေသည်။ အားနေသော လက်တစ်ဖက်ဖြင့် လက်ကွက်များ ဖန်တီးပြီးသည့်နောက်တွင် လက်ချောင်းအား ဓါးတစ်လျှောက်ပေါ် ဖြတ်ဆွဲချလိုက်လေသည်။ “မင်းလို ပုရွက်ဆိတ်တစ်ကောင်က ရုန်းကန်နေလည်း ဘာမှထူးလာတော့မှာမဟုတ်ဘူး… ဘာဖြစ်လို့ အေးအေးဆေးဆေး မသေလိုက်တာလဲ…”

“ဘုန်း…”

အလွန်ကိုမှ ခြောက်ခြားဖွယ်ရာကောင်းသည့် ဓါးချီလှိုင်းတစ်လှိုင်းမှာ လျှပ်စီးတမျှအမြန်နှုန်းဖြင့် ရန်ကိုင့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

ထိုဓါးလှိုင်းများကိုမြင်သော် ရန်ကိုင့်အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့လေ၏။ ထူးဆန်းစွာပင် သူ့အနေဖြင့် ထိုဓါးလှိုင်းအား ရှောင်တိမ်းနိုင်ခြင်းမရှိကြောင်း တွေ့ရှိလိုက်ရလေသည်။ နည်းလမ်းမရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဗလာနတ္ထိပညာရပ်ကို အသက်သွင်းလိုက်ရတော့လေသည်။

ရန်ကိုင့်၏ပုံရိပ် ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး ဓါးချီလှိုင်းမှာ ရန်ကိုင့်၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ ဟင်းလင်းပြင်အတွင်းပိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၆၆)

ဓါးချီလှိုင်း ပျောက်ကွယ်သွားသည့်နောက်တွင် ရန်ကိုင့်၏ခန္ဓာကိုယ် ပြန်ပေါ်လာခဲ့လေသည်။ သို့သော်ငြား သူ့မျက်နှာမှာတော့ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။

ဗလာနတ္ထိပညာရပ်ကို ထုတ်သုံးကာ ဖုန်းရှီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပါသော်ငြား စွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်းတော့ ခံလိုက်ရပေသေးသည်။

ဖုန်းရှီကမူ ရန်ကိုင်ဒဏ်ရာရသွားသည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင့်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဓါးချီလှိုင်းများဖြင့် ရစ်ပတ်လျက် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားရင်းမှ ဓါးချီလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။

တစ်ချိန်တည်းတွင် ဧကရာဇ်ဖိအားကို သုံးလျက် ရန်ကိုင့်အား တရစပ် ဖိအားပေးထားလေရာ ရန်ကိုင့်မှာ နောက်သို့သာ တောက်လျှောက် ဆုတ်နေခဲ့ရလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင့်မျက်နှာထက် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

“ပျင်းစရာကောင်းလိုက်တာ… ဒီသခင်လေးက အပျင်းတောင် မပြေသေးတာကို မင်းက ဆက်ပြီး မခုခံနိုင်တော့ဘူး ဟုတ်လား… မင်း နောက်ဘဝကျလို့ရှိရင် ဒီသခင်လေးနဲ့တွေ့တဲ့အခါကြ တလေးတစားနဲ့ဆက်ဆံဖို့ သေသေချာချာ မှတ်ထားလိုက်…”

ပြောနေပြီးသည့်နောက် သက်တန့်ရောင်ဓါးချီလှိုင်းတစ်လှိုင်းသည် ရန်ကိုင့်တည့်တည့်သို့ တိုးဝင်သွားခဲ့လေသည်။

သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ရှင်းပြမရနိုင်သည့် အန္တရာယ်အငွေ့အသက်တို့ကို ဖုန်းရှီစိတ်ထဲ ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ယုံကြည်ချက်တို့ဖြင့် ပြည့်နေသော ဖုန်းရှီမှာ စတင်၍ သင်္ကာမကင်း ဖြစ်လာခဲ့ရလေသည်။

ရန်ကိုင့်အား ပြန်လှမ်းကြည့်လိုက်သည့်အခါ ရန်ကိုင့်မျက်နှာထက် မည်သည့်ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်ကိုမှ မတွေ့ရဘဲ ရိသဲ့သဲ့ပြုံးနေသည့် အပြုံးတစ်ပွင့်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။

(ဘာဖြစ်သွားတာလဲ… ဒီကောင်က တာအိုသခင်အဆင့်ပဲ မဟုတ်ဘူးလား… ပြီးတော့ အခုလို သေတော့မှာကိုတောင် ဘာဖြစ်လို့ ထူးထူးဆန်းဆန်း ပြုံးနေသေးတာလဲ… သူ့မှာ ဝှက်ဖဲတစ်ခုခုများ ရှိနေသေးတာလား…)

ထိုကဲ့သို့စဉ်းစားလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းရှီသည် အံကိုကြိတ်၍ သူ့ မသိစိတ်အရ ဟင်းလင်းပြင်ကိုကန်ကျောက်ရင်း နောက်သို့ ပြန်ဆုတ်လိုက်လေသည်။

သူ နောက်သို့ ဆုတ်ပြီးပြီးချင်းမှာပင် အလွန်ကိုမှ ကြီးမားလှသော လဓါးသွားတစ်စင်းသည် ဖုန်းရှီ ယခင်ရှိနေခဲ့သည့် နေရာအား ဖြတ်သန်းသွားခဲ့လေသည်။ အရေးကြီးဆုံးအချက်မှာ ထိုလဓါးသွားဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ အန္တရာယ်များလွန်းခြင်းပင်။

“ဟူး…” ပွတ်ကာသီကာလေး ရှောင်တိမ်းလိုက်နိုင်သော လဓါးသွားကြီးကိုကြည့်ရင်း ဖုန်းရှီ မျက်လုံးပြူးနေခဲ့လေသည်။ သူ့စိတ်ထဲလည်း အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေလေ၏။

ထိုတိုက်ခိုက်မှုသည် လုံးဝကို လျှို့ဝှက်စွာ တည်ရှိနေခြင်း ဖြစ်ပေသည်။ လျှို့ဝှက်စွာ တည်ရှိနေရုံသာလျှင် မဟုတ်သေးဘဲ အလွန်ကိုမှလည်း အားကောင်းပေသေးသည်။ သူသာ အချိန်မီမရှောင်နိုင်ခဲ့ပါက ထိုတိုက်ကွက်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလိမ့်မည်မှန်း ဖုန်းရှီ သိနေခဲ့လေသည်။

(ဘယ်လိုစွမ်းအားကြီးလဲ…) ဖုန်းရှီ မျက်နှာပျက်သွားတော့လေ၏။ ရန်ကိုင့်၏ခွန်အားမှာ သူ့ကျင့်ကြံခြင်းအဆင့်အရ အတော်လေးကိုမှ အားကောင်းနေပြီဟု ယုံကြည်ခဲ့ပါသော်ငြား ဤမျှတိုက်ခိုက်ပြီးသည့်တိုင် ရန်ကိုင့်၏ခွန်အား အတိမ်အနက်ကို မသိသေးကြောင်း ဖုန်းရှီနားလည်သွားခဲ့လေသည်။

“အိုး… သခင်လေးက ရှောင်တာမြန်သွားတာပဲ…” ရန်ကိုင်က ဖုန်းရှီအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။

လွန်ခဲ့သောနှစ်နှစ်ခန့်ကသာ ဆိုလျှင်တော့ ဖုန်းရှီအနေဖြင့် ထိုတိုက်ကွက်ကို လုံးဝ ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။ ယခု ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာပြီဖြစ်သည့်အတွက်ကြောင့် သူ၏အာရုံခံစားနိုင်စွမ်းမှာ ပို၍ စူးရှလာခဲ့လေသည်။ ထို့အပြင် လက်ရှိ ဧကရာဇ်အဆင့်သို့ ရောက်နေသော ဖုန်းရှီ၏ခွန်အားသည် သူယခင်သတ်ခဲ့သော ချိုကျဲထက် ပို၍အားကောင်းကြောင်း ရန်ကိုင်ခံစားနေခဲ့ရသည်။

ထိုသို့ဖြစ်သည်မှာလည်း ဖြစ်ချင်စရာပင်။ ဖုန်းရှီသည် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ အမွေခံတပည့်တစ်ဦး မဟုတ်လေလော။ ချိုကျဲသည် ကောင်းကင်ရောင်စဉ်နန်းတော်၏ နန်းတော်သခင်ဖြစ်သော်ငြား ကောင်းကင်ရောင်စဉ်နန်းတော်သည် တောင်ဘက်နယ်မြေထဲရှိ ဒုတိယအဆင့် အင်အားစုတစ်ခုသာ ဖြစ်လေရာ ရမ္မက်ရှာမဟာဧကရာဇ်မှ တည်ထောင်ခဲ့သော ရမ္မက်ရှာဂိုဏ်းကဲ့သို့ အင်အားစုကြီးနှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။

“မင်းခွန်အားကို ဖုံးကွယ်ထားတာလား…” ဖုန်းရှီသည် အံကိုတင်းတင်းကြိတ်လျက် ရန်ကိုင့်အား မပျော်မရွှင်ဖြင့် ကြည့်လိုက်လေသည်။

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အား အလွယ်တကူ နင်းချေပစ်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ပါသော်ငြား ထိုသို့မဖြစ်ခဲ့ဘဲ ရန်ကိုင့်၏အလစ်ချောင်းတိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခါနီးပင် ဖြစ်ခဲ့ရလေသည်။ ဖုန်းရှီအနေဖြင့် ထိုကဲ့သို့သော အဖြစ်အပျက်အား မည်ကဲ့သို့များ လက်သင့်ခံနိုင်ပါမည်နည်း။ ထို့အပြင် သူ့ဂျူနီယာနှစ်ဦးမှာ အဝေးမှ ကြည့်နေလေရာ ယခုကိစ္စသည် သူ့အတွက် အလွန်ကိုမှ ရှက်ဖွယ်ကောင်းနေလေ၏။

ရန်ကိုင်ကပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “သခင်လေးရဲ့စကားတွေက စိတ်တော့ဝင်စားစရာပဲနော်… သခင်လေးတောင် ဒီကြယ်ပျက်ပင်လယ်ကြီးထဲမှာ ဧကရာဇ်အဆင့်ကို ချိုးဖြတ်သွားနိုင်ခဲ့တာကို အခြားသူတွေက ဒီအတိုင်း ထိုင်နေကြမယ်လို့ သခင်လေး ထင်နေတာလား၊ သခင်လေး တိုးတက်လာသလို အခြားသူတွေလည်း လိုက်တိုးတက်လာမှာပေါ့ သခင်လေးရဲ့”

ဖုန်းရှီသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားနိုင်ခဲ့သည့် အတွက်ကြောင့် သူ့ခွန်အားမှာ အဆများစွာ တိုတက်လာခဲ့သော်ငြား ရန်ကိုင်သည် ပျင်းရိပျင်းတွဲဖြင့် ထိုင်နေခြင်း မဟုတ်ပေ။ ထိုနေ့များအတောအတွင်း သူ့ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သလို တောင်နဲ့မြစ်ခေါင်းလောင်းကိုလည်း ရယူနိုင်ခဲ့ပေသည်။ သူ၏ အရင်းအမြစ်ချီသည်ပင်လျှင် ဧကရာဇ်ချီအဖြစ်သို့ စတင်ပြောင်းလဲနေခဲ့လေ၏။

“ကိုယ့်ရန်သူရဲ့ ကျင့်ကြံခြင်းက ဘယ်လိုပဲဖြစ်နေဖြစ်နေ အဲ့ရန်သူကို လုံးဝ အထင်မသေးဖို့ အဖေက ဒါကြောင့်ပြောထားတာကိုး… အခု အဖေပြောချင်တာကို ဒီသခင်လေး နားလည်သွားခဲ့ပြီ… ရန်ကိုင် မင်း ဒီသခင်လေးကို အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်တာပဲ…” ဖုန်းရှီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အစကတော့ မင်းအသက်ကို မြန်မြန်လေး ချွေယူပစ်လိုက်မလို့ပဲ… ဒါပေမဲ့ မင်းကိုယ်တိုင်က ခေါင်းမာမာနဲ့ ခုခံချင်နေမှတော့ ဒီသခင်လေးကို မင်းကို မသေမချင်းနှိပ်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့ကွာ…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ သခင်လေးက ထင်နေတုန်းပဲလား…”

“ငါ မင်းကို မသတ်နိုင်ဘူးလို့ မင်းထင်နေတယ်ပေါ့…” ဖုန်းရှီသည် အလွန်ကိုမှ ရယ်ရလွန်းသည့် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား မျက်လုံးပြူးသွားခဲ့လေသည်။

“လာစမ်းကြည့်လိုက်လေ…” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။

“ကောင်းပြီလေ…” ထိုသို့အော်ပြောလိုက်ပြီးသည့်နောက်တွင် ဖုန်းရှီသည် နောက်ထပ် ဓါးရှည်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။

သူထုတ်ယူလိုက်သည့်ဓါးမှာ အပြာဖျော့ရောင်တောက်နေပြီး အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။ ဓါးတစ်ဝိုက်တွင် အဖြူရောင်မြူခိုးများ ရစ်သိုင်းနေခဲ့ပြီး ထိုဓါးပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်တစ်ခုလုံးမှာ အေးခဲသွားတော့မယောင် ဖြစ်သွားခဲ့လေသည်။

“ဧကရာဇ်အဆင့် မှော်ရတနာလား…” ရန်ကိုင်က ဖုန်းရှီထုတ်ယူလိုက်သည့် ရေခဲပြာရောင်ဓါးကို စိုက်ကြည့်ရင်း မျက်ခုံးပင့်ကာ ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဟုတ်တာပဲနော်… သခင်လေးက ရမ္မက်ရှာဂိုဏ်းရဲ့ သခင်လေးပဲဟာကို… ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုလောက်တော့ အနည်းဆုံး ပိုင်ဆိုင်ထားရမှာပေါ့…”

ယခင်က ဖုန်းရှီသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုအား တစ်ကြိမ်တစ်ခါမှပင်လျှင် ထုတ်သုံးခဲ့ခြင်း မရှိသည့်အတွက် ရန်ကိုင့်စိတ်ထဲ အနည်းငယ် သင်္ကာမကင်း ဖြစ်ခဲ့ရလေသည်။ ယခုမှသာလျှင် ဖုန်းရှီ၌ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု မရှိနေခြင်းမဟုတ်ဘဲ ဖုန်းရှီကိုယ်တိုင်ကကို ထုတ်မသုံးခဲ့ခြင်းသာ ဖြစ်မှန်း နားလည်သွားတော့လေ၏။

“အခုကျေနပ်သွားပြီလား… ငါ မင်းကို ဒီအတွက် ပြန်ပေးဆပ်ရအောင် လုပ်ပေးမယ်…” ဖုန်းရှီသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်ရင်း ပြောလိုက်လေ၏။ ထို့နောက်တွင် သူ့ဓါးရှည်သည် တဆတ်ဆတ်တုန်ခါသွားခဲ့ပြီး အေးစက်စက်အအေးလှိုင်းများ အဘက်ဘက်သို့ ပြန့်ထွက်သွားခဲ့လေသည်။

“ကောင်းကင်နှင်းစက် ရမ္မက်ရှာဓါးချက်…”

ရုတ်တရက်ဆိုသလို တလက်လက်တောက်ပနေသော ဓါးပန်းပွင့်များ ပွင့်လန်းလာခဲ့ပြီး အလွန်ကိုမှ ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လျက် ရန်ကိုင့်ဆီသို့ ဆူနာမီလှိုင်းလုံးနှယ် တစ်ဟုန်ထိုး တိုးဝင်လာခဲ့လေသည်။

ထိုဓါးပန်းပွင့်များကိုကြည့်ရင်း ရန်ကိုင့်၏ ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရလေ၏။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေခဲ့ပဲ ဟင်းလင်းပြင်နိယာမများကို ထိန်းချုပ်ကာ သူ့လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်၍ တင်းတင်းကြပ်ကြပ်ပူးကပ်ရင်း အော်ပြောလိုက်လေ၏။ “အေးခဲလိုက်စမ်း…”

“ဝုန်း…”

မြည်ဟည်းသံကြီးနှင့်အတူ ဖုန်းရှီရပ်နေသည့်နေရာကို ဗဟိုပြုလျက် ပတ်ပတ်လည်မီတာတစ်ထောင်ဝန်းကျင်အတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ အေးခဲသွားခဲ့ပြီး အလွန်ကိုမှ စေးကပ်သွားလေတော့လေသည်။

ဖုန်းရှီထုတ်သုံးလိုက်သည့် ဓါးပညာရပ်မှာလည်း ဟင်းလင်းပြင်ထဲ ရပ်တန့်သွားတော့လေသည်။

ထိုအချင်းအရာကိုကြည့်ရင်း ဖုန်းရှီမျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့လေ၏။

“ဒါ.. ဒါ.. ဒါက…”

“ဘာဖြစ်သွားတာလဲ…”

မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် ကျင့်ကြံသူနှစ်ဦးမှာလည်း ထိုအဖြစ်အပျက်ကြောင့် အလွန်ကိုမှ အံ့အားသင့်နေခဲ့ကြလေသည်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း သူတို့နှစ်ဦး နားမလည်ကြချေ။ သူတို့မြင်လိုက်သည့်အရာဆို၍ ရန်ကိုင့်မှာ သူ့လက်နှစ်ဖက်ကိုဆန့်ထုတ်၍ အချင်းချင်းပူးကပ်လိုက်ပြီး သူတို့သခင်လေး ဖန်တီးလိုက်သည့် ဓါးပန်းပွင့်အားလုံး ရပ်တန့်သွားခြင်းသာရှိလေသည်။

“ပျက်စီးလိုက်စမ်း…” ရန်ကိုင်က ထပ်၍ အော်ပြောလိုက်လေသည်။

“ခလွမ် ခလွမ် ခလွမ်…”

ဖုန်းရှီဖန်တီးထားသည့် ဓါးပန်းပွင့်များသည် စွမ်းအင်ကုန်သွားသည့်အလား မှန်တစ်ချပ်နှယ် ကျိုးကြေပျက်စီးသွားခဲ့ပြီး ၎င်းတို့ဆီမှ ဖြာထွက်နေသည့် အေးစက်စက်အရှိန်အဝါမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုမျှသာလျှင် မဟုတ်သေးဘဲ ဖုန်းရှီပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံးအနှံ့ အလွန်တရာကိုမှ သေးငယ်လွန်းလှသော ဟင်းလင်းပြင်အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာပြီး ဖုန်းရှီဆီသို့ တိုးဝင်လာခဲ့လေသည်။ ချက်ချင်းဆိုသလို ဖုန်းရှီအနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်မှာ အချိန်မရွေး ပြိုကျတော့မည့်အလား အလွန်ကိုမှ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဧရာမလဓါးသွားနှစ်စင်းကို ဖန်တီးကာ ထိုအရာနှစ်ခုကို ဆုပ်ကိုင်လိုက်လေသည်။ ထို့နောက် ပြုံးလျက် ဖုန်းရှီအား ကြည့်ကာ ပြောလိုက်လေ၏။ “သခင်လေး… ခင်ဗျားရဲ့ကျင့်ကြံခြင်းက မလုံလောက်သေးဘူးနဲ့တူတယ်…”

“လေဟာနယ်တာအိုလား…” ဖုန်းရှီသည် အလွန်ကိုမှ ဗဟုသုတကြွယ်ဝသည့် လူတစ်ဦး မဟုတ်လျှင်ပင် ရန်ကိုင်ထုတ်သုံးသွားသည့် စွမ်းရည်များကို မြင်ပြီးသည့်နောက် ရန်ကိုင်ကျင့်ကြံထားသည့်အရာမှာ လေဟာနယ်တာအိုမှန်း ပြောနိုင်သွားခဲ့လေသည်။

သူ့ဘေးနားရှိ မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများနှင့်တကွ ရန်ကိုင့်လက်ထဲရှိ ဧရာမလဓါးသွားကြီးနှစ်စင်းကိုကြည့်ရင်း ဖုန်းရှီ၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ရန်ကိုင်က အေးစက်စက်မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီသခင်လေးက ဧကရာဇ်အဆင့် ပညာရှင်တွေကို တစ်ယောက်မက သတ်ဖူးတယ်ကွ… ဧကရာဇ်အဆင့်ကို တက်သွားလို့ ဒီသခင်လေးကို အနိုင်ယူနိုင်မယ်ရင်ထင်နေရင်တော့ သခင်လေးအတွက်မှားသွားပြီလို့ ပြောလို့ရတယ်… အမှားလုပ်တယ်ဆိုမှတော့ အပြစ်ပေးခံရတော့မှာပေါ့… ဒီနေ့ ကျုပ်ကိုယ်တိုင် သခင်လေးရဲ့အဖေကိုယ်စား သခင်လေးကို ဆုံးမပေးရသေးတာပေါ့…”

ရန်ကိုင့်၏စကားကိုကြားလျှင် ဖုန်းရှီမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားခဲ့ရလေသည်။ သူ့စိတ်ထဲ ရန်ကိုင့်အား နုတ်နုတ်စင်းပစ်ချင်စိတ်များသာ ရှိတော့လေသည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်မှာမူ သူ့လက်ထဲရှိ လဓါးသွားနှစ်စင်းအား ဖုန်းရှီတည့်တည့်သို့ ပစ်လွှတ်လိုက်လေသည်။

ဖုန်းရှီသည် သူ့ဆီသို့ တိုးဝင်လာနေသည့် လဓါးသွားနှစ်စင်းအား ငေးကြောင် စိုက်ကြည့်မိနေလေ၏။ လဓါးသွားနှစ်စင်း၏ အဖျက်စွမ်းအားကို ခံစားမိလိုက်သော် ဖုန်းရှီ၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ကြောက်လန့်တကြားဖြင့် သူ၏ဧကရာဇ်မှော်ရတနာကို မြှောက်လျက် သိပ်သည်းလွန်းလှသည့် ဓါးစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။ ဖုန်းရှီ၏ ခန္ဓာကိုယ်ဆီမှ လေးနက်တည်ကြည်သည့် အရှိန်အဝါတစ်ရပ် ရုတ်တရက် ဖြာထွက်လာခဲ့ပြီး သူ့ဓါးအား ဖြည်းဖြည်းချင်း ပိုင်းချလိုက်လေသည်။ လက်ရှိအချိန်တွင် ဖုန်းရှီသည် လုံးဝကိုမှ မတူကွဲပြားသည့် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား သူ့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ယခင်နှင့်မတူ တမူကို ထူးခြားနေခဲ့လေသည်။ သူ့မျက်လုံးများမှာလည်း ရှေးဟောင်းကန်ရေပြင်နှယ် ကြည်လင်လာပြီး စိတ်ခံစားချက်တို့ ကင်းမဲ့နေခဲ့လေ၏။

“အမုန်းမရှိဘဲ အချစ်မရှိနိုင်ဘူး… အဲ့လိုပဲ ကောင်းကင်လမ်းစဉ်မရှိဘဲ တာအိုမရှိနိုင်ဘူး…” ဖုန်းရှီက ရေရွတ်လိုက်လေ၏။

ရုတ်တရက် ဖုန်းရှီကိုင်ဆောင်ထားသည့် ဓါးသည် တလက်လက် တောက်ပလာခဲ့ပြီး ဓါးလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ထိုဓါးလှိုင်းကိုမြင်သော် ရန်ကိုင့်၏မျက်လုံး မှေးစင်းသွားခဲ့လေသည်။ ဖုန်းရှီသည် ဤကဲ့သို့သော အားကောင်းလှသည့် တိုက်ကွက်မျိုးကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မထင်ထားခဲ့‌ချေ။ ဤကဲ့သို့သော အရာမျိုးသည် ကောင်းကင်လမ်းစဉ်အကြောင်းကို နားလည်သွားသည့် အစစ်အမှန်ပညာရှင်တစ်ဦးသာ ထုတ်ဖော်နိုင်သည့် အရာမျိုး ဖြစ်ပေသည်။

ဖုန်းရှီသာ ယနေ့ကိုကျော်လွန်၍ အသက်ရှင်သွားနိုင်မည်ဆိုပါက ကြယ်တာရာအစုအဝေးထဲ ကျိန်းသေကို နာမည်ကျော်ကြားလာပေလိမ့်မည်။

ရန်ကိုင်လည်း သူ့လက်သီးကို တင်းတင်းဆုပ်၍ ရှေ့တည့်တည့်သို့ ထိုးချလိုက်လေ၏။

“တွင်းနက်…”

ရုတ်တရက်ဆိုသလို ပိန်းပိန်းပိတ်အောင် မည်းမှောင်သည့် တွင်းနက်တစ်ခု ဖုန်းရှီရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။

ဖုန်းရှီထုတ်သုံးလိုက်သည့် ဓါးပညာရပ်မှာလည်း နှောင့်ယှက်ခံလိုက်ရသည့်အလား သေးငယ်သည့် ချို့ယွင်းချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့လေ၏။

ထို့နောက်တွင် ရန်ကိုင်အစောပိုင်းက ပစ်လွှတ်လိုက်သော လဓါးသွားနှစ်စင်းမှာ ဖုန်းရှီဆီသို့ တစ်ချိန်တည်း ရောက်ရှိလာခဲ့ပြီး အလွန်ကိုမှ သေးငယ်လှသော ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာလည်း ရန်ကိုင့်၏ထိန်းချုပ်မှုအတိုင်း ဖုန်းရှီဆီသို့ တိုးဝင်သွားလေသည်။

“အား…” ခြောက်ခြားဖွယ်ရာ အော်ဟစ်သံနှင့်အတူ တောင်တစ်လုံးမျှ တည်ငြိမ်လှသော အရှိန်အဝါမှာ ရုတ်တရက်ဆိုသလို ပရမ်းပတာ ဖြစ်လာခဲ့လေသည်။ ပေါင်းစုံသည့် တိုက်ခိုက်မှုများကြောင့် ဖုန်းရှီသည် ဟင်းလင်းပြင်အက်ကြောင်းများ၏ ဝိုင်းရံခြင်း ခံလိုက်ရပြီး သူ့ပါးစပ်မှလည်း သွေးများ စီးကျလာခဲ့ရလေသည်။

“သခင်လေး…”

မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် ကျင့်ကြံသူနှစ်ဦးစလုံး သွေးပျက်တုန်လှုပ်သွားကုန်ကြလေ၏။

ဖုန်းရှီသည် ရန်ကိုင့်အား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား သူတို့ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပေ။ ထို့အစား တာအိုသခင်အဆင့်သာ ရှိသေးသော ရန်ကိုင်ကသာ ဧကရာဇ်အဆင့်သို့ ရောက်နေသော သူတို့၏သခင်လေးအား ပြန်လည်ဖိနှိပ်ပြသွားခဲ့လေသည်။

(ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ဒါတွေ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…)

မျက်စိဖြင့် တပ်အပ်သာ မမြင်လိုက်ရလျှင် သူတို့အနေဖြင့် ဤကိစ္စကို မည်သို့မျှ ယုံနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ဖုန်းရှီကိုလည်း မဆင်မခြင် သွားမကယ်ရဲပေ။ ထို့အတွက်ကြောင့် ဖုန်းရှီအား စိုးရိမ်တကြီးဖြင့် လှမ်းအော်ခေါ်နေသည့်တိုင် ရပ်နေရာမှ တုတ်တုတ်မျှပင် မလှုပ်ကြပေ။ သူတို့၏မျက်လုံးများမှာ အခွင့်အရေးရသည်နှင့် အချိန်မရွေး ထွက်ပြေးတော့မည့်အလား ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေကြလေသည်။

သူတို့၏သခင်လေးသာ ဤနေရာတွင် သေသွားမည်ဆိုပါက သူတို့အနေဖြင့် ရန်ကိုင့်လက်မှ လွတ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ တိုက်ခိုက်လိုက်ပြီးနောက် ရန်ကိုင်သည် ရပ်တန့်သွားခြင်း မရှိပေ။ ထို့အစား အနန္တဓါးကို ဝှေ့ယမ်းလျက် ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းနိုင်သယောင် ထင်မှတ်ရသော ဓါးလှိုင်းတစ်လှိုင်းကို ဖုန်းရှီဆီသို့ ပစ်လွှတ်လိုက်လေ၏။

“ရွှစ် ရွှစ် ရွှစ်…”

ပိုင်းဖြတ်သံများ ထွက်ပေါ်လာခဲ့လေသည်။ ဓါးလှိုင်း ပျောက်ကွယ်သွားသည့်အခါမှသာလျှင် ဟင်းလင်းပြင်တစ်ခုလုံးလည်း ယခင်ကကဲ့သို့ ပြန်လည်တည်ငြိမ်သွားတော့လေသည်။

လက်ရှိအချိန်တွင် ဖုန်းရှီတစ်ကိုယ်လုံးမှာ သွေးသံတရဲရဲ ဖြစ်နေခဲ့ကာ အသက်ရှင်လား မရှင်လား ဆိုသည်မှာပင် မသေချာတော့ချေ။

“ဂလု…”

ဟင်းလင်းပြင်ထဲ ဝဲနေသော ဖုန်းရှီကိုကြည့်ရင်း မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံဝတ်စားထားသည့် ကျင့်ကြံသူနှစ်ဦးစလုံး ဖြူဖတ်ဖြူလျော် မျက်နှာများဖြင့် ကြောက်လန့်တကြား တံတွေးတစ်လုပ်စီ မျိုချမိလိုက်ကြလေသည်။ ချက်ချင်း ကောင်းကင်စိတ်အာရုံကိုသုံး၍ စစ်ဆေးကြည့်လိုက်ရာ ဖုန်းရှီ အသက်ရှူနေသေးကြောင်း တွေ့လိုက်ရလေ၏။ သို့သော်ငြား ဒဏ်ရာများမှာ အလွန်ကိုမှ ပြင်းထန်ပေသည်။

All Chapters