← Chapters

အခန်း (၂၄၆၇-၂၄၆၉)

Vol. 101 Ch. 2467-2469

အခန်း (၂၄၆၇-၂၄၆၉)

Vol. 101 Ch. 2467-2469

အပိုင်း (၂၄၆၇)

ပြေးရပေတော့ပေမည်။ သူတို့သာ ယခုနေမှ ထွက်မပြေးလျှင် လုံးဝကို နောက်ကျသွားပေလိမ့်မည်။

မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် သက်လတ်ပိုင်းလူကြီးတို့ ထိုကဲ့သို့ စဉ်းစားမိရုံပင်ရှိသေး ရန်ကိုင်သည် အေးစက်စက်အကြည့်ဖြင့် သူတို့အား စိုက်ကြည့်လာခဲ့လေ၏။

ရန်ကိုင့်၏ခြောက်ခြားဖွယ်ရာ အကြည့်အောက်တွင် နှစ်ဦးစလုံးမှာ ခြေဖျားလက်ဖျားများ အေးစက်လာခဲ့ပြီး ဒူးများ ပျော့ခွေချင်လာခဲ့လေသည်။

“မင်းတို့ဘာသာ သတ်သေမလား ငါလာပြီး မင်းတို့ကို သတ်ပစ်ရမလား…” ရန်ကိုင်သည် အနန္တဓါးကို ကိုင်စွဲရင်း ထူးမခြားနားဟန်ဖြင့် မေးလိုက်လေသည်။ အစောပိုင်းကတိုက်ပွဲသည် သူ့အပေါ် အနည်းငယ်မျှပင်လျှင် သက်ရောက်ခြင်းမရှိသည့်အလား ရန်ကိုင့်၏အဝတ်အစားများမှာ သေသေသပ်သပ်ဖြင့်သာ ရှိနေပေသေးသည်။

ထိုပုံစံသည် ရန်ကိုင်က တာအိုသခင်အဆင့်မဟုတ်ဘဲ ဖုန်းရှီကသာလျှင် တာအိုသခင်အဆင့် ဖြစ်သည်ဟု အထင်မှားအောင် လုပ်နေခဲ့လေသည်။ ယနေ့တိုက်ပွဲသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထိုလူနှစ်ဦး လုံးဝ မထင်ထားခဲ့ကြပေ။

မွန်းစတားကောင်…။ ရန်ကိုင်သည် လုံးဝကို မွန်းစတားကောင်သာ ဖြစ်လေသည်။ မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့်လူတို့မှာ အလွန်ကိုမှ ကြောက်ရွံ့နေကြသဖြင့် စကားတစ်ခွန်းပင် ပြန်မပြောနိုင်ကြတော့ချေ။

“ကြည့်ရတာ မင်းတို့က ဒုတိယဟာကို ရွေးတယ်နဲ့တူတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တုန်တုန်ရီရီဖြင့် ရပ်နေသည့် လူနှစ်ဦးဆီသို့ လျှောက်သွားလေ၏။

ရန်ကိုင် သူတို့ဆီသို့ လျှောက်လာနေသည်ကို မြင်သော် မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံဝတ်စားထားသည့် ကျင့်ကြံသူတို့နှစ်ဦးစလုံး အသက်ပင် မရှူနိုင်ကြတော့‌ချေ။ သူတို့စိတ်ထဲ ထွက်ပြေးချင်နေပါသော်ငြား စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေခဲ့လေသည်။ တုန်လှုပ်ခြောက်ခြားမှုတို့မှာ သူတို့စိတ်ထဲ တရိပ်ရိပ်နှင့် လှိုက်တက်လာတော့လေ၏။

သို့သော်ငြား ထိုအခိုက်အတန့်တွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ဖုန်းရှီဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင့်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။

အကြောင်းမှာ ထိုနေရာတွင် အသက်မရှိတော့သည့်ဟန်ဖြင့် မျောနေသင့်သော ဖုန်းရှီသည် တဖြည်းဖြည်းချင်း မတ်တပ်ရပ်လာနေသည့် အတွက်ကြောင့်ပင်လျှင်။ သို့သော်ငြား သူ့ပုံစံမှာ အလွန်ကိုမှ ထူးဆန်းနေပေသည်။ သူ့တွင် ကိုယ်ပိုင်အသိစိတ် မရှိတော့သည့်အလား သူ့မျက်လုံးများမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး သူ့လှုပ်ရှားမှုများမှာလည်း ရုပ်သေးရုပ်တစ်ခုနှယ် တောင့်တောင့်တင်းတင်းကြီး ဖြစ်နေခဲ့လေသည်။

ဧကရာဇ်ချီစွမ်းအင်မှာ သူ့ကိုယ်ထဲ အရူးအမူး လှည့်ပတ်နေသေးပါသော်ငြား ရန်ကိုင့်ကိုပင်လျှင် ရင်ထိတ်အောင် လုပ်နိုင်သော အရှိန်အဝါတစ်ရပ်သည် ဖုန်းရှီ၏ ကိုယ်အတွင်းပိုင်းမှ တဖြည်းဖြည်းချင်း နိုးထလာနေခဲ့လေသည်။ မကြာမီတွင် ဖုန်းရှီ မတ်မတ်ရပ်နိုင်သွားခဲ့ပြီး မျက်လုံးများ ပွင့်လာခဲ့လေသည်။

ထိုမျက်လုံးများမှာ ညအာကာယံထက်တွင် လင်းလက်နေသော ကြယ်များကဲ့သို့ တလက်လက် တောက်ပနေသလို ရေခဲတမျှလည်း အေးစက်နေခဲ့လေသည်။

ထို့အချင်းအရာကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။

ဖုန်းရှီ မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် အရှိန်အဝါတစ်ရပ် သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အလွန်ကိုမှ အားကောင်းလှသည့် ဧကရာဇ်ဖိအားလည်း ပေါက်ကွဲ ထွက်လာခဲ့လေရာ ရန်ကိုင့်မှာ အသက်ပင်မရှူနိုင် ဖြစ်သွားခဲ့ရလေ၏။

“ဘာဖြစ်တာလဲ…” ရန်ကိုင်သည် မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်လေသည်။ လက်ရှိအချိန်တွင် ဖုန်းရှီဆီမှ အလွန်ကိုမှ အန္တရာယ်များလွန်းသည့် ခံစားချက်ကို ရနေခဲ့ရသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် သူ့အား ချောက်ခြားဖွယ်ရာကောင်းသော သားရဲကြီးတစ်ကောင်မှ စိုက်ကြည့်နေသလားဟုပင် ခံစားလိုက်ရလေသည်။

ယခုဖုန်းရှီသည် ယခင်ဖုန်းရှီနှင့် လုံးဝမတူတော့ဘဲ အပြောင်းလဲကြီးကို ပြောင်းလဲနေခဲ့လေသည်။ ယခင်က ဖုန်းရှီ၏ သခင်လေးပုံစံကို လုံးဝ မတွေ့ရတော့ချေ။ ထို့အစား ကျော့ရှင်း၍ မြင့်မြတ်သည့် ဟန်ပန်အမူအယာမျိုးကိုသာ တွေ့ရတော့လေ၏။ ထို့အပြင် သူကိုယ်တိုင်သည် ဤလောကကြီးတစ်ခုလုံး၏ အုပ်ချုပ်သူ ဖြစ်နေသည့်အလား သူ့မျက်လုံးများထဲ အထင်သေးရိပ်တို့ဖြင့် ပြည့်နေခဲ့လေသည်။

ထိုခံစားချက်အား သူ့စိတ်ထဲ အနည်းငယ်ရင်းနှီးသလို ဖြစ်နေမှန်း သတိရသွားသည့်နောက်တွင် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ယောင်ချန်ကျွင်း၊ ချီရီနှင့် ပင်းယွင်တို့ဆီမှသာ ခံစားခဲ့ဖူးပေသည်။ သို့သော်ငြား ဖုန်းရှီသည် မကြာသေးခင်ကမှ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားခဲ့ခြင်း ဖြစ်လေရာ ထိုကဲ့သို့သော ထိပ်တန်းအဆင့် ပညာရှင်များနှင့် မည်ကဲ့သို့များ ရင်ဘောင်တန်းကာ ရပ်တည်နေနိုင်ပါမည်နည်း။

(ဒါ ရမ္မက်ရှာဂိုဏ်းရဲ့ တားမြစ်ပညာရပ်တစ်ခုခုများ ဖြစ်နေမလား…) သူ့စိတ်ထဲ မယုံသင်္ကာဖြစ်နေသည့် အတွက်ကြောင့် ရန်ကိုင်သည် အရင်ဆုံး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလျက် လဓါးသွားနှစ်စင်းအား ကြက်ခြေခတ်ပုံစံ ပစ်လွှတ်လိုက်လေသည်။

သူ့ဆီသို့ တိုးဝင်လာနေသည့် ကြက်ခြေခတ်ပုံစံ လဓါးသွားကိုကြည့်ရင်း ဖုန်းရှီ၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သူ့မျက်လုံးအကြည့်မှာ အံ့အားသင့်သွားသည့်တိုင် သူ့အမူအယာမှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ လဓါးသွား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို ခံစားခဲ့ဖူးသည့်တိုင် ရှောင်မည့်အရိပ်အယောင် မပြဘဲ သူ့လက်ချောင်းကိုသာ ဖြည်းဖြည်းချင်း မြှောက်လိုက်လေ၏။

ထိုလက်ချောင်းသည် ဓါးသွားနှစ်စင်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်နေသည့် အလယ်ဗဟိုတည့်တည့်အား ကွက်တိကျအောင် ထိမှန်သွားခဲ့လေသည်။ ထိုကဲ့သို့ ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် လဓါးသွားနှစ်စင်းမှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရသော်ငြား ဖုန်းရှီမှာတော့ ဒဏ်ရာတစ်ချက်ကလေးမှပင် ရမသွားခဲ့ချေ။

“ဘာဖြစ်သွားတာလဲ…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင်သည် သူထုတ်သုံးလိုက်သည့် ပညာရပ်၏ လျှို့ဝှက်ချက်ကို မည်သူ့ထက်မဆို ပိုသိပေသည်။ ဤသည်မှာ ကြက်ခြေခတ်ပုံစံ လဓါးသွားအား ပထမဦးဆုံးအကြိမ် ထုတ်သုံးဖူးခြင်း ဖြစ်သော်ငြား ဤတိုက်ကွက်ကို သူ့စိတ်ထဲတွင် တစ်ကြိမ်မက ထုတ်သုံးခဲ့ဖူးပြီးလေပြီ။

ဤလဓါးသွား၏စွမ်းအားမှာ အလွန်ကိုမှ အံ့အားသင့်ဖွယ်ကောင်းသော်ငြား အားနည်းချက်အကြီးကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုအားနည်းချက်သည် ဖုန်းရှီထိလိုက်သည့် နေရာသာ ဖြစ်လေသည်။

ထိုအားနည်းချက်ကို ဖုန်းရှီ မည်ကဲ့သို့ ဖောက်မြင်သွားလေရသနည်း။ ရန်ကိုင့်စိတ်ထဲ မယုံသင်္ကာ ဖြစ်မိလာတော့လေသည်။

ဖုန်းရှီ၏ အမြင်အာရုံသည်သာ ဤမျှစူးရှမည်ဆိုပါက ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားခဲ့ရလိမ့်မည် မဟုတ်ချေ။ ဖုန်းရှီသတိလစ်နေစဉ် အတောအတွင်း အလွန်ကိုမှ ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုခု ဖြစ်သွားရခြင်းသာ ဖြစ်ရပေလိမ့်မည်။

“ခင်ဗျားဘယ်သူလဲ…” ရုတ်တရက် ကျင့်စဉ်တစ်ခုခုအား ပြန်စဉ်းစားမိလိုက်သည့်နောက်တွင် ရန်ကိုင် ရင်တဒိန်းဒိန်း ခုန်သွားခဲ့ပြီး ချက်ချင်းအော်မေးလိုက်လေသည်။

ဖုန်းရှီသည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လာခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ဂျူနီယာ… မင်းက တကယ်ကို တစ်ခုခုပါပဲလား… မင်းက လုံးဝကို ပုံမှန်မဟုတ်မှန်း ငါသိတယ်… ဒါပေမဲ့ ဒီလောက်ထိ ထူးခြားနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး…”

ရန်ကိုင် ကြောက်လန့်တကြား သက်ပြင်းရှိုက်မိလိုက်ပြီး နောက်သို့ အလိုလို ဆုတ်သွားမိခဲ့လေသည်။

ဖုန်းရှီမှ သူ့အား ဂျူနီယာဟု ခေါ်လိုက်စဉ်ကတည်းက ရန်ကိုင်မှာ သူ့ခန့်မှန်းချက် မှန်ကန်နေပြီမှန်း သိလိုက်လေသည်။

စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ်မျိုချရင်း ပြန်၍ပြောလိုက်လေ၏။ “ဝိဉာဉ်ဝင်ပူးကပ်ထားတာလား… ခင်ဗျားက ဖုန်းရွှမ်ပဲ…”

အချို့သော အားကောင်းသည့် ပညာရှင်များသည် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရသည့်အခါ ကာကွယ်ပေးနိုင်ရန်အတွက် သူတို့၏တပည့်များအပေါ်တွင် စိတ်စွမ်းအင်အမျှင်တန်းတစ်မျှင်အား ချန်ထားရစ်တတ်သည့်အကြောင်းကို ရန်ကိုင် ကြားခဲ့ဖူးပေသည်။ ပုံမှန်အားဖြင့် ထိုစိတ်စွမ်းအင်အမျှင်တန်းသည် အသက်ဝင်လာလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သေရေးရှင်ရေးနှင့် ကြုံလာပါက စိတ်စွမ်းအင်အား ထားရစ်ခဲ့သည့် ပညာရှင်သည် ထိုစိတ်စွမ်းအင်နှင့် သူ့ကြားရှိ ဆက်သွယ်ချက်ကို သုံးလျက် စွမ်းအင်ချန်ထားရစ်ခဲ့သည့်လူ၏ ခန္ဓာကိုယ်အား ဝင်ပူးနိုင်ပေသည်။ ထိုသို့ဖြင့် ကြုံလာရသည့် အန္တရာယ်များကို သူတို့ကိုယ်တိုင် ထိပ်တိုက်ရှင်းလင်းနိုင်ပေ၏။

သို့သော်ငြား ထိုပညာရပ်ကို သုံးပါက ပေးဆပ်ရမည့်တန်ကြေးမှာ အလွန်ကိုမှ ကြီးမားကြပေသည်။ အသုံးပြုလိုက်မည်ဆိုပါက သူတို့၏ တပည့်အား ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်သည်။ ထို့အတွက်ကြောင့် ပညာရှင်အနည်းငယ်လောက်သည်သာ ထိုကဲ့သို့ လုပ်ချင်ကြပေသည်။ ထိုပညာရပ်အား ထုတ်သုံးလိုက်သည့်လူများပင်လျှင် နောက်ဆုံး ရွေးချယ်စရာမရှိသည့် အခါမှသာ အသုံးပြုလေ့ရှိကြသည်။

သို့သော်ငြား ဖုန်းရွှမ်သည် ထိုပညာရပ်ကိုသုံး၍ ဖုန်းရှီ၏ ခန္ဓာကိုယ်အား ဝင်ပူးကပ်လိုက်ပေပြီ။

“ကောင်လေး… မင်းက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲကွ… ဟုတ်တယ် ဒီဘုရင်ပဲ…” ဖုန်းရှီက အော်ပြောလိုက်လေသည်။

“ဘယ်လို…”

“ဂိုဏ်းချုပ်လား…”

မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံဝတ်စားထားသည့် သက်လတ်ပိုင်းလူကြီးတို့မှာ အံ့အားသင့်သွားခဲ့ကြလေသည်။ သို့သော်ငြား မကြာခင်တွင် နှစ်ယောက်စလုံး ဝမ်းသာအားရဖြစ်သွားခဲ့ပြီး ဖုန်းရှီဆီသို့ ပြေးသွားကာ ဒူးထောက်ချလျက် ကတုန်ကယင်ဖြင့် နှုတ်ဆက်ကြလေ၏။ “တပည့်တို့ ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်…”

ဖုန်းရှီသည် ထိုနှစ်ဦးအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လျက် ပြစ်တင်ပြောဆိုလိုက်လေသည်။ “တကယ်ကို အသုံးမကျတဲ့ အမှိုက်ကောင်တွေ… မင်းတို့ ကိုယ့်သခင်လေးကို မကာကွယ်ပေးနိုင်လို့ ဒီဘုရင်ပေါ်လာရတာ…”

ထိုနှစ်ဦးစလုံး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြသော်ငြား မည်သည့်အကြောင်းပြချက်မှ မပေးရဲခဲ့ပေ။

သူတို့စိတ်ထဲတွင်တော့ ဤကဲ့သို့ တွေးနေလေ၏။ (ဧကရာဇ်အဆင့်ကို ရောက်နေတဲ့သခင်လေးက ကျုပ်တို့ထက် အများကြီး အားကောင်းနေပြီ… သူ့လိုလူတောင် ရန်ကိုင်ကို မနိုင်တာ ကျုပ်တို့က ဘာလုပ်ပေးနိုင်မှာလဲ… ကျုပ်တို့သာ သွားဝင်ပါလို့ရှိရင် သူ့လက်တစ်ချောင်းတည်းနဲ့ သတ်တာ ခံလိုက်ရမှာပေါ့…)

သူတို့စိတ်ထဲ ထိုကဲ့သို့ တွေးနေပါသော်ငြား အပြင်ဘက်တွင်တော့ ထုတ်မပြောရဲကြပေ။ ကြောက်ကြောက်လန့်ဖြင့်သာ ခေါင်းကို ငုံ့ထားကြလေ၏။

ဖုန်းရှီက နှာခေါင်းရှုံ့လျက် အမိန့်ပေးလိုက်လေ၏။ “ကိစ္စပြီးသွားတာနဲ့ မင်းတို့သခင်လေး ကုသလို့ရအောင်လို့ လုံခြုံတဲ့နေရာတစ်ခု ခေါ်သွားပေးလိုက်… ကြယ်ပျက်ပင်လယ်ပိတ်သွားလို့ မင်းတို့သခင်လေးကို ဂိုဏ်းဆီ အသက်ရှင်လျက် ပြန်မခေါ်လာနိုင်ဘူးဆိုလို့ရှိရင်တော့ ပြန်လာဖို့ စိတ်မကူးတော့နဲ့…”

ထိုလူနှစ်ဦးသည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာနိုင်သည့် အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်း၏ လက်ရွေးစင်တပည့်များ ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား ဖုန်းရွှမ်အမြင်တွင် သူတို့သည် သူ့သားကိုယ်ပေါ်ရှိ အမွှေးတစ်မျှင်လောက်ပင်လျှင် အသုံးမဝင်ချေ။

တပည့်နှစ်ဦးမှာ အလျင်အမြန်ပြန်ပြောလိုက်လေ၏။ “ဂိုဏ်းချုပ် စိတ်ချထားလိုက်ပါ…”

ထို့နောက်တွင် ဖုန်းရှီသည် ရန်ကိုင့်အားကြည့်လျက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့ကာ မေးလိုက်လေသည်။ “ဂျူနီယာ… ရှီအာကို ဒဏ်ရာရအောင် လုပ်တာ မင်းလား…”

ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်မဟုတ်ဘူးဆိုလို့ရှိရင် ခင်ဗျားယုံမှာလား…”

ဖုန်းရှီက ပြန်ပြောလိုက်လေသည်။ “မင်းဘယ်လိုထင်လဲ…”

ရန်ကိုင်က ဒေါသတကြီးဖြင့် ပြန်အော်ပြောလိုက်လေ၏။ “အဲ့ဒါဆို ဘာလို့ လာမေးနေသေးတာလဲ…”

ဖုန်းရှီမျက်နှာ မှုန်ကုပ်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ဂျူနီယာ… မင်းက ဒီဘုရင်ကိုတောင် လာအော်ရဲတယ်ပေါ့… အစကတော့ မင်းကို မနာကျင်ရအောင် မြန်မြန်‌လေ သတ်ပေးလိုက်ဦးမလို့… ဒါပေမဲ့ မင်းက ဒီလောက်မောက်မာနေတယ်ဆိုမှတော့ ဒီဘုရင်ကို ရိုင်းစိုင်းတယ်ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့ကွာ…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဖုန်းရှီလည်း အဲ့လိုပြောခဲ့တာ… ဒါပေမဲ့ သူအခု ဘာဖြစ်သွားလဲ… ဒီသခင်လေးလုပ်ပေးလိုက်လို့ သေကောင်ပေါင်းလဲ ဖြစ်သွားတယ်မလား… ဂိုဏ်းချုပ်ဖုန်း… ခင်ဗျားလည်း သတိထားဦးနော်… တော်ကြာ ခင်ဗျားသားလမ်းစဉ်နောက် လိုက်နေရဦးမယ်…”

ဖုန်းရှီက မျက်မှောင်ကြုတ်လျက် “မင်း ဒီဘုရင်ကို အထင်သေးရဲတယ်ပေါ့…”

ရန်ကိုင်က ပျင်းရိပျင်းတွဲဖြင့် ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ဖုန်းသာ လူကိုယ်တိုင်ရောက်လာမယ်ဆိုရင်တော့ ဂျူနီယာ ဘာမှပြန်လုပ်ရဲမှာမဟုတ်ဘူး… ထွက်ပြေးရုံပဲ တတ်နိုင်မှာ… ဒါပေမဲ့ အခု ဂိုဏ်းချုပ်ဖုန်းက ခင်ဗျားသားရဲ့ ခန္ဓာကိုယ်ကို ငှားပြီး သုံးနေတာလေ… ဒီ‌တော့ ခင်ဗျား ခွန်အား ဘယ်လောက်များများကို ထုတ်သုံးနိုင်မှာမို့လို့လဲ…”

“ငါ ဘယ်လောက်များများ ထုတ်သုံးနိုင်လဲ ဟုတ်လား… မင်းအသက်ကိုယူဖို့ လုံလောက်တယ်ကွ…”

ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် “ဂိုဏ်းချုပ်ဖုန်း… သိပ်ပြီး စကားပြောမကြီးနဲ့နော်… တော်ကြာ ခင်ဗျားရဲ့ဂုဏ်သိက္ခာတွေ ကုန်းကောက်စရာမရှိအောင် ဖြစ်ကုန်ဦးမယ်…”

“မင်းပါးစပ်ပိတ်ထားစမ်း…” ဖုန်းရှီက ဒေါသတကြီး ထအော်လေသည်။ “မင်းက အဲ့လောက်တောင် သေချင်နေမှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့… ရမ္မက်ရှာလက်ချောင်း…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်တည့်တည့်အား လက်ညှိုးဖြင့် ညွှန်လိုက်လေသည်။

အလွန်ကိုမှ ပြင်းထန်သည့် စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာခဲ့လေ၏။ ထိုစွမ်းအားမှာ သာမန်မျက်လုံးဖြင့် မြင်နိုင်ခြင်း မရှိသော်ငြား ဟင်းလင်းပြင်တစ်ခုလုံးအား ထိုးဖောက်သွားနိုင်သည့်အလား ရန်ကိုင့်တည့်တည့်သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့လေသည်။

ဤလက်ချောင်းသည် ဖုန်းရှီထုတ်သုံးခဲ့သော ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲရှိ ရမ္မက်ရှာလက်ချောင်းလောက် အားကောင်းခြင်းမရှိသော်ငြား အလွန်ကိုမှ အားနည်းခြင်းလည်းမရှိချေ။

ထိုသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သောနှစ်များအတွင်း ဖုန်းရွှမ်၏ခွန်အား နိမ့်ကျလာရသည့် အတွက်ကြောင့်မဟုတ်။ ထို့အစား ဖုန်းရွှမ်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးအား ဧကရာဇ်တတိယအဆင့်သို့ ရောက်ရောက်ခြင်းက ဖန်တီးထားခဲ့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ယခင်နှစ်များအတွင်း ဖုန်းရွှမ်၏ ကျင့်ကြံခြင်းမှာ ကျိန်းသေကို တိုးတက်လာရပေလိမ့်မည်။

ယခုနေသာ ဖုန်းရွှမ်ကိုယ်တိုင် ရမ္မက်ရှာလက်ချောင်းကို ထုတ်သုံးလိုက်မည်ဆိုပါက ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲတွင် သူထည့်သွင်းထားခဲ့သော ရမ္မက်ရှာလက်ချောင်းထက်ပင် ပို၍အားကောင်းနေပေလိမ့်မည်။

သို့သော်ငြား ဖုန်းရွှမ်သည် သူ့သား၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ထိုတိုက်ကွက်ကို ထုတ်ဖော်နေခြင်း ဖြစ်သည့်အတွက် သူထုတ်ဖော်နိုင်သည့် စွမ်းအားမှာ ဖုန်းရှီ၏ခန္ဓာကိုယ် တောင့်ခံနိုင်သည့် ဘောင်အတွင်းတွင်သာ ရှိနေပေသည်။ ထို့အတွက်ကြောင့် ရမ္မက်ရှာလက်ချောင်း၏ခွန်အား သိသိသာသာကို လျော့ကျသွားရခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ထိုအရာသည် ရန်ကိုင်ထိပ်တိုက်ရင်ဆိုင်နိုင်သည့်အရာမျိုး မဟုတ်သေးပေ။

ရန်ကိုင်မှာ လေဟာနယ်စွမ်းအားကိုသုံး၍ တည်နေရာကူးပြောင်းရန် ကြိုးစားလိုက်ပါသော်ငြား ရမ္မက်ရှာလက်ချောင်း၏ စွမ်းအားသည် ဟင်းလင်းပြင်ကိုပင်လျှင် ကယောက်ကယက် ဖြစ်သွားစေခဲ့လေရာ ရန်ကိုင့်မှာ ဒယိမ်းဒယိုင်ဖြစ်သွားပြီး လက်ချောင်း၏ ထိမှန်ခြင်း ခံလိုက်ရလေသည်။

လက်ချောင်းမှ သူ့အား လာရောက်ထိမှန်သည်နှင့် တစ်ပြိုင်နက် တောင်တစ်လုံးမှ သူ့ခန္ဓာကိုယ်အား ဝင်ဆောင့်လိုက်သလို ရန်ကိုင် ခံစားလိုက်ရလေသည်။ သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။ အရိုးများဆီမှလည်း အက်သံများ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။

တိုက်ကွက်တစ်ကွက်တည်းဖြင့် ရန်ကိုင် ဒဏ်ရာရသွားသည်ကို ကြည့်လျှင် ဖုန်းရွှမ်၏ခွန်အား မည်မျှ အံ့ဩဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။

သို့သော်ငြား ရန်ကိုင်မှ သူ၏ဟန်ချက်ကို မထိန်းနိုင်သေးခင်မှာပင် ဖုန်းရွှမ်သည် သူ့လက်ထဲရှိဓါးကို ဝှေ့ယမ်းရင်း အော်ပြောလိုက်လေသည်။ “ရမ္မက်ရှာဓါး…”

ယပ်တောင်ပုံစံဓါးလှိုင်းသည် မီတာတစ်ထောင်အကွာအား မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်၍ ရန်ကိုင့်ဆီသို့ တမုဟုတ်ချည်း ရောက်ရှိလာခဲ့လေ၏။ ထိုတိုက်ကွက်ကိုလည်း ရန်ကိုင် ထပ်မရှောင်နိုင်ခဲ့ပေ။

ထိုအချင်းအရာကိုမြင်သော် မျက်နှာဝါဝါကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထာသည့် သက်လတ်ပိုင်းလူကြီးတို့ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြလေသည်။ သူတို့ဂိုဏ်းချုပ်၏ ခွန်အားကို ကြည့်ရင်း နှစ်ဦးစလုံးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ကြလေသည်။ ရန်ကိုင် မည်မျှပင် အားကောင်းနေစေကာမူ သူတို့ဂိုဏ်းချုပ်ရှေ့မှောက်တွင် ရန်ကိုင်သည် ဘာဆိုဘာမျှ မဟုတ်ချေ။

ထိုတိုက်ကွက်ကို ထုတ်ဖော်ပြီးသည့်နောက်တွင် ဖုန်းရှီခန္ဓာကိုယ်၏ အရှိန်အဝါမှာ အကြီးအကျယ်ကို လျော့ကျသွားခဲ့ရလေသည်။ ကြည့်ရသလောက် ထိုတိုက်ကွက်နှစ်ကွက်ကို ထုတ်ဖော်ရန်အတွက် ဖုန်းရွှမ်သည် ကြီးကြီးမားမား တန်ဖိုးကို ပေးဆပ်လိုက်ရသည့်ပုံပင်။ ဖုန်းရှီ၏ခန္ဓာကိုယ်မှာ ထိုတိုက်ကွက်နှစ်ခုဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိသည့်အလား အမောတကော အသက်ရှူနေခဲ့လေသည်။

သို့သော်ငြား ထိုမျှနှင့်ပင် လုံလောက်ပေသည်။ ထိုတိုက်ကွက်နှစ်ခုအား တာအိုသခင်တတိယအဆင့်သာ ရှိသေးသော ရန်ကိုင် မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည် မဟုတ်ဟု ဖုန်းရွှမ် ယုံကြည်နေမိပေသည်။

ထို့အတွက်ကြောင့်ပင်လျှင် ဖုန်းရွှမ်သည် တိုက်ပွဲပြီးသွားပြီဟု ယူဆနေသည့်အလား သူ့ဓါးနှစ်ချောင်းကိုပင် ပြန်သိမ်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရန်ကိုင်သေမည်ကို ရပ်စောင့်ကြည့်နေလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၆၈)

ထိုစဉ် ဘာကြောင့်မှန်းမသိ သူ့ကိုယ်ရောစိတ်ပါ တုန်ရီလာသည်ကို ဖုန်းရွှမ် ရုတ်တရက် သတိထားမိလိုက်လေသည်။ ဤသည်မှာ အဆင့်မြင့် ပညာရှင်တစ်ဦး၏ အန္တရာယ်အား အာရုံခံစားနိုင်စွမ်းပင်။

ဖုန်းရွှမ်သည် ရန်ကိုင်မှ အလေးအနက် အမူအရာဖြင့်လက်ကွက်များ ဖန်တီးနေသည်ကို မျက်လုံးအပြူးသားဖြင့် လှမ်းကြည့်နေခဲ့လေသည်။ ရန်ကိုင် ဘာလုပ်လို့လုပ်နေမှန်း သူနားမလည်သော်ငြား ရန်ကိုင်၏ လက်ကွက်များဆီမှ ဖြာထွက်လာသည့် စွမ်းအင်တစ်မျိုးကြောင့် သူတကယ်ကို တုန်လှုပ်သွားရသည်မှာတော့ အမှန်ပင်။

(ဘယ်လိုသိုင်းပညာရပ်ကြီးလဲ) ဖုန်းရွှမ်မှာ ရင်တဒုန်းဒုန်း ခုန်နေပါသော်ငြား သိချင်စိတ်ကို မအောင့်အည်းနိုင်သည့်အတွက်ကြောင့် ရန်ကိုင် လက်ကွက်များ ဖန်တီးနေသည်ကိုသာ စိတ်ဝင်တစားဖြင့် ဆက်လက် စောင့်ကြည့်နေမိလေ၏။ ခဏအကြာတွင် ရန်ကိုင်၏ လက်ကွက်များ ရပ်တန့်သွားခဲ့ပြီး သူ့ရှေ့၌ စည်းတံဆိပ်တစ်ခု ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ထိုစည်းတံဆိပ်ကို ဖုန်းရွှမ်ဆီသို့ တွန်းပို့လိုက်လေ၏။

“အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်” တစ်ချိန်တည်းတွင် ဖုန်းရွှမ်နားထဲ မရဏငရဲသင်္ချိုင်းမှ အော်ခေါ်သံအလား ထင်မှတ်ရသည့် အသံတစ်သံ မြည်ဟည်းသွားခဲ့လေသည်။

ဖုန်းရွှမ်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေ၏ “အချိန်မြစ်မဟာဧကရာဇ်ရဲ့ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်”

သာမန် ကျင့်ကြံသူသာဆိုလျှင်တော့ ရန်ကိုင် အသုံးပြုလိုက်သည့် ပညာရပ်ကို သိလိမ့်မည် မဟုတ်သော်ငြား ရမ္မက်ရှာလက်ချောင်း မဟာဧကရာဇ်၏ မျိုးဆက်တစ်ဦး ဖြစ်သော ဖုန်းရွှမ်ကတော့ ထိုသို့မဟုတ်ချေ။

အချိန်မြစ်မဟာဧကရာဇ်သည် ကြယ်တာရာအစုအဝေး၏ သမိုင်းတစ်လျှောက်လုံးတွင် အချိန်တာအိုကို နားလည်နိုင်ခဲ့သည့် တစ်ဦးတည်းသော ပညာရှင်ဖြစ်ပေသည်။ သူ့ခေတ်အလွန်တွင် မရေမတွက်နိုင်သော ပညာရှင်ပေါင်းများစွာသည် အချိန်တာအိုကို နားလည်နိုင်ရန် ကြိုးစားခဲ့ပါသော်ငြား မည်သူမှ မအောင်မြင်ခဲ့ကြချေ။

သို့သော်ငြား ယနေ့တွင်မူ အချိန်မြစ်မဟာဧကရာဇ်၏ သိုင်းပညာရပ် သူ့ရှေ့တွင် တစ်ဖန် ပြန်ပေါ်လာနေခဲ့လေသည်။ ရန်ကိုင် အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ရသွားလိုက်ခြင်းပေးလော။ ထိုကြောင့်သာ မဟုတ်လျှင် အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်ကို မည်သို့များ ထုတ်သုံးနေနိုင်ရသနည်း။

ဖုန်းရွှမ်မှာ ရန်ကိုင်အား မနာလိုအားကျမိသလို အထင်လည်း ကြီးမိသွားလေ၏။ ရန်ကိုင်မှ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ခွန်အားကို အထင်သေးမိလိုက်ပြီမှန်း ဖုန်းရွှမ် နားလည်လိုက်လေသည်။

ရုတ်တရက် ဆိုသလို သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ စတင် နှေးကျလာခဲ့လေ၏။ ဤသည်မှာ အချိန်တာအို၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင် တစ်ခုသာမှန်း ဖုန်းရွှမ် သိနေခဲ့သည်။

ထို့ကြောင့် အထိတ်ထိတ်အလန့်လန့်နှင့် သိမ်းလိုက်ပြီဖြစ်သော ဓါးနှစ်ချောင်းကို ပြန်ထုတ်လိုက်၏။ အားကောင်းလှသည့် ဓါးချီနှင့် ဓါးစိတ်ဆန္ဒတို့သည် ဖုန်းရွှမ်လက်ထဲရှိ ဓါးနှစ်ချောင်းဆီမှ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ဖုန်းရွှမ်သည် အလေးအနက် အမူအရာဖြင့် ရေရွတ်လိုက်လေ၏။

“အချစ်ကို မခံစားဘဲ အချစ်ရှာတယ်ဆိုတာ တာအိုမရှိဘဲ ကောင်းကင်လမ်းစဉ်ကို စူးစမ်းနေတာနဲ့ အတူတူပဲ... စိတ်ခံစားချက်တာအို ဖြတ်တောက်ခြင်းဓါးချက်”

တူညီသော သိုင်းပညာရပ်တစ်ခုတည်းကို ခန္ဓာကိုယ်တစ်ခုတည်းမှ ထုတ်သုံးခဲ့ပါသော်ငြား စွမ်းအားမှာတော့ ကွာခြားလွန်းလှပေသည်။ ဖုန်းရှီ ထိုပညာရပ်ကို ထုတ်သုံးစဉ်က ရန်ကိုင်မှ ထိုတိုက်ကွက်ကို အလွန်တကူ ချေဖျက်သွားနိုင်ခဲ့သော်ငြား ဖုန်းရွှမ်မှ ဝိဥာဉ်ဝင်စီး၍ ထုတ်သုံးလာချိန်တွင်တော့ ကမ္ဘာလောက တစ်ခုလုံးပင်လျှင် အရောင်အဆင်း ကင်းမဲ့တော့မည့်အလား ထင်မှတ်ရလေသည်။

စိတ်ခံစားချက်တာအို ဖြတ်တောက်ခြင်းဓါးချက်သည် အချိန်ဟင်းလင်းပြင် အတားအဆီးကို ဖြတ်ကျော်သွားသည့်အလား အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ဆီသို့ တမုဟုတ်ချည်း ရောက်ရှိသွားခဲ့လေသည်။

နိယာမစွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားချိန် ကမ္ဘာလောကကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်သွားပြီး ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျကုန်လေသည်။ နားပင်းမတတ် ပေါက်ကွဲသံကျယ်ကြီးများ ထွက်ပေါ်လာပြီး အားကောင်းလှသည့် စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာလေကုန်၏။

ဖုန်းရွှမ်ဖြစ်စေ၊ ရန်ကိုင်ဖြစ်စေ၊ နှစ်ယောက်စလုံးသည် မုန်တိုင်းထန်နေသည့် ပင်လယ်ထဲသို့ ရောက်နေသော အချိန်မရွေး နစ်မြုပ်သွားတော့မည့် လှေငယ်လေးများနှယ် ဖြစ်နေကြလေသည်။

မလှမ်းမကမ်းတွင် ရှိနေသော မျက်နှာဝါဝါ ကျင့်ကြံသူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသော သက်လတ်ပိုင်းလူကြီးမှာ နိယာမစွမ်းအားနှစ်မျိုး၏ တိုက်စားမှုအောက်၌ တဖြည်းဖြည်း အိုမင်းရင့်ရော်လာကုန်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ထောင် တစ်မုဟုတ်ချည်း ကုန်ဆုံးသွားသည့်အလား စိုပြေနေသည့် အသားအရေများ မွဲခြောက်ခြောက် ဖြစ်လာပြီး ဆံပင်များမှာလည်း မီးခိုးရောင်သန်းလာကုန်ကြလေသည်။

ပေါက်ကွဲသံများကြားဝယ် ရန်ကိုင် လွင့်စင်ထွက်လာခဲ့၏။ ဤအားပြိုင်မှု၌ ရန်ကိုင် အသာမရခဲ့ချေ။

ထိုအခြင်းအရာကိုမြင်သော် ဖုန်းရွှမ်သည် ရန်ကိုင်နောက်သို့ ပြေးလိုက်သွားပြီး လိုက်လံတိုက်ခိုက်တော့မည်အပြု သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားခဲ့လေသည်။ ရန်ကိုင်အား အရှင်ဖမ်း၍ အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ညှစ်ထုတ်ယူချင်ပါသော်ငြား ဖုန်းရှီ၏ ခန္ဓာကိုယ်မှာ ဆက်၍ မတောင့်ခံနိုင်တော့ချေ။

ဖုန်းရွှမ် ဒေါသလည်းထွက်၊ စိတ်ပျက် ပျက်မိသွားခဲ့သည်။ ရေခဲလမြို့တော်တွင်တည်းက ရန်ကိုင်အား ဖမ်းဆီးခဲ့မည်ဆိုလျှင် ယခုကဲ့သို့ပင် ဒုက္ခရောက်ခံနေရာစမလိုတော့ဘဲ မဟာဧကရာဇ်နှစ်ပါး၏ အမွေအနှစ်ကို တစ်ခါတည်း ပိုင်ဆိုင်နိုင်ခဲ့ပေလိမ့်မည်။ ထိုအခါ ကြယ်တာရာအစုအဝေးတစ်ခုလုံးကို စိုးမိုးမည့် သူ့အိမ်မက်မှာ မဖြစ်နိုင်တော့သည့် အရာတစ်ခု မဟုတ်တော့ချေ။

“ခံစားချက်မရှိဘဲ ချစ်မယ်၊ တာအိုမရှိဘဲ သိုင်းတာအိုခရီးကို လျှောက်မယ်၊ ဟုတ်လား” ရန်ကိုင်က လွင့်စင်ထွက်သွားရာမှ ပြန်ကုန်းထလာပြီးနောက် ဝါးလုံးကွဲရယ်မောလျက် အော်ပြောလိုက်လေသည် “ခင်ဗျားတို့ ရမ္မက်ရှာဂိုဏ်းက ကိုယ့်ကိုယ်ကို လှည့်စားနေကြတာပဲ”

ဖုန်းရွှမ်က ဒေါသတကြီးဖြင့် ပြန်၍ ခွန်းတုန့်ပြန်လေ၏ “မင်းလို့ အမြင်ကျဉ်းတဲ့ကောင်က ဘာနားလည်လို့ လာပြောနေတာလဲ”

ထိုသို့ ပြောပြီးသည်နှင့် သူ့ဓါးဖြင့် ရန်ကိုင်အား ခုတ်ချလိုက်လေသည်။

ရန်ကိုင်က ဒေါသတကြီး ပြန်အော်ပြောလေ၏ “ဒီလောက်လေးနဲ့ ဒီသခင်လေးကို သတ်ချင်နေရအောင် ခင်ဗျားကိုယ်ခင်ဗျား ဘာမှတ်နေတာလဲ... တောင်နဲ့မြစ်ခေါင်းလောင်း ထွက်လာလိုက်စမ်း”

ရန်ကိုင်မှ သူ့လက်အား ဝှေ့ရမ်းချလိုက်ရာ သူရထားသည်မှာ မကြာသေးသော တောင်နဲ့မြစ်ခေါင်းလောင်း ပေါ်လာခဲ့လေသည်။ အချိန်ကုန်လွန်းခြင်းစည်းတံဆိပ်ဖြင့် ဖုန်းရွှမ်အား အနိုင်မယူနိုင်သည့်အတွက် တောင်နဲ့မြစ်ခေါင်းလောင်းကို ထုတ်သုံးရပေတော့မည်။ တောင်နဲ့မြစ်ခေါင်းလောင်းနှင့်ပါ အနိုင်မယူနိုင်လျှင်တော့ ထွက်ပြေးရန်သာ ရှိတော့ပေသည်။

တောင်နဲ့မြစ်ခေါင်းလောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ကိုယ်ထဲရှိ အရင်းအမြစ်ချီနှင့် စိတ်စွမ်းအင်ကို အရူးအမူး စုပ်ယူလေရာ ရန်ကိုင်ကိုယ်ထဲရှိ စွမ်းအင်အားလုံး တစ်မုဟုတ်ချည်း ခမ်းခြောက်သွားကုန်ရလေသည်။ ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မျက်နှာတစ်ပြင်လုံး စက္ကူဖြူတစ်ရွက်နှယ် ဖြူဆွတ်သွားလေ၏။

တောင်နဲ့မြစ်ခေါင်းလောင်းအား တစ်ခါမှ မသုံးဖူးသည့်အတွက်ကြောင့် ၎င်းအား အသုံးပြုလိုလျှင် ပေးဆပ်ရမည့် တန်ဖိုးကို ရန်ကိုင် မသိခဲ့ချေ။

သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို ထုတ်သုံးစဉ်ကလည်း ဤကဲ့သို့ ဖြစ်ခဲ့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းနှင့် ယှဉ်လိုက်သော် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံး၏ စုပ်ယူနိုင်စွမ်းသည် မပြောပလောက်တော့ချေ။

(ကျားကြောက်လို့ရှင်ကြီးကိုးပါတယ်ဆိုမှ ရှင်ကြီးကျားထက်ကိုး ဖြစ်နေရတယ်လို့ကွာ။ တောင်နဲ့မြစ်ခေါင်းလောင်းရယ်... မင်းဘယ်လိုတောင် ရန်သူကို အရင်မတိုက်ဘဲ ကိုယ့်သခင် အရင်ပြန်ဒုက္ခပေးနေရသလားကွ)

သို့သော်ငြား အံကိုတင်းတင်းကြိတ်၍ ဖုန်းရွှမ်အား မျက်ထောင့်နီကြီးဖြင့်ကြည့်ရင်း တင်းခံထားလိုက်လေသည်။

ဖုန်းရွှမ်မှာတော့ ခေါင်းလောင်ကိုမြင်ပြီးနောက် အလန့်တကြား ထအော်လေ၏ “ယွမ်တင်းမဟာဧကရာဇ်ရဲ့ မှော်ရတနာ၊ တောင်နဲ့မြစ်ခေါင်းလောင်းလား”

ဖုန်းရွှမ် လုံးဝကို ဆွံ့အနေခဲ့ရလေပြီ။ ရန်ကိုင်နှင့် ကြုံပြီးသည့်နောက်ပိုင်း သူ့ခဗျာ တစ်ကြိမ်ပြီးတစ်ကြိမ်ကို မှင်တက်ခဲ့ရသည်။ ပထမတွင် ရန်ကိုင်သည် လေဟာနယ် စွမ်းအားကို ထုတ်ပြခဲ့ပြီး မနိုင်သည့်နောက် အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ထုတ်သုံးခဲ့သည်။ နောက်ဆုံးတွင် တောင်နဲ့မြစ်ခေါင်းလောင်းကိုပါ ထုတ်ပြလာခဲ့လေသည်။ တာအိုသခင်တတိယအဆင့်လေးတွင် မည်သို့များ ဤမျှ အဖိုးတန်ရတနာများစွာ ရှိနေရပါသနည်း။

(မဟုတ်ဘူး... ဒါအတုပဲဖြစ်ရမယ်... ဟုတ်တယ်၊ အတုပဲဖြစ်ရမယ်)

ဖုန်းရွှမ်ရင်ထဲ သွေးရူးသွေးတန်းဖြင့် အော်ဟစ်နေမိလေ၏။ သို့ရာတွင် သူ့အကြည့်မှာတာ့ ခေါင်းလောင်းပေါ်သို့သာ မမှိတ်မသုံ ရောက်ရှိနေခဲ့လေသည်။ ဖုန်းရွှမ်၏ မှင်တက်အံ့ဩနေသည့် အကြည့်အောက်တွင် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာပြီး ခေါင်းလောင်း၏ အရွယ်အစား တဖြည်းဖြည်း ကြီးမားလာကာ ၎င်း၏ မျက်နှာပြင်တစ်ခုလုံးမှာလည်း ဆန်းကြယ်သည့် ရုန်းအက္ခများစွာတို့ဖြင့် တလက်လက် တောက်ပလာတော့၏။

တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ဖြာထွက်နေသည့် ရှေးကျသည့် အရှိန်အဝါအောက်ဝယ် ဖုန်းရွှမ်မှာ မွန်းကြပ်သလို ဖြစ်လာလေ၏။ ခေါင်းလောင်းမှာ အတုမဟုတ်ဘဲ တောင်နဲ့မြစ်ခေါင်းလောင်း အစစ်ဖြစ်နေမှန်း သိလိုက်သည့်နောက်တွင် ဖုန်းရွှမ်မျက်နှာ ဖြူစွတ်သွားပြီး ချက်ချင်း လှည့်ပြေးတော့လေသည်။

သို့သော်ငြား လှည့်ပြေးရန် ကြံလိုက်သည့်အခိုက် သူ့ခန္ဓာကိုယ်အား တစ်စက်မျှပင် လှုပ်၍မရကြောင်း တွေ့ရှိလိုက်ရသည်။ သူ့ကိုယ်တွင်းရှိ ဧကရာဇ်ချီသည်ပင်လျှင် သွေးကြေားများထဲ ပိတ်လှောင်ထားခြင်း ခံရသည့်အလား အပြင်ဘက်သို့ စီးထွက်မလာနိုင်တော့ချေ။

တောင်နဲ့မြစ်ခေါင်းလောင်းသံသည် ကမ္ဘာလောကများအား ဖိနှိပ်နိုင်သည်မှာ အမှန်ပင် ဖြစ်လေသည်။

ခေါင်းလောင်းသံ၏ ဖိနှိပ်ခြင်းခံရသည်နှင့် မည်သူမှ ထွက်ပြေးနိုင်တော့လိမ့်မည် မဟုတ်ချေ။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ရန်ကိုင်ကဲ့သို့သော လူပင်လျှင် ပြေးမလွတ်နိုင်လေရာ ဖုန်းရွှမ်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ချေ။ ထို့ကြောင့်သာ မဟုတ်လျှင် ဖီးနစ်မီးတောက်အနေဖြင့် နှစ်ပေါင်းသောင်းနှင့်ချီ ကြာအောင် တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖိနှိပ်ခြင်း ခံခဲ့ရလိမ့်မည် မဟုတ်ချေ။

တောင်နဲ့မြစ်ခေါင်းလောင်း သူ့အပေါ်သို့ ကျဆင်းလာသည်ကိုမြင်သော် ဖုန်းရွှမ်၏ ဝိဥာဉ် တုန်ရီသွားပြီး သွေးရူးသွေးတန်းဖြင့် ထအော်လေသည် “ရပ်လိုက်စမ်း ဂျူနီယာ၊ မင်းငါ့သားကို သတ်ရဲရင်း ငါမင်းကို မိုးမြေအဆုံးထိ လိုက်သတ်မှာနော်”

“သေလိုက်ပေတော့ ခွေးသားကြီး” ရန်ကိုင်သည် သွေးတစ်ပွက် အန်ထုတ်ရင်းမှ အော်ဆဲလိုက်လေ၏။

ထို့နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်းသည် ဖုန်းရှီ၏ ခန္ဓာကိုယ်ကို အပြည့်အဝ လွှမ်းခြုံသွားခဲ့လေသည်။

“အား...”

သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီ ဖြစ်သည့် မျက်နှာဝါဝါးနှင့် ကျောင်းတော်သား အဖိုးကြီးတို့ နှစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ရပ်နေရင်းမှ မျက်လုံးအပြူးသားဖြင့် ရန်ကိုင်တို့၏ တိုက်ပွဲကို ကြည့်နေကြလေသည်။ ရန်ကိုင်သည် တာအိုသခင်အဆင့်ပင် ဖြစ်လင့်ကစား သူတို့ဂိုဏ်းချုပ်၏ဝိဥာဉ် ဝင်ပူးကပ်ထားသော ဖုန်းရှီကို အနိုင်ယူနိုင်ခဲ့သည်။ မည်ကဲ့သို့သော တာအိုသခင်အဆင့်ကများ ဤကဲ့သို့ လုပ်နိုင်လို့နည်း။ ထိုမြင်ကွင်းကိုကြည့်ရင်း လူအိုကြီးနှစ်ဦးစလုံး ခြေဖျားလက်ဖျားများ အေးစက်လာကြလေသည်။

“သခင်လေး သေ… တွားပြလား” မျက်နှာဝါဝါနှင့် အဖိုးကြီးသည် ပါးစပ်ဟ၍ စကာပြောလိုက်ရာ သွားများကျွတ်ထွက်ကုန်သဖြင့် သူ့စကားလုံးများမှာ ဗလုံးဗထွေး ဖြစ်ကုန်ကြလေသည်။

နှစ်ယောက်စလုံးမှာ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ တိုက်ရိုက် ရိုက်ခတ်ခြင်း မခံခဲ့ရသည့်တိုင် ဖြာထွက်လာသော စွမ်းအင်များသည် သူတို့အား ဤကဲ့သို့ ဖြစ်သွားစေခဲ့ပေသေးသည်။

အဟွတ်... အဟွတ်... ရန်ကိုင်၏ အခြေအနေမှာ အတော်လေးကို ဆိုးရွားနေသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ ချီစွမ်းအင်တစ်လှိုင်း လှမ်းပစ်လိုက်ပေသေး၏။

ဒေါင်...

ခေါင်းလောင်းသံ ထပ်မံ မြည်ဟည်းလာခဲ့ပြန်လေသည်။

“မဟုတ်ဘူး” မျက်နှာဝါဝါနှင့် ကျောင်းတော်သား လူအိုကြီးတို့ နှစ်ဦးစလုံး ထပြေးရန် ကြံလိုက်ပါသော်ငြား မလွတ်မြောက်နိုင်ခဲ့ဘဲ ခေါင်းလောင်းသံ၏ ရိုက်ခတ်ခြင်း ခံရကာ တမလွန်ဘသို့ တမုဟုတ်ချည်း ကူးပြောင်းသွားခဲ့ရလေသည်။ ထို့နောက် ရန်ကိုင်မှ သူ့လက်အား ဆန့်ထုတ်လိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်းသည် ပြန်လည် ကျုံ့ဝင်သွားပြီး သူ့လက်ထဲသို့ ပျံသန်းလာခဲ့လေ၏။

တောင်နဲ့မြစ်ခေါင်းလောင်း ဖိချခဲ့သည့်နေရာတွင် အသားစ၊ အရိုးစများ ရောနေသည့် သွေးအိုင်တစ်အိုင် ရှိနေခဲ့လေသည်။ အလောင်းသုံးခုဆီမှ အလင်းတန်းသုံးခု ထွက်ပေါ်လာပြီး ရန်ကိုင်၏ လက်ခုံထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။ ထိုသို့ ဖြစ်ပြီးပြီးချင်းမှာ ရန်ကိုင်သည် အားကုန်၍ တစ်ခါတည်း သတိလစ်သွားတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၆၉)

မြောက်ဘက်နယ်မြေ ရမ္မက်ရှာဂိုဏ်း…

မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အားလျော်စွာ ရမ္မက်ရှာဂိုဏ်းသည် ကျယ်ဝန်းသော မြေနေရာနှင့်တကွ မရေမတွက်နိုင်သော တပည့်တပန်းပေါင်းများစွာကို ပိုင်ဆိုင်ထားပေသည်။ ကြီးကျယ်ခမ်းနားလှသည့် အဆောက်အဦးများနှင့် နန်းတော်များမှာလည်း နေရာအနှံ့တွင် ရှိနေကြပြီး သိပ်သည်းလှသော မိုးမြေစွမ်းအင်များမှာလည်း ဂိုဏ်းတစ်ခုလုံးအနှံ့ ပျံ့နှံ့နေခဲ့လေသည်။

ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အော်ဟစ်သံတစ်သံ ဂိုဏ်းထဲရှိ အဆောက်အဦးတစ်ခုဆီမှ မြည်ဟည်း ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်သံကြောင့် ရမ္မက်ရှာဂိုဏ်းတစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့ပြီး တပည့်အားလုံးသည်လည်း ထိုအဆောက်အဦးဆီသို့ လှမ်းကြည့်မိလိုက်ကြလေသည်။

အသံပိုင်ရှင်မှာ ဂိုဏ်းချုပ်ဖြစ်နေမှန်း သိသွားသည့်နောက် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေ၏။ သူတို့ဂိုဏ်းချုပ် ဘာကြောင့် ဤမျှ ဒေါသထွက်နေရသလဲ ဆိုသည်ကို နားမလည်နိုင်ကြချေ။

ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ဖုန်းရွှမ်၏ စိတ်အစုံမှာ ကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်လှသည်။ ကိစ္စကြီးကြီးမားမား တစ်ခုခုသာ ဖြစ်ပျက်သွားခဲ့ခြင်း မဟုတ်ပါက ဖုန်းရွှမ်အနေဖြင့် ဤမျှ ဒေါသထွက်စရာအကြောင်း မရှိချေ။

သို့သော်ငြား မည်သည့်အရာကများ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးကို ဤကဲ့သို့ ဒေါသထွက်အောင် လုပ်နိုင်ရသနည်း။

ထိုစဉ် လူတစ်ဦးသည် ဖုန်းရွှမ်ရှိနေသည့် အဆောက်အဦးဆီသို့ ကတိုက်ကရိုက် ပြေးလာပြီး အခန်းတံခါးကို တွန်းဖွင့်၍ ချက်ချင်း ဒူးထောက်ချကာ တုန်တုန်ရီရီလေသံဖြင့် ပြောလိုက်လေသည်။ “မကောင်းတော့ဘူး ဂိုဏ်းချုပ်… သခင်လေးရဲ့မီးအိမ်…”

ထိုလူဆုံးအောင် မပြောနိုင်သေးခင်မှာပင် ဖုန်းရွှမ်သည် ထိုလူအား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ထိုလူသည် အားကောင်းလှသည့် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သော်ငြား ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ဖုန်းရွှမ်၏လက်ဝါးချက်ကို မည်သို့များ ခုခံနိုင်ပါမည်နည်း။ တမုဟုတ်ချည်းဆိုသလို သွေးပူပေါင်းတစ်လုံးနှယ် ပေါက်ကွဲထွက်သွားရလေသည်။

“ရန်ကိုင်…” ဖုန်းရွှမ်သည် မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းအစုံဖြင့် အံကိုတင်းတင်းကြိတ်ကာ သွားကြားထဲမှ ထွက်သည့် လေသံဖြင့် ရန်ကိုင်၏နာမည်ကို ရေရွတ်လိုက်လေသည်။

ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားပြီဖြစ်သော ဖုန်းရှီ သေသွားခဲ့သည်မှာ သူ့အဖေအတွက်ရော ရမ္မက်ရှာဂိုဏ်းအတွက်ပါ နှမြောစရာပင်။ ဖုန်းရွှမ်ကိုယ်တိုင် ဝိဉာဉ်သက်ဆင်းခြင်းပညာရပ်ကို ထုတ်သုံး၍ ဖုန်းရှီအား ကာကွယ်ပေးခဲ့ပါသော်ငြား ရန်ကိုင့်လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူသာ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်မည်ဆိုပါက ရန်ကိုင့်အား လိုက်ရှာကာ ချက်ချင်း သတ်ပစ်လိုက်ပေမည်။

သူ့သား အသတ်ခံလိုက်ရသည့်ကိစ္စအပေါ် လုံးဝ ခွင့်လွှတ်၍မရပေ။ ထို့အတွက်ကြောင့် ဖုန်းရွှမ်သည် ထိုင်ရာမှ ချက်ချင်းထ၍ အလင်းတန်းတစ်ခုအသွင် ပြောင်းကာ ရမ္မက်ရှာဂိုဏ်းထဲမှ ပျံသန်းထွက်သွားလေ၏။ သူထွက်သွားနေသည့်ဘက်မှာတော့ ရေခဲနှလုံးသားတောင်ကြားသာ ဖြစ်လေသည်။

ရန်ကိုင့်အား သွားရှာ၍ မရသေးသည့်အတွက်ကြောင့် ပင်းယွင်နှင့်သွားတွေ့ကာ ရန်ကိုင်၏ တည်နေရာအကြောင်းကို မေးမြန်းစုံစမ်းရပေလိမ့်မည်။

ဖုန်းရှီ၏သေဆုံးမှုသည် ဖုန်းရွှမ်အား အရူးတစ်ပိုင်းနှယ် ဖြစ်သွားစေသည့်အတွက်ကြောင့် ဖုန်းရွှမ်ကိုယ်တိုင်သည် ဂိုဏ်းနှစ်ဂိုဏ်းကြားက ဆက်ဆံရေးအား ဂရုစိုက်မနေတော့ချေ။ ပင်းယွင်သာ အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ခဲ့ပါက ဂိုဏ်းနှစ်ဂိုဏ်း စစ်ခင်းရမည်ဆိုလျှင်ပင် ဖုန်းရွှမ် ဂရုစိုက်တော့လိမ့်မည်မဟုတ်။ သူ့တစ်ဂိုဏ်းလုံးကိုခေါ်၍ ရေခဲနှလုံးသားတောင်ကြားအား သွေးမြေကျအောင် လုပ်ပစ်ရပေလိမ့်မည်။

တစ်ယောက်ယောက်မှ သူ့အား အော်ခေါ်နေသည်ကို ကြားသည့်အတွက်ကြောင့် ရန်ကိုင် ပြန်နိုးလာခဲ့လေသည်။ အချိန်အတော်ကြာအောင် ရုန်းကန်နေပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံးပွင့်လာခဲ့လေသည်။

“မင်းနိုးလာပြီပေါ့…” အသံတစ်သံ သူ့နားထဲသို့ ရောက်ရှိလာခဲ့လေသည်။

အသံပိုင်ရှင်မှာ အခြားမဟုတ် သူ၏ ကျောက်တုံးကိုယ်ပွားသာ ဖြစ်လေသည်။

ကျောက်တုံးကိုယ်ပွား၏ဝိဉာဉ်နှင့် သူ့ဝိဉာဉ်မှာ ဆက်သွယ်နေသည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားသည် စကားမပြောပဲနှင့်ပင်လျှင် သူ့အား ဆက်သွယ်နိုင်ပေသည်။

ရန်ကိုင် သတိလစ်သွားပြီးနောက်တွင် အခြားသူများ သူ့အား မြင်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားသည် အပြင်သို့ထွက်ပြီး ရန်ကိုင့်အား ကမ္ဘာငယ်လေးထဲသို့ ခေါ်မသွင်းရဲခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင့်အား ဟင်းလင်းပြင်ထဲတွင်သာ မျောနေစေလျက် သူနှင့် ရန်ကိုင်ကြားမှ စိတ်ချင်းဆက်သွယ်နေသည်ကို အသုံးပြုကာ ရန်ကိုင့်အား အဆက်မပြတ် အော်ခေါ်နှိုးနေခဲ့လေ၏။

“ဘယ်လောက်ကြာသွားပြီလဲ…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။

“သိပ်မကြာသေးဘူး… နာရီပိုင်းလောက်ပဲရှိသေးတယ်…”

“အဲ့ဒါဆိုကိစ္စမရှိဘူး…” ရန်ကိုင်သည် သက်ပြင်းတစ်ချက်ချလျက် သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။ သူ့ဒဏ်ရာများမှာ ဆိုးဆိုးရွားရွားကြီး မဟုတ်သော်ငြား သူ့တစ်ကိုယ်လုံးမှာတော့ ဖုန်းရွှမ်၏ တိုက်ကွက်များကြောင့် သွေးချင်းနီနေခဲ့လေသည်။

လက်ရှိအချိန်တွင် အကြီးမားဆုံးပြဿနာမှာ သူ့တစ်ကိုယ်လုံး အလွန်ကိုမှ နုံးချိနေခြင်းပင်။ တောင်နဲ့မြစ်ခေါင်းလောင်းအား အသုံးပြုနိုင်ရန်အတွက် သူ့စွမ်းအင်အကုန်လုံးကို သုံးစွဲခဲ့ရသည့်အတွက်ကြောင့် နာရီပိုင်းအတွင်း ထိုစွမ်းအင်များကို ပြန်လည်မဖြည့်တင်းနိုင်ခဲ့ပေ။ စိတ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲထားရသည့် အတွက်ကြောင့် သူ့ခေါင်းသည်ပင်လျှင် ယခုအချိန်ထိ တဆစ်ဆစ် ကိုက်ခဲနေဆဲပင်။ ယခုနေသာ အန္တရာယ်တစ်ခုခုနှင့် ကြုံရမည်ဆိုပါက ရန်ကိုင့်အနေဖြင့် ကမ္ဘာငယ်လေးထဲ ဝင်ပုန်းနေရုံသာ တတ်နိုင်ပေလိမ့်မည်။

ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် လှေငယ်လေးကိုထုတ်၍ ဦးတည်ရာမဲ့မောင်းနှင်ကာ လှေပေါ်တွင်ထိုင်ရင်း ကုသရေးဆေးလုံးများကို သောက်ပြီး အားပြန်ဖြည့်နေလိုက်လေ၏။

အလွန်ကိုမှ ကျယ်ပြောလှသော ကြယ်ပျက်ပင်လယ်ကြီးထဲ ရန်ကိုင်သည် လမ်းပျောက်နေသည့် လှေငယ်လေးတစ်စင်းအလား ဦးတည်ရာမဲ့ ရွေ့လျားနေခဲ့လေသည်။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သက်ပြင်းတစ်ချက်ရှူထုတ်လျက် မတ်တပ်ရပ်လိုက်လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် အပြည့်အဝ ပြန်မကောင်းသေးသော်ငြား ယခင်ကကဲ့သို့ အားနည်းမနေတော့‌ချေ။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်စူးစမ်းကြည့်သော်ငြား မည်သည့်အရာကိုမှ မမြင်ရ။ သူ၏ ထောင့်ခုနှစ်ထောင့် ကြယ်စည်းတံဆိပ်သည်ပင်လျှင် အခြားသောသက်ရှိများ၏ တည်နေရာကို အာရုံမခံနိုင်ပေ။

ကြယ်ပျက်ပင်လယ်ပွင့်သည်မှာ နှစ်နှစ် သုံးနှစ်ခန့် ရှိလေပြီ။ ထိုအချိန်အတောအတွင်း သူ့ခွန်အား အလွန်ကိုမှ တိုးတက်လာခဲ့ရသည်ဟု ထင်မှတ်ခဲ့ပါသော်ငြား ဖုန်းရှီနှင့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များကို တွေ့ပြီးသည့်အခါမှသာလျှင် အခြားသူများ၏ တိုးတက်နှုန်းမှာ သူ့ထက်ပိုမြန်နေမှန်း ရန်ကိုင် နားလည်သွားတော့လေသည်။

ဖုန်းရှီသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားနိုင်ခဲ့ပြီး ကျိယုသည် ဧကရာဇ်အဆင့်သို့ ရောက်ရန် ပြင်နေခဲ့လေသည်။ ယခုအချိန်လောက်ဆိုလျှင် သူမသည်လည်း ဧကရာဇ်အဆင့်သို့ ရောက်နေလောက်ပေပြီ။ သို့သော်ငြား ရန်ကိုင်ကရော…။ ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်မည့် လမ်းကြောင်း ပွင့်သွားရုံမှအပ ချိုးဖြတ်မည့်အရိပ်အယောင် မပြသေးချေ။

ဖီးနစ်မီးတောက်နှင့် တောင်နဲ့မြစ်ခေါင်းလောင်းတို့သည် မဟာဧကရာဇ်နှစ်ပါး ပိုင်ဆိုင်ခဲ့သည့် မှော်ရတနာများ ဖြစ်ကြသည့်အတွက်ကြောင့် အလွန်ကိုမှ အဖိုးတန်ပါသော်ငြား ကျင့်ကြံသူတစ်ဦး၏ခွန်အားသည် သူတို့၏ကျင့်ကြံခြင်းပေါ်တွင်သာ အဓိကမူတည်နေပေသည်။

လုံလောက်သည့်ခွန်အားသာ မရှိပါက မည်မျှကောင်းမွန်သော အဖိုးတန်ရတနာများကို ပိုင်ဆိုင်ထားပါစေ ထိုမှော်ရတနာများ၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။ သူသာ ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဆိုပါက တောင်နဲ့မြစ်ခေါင်းလောင်းအား အခက်အခဲမရှိ အသုံးပြုနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။

ကျိယုနှင့် ဖုန်းရှီသည်ပင်လျှင် သူ့ရှေ့သို့ ရောက်နေပြီဖြစ်လေရာ အခြားသော သူသိထားသည့် တက်သစ်စလူငယ်ကြယ်ပွင့်များရော မည်ကဲ့သို့ဖြစ်နေမည်နည်း။

ရုတ်တရက်ဆိုသလို ရန်ကိုင့်စိတ်ထဲ ဧကရာဇ်အဆင့်သို့ မြန်မြန်တက်ရောက်ရန် လိုအပ်လာပြီဟု ခံစားလိုက်ရလေသည်။

ကျင့်ကြံခြင်းအဆင့် နောက်ကျကျန်နေခဲ့ခြင်းမှာ ပြဿနာအကြီးကြီးတစ်ရပ်ဖြစ်လေသည်။ သူ့အနေဖြင့် အသစ်သစ်သော ရတနာများကို ထပ်မံရှာတွေ့နိုင်မည်ဆိုလျှင်ပင် သူ့ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အရှိန်တင်၍ ကြယ်ပျက်ပင်လယ်ထဲ အခွင့်အလမ်းများကို လိုက်လံရှာဖွေတော့လေသည်။

ရက်ပေါင်းများစွာ ကြာသွားသည့်တိုင် ရန်ကိုင်သည် မည်သူနှင့်မှ မတွေ့ခဲ့ရသလို မည်သည့်ကြယ်အမြုတေနှင့်မှလည်း မကြုံခဲ့ရချေ။ ထိုကိစ္စနှင့်ပတ်သက်၍ သူ့စိတ်ထဲ အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရလေသည်။ ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်ပြီးချိန်မှစ၍ ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဘူးပေ။ နောက်ထပ် ရက်အနည်းငယ်ကြာသွားသည့်တိုင် ရန်ကိုင့်၏ခရီးမှာ အချည်းအနှီးသာ ဖြစ်နေပေသေးသည်။

ထိုကဲ့သို့ ဖြစ်လာသည့်နောက်တွင် ကြယ်ပျက်ပင်လယ်ထဲ၌ မည်သို့သော ကိစ္စများ ဖြစ်သွားလေသလဲဟု ရန်ကိုင့်စိတ်ထဲ စတင်၍ မယုံသင်္ကာ ဖြစ်လာမိတော့လေသည်။

ဆယ်ရက်မြောက်နေ့ ရောက်မှသာလျှင် သူ့လက်ခုံ အနည်းငယ်ပူလာသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်သည်။

ထို့နောက်တွင် သူ့လက်ခုံပေါ်ရှိ ပူလောင်သည့်ခံစားချက်သည် ပိုပို၍ ပြင်းထန်လာခဲ့လေသည်။

ရန်ကိုင်လည်း မျက်ခုံးပင့်လျက် ထိုခံစားချက်ကို ဖြစ်ပေါ်စေသည့် အရပ်ဆီသို့ အလျင်စလို ပြေးထွက်သွားလေ၏။

တဖြည်းဖြည်းနီးကပ်လာသော် ရန်ကိုင့်မှာ ကျင့်ကြံသူပေါင်းများစွာ၏ အရှိန်အဝါကိုသာလျှင် မဟုတ်ဘဲ အလွန်တရာကိုမှ သန့်စင်သိပ်သည်းလွန်းလှသော အမြုတေစွမ်းအားကိုပါ ခံစားမိလိုက်ရလေသည်။

(အဲ့ဘက်မှာ ဘာတွေဖြစ်နေတာလဲ…)

ရန်ကိုင်လည်း သိချင်စိတ်ကို မအောင့်အည်းနိုင်တော့သည့် အတွက်ကြောင့် အရှိန်ကုန်တင်တော့လေသည်။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင် မှင်တက်သွားခဲ့ရလေသည်။

အကန့်အသတ်မရှိအောင် ကျယ်ပြောလှသော ကြယ်ပျက်ပင်လယ်ကြီးထဲတွင် ဘဲဥပုံစံပေါက်နေသည့် သမုဒ္ဒရာကျယ်ကြီးတစ်ခုနှယ် အပြာရောင် အရောင်အဝါကို ထုတ်လွှတ်နေသည့် ထူးဆန်းသည့်အရာကြီးတစ်ခု ရှိနေခဲ့လေသည်။

(အဲ့ဒါဘာကြီးလဲ…)

ရန်ကိုင် သူ့စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။

နာရီအနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် ထိုထူးဆန်းသောနေရာအနားသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။

သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင်သည် အသက်ပြင်းပြင်းရှူသွင်းလျက် ထိတ်လန့်တကြားဖြင့် ရေရွတ်လိုက်လေသည်။ “များလိုက်တဲ့အမြုတေစွမ်းအင်တွေ…”

ဤပင်လယ်ပြာကြီးဆီမှ သိပ်သည်းလွန်းလှသော အမြုတေစွမ်းအားကို ရန်ကိုင် အတိုင်းသား ခံစားနေခဲ့ရလေသည်။ ပျက်စီးနေပြီဖြစ်သော အမြုတေအပိုင်းအစများမှာ ဤအပြာရောင်ပင်လယ်ကြီးထဲတွင် ရေထဲကူးခတ်နေသည့် ငါးများအလား ပုန်းကွယ်တည်ရှိနေကြလေ၏။

သေသေချာချာ အနီးကပ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဤနေရာတစ်ခုလုံးသည် တကယ့် ပင်လယ်တစ်စင်းနှင့် ဆင်တူကြောင်းကို တွေ့လိုက်ရလေသည်။ ပင်လယ်ပြင်တွင် လှိုင်းများရှိသကဲ့သို့ပင် ဤနေရာတွင်လည်း တဝုန်းဝုန်းရိုက်ခတ်နေသည့် မိုးပြာရောင်လှိုင်းများ ရှိနေခဲ့လေ၏။

သူ့လက်ခုံပေါ်ရှိ ကြယ်စည်းတံဆိပ်မှနေ၍ ဤပင်လယ်ပြာကြီးထဲတွင် ကျင့်ကြံသူပေါင်းများစွာ ရှိနေကြောင်းကိုလည်း ရန်ကိုင် အာရုံခံမိလိုက်ပေသေးသည်။

ရန်ကိုင့်စိတ်ထဲ ထူးဆန်းနေသည့် အချက်မှာ ဤနေရာတွင် ဘာကြောင့်များ အမြုတေစွမ်းအင် ဤမျှ များပြားစွာ ရှိနေရလေသနည်း။ ဤအမြုတေစွမ်းအင်များကိုသာ ကုန်စင်အောင် စုပ်ယူပစ်လိုက်နိုင်မည်ဆိုပါက…။ ရန်ကိုင် ဆက်မတွေးရဲတော့ချေ။

အကြောင်းမှာ ကုန်စင်အောင် စုပ်ယူပစ်ရန် မဖြစ်နိုင်သည့် အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ မည်သည့်ကျင့်ကြံသူမှ ဤအပြာရောင်ပင်လယ်ထဲရှိ အမြုတေစွမ်းအင်များကို ကုန်စင်အောင် မစုပ်ယူပစ်နိုင်ပေ။

လမ်းတစ်လျှောက်တွင် အခြား မည်သည့်ကျင့်ကြံသူကိုမှ မတွေ့ခဲ့ရသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ လူတိုင်းသည် ဤနေရာတွင် လာရောက်စုဝေးနေသည့် အတွက်ကြောင့်ပေကိုး။

ရန်ကိုင့်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားလာကာ သူ့ရှေ့တည့်တည့်တွင် ရှိနေသော အမြုတေစွမ်းအားကို လှမ်းဆွဲယူပစ်ချင်စိတ်များ သူ့စိတ်ထဲ တဖွားဖွား ထွက်လာတော့လေသည်။ သို့သော်ငြား ထိုသို့မလုပ်သေးဘဲ သူ့စိတ်ကို ချုပ်တည်းရင်း အခြေအနေကို တစ်ချက် အရင်စစ်ဆေးကြည့်လိုက်လေသည်။

ကောင်းကင်စိတ်အာရုံကိုသုံး၍ ဖြန့်ကျက်ကြည့်လိုက်ရာ သူ့ရှေ့ရှိ ပင်လယ်ပြာကြီးသည် အမြုတေစွမ်းအားများ ရောနှောနေသည့် ပင်လယ်ရေသာ ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ထိုအချက်ကို ရှာတွေ့လိုက်သော် ရန်ကိုင်သည် ပျော်ရွှင်စွာပြုံးလျက် ပင်လယ်ပြာထဲသို့ ခုန်ဝင်သွားလေ၏။

“ဟား ဟား ဟား… နောက်ထပ် သောက်ရူးတစ်ကောင်ပါလားကွ….” ခပ်လှမ်းလှမ်းဆီမှ အော်ဟစ်လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုလူသည် ရန်ကိုင် ပင်လယ်ထဲ ခုန်ဝင်သွားသည်ကို မြင်သော် ဝါးလုံးကွဲအော်ရယ်မောလျက် ပြောလိုက်လေ၏။ “အမြုတေပင်လယ်ထဲ ခုန်ဝင်သွားရဲတဲ့ နောက်ထပ်အရူးတစ်ကောင် ထပ်ပေါ်လာပြန်ပြီ… ဒီကောင်တွေ ဘာလို့ ဒီလောက်‌ သေချင်နေရတာလဲ…”

သူပြောလို့ ပြီးသွားရုံပင်ရှိသေး ရန်ကိုင်ခုန်ဝင်သွားခဲ့သည့် နေရာဆီမှ လူတစ်ယောက် ရုတ်တရက် ပြန်ခုန်ထွက်လာခဲ့လေ၏။

ပြန်ခုန်ထွက်လာသည့်လူမှာ ရန်ကိုင်မှလွဲ၍ အခြားမဟုတ်ချေ။ အစောပိုင်းက စကားပြောလိုက်သည့်လူသည် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း “မင်း ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ…”

လက်ရှိတွင် ရန်ကိုင်မှာ အလွန်ကိုမှ နာကျင်နေသည့်အတွက်ကြောင့် သူ့မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေခဲ့လေသည်။ တရှဲရှဲမြည်သံများမှာ သူ့ခန္ဓာကိုယ်အနှံ့ဆီမှ ထွက်ပေါ်နေခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း သူ့အဝတ်အစားအားလုံး အရည်ပျော်ကျသွားကုန်လေ၏။

သူ့အရေပြားမှာလည်း ရေနွေးပူလောင်သွားသည့်အလား သူ့ခန္ဓာကိုယ်ထက် မီးလောင်ကျွမ်းထားခံရသည့်အလား အနီရောင်ကွက်များ ထွက်ပေါ်လာခဲ့လေသည်။

သို့သော်ငြား ထိုကဲ့သို့ဖြစ်နေသည့်တိုင် ရန်ကိုင်မှာ ကောင်းကောင်းမွန်မွန်ဖြင့်သာ ရှိနေသေး၏။ အရင်းအမြစ်ချီကိုလှည့်ပတ်၍ သူ့ကိုယ်ထဲ စိမ့်ဝင်လာသော အဖျက်စွမ်းအင်များကို ရှင်းထုတ်ပစ်လိုက်လေသည်။

All Chapters