အခန်း (၂၄၇၀-၂၄၇၂)
Vol. 101 Ch. 2470-2472
အပိုင်း (၂၄၇၀)
အချိန်အတော်ကြာသွားသည့်နောက်တွင် ရန်ကိုင်သည် အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လျက် အဝတ်အစားအသစ်တစ်စုံ လဲဝတ်လိုက်လေသည်။ သူ့ကိုယ်ပေါ်ရှိ မီးလောင်ကွက်များမှာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပြန်လည်ပျောက်ကွယ်လာနေခဲ့ပြီး အမာရွတ်များမှာလည်း တစ်ခုပြီးတစ်ခု ပဲ့ကြွေနေကုန်ကြလေသည်။
“ဂလု…”
ထိုမြင်ကွင်းကိုကြည့်ရင်း အစောပိုင်းက ရန်ကိုင့်အား လှောင်ပြောင်နေခဲ့သောလူ ထိတ်လန့်တကြားဖြင့် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။
ရုတ်တရက် ရန်ကိုင်သည် ထိုလူရှေ့၌ ပြန်ပေါ်လာခဲ့လေသည်။
ထိုလူသည် တာအိုသခင် ဒုတိယအဆင့်သာ ရှိပေသေးသည်။ ထိုလူ့ပုံစံမှာ ဉာဏ်များပြီး ရက်စက်သည့်ပုံစံမျိုး ပေါက်နေရာ ယုံကြည်ရသည့် လူစားမျိုးမဟုတ်မှန်း သိသာလှပေသည်။
ရန်ကိုင် သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသည့်အတွက်ကြောင့် ထိုလူမှာ ပျာယာခတ်သွားကာ ကမန်းကတန်း နောက်သို့ဆုတ်ရင်း ထိတ်ထိတ်ပျာပျာဖြင့် ပြန်မေးလိုက်လေသည်။ “မင်း... မင်း... မင်းဘာလိုချင်နေတာလဲ…”
ရန်ကိုင်သည် ထိုလူအား မျက်မှောင်ကြီးကျုံ့ကာ ကြည့်လျက် အေးစက်စက်လေသံဖြင့် မေးလိုက်လေသည်။ “ခုနတုန်းက ဒါ အမြုတေပင်လယ်လို့ မင်းပြောလိုက်တယ်နော်…”
“ဟုတ်… ဟုတ်ပါတယ်… ဟုတ်တယ် ဒါအမြုတေပင်လယ်ပဲ…” ထိုလူမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေ၏။
“အမြုတေပင်လယ်ကဘာလဲ… ငါ့ကို သေချာရှင်းပြစမ်း…”
ထိုလူက ခါးသက်သက်အမူအယာဖြင့် “နာမည်အတိုင်းပဲလေ… ဒီနေရာက အမြုတေစွမ်းအင်တွေ အများကြီးစုဝေးနေတဲ့နေရာပဲ… သူ့ပုံစံက ပင်လယ်တစ်ခုနှင့်ဆင်လို့ အကုန်လုံးက အမြုတေပင်လယ်လို့ ခေါ်လိုက်တာ… ဘာမှ ထူးခြားနေတာမဟုတ်ဘူး…”
“မင်းတို့ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ… ဘာဖြစ်လို့ ဒီမှာ လူတွေအများကြီး ရှိနေတာလဲ…” ရန်ကိုင်က ထိုလူကို စိုက်ကြည့်၍ ထပ်မေးလိုက်လေသည်။
“ငါ့စီနီယာအစ်ကို ခေါ်လို့ လာခဲ့တာ… ဒါပေမဲ့ ငါ့တို့ရောက်ရောက်ချင်းမှာပဲ စီနီယာအစ်ကိုကို အခြားတစ်ယောက်က ထပ်ခေါ်သွားတယ်… ဒါနဲ့ ရောင်းရင်း မင်း ဘာမေးချင်နေတာလဲ…” ရန်ကိုင်မှ သူ့အား အန္တရာယ်ပေးမည့်ဟန် မပြသော် ထိုလူ စိတ်သက်သာရာ ရသွားခဲ့ပြီး ပြန်၍မေးခွန်းထုတ်လိုက်လေသည်။
“အမြုတေပင်လယ်အကြောင်း ငါ့ကို ထပ်ပြောပြစမ်း… မင်း သိထားတာ အကုန်ပြောပြကွာ…”
ထိုလူက မယုံသင်္ကာဖြင့် ပြန်၍မေးလိုက်လေသည်။ “ရောင်းရင်း… မင်း အမြုတေပင်လယ်အကြောင်း တစ်ခါမှ မကြားဖူးဘူးလား…”
ရန်ကိုင်သည် ထိုလူ၏ပါးကို ဒေါသတကြီးဖြင့် ကောက်ရိုက်ချလိုက်လေသည်။ “သိနေသေးရင် မင်းကို လာမေးနေဦးမလားကွ…”
ပါးရိုက်ခံလိုက်ရပြီးသည့်နောက် ထိုလူသည် ခေါင်းကိုငုံ့လျက် မျက်နှာကြီးမဲ့ကာ ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ရောင်းရင်းရဲ့ ကျင့်ကြံခြင်းနဲ့ အမြုတေပင်လယ်ကို ဘယ်လိုလုပ်ပြီး တစ်ခါမှ မကြားဖူးရတာလဲ… ဒီနေရာအကြောင်းကို ဂိုဏ်းတိုင်းရဲ့ စာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတာလေ…”
“ဒီနေရာအကြောင်းကို ရှေးမှတ်တမ်းတွေထဲမှာ ဖော်ပြထားတာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။
“ဟုတ်တယ်လေ… အမြုတေပင်လယ်က အမြုတေစွမ်းအားတွေ အများကြီးကို စုပ်ယူလို့ရလို့ ကြယ်ပျက်ပင်လယ်ထဲမှာ အရမ်းနာမည်ကြီးတာ… အမြုတေပင်လယ်ကို ရှာတွေ့ပြီဆိုတာနဲ့ အခြားနေရာတွေလျှောက်သွားပြီး ကြယ်အမြုတေအစိတ်အပိုင်းတွေကို လိုက်ရှာနေစရာမလိုတော့ဘူး… ဒါပေမဲ့ အမြုတေပင်လယ်က အမြဲတမ်းပေါ်တာမဟုတ်ဘူး… ပေါ်လာတိုင်းလည်း သူ့ဘာသူ ပေါ်ချင်တဲ့နေရာမှာ ပေါ်လာတာ… ရှင်းရှင်းပြောရလို့ရှိရင် ကြယ်ပျက်ပင်လယ် သုံးခါပွင့်ရင် အနည်းဆုံး တစ်ခါလောက်တော့ အမြုတေပင်လယ်က ပေါ်လာလေ့ရှိတယ်…”
“ဒီမှာ အမြုတေစွမ်းအားပဲ ရှိတာလား… ပြီးတော့ အဲ့အပြာရောင်တောက်တောက်ကြီးကရော ဘာကြီးလဲ… အဲ့ဒါက ဘာဖြစ်လို့ အရမ်းတိုက်စားနိုင်စွမ်း ပြင်းတာလဲ…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။ အစောပိုင်းက ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ခဲ့သည့်တိုင် မည်သည့်အန္တရာယ်ကိုမှ ရှာမတွေ့သဖြင့် အန္တရာယ်ကင်းသည်ဟု ထင်ကာ ပင်လယ်ထဲသို့ ခုန်ဆင်းသွားခဲ့လေသည်။ သို့သော်ငြား ခုန်ဆင်းသွားသွားခြင်းမှာပင် အလွန်ကိုမှ ပြင်းထန်လွန်းသည့် အဖျက်စွမ်းအင်တို့ သူ့ကိုယ်ထဲ စိမ့်ဝင်လာသည်ကို ခံစားမိလိုက်ရလေသည်။ ရန်ကိုင်သာ အမြန် ပြန်ဆုတ်မလာခဲ့လျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလောက်ပေပြီ။
“အဲ့အပြာရောင်တောက်တောက်ကြီးက ဘာမှန်း ဘယ်သူမှမသိကြဘူး… ကြယ်အမြုတေပင်လယ်နဲ့ အမြဲတမ်း အတူရှိနေတာလို့ပဲ သိထားတာ… ပြီးတော့ အဲ့ဒါကြီးက အရမ်းအန္တရာယ်များတယ်… အဲ့ထဲကို ဝင်သွားတဲ့လူတိုင်း သေကြတာချည်းပဲ…” ထိုနေရာသို့အရောက်တွင် ရန်ကိုင် အသက်ရှင်နေသေးသည့်အကြောင်း မှတ်မိသွားခဲ့ပြီး ချက်ချင်းပဲ ရှက်ရှက်ဖြင့် ပြုံးလျက် “အဲ့ထဲကနေ အသက်ရှင်လျက် လွတ်လာတယ်ဆိုတော့ ရောင်းရင်းက တကယ်အားကောင်းတာပဲ…”
“ချီးကျူးပေးလို့ကျေးဇူးပဲ…” ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေသည်။
ရန်ကိုင် ပင်လယ်ထဲသို့ ခုန်ဝင်သွားသည်ကို ထိုလူသည် ဤအတိုင်း ထိုင်ကြည့်နေခဲ့လေသည်။ သူတို့နှစ်ဦးမှာ အသိအကျွမ်းများ မဟုတ်သော်ငြား ရန်ကိုင် ကိုယ့်သေတွင်းကိုယ် တူးနေသည်အား တမင်သက်သက် ထိုင်ကြည့်နေသည်မှာ တကယ်ကိုတော့ လွန်ပေသည်။
ရန်ကိုင့်နေရာတွင်သာ အခြားအားနည်းသည့် ကျင့်ကြံသူတစ်ယောက်ဆိုပါက တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။ ရန်ကိုင်ဖြစ်နေသည့်အတွက်ကြောင့်သာ မသေခဲ့ပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်၏။
ရန်ကိုင် သူ့အား အပြစ်တင်ချင်နေသည်ကို သတိထားမိသော် ထိုလူသည် ကသိကအောက် အမူအယာဖြင့် ပြုံးလိုက်လေ၏။
“ဆက်ပြော…” ရန်ကိုင်က ထပ်ပြောလိုက်သည်။
ထိုလူသည် လည်ချောင်းရှင်းလျက် အလျင်အမြန် ဆက်ပြောလိုက်လေသည်။ “အကျိုးအမြတ်တွေကတော့ အများကြီးပေါ့… ရှင်းရှင်းပြောရရင် ဒီအမြုတေပင်လယ်ကို တွေ့သွားတဲ့လူတိုင်း အခြား ဘယ်နေရာကိုမှ လျှောက်မသွားတော့ဘဲ ကြယ်ပျက်ပင်လယ် ပိတ်သွားတဲ့ထိ ဒီနေရာမှာပဲနေပြီး အမြုတေစွမ်းအင်တွေကို စုပ်ယူကြတယ်… အမြုတေပင်လယ်က အကျယ်ကြီးဟာကို… ကျင့်ကြံသူတွေ အများကြီးလာလို့ရှိရင်တောင် ဒီထဲက အမြုတေစွမ်းအင်တွေကို ကုန်အောင် စုပ်ယူပစ်နိုင်မှာမဟုတ်ဘူး… ပြီးတော့ အချို့ကောလဟာလတွေပြောတာတော့ ဒီအမြုတေပင်လယ်ထဲမှာ ကြယ်အမြုတေအစိတ်အပိုင်းတွေတင်မဟုတ်ဘူး အကောင်းအတိုင်းရှိနေသေးတဲ့ ကြယ်အမြုတေတွေပါ ရှိတယ်တဲ့… အချို့ဆိုလို့ရှိရင် ဓာတ်ကြီးငါးပါးကြယ်အမြုတေတွေကိုတောင် တွေ့ခဲ့ကြတယ်ဆိုပဲ…”
“အကောင်းအတိုင်းရှိနေသေးတဲ့ ကြယ်အမြုတေတွေ…” ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်သည် ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် အကောင်းအတိုင်းရှိနေသေးသော ကြယ်အမြုတေနှင့် ပျက်စီးနေပြီဖြစ်သော ကြယ်အမြုတေနှစ်ခုကြားရှိ ကွာဟချက်ကို ကောင်းကောင်းသိပေသည်။ ပြီးပြည့်စုံသော ကြယ်အမြုတေတစ်ခုသည် ကျင့်ကြံသူတစ်ဦးအား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအား အာရုံခံနိုင်အောင် ထိထိရောက်ရောက် ကူညီပေးနိုင်ပါသော်ငြား ပျက်စီးနေသည့် ကြယ်အမြုတေများကမူ အနည်းအကျဉ်းလောက်သာ ကူညီပေးနိုင်ကြပေသည်။
ဤအမြုတေပင်လယ်ထဲတွင် အကောင်းအတိုင်းရှိနေသေးသော ကြယ်အမြုတေများကို တွေ့ရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။
လက်ရှိအချိန်တွင် ကမ္ဘာငယ်လေးထဲ၌ နေ၍ အဆင့်ကြီးတစ်ဆင့်သို့ တက်ရောက်၍ မရခြင်းမှာ ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများ ပြည့်စုံသေးခြင်း မရှိသည့် အတွက်ကြောင့်ပင်လျှင်။ ထိုလောကနိယာမများကို ပြည့်စုံအောင် လုပ်လိုပါက ကြယ်အမြုတေစွမ်းအားကို လိုအပ်ပေသည်။
ရန်ကိုင်သည်သာ အကောင်းအတိုင်းရှိနေသေးသော ကြယ်အမြုတေတစ်ခုကို ရှာ၍ ကမ္ဘာငယ်လေးအား စုပ်ယူစေလိုက်မည်ဆိုပါက ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများ လုံးဝ ပြီးပြည့်စုံသွားမည်ဖြစ်ကာ ကမ္ဘာငယ်လေးထဲတွင် နေ၍ပင် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖြတ်လာနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် အကောင်းအတိုင်းရှိနေသေးသော ကြယ်အမြုတေများအကြောင်း ကြားလိုက်သည့်အခါ ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားလာတော့လေသည်။
သို့သော်ငြား မကြာမီတွင် မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီအမြုတေပင်လယ်ကြီးတစ်ခုလုံးက ဒီလောက်အန္တရာယ်များတာ ဒီထဲက အမြုတေစွမ်းအင်တွေကို ငါတို့က ဘယ်လိုစုပ်ယူရမှာလဲ… မင်း ငါ့ကို လာလှည့်စားနေတာလား…”
“ဘယ်ကလှည့်စားရမှာလဲ ရောင်းရင်းရဲ့…” ထိုလူက ချက်ချင်းပြန်ပြောလိုက်လေသည်။ “ရောင်းရင်းကိုယ်တိုင်က အမြုတေပင်လယ်ထဲ တစ်ခါမှ မဝင်ဖူးလို့သာ မသိတာ… ရှင်းရှင်းပြောရလို့ရှိရင် အမြုတေပင်လယ်ထဲမှာ လူတွေနေလို့ရတဲ့ ကျွန်းငယ်လေးတွေ အများကြီးပဲ… အခြားလူတွေက အဲ့ကျွန်းတွေပေါ်မှာနေပြီး အမြုတေပင်လယ်ထဲက အမြုတေစွမ်းအားတွေကို စုပ်ယူနေကြတာ… အဲ့ကျွန်းပေါ်မှာ နေမယ်ဆိုရင် အမြုတေပင်လယ်တိုက်စားတာ ခံရတော့မှာမဟုတ်ဘူး…”
“အိုး… အဲ့လိုမျိုးလည်း ရှိသေးတာလား…” ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။
အစောပိုင်းက ရန်ကိုင်သည် အမြုတေပင်လယ်အနက်ပိုင်းထဲသို့ တိုးဝင်မသွားခဲ့ပေ။ ထို့အတွက်ကြောင့် မည်သည့်ကျွန်းကိုမှ ရှာမတွေ့ခဲ့။
“ရောင်းရင်းမယုံလို့ရှိရင် အပေါ်ဘက်ကနေ ကြည့်ကြည့်လိုက်… အဲ့ဒါဆို ရှင်းသွားလိုက်မယ်…” ထိုလူသည် ရန်ကိုင့်အား ကြည့်ရင်း ဆက်ပြောလိုက်လေသည်။ “ကျုပ်သိတာတွေအကုန်လုံးကို ရောင်းရင်းကို ပြောပြပြီးသွားပြီ…”
“ဟမ့်…” သို့သော်ငြား ရန်ကိုင်ကတော့ ဆက်၍ မေးခွန်းထုတ်လိုက်ပေသေးသည်။ “အမြုတေပင်လယ်ထဲမှာ ဒီလောက် အဖိုးတန်ရတနာတွေရှိတာ မင်း ဘာလို့ အပြင်မှာ ရပ်စောင့်နေတာလဲ… အထဲမှာ အန္တရာယ်တွေရှိလို့လား…”
“ကျုပ်ဂိုဏ်းက တပည့်တွေကို စောင့်နေတာ…” ထိုလူက ပြန်ပြောလိုက်လေ၏။ “သူတို့ကို ဒီမှာစောင့်နေဖို့ ကျုပ်ရဲ့ အကြီးဆုံး စီနီယာအစ်ကိုက ပြောသွားလို့… မဟုတ်ရင် ကျုပ် ဘာလို့ ဒီမှာ ရပ်စောင့်နေရမှာလဲ… ရောက်တည်းက အထဲသွားပြီးတော့ အမြုတေစွမ်းအင်တွေကို စုပ်ယူပစ်နေလိုက်ပြီ…”
ထိုလူကိုကြည့်ရသည်မှာ ဤနေရာတွင် ရပ်စောင့်နေရသည့်အတွက် အတော်လေးကိုမှ မကျေမနပ်ဖြစ်နေသည့်ပုံပင်။
ရန်ကိုင်သည် ခေါင်းညိတ်၍ အမြုတေပင်လယ်ထဲသို့ လှည့်ဝင်သွားလေသည်။
ထိုလူက လှမ်းအော်ဟစ်လိုက်လေ၏။ “သတိထားဦးနော်… အမြုတေပင်လယ်ထဲမှာ ဧကရာဇ်အဆင့် ပညာရှင်တွေ အများကြီးရှိတယ်… ခင်ဗျား သူတို့ကို သွားရန်စရင် ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ သူထင်ထားသည်မှာ အမှန်ဖြစ်နေကြောင်း ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် ဧကရာဇ်အဆင့်သို့ တက်ရောက်သွားသည့်လူမှာ ကျိယုနှင့် ဖုန်းရှီတို့သာလျှင် မဟုတ်တော့ချေ။ လူပေါင်းများစွာသည် ဧကရာဇ်အဆင့်သို့ တက်ရောက်သွားကုန်ကြလေပြီ။
ဤသည်မှာ ဤအမြုတေပင်လယ်အနီးတစ်ဝိုက်တွင်သာ ရှိပေသေးသည်။ ကြယ်ပျက်ပင်လယ်၏ အခြားသောနေရာများတွင်ရော ဧကရာဇ်အဆင့်ပညာရှင် မည်မျှများများ ရှိနေပါမည်နည်း။
ကြယ်ပျက်ပင်လယ်ကြီးသည် အလွန်ကိုမှ မယုံကြည်နိုင်စရာကောင်းသော သီးခြားကမ္ဘာကြီးတစ်ခုသာ ဖြစ်လေသည်။
ဧကရာဇ်အဆင့်ပညာရှင်များ ရှိနေကြောင်း ကြားပြီးသည့်နောက်တွင် ရန်ကိုင့်အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
လက်ရှိ ပင်လယ်ပြင်ပေါ်မှနေ၍ ပျံသန်းလာပြီးသည့်နောက် တဝုန်းဝုန်းရိုက်ခတ်နေသော လှိုင်းလုံးများကြားဝယ် အရွယ်အစားအမျိုးမျိုးရှိနေသော ကျွန်းများ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ တချို့သောကျွန်းများသည် လူတစ်ယောက်နေရုံစာသာ ကျယ်ဝန်းလှပြီး အချို့ကျွန်းများမှာတော့ လူလေးငါးယောက်လောက် ချောင်ချောင်ချိချိ ထိုင်နိုင်လောက်သည်အထိ ကျယ်ဝန်းကြပေသည်။
ကျင့်ကြံသူရာပေါင်းများစွာသည် ထိုကျွန်းများအသီးသီးပေါ်တွင် တင်ပလင်ခွေထိုင်လျက် ပင်လယ်ရေမှ ထုတ်လွှတ်နေသော အမြုတေစွမ်းအားကို စုပ်ယူသန့်စင်နေကြလေ၏။ ပင်လယ်ရေပြင်မှာလည်း ငြိမ်သက်နေခြင်း မရှိချေ။ တစ်ခါတစ်ရံ သိပ်မွေ့သယောင် ထင်မှတ်ရသော်ငြား တစ်ခါတစ်လေလည်း လှိုင်းလုံးများဖြင့် ခြောက်ခြားဖွယ်ရာကောင်းနေလေ၏။
ထိုသို့ဖြစ်နေသည့်အတွက်ကြောင့် ကျင့်ကြံသူများမှာ အမြုတေစွမ်းအားကို အေးအေးဆေးဆေးဖြင့် မစုပ်ယူနိုင်ကြတော့ချေ။
ကောင်းကောင်းမွန်မွန်စုပ်ယူလိုပါက အကာအကွယ်တစ်ခုခုကို လိုအပ်ပေလိမ့်မည်။ ပင်လယ်ရေ၏ အဖျက်စွမ်းအားကို ကိုယ်တိုင်ခံစားဖူးသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုအဖျက်စွမ်းအား မည်မျှကြောက်မက်ဖွယ်ရာကောင်းမှန်း ရန်ကိုင် ကောင်းကောင်းသိနေခဲ့သည်။ ကျွန်းတစ်ကျွန်းပေါ်တွင်သာ မနေနိုင်သရွေ့ အမြုတေစွမ်းအားကို သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် သင့်တော်မည့်နေရာတစ်ခုရှာရင်း ကျွန်းပေါင်းများစွာကို လှည့်ပတ်စစ်ဆေးကြည့်နေခဲ့လေသည်။
ရန်ကိုင်ကဲ့သို့ ကျွန်းများကိုလိုက်ရှာရင်း လေပေါ်တွင်ပျံသန်းနေကြသည့် ကျင့်ကြံသူများလည်း ရှိနေကြပေသည်။ သို့သော်ငြား မည်သူကမျှ ရန်ကိုင့်အား လာပြဿနာရှာကြပေ။ လက်ရှိတွင် အကုန်လုံး၏ ဦးစားပေးမှာ ဤပင်လယ်ထဲရှိ အမြုတေစွမ်းအင်ကို စုပ်ယူရန်သာ ဖြစ်သည့်အတွက်ကြောင့် မည်သူမှ အကြောင်းအရင်းမရှိဘဲ မတိုက်ခိုက်ချင်ကြပေ။ တိုက်ခိုက်နေကြသည့် လူများလည်း ရှိကြပေသည်။ ထိုလူများမှာ နေရာပိုင်နက် လုနေကြခြင်းသာ ဖြစ်ပေ၏။
ကျွန်းများပေါ်တွင် မရေမတွက်နိုင်သော တိုက်ပွဲများ ဖြစ်ပွားနေခဲ့ကြလေသည်။ အလောင်းများသည်လည်း တစ်လောင်းပြီးတစ်လောင်း ပင်လယ်ထဲသို့ ကျနေခဲ့လေ၏။ အမြုတေပင်လယ်ထက် တစ်နာရီခန့်ကြာအောင် ပျံသန်းလာပြီးသည့်တိုင် ရန်ကိုင့်မှာ ခြေချရန်အတွက် ကျွန်းတစ်ကျွန်းကို ရှာမတွေ့သေးပေ။ တွေ့လိုက်သည့်ကျွန်းတိုင်းတွင် အခြားသော ကျင့်ကြံသူများ ရှိနေကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ စတင်၍ ကူကယ်ရာမဲ့လာရတော့လေ၏။
ရန်ကိုင်သည် အကြောင်းအရင်းမရှိဘဲ အခြားလူများ၏ နေရာကို လိုက်လုတတ်သည့် လူစားမျိုး မဟုတ်သည့်အတွက်ကြောင့် စိတ်ရှည်ရှည်ဖြင့်သာ ဆက်ရှာနေမိလေ၏။ ကံကောင်းစွာဖြင့် အမြုတေပင်လယ်မှာ အလွန်ကိုမှ ကျယ်ပြောသည့်အတွက်ကြောင့် ရန်ကိုင် ရှာမတွေ့သေးသည့် နေရာများလည်း ရှိနေပေသေးသည်။ သူသာ ဆက်ရှာနေမည်ဆိုပါက နေရာကောင်းတစ်ခုကို ရှာတွေ့လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေလေ၏။
ပျံသန်းနေရင်းမှ တစ်နေရာသို့အရောက်တွင် လူတစ်စု နယ်မြေလုရင်း တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်မှာ ထိုတိုက်ပွဲကို ရှောင်ဖယ်သွားချင်ပါသော်ငြား ရုတ်တရက် အော်သံတစ်သံကို ကြားလိုက်ရလေ၏။ “မြေကမ္ဘာဓါး… မိုးကြိုးသက်ဆင်းခြင်း…”
ထိုအော်သံ ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက် မိုးခြိမ်းသံတို့ မြည်ဟည်းထွက်လာခဲ့ပြီး မိုးပြာရောင်လျှပ်စီးတစ်စင်း ကျွန်းပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အသံကြားရာဘက်ဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၇၁)
မြေကမ္ဘာဓါး မိုးကြိုးသက်ဆင်းခြင်းပညာရပ်သည် နေမင်းပြာကျောင်းတော်၏ ရှောင်ပိုင်ယီ လေ့ကျင့်ထားသော သိုင်းပညာရပ်တစ်ခု ဖြစ်ပေသည်။ ထိုသိုင်းပညာရပ်တွင် သေမျိုးဓါး ဖျက်ဆီးခြင်းမုန်တိုင်း၊ မြေကမ္ဘာဓါး မိုးကြိုးသက်ဆင်းခြင်းနှင့် ကောင်းကင်ဓါး ကြယ်ပျက်စီးခြင်းတို့ ပါဝင်နေ၏။ အဆင့်တစ်ဆင့်ချင်းစီသည် အခြားတစ်ဆင့်ထက် ပို၍ အားကောင်းကာ ထိုအဆင့်သုံးဆင့်ကိုသာ ပူးပေါင်း၍ တိုက်ခိုက်လိုက်မည်ဆိုပါက ကြောက်ခမန်းလိလိစွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။
ဥတုလေးမျိုးနယ်မြေထဲရှိ အချိန်မြစ်ကျောင်းတော်ထဲတွင် ရန်ကိုင်သည် ရှောင်ပိုင်ယီနှင့် တိုက်ခိုက်ခဲ့ဖူးပေသည်။ ထိုစဉ်က ရှောင်ပိုင်ယီသည် ထိုသိုင်းကွက်ကို ထုတ်သုံးခဲ့ပေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ဤသိုင်းကွက်အား ရန်ကိုင် ရင်းနှီးနေခြင်း ဖြစ်လေ၏။
အသံကိုကြားသည့်နောက် မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်ရာ ပရမ်းပတာဖြစ်နေသည့် တိုက်ပွဲကြားဝယ် အဖြူရောင်အဝတ်အစား တလူလူလွင့်ပျံနေသော လူတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုလူသည် ရှောင်ပိုင်ယီမှလွဲ၍ အခြားမဟုတ်ချေ။
ရှောင်ပိုင်ယီသည် အဖြူရောင်အဝတ်အစားအား ဝတ်ရသည်ကို အလွန်နှစ်ခြိုက်သည့်လူတစ်ဦး ဖြစ်သည်။ ရန်ကိုင် သူ့အား စတွေ့သည့်အချိန်မှစ၍ ယခုအချိန်အထိ အဖြူရောင်အဝတ်အစားကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့ပေသည်။ သို့သော်ငြား လက်ရှိတွင် ရှောင်ပိုင်ယီ ဒုက္ခရောက်နေသည့်ပုံပင်။ သူ့အဖြူရောင်အဝတ်အစားသည် သွေးများဖြင့် စွန်းထင်းနေခဲ့ရာ ရှောင်ပိုင်ယီ၏ပုံစံမှာ အတော်လေးကိုမှ သနားစဖွယ် ကောင်းနေခဲ့လေ၏။
ရှောင်ပိုင်ယီအနားတွင်တော့ ရန်ကိုင်ရင်းနှီးနေသည့် အခြားလူတစ်ဦး ရှိနေခဲ့လေသည်။ မုရုန်ရှောင်ရှောင်ပင်။
လက်ရှိတွင် နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်နှစ်ဦးသည် ကျောချင်းယှဉ်ရပ်ကာ တိုက်ကွက်အသီးသီးကို ထုတ်ဖော်ရင်း ဘက်ပေါင်းစုံမှ တိုးဝင်လာနေသည့် တိုက်ခိုက်မှုများကို ချေဖျက်ပစ်နေခဲ့လေသည်။
နှစ်ယောက်စလုံးမှာ လက်ရွေးစင်များကြားမှ လက်ရွေးစင်များ ဖြစ်ကြသည့်အတွက်ကြောင့် နှစ်အနည်းငယ်ခန့် မမြင်လိုက်သည့်နောက်တွင် နှစ်ဦးစလုံး တာအိုသခင် တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေကြလေ၏။ သို့သော်ငြား လက်ရှိအချိန်တွင် ရန်သူများမှာ သူတို့ထက်ပို၍ လူအင်အား သာနေခဲ့လေသည်။ ရှောင်ပိုင်ယီသည် မကြာခဏဆိုသလို သွေးများ ထိုးအန်နေရပြီး မုရုန်ရှောင်ရှောင်၏ ဆံပင်များမှာလည်း ဖွာကြဲလန်နေကာ သူမအဝတ်အစားများမှာလည်း ချွေးများဖြင့် စိုရွှဲနေခဲ့လေ၏။
တိုက်ပွဲကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့မှာ အခြေအနေမဟန်သော်ငြား တစ်ဖက်လူများသည် သူတို့အား သူတို့ထွက်ပြေးနိုင်စေရန်အတွက် လမ်းဖွင့်ပေးထားကြောင်း တွေ့လိုက်ရလေသည်။ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့ကသာ ကျွန်းပေါ်မှ ထွက်မပြေးဘဲ ခေါင်းမာမာဖြင့် ဆက်၍ ခုခံတိုက်ခိုက်နေခြင်းသာ ဖြစ်လေ၏။
ဤသည်မှာ နယ်မြေလုသည့် တိုက်ပွဲသာ ဖြစ်လေ၏။
သူ့မိတ်ဆွေများ ဒုက္ခရောက်နေသည်ကိုမြင်သော် ရန်ကိုင်လည်း ရပ်ကြည့်မနေနိုင်ခဲ့ဘဲ ချက်ချင်းဘဲ အပြေးအလွှား သွားကူလေ၏။
မည်သို့ပင် ဖြစ်နေစေကာမူ သူသည် နေမင်းပြာကျောင်းတော်၏ အမည်ခံတပည့်တစ်ဦး ဖြစ်နေဆဲ။ ဝမ်ကျိရှန်းနှင့် ကောင်းရွယ်ထင်းတို့သည်လည်း ယခင်က သူ့အား ကူညီခဲ့ဖူးပေသည်။
ရန်ကိုင်ရောက်လာသည်ကို သတိမပြုမိသည့်အလား ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့အား ဝိုင်းရံထားသည့် လူများအနက်မှ မျက်နှာရှည်ရှည်နှင့် လူအိုကြီးတစ်ဦးက ပြောလိုက်လေသည်။ “ငါ မင်းတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်… မင်းတို့ ထွက်သွားမှာလား ထွက်မသွားဘူးလား…”
မုရုန်ရှောင်ရှောင်က အံကြိတ်၍ ပြန်အော်ပြောလိုက်လေသည်။ “ငါတို့ကို မသတ်ဘဲနဲ့ ဒီနေရာကို လာလုဖို့ စဉ်းတောင်မစဉ်းစားနဲ့…”
ရှောင်ပိုင်ယီသည် စကားတစ်ခွန်းမှမပြောသော်ငြား သူ့သဘောထားမှာတော့ အထင်းသားပင်။
“ကောင်းပြီလေ… ကောင်းကင်ကိုသွားမဲ့လမ်းရှိပေမဲ့ မင်းတို့က ငရဲပဲ သွားချင်နေမှတော့လည်း ဒီလူအိုကြီးကလည်း မင်းတို့ကို ယမမင်းနဲ့ တွေ့လို့ရအောင် ပို့ပေးရသေးတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် လူအိုကြီးသည် သူ့အဖွဲ့သားများကို အချက်ပြလိုက်လေသည်။ ကြည့်ရသလောက် လူအိုကြီးတို့အဖွဲ့သည် တိုက်ပွဲအား မြန်မြန်အဆုံးသတ်ရန် ကြံနေသည့်ပုံပင်။
အခြားသူများမှာလည်း လူအိုကြီးဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်သည့်အလား သူတို့၏စွမ်းအားကို မြှင့်တင်ကာ ပို၍ ရက်ရက်စက်စက် တိုက်ခိုက်လိုက်ကြလေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့၏ မျက်နှာများ ပို၍ တည်ကြည်လေးနက် လာကုန်ကြလေ၏။
ထိုအခိုက်အတန့်တွင် လူအိုကြီးသည် ရန်ကိုင်ရောက်လာသည်ကို သတိပြုမိသည့်အလား ချက်ချင်းဘဲ နောက်သို့လှည့်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ “ရောင်းရင်း… အခုကိစ္စက အနောက်ဘက်နယ်မြေ ကြယ်ချွန်ဂိုဏ်းရဲ့ ကိစ္စပါ… ကျေးဇူးပြုပြီး ဝင်မပါဘဲ အခြားတစ်ဖက်က လှည့်သွားပေးဖို့ တောင်းဆိုပါတယ်…”
“အိုး… ခင်ဗျားတို့က ကြယ်ချွန်ဂိုဏ်းကပေါ့…” လူအိုကြီးမှ တောင်းဆိုနေသည့်တိုင် ရန်ကိုင်ကမူ ရပ်တန့်သွားခြင်းမရှိဘဲ ဝမ်းသာအားရဖြင့်ပင် အရှိန်တင်လိုက်ပေသေးသည်။
“ဟုတ်ပါတယ်… ရောင်းရင်းက ဘယ်သူလဲမသိဘူး…” ရန်ကိုင်ပြောသည်ကိုကြားသော် ရန်ကိုင်သည် အနောက်ဘက်နယ်မြေမှလာသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ထင်လျက် လူအိုကြီးလည်း ချက်ချင်း ခေါင်းမော့ကြည့်လိုက်လေ၏။
ရန်ကိုင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်က ငရဲဘုရင်နန်းတော်ကပဲ…”
“ငရဲဘုရင်နန်းတော်…” လူအိုကြီး အံ့အားသင့်သွားခဲ့လေသည်။ အနောက်ဘက်နယ်မြေတွင် ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်း ရှိသည်ဆိုသည့်အကြောင်းကို သူတစ်ခါမှ မကြားခဲ့ဖူးချေ။ သို့သော်ငြား မကြာမီ သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေ၏။ “လူကြီးမင်း ဒီလူအိုကြီးကို လာနောက်နေတာလား…”
ပုံမှန်အားဖြင့် ဤလောကကြီးရှိ မည်သည့်ဂိုဏ်းမှ လူအများ အာရုံစိုက်ခံရသည့်လွယ်သည့် ငရဲဘုရင်နန်းတော် ကဲ့သို့သော နာမည်များကို အသုံးပြုခြင်း မရှိကြချေ။ ထို့အတွက်ကြောင့် ရန်ကိုင် မဟုတ်တရုတ် လျှောက်ပြောနေခြင်းဖြစ်သည်မှာ အတော်လေးကိုမှ သေချာသလောက်ရှိနေ၏။
ရန်ကိုင်က ပြုံးဖြီးလျက် “ဘာလို့နောက်ရမှာလဲ… ကျုပ်ကတကယ်ကြီး ငရဲဘုရင်နန်းတော်ကလာတာ…” ထိုနေရာသို့အရောက်တွင် ရန်ကိုင့်၏အမူအယာ ရုတ်ချည်း တည်ကြည်သွားခဲ့ပြီး ဆက်၍ပြောလိုက်လေသည်။ “ငရဲဘုရင်က ခင်ဗျားအသက်ကို နှုတ်ယူဖို့ ကျုပ်ကို စေလွှတ်လိုက်တာ…”
ထိုစကားကိုကြားပြီးသည့်နောက် လူအိုကြီး၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ထအော်တော့လေ၏။ “ခွေးကောင်လေး မင်း သေချင်နေတာလား…”
လူအိုကြီး၏ ခန္ဓာကိုယ်ဆီမှ အရင်းအမြစ်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဆန်းကြယ်သော လက်ကွက်တစ်ခုကို ဖန်တီး၍ ရန်ကိုင့်အား ဖမ်းဆွဲချင်နေသည့်အလား သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်သည် သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည့်အတွက်ကြောင့် လူအိုကြီး မျက်လုံးပြူးသွားခဲ့လေသည်။
ရန်ကိုင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း လူအိုကြီးမှာ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်နေရသလားဟုပင် အထင်ရောက်လျက် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။ သို့သော်ငြား ရန်ကိုင် မည်သည့်နေရာသို့ ရောက်သွားလဲ လိုက်မရှာရသေးခင်မှာပင် ရန်ကိုင့်၏မျက်နှာသည် သူ့ရှေ့တည့်တည့်၌ ထူးဆန်းစွာ ပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင်နှင့် သူ့ကြားရှိ အကွာအဝေးမှာ နီးလွန်းသဖြင့် ရန်ကိုင့်၏နှာခေါင်းသည် လူအိုကြီး၏နှာခေါင်းနှင့်ပင် ထိခါနီးဖြစ်နေခဲ့လေ၏။
လူအိုကြီး သက်ပြင်းရှိုက်လိုက်ပြီး ချက်ချင်း နောက်သို့ ကမန်းကတန်း ဆုတ်သွားလိုက်လေ၏။ တစ်ချိန်တည်းတွင် အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်လျက် သူ့ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်လေသည်။
ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်းပညာရပ်ကို ချက်ချင်း ထုတ်သုံးလိုက်လေ၏။ အဖြူရောင်ကြာပန်းတစ်ပွင့်သည် ရန်ကိုင့်၏မျက်လုံးထဲတွင် ပေါ်လာခဲ့ပြီး ရုတ်တရက်ဆိုသလို လူအိုကြီး၏မျက်လုံးထဲသို့ ခုန်ဝင်သွားလေသည်။
တောင်နဲ့မြစ်ခေါင်းလောင်း၏ ကျေးဇူးကြောင့် လွန်ခဲ့သော တစ်နှစ်ခွဲခန့်အတွင်း ရန်ကိုင့်၏ဝိဉာဉ်မှာ သိသိသာသာကို အားကောင်းလာခဲ့ရသည်။ ယခုဆိုလျှင် ဤဝိဉာဉ်ပညာရပ်ကို ထုတ်သုံးရာ၌ ရန်ကိုင့်မှာ ပို၍ပင် ကျွမ်းကျင်လာခဲ့လေပြီ။ သူထုတ်သုံးနိုင်သည့် စွမ်းအားမှာလည်း ယခင်ကထက် ပို၍မြင့်မားနေခဲ့လေ၏။
အဖြူရောင်ကြာပန်းသည် မှော်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားသည့်အလား လူအိုကြီး၏ အကာအကွယ် အဟန့်အတားကို ဖောက်ဝင်၍ အသိစိတ်ပင်လယ်ထဲသို့ ရောက်သွားခဲ့လေ၏။
ကြောက်လန့်တကြားဖြင့် နောက်သို့ဆုတ်နေစဉ်မှာပင် လူအိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့လေသည်။ အလွန်ကိုမှ ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည့်အလား သူ့မျက်နှာတစ်ပြင်လုံးမှာ ရှုံ့မဲ့လာခဲ့လေ၏။ လက်ရှိအချိန်တွင် သူ့မျက်လုံးထဲ ဘာဆိုဘာကိုမှကို မမြင်ရတော့ဘဲ လျင်မြန်စွာပွင့်လန်းလာနေသော အဖြူရောင်ကြာဖူးတစ်ဖူးကိုသာ မြင်တွေ့ရတော့လေသည်။ ထိုကြာဖူးသည် အဆုံးမဲ့ရောင်စဉ်ကို ထုတ်လွှတ်ရင်း စိတ်စွမ်းအင်ကို အရူးအမူးဝါးမျိုလျက် လျင်မြန်စွာ ပွင့်လန်းလာနေ၏။
ထိုစဉ် ရန်ကိုင်သည် လူအိုကြီးအား လက်သီးဖြင့် ထိုးချလိုက်လေသည်။ ပြင်းထန်လှသည့် စွမ်းအားအောက်ဝယ် လူအိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားကုန်လေ၏။ အရိုးများ အသားများပင် ကျန်ရစ်ခြင်းမရှိခဲ့ချေ။
“အား….”
ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့အား ဝိုင်းရံတိုက်ခိုက်နေကြသည့် လူများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကြောက်လန့်တကြား ထအော်ကြတော့လေသည်။
လူအိုကြီးမှာ အတော်လေး အသက်ကြီးနေပြီဖြစ်သော်ငြား သူ့ခွန်အားမှာ နိမ့်ကျခြင်းမရှိချေ။ ရှင်းရှင်းပြောရလျှင် လူအိုကြီးသည် ကြယ်ချွန်ဂိုဏ်းထဲရှိ တာအိုသခင်အဆင့် ကျင့်ကြံသူများအနက် ထိပ်တန်းသုံးယောက်ထဲတွင် ဝင်သည်ဟုပင် ပြော၍ရပေသည်။ သို့သော်ငြား ဤကဲ့သို့သော ပညာရှင်တစ်ဦးသည် ဤထူးဆန်းသော လူငယ်လေးရှေ့မှောက်တွင် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ဘဲ လက်သီးတစ်ချက်နှင့် အသက်ထွက်သွားခဲ့ရလေ၏။
လူအိုကြီးသည် တိုက်ပွဲအား မြန်မြန် အဆုံးသတ်ပစ်နိုင်ရန်အတွက် သူ့လူများကို အရှိန်ကုန်တင်ကာ တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပါသော်ငြား ထိုသို့ အမိန့်ပေးပြီးပြီးချင်း မျက်တောင်တစ်ခတ်အတွင်းမှာပင် သူပြန်သေသွားခဲ့ရလေသည်။ သူ့ကိုသတ်လိုက်သည့်လူမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပေလော။
ဤကြယ်ပျက်ပင်လယ်ကြီးထဲတွင် ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်အရေအတွက်မှာ အလွန်ကိုမှ များပြားခြင်းမရှိသော်ငြား နည်းလည်းမနည်းပေ။
လူအိုကြီးအား မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်သွားသည်ကိုကြည့်ရင်း ကြယ်ချွန်ဂိုဏ်းမှ တပည့်များသည် ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်ဟု ထင်သွားခဲ့ကြလေသည်။
ရန်ကိုင်မှ မိစ္ဆာဆန်ဆန်ပြုံးရင်း သူတို့ဘက်သို့ လှည့်လာနေသည်ကို မြင်သော် ထိုလူများမှာ ဆက်မနေရဲကြတော့ဘဲ မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့ကို ပစ်ကာ အမြီးကုပ်၍ ထွက်ပြေးကြတော့လေ၏။
“အေးခဲလိုက်စမ်း…”
ချက်ချင်းဆိုသလို လေဟာနယ်နိယာမစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားခဲ့လေသည်။ ထွက်ပြေးရန် ကြံနေကြသည့် လူများမှာ သူတို့၏ခန္ဓာကိုယ်အား အနည်းငယ်မျှပင်လျှင် လှုပ်၍ မရတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ သေခြင်းတရား တဖြည်းဖြည်း နီးကပ်လာနေပြီမှန်း သတိပြုမိလိုက်သော် အကုန်လုံး၏ မျက်လုံးထဲ ကြောက်ရွံ့ထိတ်လန့်မှုတို့ ထွက်ပေါ်လာခဲ့လေသည်။
ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်မှာ ထိုအချင်းအရာကိုမြင်သော် ရပ်ကြည့်မနေခဲ့ဘဲ သူတို့၏ တိုက်ကွက်အသီးသီးကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်ကြလေသည်။
“သေမျိုးဓါး အဖျက်မုန်တိုင်း…”
“မြေကမ္ဘာဓါး မိုးကြိုးသက်ဆင်းခြင်း…”
“ကောင်းကင်ဓါး ကြယ်ပျက်စီးခြင်း…”
ဓါးပညာရပ်သုံးခုမှာ တစ်မျိုးချင်းစီ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အတူတကွ ပေါင်းစည်းသွားခဲ့ကြပြီး ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် အေးခဲနေသော ဟင်းလင်းပြင်ထဲ ပိတ်မိနေသည့် ကျင့်ကြံသူများဆီသို့ တိုးဝင်သွားခဲ့လေသည်။
ရန်ကိုင်သည် မုရုန်ရှောင်ရှောင်အား သိမ်မွေ့ကြင်နာတတ်သည့် မိန်းကလေးတစ်ယောက်ဟု အမြဲတစေ မှတ်ယူခဲ့လေသည်။ သို့သော်ငြား ယနေ့တွင်မူ သူမ၏ ရက်စက်သည့်ဘက်ခြမ်းကို မြင်တွေ့လိုက်လေ၏။ မုရုန်ရှောင်ရှောင်သည် ငှက်မွေးလက်စွပ်နှစ်ကွင်းကို ထုတ်ယူလိုက်လေသည်။ ထိုလက်စွပ်နှစ်ကွင်းသည် နှစ်ကွင်းမှလေးကွင်း၊ လေးကွင်းမှရှစ်ကွင်း၊ ရှစ်ကွင်းမှ ဆယ့်ခြောက်ကွင်း စသဖြင့် တဖြည်းဖြည်း ပွားထွက်သွားခဲ့ပြီး ကြယ်ချွန်ဂိုဏ်းမှ တပည့်များအား လွှမ်းခြုံသွားခဲ့လေသည်။
ထိုတပည့်အားလုံးမှာ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့၏ တိုက်ခိုက်မှုများကို မည်သို့မှ ပြန်လည် မခုခံနိုင်သည့်အတွက်ကြောင် စဉ်းနီတုံးပေါ်သို့ ရောက်နေသည့် ငါးများအလား အလွယ်တကူ သတ်ဖြတ်ခြင်း ခံနေရလေ၏။ ချက်ချင်းဆိုသလို အော်ဟစ်သံပေါင်းများစွာ ဗြောင်းဆန်အောင် ထွက်ပေါ်လာတော့လေသည်။
မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့ရှိနေသော နေရာတစ်ခုလုံးသည် သွေးစသွေးနများ၊ အသားစများ၊ ခြေပြတ်လက်ပြတ်များဖြင့် စွန်းထင်းသွားကုန်လေ၏။
အသက်ဆယ်ရှိုက်စာမရှိတတ်သေးခင် အချိန်အတွင်းမှာပင် ကြယ်ချွန်ဂိုဏ်း၏ လက်ကျန်တပည့်အားလုံး သေသွားခဲ့ကြပြီး သူတို့၏အလောင်းများမှာလည်း ကြယ်အမြုတေပင်လယ်ထဲသို့ တဖုတ်ဖုတ် ကျဆင်းသွားကုန်ကြလေသည်။
ကြယ်စည်းတံဆိပ်များမှာ တစ်ခုပြီးတစ်ခု ပျံထွက်လာခဲ့ပြီး ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့၏ လက်ထဲသို့ အသီးသီး စီးဝင်သွားကြလေ၏။
“အခုလိုကူညီပေးတဲ့အတွက် စီနီယာအစ်ကိုကို ကျေးဇူးအများကြီးတင်ပါတယ်… ဟမ်… စီနီယာအစ်ကိုရန်လား…” ရန်ကိုင်မှန်းသိလိုက်သော် မုရုန်ရှောင်ရှောင်သည် ဝမ်းသာအားရဖြင့် ချက်ချင်း ကျေးဇူးတင်စကား ပြောလိုက်တော့လေ၏။
အစောပိုင်းက သူတို့အား ကူညီပေးသည့်လူမှာ ရန်ကိုင်ဖြစ်နေမှန်း မသိခဲ့ရပေ။ ယခု မျက်နှာချင်းဆိုင်ရသည့် အခါမှသာ ရန်ကိုင်မှန်း သိသွားခဲ့ခြင်း ဖြစ်လေ၏။
ရှောင်ပိုင်ယီကမူ တိတ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်ဘက်သို့ လှည့်၍ “မင်းမှန်း ငါသိပါတယ်”ဟူသည့် ပုံစံမျိုးဖြင့် လှည့်ကြည့်လာခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်သည် အချိန်မြစ်ကျောင်းတော်ထဲတွင် လေဟာနယ်နိယာမစွမ်းအားကို သုံးခဲ့ဖူးသည့်အတွက်ကြောင့် ထိုရင်းနှီးနေသည့် စွမ်းအင်လှိုင်းများကို ခံစားမိလိုက်သော် ရောက်လာသည့်လူမှာ ရန်ကိုင်မှန်း ရှောင်ပိုင်ယီ ချက်ချင်း သိလိုက်လေသည်။ ယခု တိုက်ပွဲပြီးသွားသည့်နောက် လှည့်ကြည့်လိုက်ရာ သူထင်ထားသလို ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
“မတွေ့ရတာကြာသွားတာနဲ့ ညီမမုရုန်က အရင်ကထက်တောင် ပိုလှလာတာပဲ…” ရန်ကိုင်သည် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်ရှေ့သို့ ပျံသန်းသွားခဲ့ပြီး မုရုန်ရှောင်ရှောင်အား နှုတ်ဆက်လိုက်လေသည်။
ရန်ကိုင့်စကားကြောင့် မုရုန်ရှောင်ရှောင်မှာ ရှက်သွားခဲ့ပြီး ခြေဆောင့်လျက် ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန် ကျွန်မကို လာစနေတာလား…”
“ဘယ်ကစရမှာလဲ… ငါက အမှန်ကိုပြောနေတာ…” ရန်ကိုင်က ရုပ်တည်ကြီးဖြင့် ပြန်ပြောလိုက်လေသည်။
ရန်ကိုင့်ပုံစံကြောင့် မုရုန်ရှောင်ရှောင်မှာ ပို၍ပင် ရှက်သွားလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၇၂)
ရှောင်ပိုင်ရီက ရုတ်တရက် နှာခေါင်းရှုံ့လျက် ဝင်ပြောလိုက်လေသည် “မင်းငါ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ငါ့ဂျူနီယာညီမကို အပြောင်အပျက် လာလုပ်ရဲတာလဲ၊ ငါကန်းနေတယ်လို့ မင်းထင်နေတာလား”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလေ၏ “မတွေ့ရတာကြာပြီနော် ရှောင်ပိုင်”
ရှောင်ပိုင်ရီ၏ မျက်နှာ သံပုရာသီးကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေ၏ “မင်းကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီလို့ ငါကြားတယ်။ ကျောင်းတော်ထဲကို မင်းဝင်တာ ငါတို့ထက် နောက်ကျပေမယ့် သိုင်းလောကမှာ အားကောင်းတဲ့လူက စီနီယာပဲဆိုတော့ မင်းငါ့နာမည် အပြည့်အစုံကို မခေါ်ချင်ရင်တောင် ဂျူနီယာရှောင်လို့ ခေါ်လို့ရတယ်။ ဒါပေမယ့် ‘ရှောင်ပိုင်’ ဆိုတဲ့စကားကို ငါနောက်ထပ် လုံးဝ မကြားချင်တော့ဘူး”
“ငါသိပြီ၊ ဂျူနီယာရှောင်ပိုင်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။
ရှောင်ပိုင်ရီ မျက်နှာထက် မျက်ကြောကြီးများ ထောင်တက်လာခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း မုရုန်ရှောင်ရှောင်က တခစ်ခစ် ရယ်မောလျက် “စီနီယာအစ်ကိုရန်၊ ကျွန်မတို့ အကူအညီတောင်းထားတာကို တွေ့လို့ လာကူညီပေးတာလား”
“နင်တို့ အကူအညီတောင်းထားတာ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။
ရန်ကိုင်၏ အမူအရာကို မြင်သော် မုရုန်ရှောင်ရှောင်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည် “စီနီယာအစ်ကိုရန် ကျွန်မတို့ ပြောထားတာကို မတွေ့ဘူးလား”
“နင်တို့နဲ့ ဆက်သွယ်လို့ရမယ့် ဆက်သွယ်ရေး မှော်ရတနာမှ မရတာကို ငါက ဘယ်လိုလုပ်ပြီး…”
ပြောရင်းတန်းလန်းမှာပင် ရန်ကိုင်သည် တစ်ခုခုကို သတိရသွားပြီး သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည်။
ထိုအရာမှာ ကောင်းရွှယ်ထင်းမှ မေပယ်မြို့၌ သူ့အား ပေးခဲ့သည် နေမင်းပြာရွှေတံဆိပ်ပြားသာ ဖြစ်လေသည်။ ရန်ကိုင်သည် ဤတံဆိပ်ပြားကို ရပြီးသည့် အချိန်မှစ၍ သိုလှောင်လက်စွပ်ထဲ ပစ်ထည့်ထားခဲ့ခြင်း ဖြစ်သည်။
ယခု မုရုန်ရှောင်ရှောင် ပြောသဖြင့် ကောင်းကင်စိတ်အာရုံကို သုံး၍ စစ်ဆေးကြည့်လိုက်သည့် အခါမှသာလျှင် နေမင်းပြာရွှေတံဆိပ်ပြားကိုလည်း ဆက်သွယ်ရေးမှော်ရတနာအဖြစ် အသုံးပြု၍ရကြောင်း တွေ့လိုက်ရသည်။ တံဆိပ်ပြားထဲတွင် မုရုန်ရှောင်ရှောင်မှ သူတို့ အကူအညီလိုနေကြောင်း ပြောထားသည့် သတင်းတစ်ခုကို တွေ့လိုက်ရ၏။
မုရုန်ရှောင်ရှောင်၏ ရန်ကိုင်၏ အမူအရာကို အသေအချာ စောင့်ကြည့်နေခဲ့သည်။ ရန်ကိုင် တံဆိပ်ပြားအကြောင်း သေချာမသိသေးသည်ကိုမြင်သော် ပြုံးလျက် ပြောလိုက်လေ၏ “နောက်ပိုင်းကျရင် စီနီယာအစ်ကိုရန် ဒီတံဆိပ်ပြားကို မကြာမကြာ စစ်ဆေးကြည့်သင့်တယ်။ ဘယ်အချိန် ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေ အကူအညီ လိုမလဲ ဘယ်သူမှ မပြောနိုင်ဘူး”
“ငါသိပြီ” ရန်ကိုင်က ခေါင်းညိတ်လျက် တံဆိပ်ပြားကို ပြန်သိမ်းလိုက်၏။
“ရှရှန်းကော... ငါသူ့ကို မတွေ့ပါလား” လှည့်ပတ်ကြည့်လိုက်သော်ငြား ရှရှန်းကို မတွေ့သဖြင့် ရန်ကိုင်က သင်္ကာမကင်း အမူအရာဖြင့် မေးလိုက်လေသည်။
ရှရှန်းနှင့် မုရုန်ရှောင်ရှောင်တို့ ဤနေရာတွင် ရှိနေပြီး ရှရှန်းကို မတွေ့ရသည်မှာ ထူးဆန်းနေပေသည်။
ရှောင်ပိုင်ရီက ပြန်ပြောလိုက်၏ “လွန်ခဲ့တဲ့ နှစ်လတုန်းက အကြီးဆုံးစီနီယာအစ်ကိုက အဆင့်တက်ဖို့ နေရာရှာဖို့ဆိုပြီး ငါတို့နဲ့ လမ်းခွဲသွားတာ”
ရန်ကိုင်က မျက်ခုံးပင့်လျက် “အို၊ ရှရှန်း ဧကရာဇ်အဆင့်ကို တက်တော့မယ်ပေါ့”
မုရုန်ရှောင်ရှောင်က စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် “ဟုတ်တယ်။ စီနီယာအစ်ကိုရှ တာအိုသခင်အထွတ်အထိပ်အဆင့်ကို ရောက်နေတာ အတော်ကြာနေပြီ။ အခွင့်အရေးနဲ့ မကြုံရသေးလို့သာ ဧကရာဇ်အဆင့်ကို မချိုးဖျက်နိုင်သေးတာ။ အခု ကြယ်ပျက်ပင်လယ်ထဲကို ဝင်လာပြီးတဲ့နောက်ပိုင်း သူ့စိတ်ထဲ အဆင့်တက်တော့မလို ခံစားလာရတယ်တဲ့။ ဒါကြောင့် ကျွန်မတို့နဲ့ လမ်းခွဲသွားတာ”
“နင်တို့ ဘာလို့ သူ့နောက် လိုက်မသွားတာလဲ” ရန်ကိုင်က ပြန်မေးလိုက်လေ၏။
ရှရှန်းသာ ဧကရာဇ်အဆင့်သို့ တက်တော့မည်ဆိုပါက သူအဆင့်တက်နေစဉ်အတွင်း အခြားသူများ၏ နှောင့်ယှတ်ခြင်း မခံရစေရန်အတွက် မုရုန်ရှောင်ရှောင်တို့မှ ကာကွယ်ပေးသင့်ပေသည်။
“သူမှ လိုက်ခွင့်မပေးတာ။ ငါတို့ သူ့နောက် မသိမသာလေး လိုက်သွားသေးတယ်။ ဒါပေမယ့် မကြာပါဘူး၊ သူ့ကို မျက်ခြေပြတ်သွားရော” ရှောင်ပိုင်ရီက သက်ပြင်းချလိုက်၏။
“မျက်ခြေပြတ်သွားတယ်” ရန်ကိုင်က သံယောင်လိုက်ပြောလိုက်၏။ သေချာစဉ်းစားကြည့်လိုက်သည့် အခါတွင် ရှရှန်းပုံစံအရ ထိုကဲ့သို့ တကယ်ကြီး လုပ်နိုင်ပေသည်။
ကြည့်ရသလောက် ရှရှန်းသည် ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိသည့်ပုံပင်။ မတော်တဆ သူမအောင်မြင်ခဲ့သည် ရှိသော် သူ့ဂျူနီယာနှစ်ယောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူ့အခြေအနေကို ပေးမသိခြင်း ဖြစ်သည်။
ရှောင်ပိုင်ရီနှင့် မုရုန်ရှောင်ရှောင်တို့သည် တာအိုသခင်တတိယအဆင့်သို့ ရောက်နေကြလေပြီ။ ရှရှန်းကြောင့်သာ သူတို့စိတ်ထဲ အရိပ်မည်းကြီး ကျန်ရစ်ခဲ့မည် ဆိုပါက သူတို့အဖို့ ဧကရာဇ်အဆင့်သို့ တက်ရန် လွယ်တော့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည်ပင် ဤကဲ့သို့ စဉ်းစားတတ်လျှင် ရှောင်ပိုင်ရီနှင့် မုရုန်ရှောင်ရှောင်တို့လည်း မစဉ်းစားတတ်စရာ အကြောင်းမရှိချေ။ ထို့ကြောင့်ပင်လျှင် သူတို့နှစ်ဦးစလုံး ရှရှန်းအကြောင်း ပြောနေစဉ်အတောအတွင်း စိုးရိမ်ပူပန်နေကြခြင်း ဖြစ်၏။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်က အလျင်အမြန် နှစ်သိမ့်ပေးလိုက်လေ၏ “ရှရှန်းရဲ့ အုတ်မြစ်က ခိုင်မာပြီးသားဆိုတော့ ဧကရာဇ်အဆင့်ကို တက်တဲ့နေရာမှ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ရှရှန်းလောက် အုတ်မြစ်မကောင်းတဲ့လူတွေတောင် ဧကရာဇ်အဆင့်ကို ရောက်သွားတာ ငါတွေ့တယ်။ သူတို့တောင် အောင်မြင်သွားတာ ရှရှန်းလိုလူက မအောင်မြင်စရာလား”
“ငါလည်း အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်မိတာပဲ” ရှရှန်းအတွက် ဆုတောင်းပေးနေရုံမှတပါး သူတို့လုပ်ပေးနိုင်သည့်အရာ ဘာမှမရှိမှန်း ရှောင်ပိုင်ရီ သိနေခဲ့သည်။
“စီနီယာအစ်ကိုရန်၊ ရှင် အမြူတေစွမ်းအား သန့်စင်လို့ရမယ့် နေရာရှာဖို့ ဒီကို ရောက်လာတာလား” မုရုန်ရှောင်ရှောင်က မေးလိုက်သည်။
“ဟုတ်တယ်။ နေရာလိုက်ရှာရင်းနဲ့ နင်တို့ ဝိုင်းတိုက်ခံနေတာတွေ့လို့ လာကူပေးတာ”
မုရုန်ရှောင်ရှောင်က ပြုံးလျက် “အဲ့ဒါဆို လိုက်ရှာမနေတော့ဘဲ ကျွန်မတို့နဲ့အတူ တစ်ခါတည်း လာစုပ်ယူလိုက်ပါလား။ ဒီနေရာက လူနှစ်ယောက်လောက်တော့ ကာပြီးသား”
“နင်ကကော”
ဤကျွန်းသည် အတော်လေး ကြီးသော်ငြား လူနှစ်ယောက်သာ ကာပေသည်။ ရန်ကိုင်သာ ဤနေရာတွင် နေမည်ဆိုပါက မုရုန်ရှောင်ရှောင်အတွက် နေစရာမရှိ ဖြစ်သွားပေလိမ့်မည်။
“ကျွန်မက စီနီယာအစ်ကိုတို့ကို ကာကွယ်ပေးနေမှာပေါ့” မုရုန်ရှောင်ရှောင်က ပြုံးလျက် ပြန်ပြောလိုက်၏။
“ငါတို့သုံးယောက် တစ်ယောက်တစ်လှည့် စုပ်ယူလို့ရတယ်။ ငါတို့ အမြူတေ စွမ်းအင်ကို စုပ်ယူနေတဲ့အချိန် အခြားလူတွေ လာအလစ်ချောင်း မတိုက်ခိုက်အောင် တစ်ယောက်ယောက်က ကာကွယ်ပေးနေတာလည်း ဆိုးတော့မဆိုးဘူး” ရှောင်ပိုင်ရီက ပြောလိုက်သည်။
တစ်ချက်မျှ စဉ်းစားပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်၏ “ထားလိုက်တော့... မလိုတော့ဘူး။ မင်းတို့ဘာသာပဲ စုပ်ယူနေလိုက်၊ ငါအခြားတစ်နေရာ သွားရှာလိုက်မယ်။ တစ်ယောက်ယောက် မင်းတို့ကို လာပြဿနာရှာကို ငါ့ကိုသာ လှမ်းခေါ်လိုက်။ ငါချက်ချင်း ပြေးလာခဲ့မယ်”
မုရုန်ရှောင်ရှောင်က အလျင်စလို ဝင်တားလိုက်လေ၏ “ဒါပေမယ့် အခြားနေရာမှ မရှိတော့တာ။ အဲ့ဒါကြောင့်ပဲ နယ်မြေလုတာတွေ ဖြစ်နေတာ”
“နေရာမရှိတော့ဘူးလား” ရန်ကိုင်မျက်နှာ မှုန်ကုတ်သွားခဲ့လေသည်။
“လုံးဝကြီး မရှိတော့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် နေရာတစ်နေရာလောက် တွေ့ဖို့အရေးကို အကြာကြီး လိုက်ရှာနေရမှာ” ရှောင်ပိုင်ရီက ဆက်ပြောလိုက်လေ၏ “တစ်ခုတော့ ရှိတာပေါ့၊ မင်းအနေနဲ့...”
“မင်းအနေနဲ့ ဘာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
မုရုန်ရှောင်ရှောင်က နှုတ်ခမ်းလေးကိုကိုက်လျက် ဝင်ပြောလိုက်လေသည် “စီနီယာအစ်ကိုရန် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့ရင်ပေါ့”
“ငါက ဘာလို့ ဧကရာဇ်အဆင့် ဖြစ်ရမှာလဲ” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
“အမြူတေပင်လယ်ရဲ့ အတွင်းပိုင်းမှာ အမြူတေစွမ်းအင် အသိပ်သည်းဆုံးပဲ။ ဒါကြောင့်ပဲ အတွင်းပိုင်းကို ရောက်လာတာနဲ့အမျှ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းကလည်း ပိုမြင့်လာတယ်။ အခု အပြင်ပိုင်းကလူတွေအားလုံးရဲ့ ကျင့်ကြံခြင်းက ဘာမှဒီလောက် မဟုတ်ဘူးဆိုတာကို မင်းသတိမထားမိဘူးလား” ရှောင်ပိုင်ရီက ရှင်းပြလိုက်၏။
သို့သော်ငြား ရန်ကိုင်ကတော့ ရှောင်ပိုင်ရီ ဘာပြောချင်လို့ ပြောချင်နေမှန်းကို နားမလည်သေးချေ “အဲ့ဒါက ငါဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ”
“ဘာလို့လဲဆိုတော့ အတွင်းပိုင်းက နေရာတွေကို ဧကရာဇ်အဆင့် ပညာရှင်တွေက အပိုင်သိမ်းထားလို့လဲ။ ဧကရာဇ်အဆင့် မရောက်သေးတဲ့လူမှန်သမျှကို အဲ့နားဆီ လာခွင့်မပြုဘူး။ သူတို့ပြောတာကို နားမထောင်တဲ့ အထဲကို ဝင်သွားတဲ့လူတွေလည်း ရှိတယ်။ ဒါပေမယ့် အကုန်လုံး အသတ်ခံလိုက်ရတယ်” ရှောင်ပိုင်ရီက ပြောလိုက်၏။
“ဒီကောင်တွေ အနိုင်ကျင့်လှချည်လား” ရန်ကိုင်၏ မျက်နှာ ဆူပုပ်ပုပ် ဖြစ်သွားခဲ့သည်။
မုရုန်ရှောင်ရှောင်က ဆက်ပြောလိုက်၏ “အဲ့မှာ နေရာအများကြီး ကျန်သေးတယ်ဆိုပေမယ့် ဘယ်သူမှ မသွားရဲကြဘူး။ စီနီယာအစ်ကို နေရာလိုချင်တယ်ဆိုရင် အဲ့ဘက်သွားဖို့ပဲ ရှိတော့မှာ”
“ငါနားလည်ပြီ”
တက်သစ်စ ဧကရာဇ်လောက်ကိုတော့ ရန်ကိုင် မကြောက်ချေ။ ဖုန်းရွှမ်၏ ဝိဥာဉ် ဝင်ရောက်ပူးကပ်ထားသည့် ဖုန်းရှီသည်ပင်လျှင် သူ့လက်၌ သေသွားခဲ့ရလေရာ ထိုတက်သစ်စ ဧကရာဇ်များကို ဘာကြောင့်များ သူရောက်နေရဦးမည်နည်း။
“နေရာကတော့ လိုက်ရှာကြည့်ရဦးမှာပေါ့၊ နောက်ဆုံး ရှာလို့ မတွေ့ဘူးဆိုရင်တော့လည်း...” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ရေရွတ်လိုက်၏ “လုဖို့ပဲ ရှိတော့မှာပေါ့”
မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ရီမှာ ဝင်တားလိုက်ချင်ပါသော်ငြား ရန်ကိုင် ပြသသွားသည့် စွမ်းအားကို ပြန်စဉ်းစားမိလိုက်သော် သူတို့ စိတ်ပူနေစရာမလိုမှန်း ချက်ချင်း နားလည်သွားခဲ့လေသည်။
ရန်ကိုင်၏ ခွန်အားသည် တာအိုသခင်အဆင့်ကို ကျော်လွန်နေခဲ့လေပြီ။ ထို့ကြောင့်သာ မဟုတ်လျှင် ကြယ်ချွန်ဂိုဏ်းမှ လူအိုကြီးအား လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
“ဒါဆို သတိထားဦး ” ရှောင်ပိုင်ရီက သတိပေးလိုက်၏။
“မင်းတို့နှစ်ယောက်လည်း သတိထားဦး။ တစ်ခုခု ဖြစ်တာနဲ့ ငါ့ဆီ သတင်းလှမ်းပို့လိုက်” ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်သီးနှုတ်ဆက်၍ အမြူတေပင်လယ်၏ အတွင်းပိုင်းထဲသို့ ထွက်လာခဲ့လေသည်။
တဖြည်းဖြည်း ဝေးကွာသည့် ရန်ကိုင်၏ပုံရိပ်ကို ကြည့်နေရင်းမှ အချိန် အတော်ကြာသွားသည့်နောက်တွင် ရှောင်ပိုင်ရီက ပြောလိုက်လေ၏ “ငါတို့လည်း မြန်မြန် ကျင့်ကြံရမယ်။ ဒီအခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး”
မုရုန်ရှောင်ရှောင်လည်း ခေါင်းညိတ်၍ တင်ပျဉ်ခွေ ထိုင်ချလိုက်လေသည်။
ပျံသန်းနေစဉ် အတောအတွင်း ရန်ကိုင်သည် နေမင်းပြာရွှေတံဆိပ်ပြားကို ထုတ်၍ သူ့အိတ်ကပ်ထဲတွင် ထည့်ထားလိုက်လေသည်။ သို့မှသာ မည်သူ သတင်းပို့ထားလဲ သိရအောင် တံဆိပ်ပြားအား မကြာခဏ ထုတ်စစ်ဆေးစရာ မလိုဘဲ တစ်ယောက်ယောက်မှ သတင်းပို့လာသည်နှင့် ချက်ချင်း တန်းသိနိုင်ပေလိမ့်မည်။
အတွင်းပိုင်းသို့ ရောက်လာသည်နှင့် အမြူတေစွမ်းအားမှာ ပိုပို၍ သိပ်သည်းလာခဲ့သည်။
လမ်းတစ်လျှောက် ကျွန်းအမျိုးမျိုးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် အမြူတေစွမ်းအင်ကို စုပ်ယူနေသော တာအိုသခင်အဆင့် ကျင့်ကြံသူပေါင်းများစွာကို ရန်ကိုင် တွေ့ခဲ့ရသည်။ သို့ရာတွင် အတော်ကြာအောင် ပျံသန်းလာပြီးသည့်နောက်၌ မည်သည့် ကျင့်ကြံသူကိုမှ မတွေ့ရတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေသည့် ကျွန်းများနှင့် ပြန့်ကျဲနေသော အလောင်းများကိုသာ တွေ့ရတော့လေသည်။
ဤသည်မှာ အတွင်းပိုင်းထဲသို့ ဝင်လာရင်း ဧကရာဇ်အဆင့် ပညာရှင်များ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့် ကျင့်ကြံသူများ ဖြစ်လောက်ပေသည်။
ဤသို့ဖြင့် ရန်ကိုင်သည် ရှေ့သို့ ဆက်လက် ပျံသန်းလာနေခဲ့လေသည်။
တစ်ခုသော နေရာသို့ရောက်သော် အမြူတေပင်လယ်ထဲရှိ တစ်နေရာဆီမှ ဧကရာဇ်ဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ထိုဧကရာဇ်ဖိအားသည် သန့်စင်ခြင်း မရှိသလို အရမ်းအားကောင်းခြင်းလည်း မရှိသော်ငြား ကောင်းကင်လမ်းစဉ်နှင့် သဟဇာတဖြစ်နေသော ဧကရာဇ်ဖိအားတော့ ဖြစ်နေဆဲ။ ထိုဧကရာဇ်ဖိအား အောက်ဝယ် ရန်ကိုင်မှာ အသက်ရှူရ မွန်းကြပ်လာခဲ့လေသည်။
“တာအိုသခင်အဆင့်လေး ဒီနေရာကို ဘယ်လိုဝင်လာရဲတာလဲ။ မင်းတို့ကောင်တွေ တကယ် သေချင်နေတာပဲ” ထိုအော်ပြောသံနှင့်အတူ အမြူတေပင်လယ်ထဲရှိ တစ်နေရာဆီမှ သွေးလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာလေ၏။ ထိုသွေးလက်ဝါးကြီးသည် တကယ့် သွေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အလား ၎င်းဆီမှ သွေးညှီနံ့တို့ ထောင်းထွက်နေခဲ့လေသည်။