← Chapters

အရည်တောင်မကျန်ခဲ့ဘူး

Vol. 5 Ch. 70

အရည်တောင်မကျန်ခဲ့ဘူး

Vol. 5 Ch. 70

စိတ်ဆန္ဒ၏တိုက်တွန်းမှုအောက်မှာ ဟုန်ဖေးသည် တုံ့ဆိုင်းခြင်းတောင် မရှိဘဲ လက်ထဲမှ မက်မွန်သီးကို ထပ်ကိုက်ချလိုက်သည်။

တစ်ကိုက်ပြီးတစ်ကိုက်စားနေရင်း ဟုန်ဖေးသည် လုံးဝ ညှို့ငင်ခံလိုက်ရသည်။ နောက်ဆုံးမှာ တခြားလူများက သစ်သီးတွေကို သူနှင့်လာလုစားမှာ ကြောက်နေတာကြောင့် သစ်သီးခြင်းကိုပိုက်၍ ရူးသွပ်စွာ စားနေခဲ့သည်။

ဟုန်ဖေးတစ်ယောက် ဝံပုလွေအစာလုစားမှာကို ကြောက်နေသည့်အလား စားနေပုံကိုကြည့်ရင်း ဘေးမှာရပ်နေသည့် ရှုချိုးယာသည် ရွှီဖန်း၏ နားထဲသို့ ခပ်တိုးတိုးပြောလိုက်မိသည်။

"ရွှီ ရွှီဖန်း သူ့ဆီမှာ ဗိုက်ဟောင်းလောင်းသရဲကများ ဝင်ပူးနေတာလား"

ရွှီဖန်း ပြုံးလိုက်သည်။ သူ့အတွက်တော့ သာမာန်ဟုသာ ခံစားရသည်။ အချိန်ကြာမြင့်စွာမစားခဲ့ရသည့် လူတစ်ယောက်အတွက် အရသာရှိသောအစားအစာကိုစားရလျှင် လောဘတကြီးဖြစ်ကြသည်မှာ မထူးဆန်းပေ။

မိနစ်အနည်းငယ်အတွင်းမှာတင် ဟုန်ဖေးသည် ခြင်းထဲမှ သစ်သီးအားလုံးကို အပြောင်းရှင်းပစ်လိုက်သည်။

"ဒါက အရမ်းစိတ်ကျေနပ်စရာပဲ"

ညစ်ပတ်သွားမှာကို မကြောက်ဘဲ သူ့ရဲ့ Armaniဘရန်းအင်္ကျီလက်ဖြင့် ပါးစပ်ကို သုတ်နေသေးသည်။

"ညီလေး မင်းမှာ ထပ်ရှိသေးလား၊ ငါ ထပ်စားနိုင်တုန်းပဲ"

ပါးစပ်ကို သုတ်ပြီးနောက် ဟုန်ဖေးသည် ရွှီဖန်းအား မျက်နှာလို မျက်နှာရ ကြည့်လာသည်။

အစာမစားရသည်က အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ အခုလို မြိန်ရေရှက်ရေ စားနိုင်ဖို့က သူ့အတွက် ခဲယဥ်းလွန်းသည်။ ဒီနေ့ ဗိုက်ပြည့်အောင်သာ မစားသွားပါက သူ့ကိုယ်သူတောင် မျက်နှာပြနိုင်မည် မဟုတ်တော့ချေ။

"မစိုးရိမ်ပါနဲ့၊ လုံလုံလောက်လောက် ရှိပါတယ်"

ရွှီဖန်း မထိန်းနိုင်ဘဲ ရယ်မိသည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ဤလူက သူစိုက်ပျိုးထားသည့် အသီးများကို စားနိုင်ပေသည်။

"ဒါဆိုလည်း ဆက်ကြတာပေါ့"

ထိုအချိန် ချိုးဆုအာကလည်း နောက်ထပ် အသီးများကို ဆေးကြောယူလာသည်။ ဟြန်ဖေးသည် ထိုအရာကို လက်ခံရင်း ဆက်စားနေခဲ့သည်။

ဤကဲ့သို့ အစားစားနိုင်စွမ်းက ကြောက်ဖို့ကောင်းသော်ငြား လျိုပင်းယာကတော့ စိတ်လှုပ်ရှားနေသည်။ အချိန်ကာလများစွာ ကြာပြီးနောက် နောက်ဆုံးမှာ သူမအမျိုးသားက တစ်ခုခုကို စတင်စားနိုင်နေလေပြီ။ ဒါက ခက်ခဲသော အရာပင်။

သို့သော် သူဒီအတိုင်းဆက်စားနေပါက အစာလွန်ပြီး သေသွားမှာ စိုးရသည်။ သူမ ဘာဆက်လုပ်ခိုင်းရမလဲ မသိတော့ချေ။ ကံကောင်းစွာဖြင့် ဟုန်ဖေး၏ အစာအိမ်က ကြီးလေသည်။ နောက်ထပ် သစ်သီးခြင်းထဲက တစ်ဝက်လောက် စားအပြီးမှာ သူရပ်ခဲ့သည်။

သို့သော်ငြား သူ့ကြည့်ရတာ စိတ်မကျေနပ်သေးသည့်ပုံပင်။ ဆက်မစားခင် ဗိုက်ပြန်လျော့သွားတာကို စောင့်နေမည့်အလားပင်။

ဘေးမှာ ထိုင်နေသည့် ဒေါက်တာလီမှာတော့ ဟုန်ဖေး၏ အမူအရာကြောင့် ငိုချင်လာတော့သည်။ ဒါက သာမာန်သစ်သီးပဲကို ဟုန်ဖေးက ဘာလို့ ဒီလောက်တောင် စားနေရတာလဲ။ အရမ်းကောင်းလို့များလား။

အခု ပြီးသွားပြီ။ ခြင်းထဲက အသီးတွေကို သူစားရတော့မှာလား။

သူ ကြောက်ရွံ့နေချိန် ဟုန်ဖေးကတော့ စိတ်ကျေနပ်စွာ လက်ချောင်းများကို စုပ်နေခဲ့သည်။

"ဟေး ညီလေး မင်းရဲ့သစ်သီးတွေက သာမာန်ရော ဟုတ်ရဲ့လား၊ ဒီသစ်သီးတွေ ဘယ်ကရလာတာလဲ"

သူ ဗိုက်ပြည့်ပြီး မလှုပ်နိုင်တော့လို့သာ ရပ်လိုက်ရတာဖြစ်ပြီး တစ်ကယ်တော့ ဆက်စားချင်တုန်းပင်။

ဘာလို့ ဒီဆိုင်က သစ်သီးတွေက အရမ်းအရသာရှိနေတာလဲ။

ရွှီဖန်းကတော့ သဘာဝကျစွာပင် ကောင်းကင်ဘုံမြေသြဇာအကြောင်း ပြောမည်မဟုတ်ချေ။ သူ ယုံကြည်ချက်ရှိစွာ ပြန်ဖြေခဲ့သည်။

"ကျွန်တော်စိုက်ထားတာပါ၊ ဘယ်လိုလဲ အစ်ကိုဖေး ကျေနပ်ရဲ့လား"

"ကျေနပ်တယ်! အရမ်းကျေနပ်တယ်!"

ဟုန်ဖေးက စိတ်လှုပ်ရှားစွာ အော်ပြောလာသည်။ ထို့နောက် အသီးဆိုင်ကို ပူပင်ကြောင့်မဲ့သည့် အမူအရာဖြင့် ကြည့်ရင်း သက်ပြင်းတစ်ချက် ချမိသည်။

"သောက်ကျိုးနည်းကွာ ငါ အချိန်အကြာကြီး ငတ်မွတ်ခဲ့ရတယ်၊ အခုတော့ ငါစားလို့ရတာ တစ်ခုရှိလာပြီ"

"ညီလေး ခဏနေရင် လှည်းတစ်လှည်းစာလောက် ပြန်ဝယ်သွားလို့ ရမလား"

အနာဂါတ်မှာ ဒီအသီးတွေနဲ့ အသက်ဆက်ရမည်ဟု ဟုန်ဖေး ဆုံးဖြတ်ထားသည်။ 

ရွှီဖန်းက ဖောက်သည်လူအုပ်ကြီးကို ကြည့်၍ ပြုံးလာသည်။

"ဒါဆိုရင်တော့ မြန်မြန်လုပ်မှရမယ်နော်"

"မိန်းမ မြန်မြန်! မြန်မြန်! မြန်မြန်! သွားဝယ်လိုက်၊ သူတို့ အကုန်ဝယ်သွားကြတော့မှာပဲ"

ဟုန်ဖေးကလည်း အပြင်မှာ စောင့်နေသည့်လူအုပ်ကြီးကို မြင်ကာ စိုးရိမ်သွားတာကြောင့် မိန်းမဖြစ်သူကို အမြန်ဝယ်ရန် တိုက်တွန်းခဲ့သည်။ လျိုပင်းယာက အပြေးသွားဝယ်နေတာကို မြင်မှ သူ သက်ပြင်းချမိတော့သည်။

ဟုန်ဖေး၌ ရွှီဖန်းအပေါ် ထောင်လွှားမှုများက လုံးဝမရှိတော့ပေ။ ဒီကိစ္စဖြစ်ပျက်ပြီးနောက် သူ့ဘဝတစ်ခုလုံးကို ရွှီဖန်းထံ ပုံအပ်လိုက်ပြီဖြစ်သည်။

ဟုန်ဖေး လေးလေးနက်နက် ပြောခဲ့သည်။ 

"ရွှီဖန်း ငါ ဟုန်ဖေး မတိုင်ခင်က ပြောခဲ့တဲ့စကားတိုင်းက အကျုံးဝင်တယ်၊ ပြောပါ ငါ့ဘက်က ဘာပြန်ပေးရမလဲ"

ဟုန်ဖေးက အနည်းငယ် ရှက်ရွံ့နေသည်။ သူ၏ရောဂါကြောင့် ရွှီဖန်းအပေါ် သူရိုင်းရိုင်းစိုင်းစိုင်းပြုမူခဲ့သည်။ သူ့ကယ်တင်ရှင် ဘာပဲတောင်းဆိုပါစေ သူပေးမည်ဟု တွေးခဲ့သည်။

ရွှီဖန်း ပြုံးလိုက်သည်။ သူ ဒီနေ့ ဟုန်ဖေးဆီလာတာက ပူးပေါင်းဆောင်ရွက်ဖို့ပင်။ ပြန်ပေးဆပ်ခိုင်းဖို့ သူမတွေးထားပေ။

"အစ်ကိုဖေး ဘာမှပြန်ပေးစရာမလိုပါဘူး၊ မှတ်ထားပါ အနာဂါတ်ကျရင် ကျွန်တော်စိုက်ပျိုးထားတဲ့အသီးတွေကိုပဲ စားလို့ရမယ်၊ တခြားဟာတွေကို ထိဖို့တောင် ကြိုးစားလို့မရဘူး၊ မဟုတ်ရင် အစ်ကိုဖေးရဲ့ရောဂါက ပြန်ထလာလိမ့်မယ်"

ဒီလောက၌ သူ့လို ကောင်းကင်ဘုံမြေသြဇာရှိသေးသည့် ဒုတိယလူ ရှိဦးမည်ဟု သူမထင်ချေ။ ရွှီဖန်း အခုပြောခဲ့သည့်စကားများက အမှန်ဖြစ်သည်။ 

ဟုန်ဖေးက အားတက်သရော ခေါင်းညိတ်လာသည်။ ရွှီဖန်း သတိပေးစရာပင် မလိုခဲ့ပါ။ ဒီသစ်သီးတွေကို စားပြီးကတည်းက တခြားအစားအစာများအား သူစိတ်မဝင်စားတော့ပေ။

"ရွှီဖန်း စိတ်မပူပါနဲ့၊ ငါကောင်းကောင်း သိပါတယ်၊ အနာဂါတ်မှာ ငါအသက်ဆက်ရှင်ဖို့ မင်းရဲ့သစ်သီးတွေကိုပဲ မှီခိုရတော့မှာ၊ မိုက်ချက်! ငါ့အတွက် ဝိတ်လျော့ဖို့တောင် ပြီးပြည့်စုံနေသေးတယ်"

"ခစ်ခစ်"

ဟုန်ဖေး၏ တည့်တိုးပြန်ဖြေမှုကြောင့် ရှုချိုးယာပင် သဘောကျသွားကာ ရွှီဖန်းလည်းပဲ သူ့မျက်ခုံးများကို မြှင့်လိုက်မိသည်။ ကြည့်ရတာက ဒီအချိန်က အဆက်အသွယ်ကောင်းတစ်ခုတည်ဆောက်ဖို့ အချိန်ပင်။ ဒါတွေအားလုံးလုပ်ခဲ့ရသည့် အကြောင်းအရင်းလိုအပ်ချက်ကလည်း လမ်းပြင်ဖို့ရန်ဖြစ်သည်။

"ရွှီဖန်း မင်းသာ စိတ်မရှိရင် အခုကစပြီး အစ်ကိုဖေးလို့ပဲခေါ်ပါ၊ ငါတို့က အခုကစပြီး ညီအစ်ကိုတွေပဲ"

ထိုအခိုက်အတန့်မှာ ဟုန်ဖေးက မျှော်လင့်တကြီးဖြင့် ရွှီဖန်းကို ကြည့်နေသည်။ သူ့ရဲ့ အကဲဖြတ်မှုတွေက မှန်ကန်လေသည်။ ရွှီဖန်းက ရေအိုင်ထဲက လူမဟုတ်မှန်း သူယုံကြည်တာကြောင့် သူငယ်ချင်းလုပ်ထားချင်နေသည်။

ရွှီဖန်းက အပြုံးဖြင့် ခေါင်းညိတ်လာသည်။

"သေချာတာပေါ့ အစ်ကိုဖေး၊ မိတ်ဆွေအများကြီးရှိတာ ကောင်းတဲ့အချက်ပဲလေ"

ဟုန်ဖေးက ခေါင်းညိတ်ကာ အချိန်ကိုကြည့်နေသည်။

"ရွှီဖန်း အစ်ကို လုပ်စရာရှိသေးလို့ နောက်မှ ထပ်လာရှာမယ်"

"ပင်းယာ မြန်မြန် အဲ့ဒီအမျိုးသမီးကို ပိုက်ဆံချေလိုက်ဦး"

သစ်သီးအများကြီးစားပြီးနောက် ဟုန်ဖေးက ပို၍ နေကောင်းလာသည်။ သူ့ဘာသာသူ မတ်တပ်ရပ်ကာ သစ်သီးဝယ်နေသည့် မိန်းမဖြစ်သူကို လှမ်းအော်နေသည်။

"ဒါ ဒါက များလွန်းတယ်"

လျိုပင်းယာကလည်း တည့်တိုးသမားဖြစ်ကာ သူမအိတ်ထဲမှ ပိုကိဆံအထပ်လိုက်ကိုယူ၍ ရေတောင်မရေဘဲ ပေးနေသည်။ ချိုးဆုမာမှာ ထိုပမာဏကိုမြင်၍ ထိတ်လန့်နေသည်။

ထိုအရာက ယွမ်၇သောင်း ၈သောင်းလောက်ရှိသည်။ 'အမတ'သစ်သီးဆိုင်၏ သစ်သီးဈေးများက မနိမ့်သော်ငြား အဲ့ဒီလောက်ထိလည်း မများပေ။

ထိုအခိုက်အတန့်မှာ ချိုးဆုအာသည် အခက်တွေ့နေသည့် အမူအရာဖြင့် ရွှီဖန်းကို ကြည့်လာသည်။ ရွှီဖန်း ပြုံးလိုက်ကာ...

"အစ်မဆုအာ လက်ခံလိုက်ပါ၊ အဲ့ဒါက အစ်ကိုဖေးရဲ့ စေတနာပဲ"

ဟုန်ဖေးက ပိုက်ဆံပြတ်လတ်နေသူ မဟုတ်၍ ထိုမျှလောက်ကို ဂရုမစိုက်ချေ။ ထွက်သွားရန်ပြင်နေသည့် သူ့ကို ရွှီဖန်း ကြည့်လိုက်သည်။

"အစ်ကိုဖေး ခဏနေပါဦး၊ တစ်ကယ်တော့ ဒီနေ့အစ်ကိုဖေးကို လာတွေ့တာ"

"ဟမ်"

ဟုန်ဖေးက သူ့မျက်ခုံးများကို ပင့်၍ ရွှီဖန်းကို အံ့အားသင့်စွာ ကြည့်လာသည်။

"ညီလေး ဘာဖြစ်လို့လဲ ပြောပါ၊ ငါ လုပ်ပေးမယ်

ပြောထားမှတော့ မင်းအတွက် ချက်ချင်းလုပ်ပေးမယ်"

ဟုန်ဖေး၏သဘောထားက တည့်တိုးဆန်တာကြောင့် ရွှီဖန်းကို ပျော်ရွှင်စေသည်။ သူခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။

"ပြဿနာတစ်ခုမဟုတ်လို့ အစ်ကိုဖေး ကျွန်တော့်ကို ကူညီနိုင်မှာပါ"

"ကျွန်တော်က မြစ်အောက်ပိုင်းရွာကနေ ခရိုင်

မြို့တော်အထိ လမ်းဆောက်ဖို့ အလုပ်အပ်ချင်တာ၊ အစ်ကိုဖေးက ဆောက်လုပ်ရေးလုပ်ငန်းပိုင်တော့ လုပ်ပေးနိုင်တယ်လား"

"ညီလေး မင်းစနောက်တာက ငါ့ရင်ကို နာစေတယ်နော်၊ ငါတို့က ညီအစ်ကိုတွေလေ၊ ငါတို့ကြားမှာ ပိုက်ဆံစကားပြောဖို့လိုလို့လား"

ဟုန်ဖေးက ချက်ချင်းစိုးရိမ်သွားသည်။ သူက ရွှီဖန်း၏ ပုခုံးကို ပုတ်ကာ တည့်တိုးပြောလာသည်။

"စောင့်နေ သုံးရက်အတွင်း အလုပ်စပေးမယ်"

"စိတ်မပူနဲ့၊ ဒါက ငါကျွမ်းကျင်တဲ့အလုပ်ပဲ၊ အချိန်ရောက်လာရင် မင်းဘာမှ ခမ်းကြီးနားကြီးလုပ်စရာမလိုဘူး၊ အစ်ကိုပဲ အကုန်ရှင်းပေးမယ်"

"ဒါက..."

ဒါက ဟုန်ဖေး၏ စိတ်နေစိတ်ထားဖြစ်နိုင်သည်။ သူက သူ့ညီအစ်ကိုတွေပေါ် တွန့်တိုသည့်လူစားမဟုတ်ပေ။

သို့သော်ငြား ရွှီဖန်းကတော့ အနည်းငယ် ရှက်ရွံ့နေသည်။ သိထားရမည်မှာ လမ်းတစ်ခါပြင်တာက အနည်းဆုံး ယွမ်၁သန်းလောက် ကုန်ပေသည်။ သူ တစ်ပြားတစ်ချပ်တောင် မပေးဘဲ နေရပါက အရှက်မဲ့မှုကြောင့် သူရှင်သန်ရဲတော့မည် မဟုတ်ချေ။

"အစ်ကိုဖေး ညီအစ်ကိုတွေတောင်မှ အကြွေးတွေကို ပေးရကောင်းမှန်း သိကြတယ်၊ ပိုက်ဆံတွေကို အစ်ကိုဖေး လက်ခံရမယ်"

"မလိုဘူး ညီလေး၊ မင်းက ကောင်းတဲ့အရာတွေ လုပ်တဲ့လူဆိုတာ ငါသိတယ်၊ အနာဂါတ်ကျရင် ငါတို့ အလုပ်တူတူ လုပ်လို့ရနိုင်တယ်၊ အဲ့ဒီအခါကျမှ ငွေတွေကို တွက်ချက်ကြတာပေါ့၊ မင်း နားပူနားဆာ ထပ်လုပ်နေဦးမယ်ဆိုရင် ငါ စိတ်ရှည်တော့မှာ မဟုတ်ဘူးနော်"

"............."

ဟုန်ဖေး၏ စိတ်နေစိတ်ထားကြောင့် ရွှီဖန်းသည် ဘာကိုမှ မပြောနိုင်တော့ချေ။ သူ ကူကယ်ရာမဲ့စွာ ခေါင်းခါ၍ လက်ခံလိုက်ရသည်။ 

ဟုန်ဖေးပြောတာ မှန်ပေသည်။ သူကလည်း အခုလို ရိုးရှင်းသော သစ်သီးဆိုင်သာ ဖွင့်ထားရန် မရည်ရွယ်ထားချေ။

ဟုန်ဖေးက လုပ်စရာများစွာရှိနေတာကြောင့် သူ့မိန်းမနှင့်အတူ ထွက်သွားခဲ့သည်။

ရွှီဖန်းနှင့် အတူလိုက်ပါလာသည့် ရှုချိုးယာသည် ဒေါက်တာလီကို ကြည့်၍ ရယ်လိုက်မိသည်။

"ဘာလဲ ခြင်းထဲကသစ်သီးတွေကို ပေါင်းစားရမလား ကြော်စားရမလား တွေးနေတာလား"

"........."

ဒေါက်တာလီ၏ အမူအရာက ငိုချလုမတတ် ရုပ်ဆိုးနေသည်။ ပြည်နယ်၌ သူကကျော်ကြားသော ဆရာဝန်ဖြစ်ကာ ဒီနေ့မှာတော့ လူတစ်ယောက်ဆီမှာ ကျရှုံးခဲ့ရသည်။ ဒါ့အပြင် တစ်ဖက်လူက လယ်သမားဖြစ်နေသေးသည်။ အလွန် ရှက်ဖို့ကောင်းပေသည်။

ဖြစ်နိုင်ပါက အပေါက်တစ်ပေါက်ရှာကာ ဝင်ပုန်းလိုက်ချင်သည်။

ဟုန်ဖေးချန်ခဲ့သည့် သစ်သီးကို မြည်းစမ်းပြီးနောက် သူ ရှက်ရွံ့ကာ တောင်းပန်မိသည်။

"မစ္စတာရှု ကျုပ်ခုနက ရိုင်းပြမိသွားပါတယ်၊ ခွင့်လွှတ်ပေးပါ"

စားပွဲပေါ်မှ သစ်သီးခြင်းကို ကြည့်၍ ဒေါက်တာလီ ငိုချင်သွားသည်။ သူသာ တစ်ကယ်စားလိုက်ပါက သေသွားလိမ့်မည်။

လက်ရှိအချိန်၌ လမ်းပြင်ရန်ကိစ္စက အဆင်ပြေသွားလေပြီ။ ရွှီဖန်း ခံစားချက်ကောင်းနေတာကြောင့် ထိုဆရာဝန်နှင့် ရန်ပွဲဖြစ်ရန်စိတ်မဝင်စားတော့ချေ။

သူပြုံး၍ မေးလိုက်သည်။

"အိုး ခင်ဗျားမှားတဲ့အကြောင်းလေးပြောပြပါဦး"

"ကျုပ်က ကန်းနေပြီး ကျေးလက်တောသားတွေအပေါ် အထင်သေးခဲ့မိတယ်၊ ကျုပ်အမှားပါ"

ပြောပြီးသည်နှင့် သူမျက်နှာသူ ရိုက်ချလိုက်သည်။ ထိုလူ၏ ရယ်စရာကောင်းသော မျက်နှာကြောင့် ရှုချိုးယားပင် မနေနိုင်ဘဲ ရယ်လိုက်မိသည်။

သနားစရာပင်။

ရွှီဖန်းက သူ့ကိုကြည့်၍ လက်ဝှေ့ယမ်းလာသည်။ 

"အဆင်ပြေပါတယ် ဒါက ကိစ္စသေးသေးလေးတစ်ခုပါ၊ ပြီးတော့ ခင်ဗျားက ကျော်ကြားတဲ့ဆရာဝန်ပဲလေ ကျွန်တော်တို့လို လယ်သမားတွေကို အထင်သေးကြတာ ပုံမှန်ပါပဲ"

"ကျုပ်..."

ဒေါက်တာလီ ငိုချင်သွားတော့သည်။ အခုဆို ရွှီဖန်းကို သူဘယ်လိုလုပ် အထင်သေးရဲတော့မှာလဲ။

သူမျက်မှောင်ကြုတ်ကာ အချိန်ခဏတွေးလိုက်သည်။ ထို့နောက် အံကိုကြိတ်ကာ ဒူးထောက်ရန် ပြင်သည်။ ရှုချိုးယာမှာ ထိုအရာကို မြင်လည်းမြင်ရော အံ့သြမှုကြောင့် ပါးစပ်များ ပွင့်ဟသွားတော့သည်။

ဘာလုပ်ဖို့လဲ...ဒူး ဒူးထောက်ဖို့လား။

ကံကောင်းစွာဖြင့် ရွှီဖန်းက အမြန်တားလိုက်နိုင်သည်။

"ဘာလုပ်နေတာလဲ"

"ကြီးမြတ်သောဆရာရွှီကို ဆရာအဖြစ် တင်မြှောက်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ကြားပေးပါ"

ရွှီဖန်း ကြောင်အသွားတော့သည်။ ငါက လယ်သမားလေ...ဘာသင်ပေးရမှာလဲ။

"ကောင်းပြီ ကျွန်တော် လယ်တော့စိုက်တတ်တယ်၊ သင်ချင်လား"

********************

All Chapters