ရပြီ
Vol. 5 Ch. 73
"လူကြီးမင်း ဒီကို လာပြီး လျို့ဝှက်ကုတ်နံပါတ် ဖြည့်ပေးဖို့ အကူအညီတောင်းပါတယ်၊ ကတ်ကို စစ်ပြီးပြီမလို့ ဒီကားက လူကြီးမင်းအပိုင် ဖြစ်သွားပါပြီ"
အရောင်းဝန်ထမ်းလေးက အခက်အခဲများစွာကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်တာကြောင့် ရွှီဖန်း ကတ်ထဲ၌ သုညအတန်းလိုက်ကို မြင်ပြီးနောက်မှာ ချက်ချင်းပင် နတ်ဘုရားကို မြင်နေသလိုမျိုး ပြုံးပြလာသည်။
"ဒါက..."
ဘေးမှာရပ်နေသည့် ကျောက်ယွင်ကျယ်မှာတော့ ထိတ်လန့်နေသည်။ သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ! အရောင်းဝန်ထမ်းက ဘာလို့ အရမ်း ယဥ်ကျေးပြနေတာလဲ။
"မင်းတို့ရူးနေလား...သူက တောသားလေ မသိကြဘူးလား!"
ကျောက်ယွင်ကျယ်၏စကားများကိုကြားသော် အရောင်းဝန်ထမ်းမှာ ချက်ချင်းဒေါသထွက်လာတော့သည်။ သူ့ကြောင့်သာမဟုတ်လျှင် လေးစားစရာကောင်းသည့် ရွှီဖန်းလိုလူမျိုးကို သူမ အပြစ်ပြုမိတော့မလို့ပင်။
"လူကြီးမင်း ရှင့်ရဲ့ စကားတွေကို သတိထားပါ၊ တောသားဆိုတော့ရော ဘာဖြစ်လဲ...ဒီမှာ ကားလာဝယ်တဲ့သူမှန်သမျှ ကျွန်မတို့ရဲ့ နတ်ဘုရားတွေပဲ၊ ရှင့်ရဲ့ ဘိုးဘေးဘီဘင်တွေကရော ကျေးလက်တောသူတောင်သားတွေ မဖြစ်ခဲ့လို့လား၊ ရှင် ဒီလိုဆက်ပြီးပြောနေမယ်ဆိုရင် ကျွန်မ လုံခြုံရေးခေါ်ပြီး အပြင်ကန်ထုတ်ခိုင်းပစ်မယ်"
အရောင်းဝန်ထမ်းက ကျောက်ယွင်ကျယ်ကို တင်းတင်းမာမာ ဆူငေါက်ပြီးနောက်မှာ အနားမှာ ရှိသည့် အရပ်ရှည်ရှည် လုံခြံရေးများက လှည့်ကြည့်လာကြသည်။ ကျောက်ယွင်ကျယ်မှာ ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေတော့သည်။
အခြေအနေပြောင်းပြန်လှန်သွားမှုက အလွန်မြန်ဆန်ပေသည်။ ထိုအချိန် ကျောက်ယွင်ကျယ်ဘေး၌ ဘယ်သူမှ မရှိတော့ပေ။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားအရ လုံခြုံရေးအစောင့်များနှင့် ဘယ်လိုမှ ယှဥ်ပြိုင်နိုင်မည် မဟုတ်ချေ။ ပတ်ဝန်းကျင်မှ လူများ၏ လှောင်ပြောင်သော အကြည့်များကြောင့် သူ့ထံ၌ ဘာမှမရှိတော့သလိုပင် ခံစားလိုက်ရသည်။
ရွှီဖန်းကတော့ ပြုံးနေပြီး ကျောက်ယွင်ကျယ်ကို အာရုံမစိုက်ပေ။ သူက အရောင်းဝန်ထမ်းဆီသို့ လျှောက်သွားကာ လျို့ဝှက်ကုတ်နံပါတ်ကို နှိပ်ပေးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယွမ်၂သန်းနှင့် သုံးသိန်းက ချက်ချင်းကုန်သွားသည်။ သူခေါင်းကိုက်သွားသော်လည်း မျက်နှာပေါ်မှာ မပြခဲ့ချေ။ ထိုအချိန် ကျောက်ယွင်ကျယ်ဘေးမှာ ရပ်နေသည့် အမျိုးသမီးကလည်း အံ့အားသင့်နေသည်။ ရွှီဖန်း၏ လုပ်ဆောင်မှုက မသိလျှင် ယွမ်သန်းများစွာကိုတောင် ငွေအဖြစ် မသတ်မှတ်သည့်အလားပင်။
တစ်ခုခုဝယ်ဖို့တောင် ပိုက်ဆံအရင်စုနေရသည့် ကျောက်ယွင်ကျယ်နှင့် ယှဥ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။ ထိုအခိုက်အတန့်မှာ အမျိုးသမီး၏ အမူအရာက စိတ်ပျက်မှုများ ပေါ်လွင်နေသည်။ အဆုံးမရှိသည့် နောင်တများက သူမမျက်နှာပေါ်မှာ လွင့်မြောနေသည်။ သူမကိုယ်သူမပင် မုန်းတီးလာသည်။ သူမ ကန်းနေလို့သာ ရွှီဖန်းကို သစ္စာဖောက်ခဲ့မိခြင်း ဖြစ်သည်။
အကယ်၍ သူမသာ စိတ်နှလုံးအကြွင်းမဲ့ထားကာ ရွှီဖန်းနောက်ကို လိုက်သွားပါက အခုအချိန် ရွှီဖန်းနှင့် ပေါင်းသင်းနေရမည့် မိန်းကလေးက သူမဖြစ်ကောင်းဖြစ်နိုင်ပေသည်။
"ရွှီဖန်း ငါ..."
အမျိုးသမီးက ကျောက်ယွင်ကျယ်ကို ထားခဲ့ကာ ရွှီဖန်းဆီ လျှောက်လာသည်။ သူမ ကျောက်ယွင်ကျယ်
အပေါ်၌ အပြစ်အားလုံး ဖို့ပစ်ရန် တွေးထားတာ သူမကိုယ်သူမ အပြစ်ကင်းသလို ဟန်ဆောင်ချင်ခဲ့သည်။
ဒါဆိုရင် ရွှီဖန်းကလည်း ဆက်ဆံရေးဟောင်းကို ပြန်ငဲ့ကာ သူမနှင့် ပြန်ပေါင်းသင်းနိုင်လောက်သည်။
"မိန်းကလေး ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိကြလို့လား"
သူမ မရှင်းပြခင်မှာပဲ ရွှီဖန်းက သူစိမ်းဆန်သော အမူအရာဖြင့် မေးခွန်းထုတ်လာသည်။ သူ့မျက်လုံးများက ဒီအမျိုးသမီးကို မတိုင်ခင်က မမြင်ခဲ့ဖူးသလိုပင် အေးစက်ကာ သံယောဇဥ် ကင်းမဲ့နေသည်။ သူ၏ အေးစက်သော အကြည့်များက သူမမျက်နှာ ပါးချခံလိုက်ရသည့်အလား ခံစားရစေသည်။
လူအုပ်ကြီး၏ လှောင်ပြောင်သော အကြည့်များကို ခံစားမိနေတာကြောင့် အမျိုးသမီးက ငိုချင်လာသည်။
ဒါပေမယ့် အခုမှ ငိုတော့ရော ဘာအသုံးဝင်တော့မှာလဲ။ သူမမှာ ဦးနှောက်မရှိခဲ့၍ ဒီအမျိုးသားနှင့် လွဲချော်ခဲ့ရလေပြီ။
"ကျောက်ယွင်ကျယ် ရိုးရိုးသားသားဆိုရရင် ငါ မင်းကို ကျေးဇူးတင်ရဦးမယ်"
"ဒီလောကကြီးရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို သိအောင်လုပ်ပေးခဲ့ပြီး ငါ့ကို ဘဝအသစ်ပေးခဲ့လို့ ကျေးဇူးပဲ"
ကျောက်ယွင်ကျယ်သာ သူ့ကိုချောက်ချပြီး အလုပ်ပြုတ်အောင် မလုပ်ခဲ့ပါက သူကိုယ်တိုင်လည်း ရွာကို ပြန်ဖြစ်မှာ မဟုတ်ပေ။ ဒါဆို အနောက်တောင်က ကောင်းကင်ဘုံ၏ အမှိုက်ပုံကြီးကိုလည်း တွေ့ခဲ့ရမည်မဟုတ်ချေ။ ကျောက်ယွင်ကျယ်က သူ့ဘဝကို ဖျက်ဆီးခဲ့သော်ငြား ဘဝအသစ်ကို ပြန်ပေးခဲ့သည်။
ရွှီဖန်းပြောသည့် ကျေးဇူးစကားများက တစ်ကယ်ကို စစ်မှန်ပေသည်။
ဒီကိစ္စတွေကို အတိတ်မှာတင် ဖြတ်ချခဲ့ပြီး လက်ရှိကို ပြန်သယ်လာတာမျိုး လုပ်ရန် စိတ်မပါချေ။ ထိုနှစ်ယောက်ကို မကြည့်တော့ဘဲ ကားဝယ်ယူရသည့် ကိစ္စကိုသာ အရောင်းဝန်ထမ်းကို မေးမြန်းနေခဲ့သည်။
သူတို့သာ ဆက်နေနေပါက လှောင်ပြောင်သော အပြုံးများကို ဆက်လက်ရရှိနေမည်ဖြစ်သည်။ သူတို့ ဆက်နေဖို့ရန် မျက်နှာလည်းမထားနိုင်တော့ချေ။ ဒါကြောင့် သူတို့နှစ်ယောက်စလုံး အမြန်ထွက်ခွာသွားကြသည်။
ရွှီဖန်းက Land Roverကို ငွေအပြီးချေခဲ့တာကြောင့် သူလုပ်ဆောင်ရမည့်လုပ်ရိုးလုပ်စဥ်များက မများပေ။ အချိန်တိုအတွင်းမှာပဲ ပြီးစီးသွားခဲ့သည်။ လုပ်ဆောင်ရန်ကျန်သေးသည့်တစ်ခုက လိုင်စင်နံပါတ်ပြားပင်။
ပိုက်ဆံများစွာ သုံးပြီးနောက် ရွှီဖန်းတို့ ဆွေးနွေးကာ လက်ခံခဲ့ကြသည်။ လိုင်စင်တံဆိပ်ပြားရရန် အချိန်အကြာကြီး မလိုပေ။ ရက်အနည်းငယ်စောင့်ရန်သာ လိုအပ်ပြီး ဓာတ်ပုံများ ရိုက်ပြီးသည်နှင့် ပြီးမြောက်သွားလိမ့်မည်။
ကုန်သည်နှင့် ဆွေးနွေးပြီးနောက် ရွှီဖန်းလည်း မနှောင့်နှေးရဲတော့ချေ။ ရှန်ဟိုင်းကနေ မြစ်အောက်ပိုင်းရွာအထိက အလွန်ဝေးကွာလေသည်။ ဒါကြောင့် ချက်ချင်းပင် အသစ်ဝယ်လာသည့် ကားကို မောင်းလာခဲ့သည်။
ပုံမှန်အားဖြင့် ကားမောင်းလိုင်စင်မရှိဘဲ ရွှီဖန်း မောင်းရဲမည်မဟုတ်ချေ။ သူ ဒီမှာ အလုပ်လုပ်ခဲ့စဥ်က အခွင့်အရေးကောင်းတစ်ခုကိုယူပြီး ကားမောင်းလိုင်
စင်တစ်ခု ရခဲ့သည်။
သူ့မှာ ကားမောင်းလိုင်စင်ရှိခဲ့သော်ငြား မောင်းစရာမရှိခဲ့ပေ။ ဒါကြောင့် အခု ပြန်မောင်းသည့်အချိန်၌ စတီယာရင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရသည်။ မောင်းနေရင်းနဲ့မှ သူ နေရတာ ပိုကောင်းလာပြီး ကားမောင်းရတာ ပျော်ရွှင်လာသည်။ ဒါကြောင့် မြစ်အောက်ပိုင်းရွာသို့ ကားကို ဦးလှည့်ခဲ့သည်။
Land Roverမှာ ကောင်းမွန်သည့်လုပ်ဆောင်ချက်ရှိနေတာ ကံကောင်းလှသည်။ မဟုတ်လျှင် မြစ်အောက်ပိုင်းရွာ၏ အနေအထားဖြင့် ကားအသစ်က ခြစ်ရာများစွာ ဖြစ်သွားလိမ့်မည်။ သူတို့ နေဝင်ရီတရော အချိန်၌ မြစ်အောက်ပိုင်းရွာကို ပြန်ရောက်လာကြသည်။
Land Roverကားက မြစ်အောက်ပိုင်း ရွာထဲသို့ ဝင်လာသည့်အချိန် ရွာသားများ၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။ ထိုလူအုပ်ကြီးသည် မနာလိုမှုများရှိနေသော မျက်နှာထားများဖြင့် ကားကို လက်ညှိုးထိုးကာ ဆွေးနွေးနေကြသည်။
မတိုင်ခင်ကသာဆိုလျှင် ထိုကဲ့သို့သော ကားမျိုးက ရပ်ရွာကော်မတီရုံးရှေ့၌ ရပ်မည်ဟု သူတို့ ထင်ခဲ့ကြလိမ့်မည်။ သို့သော် အခုတော့ သူတို့ စိတ်ထဲ၌ အဖြေတစ်ခု ရှိနေလေပြီ။
"သောက်ကျိုးနည်း မတရားလိုက်တာကွာ၊ အဲ့ဒီ သူဌေးကြီးတွေက ဘာလို့ ရွှီဖန်းကိုပဲ လာရှာနေကြတာလဲ၊ ငါ့ကိုလာရှာရင် ငါလည်း ချမ်းသာအောင် လုပ်နိုင်ပါတယ်"
"ဟုတ်ပါ့ကွာ ကန်းနေလို့ပဲဟုတ်မယ်"
လူများစွာရှိနေတာကြောင့် လူတချို့ကလည်း မနာလိုဖြစ်ကြမည်မှာ မလွဲဧကန်ပင်။ လူအုပ်ကြီးကြားထဲတွင် သူတို့က ဆဲရေးကာ ချဥ်နေကြသည်။
မမျှော်လင့်ထားစွာ ကားက ရုတ်တရက် ရပ်သွားခဲ့သည်။ လမ်းဘေးမှာ ရပ်နေသည့် ရွာသားအုပ်စုမှာလည်း အံ့သြသွားကြသည်။
ဘာလဲ...အဲ့ဒီကားက ရွှီဖန်းဆီ သွားနေတာ မဟုတ်ဘူးလား။
ကားမှန်က တဖြည်းဖြည်းကျလာကာ အထဲမှ လူကို သူတို့မြင်လိုက်ရပြီး ရှော့ရကုန်ကြသည်။
"ရွှီ ရွှီဖန်းလား"
"မဟုတ်...မဖြစ်နိုင်တာ!"
မူလကတော့ သူဌေးကြီးတစ်ယောက်က ရွှီဖန်းကို လာရှာတာဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် အခုတော့ သူဌေးကြီးက ရွှီဖန်းကိုယ်တိုင်ဖြစ်နေသည်။
အစက တတွတ်တွတ်ပြောနေကြသည့် ရွာသားများသည့် ချက်ချင်း စပ်ဖြဲဖြဲလုပ်ကာ အနားတိုးလာကြသည်။ တုန်ရီနေသည့် သူတို့လက်များဖြင့် Land Rover၏ ကိုယ်ထည်ကို ထိကာ မနာလိုမှုဖြင့် မေးလာကြသည်။
"ရွှီ ရွှီဖန်း ဒါက ဈေးမပေါဘူး မလား"
ရွှီဖန်း ပြုံးလိုက်ကာ...
"ဒါကဈေးမကြီးပါဘူး...၂သန်းထက်ကျော်ရုံလေးပါ"
"........"
ထိုစကားကိုကြားသည့်အခါ လမ်းဘေးမှာ ရပ်နေသည့်လူအုပ်ကြီးသည် သွေးများ အန်ထုတ်လုနီးပါးပင်။ ရွှီဖန်းကတော့ တစ်ကယ့်ကောင်ပဲ...၂သန်းကိုတောင် ဈေးမကြီးဘူးတဲ့။
"ကောင်းပြီ...လူတိုင်း ပြန်ကြပါတော့...ညစာစားဖို့ အချိန်ရောက်နေပြီမလား"
ရွှီဖန်းကတော့ ထိုလူတွေ ဘာအကြောင်းပြောနေခဲ့ကြလဲ မသိပေ။ ထိုလူအုပ်ကြီးက သူ့ကားအနောက်ကို လိုက်လာကြတာကြောင့် ခဏရပ်ကာ နှုတ်ဆက်မိခြင်းဖြစ်သည်။ ခဏစကားပြောပြီးနောက် ကားမှန်ကို ပြန်တင်ခဲ့သည်။
"ချိုးယာ ကျွန်တော် ဆေးခန်းကို အရင် ပြန်ပို့ပေးမယ်"
ချိုးယာကို ဆေးခန်းသို့ ပို့ဆောင်ပေးပြီးမှ အိမ်ကို မောင်းလာခဲ့သည်။
အခုလို ဇိမ်ခံကားကြီးက အိမ်ရှေ့မှာ ထိုးရပ်လာတာကြောင့် ရှို့ရှို့နှင့် မိဘနှစ်ပါးမှာ အလွန်အမင်း ထိတ်လန့်သွားရသည်။ သူတို့ ရွှီဖန်းကို အကြောင်းစုံ မေးမြန်းခဲ့ကြသော်လည်း သူတို့သိချင်စိတ်ကို မဖြေဖျောက်နိုင်ခဲ့ပေ။ ရွှီဖန်းက သူတို့ အလွန်ပူပန်သွားကြမည်ကို စိုးရိမ်တာကြောင့် ကားတန်ဖိုးအား မပြောပြရဲခဲ့ပေ။
**********************