လမ်းဆောက်လုပ်ခြင်း စတင်ပြီ
Vol. 5 Ch. 74
မျက်စိတစ်မှိတ်အတွင်းမှာတင် နှစ်ရက် ကုန်ဆုံးသွားလေပြီ။ မနက်စောစောမှာ ဟုန်ဖေးက ရွှီဖန်းကို ဖုန်းခေါ်၍ လမ်းပြင်ဆောက်ရန် လိုအပ်သည့် လုပ်ငန်းစဥ်များ ပြီးသွားပြီဖြစ်ရာ အခု စလို့ရပြီဖြစ်ကြောင်း ပြောလာခဲ့သည်။
ကျေးလက်တောရွာလမ်းကို ပြင်ဆောက်ရာ၌ ဟုန်ဖေးမှ စရိတ်အကုန်ခံထားတာကြောင့် ခရိုင်ရုံးကပင် သူ့ကို ဖဲနဖူးစည်းပေးအပ်ခဲ့သေးသည်။
မြစ်အောက်ပိုင်းရွာရှိ လမ်းအခြေအနေများက အလွန်ဆိုးဝါးပေသည်။ ဒါကြောင့် ခရိုင်ကနေစပြီး တစ်ဆင့်ပြီးတစ်ဆင့် မြစ်အောက်ပိုင်းရွာကို ဆောက်သွားဖို့ ဟုန်ဖေးက ဆုံးဖြတ်ထားသည်။
ရွှီဖန်းကလည်း ကန့်ကွက်စရာမရှိပေ။ ဆောက်လုပ်ရေးပိုင်း၌ ဟုန်ဖေးက သူ့ထက်ပိုသိပေသည်။ ရွှီဖန်းက ကိုယ့်နေရာကိုယ်သိတာကြောင့် သူများအစီအစဥ်ကို ဒုက္ခမရှာပေ။
စကားနှစ်ခွန်းလောက်လေးဖြင့် တာဝန်က ပြီးဆုံးသွားခဲ့တာကြောင့် ရွှီဖန်းအတွက် အရမ်းမြန်လွန်းနေသည်။ ဟုန်ဖေးက အလွန်တက်ကြွနေတာကြောင့် ရွှီဖန်းပင် နည်းနည်းရှက်ရွံ့လာသည်။
"အစ်ကိုဖေး ခင်ဗျားက အရမ်းကောင်းလွန်းတယ်၊ ကျွန်တော်တောင် ရှက်ရွံ့မိပါတယ်"
"ညီလေး မင်းမှားနေပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့အတွက်ငါ ကူညီနေတာပါ"
နှစ်ပေါင်းများစွာရှင်သန်လာတာကြောင့် မြစ်အောက်ပိုင်းရွာ၏လမ်းကို ကြည့်ရုံဖြင့် ဟုန်ဖေးအတွက် အနည်းငယ် ခန့်မှန်းမိရန် မခက်ချေ။ ရွှီဖန်းက သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးကို စချင်နေသည်။ ဒါကြောင့် ဒီလမ်းကို ပြင်ချင်ခဲ့သည်။ လမ်းသာ မပြင်ပါက သူ့အခွင့်အလမ်းတွေက ကန့်သတ်ခံထားရမည်ဖြစ်မည်။
သိထားရမည့်အချက်မှာ ဟုန်ဖေး၏ဘဝက ရွှီဖန်းနှင့် ချည်နှောင်ထားတာ ဖြစ်သည်။ ရွှီဖန်းကို သူမှ မကူညီလျှင် ဘယ်သူက သွားကူညီမည်နည်း။
"ကောင်းပြီ ညီလေး၊ ငါ ဆောက်လုပ်ရေးအဖွဲ့ကို ဒီကိစ္စ လက်လွှဲခဲ့ပြီးပြီ၊ သူတို့က မင်းအတွက် အကုန်လုပ်ပေးလိမ့်မယ်"
"ခရိုင်မှာ ဒုက္ခတစ်ခုခုကြုံရင် ငါ့ကို ဖုန်းခေါ်လိုက်ပါ၊ ဒုက္ခက အရမ်းအရမ်းမကြီးသ၍ ငါ မင်းအတွက် ဖြေရှင်းပေးနိုင်တယ်၊ ဒါဆို လုပ်စရာတွေရှိသေးလို့ ဖုန်းချလိုက်တော့မယ်"
ဟုန်ဖေးနှင့်စကားပြောပြီးနောက် ရပ်ရွာကော်မတီရုံးသို့ သွားလိုက်သည်။ အခုဆိုလျှင် လမ်းဆောက်လုပ်ရေးအဖွဲ့က စတော့မှာဖြစ်လို့ ဝူယွီရွှမ်းကို ဤသတင်းကောင်းပြော၍ ပျော်အောင် လုပ်ပေးရမည်။
"ကောင်းလိုက်တာ! မြစ်အောက်ပိုင်းရွာမှာ လမ်းတွေအဆင်ပြေသွားရင် အကုန်အဆင်ပြေပြီပဲ"
ရပ်ရွာကော်မတီရုံးသို့ ရွှီဖန်း ယူဆောင်လာသည့် သတင်းကို ကြားသည့်အခါ ဝူယွီရွှမ်းသည် မနေနိုင်ဘဲ ပြုံးမိသည်။
ပထမဦးစွာ သူမက ရွှီဖန်းအတွက်ပျော်တာဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ မြစ်အောက်ပိုင်းရွာ၏ တိုးတက်မှုအတွက် ပျော်ရွှင်တာ ဖြစ်သည်။
"ဟဲဟဲ မှန်တယ်၊ ငါတို့ ကျောင်းဆောက်နိုင်ခဲ့ရင် ပိုကောင်းလိမ့်မယ်"
ရွှီဖန်းက ဝူယွီရွှမ်း၏ ဆန့်ကျင်ဘက်မှာ ထိုင်နေသည်။ သူက သူမကို ယုတ်မာစွာ ပြုံးကြည့်နေသည်။
"အရူး! နင်ဒီလိုဆက်လုပ်နေရင် ငါနင့်ကို ရိုက်မှာနော်"
ရွှီဖန်း၏စိတ်ထဲ၌ ဘာတွေးနေလဲဆိုတာကို သူမ မသိရန် မဖြစ်နိုင်ချေ။ သူမ သူ့ကို ပြင်းပြင်ထန်ထန်စိုက်ကြည့်ကာ မျက်နှာနီရဲနေခဲ့သည်။
ရွှီဖန်း၏ အလျင်ဖြင့်သာဆိုလျှင် မြစ်အောက်ပိုင်းရွာ၌ ကျောင်းဆောက်နိုင်ဖို့က အချိန် သိပ်မကြာလောက်ပေ။
အဲ့ဒီအချိန်ကျ ငါသူ့ကို တစ်ကယ် လက်ထပ်ရတော့မှာလား.....
ဝူယွီရွှမ်းသည် သူမမျက်နှာ၌ အခက်တွေ့နေသည့်အမူအရာဖြင့် နှုတ်ခမ်းကို ကိုက်ခဲနေသည်။ သူမ ဒီလိုအရာအတွက် စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးပေ။
"အိုး ဟုတ်သား၊ ရွှီဖန်း နင် ကျောင်းသားဂရုက အကြောင်းကြားစာကို တွေ့ပြီးပြီလား"
ဝူယွီရွှမ်းသည် ဒီကိစ္စကို ဘယ်လိုဆက်ပြောရမလဲမသိချေ။ ဒါကြောင့် သူမမျက်လုံးကို လှိမ့်ကာ ချက်ချင်း အကြောင်းအရာပြောင်းပြောလိုက်သည်။
"ဟမ်...ဂရုလား၊ ငါ အခုတလောအလုပ်များနေလို့ ဝင်တောင်မကြည့်ဖြစ်ဘူး"
ရွှီဖန်းသည် စကားပြောရတာ ကြိုက်တဲ့သူ မဟုတ်၍ သူ့ရဲ့ QQ အကောင့်ကိုတောင်မှ မဝင်ဖြစ်တာ များသည်။ လတ်တလော ဖြစ်ပျက်ခဲ့သည့် အရာများကိုပါ ပေါင်းထည့်ပါက ထိုဂရုထဲ၌ အကြောင်းကြားစာများ တက်နေသည်ကို သူသတိမထားမိခဲ့ချေ။
"ပြောလေ ဘာဖြစ်လို့လဲ"
ဝူယွီရွှမ်းက နှုတ်ခမ်းကို စုဝိုင်းကာ ရှင်းပြလာသည်။
"လွန်ခဲ့တဲ့ရက်တွေက အတန်းဖော်တွေ ဆွေးနွေးနေကြတာ၊ ခရိုင်မှာ မနက်ဖြန်ကျရင် ပြန်လည်ပေါင်းစည်းပွဲ ကျင်းပကြမယ်တဲ့၊ အရင်ဆုံး ကျောင်းမှာ ဆုံကြပြီး ပြီးမှ တစ်ခုခုလုပ်ဖို့ စီစဥ်ကြမယ်တဲ့"
"အချိန်ရောက်လာရင် နင်သွားမှာလား"
ပြန်လည်ပေါင်းစည်းပွဲ
အတန်းဖော်တွေ စုဝေးကြမည်ဆိုသည့် စကားကို ကြားသည့်အခါ ရွှီဖန်း မနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်မိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ပြန်လည်ပေါင်းစည်းပွဲ ဆိုတာက ချမ်းသာသော ဒုတိယမျိုးဆက်တွေ လုပ်ကြသည့် ပျော်ပွဲရွှင်ပွဲဖြစ်ကာ သူ စိတ်မဝင်စားချေ။
ရွှီဖန်းက ထိုကဲ့သော အုပ်စုများကို မြင်ဖူးသည်။ ထိုလူအုပ်စုများ ပြန်လည်ပေါင်းစည်းပွဲ၌ လုပ်ဆောင်ကြသည့် ကိစ္စများမှာ ချမ်းသာမှုကို ကြွားဝါးရန်
အတွက်သာ ဖြစ်သည်။ စိတ်ဝင်စားစရာမရှိပေ။ ဒါကိုကြည့်ချင်းအားဖြင့် မနက်ဖြန်ဘာတွေလုပ်ကြမလဲဆိုတာ သိနိုင်သည်။
"မေ့လိုက်တော့၊ ငါ ဒီတလော အလုပ်များနေမှာ"
ရွှီဖန်းက တိုက်ရိုက်ပဲ ငြင်းပယ်လိုက်သည်။ တခြားပရောဂျက်တွေ လုပ်ဆောင်ရန်အတွက် ဒီရက်တွေထဲမှာ ကောင်းကင်ဘုံနန်းတော်မှ အရင်းအမြစ်တွေရအောင် သူကြိုးစားချင်သေးသည်။ ပြန်လည်ပေါင်းစည်းပွဲကဲ့သို့ ပွဲများတွင် လူစုပြီး နေရခြင်းကို သူစိတ်မဝင်စားပေ။
"ရွှီဖန်း...."
သို့သော်ငြား ရွှီဖန်း၏ ငြင်းပယ်မှုအား သူမက လက်မခံချင်ပေ။
"ရွှီဖန်း ငါတို့ သွားရင် ပိုကောင်းမယ်ထင်တယ်"
ဝူယွီရွှမ်းက ရွှီဖန်းကို ကြည့်၍ ရှင်းပြလာသည်။
"အထက်တန်းတုန်းက ကျောင်းသားအများစုက အခု ခရိုင်မှာ အလုပ်လုပ်နေကြတယ်"
ဝူယွီရွှမ်းသည် အထက်တန်းပြီးသည့်နောက်မှာ တက္ကသိုလ်တက်ရန် ပြည်နယ်ကို တက်ခဲ့ရသည်။ သူမမိသားစုက မချမ်းသာတာကြောင့် နွေရာသီပိတ်ရက်များ၌ ရွာကို မပြန်လာနိုင်ခဲ့ပေ။ သူမ ကျောင်းဆက်တက်နိုင်ရန်အတွက် လုံ့လဝီရိယရှိစွာဖြင့် အလုပ်လုပ်နေခဲ့ရသည်။ အထက်တန်းကျောင်းပြီးကတည်းက သူမအတန်းဖော်များနှင့် ပြန်လည်ပေါင်းစည်းပွဲကို မတက်ရောက်ဖူးပေ။ အတန်းထဲ၌ လှပသော မိန်းကလေးဖြစ်ခဲ့တာနှင့်အညီ သူမက လူပြောများခဲ့သည်။
ရွှီဖန်းအတွက်မူ အထက်တန်းကျောင်းပြီးကတည်းက ပြည်နယ်မှာ အလုပ်တက်လုပ်နေခဲ့ရသည်။ ပထမဦးစွာ သူ့မှာ အချိန်မရှိပေ၊ ဒုတိယအနေနှင့် ထိုကဲ့သို့
ချမ်းသာပြီးကြွားလုံးထုတ်ကြသည့် ပွဲကို သူမတက်ချင်ခဲ့ပေ။
နှစ်ယောက်စလုံးက ထိုကဲ့သို့ ပြန်လည်ပေါင်းစည်းပွဲကို တစ်ခါမှ မသွားရသေးပေ။ သူတို့ အခုမှ မသွားလျှင် အကုန်လုံးက သူတို့ကို အတင်းတုတ်ကြလိမ့်မည်။
"ဒါက..."
ဝူယွီရွှမ်း၏ ရှင်းပြမှုကြောင့် ရွှီဖန်းလည်း စပြီးတွေးဆလာသည်။ သူမပြောတာလည်း မမှားပေ။ အခုဆိုလျှင် သူမ၏ စစ်တလင်းက ခရိုင်မြို့တော်နှင့် အထက်တန်းတုန်းက အတန်းဖော်ဟောင်းများဖြစ်သည်။ အနာဂါတ်မှာ သူတို့နှင့် ထပ်တွေ့နိုင်မလားဆိုတာက မသေချာပေ။ ပြန်လည်ပေါင်းစည်းပွဲကို မသွားရလျှင် သူမအတွက် အလွန်ရက်စက်ရာ ကျလိမ့်မည်။ ဒါ့အပြင် သူနှင့် နှစ်အတော်ကြာ မတွေ့ခဲ့ရသည့် သူငယ်ချင်းတချို့ ရှိနေသည်။ ထိုလူများနှင့် စကားပြောရန်အတွက်တော့ သူစိတ်ဝင်စားပေသည်။
"ဟဲဟဲ ဟိုအမွေးထူကောင် အားမောင်ရော လာမှာလား"
"ဖီး!"
အမွေးထူကောင်ဆိုတာ အထက်တန်းတုန်းက ရွှီဖန်း၏ အကောင်းဆုံး သူငယ်ချင်းပင်။ ရွှီဖန်းက အမွေးထူကောင်ဟု မေးလာတာကြောင့် ဝူယွီရွှမ်းမနေနိုင်ဘဲ ရယ်မိသွားသည်။
သူမ ခေါင်းကိုခါယမ်းလိုက်ကာ....
"ဒီပွဲကို ဖန်တီးထားတာ အားမောင်ပဲလေ"
"ကောင်းပြီ"
ဒါကလည်း ရွှီဖန်းမျှော်လင့်ထားတာဖြစ်သည်။ အထက်တန်းတုန်းက မောင်မောင်သည် ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ပြီး ရန်ပွဲဖြစ်ရတာ ကြိုက်နှစ်သက်သူဖြစ်တာကြောင့် ဒီလိုပေါင်းစည်းပွဲကို ဖန်တီးခဲ့တဲ့လူဆိုတာ သိလိုက်ရသည့်အခါ အံ့သြစရာတော့ မရှိခဲ့ပေ။
"ဒီကောင်ကတော့"
အတိတ်ကိုပြန်တွေးရင်း ရယ်ရခက် ငိုရခက်ဖြစ်ကာ ရွှီဖန်း ခေါင်းခါယမ်းမိသည်။
"ကောင်းပြီလေ၊ ကိစ္စတွေက ဒီလိုဖြစ်သွားမှတော့ သွားဆင်နွှဲကြတာပေါ့"
"မနက်ဖြန် ငါမင်းကို လာခေါ်မယ်၊ တူတူသွားကြတာပေါ့"
"အာ ကောင်းပြီလေ၊ တူတူသွားကြမယ်"
လွန်ခဲ့သည့်နှစ်ရက်က ရွှီဖန်းကားဝယ်လိုက်မှန်း ဝူယွီရွှမ်း မသိသေးပေ။ ဒါကြောင့် ရွှီဖန်းက သုံးဘီးဖြင့် လာခေါ်မည်ဟု သူမထင်ထားခဲ့သည်။ ဝူယွီရွှမ်းက ကိန်းကြီးခမ်းကြီးနိုင်တဲ့သူမဟုတ်တာကြောင့် အများကြီးတွေးမနေဘဲ သဘောတူခဲ့သည်။
ဒုတိယနေ့ကို ရောက်လာကာ ရွှီဖန်းလည်း မနက်
စောစော နိုးလာသည်။ ပြန်လည်ပေါင်းစည်းပွဲသွားရန်
သဘောတူထားပြီးပြီဖြစ်တာကြောင့် စောစောသွားသင့် မသွားသင့်ကို စဥ်းစားခဲ့သည်။
ပြင်ဆင်ပြီးနောက် ဝူယွီရွှမ်းကို အခုလာခေါ်မည်ဆိုသည့်အကြောင်းပြောကာ ဖုန်းချခဲ့သည်။
****************