အခန်း (၂၄၇၃-၂၄၇၅)
Vol. 101 Ch. 2473-2475
အပိုင်း (၂၄၇၃)
သူ့ဆီသို့ တိုးဝင်လာနေသည့် သွေးလက်ဝါးကြီးကို ကြည့်ရင်း ရန်ကိုင်သည် လက်ဝါးတစ်ချက် ချက်ချင်း ပြန်ရိုက်ထုတ်လိုက်လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ပေါက်ကွဲသံများနှင့်အတူ လေပြင်းများ တိုက်ခိုက်လာခဲ့ပြီး တိမ်စိုင်တိမ်တိုက်များ ပျက်ပျယ်ကုန်လေသည်။ စွမ်းအင်လှိုင်းများသည်လည်း အဘက်ဘက်သို့ ဖြာထွက်လာကုန်ကြလေ၏။ အသက်တစ်ရှိုက်စာခန့် ကြာပြီးသည့်နောက်တွင် လက်ဝါးချက်ကြီးနှစ်ခုစလုံး တစ်ခုကိုတစ်ခု ချေဖျက်ရင်း ပျောက်ကွယ်သွားခဲ့ကြလေသည်။
ရန်ကိုင်သည် တောင်တစ်လုံးနှယ် မားမားမတ်မတ်ရပ်တည်ရင်း လေပေါ်၌ ဝဲနေခဲ့လေ၏။
အမြုတေပင်လယ်ထဲရှိ တစ်နေရာဆီမှ အံ့အားသင့်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် ကောင်းကင်စိတ်အာရုံ တစ်ခုသည် ရန်ကိုင်အား ခေါင်းအစခြေအဆုံး လာရောက်စစ်ဆေးကြည့်လေသည်။ ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိသေးကြောင်း တွေ့လိုက်ရသော် ရန်ကိုင်အား တိုက်ခိုက်လိုက်သည့် ဧကရာဇ်အဆင့် ပညာရှင်မှာ လုံးဝကို အံ့ဩမှင်တက်သွားလေသည်။
သူ့လက်ဝါးချက်ကို ခုခံနိုင်သည့် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးကို သူတစ်ခါမှ မတွေ့ခဲ့ရဖူးချေ။ သူသည် ဧကရာဇ်အဆင့်သို့ ရောက်ထားသည်မှာ မကြာသေးသော်ငြား ဤအမြုတေပင်လယ်အတွင်းပိုင်းသို့ ဝင်လာရင်းမှ သူ့လက်ချက်ဖြင့် သေသွားခဲ့ရသည့် တာအိုသခင်အဆင့် ကျင့်ကြံသူ ခုနှစ်ဦး ရှစ်ဦးခန့် ရှိနေပြီးလေပြီ။ ဧကရာဇ်အဆင့်နှင့် တာအိုသခင်အဆင့်သည် လုံးဝကို မတူကွဲပြားသည့် အဆင့်ကြီးနှစ်ခုသာ ဖြစ်လေ၏။
သို့သော်ငြား သူ့ကျင့်ကြံခြင်းသည် ရန်ကိုင့်အပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
ရန်ကိုင့်အား မသတ်နိုင်ခဲ့ရုံမက ဒဏ်ရာရသွားအောင်ပင်လျှင် မလုပ်နိုင်ခဲ့ချေ။
ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်က ကျင့်ကြံဖို့ နေရာရှာရင်း ဒီနားက ဖြတ်သွားရုံပဲ… ရောင်းရင်း ဘာဖြစ်လို့ ဒီလောက်တောင် ရန်လိုနေရတာလဲ…”
ရန်ကိုင်သည် သူ့အား တိုက်ခိုက်လိုက်သည့် ဧကရာဇ်အဆင့် ပညာရှင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထိုလူ၏ ဆံပင်သည် သွေးထဲ ထိုးနှစ်ထားသည့်အလား နီရဲတောက်နေခဲ့သည်။ သူ့အရှိန်အဝါမှာလည်း အလွန်ကိုမှ ကြမ်းကြုတ်ကာ သွေးဆာလှပေသည်။ ရန်ကိုင်သည် ထိုလူကို မကြောက်သော်ငြား သူတို့ကြား မည်သည့်ရန်ငြိုးရန်စမှ မရှိသဖြင့် ဖြစ်နိုင်လျှင် အလကားသက်သက် ရန်ကိုင် မတိုက်ခိုက်ချင်ပေ။
သွေးနီရောင်ဆံပင်နှင့်လူငယ်လေးသည် ရန်ကိုင့်အား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ပြောလိုက်လေ၏။ “မင်းသွားလို့ရပြီ… ဒါပေမဲ့ ငါနဲ့ မိုင်တစ်ထောင်အတွင်းကို ကပ်မလာနဲ့…”
“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီးနောက် ထိုနေရာမှ ချက်ချင်း ထွက်ခွာလာခဲ့လေသည်။
ထိုလူငယ်လေးပြောသည်ကို ကြားပြီးသည့်နောက်တွင် ဤနေရာ၌ ဘာကြောင့် ဧကရာဇ်အဆင့် ပညာရှင်များသာ ရှိနေမှန်း ရန်ကိုင် နားလည်သွားတော့လေသည်။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးတည်းမှပင်လျှင် မိုင်တစ်ထောင်လောက် အကျယ်အဝန်းအား အပိုင်သိမ်းထားလေရာ အခြားသူများအတွက် မည်ကဲ့သို့များ နေရာများများစားစား ကျန်ပါဦးမည်နည်း။
သို့သော်ငြား ဤလောကကြီးတွင် မည်သူမှ တရားမျှတမှုအကြောင်း ပြောနေလိမ့်မည် မဟုတ်ချေ။ အားကောင်းသူသည် သူတို့စိတ်ကြိုက် ပြုမူနိုင်ပေသည်။ ဤကဲ့သို့သော ဧကရာဇ်အဆင့် ပညာရှင်များကို လာရောက်စိန်ခေါ်ရဲသည့် တာအိုသခင်အဆင့် ပညာရှင်များမှာတော့ အစောပိုင်းက ကျွန်းများပေါ်တွင် ရန်ကိုင်တွေ့ခဲ့ရသည့် အလောင်းများကဲ့သို့ ဖြစ်သွားကြရပေလိမ့်မည်။
တစ်နာရီခန့်ကြာအောင် ပျံသန်းလာပြီးသည့်တိုင် ရန်ကိုင်သည် သွေးနီရောင်ဆံပင်နှင့် လူငယ်လေးဆီမှ မိုင်တစ်ထောင်ကျော်အကွာခန့်သို့ ရောက်လာခဲ့ပါသော်ငြား ခြေချစရာနေရာတစ်ခုအား ရှာမတွေ့သေးချေ။ တွေ့လိုက်သည့်ကျွန်းများအားလုံးမှာလည်း အခြားသူများ၏ တိုက်ခိုက်ထားခြင်း ခံရသည့်အလား ပျက်စီးနေကုန်ကြလေ၏။ ဤနေရာတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်များသည် အသစ်ရောက်လာမည့်လူများ ခြေချစရာနေရာ မရှိစေရန်အလို့ငှာ ဤကျွန်းများကို ဖျက်ဆီးထားကြခြင်းမှန်း သိသာလှသည်။
ထိုစဉ် အောက်ဘက်ဆီမှ ကမ္ဘာပျက်မတတ် အဖျက်စွမ်းအားကို သယ်ဆောင်လာသည့် လှံအလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ထိုးဖောက်ရင်း ရန်ကိုင့်မျက်နှာတည့်တည့်သို့ မျက်တောင်တစ်ခတ်အတွင်း တိုးဝင်လာခဲ့လေသည်။ လှံအလင်းတန်းဆီမှ ဖြာထွက်နေသည့် အဖျက်စွမ်းအားကြောင့် ရန်ကိုင်၏အရေပြားသည်ပင်လျှင် အနည်းငယ်နာသလို ဖြစ်သွားခဲ့ရသည်။
လှံအလင်းတန်းနှင့်အတွေ့တွင် သတိလက်လွတ် မပြုမူရဲသည့်အတွက်ကြောင့် ရန်ကိုင်သည် အနန္တဓါးကိုထုတ်၍ ချက်ချင်း ပြန်ခုတ်ချလိုက်လေသည်။
မျက်စိကျိန်းမတတ် ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တိုးဝင်လာသည့် လှံအလင်းတန်းတည့်တည့်သို့ တိုးဝင်သွားခဲ့လေ၏။
“ဘုန်း…”
“ဟမ်… တာအိုသခင်အဆင့် ကျင့်ကြံခြင်းလေးနဲ့ ဒီသခင်လေးရဲ့ တိုက်ကွက်ကို တားနိုင်တယ်ပေါ့… ထူးဆန်းလိုက်တာ…” အောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုလူသည် အစောပိုင်းက ဆံနီလူငယ်လေးကဲ့သို့ပင် အံ့အားသင့်နေသည့်ပုံပင်။
ရန်ကိုင်က စူပုပ်ပုပ်မျက်နှာထားဖြင့် ပြန်၍ ပြောလိုက်လေသည်။ “မင်းတို့ဧကရာဇ်အဆင့်ပညာရှင်တွေ အကုန်လုံး ဒီလောက်နေရာအကျယ်ကြီး ရထားတာတောင် ဘာဖြစ်လို့ မင်းတို့နားက ဖြတ်သွားတဲ့လူတိုင်းကို အလစ်ချောင်းတိုက်ခိုက်နေကြတာလဲ… ကိုယ့်ကိုယ်ကို မရှက်တတ်ကြဘူးလား…”
ထိုလူက ဝါးလုံးကွဲအော်ရယ်မောရင်း ပြန်၍ပြောလိုက်လေ၏။ “လုံလောက်တဲ့ခွန်အားမရှိဘဲနဲ့ မင်း ဒီကိုလာရဲရင်တော့ သေဖို့ရွေးလိုက်သလို ဖြစ်သွားမှာပဲ…” တစ်ချက်မျှရပ်ပြီးနောက် ထိုလူက ဆက်ပြောလိုက်လေ၏။ “ဒါပေမဲ့ မင်း ဒီနေရာအထိ ရောက်လာတယ်ဆိုမှတော့ ချီကွေ့ရဲ့ စမ်းသပ်ချက်ကို အောင်မြင်သွားပြီလို့ ငါယူဆလိုက်တော့မယ်…”
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေသည်။ “ဆံနီကောင်ကို ပြောတာလား…”
“ဟုတ်တယ်…”
“အဲ့ဆံနီကောင်လည်း မင်းလိုပဲ… ငါ သူ့နားကဖြတ်သွားတာနဲ့ ငါ့ကို အလစ်ချောင်းတိုက်ခိုက်တာ… ဒါပေမဲ့ သူ့တိုက်ကွက်ကို ခုခံလိုက်နိုင်လို့ဆိုပြီး ငါ့ကို သွားခွင့်ပေးလိုက်တယ်…” ရန်ကိုင်က မကျေမနပ်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
“မဆန်းပါဘူးလေ…” ထိုလူက ခေါင်းညိတ်လျက် သူ့လက်အား ဝှေ့ယမ်းရင်း ပြောလိုက်လေသည်။ “မင်းသွားလို့ရပြီ… ချီကွေ့က မင်းကို သွားခွင့်ပေးလိုက်တယ်ဆိုမှတော့ မင်းက အလားအလာရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်… ငါမင်းကို ဘာမှ ဆက်ပြီး စမ်းသပ်မနေတော့ဘူး…”
ရန်ကိုင်ကမူ အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်လေ၏။
“အထဲမှာ ဧကရာဇ်အဆင့်ပညာရှင်တွေ ဘယ်လောက်ထပ်ရှိသေးလဲ… သူတို့ရော ငါ့ကို ထပ်တိုက်ခိုက်ဦးမှာလား…” ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် မေးလိုက်လေ၏။
ထိုသို့သာဆိုလျှင်တော့ သူ့ခွန်အားကို ဖုံးကွယ်ထားတော့လိမ့်မည် မဟုတ်ချေ။ လာသမျှ ပြဿနာအလုံးစုံကိုသာ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရတော့မည်။
သို့သော်ငြား ဘာကြောင့်မှန်းမသိ ရန်ကိုင့်၏အမေးကို ကြားပြီးသည့်နောက်တွင် ထိုလူ၏အမူအယာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ကောင်လေး… မင်း စကားများလွန်းအားကြီးတယ်… ငါမင်းကို သွားခွင့်ပေးပြီးသွားရင် သွားလိုက်ပေတော့… အပိုစကားတွေ လာပြောမနေနဲ့… မသွားချင်ဘူးဆိုရင် ငါမင်းကို ဒီမှာ တစ်သက်လုံးနေရအောင် လုပ်ပေးပစ်လိုက်မှာ…”
ရန်ကိုင်လည်း ဘာမှဆက်မပြောတော့ဘဲ နှာခေါင်းတစ်ချက်ရှုံ့၍သာ ထိုနေရာမှ ထွက်လာခဲ့လိုက်လေသည်။
သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့ကိုယ်သူ နှိမ့်ချ၍ မနေတော့ပေ။ အခြားသူများအာရုံစိုက်စရာ ဖြစ်လာအောင် သူ၏အရင်းအမြစ်ချီကို အရူးအမူး လှည့်ပတ်ထားလိုက်လေသည်။ သို့မှသာလျှင် အဝေးတွင်ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်များသည် ရန်ကိုင့်၏ အရှိန်အဝါစွမ်းအားကို ခံစားမိကြပေလိမ့်မည်။
ရန်ကိုင်မှ ထိုကဲ့သို့ လုပ်လိုက်သည့်အတွက်ကြောင့်လား မသိရာ၊ လမ်းတစ်လျှောက်တွင် ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦး၏ အရှိန်အဝါကို ခံစားမိလိုက်သော်ငြား ထိုနှစ်ဦးစလုံး ရန်ကိုင့်အား ပထမနှစ်ဦးကဲ့သို့ အလစ်ချောင်းတိုက်ခိုက်ခြင်းမရှိချေ။ ရန်ကိုင့်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် မသိကျေးကျွံသာ ပြုထားခဲ့ကြလေ၏။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ခြေချစရာနေရာတစ်ခုအား ရန်ကိုင်ရှာတွေ့သွားလေသည်။
ထိုကျွန်းမှာ အတော်လေးကိုမှ ကျယ်ဝန်းပေသည်။ အနည်းဆုံး မီတာတစ်ထောင်အချင်းဝက်ခန့် ရှိပေ၏။
ဤကဲ့သို့သော အရွယ်အစားကြီးမားလှသည့် ကျွန်းများကို အမြုတေပင်လယ်ထဲတွင် တွေ့ရခဲလှပေသည်။ ကျွန်းငယ်လေးများကို နေရာအနှံ့တွင် ရှာတွေ့နိုင်ပါသော်ငြား ထိုကျွန်းငယ်လေးများသည် တကယ့်ကျွန်းအစစ်များ မဟုတ်ကြပေ။ လက်ရှိ ရန်ကိုင်တွေ့သွားသည့် ကျွန်းမှာမူ အနည်းဆုံး လူတစ်ရာလောက်နေလို့ရသည့် ကျွန်းတစ်ကျွန်း ဖြစ်လေ၏။
ဤကျွန်းအား ရှာတွေ့ပြီးသည့်နောက် ရန်ကိုင့်မှာ အလွန်ကိုမှ ကျေနပ်သွားတော့လေသည်။ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့အား ဤနေရာသို့လာရန် လှမ်းပြောလိုက်ချင်ပါသော်ငြား ဧကရာဇ်အဆင့် ပညာရှင်များ၏ တုံ့ပြန်မှုကို ပြန်သတိရပြီးသည့်နောက် ထိုကဲ့သို့မလုပ်ရန် ဆုံးဖြတ်လိုက်လေ၏။
ရန်ကိုင်ကိုယ်တိုင်သာ သွားမခေါ်ပါက ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့အနေဖြင့် ထိုဧကရာဇ်အဆင့်ပညာရှင်များ၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် ချက်ချင်း တင်ပလင်ခွေထိုင်ချလျက် အမြုတေစွမ်းအားအချို့ကို စတင်စုပ်ယူလိုက်လေသည်။ မကြာမီ ရန်ကိုင့်မျက်နှာတစ်ခုလုံး ပြုံးရွှင်လာခဲ့လေသည်။ အကြောင်းမှာ ဤနေရာရှိ အမြုတေစွမ်းအားသည် ပြင်ပတွင်ရှိနေသည့် အမြုတေစွမ်းအားထက် ပို၍ သန့်စင်သိပ်သည်းနေသည့် အတွက်ကြောင့်ပင်လျှင်။ ဤနေရာရှိ အမြုတေစွမ်းအားကို စုပ်ယူရသည်မှာလည်း ပို၍လွယ်ကူပေသည်။
ရန်ကိုင်သည် အမြုတေစွမ်းအားကို အလျင်စလို မစုပ်ယူသေးဘဲ ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် အရင်ဦးစွာ စစ်ဆေးကြည့်ခဲ့၏။ သူ့ပတ်ပတ်လည်တွင် မည်သူမှ ရှိမနေမှန်း အတည်ပြုပြီးသည့်နောက်တွင် သူ့လက်အား ဝှေ့ယမ်းလျက် ကျောက်တုံးကိုယ်ပွားကို ဆင့်ခေါ်လိုက်လေသည်။ ကျောက်တုံးကိုယ်ပွား၏ အလေးချိန်ကြောင့် ရန်ကိုင်ရှိနေသည့်ကျွန်းသည် ပင်လယ်ရေပြင်ထဲသို့ပင် အနည်းငယ် နိမ့်ဆင်းသွားခဲ့လေသည်။
လက်ရှိ သူ့ပတ်ပတ်လည်တွင် မည်သူမျှ မရှိသည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားအား အခြားသူများ ရှာတွေ့သွားမည်ကို ရန်ကိုင် စိတ်မပူချေ။ ထို့အပြင် ဤနေရာ၌ အလွန်ကိုမှ များပြားလှသော အမြုတေစွမ်းအားများ ရှိနေခဲ့လေရာ ရန်ကိုင့်အနေဖြင့် တစ်ယောက်တည်း စုပ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားကိုပါ ဆင့်ခေါ်၍ စုပ်ယူခိုင်းလိုက်ခြင်းဖြစ်လေသည်။
ကျောက်တုံးကိုယ်ပွားသည် အဆင့်တစ်ဆို့သည့်အခြေအနေနှင့် ကြုံနေရပြီဟု ရန်ကိုင့်အား ပြောခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူကျင့်ကြံနေသည့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ၌ ပြစ်ချက်တစ်ခု ရှိနေသည့်အတွက်ကြောင့် ဖြစ်နိုင်ပါသော်ငြား ကျောက်တုံးကိုယ်ပွားသည်သာ အမြုတေစွမ်းအားများကို စုပ်ယူသန့်စင်နိုင်မည်ဆိုပါက ထိုအဆင့်တစ်ဆို့နေသည့် အတားအဆီးကို ကျော်ဖြတ်ကောင်း ကျော်ဖြတ်သွားနိုင်ပေသည်။
ရန်ကိုင်ပြောနေစရာပင်မလိုဘဲ ကျောက်တုံးကိုယ်ပွားသည် အပြင်သို့ရောက်သည်နှင့် ချက်ချင်း တင်ပလင်ခွေထိုင်ချကာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အသက်သွင်းလိုက်လေသည်။
တစ်ချိန်တည်းတွင်လည်း ကြယ်သန့်စင်ခြင်းပညာရပ်ကိုပါ အသက်သွင်းလိုက်လေသည်။ ကျောက်တုံးကိုယ်ပွားသည် ကြယ်သန့်စင်ခြင်းပညာရပ်ကိုသုံး၍ ဟုန်းလော့ကြယ်စီရင်စုထဲကြီးရှိ လွင့်မျောတိုက်ကြီးအား စုပ်ယူဝါးမျိုခဲ့သည့် မဟုတ်ပေလော။ ထို့ကြောင့်ပင်လျှင် သူ့ခန္ဓာကိုယ်ကြီး ဤမျှ ကြီးမားနေရခြင်း ဖြစ်လေသည်။ ကျောက်တုံးကိုယ်ပွားအား လွှတ်ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုမျှနှင့်ပင် မရပ်တန့်လိုက်သေးဘဲ လက်ကွက်အချို့ ဖန်တီး၍ ကမ္ဘာငယ်လေး၏ မျက်နှာပြင်ထက် အပေါက်တစ်ပေါက်ကို ဖန်တီးပေးလိုက်လေသည်။ ထိုအပေါက်မှတစ်ဆင့် ပင်လယ်ထဲရှိ အမြုတေစွမ်းအားများမှာ ကမ္ဘာငယ်လေးထဲသို့ အရူးအမူး စီးဝင်ကုန်လေ၏။
ထိုကိစ္စများကို လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မျက်လုံးပိတ်၍ ကြယ်သန့်စင်ခြင်းပညာရပ်ကို အသက်သွင်းကာ အမြုတေစွမ်းအားများကို သူ့ဘာသာ စုပ်ယူတော့လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင်ရှိနေသည့် ကျွန်းပေါ်တွင် ဧရာမဝဲကတော့ကြီးတစ်ခု ဖြစ်တည်လာသည့်အလား အနီးအနားဝန်းကျင်တွင်ရှိနေသော အမြုတေစွမ်းအားများကို အရူးအမူးဝါးမျိုပစ်တော့လေသည်။
ကြယ်သန့်စင်ခြင်းပညာရပ်နှင့်တကွ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကိုပါ အသက်သွင်းထားသော ကျောက်တုံးကိုယ်ပွားသည် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည့်အလား အမြုတေစွမ်းအားများကို အဆက်မပြတ် စုပ်ယူဝါးမျိုပစ်နေလေသည်။
ကမ္ဘာငယ်လေး၏ စုပ်ယူနိုင်စွမ်းမှာတော့ ကျောက်တုံးကိုယ်ပွားထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေပေသေးသည်။
ထိုနှစ်ဦးနှင့်ယှဉ်လိုက်သော် ရန်ကိုင့်၏စုပ်ယူနိုင်စွမ်းမှာ အတော်လေးကိုမှ နိမ့်ကျသွားခဲ့ရလေသည်။ သို့သော်ငြား ကြယ်သန့်စင်ခြင်းပညာရပ်၏ အကူအညီကြောင့် ရန်ကိုင်စုပ်ယူနေသည့်နှုန်းမှာ သာမန်ကျင့်ကြံသူများ စုပ်ယူသည့်နှုန်ထက် အများကြီး ပိုမိုမြန်ဆန်နေပေသေးသည်။
အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်တို့၏လုပ်ရပ်မှာ ပိုပို၍ သိသာထင်ရှားလာသလို ပိုပို၍လည်း ကြောက်မက်ဖွယ်ကောင်းလာလေတော့သည်။ ကျယ်ပြောလှသည့် အမြုတေပင်လယ်ထဲရှိ အမြုတေစွမ်းအားများသည် သံလိုက်စွမ်းအင်တစ်ခု၏ ဆွဲယူခြင်း ခံလိုက်ရသည့်အလား ရန်ကိုင်ထိုင်နေသည့် ကျွန်းဆီသို့ တဖြည်းဖြည်းချင်း စီးဆင်းလာတော့လေသည်။
ရန်ကိုင့်၏လုပ်ရပ်သည် အမြုတေပင်လယ်တစ်ခုလုံးအား သက်ရောက်သွားခဲ့ပါသော်ငြား ကာယကံရှင်ဖြစ်သော ရန်ကိုင်မှာမူ ဘာကိုမှ သတိမထားမိခဲ့ချေ။
တဖြည်းဖြည်းနှင့် အမြုတေပင်လယ်၏ အဖျားပိုင်းတွင်နေ၍ အမြုတေစွမ်းအင်ကို စုပ်ယူနေကြသော ကျင့်ကြံသူများမှာ တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိလာကြလေသည်။ အကြောင်းမှာ အမြုတေပင်လယ်ကြီးသည် တဖြည်းဖြည်းနှင့် သေးသည်ထက် သေးလာသည့်အတွက်ကြောင့်ပင် ဖြစ်လေ၏။ မူလက သူတို့ထိုင်နေခဲ့သည့် နေရာသည် ကမ်းစပ်နှင့် အတော်လေးကိုမှ ဝေးကွာပါသော်ငြား တဖြည်းဖြည်းနှင့် ကမ်းစပ်နှင့်သူတို့ကြားရှိ အကွာအဝေးမှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာခဲ့လေသည်။
ထိုအဖြစ်အပျက်သည် အမြုတေပင်လယ်ထဲတွင်နေ၍ အမြုတေစွမ်းအားကို စုပ်ယူနေကြသော ကျင့်ကြံသူပေါင်းများစွာအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့ကြလေသည်။ ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၇၄)
အမြုတေပင်လယ်၏ အရွယ်အစား လျော့ကျလာခြင်းသည် နယ်မြေလုပွဲများကို တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာစေခဲ့လေသည်။ ဤသို့ဖြင့် အမြုတေပင်လယ်၏ အပြင်ပိုင်းတစ်ခုလုံးမှာ ကသောင်းကနင်းကို ဖြစ်လာတော့လေ၏။
ထိုအခြေအနေသည် အတွင်းပိုင်းဆီသို့ မရောက်သေးသော်ငြား အချိန်ကြာလာသည်နှင့်အမျှ အမြုတေပင်လယ်၏ အတွင်းပိုင်းတွင်ရှိနေသော ကျင့်ကြံသူများသည်လည်း ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကျိန်းသေ ကြုံတွေ့ရပေလိမ့်မည်။
တစ်ချိန်တည်းတွင် အမြုတေပင်လယ်မှ ဝေးကွာသော နေရာတစ်ခုတွင် ရှိနေသည့် ကြယ်ပျက်တစ်ခုပေါ်၌…
ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်သွားခဲ့သည့်အလား ကြယ်ပျက်တစ်ခုလုံးသည် ပရမ်းပတာဖြစ်နေသော စွမ်းအင်လှိုင်းများဖြင့် ပြည့်နေခဲ့လေသည်။
လက်ရှိအချိန်၌ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးသည် ကျင့်စဉ်တစ်မျိုးမျိုး၏ ချုပ်နှောင်ခြင်း ခံထားရသည့်အလား မြေပြင်ပေါ်တွင် မလှုပ်မလှက် လဲနေကြလေ၏။ နှစ်ဦးစလုံးမှာ မသေကြသေးသော်ငြား လှုပ်မရသည့်အတွက်ကြောင့် မလှမ်းမကမ်းတွင်ရှိနေသော သက်လတ်ပိုင်းလူကြီးကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် တုတ်ခိုင်ထွားကျိုင်းသည့် လူထွားကြီးတစ်ဦးဖြစ်ပြီး ၎င်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ ကသိကအောက် ဖြစ်စေလွန်းလှပေသည်။ သူ့မျက်လုံးများမှာတော့ ခြောက်ခြားဖွယ်ရာအလင်းရောင်တို့ဖြင့် တလက်လက်တောက်ပနေ၏။
လူထွားကြီး၏ ခန္ဓာပေါ်တွင် အရိုးထိတိုင် ဖောက်မြင်နေရသော အသားများပဲ့ထွက်နေသည့် ဒဏ်ရာကြီးကြီးမားမားများ ရှိနေခဲ့လေသည်။ သွေးများသည် ထိုဒဏ်ရာများဆီမှ ဒရဟောစီးကျနေခဲ့ရာ လူထွားကြီး၏ပုံစံမှာ အတော်လေးကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။
သို့ရာတွင် သက်လတ်ပိုင်းလူကြီးမှာတော့ မည်သည့်နာကျင်မှုကိုမှ မခံစားရဘဲ ထိုဒဏ်ရာရနေသည့် ခံစားချက်ကိုပင်လျှင် နှစ်ခြိုက်နေသည့်အလား ပြုံးဖြီးနေခဲ့လေသည်။
“ခင်ဗျား… ခင်ဗျား ဘယ်သူလဲ…” မြေပြင်ပေါ်တွင် လှဲလျောင်းနေရသောလူသည် သက်လတ်ပိုင်းလူကြီးအား ကြောက်လန့်တကြားဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးသည် ထိုလူအား စောင်းကြည့်လျက် ရေရွတ်လိုက်လေသည်။ “သေတော့မယ့်လူက ဘာတွေ ဒီလောက် သိချင်နေတာလဲ…”
“ခင်ဗျား… ခင်ဗျား ကျုပ်တို့ကို သတ်ချင်နေတာလား…” ထိုစကားကိုကြားသည့်အခါ စကားပြောလိုက်သည့်လူမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဒေါသတကြီးဖြင့် ပြန်၍ပြောလိုက်လေသည်။ “ကျုပ်ဂျူနီယာညီမနဲ့ ကျုပ်က ခင်ဗျားကို ဘာမှလုပ်ခဲ့တာမဟုတ်ဘူးလေ… ဘာဖြစ်လို့ အခုလိုမျိုး လုပ်ချင်နေရတာလဲ…”
ထိုနှစ်ဦးသည် သူတို့ဘာသာ အမြုတေစွမ်းအားကို အေးအေးဆေးဆေး စုပ်ယူနေခြင်း ဖြစ်လေသည်။ သို့သော်ငြား သက်လတ်ပိုင်းလူကြီးသည် ကောင်းကင်ပေါ်မှ ရုတ်တရက် ပြုတ်ကျလာခဲ့ပြီး သူတို့အား မပြောမဆိုနှင့် တိုက်ခိုက်ခဲ့ပေသည်။
သူတို့ဘက်မှ လူအရေအတွက် ပိုသာနေသည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား သက်လတ်ပိုင်းလူကြီး၏ ခွန်အားမှာ သူတို့မျှော်မှန်းထားသည်ထက်ကို ကျော်လွန်နေခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် သူတို့နှင့်အဆင့်တူသာ ဖြစ်ပါသော်ငြား သူ့ခွန်အားသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်နိုင်သည့် အရာမဟုတ်ပေ။ ထို့အတွက်ကြောင့် စီနီယာအစ်ကိုနှင့် ဂျူနီယာညီမစုံတွဲမှာ အလွယ်တကူ အနိုင်ယူခံလိုက်ရလေ၏။
“မင်း နားလည်မှုလွဲနေပြီ…” သက်လတ်ပိုင်းလူကြီးက ညစ်ကျယ်ကျယ်ပြုံးရင်း ပြန်ပြောလိုက်လေသည်။ “ဒီဘုရင် မင်းတို့ကို သတ်မှာမဟုတ်ဘူး…”
“မသတ်ဘူးလား…” ထိုစကားကိုကြားသည့်အခါ အမျိုးသမီးက ပြုံးလျက် တောင်းဆိုလိုက်လေသည်။ “ဆရာ… ရှင်သာ ကျွန်မတို့ကို မသတ်ဘူးဆိုရင် ရှင်ဘာပဲတောင်းဆိုတောင်းဆို ကျွန်မတို့ ဖြည့်ဆည်းပေးပါ့မယ်…”
ထိုစကားကိုကြားသည့်အခါ အစောပိုင်းက စကားပြောလိုက်သည့်အမျိုးသားသည် အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်သွားသည့်အလား မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်လေ၏။ “ဂျူနီယာညီမ နင်….”
ကြည့်ရသလောက် ထိုလူသည် သူ့ဂျူနီယာညီမ၏ တကယ့်ပုံစံကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည့်ပုံပင်။ သူတို့နှင့် ဘာဆိုဘာမှ မသိသော သက်လတ်ပိုင်းလူကြီးအား ထိုကဲ့သို့သော စကားမျိုးကို ပြောလိုက်နိုင်သည့် သူ့ဂျူနီယာညီမကို ကြည့်ရင်း အမျိုးသား၏ရင်ထဲ နာကျင်လာခဲ့ရလေသည်။
“တောင်းဆိုသမျှကို ဖြည့်ဆည်းပေးမယ် ဟုတ်လား…” သက်လတ်ပိုင်းလူကြီးသည် ယဲ့ယဲ့လေးပြုံးလျက် အမျိုးသမီးအား စိုက်ကြည့်လာခဲ့လေသည်။
အမျိုးသမီးက အားတင်းပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဆရာသာ ကျွန်မကို မသတ်ဘူးဆိုလို့ရှိရင် ဆရာ ဘာပဲတောင်းဆို တောင်းဆို ကျွန်မ ဖြည့်ဆည်းပေးပါ့မယ်…”
ဘေးဘက်တွင် မလှုပ်မယှက်နှင့် နားထောင်နေရသော စီနီယာအစ်ကိုဆိုသူမှာတော့ ဒေါသထွက်လွန်းသည့်အတွက်ကြောင့် သွေးတစ်ပွက်ထိုးအန်ခါနီး ဖြစ်သွားခဲ့ရလေသည်။ သို့သော်ငြား မည်သည့်စကားမျှ ဝင်မပြောရဲခဲ့ပေ။
သက်လတ်ပိုင်းလူကြီးက ညစ်ကျယ်ကျယ်ပြုံးလျက် “ငါ နင့်ကို စားချင်တယ်ဆိုရင်ရော…”
ထိုစကားကိုကြားသည့်အခါ စီနီယာအစ်ကို၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ သက်လတ်ပိုင်းလူကြီးသည် လုံးဝကို အရှက်မရှိချေ။ ထို့နည်းတူစွာပင် သူတို့၌ ပြန်လည်ငြင်းခုံနိုင်သည့် အခွင့်အရေးလည်း ရှိမနေခဲ့ပေ။ သူတို့လုပ်နိုင်သည့်အရာဆို၍ ပြောသမျှလုပ်ရုံသာ ဖြစ်လေသည်။ သူ၏ ဂျူနီယာညီမသည်သာ သူမ၏ခန္ဓာကိုယ်ကို ရောင်းစား၍ သူတို့နှစ်ဦး၏အသက်ကို ကယ်တင်နိုင်မည်ဆိုလျှင် လက်မခံနိုင်စရာ အကြောင်းမရှိချေ။ တကယ်တော့ ဤလောကကြီးတွင် အရေးအကြီးဆုံးမှာ အသက်ရှင်ဖို့ရာပင် မဟုတ်လေလော။ သေသွားမည်ဆိုပါက မည်သည့်အရာမှ အဓိပ္ပာယ်ရှိတော့လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့စဉ်းစားမိလိုက်သည့်နောက်တွင် စီနီယာအစ်ကိုဆိုသည့်လူသည် အံကိုတင်းတင်းကြိတ်ကာ မျက်လုံးပိတ်၍ သူ့စိတ်အာရုံအလုံးစုံကို ပိတ်လှောင်ပစ်လိုက်တော့လေသည်။
“ကျွန်မကိုစားဖို့…” အမျိုးသမီး ရှက်သွေးဖြာသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ဒါဆိုရင် ငြင်ငြင်သာသာလေး လုပ်ပေးပါနော်…”
သက်လတ်ပိုင်းလူကြီးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားလာသည့်အလား တလက်လက်တောက်ပလာသည့် မျက်ဝန်းအစုံဖြင့် အမျိုးသမီးကို စိုက်ကြည့်၍ ခေါင်းညိတ်လိုက်လေ၏။ “စိတ်မပူနဲ့… ဒီဘုရင်ရဲ့ပုံစံက ရုပ်ကြမ်းပေမဲ့ ဒီဘုရင်က ငြင်သာတဲ့လူတစ်ယောက်ပဲ…”
ထိုသို့ပြောပြီးသည့်နောက် အမျိုးသမီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေ၏။
ထိုအချင်းအရာကိုမြင်သော် အမျိုးသမီးက အလျင်စလို တားလိုက်လေသည်။ “ကျေးဇူးပြုပြီး ဒီမှာမလုပ်လို့ရမလား… အခြားတစ်နေရာကို သွားလို့ အဆင်ပြေမလားဆရာ…”
အမျိုးသမီးသည် မည်မျှပင် အရှက်မဲ့နေစေကာမူ သူမ၏စီနီယာအစ်ကိုရှေ့၌ ဤကဲ့သို့လုပ်ရမည်ကို အတော်လေးရှက်ပေသည်။ ထို့အတွက်ကြောင့် အခြားလုံခြုံမည့် တစ်နေရာဆီသို့ သွားပါရန် သက်လတ်ပိုင်းလူကြီးအား တောင်းဆိုလိုက်လေ၏။
သက်လတ်ပိုင်းလူကြီးကမူ ရယ်သွမ်းသွေးလျက် ပြန်၍သာ ပြောလိုက်လေသည်။ “ဘယ်နေရာပဲဖြစ်ဖြစ် အတူတူပဲဟာကို…”
သက်လတ်ပိုင်းလူကြီးသည် ယနေ့ကိစ္စကို သူမစီနီယာအစ်ကိုရှေ့တည့်တည့်တွင် လုပ်ချင်နေသည့်ပုံစံကို ကြည့်ရသလောက် ၎င်း၏အကျင့်မှာ အတော်လေးကိုမှ ထူးဆန်းသည့်ပုံပင်။ ထိုအချက်ကို နားလည်သွားလိုက်သော် အမျိုးသမီးသည် သူမစီနီယာအစ်ကိုအား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။ သို့ရာတွင် သူမစီနီယာအစ်ကိုမှာ အခြားတစ်ဖက်သို့ ခေါင်းလှည့်လျက် မျက်လုံးအစုံကို ပိတ်ထားကြောင်း တွေ့လိုက်ရလေသည်။ သို့ရာတွင် ဒေါသကြောင့် သူ့ခန္ဓာကိုယ်မှာတော့ တဆတ်ဆတ်ကို တုန်ရီနေလေ၏။
သူမစီနီယာအစ်ကို အလွန်ကိုမှ ဝမ်းနည်းစိတ်ပျက်နေပြီမှန်း အမျိုးသမီး သိလိုက်ပေသည်။ သို့သော်ငြား ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအနေဖြင့် အံကိုကြိတ်၍ အရှိတရားကို လက်ခံရုံသာ တတ်နိုင်လေသည်။
သက်လတ်ပိုင်းလူကြီးသည် အမျိုးသမီးဆီသို့ ရောက်လာပြီးသည့်နောက် မီးတောက်မတတ်အကြည့်ဖြင့် အမျိုးသမီးအား ငုံ့ကြည့်လိုက်လေသည်။
ယခုအချိန်ရောက်လာသည့် အခါမှတော့ ဘာဆိုဘာမှ ပြောလို့ရတော့မည်မဟုတ်မှန်း သိလိုက်သည့်နောက်တွင် အမျိုးသမီး၏ ခန္ဓာကိုယ်လေး တုန်ရီလာခဲ့လေသည်။
“နင့်မျက်လုံးတွေကိုပိတ်ထားလိုက် ကလေး… ဖွင့်မကြည့်နဲ့…” သက်လတ်ပိုင်းလူကြီးက တိုးတိုးလေးပြောလိုက်လေ၏။
အမျိုးသမီးသည် သက်ပြင်းတစ်ချက်ရှူထုတ်လျက် သူမ၏မျက်လုံးများကို နာနာခံခံဖြင့် ပိတ်ပေးလိုက်လေသည်။ သို့သော်ငြား သူမစိတ်ထဲတွင်တော့ ထူးဆန်းနေသလို ခံစားနေရလေ၏။ အမျိုးသမီးပုံစံ ငယ်ရွယ်သည့်ပုံပေါက်သော်ငြား သူမသည် ကလေးတစ်ယောက် မဟုတ်တော့ချေ။ အမျိုးသားနှင့် အမျိုးသမီးကြားမှ ကိစ္စအကြောင်းကို ကောင်းကောင်း နားလည်ထားသည့် အရွယ်သို့ ရောက်နေခဲ့လေပြီ။ သို့သော်ငြား ဤလူတွင် အမှန်တကယ်ကို ထူးဆန်းသည့် အကျင့်စရိုက်များ ရှိသည့်ပုံပင်။
သက်လတ်ပိုင်းလူကြီးသည် သူ့လက်ကို ဆန့်ထုတ်၍ အမျိုးသမီးခါးအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေ၏။ သက်လတ်ပိုင်းလူကြီးမှာ အလွန်ကိုမှ တင်းတင်းကြပ်ကြပ် ဖက်ထားသည့် အတွက်ကြောင့် အမျိုးသမီးမှာ အသက်ရှူဖို့ရာပင် ရုန်းကန်လာရလေသည်။
တစ်ချိန်တည်းတွင် သက်လတ်ပိုင်းလူကြီး၏ အသက်ရှူနှုန်း မြန်ဆန်လာသည်ကိုလည်း အမျိုးသမီး သတိထားမိလိုက်သည်။ သက်လတ်ပိုင်းလူကြီး၏ နှာခေါင်းဝမှ ထွက်ပေါ်လာသည့် ပူနွေးနွေး နှာငွေ့ကြောင့် အမျိုးသမီး၏ လည်တိုင်တစ်လျှောက်လုံး ရဲတက်သွားခဲ့ရလေသည်။ သို့သော်ငြား ထိုအခိုက်အတန့်တွင် ခြောက်ခြားဖွယ်ရာ အသံတစ်သံကို အမျိုးသမီး ရုတ်တရက် ကြားလိုက်ရလေ၏။
“ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ…”
ထိုအသံကို ကြားပြီးသည်နှင့် တစ်ပြိုင်နက် သားရဲတစ်ကောင်ကောင်၏ ကိုက်ခဲခြင်း ခံလိုက်ရသည့်အလား သူမ၏လည်တိုင် နာကျင်သွားသည်ကို အမျိုးသမီး ခံစားလိုက်ရသည်။ အမျိုးသမီး၏မျက်နှာလေး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး အမြန် မျက်လုံးဖွင့်ကာ နောက်သို့ လှည့်ကြည့်လိုက်လေ၏။
သူမမျှော်မှန်းထားသည်နှင့် မတူညီစွာပင် သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများမှာ သွေးနီရောင်ရဲတက်နေခဲ့လေသည်။ တစ်ချိန်တည်းတွင် သူမလည်ပင်းကို ကိုက်ခဲ၍ သူမသွေးများကို စုပ်ယူနေခဲ့လေသည်။
ထိုမျှသာလျှင် မဟုတ်သေးဘဲ သက်လတ်ပိုင်းလူကြီးသည် နက်နဲဆန်းကြယ်သည့် ပညာရပ်တစ်မျိုးမျိုးကို အသုံးပြုထားသည့်အလား သူမ၏ အသက်စွမ်းအင်နှင့်တကွ ကျင့်ကြံခြင်းကိုပါ တစ်ပြိုင်တည်း စုပ်ယူပစ်နေလေသည်။
“အား…” သူမအား စားချင်နေသည်ဟူသော သက်လတ်ပိုင်းလူကြီး၏စကားမှာ အခြားတစ်မျိုးဖြစ်နေမှန်း နားလည်လိုက်သည့်နောက် အမျိုးသမီး ကြောက်လန့်တကြား ထအော်တော့လေသည်။ သက်လတ်ပိုင်းလူကြီးသည် သူမအား အရှင်လတ်လတ်ကို စားလိုခြင်းဖြစ်လေ၏။
“စီနီယာအစ်ကို… ကျွန်မကိုကယ်ပါဦး…” အမျိုးသမီးမှာ ကြောက်လန့်တကြား ထအော်တော့လေသည်။
သူ မမြင်ချင်သည့်အရာကို မမြင်ရလေအောင် မျက်လုံးပိတ်၍ အံကြိတ်ခံမည်ဟု တွေးထားသော စီနီယာအစ်ကိုသည် ဂျူနီယာညီမ၏ ကြောက်လန့်တကြားအော်ဟစ်သံနှင့် အကူအညီတောင်းသံကို ကြားသော် အလျင်အမြန် မျက်လုံးဖွင့်၍ လှည့်ကြည့်လာခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် သွေးစုပ်ဖုတ်ကောင်တစ်ကောင်အလား သူ၏ ဂျူနီယာညီမလည်ပင်းကို ကိုက်ခဲ၍ သွေးများကို တရစပ် စုပ်ယူနေခဲ့လေသည်။ သွေးများ အဆက်မပြတ် စုပ်ခံရပြီးသည့်နောက်တွင် သူ၏ဂျူနီယာညီမ၏ ချောမောလှပသော မျက်နှာလေးသည် လျင်မြန်စွာ အိုမင်းရင့်ရော်လာခဲ့ပြီး သူမ၏ဆံပင်များသည်ပင်လျှင် မီးခိုးရောင်သန်းလာခဲ့ရလေသည်။
“စီနီယာအစ်ကို… ကျွန်မကိုကူညီပါဦး…” အမျိုးသမီးက ထပ်မံ၍ အကူအညီတောင်းလိုက်လေ၏။
စီနီယာအစ်ကိုမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေရာ ပြန်၍ပင် မပြောနိုင်တော့ချေ။ သူ့ရှေ့ရှိ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကိုကြည့်ရင်း စီနီယာအစ်ကို ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။
“စီနီယာအစ်ကို…” အသက်ငါးရှိုက်စာအတွင်းမှာပင်လျှင် အမျိုးသမီး၏ မျက်လုံးပတ်လည်တစ်ဝိုက် မျက်ကွင်းများ အရစ်လိုက် အရစ်လိုက် ထွက်ပေါ်လာခဲ့ပြီး အရေးအကြောင်းများမှာလည်း မျက်နှာတစ်လျှောက် ထွက်ပေါ်လာခဲ့ရလေသည်။ တစ်ချိန်တည်းတွင် သေခြင်းချီအငွေ့အသက်တို့မှာ သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းလာရတော့လေသည်။ စီနီယာအစ်ကိုဟူသည့် စကားလုံးနှစ်လုံးကို ပြောပြီးသည့်နောက် အမျိုးသမီး၏ အသက်စွမ်းအင် အကုန်အစင် စုပ်ယူခံလိုက်ရပြီး အသက်ပျောက်သွားခဲ့ရလေသည်။
အမျိုးသမီး သေသွားသည့်နောက် သက်လတ်ပိုင်းလူကြီးသည် အမျိုးသမီး၏ ခန္ဓာကိုယ်ကို တွန်းထုတ်ပစ်လိုက်၍ သူ့နှုတ်ခမ်းထောင့်တွင် ကပ်ပေနေသော သွေးများကို ကျေနပ်အားရနေသည့် အမူအယာဖြင့် သုတ်လိုက်လေ၏။ အမျိုးသမီး၏ သွေးကို စုပ်ယူပစ်လိုက်ပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီး ရထားသည့် ဒဏ်ရာအားလုံးမှာ ပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့ပြီး သူ့အရေပြားမှာလည်း မွေးကင်းစကလေးတစ်ဦး၏ အသားအရေကဲ့သို့ ပြန်လည်ချောမွေ့လာခဲ့လေသည်။
“ဒါ… ဒါက…” စီနီယာအစ်ကိုဆိုသူမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မင်သက်နေတော့လေသည်။
သက်လတ်ပိုင်းလူကြီး၏အကြည့် သူ့ဆီသို့ ရောက်လာသည်ကိုမြင်သော် စီနီယာအစ်ကိုမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “စီနီယာ… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါနော်… ကျေးဇူးပြုပြီး ချမ်းသာပေးပါ… ကျုပ် တကယ်တောင်းဆိုပါတယ်…”
သူ၏ ဂျူနီယာညီမ သေသွားသည့်မြင်ကွင်းကို စီနီယာအစ်ကိုဆိုသူမှ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရပေသည်။ အနှေးနဲ့အမြန်ဆိုသလို သူကိုယ်တိုင်သည်လည်း သူ့ဂျူနီယာညီမ ခြေလှမ်းများအတိုင်း လိုက်သွားရလိမ့်မည်မှန်း သိနေခဲ့သည်။
သို့သော်ငြား သက်လတ်ပိုင်းလူကြီးကမူ စီနီယာအစ်ကိုဆိုသူ၏ တောင်းဆိုသံများကို ဂရုမစိုက်ဘဲ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍သာ သူ့လက်ကိုဆန့်ထုတ်၍ အော်ပြောလိုက်လေ၏။ “ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ…”
သက်လတ်ပိုင်းလူကြီး၏ လက်ဝါးဆီမှ ကြောက်မက်ဖွယ်ရာ ဆွဲအားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။ စီနီယာအစ်ကိုဆိုသည့်လူမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား စူးစူးဝါးဝါးကို ထအော်တော့လေ၏။ သူ့ကိုယ်ထဲရှိ အသက်စွမ်းအင်များမှာလည်း သူ့၏ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ဘဲ သက်လတ်ပိုင်းလူကြီးဆီသို့ အရူးအမူး တိုးဝင်သွားနေခဲ့လေသည်။ “ခင်ဗျား ကျုပ်ကိုသတ်ရင် ကျုပ်ရဲ့ အကြီးဆုံးစီနီယာအစ်ကိုက ခင်ဗျားကို လွှတ်ပေးမှာမဟုတ်ဘူး… ကျုပ်ရဲ့ အကြီးဆုံးစီနီယာအစ်ကိုက ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဝင်ရောက်ပြီးသွားပြီ…” ထိုလူသည် စူးရှနာကျင်စွာအော်ဟစ်နေရင်းမှ သက်လတ်ပိုင်းလူကြီးအား ခြိမ်းခြောက်ရန် ကြိုးစားလိုက်လေသည်။
သို့ရာတွင် သက်လတ်ပိုင်းလူကြီးကမူ မကြောက်သည့်အပြင် ပြန်၍ပင် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ဧကရာဇ်အဆင့်… ဟမ့်… အဲ့ဒါဘာမို့လို့လဲ… ဒီဘုရင် ဧကရာဇ်အဆင့်တွေကို မစားရတာတောင် တော်တော်လေးကြာသွားပြီ… ဒါပေမဲ့ မင်းရဲ့စီနီယာအစ်ကိုက မင်းအတွက် လာလက်စားချေပေးမယ်ဆိုရင်တော့ ဒီဘုရင်ကလည်း ဝမ်းပန်းတသာနဲ့ မင်းတို့ကို အဖော်ပြုပေးလို့ရအောင် ကူညီပေးရမှာပေါ့…”
“ခင်ဗျား… အရူးကောင်… ခင်ဗျား အရူးကောင်… ခင်ဗျား အသေဆိုးနဲ့သေရမှာ…” တောင်းပန်၍လည်းမရ ခြိမ်းခြောက်၍လည်းမရ တော့သည့်အဆုံးတွင် စီနီယာအစ်ကိုဆိုသည့်လူမှာ အံကိုတင်းတင်းကြိတ်ရင်း ပယ်ပယ်နယ်နယ် အော်ဟစ်ဆဲဆိုတော့လေသည်။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ သူ့အော်သံများမှာ တဖြည်းဖြည်း အားနည်းလာခဲ့လေ၏။
နောက်ဆုံးတွင် စီနီယာအစ်ကိုဆိုသည့်လူလည်း သူ့ဂျူနီယာညီမ၏ လမ်းစဉ်နောက်သို့ လိုက်သွားခဲ့ရလေသည်။ သေဆုံးသွားသော အလောင်းနှစ်လောင်းဆီမှ ကြယ်စည်းတံဆိပ်နှစ်ခု ထွက်ပေါ်လာခဲ့ပြီး သက်လတ်ပိုင်းလူကြီး၏ လက်ခုံထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ကဲ့သို့ပင် ထောင့်ခုနှစ်ထောင့် ကြယ်စည်းတံဆိပ်ကို ပိုင်ဆိုင်ထားပေသည်။ ရှင်းရှင်းပြောရလျှင် သက်လတ်ပိုင်းလူကြီး၏ ကြယ်စည်းတံဆိပ်မှာ ရန်ကိုင့်၏ကြယ်စည်းတံဆိပ်ထက်ပင် ပို၍ တောက်ပနေပေသေးသည်။ သက်လတ်ပိုင်းလူကြီး၏ ကြယ်စည်းတံဆိပ်သည် အနှေးနှင့်အမြန်ဆိုသလို ထောင့်ရှစ်ထောင့်အသွင်သို့ ပြောင်းလဲတော့မည့်ပုံပင်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် လူပေါင်းများစွာအား သူသတ်ထားမှန်း အထင်းသား သိနိုင်ပေ၏။
ထိုလူနှစ်ယောက်ကို သတ်ပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးမှာ ငြိမ်သက်စွာ ရပ်နေခဲ့လေသည်။ ရုတ်တရက်ဆိုသလို သူ့အမူအယာမှာ ကြမ်းကြုတ်ခက်ထန်လာပြီး လက်နှစ်ဖက်ကို ကောင်းကင်ပေါ်သို့ မြှောက်ရင်း အရူးအမူးအော်ဟစ်လိုက်လေ၏။ သူ့အော်သံထဲ မည်သည့်ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်ကိုမှ မတွေ့ခဲ့ရဘဲ အဆုံးမဲ့ ရူးသွပ်မှု သွေးဆာမှုတို့ကိုသာ မြင်တွေ့နေရပေသည်။
အချိန်အတော်ကြာသွားပြီးသည့်နောက်မှသာ သက်လတ်ပိုင်းလူကြီးသည် အော်ဟစ်ခြင်းကို ရပ်လိုက်လျက် မှုန်ကုပ်ကုပ်အမူအယာဖြင့် အံကိုတင်းတင်းကြိတ်ကာ ဆဲဆိုတော့လေ၏။ “ဒီသောက်စုတ်သောက်ပြတ် အဆင့်တစ်ဆို့နေတဲ့ ပြဿနာကတော့ကွာ… ဒီဘုရင် ဘာဖြစ်လို့ အခုထိ ဧကရာဇ်အဆင့်ကို မရောက်သေးတာလဲ… နှစ်ခုရာတောင်ရှိသွားပြီ… ငါကြိုးစားနေတာ နှစ်ခုနှစ်ရာတောင်ရှိသွားပြီ ဘာဖြစ်လို့ အခုထိ အဆင့်မတက်နိုင်သေးတာလဲ…”
တစ်ခဏမျှကြာအောင် ဆဲရေးတိုင်းထွာနေပြီးသည့်နောက်တွင် ရုတ်တရက် ဒေါသတကြီးဖြင့် ထပ်ပြောလိုက်ပြန်လေသည်။ “သောက်သုံးမကျတဲ့ အစုတ်ပလုတ်ကောင်တွေ… ဒီလောက်ဘေးထွက်ဆိုးကျိုးလေးကိုတောင် မခုခံနိုင်ဘူး… မင်းတို့တွေ ဒီဘုရင်ပေးတဲ့လက်ဆောင်ကို ဘယ်တော့မှ သုံးနိုင်မှာမဟုတ်တဲ့ အမှိုက်ကောင်တွေ…”
ထို့နောက် ရူးသွပ်သည့်အလား ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား သွေးရူးသွေးတမ်းဖြင့် လိုက်ပတ်ဖျက်ဆီးပစ်တော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၇၅)
ထိုကဲ့သို့ ဒေါသတကြီး သောင်းကျန်းဖျက်ဆီးနေရင်းမှ ရုတ်တရက်ဆိုသလို သက်လတ်ပိုင်းလူကြီးသည် မယုံကြည်နိုင်စရာ အရာတစ်ခုအား အာရုံခံမိလိုက်သည့်အလား တစ်ခုသောဘက်ဆီသို့ မျက်လုံးအပြူးသားဖြင့် စိတ်လှုပ်ရှားစွာ လှမ်းကြည့်မိလိုက်လေသည်။
“ဟား ဟား ဟား…” ထို့နောက် ဝါးလုံးကွဲအော်ရယ်မောလျက် “မျိုးစေ့က အသက်ဝင်လာပြီ… နောက်ဆုံးတော့ မျိုးစေ့က အသက်ဝင်လာပြီ… ဘယ်သူလဲ… အဲ့ဒါဘယ်သူလဲ…”
ထို့နောက်တွင် သက်လတ်ပိုင်းလူကြီးသည် အရူးတစ်ယောက်နှယ် အော်ရယ်မောရင်း သူ၏ လှေပျံမှော်ရတနာလေးကို ထုတ်လျက် အမြုတေပင်လယ် ရှိနေသည့် ဘက်ဆီသို့ တစ်ဟုန်ထိုးပြေးသွားတော့လေ၏။
အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးနေခဲ့လေသည်။
ရန်ကိုင်သည် တစ်စုံတစ်ဦးမှ သူ့နားသို့ကပ်လာသည်ကို သတိပြုမိသည်နှင့် တစ်ပြိုင်နက် ကျောက်တုံးကိုယ်ပွားနှင့်တကွ ကမ္ဘာငယ်လေးကို ပြန်လည်သိမ်းဆည်းနိုင်ရန်အတွက် ပတ်ဝန်းကျင်ကို အဆက်မပြတ် အာရုံစိုက် လေ့လာနေပါသော်ငြား အမြုတေစွမ်းအားကို စုပ်ယူနေသည့်နှုန်းကိုတော့ နှေးပစ်လိုက်ခြင်းမရှိချေ။
ကမ္ဘာငယ်လေးနှင့် ကျောက်တုံးကိုယ်ပွားသည် ပို၍မြန်ဆန်သည့် အမြန်နှုန်းဖြင့် အမြုတေပင်လယ်ကို စုပ်ယူနေခဲ့လေရာ ရန်ကိုင်မှာ သူတို့စုပ်ယူနေသည့်နှုန်းကိုကြည့်ရင်း ကြောက်ပင်ကြောက်မိသွားခဲ့လေသည်။
တစ်ရက်…။ နှစ်ရက်…။ ငါးရက်…။ ဆယ်ရက်…။
အမြုတေပင်လယ်၏ အရွယ်အစားမှာ သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ အမြုတေပင်လယ်ထဲတွင် ရှိနေသော အမြုတေစွမ်းအားမှာလည်း ယခင်ကနှင့်စာလျှင် မရေမတွက်နိုင်အောင် ပါးလျသွားခဲ့လေသည်။
ယခုဆိုလျှင် အမြုတေပင်လယ်၏ အပြင်ဘက်၌ ရှိနေသော ကျင့်ကြံသူများသာလျှင် ထိုပြဿနာကို ရင်ဆိုင်နေရခြင်းမဟုတ်တော့ဘဲ အတွင်းပိုင်းတွင် ရှိနေသည့် လူများသည်ပါ ထိုပြဿနာနှင့် ကြုံလာရလေတော့လေသည်။
အမြုတေပင်လယ်၏ အတွင်းပိုင်းတစ်နေရာ၌ ရန်ကိုင် ဤနေရာသို့ ဝင်လာစဉ်က ပထမဦးဆုံး တိုက်ခိုက်ခဲ့သော ဆံနီလူငယ်လေးသည် ရုတ်တရက် မျက်မှောင်ကျုံ့ကာ သူ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေသောလူကို မော့ကြည့်လိုက်လေသည်။
ဆံနီလူငယ်လေးက ပြုံးဖြီးလျက် ထိုလူအား မကြောက်မလန့်အမူအယာဖြင့် ပြန်စိုက်ကြည့်လိုက်လေသည်။
“ဒါကို မင်းလုပ်တာလား…” ရောက်လာသည့်လူသည် ဆံနီလူငယ်လေးအား စေ့စေ့ကြည့်ရင်း ခပ်ပြတ်ပြတ်လေသံဖြင့် မေးလိုက်လေသည်။
ဆံနီလူငယ်လေးက တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ငါလည်း ဒါကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်လဲဆိုတာကို သိချင်နေတာ…”
နှစ်ယောက်စလုံး အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် တစ်ခုသောဘက်ဆီသို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြလေသည်။
ဆံနီလူငယ်လေးက ဆက်ပြောလိုက်လေသည်။ “အရင်းအမြစ်စွမ်းအင်တွေက အဲ့ဘက်ကို တောက်လျှောက်စီးနေတာ…”
ရောက်လာသည့်လူက ခေါင်းညိတ်လျက် အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့ဘက်က ယောင်စီရှိနေတဲ့ နေရာပဲ…”
“ယောင်စီ…” ထိုစကားကိုကြားသော် ဆံနီလူငယ်လေး၏ မျက်လုံးထဲ ကြောက်ရွံ့ရိပ် တစ်စွန်းတစ်စ ဖြတ်ပြေးသွားခဲ့လေသည်။ ဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သော သူ့ကဲ့သို့သော လူမျိုးသည်ပင်လျှင် ယောင်စီအား အထင်မသေးရဲခဲ့ပေ။
“မင်းသွားကြည့်မှာလား…” ရောက်လာသည့်လူက မေးလိုက်လေ၏။
ဆံနီလူငယ်လေးက အထင်တသေးဖြင့် ပြုံးလျက် “ဒါကြောင့် မင်း ငါ့ဆီရောက်လာတာပေါ့… တောင်ဘက်နယ်မြေက ကျင့်ကြံသူတွေ ဘာဖြစ်လို့ ဒီလောက်တောင် သွေးကြောင်ကြတာလဲ…”
ရောက်လာသည့်လူက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ယောင်စီက မဟာဧကရာဇ်တစ်ပါးရဲ့ မျိုးဆက်လေ…”
လူငယ်လေးက ပြန်ပြောလိုက်လေ၏။ “တောင်ဘက်နယ်မြေမှာလည်း မဟာဧကရာဇ်တစ်ပါးရဲ့ မျိုးဆက်တစ်ယောက် ရှိတယ်မဟုတ်ဘူးလား… မင်း ဘာဖြစ်လို့ သူ့ကိုသွားမရှာတာလဲ…”
ရောက်လာသည့်လူက ပြန်ပြောလိုက်လေ၏။ “သူက ဧကရာဇ်အဆင့်ကို မရောက်သေးဘူး… သူ့ကိုသွားရှာလည်း အပိုပဲ… မင်း ကြောက်နေတယ်ဆိုရင် နေခဲ့လိုက်… ငါ့ဘာသာငါ တစ်ယောက်တည်းသွားမယ်…”
“ငါကြောက်တယ်လို့ ဘယ်သူပြောလဲ…” ဆံနီလူငယ်လေးသည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ရှူးရှူးရှားရှားဖြစ်သွားပြီး ဒေါသတကြီးဖြင့် ထရပ်ရင်း ဆက်ပြောလိုက်လေ၏။ “မဟာဧကရာဇ်တစ်ပါးရဲ့ မျိုးဆက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါဂရုစိုက်နေမှာမဟုတ်ဘူး… ဒီသခင်လေးရဲ့ အမြုတေစွမ်းအားကို လာလုသွားတယ်ဆိုရင်တော့ အကုန်ပြန်ထွေးထုတ်ရအောင် ငါလုပ်ပစ်မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့ဆီသို့ ရောက်လာသည့်လူနှင့်အတူ ယောင်စီရှိနေသည့်ဘက်ဆီသို့ ပျံသန်းသွားလေသည်။
တစ်ခဏမျှ ကြာပြီးသည့်နောက်တွင် ပုံမှန်မဟုတ်သည့် အခြေအနေတစ်ရပ် သူတို့နှင့်မလှမ်းမကမ်း၌ ဖြစ်ပွားနေသည်ကို ထိုလူနှစ်ဦး သတိပြုမိသွားခဲ့ကြလေသည်။ အဆင့်တက်ထားသည်မှာ မကြာသေးသော ဧကရာဇ်အဆင့် ပညာရှင်သုံးဦးသည် ကျွန်းတစ်ကျွန်းပေါ်တွင် စုဝေးနေခဲ့ကြပြီး သူတို့ရှာနေသည့် ယောင်စီသည် ထိုဧကရာဇ်အဆင့် ပညာရှင်သုံးဦးထဲတွင် ပါနေခဲ့လေသည်။ ထိုဧကရာဇ်အဆင့် ပညာရှင်သုံးဦးရှေ့တွင် ရပ်နေသည်မှာတော့ အံ့အားသင့်ဖွယ်ရာ ကောင်းစွာပင် တာအိုသခင်တတိယအဆင့် လူငယ်လေး ဖြစ်နေခဲ့လေ၏။
“သူပဲ…”
ဆံနီလူငယ်လေးက အထိတ်အလန့်ဖြင့် ရေရွတ်လိုက်လေသည်။
အခြားလူကလည်း အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “မင်းသူ့ကိုသိလို့လား…”
ဆံနီလူငယ်လေး၏မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “အဲ့ကောင်က လွန်ခဲ့တဲ့လဝက်လောက်တုန်းက ဒီသခင်လေးရဲ့ တိုက်ကွက်တစ်ကွက်ကို ဘာဒဏ်ရာမှမရဘဲ ခုခံပြသွားတဲ့ကောင်ပဲ…”
ထိုစကားကိုကြားသော် ဆံနီလူငယ်လေးနှင့်အတူ ပါလာသည့်လူ၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
ဆံနီလူငယ်လေးက ဆက်ပြောလိုက်လေသည်။ “ငါတိုက်ခိုက်လိုက်တုန်းက ငါ့ခွန်အားကို ထိန်ချန်ထားခဲ့တာမဟုတ်ဘူး… ဒါပေမဲ့ ဒီကောင်က ဘာဒဏ်ရာမှမရဘဲနဲ့ကို ခုခံပြသွားတာ… တော်တော်တော့ စိတ်ဝင်စားစရာပဲ… သူသာ ဧကရာဇ်အဆင့်ကို တက်လှမ်းသွားနိုင်မယ်ဆိုလို့ရှိရင် သူ့အနာဂတ်က လုံးဝကို အကန့်အသတ်မဲ့ပြီ… ဘယ်ကလဲငါမသိပေမဲ့ အရှေ့ဘက်နယ်မြေက မဟုတ်တာတော့ သေချာတယ်…”
ဆံနီလူငယ်လေးနှင့်အတူပါလာသည့် လူမှာတော့ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေသည့် အတွက်ကြောင့်လားမသိ စကားပင်ပြန်မပြောနိုင်ကာ တာအိုသခင်တတိယအဆင့်သို့သာ ရောက်နေသည့် လူငယ်လေးကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့လေသည်။
“တစ်ချက်သွားကြည့်ရအောင်…” ဆံနီလူငယ်လေးက ပြောလိုက်ပြီးသည့်နောက် ထိုကျွန်းဆီသို့ ပျံသန်းသွားလေ၏။
ကျွန်းပေါ်တွင်ရှိနေသော ရန်ကိုင်မှာမူ အတော်လေးကိုမှ မကျေမနပ် ဖြစ်နေခဲ့လေသည်။
သူ့ခမျာ အမြုတေစွမ်းအင်များကို အားတက်သရောဖြင့် ဝမ်းသာအားရစုပ်ယူနေစဉ်မှာပင် တစ်ယောက်ယောက် သူ့ဆီသို့ ချည်းကပ်လာနေသည်ကို သတိပြုမိလိုက်သည့်အတွက်ကြောင့် ကမ္ဘာငယ်လေးနှင့် ကျောက်တုံးကိုယ်ပွားအား အလျင်စလို ပြန်သိမ်းဆည်းလိုက်လေ၏။ ကျောက်တုံးကိုယ်ပွားနှင့် ကမ္ဘာငယ်လေးအား သိမ်းပြီးပြီးချင်းမှာပင် ဧကရာဇ်အဆင့်ပညာရှင်သုံးဦး သူ့ရှေ့သို့ ရောက်လာပြီး စားတော့ဝါးတော့မတတ်အကြည့်များဖြင့် သူ့အား စိုက်ကြည့်လာကြလေသည်။
ထိုဧကရာဇ်အဆင့် ပညာရှင်များ ဘာကြောင့် ဤနေရာသို့ ရောက်နေရသလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်းသိပေသည်။ အမြုတေပင်လယ်၏စွမ်းအင် တဖြည်းဖြည်း နိမ့်ကျလာခဲ့ရသလို မြောက်မြားလှစွာသော အမြုတေစွမ်းအားမှာ ဤနေရာသို့ စီးဝင်လာပြီး ပျောက်ကွယ်သွားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ဤသို့ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဖြစ်လာမည်မှန်း ရန်ကိုင် မျှော်မှန်းထားပြီးသားပင်။ သို့သော်ငြား ဤမျှမြန်လိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ သူတို့ ဤနေရာသို့ ရောက်သည်မှာ လဝက်လောက်သာ ကြာပေသေး၏။
လွန်ခဲ့သောလဝက်အတွင်း ကျောက်တုံးကိုယ်ပွားဖြစ်ပါစေ ကမ္ဘာငယ်လေးဖြစ်ပါစေ ရန်ကိုင်ဖြစ်ပါစေ မြောက်မြားလှစွာသော အကျိုးအမြတ်များကို ရရှိခဲ့ကြပေသည်။
အမြုတေပင်လယ်ထဲသို့ ရောက်နေသည့် ကျင့်ကြံသူအားလုံး စုပေါင်း၍ စုပ်ယူထားသည့် အမြုတေစွမ်းအင်ပမာဏသည်ပင်လျှင် ရန်ကိုင်တို့သုံးဦးစုပ်ယူလိုက်သည့် ပမာဏလောက် များပြားလိမ့်မည် မဟုတ်ချေ။
လက်ရှိအချိန်တွင် အမြုတေပင်လယ်ထဲ၌ ရှိနေသည့် အမြုတေစွမ်းအားမှာ သိသိသာသာကို နည်းပါးနေခဲ့လေပြီ။ မကြာမီ နောက်ထပ် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ထပ်မံရောက်ရှိလာခဲ့လေ၏။
ရောက်လာသည့်လူများအနက် တစ်ဦးကိုမြင်ပြီးသည့်နောက် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားပြီး ချက်ချင်းနှုတ်ဆက်လိုက်လေသည်။ “ဟား… ရောင်းရင်းဝူချန်းပါလား… မတွေ့ရတာကြာပြီနော်…”
ဆံနီလူငယ်လေးနှင့်အတူ လိုက်လာသည့်လူမှာ တောင်ဘက်နယ်မြေ၏ တက်သစ်စကြယ်ပွင့်များအနက် တစ်ဦးဖြစ်သော ကောင်းကင်တိုက်ပွဲဒိုဂျို၏ ဝူချန်းသာဖြစ်လေသည်။
ဝူချန်း ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားသည်မှာ အံ့အားသင့်စရာမဟုတ်သော်ငြား ဤနေရာတွင် တွေ့ရသည်မှာတော့ ရန်ကိုင့်အတွက် အံ့အားသင့်စရာပင်။
ရန်ကိုင့်၏စကားကို ချီကွေ့ကြားလိုက်သော် ချက်ချင်းပဲ ဝူချန်းဘက်သို့လှည့်၍ မေးလိုက်လေ၏။ “မင်း ဒီကောင်လေးကို သိတာလား…”
“မသိဘူး… ငါ သူ့ကို တစ်ခါမှမမြင်ဖူးဘူး… ငါ့ကိုလာမမေးနဲ့…” ဝူချန်းက အေးစက်စက်မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။
သူနှင့် ရန်ကိုင်ကြားတွင် မည်သည့်ရန်ငြိုးရန်စမှ မရှိသော်ငြား သူတို့နှစ်ဦးမှာ မိတ်ဆွေများလည်း မဟုတ်ကြချေ။ လက်ရှိအချိန်တွင် ရန်ကိုင်သည် အကုန်လုံးအား ဒေါသထွက်အောင် လုပ်ထားသည့်ပုံပင်။ ထို့အတွက်ကြောင့် ဝူချန်းအနေဖြင့် ရန်ကိုင်နှင့် မပတ်သက်သည်မှာ အကောင်းဆုံးသာဖြစ်လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းဝူချန်း… မင်း ဘာဖြစ်လို့ ဒီလောက်တောင် အေးစက်စက်နိုင်ရတာလဲကွ… ဥတုလေးမျိုးနယ်မြေထဲမှာ ငါတို့ အတူတူပူးပေါင်းပြီးတော့ အကျိုးအမြတ်တွေရအောင် လုပ်ခဲ့တာကို မင်းမေ့သွားပြီလား… မေ့သွားတယ်ဆိုရင်တောင် အဲ့အကြောင်းတွေကို ပြန်သတိမရချင်ဘူးရင်တောင် ငါ့အပေါ်တော့ ဒီလောက် အေးစက်စက်လုပ်စရာ မလိုပါဘူး…”
ဝူချန်းက မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဘာပူးပေါင်းတာလဲ… မင်းနဲ့ငါ အလဲအလှယ်ပဲ လုပ်ခဲ့တာ… အပိုတွေလျှောက်ပြောမနေနဲ့…”
ရန်ကိုင်က ပြုံးပြလိုက်လေသည်။ “အလဲအလှယ်ကလည်း အရမ်းအရေးကြီးတဲ့ ပူးပေါင်းတစ်ခုပဲ မဟုတ်ဘူးလား… ပြီးတော့ မင်းကိုယ်တိုင်လည်း အဲ့အလဲအလှယ်ကနေ အမြတ်ထွက်ခဲ့တာပဲလေ… မင်း အခုလို ဧကရာဇ်အဆင့်ကို မြန်မြန်ဆန်ဆန် ချိုးဖြတ်သွားနိုင်တာ ငါ့ကျေးဇူးတောင်ပါသေးတယ်… ရှရှန်းတောင် အခုထိ ဧကရာဇ်အဆင့်ကို မရောက်သေးဘူး…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဝူချန်းအား အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်သည် အဆုံးမဲ့ရတနာဆေးလုံးအကြောင်းကို ပြောနေမှန်း ဝူချန်းသိပေသည်။ ထို့အတွက်ကြောင့် အေးစက်စက်မျက်နှာထားဖြင့် ပြန်၍ပြောလိုက်လေသည်။ “အလဲအလှယ်က အလဲအလှယ်ပဲ… မင်းလိုချင်တာကို ငါပေးလိုက်တယ်… ငါလိုချင်တာကို မင်းပြန်ပေးတယ်… အလဲအလှယ်ကပြီးသွားပြီ… ငါတို့ကြားမှာ ဘာပတ်သက်စရာမှ မရှိတော့ဘူး…”
“ရောင်းရင်းဝူချန်း… မင်းနာမည်ကို နှလုံးသားမဲ့လို့ ဘာဖြစ်လို့ မပြောင်းလိုက်တာလဲ…” ရန်ကိုင်က စိတ်ပျက်ပျက်ဖြင့် သက်ပြင်းချလိုက်လေသည်။
ဘေးဘက်တွင်ရှိနေသော ချီကွေ့က အံ့အားသင့်နေဟန်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။ “ကောင်လေး… သေသေချာချာပြောစမ်း… မင်းတို့နှစ်ယောက် ဘာအလဲအလှယ်တွေလုပ်ခဲ့လို့ ဒီကောင်က ဧကရာဇ်အဆင့်ကို မြန်မြန်ဆန်ဆန် ချိုးဖြတ်သွားနိုင်ရတာလဲ…”
ရန်ကိုင့်ဆီသို့ ပထမဦးဆုံး ရောက်ရှိလာကြသည့် ဧကရာဇ်အဆင့် ပညာရှင်သုံးဦးမှာလည်း စိတ်ဝင်စားသွားကြလေသည်။
“ဘာကောင်လေးလဲ…” ရန်ကိုင်က သုန်သုန်မှုန်မှုန်ဖြင့် ချီကွေ့အား စိုက်ကြည့်ရင်း ပြန်ပြောလိုက်လေသည်။ “ဟေ့ကောင် ဆံနီကောင်… မင်းစကားကို နည်းနည်းပါးပါး ယဉ်ယဉ်ကျေးကျေးလေး မပြောတတ်တော့ဘူးလား…”
“မင်း… မင်း ငါ့ကို ဆံနီကောင်လို့ ခေါ်ရဲတယ်…” ချီကွေ့မှာ မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့လေသည်။
အခြားသောသူများမှာလည်း ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ကြလေသည်။
ဤနေရာတွင်ရှိနေသည့် လူခြောက်ဦးအနက် ရန်ကိုင်တစ်ဦးသည်သာ တာအိုသခင်အဆင့်တွင် ရှိနေခြင်းဖြစ်ပြီး ကျန်သည့်လူအားလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များဖြစ်ကြပေသည်။ သို့ရာတွင် ရန်ကိုင်မှာ သူတို့အားလုံးကို ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှပင် ကြောက်လန့်သွားခြင်းမရှိဘဲ ချီကွေ့ကိုပင် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောလိုက်လေသေးသည်။
လက်ရှိ ရန်ကိုင်၏လုပ်ရပ်အပေါ် အကုန်လုံးမှာ မယုံကြည်နိုင် ဖြစ်နေကြလေသည်။
ရန်ကိုင့်ဆီသို့ ပထမဦးစွာ ရောက်ရှိလာသော ဧကရာဇ်အဆင့် ပညာရှင်သုံးဦးအနက်မှ ခန္ဓာကိုယ်ထွားထွားနှင့်လူကြီးက ရုတ်တရက် အော်ရယ်မောလျက် “ချီကွေ့… ဒီကောင် မင်းကို အထင်သေးနေတယ်ကွ…”
ချီကွေ့သည် မျက်နှာကြီးမှုန်ကုပ်လျက် ရန်ကိုင့်အား စိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ဒီသခင်လေးကို အထင်သေးတာမဟုတ်ဘူးကွ… သူ့ကိုယ်သူ အထင်မသေးတာကွ…”
ထိုစကားကိုကြားသည့်အခါ ချီကွေ့ ဘာကိုပြောချင်နေသလဲဆိုသည်ကို ထိုလူအားလုံး နားလည်သွားခဲ့ကြလေသည်။ ရန်ကိုင့်၏ကျင့်ကြံခြင်းမှာ သူတို့ထက်နိမ့်ကျနေသည့်တိုင် သူ့ခွန်အားသည် သူတို့ထက် နိမ့်ကျနေခြင်းမရှိဟု ယုံကြည်သည့်အတွက်ကြောင့် သူတို့နှင့် စကားပြောနေရာတွင် ကိုယ့်ကိုယ်ကိုနှိမ့်ချမနေခဲ့ခြင်း ဖြစ်လေသည်။
“သူ မင်းရဲ့ တိုက်ကွက်တစ်ကွက်ကို ခုခံလိုက်နိုင်တယ်ဆို…” လူထွားကြီးက ထပ်ပြောလိုက်ပြန်လေသည်။
ချီကွေ့က နှာခေါင်းရှုံ့လျက် “ဟုတ်တယ်… ငါ့ခွန်အား ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုသုံးပြီး သူ့ကို တိုက်ခိုက်ခဲ့တာ… ဒါပေမဲ့ ဒီကောင်က ဘာမှဖြစ်မသွားဘူး…”
“အိုး…” ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင်ချီစွမ်းအင်တို့ ရစ်သိုင်းနေသည့် လူငယ်လေးက မျက်ခုံးပင့်လျက် ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် သေချာ ထပ်မံ စစ်ဆေးကြည့်လေသည်။
သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုပါက ချီကွေ့၏ ခွန်အားခုနှစ်ဆယ်ရာခိုင်နှုန်းပါဝင်သော တိုက်ကွက်ကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ ပါရမီရှင် တာအိုသခင်အဆင့် ပညာရှင်များသည်ပင်လျှင် ထိုတိုက်ကွက်ကြောင့် ဒဏ်ရာရသွားနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူ့တိုက်ကွက်အား မည်သည့်ဒဏ်ရာမှ မရဘဲ ခုခံပြသွားနိုင်ဟု ချီကွေ့မှ ပြောခဲ့လေ၏။
“ဟား ဟား… ကြည့်ရတာ မင်းတို့ ရောင်နီကျောင်းတော်က ကောင်တွေက ဘာမှမဟုတ်တဲ့ပုံပါပဲလား…” လူထွားကြီးက ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။
ချီကွေ့က သုန်သုန်မှုန်မှုန်ဖြင့် ပြန်၍ပြောဆိုလိုက်လေသည်။ “မင်းကြတော့ သူ့ကို တစ်ခုခု လုပ်နိုင်တာကြလို့ပဲ… ဒီကောင် မင်းနယ်မြေက ဖြတ်မသွားဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်…”
ထိုစကားကိုကြားသော် လူထွားကြီးမှာ အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။
ထိုလူထွားကြီးသည် ရန်ကိုင့်အား လှံအလင်းတန်းကိုသုံး၍ တိုက်ခိုက်ခဲ့သည့် ဧကရာဇ်အဆင့် ပညာရှင်ဖြစ်ပေသည်။
ချီကွေ့သည် သူ့လက်အား ဝှေ့ယမ်းလျက် “အဲ့အကြောင်း ဆက်မပြောဘဲ နေကြရအောင်… ငါသိချင်တာက မင်းတို့ကောင်တွေ ဒီမှာ ဘာလုပ်နေတာလဲ…”
ဝဝဖိုင့်ဖိုင့်ပုံစံ ပေါက်နေသည့် ဧကရာဇ်အဆင့် ပညာရှင်က ပြန်၍ပြောလိုက်လေသည်။ “ဒီအမြုတေပင်လယ် တစ်ခုခု ထူးခြားနေမှန်း မင်းတို့ သတိမထားမိဘူးလား…”
ထိုလူမှာ အလွန်ကိုမှ ဝလှပေသည်။ ဝလွန်းသဖြင့် သူ့မျက်နှာတစ်ခုလုံး အဆီများဖြင့် ဖုံးလွှမ်းနေကာ မျက်လုံးများကိုပင်လျှင် သေသေချာချာမမြင်ရတော့ချေ။ အရပ်ကလည်း မရှည်သည့်အတွက်ကြောင့် အဝေးမှသာ လှမ်းကြည့်မည်ဆိုပါက ဧရာမအသားဘောလုံးကြီးတစ်လုံးဟုပင်လျှင် ထင်မှတ်သွားရနိုင်ပေသည်။
သို့သော်ငြား သူ့ပုံစံမှာ အလွန်ကိုမှ ရယ်စရာကောင်းနေသည့်တိုင် ထိုလူသည် အစစ်အမှန် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပေသည်။