သူ ငါ့ကို တစ်ကယ်ပဲ နှိမ့်ချခဲ့တယ်
Vol. 6 Ch. 77
ရွှီဖန်းက မန်နေဂျာဆီကို သွားနေစဥ် ပိုင်ဖေးဟုန်သည် စိတ်ထဲမှနေ၍ မနေနိုင်ဘဲ သရော်မိသည်။ ဒီကောင် တစ်ကယ်ကြီး ရှေ့ဆက်သွားရဲတယ်လား။
ဒါကလည်း ကောင်းပေသည်။ သူပြန်လှည့်လာသည့်အချိန်ကျရင် သူ့ကိုအပြင်တင်ချင်နေသည့် အတန်းဖော်များအား ရွှီဖန်းဆီကို ဦးလှည့်ပေးလိုက်မည်။
ထိုအချိန် ရွှီဖန်းကတော့ မန်နေဂျာရှေ့ရောက်နေလေပြီ။ သူက မန်နေဂျာနှင့် တိုက်ရိုက်မဆွေးနွေးဘဲ အရင်ဆုံး ဟုန်ဖေးကို ဖုန်းခေါ်ခဲ့သည်။ ပိုင်ဖေးဟုန်ကတော့ ရွှီဖန်းကိုင်ထားသည့် Appleဖုန်းကိုကြည့်ရင်း ရယ်လိုက်မိသည်။
"ဟဲဟဲ လယ်သမားက Appleဖုန်းတောင် သုံးနေတယ်ပေါ့၊ သူ ပိုက်ဆံ ဘယ်လောက်တောင် စုဝယ်ခဲ့ရမလဲ မသိဘူး"
"ဟားဟား ဖေးဟုန်ပြောတာမှန်တယ်...ဘာတဲ့...ဆင်းရဲတဲ့လူတွေက ဇီဇာကြောင်ပြတယ်တဲ့"
ထိုအချိန် ပိုင်ဖေးဟုန်၏နောက်လိုက်များကလည်း တူညီသော အပြုံးဖြင့် လှောင်ရယ်နေကြသည်။ သို့သော် သူတို့ သုံးစက္ကန့်ပြည့်အောင်တောင် မရယ်ရသေးဘဲ အေးခဲသွားတော့သည်။
ရွှီဖန်းက တစ်ဖက်လူကို စကားတချို့ပြောကာ မန်နေဂျာကို ဖုန်းလွှဲပေးခဲ့သည်။ ထိုအပြုအမူက မတိုင်ခင်က ပိုင်ဖေးဟုန်ကို ဆက်ဆံခဲ့တာနဲ့ ကွာခြားနေသည်။
"ဒါက..."
ရွှီဖန်းက စကားတချို့ပြောပြီးနောက် မန်နေဂျာက သူနှင့်အတူ လျှောက်လာသည်။ ပိုင်ဖေးဟုန်မှာ လုံးဝကြောင်အနေတော့သည်။
ရွှီဖန်းက တစ်ကယ်ကြီး ရသွားတာလား။
"ကျွန်မ အားလုံးကို တောင်းပန်ပါတယ်၊ လူကြီးမင်းတို့က ဒါရိုက်တာဟုန်ရဲ့ သူငယ်ချင်းတွေမှန်းမသိခဲ့လို့ပါ၊ အပြစ်ပြုခဲ့မိရင် ခွင့်လွှတ်ပေးကြပါရှင့်"
ထိုအခိုက်အတန့်မှာ မန်နေဂျာက ရွှီဖန်းနှင့်အတူလိုက်လာပြီး အားလုံးကို တောင်းပန်ခဲ့သည်။ အထူးသဖြင့် ပိုင်ဖေးဟုန်ကို ဖြစ်သည်။ သို့သော်ငြား ပိုင်ဖေးဟုန်ကတော့ လုံးဝမပျော်ပေ။ မန်နေဂျာက ရွှီဖန်းမျက်နှာကြောင့်သာ သူ့ကို တောင်းပန်လာတာမှန်းသူသိသည်။
မန်နေဂျာ၏ဦးဆောင်မှုအောက်၌ သူတို့တစ်ဖွဲ့လုံး သီးသန့်အခန်းထဲသို့ ရောက်ရှိသွားခဲ့သည်။ မတိုင်
ခင်က ရွှီဖန်းကို အထင်သေးခဲ့ကြသည့် ကျောင်းသားဟောင်းများမှာ ရွှီဖန်းကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည့်
အတောအတွင်း ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို သူတို့သိချင်နေကြသည်။
ပိုင်ဖေးဟုန်တောင်မလုပ်နိုင်ခဲ့သည့်ကိစ္စကို ရွှီဖန်းက လုပ်နိုင်ခဲ့ပေသည်။ သို့သော် အရှေ့က မန်နေဂျာကို မေးဖို့ကလည်း သူတို့ ရှက်နေကြသည်။
လူတိုင်း သီးသန့်ခန်းထဲမှာ ထိုင်ပြီးနောက် မန်နေဂျာက မေးလိုက်သည်။
"လူကြီးမင်းရှု ဘာများ သုံးဆောင်ချင်ကြပါလဲရှင့်"
ရွှီဖန်းက ပြုံး၍
"အကောင်းဆုံးအစားအသောက်တွေကို ကြည့်ကောင်းသလို ချပေးပါ၊ ဒီနေ့ ဒကာခံမယ့် ဘော့စ်က ရှိနေတယ်လေ"
ပိုင်ဖေးဟုန်ကို ရွှီဖန်း ညွှန်ပြလိုက်သည်။
ပိုင်ဖေးဟုန်၏ မျက်နှာတစ်ခုလုံးက နီရဲနေသည်။ ဒီကောင် ပြောချင်တာပြောပြီး ငါ့ကို လာခေါင်းခံခိုင်းပြန်ပြီ။ ပိုင်ဖေးဟုန်၏ မျက်နှာထားက တစ်ခုခုမှားနေသလို ဖြစ်နေတာကြောင့် ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။
"အာ..ဘာလဲ ပိုင်ဖေးဟုန်၊ မင်းမှာ ပိုက်ဆံမရှိဘူးလို့တော့ ငါ့ကိုမပြောနဲ့၊ ငါပဲ ကျွေးလိုက်သင့်လား"
"မလိုဘူး! ငါ့မှာ ဘာလို့ ပိုက်ဆံမရှိရမှာလဲ"
ပိုင်ဖေးဟုန်သည် အနည်းငယ် နာကျင်နေသော်ငြား အံကိုကြိတ်၍ မြိုသိပ်လိုက်ရသည်။ ရွှီဖန်းမှာလိုက်တာကို မှတ်၍ မန်နေဂျာက မီနူးကိုယူကာ အခန်းထဲမှ ထွက်သွားသည်။ ထိုအခိုက်အတန့်မှာ တစ်ချိန်လုံး စကားမပြောခဲ့သည့် ကျောင်းသားများက ချက်ချင်းမေးလာကြတော့သည်။
"ရွှီဖန်း နင် တယ်ဟုတ်ပါလား၊ ငါတို့ကို မြန်မြန်ပြောပြစမ်းပါ...အဲ့ဒီမန်နေဂျာ အခန်းပေးလာအောင် နင်ဘယ်လိုလုပ်လိုက်တာလဲ"
"ဟုတ်ပ၊ ပိုင်ဖေးဟုန်တောင် မလုပ်လိုက်နိုင်တာကို နင် ဘယ်လိုလုပ်လိုက်တာလဲ၊ အရမ်းအံ့သြဖို့ကောင်းတာပဲ"
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ သူက အသံနိမ့်ဖြင့် ပြန်ဖြေလိုက်သည်။
"အိုး..ဘာမှမဟုတ်ပါဘူး၊ ငါရဲ့အသိပါပဲ...ဒီဆိုင်ရဲ့ပိုင်ရှင်နဲ့ နည်းနည်းရင်းနှီးတယ်လေ"
"..........."
ရွှီဖန်းက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေခဲ့သည်။ လူတိုင်းက ထိုအရာကို ကြားကြသည့်အခါ ခါးသက်စွာရယ်လာကြသည်။ သူတို့အမြင်အရတော့ မရိုးရှင်းပေ။ ပိုင်ဖေးဟုန်ကလည်း သူဌေးနှင့် သိသော်ငြား အချိန်အကြာကြီးဆွေးနွေးတာတောင် မန်နေဂျာက မပြုံးပြလာပေ။ ရွှီဖန်းနဲ့က သာမန်အသိမဟုတ်တာ သေချာသည်။
"ရွှီဖန်း ငါ မင်းကို မမျှော်လင့်ခဲ့မိဘူး၊ မင်း အခု ကောင်းကောင်းနေနေတာပဲ"
"ဟဲဟဲ ငါတို့ကိုလည်း အချိန်တစ်ခုရောက်လာရင် ကူညီဖို့မမေ့နဲ့နော်"
ထိုအချိန်၌ ထိုလူတစ်စုက ရွှီဖန်းကို မတူညီသည့်အမြင်များဖြင့် ကြည့်နေကြသည်။
"ကျစ်! ရယ်စရာပဲ"
ပိုင်ဖေးဟုန်က ဆန့်ကျင်ဘက်မှာ ထိုင်ကာ ရွှီဖန်းကို ဖားဖို့ကြိုးစားနေသည့် အတန်းဖော်ဟောင်းများအား ကြည့်လိုက်မိသည်။ သူတို့က ရွှီဖန်းဘက်ကို တိမ်းစောင်းနေတာကြောင့် သူ အထင်သေးစွာ နှာမှုတ်လိုက်သည်။
"ဟမ့် လူတစ်ယောက်နဲ့သိကျွမ်းရုံလေးက ဘာအသုံးဝင်မှာလဲ၊ ဒီခေတ်ထဲမှာ မင်းမှာရှိတဲ့ ပိုက်ဆံနှင့် ခွန်အားကို မှီခိုဖို့ လိုအပ်နေတုန်းပဲ"
"ဒါ...."
ထိုစကားကိုကြားသည့်အခါ လူတိုင်း၏အပြုံးက အေးခဲသွားခဲ့သည်။ ပိုင်ဖေးဟုန်ပြောတာမှန်ပေသည်။ ရွှီဖန်းက သူ့အသိမိတ်ဆွေနှင့်ပတ်သက်၍ စကားနည်းနည်းသာပြောသွားသည်။ သူတို့ဒုက္ခရောက်ပါက ကူညီနိုင်မည်မဟုတ်ပေ။ ထိုအချိန်၌ ရွှီဖန်းကို ဖားရန် ကြိုးစားနေသူအားလုံး စကားပြောရပ်သွားကြသည်။
အခန်းထဲက လေထုက ချက်ချင်း နေရခက်စရာ အနေအထားဖြစ်သွားရသည်။ ဝူယွီရွှမ်းက ရွှီဖန်းအား စိုးရိမ်ပူပန်စွာ ကြည့်နေသည်။
ဒီကောင်လေး ဘာလို့ သူ့ကိုယ်သူ နှိမ့်ချပြီးနေနေတာလဲ။
ပိုင်ဖေးဟုန်၏မောက်မာမှုအား ရွှီဖန်းက သည်းခံနိုင်သော်ငြား သူမကတော့ မရပေ။
"တစ်ကယ်တော့ ရွှီဖန်းက ငါတို့ မြစ်အောက်ပိုင်းရွာမှာ အကြီးဆုံးလယ်ယာစီးပွားရေးလုပ်ငန်းရှင် ဖြစ်နေပြီ"
ဝူယွီရွှမ်းက နှုတ်ခမ်းစုဝိုင်းကာ ရွှီဖန်းအစား ဝင်ပြောခဲ့သည်။
"ဟားဟား ယွီရွှမ်းက ဟာသလုပ်နေတာပဲ"
သို့သော်ငြား သူမပြောပြီးသည်နှင့် ပိုင်ဖေးဟုန်တို့အဖွဲ့မှာ ရယ်မောလာကြသည်။ ပိုင်ဖေးဟုန်က ရွှီဖန်းကို အထင်သေးစွာ ကြည့်၍ ရယ်နေသည်။
"မြစ်အောက်ပိုင်းရွာလို ရွာသေးသေးလေးမှာ လယ်နှစ်ကွက်လောက် အပင်လေးစိုက်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အကြီးဆုံးလယ်ယာစီးပွားရေးလုပ်ငန်းရှင် ဖြစ်သွားတယ်ပေါ့ ဟုတ်လား"
ပိုင်ဖေးဟုန်က မျက်လုံးများကို လှိမ့်ကာ ပြောင်
ပြောင်ရှင်းရှင်း ဆိုလာသည်။
"အခုခေတ်မှာ ဖလင်ချပ်ပြားလေးကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် နည်းပညာနတ်ဘုရားလို့ ထင်နေကြတဲ့လူတွေတော့ များသားပဲ"
"ဖီး!"
ပိုင်ဖေးဟုန်၏ ပြန်လည်ချေပမှုကို ကြားရသည့်အခါ ထိုလူအုပ်စုမှာ မထိန်းနိုင်ဘဲ တိတ်တဆိတ် ရယ်မိကြသည်။ ပိုင်ဖေးဟုန်ပြောတာက ကျိုးကြောင်းဆီလျော်ပေသည်။ ထိုအချိန် လူတိုင်းက ရွှီဖန်းကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်နေကြသည်။ သူတို့ရွှီဖန်းအတွက် စိတ်မကောင်းသလိုလည်း ခံစားနေရသည်။ သူ့ကိုယ်သူ မိမိုက်ဟန်ဆောင်နေသည့်အချိန်၌ ပိုင်ဖေးဟုန် ထုတ်ဖော်တာခံလိုက်ရခြင်းက တစ်
ကယ်တော့ သနားစရာပင်။
"ဟဲဟဲ ရွှီဖန်း ငါက စကားပြောမကောင်းဘူး၊ ငါ့ကို အပြစ်မတင်ပါနဲ့"
ရွှီဖန်းအပေါ်၌ အတန်းဖော်ဟောင်းများ၏ သဘောထားများ ပြောင်းလဲသွားသည်ကို မြင်သည့်
အခါ ပိုင်ဖေးဟုန်သည် စိတ်ထဲမှ လှောင်ပြောင်
လိုက်သည်။ မင်းက ငါ့အရှေ့မှာလာပြီး မိမိုက်သလို လာလုပ်ပြရဲသေးတယ်လား။ ငါမင်းကို သတ်ပစ်မှာ မကြောက်ဘူးလား။
ရွှီဖန်းသည် အတန်းဖော်ဟောင်းနှင့်အတူတူ ပြန်လည်ပေါင်းစည်းပွဲတက်ဖြစ်တာ ရှားသည်။ ဒါကြောင့် လေထုကို မတင်းမာစေချင်၍ ထိုလူများကို သူစိတ်ထဲ မထည့်ခဲ့ပေ။ သူ ခပ်ဖျော့ဖျော့ပြုံး၍ ပြောခဲ့သည်။
"အဆင်ပြေပါတယ်...မင်းတို့ ပျော်နေသ၍ပေါ့"
စားပွဲထိုးမှ အထူးကောင်းမွန်သော ဟင်းပွဲများကို မယူဆောင်လာခင်အထိ သူတို့ ဆယ်မိနစ်လောက် စကားပြောနေခဲ့ကြသည်။
"ဝါး ဟင်းပွဲတွေက ဘယ်လိုဖြစ်လို့ မြန်မြန်ရောက်လာတာလဲ"
"ဟုတ်ပ ဝန်ဆောင်မှုက တော်တော်ကောင်းတာပဲ"
မြန်ဆန်သောဝန်ဆောင်မှုက ရွှီဖန်းကြောင့်ဆိုတာကို သူတို့မေ့နေကြသည်။ အချိန်အကြာကြီးဆာလောင်နေခဲ့သည့် ထိုလူများသည် ကောင်းစွာ ပြင်ဆင်ထားသည့် ဟင်းပွဲများကို ကြည့်ရင်း တူကိုကိုင်ကာ စတင်စားသောက်ကြတော့သည်။
သူတို့စားနေရင်း လက်မထောင်ကုန်ကြသည်။ ဒီလို ရိုးရှင်းသည့် ပါဝင်ပစ္စည်းတွေကိုတောင် အရသာရှိအောင် ချက်နိုင်သည့် ဟွားမန်ရှင်းမှ စားဖိုမှူးအား ချီးကျူးခဲ့ကြသည်။
"လာ လာ ငါ့ရဲ့ စီးပွားရေးကတ် မင်းတို့ကို ပေးထားမယ်"
ထိုအချိန် ပိုင်ဖေးဟုန်က သူ့အိတ်ထဲမှ ကတ်အထပ်လိုက်ကိုထုတ်၍ အတန်းဖော်ဟောင်းများကို ဝေပေးလာသည်။ ပိုင်ဖေးဟုန်၏စီးပွားရေးကတ်က လူတစ်ယောက်ဆီမှာ သီးသန့်ပြုလုပ်ထားမှန်း သိသာသည်။ ခေတ်ဆန်သော ထိုကတ်များကိုမြင်သည့်အခါ လူတိုင်းက တူများကို ချ၍ ကတ်တွေကိုယူကာ ဖတ်နေကြသည်။
"အိုက်ယိုး! ဒါကဘာလဲ...ပိုင်ဖေးဟုန် မင်းက တစ်
ကယ်တော်တာပဲ၊ အထွေထွေမန်နေဂျာတောင်ဖြစ်နေပြီ"
"ပိုင်ဖေးဟုန်၊ 'ပျံသန်းအရိပ်' KIV၏ အထွေထွေမန်နေဂျာ...မင်းမဆိုးဘူးပဲကွ"
လူအုပ်ကြီး၏ ချီးမွှမ်းမှုများစွာကြောင့် ပိုင်ဖေးဟုန်၏မျက်နှာက ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။ သူက အမှုမဲ့ အမှတ်မဲ့အမူအရာဖြင့် ပြောခဲ့သည်။
"အိုး ဘာမှမဟုတ်ပါဘူး၊ အဖေရဲ့အမွေကို သားဖြစ်သူက ဆက်ခံရုံပါပဲ"
"တစ်ယောက်ယောက်ကတော့ ငါ့မိသားစုက လူအိုကြီးရဲ့ ပိုင်ဆိုင်မှုအမြောက်အမြားကို ဆက်ခံရမှာပဲလေ၊ ပြီးတော့ KTVကလည်း ဒီတလော ငါ့ရဲ့အကူအညီတွေကြောင့် တော်တော်တိုးတက်လာတယ်"
ပိုင်ဖေးဟုန်က သာမန်ကာလျှံကာ ပုံစံဖြင့် ကြွားဝါးနေသော်ငြား သူ့ရဲ့လေသံ၌ မောက်မာမှုများကို မပေါ်လွင်စေအောင် ထိန်းထားဖို့တော့ ခက်ခဲလှသည်။
သို့သော်ငြား ဒီမှာရှိနေသည့်လူများက အခုမှ ဘွဲ့ရပြီးသည့်လူများ ပါဝင်သလို နှစ်ပေါင်းများစွာ အလုပ်
လုပ်နေခဲ့ရသည့် လူများပါဝင်သည်။ သူတို့က ပိုင်ဖေးဟုန်၏အခြေအနေအား လေးစားအားကျရုံသာ တတ်နိုင်ပေသည်။ မိန်းကလေးတချို့ဆိုလျှင် ပိုင်ဖေးဟုန်ရှေ့ကို သွား၍ ဂုဏ်ပါပြုကြသေးသည်။
ဒါက ပိုင်ဖေးဟုန်ကလည်း ပျော်ပျော်ရွှင်ရွှင် လက်ခံသည်။ သူ ရွှီဖန်းကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
"လူတိုင်းပဲ ငါက ထူးချွန်တယ်ဆိုပေမယ့်လည်း ငါ့ကိုပဲ အာရုံမစိုက်ကြပါနဲ့"
"ရွှီဖန်းလည်းပဲ အကြီးဆုံးလယ်ယာစီးပွားရေးလုပ်ငန်းရှင်ပဲလေ၊ မင်းတို့ သူ့ကိုလည်း အာရုံစိုက်သင့်တယ်"
"ဖီး!"
ပိုင်ဖေးဟုန် ပြောလာသည့်အခါ ထိုလူများသည် မနေနိုင်ဘဲ ရယ်မိကာ ရွှီဖန်းကို စာနာစွာ ကြည့်နေကြသည်။
အကယ်၍ သူတို့သာ ရွှီဖန်းဆိုပါက အခုလို ရှုပ်ထွေးနေသည့်နေရာမျိုးမှာ ထပ်ပြီး မျက်နှာပြဖို့ လာရဲတော့မည်မဟုတ်ချေ။
ဒေါက် ဒေါက် ဒေါက်
ထိုအချိန် တံခါးခေါက်သံကို သူတို့ ကြားလိုက်ရသည်။ လူတိုင်းက ရွှီဖန်းကို အာရုံမစိုက်တော့ဘဲ တံခါးကို ငေးကြည့်လိုက်ကြသည်။ တံခါးခေါက်ပြီးနောက်မှာ တစ်ဖက်လူက အထဲဝင်လာသည်။ ချက်ချင်းပင် အကုန်လုံး၏ မျက်လုံးများက အရောင်လက်သွားရသည်။
လှပသောအမျိုးသမီးတစ်ယောက်ပင်။
လုံးဝလှပသည်။ အနက်ရောင်ရုံးဝတ်စုံကို ဝတ်
တင်ထားသည့် သူမက ခြေလှမ်းစလှမ်းလာသည်။ သူမမျက်နှာပေါ်မှ အပြုံးလေးက လူတိုင်း၏ရင်ကိုလန်းဆန်းသွားစေပေသည်။ ဝူယွီရွှမ်း၏ ဖြူစင်သောအလှနှင့်ယှဥ်ကြည့်ပါက ထိုအမျိုးသမီးကတော့ ရင့်
မှည့်နေသည့်မက်မွန်သီးအလားပင်။ သူမ၏လှုပ်ရှားမှုတိုင်းက အမျိုးသားများကို ဆွဲဆောင်နိုင်သည့်အရာများပင်။
"လူတိုင်းပဲ ကျွန်မက ဟွားမန်ရှင်းရဲ့သူဌေး ချင်းလန်
ပါ၊ ဒီမှာ အချိန်ကောင်းတွေ မရှိခဲ့ဘူးဆိုတာ ကျွန်မကြားသိခဲ့ရလို့ အထူးတောင်းပန်ဖို့ လာခဲ့တာပါ"
ထိုအခိုက်အတန့်မှာ ချင်းလန်က သူတို့ဆီ လျှောက်လာသည်။
ပိုင်ဖေးဟုန်သည် အကူအညီမဲ့စွာဖြင့် ချက်ချင်း မတ်တပ်ရပ်လာသည်။ နောက်ခံများစွာရှိသည့် ဒီလှပသော အမျိုးသမီးနှင့် သူရင်းနှီးရန် စိတ်ဝင်စားပေသည်။
"မဟုတ် မဟုတ်...အာ"
ပိုင်ဖေးဟုန် စကားပြောလို့မဆုံးခင်မှာပဲ သူအေးခဲသွားခဲ့သည်။ ချင်းလန်က သူ့ကို လျစ်လျူရှု၍ နှိမ့်နှိမ့်ချချထိုင်နေသည့် ရွှီဖန်းဆီလျှောက်သွားသည်။
သူမက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေသည့်အလား ပြောလာသည်။
"သူဌေးရွှီ ကျွန်မ တစ်ကယ်တောင်းပန်ပါတယ်၊ ဒီကို လာမယ်လို့ ကြိုပြောထားရင် ကျွန်မလည်း ဆိုင်ကို ကြိုတင်ပြင်ဆင်ထားဖို့ ပြောထားမိမှာပါ၊ ကောင်းကောင်းမဧည့်ခံခဲ့မိလို့ ကျေးဇူးပြုပြီး အပြစ်မတင်လို့ရမလားရှင့်"
ချင်းလန်၏သဘောထားက အလွန်ကို လေးစားမှု အပြည့်ရှိနေသည်။ ထိုကဲ့သို့ အလွန်အံ့အားသင့်စရာမြင်ကွင်းကြောင့် လူတိုင်း၏မျက်လုံးများမှာ မြေကြီးပေါ်သို့ ပြုတ်ကျမတတ်ပင်။
"မင်းက အရမ်းယဥ်ကျေးနေပါပြီ"
ရွှီဖန်းက ပြုံး၍ ဘာမှမပြောပေ။ ဒီအမျိုးသမီးသူဌေးမကို တွေ့ရတာ သူ့အတွက် ပထမဆုံးအကြိမ်ပေ။ ကြည့်ရတာ ဟုန်ဖေးက ဖုန်းခေါ်လိုက်သည့်ပုံပင်။
"ဘာလို့ ဒီလိုပြောရတာလဲ၊ ဟုန်ဖေးက ကျွန်မကို ပြောပြထားပါတယ်...သူဌေးရွှီက သူ့ရဲ့ အသက်သခင်ကျေးဇူးရှင်ပါတဲ့၊ ပြီးတော့ ညီအစ်ကိုရင်းတွေလို ဆက်ဆံရေး ရှိတယ်လို့ ပြောခဲ့တယ်၊ ကျွန်မ လာပြီး တောင်းပန်တာက သဘာဝကျပါတယ်"
"နောက်ကျရင်လည်း မကြာမကြာလာဖို့ သတိရပေးပါဦးရှင့်၊ အဲ့ဒီအချိန်ကျ သူဌေးရွှီ သုံးဆောင်သမျှ ပိုက်ဆံပေးချေစရာမလိုပါဘူးရှင့်"
"ဒါက..."
လူအုပ်ကြီးမှာ အလွန်အံ့အားသင့်၍ မျက်လုံးများ ပြူးကျယ်နေကြသည်။ ဒါကြီးက အရမ်းအံ့သြဖို့မကောင်းနေဘူးလား။
သိထားရမည်မှာ ဟွားမန်ရှင်း၏သူဌေးက ဘယ်ဧည့်သည်ကိုမှ ဧည့်ခံရန် မထွက်လာခဲ့ဖူးပေ။
ရွှီဖန်းက ဒီလိုအရေးပေးမှုကိုတောင် ရနေတာလား။
ရွှီဖန်းကို နှစ်ထောင်းအားရစွာဖြင့် ရယ်မောခဲ့ကြသည့်လူများကတော့ မျက်နှာများ နီရဲလာကြသည်။
ဖာခ့်! ငါတို့ သူ့ကို ဘယ်က ရတဲ့အင်အားနဲ့ သွားရယ်ခဲ့ကြတာလဲ!
သူတို့ကမှ အဆင်ပြေသေးသည်၊ ပိုင်ဖေးဟုန်က ပိုပြီးတော့တောင် အံ့သြနေသေးသည်။
"ဟုန် ဟုန်ဖေးလား"
တခြားလူများနှင့်မတူဘဲ သူက KTVမှာ အလုပ်
လုပ်တာကြောင့် နေ့တိုင်း လူပေါင်းများစွာကို တွေ့
ခဲ့ရသည်။ ဒါကြောင့် ခရိုင်က လူတော်တော်များများကို သူသိပေသည်။
ချင်းလန်၏စကားထဲမှ ဟုန်ဖေးဆိုသည့် လူကို သူကြားဖူးသည်။ ထိုလူက သူဌေးကြီးဖြစ်ကာ သူ့အဖေကိုတောင် လွယ်လွယ်ချေမွနိုင်သည့်လူပင်။
ချင်းလန်ပြောပုံအရဆို ဟုန်ဖေးက ရွှီဖန်းကို ညီအစ်ကိုအဖြစ် သတ်မှတ်ထားတာလား။
"ဒါက"
ပိုင်ဖေးဟုန်၏ မျက်နှာက နီတလှည့်ဖြူတလှည့်ဖြင့် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်နေသည်။
ထိုကဲ့သို့ ကြီးမြတ်သော ပုဂ္ဂိုလ်၏ အကူအညီကို ရထားသည့်အတွက်ကြောင့် အကြီးဆုံးလယ်ယာစီးပွားရေးလုပ်ငန်းရှင်ဆိုသည့် အရာက ပေါ့တန်တန် မဟုတ်သည့်ပုံပင်။
**********************