← Chapters

ငါ့ဇနီးက စဥ်းစားတတ်ဆုံးပဲ

Vol. 6 Ch. 80

ငါ့ဇနီးက စဥ်းစားတတ်ဆုံးပဲ

Vol. 6 Ch. 80

"ဟဲဟဲ ငါ့ဇနီးက စဥ်းစားတတ်တာပဲ"

ရွှီဖန်းကလည်း ဟိတ်ကြီးဟန်ကြီးမနိုင်ပေ။ သူက ဝူယွီရွှမ်း၏လက်မောင်းကို ဖက်၍ အရှက်မဲ့စွာပင် ဇနီးလေးဟု ပြန်ခေါ်နေ၏။ သူက ပေးတဲ့အခွင့်အရေးထက်ကို ပိုပြီး လိုချင်နေသေးသည်။

ဝူယွီရွှမ်းက မျက်လုံးလှိမ့်၍ လှောင်ပြလိုက်သည်။

"ဟမ့် ငါက နင့်ဇနီးမဟုတ်ပါဘူးနော်၊ အဲ့ဒီလို ခေါ်နေတာ ရပ်စမ်း"

"ဟဲဟဲ ခုနက မင်းပြောပုံအရဆို အနာဂါတ်မှာ ဒီထက်ပိုပြီး အဆင့်တက်လာမှာပဲမလား"

KTVမှ မထွက်ခင်အထိ ရွှီဖန်းနှင့် ဝူယွီရွှမ်းဟာ အချိန်ခဏလောက် စကားရပ်ပြောနေခဲ့ကြသည်။ ကျောင်းရှေ့မှာ ရပ်ထားသည့် ကားရှိရာကို ရောက်ပြီးနောက် ဝူယွီရွှမ်းကို တင်ကာ သူမအိမ်သို့ ပြန်ပို့ပေးခဲ့သည်။

သူ့အတွက် အနားယူဖို့ အချိန်ဆိုတာ ရှားပါးလှသည်။ အိမ်ပြန်ရောက်ပြီးနောက် မိသားစုနှင့် ခဏအချိန်ဖြုန်းခဲ့သည်။ ညစာစားပြီးတော့မှသာ သူ့အခန်းမှာ အနားယူရန် ဝင်လာခဲ့သည်။ ထိုအချိန် သူ့ဖုန်းထဲမှ Wechatက အသံမြည်လာသည်။

"ဟမ်"

ကောင်းကင်ဘုံမှ ဘာသတင်းမှ မကြားရတာ ရက်တော်တော်ကြာလေပြီ။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကောင်းကင်ဘုံမှ အမှိုက်ပစ်ချတာကို ရပ်လိုက်ပြီလားဟုတောင် သူတွေးခဲ့မိသေးသည်။

နောက်ဆုံးတော့ သူ စာရလာပြီဖြစ်၍ ကျယ်လောင်စွာ ထရယ်မိတော့သည်။

"ယဥ်ပါးသားရဲများ ဥယျာဥ်၏ ကလေး? ကြည့်ရတာ ကောင်းကင်ဘုံမှာ Wechatသုံးတဲ့ အစီအစဥ်က တော်တော်လေး ကျော်ကြားနေတဲ့ပုံပဲ"

ထိုက်ပိုင်ကျင့်စစ်ကို ဖုန်းနှင့် Wechatသုံးနည်း ပြပေးပြီးကတည်းက ထိုနတ်အိုကြီးမှာ ကောင်းကင်ဘုံ၌ Wechatအောင်မြင် ကျော်ကြားရေးကို စတင်

လုပ်ဆောင်ခဲ့သည်။ သူတင်ထားသည့် Wechat momentများကို ကြည့်ချင်းအားဖြင့် သူအလွန်အလုပ်ရှုပ်နေမှန်းသိသာသည်။ 

အခုဆိုလျှင် ဒီလို နတ်ပေါက်စကလေးလေးတောင်မှ Wechatကို သုံးတတ်နေလေပြီ။ ကြည့်ရတာ ကောင်းကင်ဘုံ၌ Wechat၏ဂုဏ်သတင်းက တော်တော် ပျံ့နှံ့နေသည့်ပုံပင်။

တစ်ဖက်သူက ကလေးဖြစ်နေတာကြောင့်ဆိုပြီး ရွှီဖန်းက အထင်မသေးပေ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံက အမှိုက်မှန်သမျှက လူ့လောကမှာ တော်တော် အကျိုးရှိလေသည်။ ထိုကလေး၏ သူငယ်ချင်းဖြစ်ရန်တောင်းဆိုမှုအား သူလက်ခံခဲ့သည်။

"အစ်ကိုကြီး မြန်မြန် ကျွန်တော့်ကို ကူညီပါဦး!"

သူငယ်ချင်းအဖြစ် လက်ခံပြီးသည်နှင့် တစ်ဖက်လူက စိုးရိမ်ပူပန်စွာ စကားစပြောလာသည်။

ထိုကောင်လေးက ဒုက္ခတွေ့နေပုံပေါ်တာကြောင့် ရွှီဖန်း မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ဟမ် ဘာကိစ္စဖြစ်နေလို့လဲ"

"ဟင်း ကျွန်တော်ကိုက တုံးလွန်းတာပါ၊ ဒီရက်တွေထဲမှာ ဆရာက ယဥ်ပါးသားရဲများဥယျာဥ်က သားရဲတွေကို အစားကျွေးရတဲ့ ထာဝရရှင်သန်ခြင်းမြက်တွေကို ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သင်ပေးခဲ့တယ်၊ ကျွန်တော်လည်း အကုန်နားလည်တယ်၊ ယုတ္တိရှိရှိဆိုရရင် စိုက်ပျိုးနိုင်သင့်တယ်လေ..ဒါပေမယ့်"

သူစိုက်ပျိုးခဲ့သည့် ထာဝရရှင်သန်ခြင်းမြက်တွေအကြောင်း ပြန်တွေးရင်း ထိုကောင်လေးမှာ ရှက်ရွံ့နေတော့သည်။ 

"ဆရာပြောတဲ့အတိုင်းလိုက်နာပြီး အပင်တွေကို ပျိုးဖို့ မြက်ပေါင်းစုံကို စိုက်ခဲ့တယ်၊ ဒါပေမယ့် တောခွေးတွေတောင် မကြိုက်မယ့် မြက်မျိုးပဲ စိုက်နိုင်ခဲ့တယ်၊ ပြောကြည့်...ကျွန်တော်သာ အခုလို တန်ဖိုးမရှိတဲ့ မြက်တွေစိုက်နေမှန်း ဆရာသိသွားလို့ကတော့ ကျွန်တော့်ကို ရိုက်လောက်မလား"

ယဥ်ပါးသားရဲများဥယျာဥ်၌ ရိုက်ထားသည့်ပုံကို ပရိုဖိုင်တင်ထားသည့် ထိုကောင်လေးက ခုနစ်နှစ် ရှစ်

နှစ်လောက်သာ ရှိပေဦးမည်။ ရွှီဖန်းအသက်အရွယ်ဖြင့်ယှဥ်ပါက နည်းနည်းတော့ ကရိကထများသည်။

သို့သော်ငြား...

ရွှီဖန်းသည် ဖုန်းမျက်နှာပြင်ပေါ်မှ 'ထာဝရရှင်သန်ခြင်းမြက်'ဆိုသည့် စကားလုံးကို ကြည့်ကာ အံ့အားသင့်

နေသည်။ ကောင်းကင်ဘုံက တောခွေးတွေမစားပေမယ့် လူ့ပြည်က တိရိစ္ဆာန်တွေဆိုရင်ရော....

ကလေးတစ်ယောက်က စိုက်ပျိုးထားပြီး မအောင်မြင်ထားသည့်အရာဖြစ်နေသော်လည်း ကောင်းကင်ဘုံက အပင်ငယ်ဖြစ်နေတုန်းပင်။

"မဟုတ်ဘူး...ကျွန်တော် ကူညီပေးမယ်"

ရွှီဖန်းက ချက်ချင်းပင် ဆုံးဖြတ်ခဲ့သည်။ သူ ဖုန်းကို နှိပ်၍ တစ်ဖက်လူကို အကြံပေးခဲ့သည်။

"ကျွန်တော့်စိတ်ထင်တော့ ဆရာဖြစ်သူက ဒေါသမထိန်းနိုင်လောက်ဘူး၊ အဲ့ဒီလို အသုံးမဝင်တာတွေ စိုက်နေခဲ့တာ သိသွားရင် မျက်နှာကို ရိုက်လောက်တယ်၊ အဲ့ဒီမြက်တွေကို ကောင်းကင်ဘုံမှာ မထားတာအကောင်းဆုံးပဲ"

"ဟုတ်တယ်မလား၊ ဒါတွေက ရိုးရိုးအမှိုက်ပါပဲ၊ အိုက်ယား ဆရာသာ သိရင် ကျွန်တော့်ကို တုံးအလို့ဆိုပြီး အပြစ်တင်တော့မှာ"

"အစ်ကိုကြီးအခုအားရင် ဒီမြက်ပင်တွေနဲ့ပတ်သက်ပြီးကူညီပေးလို့ရမလား"

ဒီတစ်ကြိမ်၌ ယဥ်ပါးသားရဲဥယျာဥ်မှ ကောင်လေးက သူစိုက်ပျိုးထားသည့်အရာကို ထာဝရရှင်သန်ခြင်းမြက်ဟု မခေါ်လာဘဲ 'မြက်'ဟူ၍သာ ခေါ်လာသည်။ ဘယ်လောက်တောင်မှ သူ့စွမ်းရည်နှင့်ပတ်သက်၍ စက်ဆုပ်နေမှန်း သိနိုင်သည်။

သို့သော်ငြား ရွှီဖန်းကတော့ သူ့ကို အလွန်ယုံကြည်နေလေသည်။ သူက ဖုန်းကိုနှိပ်၍ ပြန်ဖြေခဲ့သည်။

"ဒါပေါ့ အဲ့တာတွေက ဘယ်လောက်များလဲ"

"ဆယ်ခြင်း"

"............."

ထိုအရေအတွက်ကိုကြားသည့်အခါ ရွှီဖန်းမှာ ပြန်စာ ပြန်မဖြေနိုင်လုနီးပါးဖြစ်သွားရသည်။ ဘယ်လို လက်တွေ့အသုံးချမလဲ သူမသိသော်ငြား အရင်ဆုံး စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ 

အကျိုးရှိတဲ့ထုတ်ကုန်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ။ ရွှီဖန်းက လွန်စွာ ယုံကြည်ချက်ရှိနေသည်။ 

ဆယ်ခြင်းဆိုတာကလည်း ကောင်းပေသည်။ သူ များများစပ်သပ်ကြည့်လို့ ရနိုင်သည်။

"ကျွန်တော်ကူညီပေးလို့ရပါတယ်၊ ဒါပေမယ့် ဆရာဖြစ်သူ မတွေ့အောင် အဲ့ဒီခြင်းတွေကို ယူလာဖို့က နတ်မင်းလေးဆီမှာပဲ မူတည်သွားပြီ"

"အစ်ကိုကြီး စိတ်မပူပါနဲ့၊ ကျွန်တော် ယူလာပြီးသားပါ...အိုက်ယား မြန်မြန်လုပ်ကြရအောင်၊ အခုချက်ချင်းမပစ်ချရင် ကျွန်တော့်ကို တွေ့တော့မယ်"

တစ်ဖက်လူက စောင့်တောင်စောင့်နေလေပြီ။ ရွှီဖန်း ပြန်စားရေးပြီးနောက် အနောက်တောင်ဘက်ကို ပြေးလာခဲ့သည်။

"ကောင်းပြီ၊ အမြန်လာခဲ့ပါ့မယ်"

ကောင်းကင်ဘုံနှင့် လူပြည်ကြားရှိ ဝင်ပေါက်ရှိရာကို ရောက်ပြီးနောက် တစ်ဖက်ကောင်လေးဆီ စာပို့လိုက်သည်။ ထိုအချိန် သူ့ခေါင်းထက်၌ အနက်ရောင်ကြေးမုံဝိုင်းကြီးကလည်း ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။

ထိုထဲကိုကြည့်လိုက်ပါက တစ်မီတာထက်နည်းနည်းသာပိုရှည်သည့် ကလေးလေးတစ်ယောက်ကို တွေ့ရလိမ့်မည်။ သူက သိုလှောင်လက်စွပ်ထဲမှ ခြင်းတွေကို ထုတ်ကာ သယ်ထားသည်။

"အစ်ကိုကြီး ကျွန်တော် ပစ်ချပြီနော်၊ ဒါတွေကို ဖယ်ရှားပေးဖို့ မမေ့ပါနဲ့၊ ပြန်ရောက်ရင် ကျေးဇူးဆပ်ပါ့မယ်"

ခြင်းဆယ်ခြင်းကို ပစ်ချပြီးသည့်နောက် ထိုကလေးသည် အပြစ်လုပ်ထားသည့်ပုံစံဖြင့် အမြန်ပင် လမ်းကြောင်းပိတ်သွားတော့သည်။ ရွှီဖန်းမှာ စဥ်းစားရန် အချိန်တောင် မရှိလိုက်ပေ။ သူ့ခြေထောက်ဘေးမှ ခြင်းများကို ကြည့်ရင်း သူ စတင်တွေးတောလိုက်သည်။

ဒီမြက်တွေကို သေမျိုးလောကမှ တိရိစ္ဆာန်များစားပါက အသုံးဝင်မလားဆိုတာကို သူသိချင်နေသည်။ ရိုးရိုးသားသားဆိုရလျှင် သူ နည်းနည်းကြောက်နေမိသည်။ တိရစ္ဆာန်တွေသာ ဒီမြက်တွေစားပြီး မသေမျိုးစွမ်းအားတွေရှိကုန်ပါက ဒုက္ခဖိတ်ခေါ်သလိုဖြစ်နေလိမ့်မည်။

သို့သော်ငြား ထိုကလေးမှ စိုက်ပျိုးထားသည့် မအောင်မြင်ခဲ့သော မြက်များက ကြက်တွေငှက်တွေကို မသေမျိုးစွမ်းအားတွေအထိတော့ မရှိစေနိုင်လောက်ဘူးဟု သူထင်နေမိပြန်သည်။ 

"မဟုတ်သေးပါဘူး၊ ငါအခုပဲ လက်တွေ့စမ်းကြည့်ရမယ်"

ရွှီဖန်းက ဘာစီးပွားရေးအသစ်ထပ်လုပ်ရင်ကောင်းမလဲဟု တွေးပူနေခဲ့သည်။ အခု ဤခြင်းဆယ်ခြင်းကို တွေ့ပြီးနောက် သူ့ဆီမှာ စိတ်ကူးတချို့ရှိလာသည်။ ဒီမြက်တွေသာ တိရစ္ဆာန်တွေကို ပြောင်းလဲမှုတချို့ဖြစ်စေပါက သူ ထပ်ချမ်းသာဖို့ နည်းလမ်းရှာတွေ့နိုင်သည်။

ရွှီဖန်းသည် ခြင်းတစ်ခြင်းကိုသယ်ကာ ကျန်သည့် ကိုးခြင်းကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလျက် အိမ်ကိုပြန်လာခဲ့သည်။

ချိုးဆုအာက သူမအိမ်မှာ ကြက်တွေမွေးထားပြီး ခရိုင်မှာရောင်း၍ အသက်မွေးဝမ်းကြောင်းပြုခဲ့သည်ကို သူသိထားသည်။ ရွှီဖန်းဆီမှာ အလုပ်လုပ်

နေ၍ သူမက ထပ်ပြီးမမွေးတော့သော်ငြား မွေးထားနှင့်ပြီးသား ကြက်တစ်အုပ်တော့ ကျန်နေသေးသည်။

အခုအချိန်က ည၇နာရီ ဝန်းကျင်လောက် ဖြစ်နေလေပြီ။ ဒီထက် နောက်ကျသည်အထိ အချိန်ဆွဲနေပါက ဒုက္ခရောက်လိမ့်မည်။ ချိုးဆုအာက မုဆိုးမလေးဖြစ်တာကြောင့် ရွှီဖန်းသာ ညလယ်ခေါင်ကြီးမှ သူမအိမ်ကို သွားပါက လူတွေ အတင်းတုတ်ကြလိမ့်မည်။

ဒါကြောင့် အခုပဲ ခြင်းကိုပိုက်၍ ချိုးဆုအာအိမ်ဆီလျှောက်သွားလိုက်သည်။ 

ချိုးဆုအာသည် မြစ်အောက်ပိုင်းရွာ၏ စပါးနယ်သည့်တလင်းပြင် အနီးအနားမှာ နေထိုင်သည်။  ရွှီဖန်းအိမ်ကနေ ထိုနေရာကို ရောက်ဖို့က အချိန် ၁၀မိနစ်ထက် ပိုပေးရလေသည်။ သူထွက်လာသည့်အချိန်၌ ရာသီဥတုက မည်းမှောင်နေသည်။ မိုးရွာတော့မည်မှန်းသိတာကြောင့် သူခြေလှမ်းအမြန်လှမ်းခဲ့သည်။ ချိုးဆုအာအိမ်သို့ ရောက်ခံနီးမှာပဲ မိုးက တလဟော ရွာချလာကာ မိုးချုန်းသံများလည်း လိုက်ပါလာသည်။

"ကံဆိုးလိုက်တာကွာ"

ရွှီဖန်းမှာ ချက်ချင်း မိုးရေများဖြင့် ရွှဲရွှဲစိုကုန်တာကြောင့် မနေနိုင်ဘဲ အပြစ်တင်မိတော့သည်။ သို့သော်ငြား ခြေလှမ်းအနည်းငယ်ဆိုရင်ပဲ ချိုးဆုအာအိမ်ကို ရောက်တော့မှာဖြစ်၍ အခုအချိန်မှ အိမ်ပြန်

လှည့်တာက ကောင်းမွန်သော ရွေးချယ်မှု မဟုတ်ပေ။ ဒါကြောင့် ရှေ့ကိုသာ ဆက်လျှောက်သွားခဲ့သည်။

တက်လမ်းက ချောနေတာကြောင့် ရွှီဖန်းက ခြေလှမ်းတွေကို ဖြည်းဖြည်းချင်းလှမ်းနေရသည်။ ခဏအကြာမှသာ သူမအိမ်ရှေ့ကို ရောက်ရှိသွားခဲ့သည်။ ထိုအချိန် အပြင်ဘက်၌ မိုးရွာသွန်းသံနှင့် လျှပ်စီးလက်ခြင်းများက အတူဖြစ်နေကာ တအုန်းအုန်း မိုးခြိမ်းသံများကလည်း ရွှီဖန်း၏ နားထဲ ပြည့်နှက်နေသည်။ ရွှီဖန်း မျက်မှောင်ကြုတ်ကာ အိမ်ထဲကို အော်လိုက်သည်။

"အစ်မဆုအာ အိမ်မှာရှိလား"

တုံ့ပြန်မှုမရှိပေ။ ရွှီဖန်းနောက်တစ်ကြိမ်ထပ်ခေါ်လည်း အတူတူပင်။ မိုးသံနှင့် တီဗီအကျယ်ကြီးဖွင့်ထားလို့ပဲ မကြားတာလားဟု သူထင်မိသည်။ ဒါကြောင့် တံခါးကို ခေါက်လိုက်သည်။ 'ကျွီ' ဟူသည့် မြည်သံနှင့်အတူ တံခါးက လေနှင့်အတူ ပွင့်သွားခဲ့သည်။

ရွှီဖန်း အံ့သြသွားရသည်။ ချိုးဆုအာက ဂရုမစိုက်ဘဲ တံခါးပိတ်ဖို့မေ့ထားပြန်ပြီလားဟု တွေးကာ စိုးရိမ်မိခဲ့သည်။

*******************

All Chapters