တိုက်ဆိုင်လိုက်တာ
Vol. 6 Ch. 84
ဒီတစ်ကြိမ်မှာ ရွှီဖန်းနှင့် တစ်နေရာတည်းမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ရတာက လီထိုက်ကန်းအတွက် အလွန်ကံကောင်းပေသည်။ မဟုတ်လျှင် ကယ်မည့်သူမရှိ၍ သူ အသက်ဆုံးရှုံးရလိမ့်မည်။
သူထုတ်ယူခဲ့သည့် ယွမ်တစ်သောင်းတန် ပိုက်ဆံရွက်များကို ရွှီဖန်းက ဂရုစိုက်သည့်ပုံမပေါ်ပင်။ ဒါကြောင့် သူ ချက်ချင်း စိတ်ဝင်စားမိပြီး ရွှီဖန်းနှင့် သူငယ်ချင်းဖြစ်ချင်မိသည်။ သူခဏအနားယူပြီးနောက် ရွှီဖန်း၏ Land Roverအပေါ် တက်လိုက်သည်။
လမ်းပေါ်မှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောရင်း သူတို့ ရင်းနှီးလာကြသည်။ လီထိုက်ကန်း ခုနကမှ ပြောခဲ့သည့်စကားကို သတိရကာ ရွှီဖန်းလည်း သိချင်စိတ်ဖြင့် မေးမိသည်။
"ခုနကပြောပုံအရဆို အစ်ကိုထိုက်ကန်းက ခရိုင်ကမလား၊ ကျိုးရွာကို ဘာလို့ လာတာလဲ"
လီထိုက်ကန်းက ပြုံး၍ ပြောလာသည်။
"ငါ့ကုမ္ပဏီက အစေ့တွေ မြေသြဇာတွေ ရောင်းတာလေ၊ ဒီနေ့ ပို့ဆောင်နေကျ ကားသမားက အိမ်မှာ သူ့မိန်းမ ကလေးမွေးလို့ ခွင့်တိုင်ထားတယ်၊ တခြားလူကိုလည်း လက်လွှဲလို့မရတော့ ငါကိုယ်တိုင်ပဲ လိုက်ပို့ရတော့တာ၊ ဟားဟား အခုလို ကြုံရမယ်လို့ မထင်ခဲ့ဘူးလေ၊ ဒါပေမယ့် ညီလေးနဲ့သိခဲ့ရတော့ အဆိုးထဲက အကောင်းလို့ ပြောလို့ရတယ်"
"ဘာ"
ရွှီဖန်း အံ့အားသင့်ကာ ထပ်မေးလိုက်သည်။
"အစ်ကိုထိုက်ကန်းရဲ့ ကုမ္ပဏီက မျိုးစေ့တွေရောင်းတာလား"
လီထိုက်ကန်း ခေါင်းညိတ်လိုက်ကာ
"ဟုတ်တယ် အမှန်ပဲ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တာ မှန်သမျှ အကုန်လုံး ရောင်းတယ်"
ထိုစကားအရ လီထိုက်ကန်း၏ ကုမ္ပဏီသည် ခရိုင်၌ နာမည်ကြီးပေလိမ့်မည်။ သူ့ဆီမှာ မျိုးစေ့တွေကစလို့ လယ်ယာထွန်ယက်ရန် လိုအပ်သည့် စက်ယာဥ်များပါ ရရှိလေသည်။ ဒီပတ်ပတ်လည်မှ ရွာအကုန်လုံးနီးပါးဆီ ဖြန့်ထားသည့် မျိုးစေ့များက လီထိုက်ကန်းဆီမှ ဖြစ်နေသည်။
ထိုလူ၏မိတ်ဆက်မှုကြောင့် ရွှီဖန်းမထိန်းနိုင်ဘဲ ရယ်မောမိသည်။ တိုက်ဆိုက်လိုက်တာမှ!
အနာဂါတ်ဖွံ့ဖြိုးရေးအတွက် တွေး၍ လီထိုက်ကန်းလို လူမျိုးကို ဒီအတိုင်း လွှတ်ပေးလိုက်လို့မဖြစ်ချေ။ အခုဆို သူတို့ တွေ့ဆုံပြီးပြီဖြစ်တာကြောင့် အနာဂါတ်မှာ အကူအညီတစ်ခု ဖြစ်လာနိုင်သည်။
လီထိုက်ကန်း၏ စိုက်ပျိုးမွေးမြူရေးကုမ္ပဏီက သူနှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် ပါဝင်ခဲ့တာကြောင့် ကြက်ခြံအကြောင်းကို သူ့ထက်ပိုသိလောက်သည်။
ရွှီဖန်းက မျက်မှောက်မပြုနိုင်တာကြောင့် ဂရုတစိုက်
ပင် မေးလိုက်သည်။
"အစ်ကိုထိုက်ကန်း ခဏကြာရင် ကုမ္ပဏီကို ကျွန်တော်လိုက်ကြည့်လို့မလား၊ အစ်ကိုထိုက်ကန်းကို ကျွန်တော် မေးချင်တဲ့အရာတချို့ရှိလို့"
ရွှီဖန်းနှင့်စကားအများကြီးပြောပြီးနောက် လီထိုက်ကန်းသည် ဒီလူငယ်လေးအပေါ် ကောင်းမွန်သော အမြင်ရှိလေသည်။ ရွှီဖန်းက သူ့ကို တစ်ခုခုမေးချင်
နေသည်ဟု ပြောလာသောအခါ သူ့ပေါင်ကိုရိုက်၍ ပြောလိုက်သည်။
"ကောင်းတာပေါ့ ရွှီဖန်း၊ မင်း ကုမ္ပဏီကို လာနိုင်တယ်၊ မင်းဘာပဲမေးမေး ငါ လီထိုက်ကန်းက အကုန်ဖြေပေးမယ်"
နှစ်ယောက်စလုံး ထိုကိစ္စကို သဘောတူပြီးနောက် ရွှီဖန်းသည် မြစ်အောက်ပိုင်းရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူစီစဥ်ထားသည့် အရာများကို ပြောပြခဲ့သည်။
ရွှီဖန်း၏ အစီအစဥ်ကို ကြားသော် လီထိုက်ကန်း၏မျက်လုံးများက တောက်ပသွားသည်။ ဖြစ်နိုင်သည်ဟူ၍လည်း သူခံစားရသည်။ သူအရှေ့မှ ယုံကြည်ချက်အပြည့်ရှိနေသည့် ကောင်လေးကိုကြည့်ရင်း ဒီနေ့ ကားမှောက်လာတာလည်း ကံဆိုးတာမဟုတ်ဘူးဟု သူခံစားနေရသည်။
မကြာခင်မှာပဲ ရွှီဖန်း၏ကားက ခရိုင်ကို ရောက်ရှိသွားသည်။ လီထိုက်ကန်း၏လမ်းညွှန်မှုအောက်မှာ ကုမ္ပဏီရှိရာသို့ သူမောင်းလာခဲ့သည်။
မရောက်ခင်မှာ လီထိုက်ကန်းက သူ့လူတွေကို ဖုန်းကြိုဆက်ထားတာကြောင့် တံခါးဖွင့်ဖွင့်ခြင်းမှာတင် ထိုလူများက ထွက်ကြိုဆိုကြသည်။
"သူဌေး အဆင်ပြေရဲ့လား"
ကျက်သရေရှိသည့်အမျိုးသမီးတစ်ယောက်က ကုမ္ပဏီထဲမှ လျှောက်ထွက်လာသည်။ သူမက လီထိုက်ကန်း၏ အခြေအနေကိုမြင်သည့်အခါ အမြန်လာကူလေသည်။ လီထိုက်ကန်းကတော့ အပြုံးဖြင့် ခေါင်းခါရမ်းနေပြီး ရွှီဖန်းကိုလည်း ဂုဏ်ယူနေသည့် အကြည့်မျိုးဖြင့် ကြည့်ရန် မမေ့ချေ။ ရွှီဖန်းလည်း ပြုံးလိုက်သည်။ ကြည့်ရတာ ဒီအမျိုးသမီးက လီထိုက်ကန်း ကားထဲမှာ ပြောပြလာသည့် အတွင်းရေးမှူးဖြစ်လိမ့်မည်။
အတွင်းရေးမှူးမလေးက လီထိုက်ကန်းကို အင်္ကျီလဲရန် ရုံးခန်းထဲ လိုက်ပို့ပြီးနောက် ရွှီဖန်းတို့အတွက် လက်ဖက်ရည်နှစ်ခွက်ကို ဖျော်ပေးနေသည်။
"လက်ဖက်ရည် အရင်သောက်နှင့်လိုက်ပါရှင့်"
လက်ဖက်ရည်ကို လက်ခံပြီးနောက် ရွှီဖန်းသည် လီထိုက်ကန်း၏ ကုမ္ပဏီကို အားကျစွာ ကြည့်မိသည်။ သူလည်း တစ်နေ့ကျ ကုမ္ပဏီတစ်ခု တည်ထောင်နိုင်
မည်လားဆိုတာ မသိနိုင်ပေ။
မကြာလိုက်ပေ၊ လီထိုက်ကန်းက အဝတ်တွေလဲကာ ရုံးခန်းထဲမှ ထွက်လာသည်။ ပုံစံကတော့ ခုနကလို ညစ်ပတ်ပေရေခြင်းများ မရှိဘဲ သန့်ပြန်နေသည်။ သူ့မျက်နှာက အနည်းငယ် နီရဲနေတာကြောင့် အမျိုးသမီးအတွင်းရေးမှူးနဲ့ ဘာတွေဖြစ်ခဲ့လဲ မသိနိုင်ပေ။
"ရွှီဖန်း ပြောပါ၊ ဘာမေးချင်တာလဲ"
လီထိုက်ကန်းက ရွှီဖန်း၏ ဆန့်ကျင်ဘက်မှာ ဝင်ထိုင်လာသည်။ ကြက်ခြံဖွင့်ရန် အစီအစဥ်ကို ပြန်တွေးရင်း ရွှီဖန်းသည် အသက်ပြင်းပြင်း ရှုသွင်းကာ ပြောလိုက်သည်။
"အစ်ကိုထိုက်ကန်း ကျွန်တော်က မြစ်အောက်
ပိုင်းရွာမှာ ကြက်မွေးမြူရေးခြံတစ်ခြံလောက် ဆောက်ချင်လို့လေ၊ အစ်ကို ဘယ်လိုမြင်လဲ"
"ဒါက..."
ထိုအကြောင်းကြားသည့်အခါ လီထိုက်
ကန်း၏အမူအရာက တုံ့ဆိုင်းသွားသည်။ ရွှီဖန်းလည်း မျက်မှောင်ကြုတ်ကာ တိုက်ရိုက်ပဲ မေးလိုက်သည်။
"အစ်ကိုထိုက်ကန်း ပြဿနာရှိရင် ပြောပါ"
"ရွှီဖန်း အရင်က ကြက်ခြံဆောက်ဖူးတဲ့ အတွေ့အကြုံမရှိဘူးမလား"
"ဒါက..."
ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ ပြည်နယ်မှာ အလုပ်လုပ်ရာကနေ ပြန်ရောက်ရုံပဲရှိသေးတာကြောင့် သူ့မှာ ကြက်ခြံအကြောင်း ဘာမှမသိပေ။ ရွှီဖန်းက အတွေ့အကြုံမရှိတာကို လီထိုက်ကန်း မြင်သည့်အခါ သူပြောခဲ့သည်။
"ရွှီဖန်း ငါလည်း ဒီအကြောင်း အရမ်းကြီးမသိပေမယ့် ကြက်တွေကို ဒီအတိုင်း ပေါ့ပေါ့ပါးပါးမွေးမြူတာနဲ့ မွေးမြူရေးခြံပါဆောက်ပြီးမွေးတာနဲ့က ကွာခြားချက်ကြီးကြီးမားမားရှိတယ်ဆိုတာတော့ သတိပေးချင်တယ်"
"မင်းလည်း ကျေးလက်မှာနေတော့ ရွာမှာ ကြက်တွေမွေးတာက လွယ်ကူတယ်ဆိုတာ မင်းသိပါတယ်၊ မင်းက ဒီအတိုင်း အိမ်မှာ ကြက်မွေးလို့ရပေမယ့် မွေးမြူရေးခြံနဲ့မွေးတာက မတူဘူး၊ ကြက်မွေးမြူရေးခြံက အိမ်မှာမွေးထားတဲ့မြေကွက်လေးထက် ပိုပြီးကျယ်ဝန်းတယ်၊ အဲ့တာကပဲ ပိုပြီး ဒုက္ခဖြစ်စေတယ်၊ အဲ့ဒီထဲမှာ ကြက်ပုလိပ်ရောဂါက ကြောက်ဖို့အကောင်းဆုံးပဲ၊ အချိန်ရောက်လို့ ကြက်တစ်ကောင်က အဲ့ဒီရောဂါဖြစ်ရင် ကျန်တဲ့ကြက်တွေအကုန်လုံးပါ ကူးစက်ကုန်ရော၊ အဲ့တာတင် မကသေးဘူး...ကြက်မစင်တွေအတွက်ပါ ကိုင်တွယ်ရမယ့်နည်းလမ်းက သက်သက်ရှိသေးတယ်"
ရွှီဖန်းလည်း လေးနက်စွာ ခေါင်းညိတ်မိသည်။ လီထိုက်ကန်းပြောတာ မှန်ပေသည်။ ဒီဒုက္ခက သေးပုံရသော်လည်း တစ်ကယ်တမ်းဖြစ်ပါက အကုန်သေကုန်လိမ့်မည်။
"အစ်ကိုထိုက်ကန်း ဒါက တစ်ကယ်ကို ပြဿနာဖြစ်နေတာပဲ"
ရွှီဖန်းလည်း မတိုင်ခင်က ဒီပြဿနာကို တွေးခဲ့သေးသည်။ သို့သော် သူ့မှာ ကြက်ခြံဆောက်ဖူးသည့်မိတ်ဆွေအသိမရှိတာကြောင့် ဘယ်သူ့ကိုမေးရမလဲ မသိခဲ့ပေ။
"အစ်ကိုထိုက်ကန်းဆီမှာ အခု ကြက်မွေးမြူရေးခြံဆောက်ထားတဲ့အသိများရှိလား၊ ကျွန်တော် သွားပြီးကြည့်ချင်လို့ပါ"
လီထိုက်ကန်းက စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီကို ဖွင့်ထားတာကြောင့် ကြက်ခြံဖွင့်ထားသည့် လူတွေကိုလည်း သိလောက်မည်ဟု ရွှီဖန်း ခန့်မှန်းမိသည်။ ရွှီဖန်းက ကြက်ခြံဖွင့်ရန် အလျင်မလိုသေးပေ။ သူ စမလုပ်ခင်မှာ အရင်ဆုံးလေ့လာပြီး အတွေ့အကြုံယူချင်သေးသည်။
ချိုးဆုအာက ကြက်မွေးမြူဖူးသည့် အတွေ့အကြုံရှိထားသည်။ ဒီရက်တွေထဲမှ 'အမတ'သစ်သီးဆိုင်နှင့် မြစ်အောက်ပိုင်းရွာကို အသွားအပြန်လုပ်ရင်း ပင်ပန်းနေသည့် သူမကိုကြည့်ရတာ ရွှီဖန်းလည်း စိတ်မကောင်းဖြစ်မိသည်။ မြစ်အောက်ပိုင်းရွာမှာ ကြက်ခြံသာ ဆောက်ပြီးပါက သူမကို အဲ့ဒီမှာပဲ စီမံခန့်ခွဲခိုင်းတော့မည်။ သစ်သီးဆိုင်အတွက်တော့ အရင်ဆုံး အားမောင်ကိုပဲ မန်နေဂျာ လုပ်ခိုင်းရမည်။
လီထိုက်ကန်းသာ ကြက်ခြံဖွင့်ထားသည့် လူတစ်ယောက်ယောက်ကို သိလျှင် ဒီကိစ္စကို အခွင့်ကောင်းယူ၍ ချိုးဆုအာကို လိုအပ်သည့်အရာများ သင်ယူစေချင်သည်။ ဒါဆို အချိန်ရောက်လာလျှင် ဤပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
လီထိုက်ကန်းက ခေါင်းညိတ်သည်။ သူ ဒီအကြောင်းတွေပြောပြခဲ့သည့်အကြောင်းအရင်းက ရွှီဖန်းကို သတိပေးချင်ခဲ့လို့ပင်။
"ရွှီဖန်း မင်းဆုံးဖြတ်ထားပြီဆိုမှတော့ မနက်ဖြန်မနက်ကျရင် ငါ့အသိဆီ သွားရမယ်၊ သူက ကြက်မွေးမြူရေးခြံကို ဦးစီးနေတာ၊ မင်း စောစောရောက်လာရင် သူ့ကို သွားတွေ့ဖို့ ခေါ်သွားပေးမယ်၊ သူက မင်းကို ကူညီပေးမယ်ဆိုတာ ငါယုံတယ်"
ဒါကိုကြားသည့်အခါ ရွှီဖန်း ပျော်ရွှင်သွားတော့သည်။ သူ ခေါင်းညိတ်၍
"ကောင်းပါပြီ အစ်ကိုထိုက်ကန်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒုက္ခပေးမိပါပြီ"
မြစ်အောက်ပိုင်းရွာမှ ခရိုင်မြို့ကို မနက်စောစောရောက်ဖို့ဆိုလျှင် နှောင့်နှေးတာတွေ ဖြစ်နိုင်သည်။ ကြက်ခြံအကြောင်းလေ့လာရန်အတွက် ရွှီဖန်းသည် ခရိုင်မှာပဲ အခန်းတစ်ခန်းငှား၍ တည်းခိုရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန် လီထိုက်ကန်းက လက်ကို ဝှေ့ယမ်းလျက်...
"ဟေး ပြဿနာမပေးမိပါဘူး၊ ကြီးကြီးမားမားလည်း မဟုတ်တာကို"
လီထိုက်ကန်း ငယ်ရွယ်စဥ်တုန်းက စီးပွားရေးလုပ်ရာ၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ရွှီဖန်းက သူ့ကိုယ်ပိုင်စီးပွားရေးကို လုပ်ဆောင်နေတာမြင်သည့်အခါ မနေနိုင်ဘဲ အကြံပေးမိခြင်းဖြစ်သည်။ ရွှီဖန်း၏ မာနမကြီးခြင်း၊ သည်းခံနိုင်ခြင်း စသည့် သဘောထားများကိုလည်း သူသဘောကျနှစ်သက်နေမိသည်။
"ရွှီဖန်း ဒီနေ့အတွက် နောက်ကျနေပြီ၊ မနက်ဖြန်ကျမှ ငါ မင်းကို လာရှာမယ်"
"အာ...ကောင်းပါပြီ အစ်ကိုထိုက်ကန်း၊ ကျွန်တော် အနှောင့်အယှက်ပေးတာ ရပ်လိုက်တော့မယ်၊ အချိန်ရောက်လာရင် တိုင်ပင်ဖို့အတွက် ကျွန်တော့်ကို အကြောင်းကြားလိုက်ပါဗျ"
သူတို့စကားပြောနေစဥ်မှာ လီထိုက်ကန်းဆီကို ဖုန်းကောများစွာ ဝင်နေခဲ့သည်။ ကြည့်ရတာ အလုပ်များစွာ လုပ်ရန် ကျန်နေသေးသည့် ပုံပင်။ ဒါကြောင့် သူလည်း ထရပ်ကာ ပြန်ထွက်လာခဲ့သည်။
နေ့လည်ပဲ ရှိသေးတာကြောင့် ခေါက်ဆွဲဆိုင်တစ်
ဆိုင်ကို ရှာကာ ဗိုက်အရင်ဖြည့်ခဲ့သည်။ ထို့နောက် ဆိုင်ကိုပြန်၍ ချိုးဆုအာကို ဆွဲခေါ်ကာ အပြင်ပြေးထွက်လာခဲ့သည်။
"ရွှီဖန်း ဘာလုပ်နေတာလဲ"
ချိုးဆုအာက ဇဝေဇဝါဖြစ်နေသည်။ ရွှီဖန်းက ဘာကြောင့် အလျင်လိုနေလဲ သူမ မသိပေ။ ရွှီဖန်းကတော့ ပြုံးနေပြီး ထူးခြားဆန်းကြယ်စွာ ပြောလာသည်။
"အစ်မဆုအာ မကြာခင် သိလိမ့်မယ်"
"ဟော"
သွားနေရင်း ATMစက်တွေ့တာကြောင့် သူ ပိုက်ဆံအထပ်လိုက် ထုတ်ခဲ့ပြန်သည်။ မကြာလိုက်ပေ၊ ရွှီဖန်းက အဝတ်ဆိုင်တစ်ဆိုင်သို့ ချိုးဆုအာကို ခေါ်သွားခဲ့သည်။ ဆိုင်၏အပြင်အဆင်နှင့်တင် အထဲမှာရှိသည့် အဝတ်များက ဈေးကြီးမည်ဆိုတာကို ခန့်မှန်းနိုင်သည်။
"ရွှီဖန်း အဝတ်ဝယ်ချင်လို့လား"
ရွှီဖန်းက ပြုံး၍ ခေါင်းခါသည်။
"အစ်မဆုအာ ကျွန်တော့်အတွက်မဟုတ်ဘူး၊ ကျွန်တော်တို့အတွက်"
မနက်ဖြန် လီထိုက်ကန်းခေါ်သွားမည့်နောက်ကို လိုက်၍ လေ့လာရမည်ဖြစ်တာကြောင့် သူတွေးခဲ့မိသည်။ သူ့ဘက်က လီထိုက်ကန်းကို မျက်နှာမပျက်စေချင်ပေ။ အနည်းဆုံးတော့ သူနှင့် ချိုးဆုအာ နှစ်ယောက်စလုံး အဝတ်ကောင်းကောင်းဝတ်သွားရမည်။
ရွှီဖန်းက သူမအတွက် အဝတ်ဝယ်ပေးမည်ဟု ဆိုလာသောအခါ ချိုးဆုအာမှာ ချက်ချင်းခေါင်းခါယမ်းလာသည်။
"ရွှီဖန်း မလုပ်ရဘူး၊ ဘာလို့ မင်းက အစ်မအတွက် အဝတ်ဝယ်ပေးရမှာလဲ၊ မေ့လိုက်တော့ ဟုတ်ပြီလား၊ မင်းအတွက်ပဲ မင်းဝယ်၊ အစ်မ လိုက်ကြည့်ပေးမယ်၊ လုပ်နိုင်တယ်မလား"
သူမက အထဲမှ အဝတ်များကို ကြည့်ရင်း တွန့်ဆုတ်
နေသည်။ ထိုအဝတ်များက ဈေးမနည်းတာ သိသာလှသည်။ ရွှီဖန်းက သူမအတွက် အဝတ်ဝယ်ပေးရန် ပိုက်ဆံတွေကို ဂရုမစိုက်ဘဲ ဖြုန်းတီးပစ်တာမျိုးအား သူမခွင့်မပြုနိုင်ပေ။
သူမ ငြင်းပယ်လာသည့်အခါ ရွှီဖန်းသည် ဒေါသထွက်နေသည့်အမူအရာဖြင့် ချက်ချင်းဆူလာတော့သည်။
"ချိုးဆုအာ! အစ်မက ကျွန်တော့် ဝန်ထမ်းနော်၊ ကျွန်တော် အစ်မကို အဝတ်ဝယ်ပေးတော့ရော ဘာဖြစ်လဲ၊ အထက်လူကြီးရဲ့ စကားကိုတောင် နားမထောင်တော့ဘူးပေါ့ ဟုတ်လား"
"အစ်မက.."
ရွှီဖန်းက ဆူငေါက်လာတာကြောင့် ချိုးဆုအာသည် အမှားလုပ်မိပြီဟု ခံစားရကာ နှုတ်ခမ်းဆူလာသည်။ သူမ ရွှီဖန်းကိုဆွဲကာ အသနားခံလိုက်သည်။
"ရွှီဖန်း အစ်မမှားသွားပါတယ်၊ အဝတ်ဝယ်ပေးချင်တယ်ဆိုလည်း ဝယ်ပေး၊ အစ်မ မင်းပြောတာ နားထောင်မယ်၊ ဟုတ်ပြီလား...စိတ်မဆိုးပါနဲ့တော့"
"ဒီလိုမျိုးမှ ကြိုက်တာ"
ချိုးဆုအာက နာခံနေသည့်ပုံစံလေးက ရွှီဖန်း၏ ယောကျ်ားဂုဏ်ရည်ကို စိတ်ကျေနပ်စေသည်။ ထို့နောက်
သူမ၏လက်ကို ဆွဲရင်း ကျော်ကြားသည့်ဘရန်းဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ နှစ်ယောက်စလုံး အထဲရောက်ပြီးနောက် စတင် ကြည့်ရှုလိုက်ကြသည်။
ဒီဆိုင်၏နာမည်က အင်္ဂလိပ်နာမည်ကို ပေးထားသည့်ဖြစ်ရာ ဘာအဓိပ္ပာယ်ဖြင့်ပေးထားမှန်း သူ မသိပေ။ အထဲက အဝတ်တွေက ဒီလောက်ထိ ဈေးကြီးနေမည်ဟု သူ မထင်ထားခဲ့ပေ။ သာမန်ပုံစံအဝတ်လေးတောင်မှ ယွမ်တစ်ထောင်ကျော်ရှိသည်။
ကံကောင်းစွာဖြင့် ရွှီဖန်းက ဒီလိုအခြေအနေကို ကြိုတင်တွက်ချက်ထားတာကြောင့် ATMစက်ထဲမှ ပိုက်ဆံများစွာ ထုတ်ခဲ့သည်။ ဒါကြောင့် ရွှီဖန်းနှင့် ချိုးဆုအာအတွက် အဝတ်အစား အစုံလိုက် ဝယ်ယူရန် ပြဿနာမရှိပေ။
ထိုအခိုက်အတန့်မှာ နှစ်ယောက်စလုံးက ဆိုင်ထဲမှာ သုံးကြိမ်၊ လေးကြိမ်လောက် ပတ်ကြည့်ပြီးနေလေပြီ။ သို့သော်ငြား ချိုးဆုအာ ရွေး၊ ရွေးလိုက်သည့် အင်္ကျီများက သိပ်ကောင်းသည်ဟု သူ မခံစားရပေ။
"အစ်မဆုအာ အမြဲဈေးပေါတာပဲ မရွေးနေနဲ့လေ၊ ဒီထက်ဈေးကြီးတာလေး ယူပါ"
ချိုးဆုအာမှာ မျက်နှာနီသွားရတော့သည်။ ရွှီဖန်းက သူမအတွေးတွေကို ခန့်မှန်းမိလိမ့်မည်ဟု မထင်ခဲ့ချေ။
************************