စတင်ပြီ
Vol. 7 Ch. 93
"ဒါက..."
ရွှီဖန်း ခေတ္တတွေးလိုက်သည်။ ဝူယွီရွှမ်းက အပြင်လူမဟုတ်တာကြောင့် သူမကို ဖုန်းကွယ်ထားစရာမလိုပေ။ ဒါကြောင့် အမှန်ကိုပဲ ပြောပြလိုက်သည်။
"အိုး! အဲ့ဒါက တစ်ပြားမှ မပေးခဲ့ရဘူး"
"ဖီး"
သူတို့နှစ်ယောက်၏စကားဝိုင်းကို နားထောင်နေသည့်ချန်ကျင်းရှန်မှာ ပါးစပ်ထဲမှ လက်ဖက်ရည်ပင် အန်ထွက်လုနီးပါးပင်။ သူ ရွှီဖန်းကို လက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။
"အုပ်ချုပ်ရေးမှူး ဒီကောင့်ကို အခုထိ လူလိမ်မဟုတ်ဘူးလို့ ထင်နေတုန်းလား၊ သူ့ရဲ့သောက်ရေးမပါတာတွေကို ယုံလား၊ ကြက်ခြံဆောက်တာ ဘယ်လိုလုပ် ဒီလောက် ဈေးပေါနိုင်မှာလဲ"
ရွှီဖန်း သက်ပြင်းချမိသည်။ ချန်ကျင်းရှန်၏ စကားများကို သူ တစ်ကယ်တော့ လက်ခံသည်။
"အစက ငါလည်း မယုံခဲ့ဘူး၊ ဒါပေမယ့် သူက ငါ့အတွက် ကြက်ခြံ ဆောက်ပေးဖို့ဆိုပြီး ဆန္ဒရှိနေတာ၊ နည်းနည်းတော့ စိတ်ပင်ပန်းစရာကောင်းတယ်"
"............"
ချန်ကျင်းရှန်မှာ သွေးများ အန်ထွက်လုနီးပါးပင်။ ရွှီဖန်းလောက် ဒေါသထွက်စရာလူမရှိပေ။ ဖာ့ခ်! မင်း ဘာလုပ်နေတာလဲ။ လက်ရှိအချိန်၌ တစ်လောကလုံး ရူးတော့မည်ဟု သူခံစားနေရသည်။
ရွှီဖန်းက နတ်ဆိုးအတတ်ကို တတ်နေသည်ဟုပင် သူထင်နေမိသည်။ လူတိုင်းက သူ့ဆီကိုပဲ မျက်နှာမူနေကြသည်။ အုပ်ချုပ်ရေးမှူးနှင့် လှပသောမုဆိုးမလေး ချိုးဆုအာကလည်း ရွှီဖန်းမှ ရွှီဖန်းပင်။ ရွာသားတွေတောင်မှ ရွှီဖန်း၏ သောက်ကျိုးနည်းစကားကိုသာ နားထောင်ပြီး မြေကွက်တွေတောင် ရောင်းပေးလိုက်သေးသည်။ အခု သူဌေးကြီးတစ်ယောက်ကပါ ရွှီဖန်းအတွက် ကြက်ခြံအလကား ဆောက်ပေးချင်နေသည်။
ဒါ...ဒါက လူတိုင်းကို ရူးသွပ်စေနိုင်တာပဲ!
ရပ်ရွာကော်မတီမှ ပြန်လာပြီးနောက် ရွှီဖန်းသည် ဟုန်ဖေးကို ဖုန်းခေါ်ကာ ကြက်ခြံကိစ္စဖြေရှင်းရန်အတွက် အကြောင်းကြားခဲ့သည်။ ဟုန်ဖေးကလည်း တည့်တိုးသမားဖြစ်တာကြောင့် ခေါင်းညိတ်၍ ပြောလာသည်။
"သေချာတာပေါ့ ရွှီဖန်း၊ မနက်ဖြန် ဆောက်လုပ်ရေးအဖွဲ့ပို့လိုက်မယ်"
ဟုန်ဖေး၏ စိတ်အားထက်သန်မှုကို ရွှီဖန်း မအံ့သြချေ။ ဒါ့အပြင် သူလည်းပဲ ကြက်ခြံမြန်မြန်ဆောက်
ချင်နေပြီဖြစ်သည်။
ရွှီဖန်း ခေါင်းညိတ်ကာ....
"ကောင်းပါပြီ အစ်ကိုဖေး၊ မနက်ဖြန်ရောက်လာရင်ပြောပါ၊ ကျွန်တော့်လူတွေနဲ့ လာခေါ်ပါ့မယ်"
"အိုး ဟုတ်သားပဲ ရွှီဖန်း၊ မင်းကို မေးချင်တာ ရှိတယ်"
"ဟမ်"
ရွှီဖန်း အံ့အားသင့်သွားသည်။
"ငါ့အသိကိုမေးခဲ့တယ်၊ မင်း ကြက်ခြံဖွင့်ဖို့ဆို ပစ္စည်းကိရိယာတွေအများကြီးလိုအပ်တယ်ဆို၊ အစ်ကိုဖေးက မင်းအတွက် ကူညီပေးမယ်ဆို ဘယ်လိုလဲ"
"ဒါက..."
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ ဟုန်ဖေးက အလွန်
စိတ်အားထက်သန်ပြီးတက်ကြွပေသည်။
သိထားရမည်မှာ ကြက်များမွေးမြူရန်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများမှာ ဈေးမနည်းပေ။ ဟုန်ဖေးက ဒါကိုပါ ဝယ်ပေးနေရင်တော့ သူ ဒုက္ခရောက်လိမ့်မည်။ ပြီးတော့ ရွှီဖန်းကိုယ်တိုင်ကလည်း ဟုန်ဖေးဆီမှ ဒီလောက်ကြီးအထိ ကျေးဇူးဆပ်ခံသင့်သည့်လူမဟုတ်ပေ။
"အစ်ကိုဖေး စိတ်မပူပါနဲ့၊ အဲ့တာကို ကျွန်တော့်ဘာသာ ဖြေရှင်းလိုက်ပါ့မယ်"
ဟုန်ဖေး ခေါင်းညိတ်လိုက်သည်။ ရွှီဖန်းက ကြက်ခြံတောင်ဖွင့်ဖို့ ကြိုးစားထားတာဖြစ်၍ ထိုပစ္စည်းများ ဝယ်ယူရန်က ပြဿနာကြီးကြီးမဟုတ်ပေ။ အကယ်၍ သူသာ ထပ်ပေးပါက ကြက်ခြံကို သူအပိုင်သိမ်းယူတော့မည့် ပုံစံပေါက်သွားလိမ့်မည်။
"ကောင်းပြီ ရွှီဖန်း၊ ဒါဆို အရင်ဆုံး ဆောက်လုပ်ရေးအဖွဲ့ကို ဆက်သွယ်လိုက်ဦးမယ်၊ ပြီးမှပဲ လာပြန်ပြောမယ်"
ရွှီဖန်းလည်း ခေါင်းညိတ်ကာ ဖုန်းချလိုက်သည်။
နောက်တစ်နေ့မနက်စောစော၌ ရွှီဖန်းသည် ဟုန်ဖေးဆီမှ သူတို့ရောက်တော့မည်ဖြစ်ကြောင်းကို ဖုန်းလက်ခံရရှိခဲ့သည်။ ထိုသတင်းရရှိပြီးနောက် ဝူယွီရွှမ်းကိုလည်း အကြောင်းကြားကာ ရွာသားတချို့ကို အပေါက်ဝမှာ ကြိုဆိုရန် သွားခိုင်းလိုက်သည်။
ဒီတစ်ကြိမ် ရွှီဖန်းခေါ်ထားသည့်လူအများစုက သူဝယ်ယူထားသည့်မြေကွက်များ၏ ပိုင်ရှင်များဖြစ်သည်။ ကြက်ခြံဆောက်သည့်အခါကျ ရွှီဖန်းအတွက် အလုပ်ကူလုပ်ရန် လူများစွာ လိုအပ်လေသည်။ ရွှီဖန်းက အချိန်ခဏတာတွေးခဲ့ပြီး သူတို့ကို အလုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ပြီးတော့ ဝူယွီရွှမ်းကလည်း ကိုယ်ရေးကိုယ်တာတွေ့ရောက်ပြီး ပြောဆိုထားတာကြောင့် သူတို့က တိုက်ရိုက်ပဲ လက်ခံခဲ့ကြသည်။ ရွှီဖန်းကလည်း အခုဆိုလျှင် ကောင်းစွာ အလုပ်လုပ်နိုင်နေတာကြောင့် သူနှင့် ရင်းနှီးရတာ မဆိုးဘူးဟု ရွာသားများက ထင်ကြသည်။
ရွာဝင်ပေါက်သို့ လူအုပ်ကြီးရောက်ပြီးနောက် ကြာကြာမစောင့်လိုက်ရပေ။ အဝေးတစ်နေရာမှ မြစ်အောက်ပိုင်းရွာသို့ လာနေသည့် ယာဥ်တန်းကြီးကို တွေ့လိုက်ရသည်။
အရှေ့ဆုံးကားက ဟုန်ဖေး၏ SUVကားဖြစ်သည်။ ဟုန်ဖေးကိုယ်တိုင်ကပါ ရောက်ချလာမည်ဟု ရွှီဖန်း မထင်ထားခဲ့ပေ။ ထိုယာဥ်တန်းကြီးက ရွာဝင်ပေါက်ကိုရောက်သည်နှင့် ရပ်သွားကြသည်။
ဟုန်ဖေးက ကားပေါ်မှဆင်း၍ သတ်လတ်ပိုင်းအရွယ် ကတုံးနှင့်လူအား ဦးဆောင်ကာ ရွှီဖန်းဆီလျှောက်လာသည်။
"ရွှီဖန်း ဒါက အစ်ကိုလျို၊ မင်းမှာ နားမလည်တာ တစ်ခုခုရှိရင်ပဲဖြစ်ဖြစ် သူ ကူညီပေးလိမ့်မယ်"
အစ်ကိုလျိုက ရွှီဖန်းကိုကြည့်၍ အံ့သြနေသည်။ ဟုန်ဖေးပြောသည့် ကျေးဇူးရှင်ဆိုသည့် လူက တော်တော်ငယ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ လက်ကိုဆန့်ထုတ်ကာ မိတ်ဆက်လိုက်သည်။
"ရွှီဖန်း ငါက လျိုမန်းပါ၊ မင်း ငါ့ကို အစ်ကိုလျိုလို့ ခေါ်နိုင်တယ်"
ရွှီဖန်း ခေါင်းညိတ်၍ အနောက်မှရှိနေသည့် အဖွဲ့ကို ကြည့်လိုက်မိသည်။ ဆောက်လုပ်ရန်အတွက်
လိုအပ်သည့်ကုန်ပစ္စည်းများကို ကုန်တင်ကားပေါ်၌ တင်ထားကြသည်။ သူတို့ စတင်ပြီး မဆောက်လုပ်ခင်မှာ ဘိလပ်မြေနှင့် တချို့ပစ္စည်းများကို စောင့်ရန်သာ လိုအပ်သည့်ပုံပင်။
"အစ်ကို လျို အရင်ဆုံး တောင်ပေါ်ကို တက်ကြတာပေါ့၊ ခဏနေရင် ကျွန်တော်တို့ရွာသားတွေက ပစ္စည်းတွေကို တောင်ပေါ်ထိ ဝိုင်းကူသယ်ကြပါလိမ့်မယ်"
"ဟဲဟဲ ဒါဆိုလည်း ကောင်းပါပြီ၊ မင်းရဲ့အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်ကွာ"
ဘေးမှာရပ်နေသည့် ဝူယွီရွှမ်းလည်း အနည်းငယ် အံ့အားသင့်နေသည်။ မနေ့က ရွှီဖန်းပြောသမျှက ကြွားလုံးထုတ်နေတာမဟုတ်ပေ။ တစ်ကယ်ကို ဒီနေ့ချက်ချင်းပင် ဆောက်လုပ်ရေးအဖွဲ့က ရောက်လာလေသည်။
"ရွှီဖန်း ဒါဆို ငါ သူတို့ကို အရင်ဆုံး တောင်ပေါ်လိုက်ပို့လိုက်မယ်"
ရွှီဖန်းက ပစ္စည်းတွေသယ်မည့် ဆောက်လုပ်ရေး
အသင်းကို လမ်းညွှန်ပြရန်အတွက် ကျန်ခဲ့ရန်လိုအပ်
လေသည်။ ဒါကြောင့် ဝူယွီရွှမ်းကပဲ အရင်ဆုံး ဦးဆောင်ကာ တက်သွားရသည်။
သို့သော်ငြား ရွာဝင်ပေါက်မှနေ၍ တာ့ပင်တောင်အထိက အရမ်းကြီး မဝေးပေ။ အချိန်ခဏအတွင်းမှာပဲ ဝူယွီရွှမ်းတို့နှင့် ဆောက်လုပ်ရေးအသင်းက ပြန်တွေ့ဆုံခဲ့ကြသည်။
တောက်တက်လမ်းက အဖုအထစ်များတာကြောင့် ဆောက်လုပ်ရေးအသင်းသားများမှာ ဆက်တက်နိုင်ဖို့အရေး သူတို့၏ ယောကျ်ားအင်အားကို အသုံးချခဲ့ရသည်။ ကံကောင်းစွာဖြင့် ရွှီဖန်း ခေါ်ထားသည့် ရွာသားများက များစွာ အကူအညီပေးခဲ့ကြသည်။ သူတို့ ထင်ထားသည်ထက် မပင်ပန်းဘဲ တောင်ထိပ်ကို ပစ္စည်းတွေ သယ်နိုင်ခဲ့ကြသည်။
တောင်ထိပ်မှာတော့ လျိုမန်းက မြေအနေအထားကို ခဏလောက် စစ်ဆေးနေသည်။
"ရွှီဖန်း မင်းရဲ့ကြက်ခြံကို ဘယ်လိုပုံစံဆောက်ချင်လဲ ပြောပါ"
ရွှီဖန်းခေါင်းညိတ်၍ ရှင်းပြလိုက်သည်။
"အစ်ကို လျို ကျွန်တော် ဒီလိုတော့ တွေးထားပါတယ်၊ အရင်ဆုံး မြေတစ်ကွက်ကို တွင်းကြီးကြီးတူးပြီး အကာအရံနဲ့ ထားမယ်၊ သူ့နောက်မှာက ရုံကြီးကြီး နှစ်ရုံဆောက်မယ်၊ တစ်ရုံက ကြက်တွေ ဥဖောက်ဖို့၊ တစ်ရုံကတော့ ညဘက်တွေမှာ အနားယူနိုင်ဖို့"
"ရွှီဖန်း မင်းဆိုလိုတာက နည်းနည်းကြီးကြီးဖြစ်ရမယ် မဟုတ်လား၊ ငါ မြေနေရာအနေအထား ကြည့်ပြီးပြီ၊ မင်းပြောတဲ့ပုံစံအရဆို ဆောက်ဖို့ ပြဿနာမရှိပါဘူး"
တာ့ပင်တောင်၏ထိပ်၌ သစ်ပင်များက မရှိသလောက်ရှားသည့်အပြင် မြေနေရာကလည်း ပြန့်ပြူးပေသည်။ ကျန်သည့်သစ်ပင်တွေကိုခုတ်ပြီး ရွှီဖန်း၏ ညွှန်ကြားချက်အတိုင်းဆောက်ရန်က ပြဿနာ တစ်ခု မဟုတ်ပေ။
ကိစ္စတွေ ဖြေရှင်းပြီးတာကို မြင်တော့ ဟုန်ဖေးက ဝင်ပြောလာသည်။
"ဟုတ်ပြီ ရွှီဖန်း၊ ငါ လူတွေလည်း ခေါ်လာပြီးပြီ၊ ခဏနေရင် ကျန်တဲ့ပစ္စည်းတွေလည်း ရောက်လာလိမ့်မယ်၊ လုပ်စရာတွေ ကျန်နေသေးလို့ အရင်ပြန်နှင့်မယ် ငါ့ညီ"
ရွှီဖန်းလည်း ခေါင်းညိတ်လိုက်သည်။ ဟုန်ဖေးထွက်သွားပြီးနောက် သူ့အနောက်ကို လိုက်လာကြသည့် ရွာသားများကို ခေါ်လိုက်သည်။
"အလုပ်ကြိုးစားကြပါ၊ အစ်ကိုလျိုရဲ့ ညွှန်ကြားချက်အတိုင်း အပင်တွေကို ခုတ်ပေးလိုက်ပါ၊ ကျွန်တော် မင်းတို့ကို တစ်နေ့ ယွမ်၁၀၀ပေးပါ့မယ်"
လူတိုင်းက အလုပ်လုပ်ရန်အတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ရွှီဖန်းက လုပ်အားခအကြောင်းပြောလာသည့်အခါ သူတို့ ပိုပြီး စိတ်အားထက်သန်သွားကြသည်။ လျိုမန်းပေးထားသည့် ပုဆိန်များကိုဆွဲ၍ သူ့ညွှန်ကြားချက်အတိုင်း စတင်လုပ်ဆောင်ကြတော့သည်။
*****************