ဈေးထပ်မြင့်ပြန်ပြီ
Vol. 8 Ch. 113
ထိုဝန်ထမ်းများ ထွက်သွားပြီးနောက် ရှယန်ယွိသည် သူ့လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်သည်။
"ဒီဆေးပင်တွေကို ကုန်ချဖို့ အလုပ်သမားတွေ သွားခေါ်ခဲ့ပါ၊ ပြီးတော့ ဒီဆေးပင်တွေကို ပေါက်ဈေးရဲ့ ၅၀%ပိုပေးရမယ်ဆိုတာကို မမေ့ပါနဲ့"
"ဘာ!"
ရွှီဖန်း မအံ့သြဘဲ မနေနိုင်တော့ချေ။ ၃၀%တိုးပေးရန် သဘောတူထားပြီးပြီဖြစ်ရာ ရှယန်ယွိက ဘာကြောင့် ၂၀%ထပ်ပေးနေတာလဲ မသိချေ။
"ဥက္ကဌရှ မှားနေပြီ၊ ကျွန်တော်တို့ ၃၀%နဲ့ သဘောတူထားကြတာပါ၊ အခုက ထက်ဝက်ဖြစ်နေပြီ"
ရွှီဖန်းက ရှုပ်ထွေးနေသည်။ ရှယန်ယွိ၏ ရည်ရွယ်ချက်ကို သူနားမလည်ချေ။
"ရွှီဖန်း နောက်ထပ် ၂၀%တိုးမြှင့်ရတဲ့ ရည်ရွယ်ချက်က ကျွန်မ ရှင့်ကို တောင်းပန်ချင်လို့ပါ၊ အခုဖြစ်ပျက်ခဲ့တာက ကျွန်မတို့အမှားပါ၊ တစ်ချိန်
တည်းမှာ ရှင့်ကို ကျေးဇူးတင်မိတာကြောင့်လည်း ပါတယ်၊ ရှင့်ကြောင့်မဟုတ်ရင် ဒီလိုပြဿနာတွေဖြစ်နေတာ ကျွန်မ သတိမထားမိမှာ ကြောက်မိတယ်၊ အခုတော့ ရှင်းပစ်ဖို့ အချိန်ရောက်လာပြီ"
ရွှီဖန်း ပြုံးလိုက်သည်။ သူ ရှယန်ယွိကို များစွာ ကူညီပေးခဲ့မိသည့်ပုံပင်။ ကြီးမားသော ထရပ်ကားကြီးကို စီးလာသော သူ၏သာမာန်အသွင်အပြင်သည်
ရှယန်ယွိအား ပြဿနာကို ရှင်းထုတ်နိုင်ရန် ကူညီပေးနိုင်ခဲ့သည်။
"ဟင်း...ဒါတွေက ကျွန်မတို့ Star Cityကို မယှဥ်နိုင်တဲ့ အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်တယ်"
လက်ရှိအဖြစ်အပျက်ကြောင့် သူမကြုံတွေ့နေရသည့် လတ်တလောအခက်အခဲများကိုတွေးကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူမ၏ မိုးမခမျက်ခုံးများက အနည်းငယ်တွန့်နေကာ နှစ်လိုဖွယ်ကောင်းသော မျက်နှာလေးကလည်း လေးနက်သောကိစ္စများကြောင့် ဝမ်းနည်းခြင်းတို့ ပြည့်နှက်နေသည်။ သူမ၏ ထိုပုံစံလေးကို ကြည့်ရုံဖြင့် နှလုံးသားများ နာကျင်လာကြလိမ့်မည်ပင်။
ရှယန်ယွိအတွက် အခုလို ငယ်ရွယ်တုန်းမှာ လေးလံလှသည့် ဝန်ထုပ်ဝန်ပိုးကို သိမ်းထားရန် မလွယ်ကူခဲ့ပေ။ ရွှီဖန်းသည် သူမကို လေးနက်စွာ ကြည့်၍ မေးလိုက်သည်။
"ဥက္ကဌရှ ကျွန်တော့်ကို ပြောပြလို့ရမလား၊ ဘာဒုက္ခတွေ ကြုံတွေ့နေရတာလဲ"
"အာ..."
ရွှီဖန်းက သိချင်နေမည်ဟု ရှယန်ယွိ မထင်ထားခဲ့ပေ။ သူမ မျက်ခုံးပင့်ကာ ရွှီဖန်းကို မော့ကြည့်လိုက်မိသည်။
ရွှီဖန်းက သူမကို ကူညီပေးနိုင်ဖို့တော့ မမျှော်လင့်ထားပေ။ သူမ ရင်ဖွင့်ရန် တစ်စုံတစ်ဦးကို လိုအပ်နေတာကြောင့် စကားစပြောလိုက်သည်။
"ဒါက ပြောပြရရင် ရှုပ်ထွေးတယ်၊ ရွှီဖန်း ရှင် Star Cityကို သိလား"
"Star City"
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုနာမည်ကလည်း သူ တီဗီကနေ ကြားဖူး၊ မြင်ဖူးခဲ့သည်။ သူ ခေါင်းညိတ်ကာ...
"သိပါတယ် ဥက္ကဌရှ၊ ဘာကိစ္စဖြစ်လို့လဲ"
ရှယန်ယွိ သက်ပြင်းချကာ...
"ကျွန်မအဖိုး ရှရှီဆေးဝါးစက်ရုံကို ထူထောင်လိုက်ပြီးကတည်းက Star Cityနဲ့ ဆေးပညာအသိုင်းအဝိုင်းမှာ ဆက်ဆံရေးတွေ မကောင်းမွန်ခဲ့ဘူး၊ အမြဲတမ်း ပြိုင်ဖက်တွေ ဖြစ်ခဲ့ကြတာ"
"ကျွန်မအဖိုးကို ဉာဏ်ကြီးရှင်ဆရာဝန်လို့ လူသိများကြတယ်၊ ဒီဂုဏ်သတင်းလွှမ်းမိုးမှုအောက်မှာ ကျွမ်းကျင်တဲ့ဆေးဝါးပညာရှင်တွေက ရှရှီမှာ ဆေးဝါးတွေ လာထုတ်ကြတယ်၊ ရလဒ်အနေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဒီနှစ်တွေထဲမှာတောင် Star Cityက ရှရှီကို မယှဥ်နိုင်ခဲ့ဘူး"
ရှယန်ယွိ၏ မှိုင်းညို့နေသော အမူအရာကြောင့် ဒီတစ်ခါ ပြဿနာသည် ထိုကိစ္စနှင့်ဆက်နွယ်နေမှန်း သိသာလှသည်။
ရွှီဖန်း ပြောလိုက်သည်။
"ဒါဆို ဒီနှစ်တွေထဲမှာ Star Cityက ရှရှီဖိနှိပ်တာခံခဲ့ရလို့ သူတို့က လက်မခံချင်ကြဘူး၊ ခန့်မှန်းရသလောက် Star Cityက လတ်တလောမှာ နည်းလမ်းတချို့ကို သုံးပြီး တန်ပြန်တိုက်ခိုက်လာတာလား"
ရှယန်ယွိ ခေါင်းညိတ်လိုက်ကာ...
"အမှန်ပဲ၊ Star Cityရဲ့ လက်ရှိစီအီးအိုက ရှောင်းပုချီလေ၊ အဲ့ဒီလူက ရက်စက်ပြီး သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ မရိုးမသားအလုပ်တွေလုပ်ရဲတယ်၊ Star Cityရဲ့ စီအီးအိုနေရာကို သူရသွားပြီးကတည်းက အရင်ကပုံစံတွေပြောင်းသွားပြီး ရှရှီကို တိုက်ခိုက်လာတယ်"
ရှယန်ယွိ၏အမူအရာက လေးနက်သွားကာ သက်ပြင်းချလာသည်။
"ရှောင်းပုချီက ဘာနည်းလမ်းတွေ သုံးခဲ့လဲ ကျွန်မမသိဘူး၊ ဒီရက်ပိုင်းတွေထဲမှာ ကျွန်မတို့ရှရှီမှာ ရှိတဲ့ ဆေးဝါးပညာရှင်တချို့ကို အလစ်သုတ်သွားတယ်၊ အခု ရှရှီက အန္တရာယ်ကာလထဲ ရောက်နေပြီလို့ ပြောလို့ရတယ်"
လွန်ခဲ့သည့်ရက်တွေ၌ ရှောင်းပုချီကြောင့် ရှယန်ယွိမှာ အလုပ်ပိနေခဲ့ရသည်။ သို့သော် ကံက မကောင်းလှပေ။ သူမဘက်က ဘယ်လောက်ပဲ လစာတိုးပေးပါစေ ဆေးဝါးပညာရှင်များ၏ အရေအတွက်သည် လျော့ကျလာဆဲဖြစ်သည်။
ရှယန်ယွိသည် ဤကဲ့သို့ အကျပ်တွေ့ရသည့် အဖြစ်မျိုးကို မကြုံခဲ့ဘူးချေ။ လွန်ခဲ့သော လများ၌ စစ်တပ်၏တောင်းဆိုမှုကြောင့် ဒဏ်ရာကို လျင်မြန်စွာ ကုသနိုင်သည့် ကုသဆေးတမျိုးကို စတင်တီထွင်ခဲ့သည်။
ရှယန်ယွိသည် ထိုပရောဂျက်အတွက် မရေမတွက်
နိုင်အောင် ရက်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရသော်လည်း ပရောဂျက်ပြီးခါနီးမှ တစ်ခုထဖြစ်သွားခဲ့သည်။
ပရောဂျက်အဖွဲ့ထဲမှ ဆေးဝါးပညာရှင်များက ရှရှီမှ နှုတ်ထွက်ကာ Star Cityဆီ ရောက်သွားခဲ့ကြသည်။ ပိုပြီးဒေါသထွက်စရာကောင်းသည်မှာ ထိုလူများသည် နှုတ်ထွက်သွားရုံတင်မကဘဲ အောင်မြင်ဖို့အရေး ခက်ခက်ခဲခဲသုတေသနလုပ်ခဲ့ရသည့် အချက်အလက်များကိုပါ အကုန်ယူသွားခဲ့ကြပြီး ရှယန်ယွိအတွက် အနည်းငယ်တောင် မချန်ခဲ့ကြပေ။ အချိန်တွေအကြာကြီး ပြင်ဆင်ဖော်ထုတ်ခဲ့ရသည့် အသီးအပွင့်ကို ရန်သူက အကြံအစည်ဖြင့် ခိုးယူသွားသွားခဲ့သည်။ ရှယန်ယွိအတွက် ဒါဟာ ကြီးမားသည့် ထိုးနှက်ချက်ပင်။
ရှရှီနှင့် စစ်တပ်က ပူးပေါင်းဆောင်ရွက်မှုတွေရှိပေသည်။ အကယ်၍ ကုသဆေးနမူနာကို အချိန်မီ မပို့ဆောင်ပေးနိုင်ပါက ထိုအချိန် စစ်တပ်က သူတို့နှင့် ရေရှည်လက်တွဲမှုကို ဖျက်သိမ်းလာနိုင်၏။
ထိုအချိန် ရှောင်းပုချီကတော့ ရှယန်ယွိ၏ ကြိုးစားအားထုတ်မှုကို အသုံးချကာ စစ်တပ်နှင့်ပူးပေါင်း၍ အခြေအနေများ တစ်ဟုန်ထိုး ပြောင်းလဲလာလိမ့်မည်။ ဆေးပညာရှင်အသိုင်းအဝိုင်း၏ အုပ်စိုးသူအဖြစ် Star Cityက သူ့ဂုဏ်သတင်းကို တည်ဆောက်နိုင်တော့မည် ဖြစ်သည်။
ဤတိုက်ခိုက်မှုက ရှရှီကို ဦးတည်နေတာမှန်သော်လည်း ထိုအရာက ရှယန်ယွိ ထင်ထားသည်ထက် ပိုအားပြင်းနေခဲ့သည်။
သူမ အစီအစဥ်က မိုက်မဲရာကျမှန်းသိသော်ငြား နောက်ထပ် ပရောဂျက်အဖွဲ့ကို စုစည်းကာ ထိုပရောဂျက်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ အချိန်
အကန့်အသတ်မရောက်ခင် ကုသဆေးထုတ်နိုင်ရန်
အတွက် ထိုဆေးဝါးပညာရှင်များကို ငွေများများပေးရန်လည်း သူမ မတွန့်ဆုတ်ခဲ့ချေ။
ရလဒ်အနေဖြင့် ကျန်ရှိသော ဆေးဝါးပညာရှင်
များသည် ပရောဂျက်ကို ပြီးမြောက်ရန် လုပ်ဆောင်ရန် မဖြစ်နိုင်ခဲ့ချေ။ ရှယန်ယွိမှာ သေခြင်းတရား၏ အစွန်နားမှာ ရုန်းကန်နေရလေသည်။
ရွှီဖန်းကို အကြောင်းစုံ ပြောပြပေးပြီးနောက် ရှယန်ယွိသည် ဒေါသတကြီးသက်ပြင်းချကာ ပြုံးပြလာသည်။
"ရွှီဖန်း ကျွန်မမှာလည်း တခြားနည်းလမ်းမရှိတော့ဘူး၊ ဒါပေမယ့် ရှင့်ကို ကျေးဇူးတင်ပါတယ်"
"ဥက္ကဌရှ တစ်ကယ်တော့...."
ရှယန်ယွီမှ အတင်းအကြပ်ပြုံးနေသည်ကို မြင်သည့်
အခါ ရွှီဖန်း၏ နှလုံးသားပင် နာကျင်လာသည်။ ဤတောရိုင်းဆေးပင်များထက် ပို၍အစွမ်းထက်သော ဆေးပင်များကို သူပေးနိုင်သည်ဟု မပြောလိုက်ခင်မှာ လူတချို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။
"အိုး ဥက္ကဌရှ မင်းက အကောင်းမြင်စိတ်ရှိတာပဲ၊ အဲ့ဒီတောရိုင်းဆေးပင်တွေလောက်နဲ့ ရလဒ်ကို ပြောင်းနိုင်မယ်ထင်နေတာလား"
ရွှီဖန်းသည် မျက်မှောင်ကြုတ်၍ စကားဆက်မပြောတော့ဘဲ ဘေးကို လှည့်ကြည့်လိုက်သည်။ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးကို ဖက်ထားကာ မျက်လုံးအနည်းစောင်းနေသည့် အမျိုးသားကို သူတွေ့လိုက်ရသည်။ ထိုလူက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် သက်တော်စောင့်များ၏ ကာကွယ်မှုအောက်မှာ မောက်မာစွာ လမ်းလျှောက်လာသည်။
ရှယန်ယွိသည် တစ်ဖက်လူကို မြင်သည့်အခါ သူမမျက်နှာက အေးစက်သွားတော့သည်။ သူမ အံကိုကြိတ်၍...
"ထျန်ဖန့် ဒီကို ဘာလာလုပ်တာလဲ!"
"အိုး ဥက္ကဌရှက စိတ်ဆိုးနေတာလား"
********************