သစ္စာဖောက်ခံရသော
Vol. 9 Ch. 121
ရှယန်ယွိက အနည်းငယ် စိတ်ရှုပ်သွားသည်။ ဒါဟာ သတင်းကောင်းဖြစ်၍ ဘာကြောင့် ရွှီဖန်းက သူတို့ကို မပြောစေချင်မှန်း သူမ မသိပေ။
ရွှီဖန်းမှာ ခေါင်းခါယမ်းမိတော့သည်။ ရှယန်ယွိက အလွန်ကြင်နာနေတုန်းပင်။
"ဥက္ကဌရှ လက်ရှိ ရှရှီက ရင်ဆိုင်နေရတဲ့ တိုက်ပွဲကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဥ်းစားထားရမယ်၊ Star Cityက သူတို့သုတေသန တိုးတက်ဖို့အတွက် မင်းအနားကလူတွေကို လာဘ်ထိုးထားနိုင်တယ်လေ"
"ဘာ!"
ရှယန်ယွိသည် ထိုစကားများကိုကြားသော် အလွန်
ထိတ်လန့်သွားကာ တွေးရင်း မျက်မှောင်ကြုတ်
လိုက်သည်။ သူမ ပိုပြီးတွေးလေတွေးလေ ရွှီဖန်းပြောတာက အဓိပ္ပာယ်ပိုရှိလာလေဖြစ်သည်။
သူမ ဘေးနားက လူတွေကို လာဘ်ထိုးထားခြင်းကြောင့်သာ မဟုတ်လျှင် သူမလုပ်မည့် အစီအစဥ်များကို Star Cityက သိနိုင်စရာအကြောင်းမရှိပေ။
"ရွှီဖန်း ကျွန်မ သူတို့ကို ဘယ်လို ဖော်ထုတ်ရမလဲ"
"မလိုပါဘူး"
ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ...
"ဖော်ထုတ်လိုက်ရင် ရန်သူကို အသိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်၊ နောက်ပြီး ရှောင်းပုချီကလည်း သာမာန်လူမဟုတ်ဘူး၊ မင်းဘေးနားမှာ သူလျိုဘယ်နှစ်ယောက်ရှိနေမလဲ မသိနိုင်ဘူး"
"သူက သူလျှိုတွေ လာထည့်ထားမှတော့ မင်းလည်း နည်းဗျူဟာ ပြန်သုံးလို့ရတယ်၊ အဲ့ဒီလူတွေ ရှောင်းပုချီဆီ သတင်းအမှားတွေ ပြန်ပို့အောင်လို့ ဘယ်သူကပဲမေးပါစေ ကုသဆေးမထုတ်နိုင်သေးဘူးလို့ မင်း ပြောရမယ်၊ ဒါပေမယ့် အကျိုးသက်ရောက်မှုမြင့်တဲ့ဆေးပင်တွေကြောင့် မျှော်လင့်ချက်တော့ ရှိပြီး ဆေးဖော်စပ်မယ့်လူကလည်း ကျွန်တော်ဆိုတာကို သူတို့ကို ပြောပြလိုက်ပါ"
"ဒါက..."
ရှယန်ယွိ ခေါင်းခါယမ်းလိုက်သည်။
"အဲ့ဒီလို မလုပ်နိုင်ဘူး"
ရွှီဖန်း၏ ဗျူဟာက မီးတောက်ကို သူ့ဆီရွှေ့လိုက်
သည့် ပုံစံဖြစ်နေသည်။ ဆေးဖော်စပ်ရာ၌ အဓိကတာဝန်ရှိသူက ရွှီဖန်းဆိုတာ ရှောင်းပုချီ သိသွားပါက သူ ရွှီဖန်းနှင့် လာဖြေရှင်းလိမ့်မည် ဖြစ်သည်။ သူမ ရွှီဖန်းကို မထိခိုက်စေချင်ပေ။
ရွှီဖန်း ပြုံးလိုက်ကာ...
"ဥက္ကဌရှ ကျွန်တော်ပြောတဲ့အတိုင်း လုပ်လို့ရပါတယ်၊ ဘာပဲပြောပြော ရှောင်းပုချီက အရူးမဟုတ်ဘူးလေ၊ ဒီလို အကျိုးသက်ရောက်မှုမြင့်တဲ့ ဆေးပင်တွေအကြောင်းကို သူ အနှေးနဲ့အမြန် ရှာဖွေတွေ့ရှိသွားမှာပဲ၊ အဲ့ဒီအခါကျ အချက်အလက်စုံစမ်းဖို့အတွက် သူစပြီး လှုပ်ရှားလာမှာပဲ"
ပြောပြီးသည်နှင့် ရှယန်ယွိ၏ ပုခုံးကို ပုတ်၍ ရွှီဖန်း နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော် အဆင်ပြေမှာပါ"
"ဒါ...ကောင်းပါပြီ၊ ကျွန်မ ရှင့်စကားကို နားထောင်မယ်"
ရှယန်ယွိက ရွှီဖန်းကို လေးလေးနက်နက်ကြည့်ကာ ခေါင်းညိတ်ခဲ့သည်။ ဆွေးနွေးမှုပြီးသွားတော့ ရှယန်ယွိသည် ဆေးညွှန်းနှင့် ကျန်ရှိနေသည့် အသက်ကယ်
အရိုးလိမ်းဆေးအနည်းငယ်ကို သိမ်းကာ ရွှီဖန်းနှင့်အတူ သုတေသနအခန်းထဲမှ ထွက်လာခဲ့သည်။
"ဥက္ကဌရှ ဘယ်လိုနေလဲ၊ ဒီလူက ဆေးဖော်
စပ်နိုင်ရဲ့လား"
ထိုအချိန် ရှယန်ယွိ၏ အတွင်းရေးမှူး ရှောင်ယွင်က ဘေးကို အပြေးလေး ရောက်လာသည်။ ရွှီဖန်းနှင့် ရှယန်ယွိတို့ လောင်းကြေးထပ်စဥ်က သူမလည်း အနားမှာ ရှိနေခဲ့သည်။ အချိန်တစ်နာရီကျော် အပြင်မှာ စောင့်နေခဲ့ရတာကြောင့် သူမ အရမ်းသိချင်နေသည်။
စောနကမှ ရွှီဖန်း ပြောခဲ့သည့်စကားများကို ပြန်တွေးကာ ရှယန်ယွိသည် ရှောင်ယွင်ကို သံသယဖြင့် အကဲဖြတ်ကြည့်မိသည်။ ရှယန်ယွိ ပြုံးလိုက်ကာ...
"ရှောင်ယွင် သူက တစ်နာရီထဲနဲ့ ကုသဆေးကို ဖော်စပ်နိုင်မယ်လို့ ထင်နေတာလား"
"ဒါ...."
ရှောင်ယွင်က ရွှီဖန်းကို နေရခက်စွာ ကြည့်၍ ပြောလာသည်။
"တစ်နာရီက တစ်ကယ်တော့ နည်းလွန်းတယ်"
ရှယန်ယွိ ခေါင်းညိတ်လိုက်၍...
"ရှောင်ယွင် စိတ်ဓာတ်မကျပါနဲ့၊ ရွှီဖန်းက ဒီတစ်ကြိမ် ပြီးအောင် မလုပ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ဆေးပညာအရည်အချင်းက အရမ်းမြင့်တယ်၊ ကျန်တဲ့အချိန်တွေမှာ သူ့ဆီ တာဝန်လွှဲအပ်ထားရင် အဲ့ဒီအဆင့်မြင့်ဆေးပင်တွေနဲ့ ကုသဆေးကို ထုတ်နိုင်လိမ့်မယ်"
"ဟမ်"
ရှယန်ယွိ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသည့် အမူအရာကြောင့် ရှောင်ယွင်က ထိတ်လန့်သွားခဲ့သည်။ ရှယန်ယွိသည် ထိတ်လန့်သွားပုံရသည့် ရှောင်ယွင်ကို ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ရှောင်ယွင်၊ ဒါ သတင်းကောင်းပဲမလား၊ ဘာဖြစ်လို့ မပျော်တဲ့ပုံ ပေါက်နေတာလဲ"
"မဟုတ် မဟုတ်ပါဘူး"
ရှောင်ယွင်က ရှက်ရွံ့စွာပြုံး၍ ပြောလာသည်။
"ဥက္ကဌရှ အရမ်းကောင်းတယ်၊ ကျွန်မ အရင်က ကြောက်နေခဲ့တာ၊ ကျွန်မတို့ ကုသဆေးထုတ်နိုင်
သရွေ့ Star Cityရဲ့ အကြံအစည်က ပျက်စီးသွားမှာပဲ"
ရှယန်ယွိလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ၊ ဒါပေမယ့် ဒီသတင်းကို လျှို့ဝှက်ထားရမယ်၊ ပေါက်ကြားသွားရင် ရွှီဖန်းအတွက် အန္တရာယ်ရှိလာနိုင်တယ်၊ တခြားလူတွေကို မပြောပြရဘူးနော်၊ နားလည်လား"
"စိတ်ချပြီးနေပါ ဥက္ကဌရှ ကျွန်မရဲ့ ကန့်သတ်ချက်ကို သိပါတယ်၊ ဒါက ကုမ္ပဏီရဲ့ လျို့ဝှက်ချက်ပဲလေ၊ တခြားလူတွေကို ပေါ့တိပေါ့တန် မပြောမိစေရပါဘူး"
"ကောင်းပြီလေ၊ ရှောင်ယွင် နင် အရင်ပြန်နှင့်လိုက်ပါ၊ ရွှီဖန်းနဲ့ ငါ လုပ်စရာရှိသေးလို့"
"ကောင်းပါပြီ၊ နှုတ်ဆက်ပါတယ်ဥက္ကဌရှ"
ရှောင်ယွင် ထွက်သွားပြီးမှသာ လုပ်ယူထားသည့် သူမ၏ အမူအရာကို ဖြုတ်ပြီး ရှယန်ယွိ သက်ပြင်းချမိသည်။ သူမက တီးတိုးပြောနေခဲ့သည်။
"ရှောင်ယွင်က ကျွန်မအနောက်ကို အကြာကြီး လိုက်ခဲ့တာ၊ သူမ လာဘ်ယူထားမယ်လို့ မထင်ထားခဲ့ဘူး"
ရွှီဖန်းလည်း သက်ပြင်းချကာ ရှယန်ယွိပုခုံးကို ပုတ်ပေးလိုက်သည်။
"ဥက္ကဌရှ စိတ်ထဲ တအားကြီးမထည့်ထားပါနဲ့၊ ကျွန်တော်တို့ ပွဲကြီးပွဲကောင်းတစ်ခုကို စောင့်ကြည့်ကြတာပေါ့"
ရွှီဖန်းတစ်ယောက် မြစ်အောက်ပိုင်းရွာကို ပြန်
ရောက်သည့်အချိန်တွင် ညပင် ရောက်နေလေပြီ။
ထိုအချိန် ချန်ဟိုင်းမြို့၊ ကလပ်တစ်ခု၏ အခန်းထဲ၌...
သက်တော်စောင့်များ၏ ကာကွယ်မှုအောက်၌ ရှောင်းပုချီသည် ထိုင်ခုံအမြင့်ပေါ်မှာ ထိုင်ရင်း သူ့အောက်မှ လူနှစ်ယောက်ကို အေးစက်စွာကြည့်နေသည်။ ရွှီဖန်းသာ ဤနေရာ၌ ရှိပါက ထိုနှစ်ယောက်ကို မှတ်မိပေလိမ့်မည်။ တစ်ယောက်က ထျန်ဖန့်ဖြစ်ပြီး နောက်တစ်ယောက်က ရှယန်ယွိ၏ အတွင်းရေးမှူး ရှောင်ယွင်ဖြစ်သည်။
ထိုအချိန် နှစ်ယောက်စလုံးက ကြောက်ရွံ့မှုကြောင့် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်ကာ ရှောင်းပုချီ မေးခွန်းမေးလာမည်ကို စောင့်နေကြသည်။
ရှောင်းပုချီက ဘာကို တွေးနေလဲဆိုတာ ခန့်မှန်းလို့မရပေ။ အချိန်အတော်ကြာကာမှ သူက ပါးစပ်ဖွင့်၍ မေးလာသည်။
"ထျန်ဖန့် မင်းပြောလိုက်တာက ဆေးဖော်စပ်ရာမှာ လိုအပ်တဲ့ အဓိကဆေးဖက်ဝင်အပင်တွေကို ရှရှီဘက်က ရှာတွေ့ထားတယ်လို့လား"
ထျန်ဖန့်သည် သူ့နဖူးပေါ်မှ ချွေးအေးများကို သုတ်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ သို့သော်ငြား အကြောင်းအရင်းတချို့ကြောင့် အမြင့်မှာရှိနေသည့် ရှောင်းပုချီ၏မျက်နှာကို တိုက်ရိုက်မကြည့်ရဲခဲ့ပေ။ သူ့မေးခွန်းများကို နားထောင်ရင်း စိုးရိမ်ပူပန်စွာ သူပြန်ဖြေခဲ့သည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ် ဥက္ကဌရှောင်း၊ အဲ့ဒီဆေးပင်တွေက ကြောက်ဖို့ ကောင်းတယ်၊ သူတို့က သာမာန်ဆေးပင်တွေထက် ၅၀%တောင် ပိုအစွမ်းထက်တယ်၊ အဲ့ဒီလိုဆေးပင်တွေနဲ့ လုံလောက်တဲ့ဆေးဝါးပညာရှင်တွေသာ ရှိလို့ကတော့ ကုသဆေးထုတ်နိုင်ဖို့က အချိန်တစ်ခုပဲ လိုအပ်လိမ့်မယ်"
"ဒါပေမယ့် စိတ်မပူပါနဲ့ ဥက္ကဌရှောင်း၊ ရှရှီ ဆေးဝါးပညာရှင်အားလုံးကို Star Cityက သိမ်းသွင်းထားနိုင်ခဲ့ပြီ၊ ရှယန်ယွိမှာ အဲ့ဒီဆေးပင်တွေ ရှိရင်တောင်မှ ကုသဆေးထုတ်နိုင်ဖို့ မဖြစ်နိုင်ဘူး"
ရှောင်းပုချီက ခေါင်းခါယမ်း၍ ပြောလာသည်။
"မဟုတ်ဘူး၊ ရှမိသားစုက ဒီလောကမှာ နှစ်တွေအကြာကြီး အမြစ်တွယ်ပြီး ရပ်တည်လာကြတာ သူတို့ရဲ့လုပ်နိုင်စွမ်းကို မင်း စိတ်ကူးကြည့်လို့တောင် မရဘူး၊ မင်းပြောတဲ့ ဆေးပင်အာနိသင်အရ သူတို့မှာ ဆက်လုပ်ဖို့ မျှော်လင့်ချက် ရှိနေနိုင်တယ်"
ရှောင်းပုချီက အလွန်စေ့စပ်ပေသည်။ ရှယန်ယွိသာ တခြားစက်ရုံမှ ဆေးဝါးပညာရှင်များကို ငှား၍ ဆက်လုပ်ပါက သူမ အတွက် လမ်းစရှိလာပြီဖြစ်သည်။
"ဥ ဥက္ကဌရှောင်း ကျွန်မမှာ ပြောစရာရှိပါတယ်"
ထိုအခိုက်အတန့်တွင် ရှောင်ယွင်က လက်မြှောက်လာသည်။ ရှောင်းပုချီ သူမကို ကြည့်နေတာမြင်တော့ အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"ဥက္ကဌရှောင်း ရှယန်ယွိမှာ လက်ရှိ မျှော်မှန်းချက် ကြီးကြီးရှိနေတယ်၊ သူ့မိတ်ဆွေက ဆေးဘက်ဆိုင်ရာမှာ ကျွမ်းကျင်တဲ့ပုံပဲ၊ သူ့မိတ်ဆွေက ဆေးထုတ်နိုင်လိမ့်
မယ်ဆိုပြီး ရှယန်ယွိပြောတာကို ကြားခဲ့ရတယ်၊ သတ်မှတ်ရက်အတွင်းမှာ ဆေးထုတ်..."
"ဘာ!"
ရှောင်းပုချီက မျက်ခုံးပင့်၍...
"ရှယန်ယွိဆီမှာ ဒီလို ကျွမ်းကျင်တဲ့ မိတ်ဆွေမျိုးက ဘယ်တုန်းက ရှိသွားရတာလဲ"
ရှောင်းပုချီက ရှောင်ယွင်ကို ကြည့်၍ 'အဲ့ဒီလူက ဘယ်သူလဲ'ဟု မေးမြန်းခဲ့လေသည်။
**********************