အရင်ကြည့်လိုက်ဦးမယ်
Vol. 9 Ch. 130
ဒေါက်တာလီက ချက်ချင်း ခေါင်းညိတ်ပြီး အဘိုးရှု၏ အခြေအနေကို ရှင်းပြလာသည်။ ဒေါက်တာလီက အဘိုးရှု၏ရောဂါကို မကုသနိုင်ခဲ့သော်ငြား ရောဂါ၏အခြေအနေကို ကောင်းမွန်စွာ နားလည်ထားလေသည်။ သူ၏ သုံးသပ်ချက်များကလည်း မှန်ကန်လုနီးပါးပင် ရှိပေသည်။
ဒေါက်တာလီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရွှီဖန်းဆီမှာလည်း ယေဘုယျအကြံတစ်ခု ပေါ်လာသည်။ သူ ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကျွန်တော် သိပြီ၊ ဒေါက်တာလီ ကျွန်တော်အခု လူနာကို ကြည့်လို့ရနိုင်မလား"
ဒေါက်တာလီက အစာကောက်စားနေသော ကြက်ပေါက်လေးများကဲ့သို့ ခေါင်းကို ညိတ်လာသည်။ ခွဲစိတ်မှု ပြီးစီးတာ အချိန်ခဏကြာနေပြီဖြစ်တာကြောင့် လူနာလည်း အနည်းငယ် ပြန်အဆင်ပြေနေလောက်ပြီဖြစ်သည်။ ကြည့်ရုံလောက်က ပြဿနာမဟုတ်ချေ။
"ကြီးမြတ်သောဆရာရွှီ အဆင်ပြေပါတယ်၊ အဲ့ဒီကို ခေါ်သွားပေးမယ်"
ရွှီဖန်း၏ဆေးပညာစွမ်းရည်ကို ထပ်ပြီး မြင်တွေ့ခွင့်ရတော့မှာဖြစ်တာကြောင့် ဒေါက်တာလီသည် မနေနိုင်မထိုင်နိုင် စိတ်လှုပ်ရှားလာတော့သည်။ ဒီတစ်ကြိမ်မှာ သူများစွာ သင်ယူနိုင်မည်ဟု ယုံကြည်ပေသည်။
ရွှီဖန်း ခေါင်းညိတ်ကာ ခွဲစိတ်ခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။ သို့သော်ငြား ခြေလှမ်းတချို့တောင် လှမ်းလို့ မပြီးသေးခင်မှာတင် သူ ရပ်လိုက်မိသည်။
ရွှီဖန်းက သူတို့အား နောက်လှည့်ကြည့်လာသည်ကို လူအုပ်ကြီး တွေ့လိုက်ရသည်။ သူတို့ အံ့အားသင့်သွားရသည်။ ဘာလို့ နတ်ဘုရားဆရာဝန်လေးက ရုတ်တရက်ကြီး ရပ်သွားတာပါလိမ့်။
ရွှီဖန်းမှာ သူ့မျက်လုံးများကို လှိမ့်၍ ဆူလိုက်မိသည်။
"ခင်ဗျားတို့တွေက ဘာလို့ အနောက်ကနေ လိုက်လာကြတာလဲ၊ လူနာရဲ့ဆွေမျိုးတွေက လွဲလို့ ကျန်တဲ့လူတွေ ဒီမှာပဲ စောင့်နေပေးကြပါ"
".............."
ရှုချိုးယာသည် ရွှီဖန်း၏ အထက်စီးဆန်ဆန် ဆူပူကြိမ်းမောင်းမှုကို ကြားသည့်အခါ ပြုံး၍ မဆုံးနိုင်တော့ပေ။
ရွှီဖန်း အိုး...ရွှီဖန်းရေ ရှင် တစ်ကယ်ကို ရဲရင့်လွန်းတာပဲ။
ဒီမှာရှိနေသည့် ရာထူးအငယ်ဆုံးလူတစ်ယောက်တည်းကတောင် မြစ်အောက်ပိုင်းရွာတစ်ခုလုံးကို ဖယ်ရှားပစ်လို့ ရပေသည်။
သို့သော်ငြား အနှီရာထူးမြင့်သော လူအုပ်စုကြီးသည် ရွှီဖန်းကို ကြောက်ရွံ့နေပုံပေါက်တာကြောင့် ရှုချိုးယာကို အံ့အားသင့်စေခဲ့သည်။ ရွှီဖန်းက လိုက်လာခွင့်မပြုသည့်အခါ သူတို့သည် နာခံစွာပင် ရပ်နေကြလေသည်။
သူတို့က ရွှီဖန်းကို ကြောက်နေတာ မဟုတ်ပေ။ အကယ်၍ ရွှီဖန်းကိုသာ စော်ကားမိပါက အနာဂါတ်၌ ထူးထူးဆန်းဆန်းရောဂါများ သူတို့ဆီမှာ ရလာလျှင် မည်သူမျှ မကုသပေးနိုင်မည်ကို ကြောက်ကြတာ ဖြစ်သည်။
ရလဒ်အနေဖြင့် ရှုယောင်ယန်တို့ မိသားစုသုံးယောက်နှင့် ရှုချိုးယာသာ ရွှီဖန်းအနောက် လိုက်လာခဲ့ကြသည်။
အဘိုးရှုသည် ခွဲစိတ်ပြီးစီးသွားပြီဖြစ်ရာ ခွဲစိတ်ကုတင်အပေါ်မှာ လှဲနေလေသည်။ ခွဲစိတ်မှုက အဘိုးရှု၏ အသက်ကို ယာယီကယ်တင်နိုင်ခဲ့သော်လည်း ရောဂါအခြေအနေကတော့ မကောင်းလာပေ။ သူဟာ ကြီးမားသည့် နာကျင်မှုကို ခံစားနေရသကဲ့သို့ ထူထဲသည့် မျက်ခုံးများကို ကြုတ်ထားလျက်ရှိကာ စာရွက်ပါးတစ်ခုလို ဖြူဖျော့နေသည်။
"အဘိုးရှုက အသက်ရှင်သေးပေမယ့် သတိမကပ်နိုင်တော့ဘူး၊ ဆရာရွှီ တခြားနည်းလမ်းရှိမလား ကြည့်ပေးပါဦး"
ဒေါက်တာလီက ပြောလာသည်။ ရွှီဖန်းသည် ခေါင်းကို ခါရမ်းလျက် "အရင်ကြည့်လိုက်ဦးမယ်"ဟု ပြောခဲ့သည်။
ထို့နောက် ရွှီဖန်းသည် အဘိုးရှု၏ သွေးခုန်နှုန်းကို စမ်းသပ်ရန်အတွက် လက်ကောက်ဝတ်ကို ယူကာ သူ့လက်နှစ်ချောင်းကို တင်လိုက်သည်။ လက်ရှိအချိန်
တွင် အဘိုးရှု၏ နှလုံးခုန်နှုန်းက ပါးလွှာသော
ချည်မျှင်လေးကဲ့သို့ အင်မတန် အားနည်းနေသည်။ သူ၏သွေးခုန်နှုန်းအခြေအနေမှာ ဒေါက်တာလီပြောခဲ့သည့် အတိုင်းပင်။
ရွှီဖန်း ခေါင်းညိတ်မိသည်။ အဘိုးရှုက သူ့ရောဂါနှင့်
ပတ်သက်၍ ပြောခဲ့တာမှန်ပေသည်။ အဘိုးရှုသည် 'ယင်သုံးယင်ပြိုကွဲခြင်း' ဆိုသည့် ရောဂါကို ကူးစက်ခံခဲ့ရသည်။ ဤရောဂါမှာ 'ယင်'နှင့် စပ်လျဥ်းနေတာကြောင့် အနောက်တိုင်းဆေးပညာဖြင့် ဖောက်ထွင်းမမြင်နိုင်ခဲ့သည်မှာ အံ့သြစရာတော့ မရှိပေ။
'ယင်'ဖျားနာခြင်းကို မကောင်းဆိုးဝါးရောဂါဟုလည်း ခေါ်ကြသည်။ ထိုကဲ့သို့ ဖျားနာမှုအမျိုးအစားသည် 'ယင်'ချီတွေ အလွန်များပြားလာပြီး နတ်ဆိုးချီကို ဖြစ်ပေါ်စေတာကြောင့် လူတစ်ယောက်၏ ကံတရားကို ဆိုးရွားစေပေသည်။
အဘိုးရှုက စစ်ပွဲတွေထဲမှာပဲ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နေခဲ့ရပြီး လူတွေသေဆုံးတာကိုလည်း မြင်ကောင်းမြင်ရလိမ့်မည်။ 'သေခြင်းတရား'၏ မကောင်းသော အရှိန်အဝါက သူတို့အပေါ် သက်ရောက်ကြမည်မှာ သာမာန်ပင်ဖြစ်သည်။
အဘိုးရှု သေနတ်ပစ်ခံခဲ့ရတုန်းက ပိုပြီးသက်ရောက်သွားခဲ့တာ ဖြစ်နိုင်သည်။ သူ၏ 'ယန်'စွမ်းအင်က အားနည်းသွားခဲ့ကာ ခန္ဓာကိုယ်၏ ဒဏ်ခံနိုင်စွမ်းကလည်း ယိုယွင်းသွားခဲ့သည်။ ထိုအချိန်မှစ၍ ယင်သုံးယင်ပြိုကွဲခြင်း ရောဂါကို ခံစားခဲ့ရလိမ့်မည်။
ရောဂါပေါက်ဖွားသည့် ကာလပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် မကောင်းဆိုးဝါးစွမ်းအင်များကလည်း နိုးကြားလာမည်ဖြစ်ရာ ထိုအချိန်တွင် ခန္ဓာကိုယ်က တဖြည်းဖြည်း မလှုပ်ရှားနိုင်တော့ဘဲ အသက်ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
ဒါကိုမြင်တော့ ရွှီဖန်းသည် အဘိုးရှုကို လေးစားသွားခဲ့သည်။ အကယ်၍ သာမာန်လူသာ ဤရောဂါကို ခံစားခဲ့ရပါက နှစ်ဝက်မပြည့်ခင်မှာတင် သေဆုံးရမည်ဖြစ်သည်။ အဘိုးရှုသည် နှစ်အတော်ကြာအောင် ခံနိုင်ရည်ရှိခဲ့ပေသည်။ ဆဲလ်များအလုပ်လုပ်ရန်
အတွက် ဆေးအကူများ ပါဝင်သော်ငြား လူနာ၏ဇွဲ့လုံ့လနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း လိုအပ်သေး၏။
ရောဂါကို သေချာစစ်ဆေးပြီးနောက် ရွှီဖန်းသည် အဘိုးရှု၏ လက်ကို လွှတ်ရင်း...
"ယင်သုံးယင်ပြိုကွဲခြင်း"
ဟု ပြောလိုက်သည်။
"ဒါက"
ရွှီဖန်းပြောသည့် 'ယင်သုံးယင်ပြိုကွဲခြင်း' ဆိုသည့် ရောဂါကို သူတို့ တစ်ခါမျှ မကြားဖူးသည့်အပြင် နားမလည်ပါချေ။ သူတို့သိချင်သည့်အရာမှာ အဘိုးရှုအား ကုသ၍ရ၊ မရကိုပင် ဖြစ်သည်။
"ဆရာရွှီ အဘိုးရှုကို ကယ်တင်လို့ရနိုင်သေးလား"
လူတိုင်းက မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို ကြည့်လာကြသည်။ ရွှီဖန်းသည် သူ့နှာခေါင်းကိုပွတ်၍...
"မစိုးရိမ်ကြပါနဲ့၊ သူ မသေနိုင်ပါဘူး"
ထိုအရာက ကယ်နိုင်သည်ဟု ဆိုလိုပေသည်။ ဒါကို ကြားမှသာ ရှုမိသားစုလည်း သက်ပြင်းအသာအယာချမိသည်။ အဘိုးရှုသည် နှစ်ပေါင်းများစွာ ဤဝေဒနာဆိုးကြီးကို ခံစားခဲ့ရပြီးနောက်မှာတော့ ရောဂါပျောက်ကင်းနိုင်မည့် အခွင့်အရေးကို ရရှိလာပြီဖြစ်သည်။
ရှုယောင်ယန်၏အဖေသည် မနေနိုင်ဘဲ သိလိုစိတ်ပြင်းပြစွာ မေးမိသည်။
"ညီလေး ဒီရောဂါကို ဘယ်လိုကုသဖို့ စီစဥ်ထားလဲ"
ရှုယောင်ယန်အဖေ၏ စိတ်နေသဘောထားက အလွန် နှိမ့်ချတတ်ပေသည်။ ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။
"ကုသရတာက လွယ်ပါတယ်၊ သူ့ခန္ဓာကိုယ်ထဲမှာ ရန်မူနေတဲ့ 'ယင်'စွမ်းအားတွေကို ဖယ်ရှားဖို့ 'တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာ'သုံးဖို့ပဲလိုတယ်"
ဘ-ဘာ! တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာ! ဘုရားရေ!
ဒေါက်တာလီသည် ထိုအကြောင်းကြားသည့်အခါ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်လိုက်မိသည်။ အဘိုးရှု၏ရောဂါကို သက်ရောက်ခြင်း မသက်ရောက်ခြင်းကို သူဂရုမစိုက်ချေ။
သူ အလွန်အံ့သြနေခြင်းကြောင့် ဖြစ်သည်။ သိထားရမည်မှာ 'တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာ' ဆိုတာက တရုတ်အပ်စိုက်ကုထုံးပညာ၌ ပျောက်ဆုံးနေခဲ့တာ ကြာပြီဖြစ်သည်။ ရှေးခေတ်စာအုပ်တွေမှာသာ ထိုအပ်ပညာနာမည်ကို ဖတ်ထားဖူးသူ ဒေါက်တာလီအတွက် ထိုအကြောင်းကို အပြင်မှာ ကြားဖူးရန်ပင် အခွင့်မရှိခဲ့ပေ။
"ကြီးမြတ်သောဆရာရွှီ အဲ့ အဲ့ဒီ 'တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာ'ကို ဘယ်ကနေ ရလာတာပါလဲ"
ဒေါက်တာလီ၏ စပ်စုလိုစိတ်ပြည့်နေသည့်မျက်နှာကို ကြည့်ရသည်မှာ အခုချက်ချင်းပင် ရွှီဖန်းကို ထိုင်ခိုင်း၍ ထိုပညာအကြောင်း ဆွေးနွေးချင်နေသည့်အတိုင်းပင်။
ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ ဒါက အပ်လေးတွေအကြောင်းပဲလေ၊ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။
စိမ်းပြာရောင်ဆေးအိတ်ထဲတွင် မှတ်တမ်းတင်
ထားသည်မှာ 'တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာ' တင်မကဘဲ 'ကျောက်စိမ်းနတ်ဘုရား၏အပ်ပညာ'၊ 'ကောင်းကင်အပ်ကိုးချောင်းပညာ'၊ 'မီးခိုးကြပ်
တိုက်အပ်ပညာ'တို့ပါ ပါသည်ဆိုတာကို သိလို့ကတော့ ဒေါက်တာလီတစ်ယောက် နေရာမှာတင် မေ့လဲသွားနိုင်ပေသည်။
သူ့ခေါင်းထဲမှာရှိနေသည့် ထိုပညာများအားလုံးကို သူပြောပြရန် မဖြစ်နိုင်ချေ။ ဒါကြောင့် ရယ်မောလျက် ဝတ်ကျေတမ်းကျေ ပြန်ဖြေခဲ့သည်။
"အိုး ကျွန်တော်ငယ်ငယ်တုန်းက လမ်းဘေးဆိုင်ကနေ ဝယ်ခဲ့တာလေ၊ တန်ဖိုး ဘယ်လောက်မှမရှိဘူး"
"........"
ဒေါက်တာလီမှာ အံ့သြဆွံ့အသွားတော့သည်။ဒါက တန်ဖိုးမရှိဘူးတဲ့လား။
သိထားရမည်မှာ ဆေးပညာလိုက်စားနေသူအားလုံးသည် ရွှီဖန်းထံ၌ ယခုလို ကုထုံးပညာမျိုးရှိနေသည် ဆိုတာကို သိသွားကြပါက သူတို့၏ဘဝနှင့်ပင်ရင်း၍ လာဝယ်ယူကြလိမ့်မည်။
ရှုယောင်ယန်၏အဖေသည်ပင် ရွှီဖန်းကို ထိုလမ်းဘေးဆိုင်အကြောင်းမေး၍ နောက်တစ်နေ့တွင် သူ့ကံကောင်းမှုကို သွားစမ်းကြည့်လိုစိတ် ပေါက်လာသည်။
သို့သော်ငြား သေချာတွေးကြည့်မှသာ ထိုကဲ့သို့ လုပ်မိပါက ရွှီဖန်း ဒေါသထွက်နိုင်လေသည်။ အခုလို ငယ်
ငယ်ရွယ်ရွယ်နှင့် ကျွမ်းကျင်သူဖြစ်နေတာက သူ့နောက်ကွယ်မှာ ပံ့ပိုးပေးနေသည့် ဆရာသခင်တစ်ပါး ရှိပေလိမ့်မည်။
တရုတ်ဆေးပညာတချို့သည် မိသားစုအစဥ်အဆက်လိုက် လက်ဆင့်ကမ်းလာသည်ဖြစ်ရာ ရွှီဖန်းလည်း ဒီအတွက်ကြောင့် သူတို့ကို မပြောပြချင်ခဲ့တာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြား အဖေဖြစ်သူ၏ ရောဂါကို ကုသနိုင်သ၍ ထိုအရာများက ဘာမှ အရေးမကြီးပေ။
*******************