ကုသမှုအစ
Vol. 9 Ch. 132
ရွှီဖန်းသည် သူ့နှာခေါင်းကိုထိလျက် ပြန်ဖြေလိုက်
သည်။
"ယင်သုံးယင်ပြိုကွဲခြင်းက တော်တော်လေး ကြောက်စရာကောင်းတဲ့ရောဂါပဲ၊ ကုသနေစဥ် အဘိုးရှုရဲ့ခန္ဓာကိုယ်ထဲမှာ ရန်မူနေတဲ့ ယင်ချီတွေကို ကျွန်တော့်ခန္ဓာကိုယ်ထဲ ဝင်လာအောင် လုပ်ရမှာ၊ ကျွန်တော့်ရဲ့ယန်ချီတွေကို ဖိနှိပ်ထားဖို့ ဂျင်ဆင်းအပေါ်မှာ မမှီခိုထားဘူးဆိုရင် ယင်သုံးယင်ပြိုကွဲခြင်းရောဂါကို ကျွန်တော် ခံစားရလိမ့်မယ်"
ယင်သုံးယင်ပြိုကွဲခြင်းရောဂါကို ကုသသည့်အခါ လူနာ၏ယင်ချီများသည် စုပ်ထုတ်ခံရလိမ့်မည်
ဖြစ်သည်။ အပ်စိုက်ကုထုံးကို ကျွမ်းကျွမ်းကျင်ကျင်
ဖြင့် သုံးနိုင်ရန်မှာ စွမ်းအားများစွာ ကုန်ခမ်းရပြီး ကုသသူ၏ ယန်စွမ်းအင်ကို ကျဆင်းလာစေသည်။ ထိုအချိန် ရန်မူနေသော ယင်ချီများကလည်း ထိုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ပို၍ လွယ်ကူလေသည်။ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပါက ယင်သုံးယင်ပြိုကွဲခြင်းရောဂါ၏မျိုးစေ့သည် စတင်အမြစ်တွယ်လာလိမ့်မည်ဖြစ်သည်။
ရွှီဖန်း၏ရှင်းပြမှုက ကျိုးကြောင်းသင့်လျော်တာကြောင့် ခွဲစိတ်ခန်းထဲရှိ နှစ်ယောက်ဟာလည်း ခေါင်းညိတ်လိုက်ကြသည်။ ရွှီဖန်းလည်း ထပ်ပြီး မရှင်းပြတော့ချေ။
"ကောင်းပြီ၊ ခင်ဗျားတို့ နားလည်သွားကြပြီဆိုလည်း မနှောင့်နှေးဘဲ မြန်မြန်စကြရအောင်"
ဒါကိုကြားတော့ ဒေါက်တာလီသည် ခေါင်းညိတ်လျက် သူ့လက်ထဲမှ ဂျင်ဆင်းကို နှစ်ပိုင်း ပိုင်းလိုက်သည်။ တစ်ဖက်တွင် ရှုချိုးယာကလည်း ရွှီဖန်းအနားတွင်
ရပ်၍ အမိန့်ကို စောင့်နေသည်။
ရွှီဖန်းသည် ရှုယောင်ယန်၏အဖေ ပေးခဲ့သော အစိမ်းရောင်သစ်နတ်အပ်ဘူးကို ဘေးမှာ ချထားလိုက်သည်။ ထို့နောက် ဘူးအောက်ခြေမှ အပ်တစ်ချောင်းကို ထုတ်၍အဘိုးရှု၏ ခန္ဓာကိုယ်ထဲကို စတင် စိုက်လိုက်သည်။
ထိုလှုပ်ရှားမှုက မကြာပေ။ ရွှီဖန်း၏ လက်က မြန်ဆန်စွာပင် နောက်ထပ် အပ်တစ်ချောင်းကို ယူကာ အဘိုးရှု၏ ရှောက်ရှန်းအမှတ်ကို ထိုးစိုက်လိုက်သည်။
ထို့နောက် ပိုင်အမှတ်၊ တာ့လင်အမှတ်၊ ရှန့်မိုက်အမှတ်၊ ဖန်ဖုအမှတ်များ စသဖြင့် ၁၃မှတ်ကို ထိုးစိုက်ခဲ့သည်။ ဤအပ်၁၃ချောင်းတွင် မတူညီသော နည်းလမ်းများရှိပြီး ရွှီဖန်း၏လက်လှုပ်ရှားမှုအရှိန်သည်လည်း ပို၍ကြောက်စရာကောင်းလာလေသည်။ ဘေးတွေရှိနေသော ဒေါက်တာလီနှင့် ရှုချိုးယာမှာ ရွှီဖန်း၏ စွမ်းရည်ကို အံ့အားသင့်နေရသည်။
"မကောင်းဆိုးဝါးချီတွေ အကုန်လုံးက ရူးသွပ်မှုကြောင့် ဖြစ်တည်လာကြတာ၊ အပ်၁၃ချောင်းထိုးစိုက်ဖို့အတွက် မှတ်ထားရမယ့် ကုထုံးအမှတ်တွေရှိတယ်၊ တစ္ဆေဂိုဏ်းမှာ သေဆုံးခြင်းအပ်ကိုယ်ထည်ဆိုတာ ရှိတယ်၊ ဒါကြောင့် ဒုတိယအပ်စိုက်ထိုးရမယ့် အမှတ်က မကောင်းဆိုးဝါးကို ဖယ်ထုတ်ဖို့ ပြီးပြည့်စုံတဲ့နေရာပဲ"
အစိမ်းရောင်သစ်နတ်အပ်များကို အဘိုးရှု၏ ခန္ဓာကိုယ်ထဲတွင် ထိုးစိုက်ပြီးနောက် ရွှီဖန်းသည် 'တစ္ဆေဂိုဏ်း၏အပ်၁၃ချောင်းပညာ'မှ ဂါထာကို ရေရွတ်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်လုံးကို အသုံးပြုကာ တစ္ဆေချိတ်တံဆိပ်၊ တစ္ဆေနန်းတော်၊ တစ္ဆေဂူ၊ တစ္ဆေအတားအဆီး၊ တစ္ဆေအကွက် အပ်များနှင့်အတူ ကုထုံးအမှတ် ၁၃မှတ်ကို စတင်ရှာဖွေခဲ့သည်။
သူ၏လက်များ လှုပ်ရှားလာသည်နှင့်အမျှ ထိုးစိုက်ထားသော အပ်၁၃ချောင်းသည်လည်း တုန်လှုပ်လာသည်။ အနက်ရောင်ချီမျှင်များက အပ်ထိပ်မှ ထွက်လာနေသည်ကို မြင်တွေ့နိုင်ပေသည်။ အဘိုးရှု၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ခါလာသည်။
တစ်ကယ်ကို မှော်ဆန်လှသည်။ အဘိုးရှု နေမကောင်းဖြစ်နေသည့် အချိန်ကာလများတွင် အလောင်းကောင်ကဲ့သို့ ဖြစ်နေပြီး လှုပ်ရှားမှုများမရှိပေ။ အခုတော့ စပြီးလှုပ်ရှားလာနေပြီဖြစ်ရာ ရွှီဖန်း၏ကုသမှုက အမှန်တစ်ကယ် အသုံးဝင်သည့်ပုံပင်။
"ဒေါက်တာလီ ဂျင်ဆင်းကျွေးလိုက်တော့! ချိုးယာ!"
ထိုအချိန် ရွှီဖန်း၏ အော်ငေါက်မှုကြောင့် ဒေါက်တာလီ၏အာရုံက လက်ရှိကို ပြန်ရောက်လာသည်။ အစိတ်စိတ်အမြွှာမြွှာလုပ်ထားပြီးသော ဂျင်ဆင်းများကို ယူ၍ အဘိုးရှု၏ပါးစပ်ကိုဟကာ စတင်ကျွေးလိုက်သည်။
ရွှီဖန်း၏အမိန့်ကိုကြားပြီးနောက် ရှုချိုးယာလည်း လှုပ်ရှားလာသည်။ သူမက ရွှီဖန်း၏ နံဘေးသို့ ဂျင်
ဆင်းထည့်ထားသည့် ပန်းကန်ကို သယ်ဆောင်ကာ ပန်းကန်ပြားပေါ်ရှိ ဂျင်ဆင်းကို ရွှီဖန်းထံ ဂရုတစိုက် ပေးလိုက်သည်။ သူမ၏ပုံစံမှာ ဇနီးမယားလေးက အလုပ်အကျွေးပြုစုနေသည့် ပုံနှင့်ဆင်လှသည်။
ရှုချိုးယာသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ သူမမျက်နှာသည်လည်း အနည်းငယ် နီရဲသွားသည်။ သူမက ဂျင်ဆင်းကို ယူရန်မေ့သွားပြီး သူမ၏နူးညံ့သောလက်ချောင်းကိုသာ ရွှီဖန်း၏ပါးစပ်ထဲ ထိုးကျွေးမိသွားသည်။
ရွှီဖန်း၏ အာရုံအလုံးစုံက ကုတင်ပေါ်ရှိ အဘိုးရှုအပေါ်မှာသာ ရှိနေတာကြောင့် သတိမမူမိလိုက်ပေ။ မသိစိတ်မှအလိုလိုပင် သူ့ပါးစပ်ထဲရောက်လာသည့်
အရာကို ငုံလိုက်မိသည်။
ရွှီဖန်းမှာ သူ့ပါးစပ်ထဲရောက်လာသည့် ကျောက်စိမ်းကဲ့သို့ လက်ချောင်းကို စုပ်မိရုံကလွဲ၍ တတ်နိုင်တာမရှိတော့ပေ။ ရှုချိုးယာ၏ လက်ချောင်းထိပ်မှ ထုံကျင်သော ခံစားချက်ကလည်း ထွက်ပေါ်လာလေသည်။
ထိုအချိန် ရွှီဖန်းကတော့ သူစုပ်နေတာ ဂျင်ဆင်းမဟုတ်မှန်း သတိမထားမိသေးချေ။ သို့သော်ငြား ရှုချိုးယာ၏လက်ချောင်းကတော့ ရပ်တန့်ခြင်းမရှိဘဲ လောဘတကြီး စုပ်ယူခံနေရသည်။
ဒါကို မြင်သည့်အခါ ရှုချိုးယာ၏ ကျောက်စိမ်းမျက်နှာလေးသည် လည်ပင်းထိတိုင်အောင် နီမြန်းသွားတော့သည်။ ညှစ်မိသည်နှင့် လည်ပင်းထဲမှ သွေးများ လျှံကျတော့မည့်အလားပင်။
ဒါ...ဒါ အရမ်း ရှက်ဖို့ကောင်းတာပဲ!
ရှုချိုးယာ၏ နှလုံးက အလွန်လျင်မြန်စွာ ခုန်လှုပ်နေသည်။ သူမ တခြားနှစ်ယောက်ကို ထိတ်လန့်စွာ ကြည့်မိပေသည်။ သူတို့နှစ်ယောက်စလုံးက အဘိုးရှု၏အခြေအနေကိုသာ လေ့လာနေကြပြီး သူတို့လုပ်နေသည့် ရှက်ဖွယ်ရာကိစ္စကို သတိမထားမိကြပေ။ ရှုချိုးယာတစ်ယောက် ထိုအခါမှ သက်ပြင်းအရှည်ကြီး ချမိတော့သည်။
သူမ အမြန်ပင် လက်ချောင်းကို ဆွဲထုတ်ခဲ့သည်။ ထိုအချိန်ကျမှ ရွှီဖန်းကလည်း သတိမူမိသွားသည်။ အချိန်အကြာကြီး သူမလက်ချောင်းကို စုပ်နေခဲ့တာ သတိရမိတော့ သူ့မျက်နှာလည်း အနည်းငယ် နီရဲသွားတော့သည်။
သူ ရှုချိုးယာကို တောင်းပန်ဖို့ ပြင်နေတုန်း သူမက သူ၏ပါးစပ်ကို သူမ၏လက်များဖြင့် အမြန်အုပ်ကာ စကားပြောခွင့်မပေးပေ။ ရှုချိုးယာသည် တခြားလူကြားသွားမည်ကို စိုးရိမ်တာကြောင့် ရွှီဖန်း၏နားကိုတိုးကပ်ကာ မွှေးရနံ့သင်းနေသော လေအေးအေးဖြင့် ခပ်တိုးတိုးပြောလာသည်။
"ရွှီဖန်း မပြောနဲ့၊ ဒါက ကျွန်မတို့ကြားက လျို့ဝှက်ချက်လေ၊ တခြားလူတွေကို မသိစေနဲ့"
သူမထံမှ လေသံလေးကြောင့် ရွှီဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ယားယံသလို ခံစားနေရသည်။ အပ်၁၃ချောင်းအပေါ် သူ၏ထိန်းချုပ်မှုကလည်း ဟန်ချက်ပျက်လုမတတ်ပင်။ ရှုချိုးယာ၏ ထိတ်လန့်နေသော မျက်နှာပေးကြောင့် ရွှီဖန်းမှာတော့ ရယ်ရခက်ငိုရခက်ပင်။
မကြာလိုက်၊ ရွှီဖန်း ခေါင်းညိတ်လိုက်လေသည်။ ဤမတော်တဆဖြစ်ရပ်လေးက ကဏ္ဍသေးသေးလေးသာ ဖြစ်သည်။ ရွှီဖန်းက သူ့လက်များဖြင့် အပ်၁၃ချောင်းကို ထိန်းချုပ်နေစဥ်မှာ ရှုချိုးယာကလည်း ရွှီဖန်းကို ဂျင်ဆင်းကျွေးနေခဲ့သည်။
အချိန်တွေကြာလာသည်နှင့် အဘိုးရှုခန္ဓာကိုယ်ထဲမှ အနက်ရောင်ချီမျှင်များကလည်း မြန်သထက် မြန်မြန် လွင့်စင်လာကြသည်။ ဒါဟာ ကောင်းမွန်သော ကိစ္စပင်။ အဘိုးရှုခန္ဓာကိုယ်ထဲမှ ထိုအနက်ရောင်ချီများ ကုန်သွားပါက သူ၏ ရောဂါသည်လည်း ပျောက်ကင်းသွားပေလိမ့်မည်။
သို့သော်ငြား လိုက်ထွက်လာသည်က ယင်ချီများသာမဟုတ်ဘဲ ယန်ချီများပါ လိုက်ထွက်လာခြင်းဖြစ်သည်။
အဘိုးရှု၏မျက်နှာက မည်းမှောင်နေရာကနေ ဒေါသရိပ်များ တဖြည်းဖြည်းပျောက်ကင်းလာသည်ကို မြင်သည့်အခါ ဒေါက်တာလီ၏ လည်ချောင်းအထိရောက်နေသည့် နှလုံးကလည်း သူ့နေရာသူ ပြန်ခုန်ဝင်သွားတော့သည်။ သူ မနှောင့်နှေးရဲဘဲ ရွှီဖန်း၏ အမိန့်ကို အမြန်လိုက်နာကာ ဖြတ်ထားသည့် ဂျင်ဆင်းများကို အမြန်တိုက်ကျွေးလိုက်သည်။
ဤဂျင်ဆင်းသည် တစ်ကယ်ကို ရှားပါးလှပြီး နှစ်၁၀၀သက်တမ်းနီးပါး ရှိလေသည်။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အကျိုးသက်ရောက်မှုက ချက်ချင်းသိသာပေသည်။
ဂျင်ဆင်းက သက်ရောက်မှုပြလာသည်နှင့် အဘိုးရှု၏မျက်နှာက ဖြူဖျော့လာပြီး သူ၏ သွေးများသည်လည်း ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဆင်းလာသည်။ မကြာလိုက်ပေ၊ အဘိုးရှု၏ ယန်ချီ ပြန်လည်ဖြည့်တင်းမှု အရှိန်သည် အပ်၁၃ချောင်း၏ အရှိန်နှင့်အတူ တက်လာပြီး ယန်ချီဆုံးရှုံးမှုကို ရပ်တန့်စေခဲ့သည်။ အဘိုးရှု မျက်နှာပေါ်ရှိ အရောင်ကလည်း ပို၍ ကြည့်ကောင်းလာပေသည်။
သူ့ခန္ဓာကိုယ်အပေါ်မှာ စိုက်ထားသော အပ်၁၃ချောင်းသာ မရှိလျှင် အဘိုးရှု အိပ်နေသည်ဟုပင် ထင်ကြလိမ့်မည်။ ယခု အပ်စိုက်ကုထုံးပြီးခါနီးမှာတော့ အဘိုးရှု၏ ခန္ဓာကိုယ်ထဲမှ ရန်မူနေသည့် ယင်ချီများအားလုံးကို တွန်းထုတ်နိုင်ခဲ့ပေသည်။ ဤအပ်များကို ဆွဲထုတ်ရန်အတွက် နောက်ထပ် နာရီဝက်သာ စောင့်ရန် လိုအပ်ပေသည်။
ရွှီဖန်းသည် အဘိုးရှုခန္ဓာကိုယ်အပေါ်မှ အပ်၁၃ချောင်းကို ထိန်းချုပ်နေသလို သူ့ခန္ဓာကိုယ်ထဲမှ ဂျင်ဆင်း၏ သက်ရောက်မှုကိုလည်း ချေဖျက်နေသည်။
ဂျင်ဆင်းက သူ့အပေါ် များစွာ သက်ရောက်မှုမရှိသော်ငြား ဘာမှမရှိတာထက် စာလျှင်တော့ ပိုကောင်းနေသေး၏။ ဤအပ်များကို အချိန်အတော်ကြာ ထိန်းချုပ်နေရသော်လည်း ပင်ပန်းနွမ်းနယ်မှုကို မခံစားရဘဲ ပိုပြီးတော့တောင် အားပြည့်နေသလို ခံစားရသည်။
သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက အနည်းငယ် တိုးတက်လာသည်ဟု ရွှီဖန်း ခံစားရသည်။
ဒီဟာက တစ်ကယ်ကို ပစ္စည်းကောင်းတစ်ခုပင်။
*******************