အပိုင်း(၇၂)
Vol. 8 Ch. 72
အကောင်းဆုံးသရုပ်ဆောင်၏ PR အဖွဲ့ သည် သဘာဝ အတိုင်း အလွန်အထင်ကြီးစရာကောင်းပြီး အဖြူနှင့်အမည်းအား ပြောင်းပြန်လှန်ကာ နေ့နှင့်ညကိုပါ ရောထွေးသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ အင်တာနက်အသုံး ပြုသူများ၏ပြစ်တင်ရှုတ်ချသည့်စိတ်ဓာတ် ကို လှုပ်ခါသွားစေရန် ကျန်းမာရေးအစီရင်ခံစာအား အသုံးပြုပြီးနောက် ၎င်းတို့ထုတ်ပြန်ချက်တစ်ခု အမြန်လုပ်ဆောင်ခဲ့သည်။
ပထမဦးစွာ၊ အိမ်ထောင်ရေးကိစ္စ ဖုံးကွယ်ထားခြင်း၏ အမှားအား ဝန်ခံပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအ စဉ်တစ်ခုတွင် လူတိုင်းအား အမှန်အတိုင်းပြောပြမည်ဟု အကြိုသုံးသပ်ချက်ပေးခဲ့သည်။ သူတို့က အကောင်းဆုံးသရုပ်ဆောင်နှင့် ဝမ်ကျားနီ နှစ်ဦးလုံးတွင် အပြစ်မရှိကြောင်းကိုလည်း အရိပ်အမြွက်ပြောကြားခဲ့သည်။
[ကောင်းရော၊ သူတို့က သူတို့ရဲ့ အလိမ်အညာတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ဖို့၊ သူတို့ရဲ့ ပုံရိပ်ကိုဖြူစင်အောင်လုပ်ဖို့၊ အခုချက်ချင်း မရှင်းပြသေးပဲနဲ့၊ ရွမ်ကျားကိုနောက်ဆုံးအခွင့်အရေး တစ်ခုပေးချင်နေကြတာ။ ရွမ်ကျားသာ သူတို့နဲ့ ပူးပေါင်းမယ်ဆိုရင် ဒီ နည်းလမ်းကိုသုံးစရာမလိုဘူးပေါ့။]
ချင်မိသားစု အံ့သြသွားသည်။ ဒီနည်းကို သူတို့ တကယ်သုံးနိုင်ပါ့မလား ?
"အဲ့ဒီနောက် ရွမ်ကျားက သူ့အပြစ် သူ ဝန်ခံဖို့ထွက်လာမယ်ပေါ့၊ ဟုတ်လား" မားမားချင်က အံ့သြစွာပြောသည်။
"ရွမ်ကျားက သူ့ရောဂါအကြောင်း ဘယ်သူ့ကိုမှသိစေချင်တာမဟုတ်ဘူး” ချင်ရန် မျက်မှောင်ကြုတ်လိုက်သည်။
"ကျဲကျဲ၊ နင် ဘာလို့ သူ့ကို ဖျောင်းဖျဖို့မကြိုးစားတာလဲ?" ချင်ရုန် စိုးရိမ်တကြီးမေးသည်။
ဆေးရုံ၏ဒါရိုက်တာတစ်ယောက်အနေဖြင့် ချင်ရန်သည် လူနာတစ်ဦး အပေါ်စိုးရိမ်ပူပန်မှုကိုဖော်ပြနိုင်သည်ဟု ခံစားမိသောကြောင့် အခြေအနေကိုမေးမြန်းခဲ့သည်။
ရွမ်ကျားသည် အွန်လိုင်းသတင်းအားမြင်ပြီး စိတ်မကောင်းဖြစ်နေပုံရကြောင်း ဆေးရုံမှ ချင်ရန်သို့ပြောကြားခဲ့သည်။ သူ့ကိုယ်သူ ပိတ်လှောင်ထားခဲ့ပြီး သူနာပြုနှင့်ဆရာဝန်များသည် သူနှင့် ဆက်သွယ်မရခဲ့ပေ။
ရွမ်ကျားသာ ရှေ့ထွက်မလာလျှင် သူ့ကိုယ်စား ဘယ်သူမှ ဘာမှလုပ်ပေးလို့မရချေ။
နောက်တစ်နေ့တွင် ရှန်းဝမ်ယွဲ့ နှင့်ဝမ်ကျားနီတို့၏ ပရိုမိုးရှင်းဗီဒီယိုများသည် အွန်လိုင်းပေါ်တွင် အသင့်ဖြစ်နေပြီဖြစ်ပြီး CP fan များ၏မျှော်လင့်ချက်များသည် ပြာပုံဘဝမှပြန်လည်နိုးထလာခဲ့သည်။
လူထုအမြင်သည် လုံးလုံးလျားလျားကိုလမ်းပြခံခဲ့ရသည်။ ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့အား အတူမနေနိုင်ခဲ့ကြသော ကြယ်ပွင့်စုံတွဲများအဖြစ်သရုပ်ဖော်ထားသော် လည်း ရွမ်ကျားအား မကောင်းဆိုးဝါးဇနီးသည်အဖြစ် မချစ်မနှစ်သက်သော်လည်း တစ်ကိုယ်ကောင်းဆန်စွာ လက်မလွှတ်ဘဲ အခြားသူများအား ဒုက္ခရောက်စေခဲ့သည့် သူတစ်ယောက်အနေဖြင့် သရုပ်ဖော်ထားသည်။
တရားဝင်သတင်းမဟုတ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် share ခဲ့ကြသည်။ ဒါ ဘယ်သူ့မားကက်တင်းလုပ် ဆောင်ချက်လဲဆိုသည်မှာ ခန့်မှန်းရမခက်ပေ။
ချင်မိသားစုသည် ဤလှုပ်ရှားမှုများအား ပြူးကျယ် သောမျက်လုံးများဖြင့် ကြည့်နေကြသည်။
"သစ္စာမဲ့တဲ့သူတွေက သစ္စာရှိတဲ့သူတွေထက် ဘာလို့ပိုပြီး ကောင်းကောင်းမွန်မွန်နေနိုင်ကြတာလဲ" ချင်ရုန် ကျီဖေးအား မမေးပဲမနေနိုင်တော့ချေ။
ကျီဖေးက "သစ္စာရှိတဲ့သူတွေက သစ္စာမဲ့တဲ့သူတွေထက် ကိုယ်ကျင့်တရားတွေပိုပြီး စောင့်ထိန်းရတဲ့အတွက် စိုးရိမ်မှုပိုများတယ်။ စိုးရိမ်မှုတွေပိုများတဲ့သူတွေက ပိုပြီးနေမကောင်းဖြစ်ကြတယ်။ ဒီတော့ အဲ့တာက ငါတို့ကို သင်ခန်းစာပေးလိုက်တာပဲ။"
အားလုံးက စူးစူးရဲရဲကြည့်လိုက်ကြသည်။
"မင်းရဲ့ခံပြင်းမှုတွေကို အပြင်ဘက်ကို လွှတ်ထုတ်ပစ်လိုက်ရင် မင်း အပေါ် မကောင်းတဲ့သက်ရောက်မှုတွေ လျော့သွားလိမ့်မယ်။ အဲဒါ အသက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်ပဲ" ဟု ကျီဖေး လေးနက်သည့်အကြည့်ဖြင့်ပြောလာသည်။
ကျီဖေး ဝေဖန်နေချိန်မှာပင် ကောင်းဟောင်ထံမှဖုန်းလက် ခံရရှိခဲ့သည်။
ကောင်းဟောင်သည် အကြောင်းကြားစာကိုလက်ခံရရှိခဲ့သည်။
"ပထမနေ့အတွက် ရိုက်ကွင်းအချိန်ဇယားထွက်လာပြီ။ အဲ့တာတိုက်ဆိုင်မှုလား၊ ဒရာမာကို ဇာတ်ရှိန်မြင့်ချင်တဲ့ ပရိုဂရမ်အဖွဲ့ကြောင့်လားတော့ မသိပေမယ့် ‘အချစ်စစ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်ရှင်ဧကရာဇ်အဖွဲ့နဲ့ပြိုင်ရမယ်။ သူတို့အရင်ဆုံးဖျော်ဖြေပြီးမှ ငါတို့ဖျော်ဖြေရမှာ။ ပြိုင်ပွဲစနစ်က ငါ့တို့အတွက် ပိုအားသာချက်ရှိပေမယ့် ဘယ်သူမှ ငါတို့အပေါ် အာရုံစိုက်မှာမဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ။ ပရိုဂရမ်အဖွဲ့က ရုပ်ရှင်ဧကရာဇ်အဖွဲ့ကို သူတို့သတင်း တွေရှင်းဖို့ အခွင့်အရေးပေးလိုက်တယ်ဆိုတာ အသိအ သာကြီး။ ငါတို့အဖွဲ့က အမြောက်စာဇာတ်ကောင်တွေ ချည်းပဲ။ ဒီတော့ ငါတို့ ဇာတ်ညွှန်းကို သူတို့မုန်တိုင်းပြီးတဲ့ အထိ စောင့်လိုက်ကြရအောင်"
ကျီဖေးက "သူတို့က ကျမတို့အဖွဲ့ ကိုအတိအကျရွေးလိုက်တာပဲ၊ တမင်လက်တုံ့ပြန်တာလား ?"
ကောင်းဟောင်က ရယ်မောလိုက်သည်။
ကျီဖေးက "အချစ်စစ်၊ အဟမ်း ကျမမှာဇာတ်ညွှန်းအတွက် စိတ်ကူးတချို့ရှိတယ်။"
ရိုက်ကူးရေးနေ့ စောင့်ဆိုင်းဧရိယာတွင်
ရှန်းဝမ်ယွဲ့ သည် သူ့ဖုန်းအား အမှတ်တမဲ့စိုက်ကြည့်နေ သည်။ သူ့အား ရွမ်ကျားဆက်သွယ်လာရန် စောင့်ဆိုင်းနေခဲ့ပြီး သတင်းကြားပြီးနောက် ဒေါသတကြီးဖြင့် သူ့အားလာရှာလိမ့်မည်ဟု တွေးထားခဲ့ပေမယ့် ရွမ်ကျားဘက်မှ တုံ့ပြန်မှုမရှိသဖြင့် စိတ်မသက်မသာဖြစ်နေခဲ့ သည်။
"စီနီယာ၊ ကျွန်မတို့ ဘာလို့လက်မလျော့လိုက်ရတာလဲ ? အဲ့တာအားလုံး ကျွန်မအမှားပါ" ဝမ်ကျားနီ သနားစရာပုံပေါ်အောင်ပြောလိုက်သည်။
"အရာအားလုံး ဒီအထိတောင်ရောက်နေပြီပဲ၊ အခုမှ နောက်ပြန်လှည့် လို့မရတော့ဘူး။ ရှိုးထုတ်လွှင့်မှုနဲ့အတူ ကွာရှင်းပြတ်စဲကြောင်း ကြေငြာချက်တစ်ခုပဲလုပ်မှရတော့မယ်။" ဟု မန်နေဂျာက သတိပေးခဲ့သည်။
ရှန်းဝမ်ယွဲ့ မျက်လုံးများအား ခေတ္တမှိတ်ထားလိုက်ပြီး
"ဒီအချိန်ထိ သူ ခေါင်းငုံ့မခံသေးရင်၊ မေ့လိုက်တော့။ ရှေ့ နေကို သူ့ဆီကိုပဲ တိုက်ရိုက်သွားရှာခိုင်းလိုက်တော့။"
ဝမ်ကျားနီ မျက်လုံးများကိုတဖျတ်ဖျတ်ခတ်ကာ " ရွမ်ကျားကျဲ လက်မှတ်မထိုးရင် ဘယ်လိုလုပ်မလဲ ?"
ရှန်းဝမ်ယွဲ့ က ဝမ်ကျားနီ၏အကြည့်ကိုရှောင်လိုက်ပြီး "အဲ့တာက ကွာရှင်းမှုအတုလို့ သူ့ကိုကတိပေးမယ်။ ငါမင်းအတွက်စီစဉ်ပေးပြီးသွားရင် မင်း ကိစ္စတွေမှာဘယ် တော့မှ ထပ်မပတ်သတ်တော့ဘဲ သူနဲ့ပဲအတူနေတော့မှာ။ ပြီးသွားရင်တော့ သူ အရှုပ်တွေလုပ်နေတာရပ်သင့်ပြီ။ ဒါ မင်းအတွက် ငါတို့ လုပ်ပေးနိုင်တာပဲ၊ ကျားနီ ငါတောင်း ပန်ပါတယ် ဒါ ငါလုပ်ပေးနိုင်သမျှ အကုန်ပဲ။"
ဝမ်ကျားနီ၏မျက်လုံးများထဲတွင် မုန်းတီးမှုများပေါ်လာပြီး "ကောရဲ့ဇနီးက ကောကိုစိတ်ဆိုးမှာစိုးရိမ်တယ်။ သူ ဒေါသအရမ်းထွက်ပြီး ကောကိုခွင့်မလွှတ်ရင် ဘယ်လိုလုပ်မလဲ?"
"ဒါမဖြစ်နိုင်ပါဘူး။ ငါတို့က သိတတ်စအရွယ်ကတည်း က အတူတူနေခဲ့ကြတာ။ သူ ငါ့ကိုအရမ်းချစ်တယ်။ သူ ခဏ စိတ်ဆိုးသွားရင်တောင် နောက်ကျရင် ငါ့ကိုခွင့် လွှတ်မှာပါ" ရှန်းဝမ်ယွဲ့ ပြောပြီးပြုံးလိုက်သည်။
[သူတကယ် ပြုံးနေတာပဲ၊ သူတို့နှစ်ယောက်ကြားမှာ အပြတ်သားဆုံးရွေးချယ်မှုတစ်ခုကို လုပ်ထားပြီးတာတောင် သူတို့ရဲ့အနာဂတ်က တောက်ပလာမယ်လို့ သူမျှော်လင့်နေတာလား ? ဒါ ဘယ်လိုထူးထူးဆန်းဆန်း အတွေးအခေါ်မျိုးလဲ ?]
ကျီဖေးသည် စောင့်ဆိုင်းဧရိယာ၌နေ၍ ပြဇာတ်အား စိတ်အားထက်သန်စွာကြည့်ရှုနေပြီး လက်ထောက်အဖြစ် ရောက်လာသော ချင်ကျောက် နှင့်ချင်ရုန်တို့သည်တိတ် တဆိတ်ခိုးနားထောင်လိုက်ကြသည်။
ပရိသတ်ဧရိယာရှိ ပါးပါးချင်နှင့်မားမားချင်တို့သည် အတင်းအဖျင်းများအားကြားနိုင်ရန် ဝေးကွာလွန်းနေသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်မှုကိုခံစားခဲ့ရသည်။
သို့သော် မကြာမီ တိုက်ရိုက်ထုတ်လွှင့်မှုစတင်ခဲ့သည်။ ပွဲစဉ်အကြောင်း hostမှ ကြေညာပြီးနောက် အကောင်းဆုံးသရုပ်ဆောင်အဖွဲ့မှစင်ပေါ်ကို ဦးစွာတက်သွားသည်။
တစ်ချိန်တည်းမှာပင် မရင်းနှီးသောနံပါတ်တစ်ခုဝင်လာသောကြောင့် ရွမ်ကျား ဖုန်းခေါ်ဆိုမှုကိုဖြေကြားခဲ့သည်။
"ဟယ်လို၊ ကျွန်တော်တို့က မစ္စတာရှန်းရဲ့တရားဝင်ကိုယ် စားလှယ်တွေပါ။ လောလောဆယ် မစ္စရွမ် ရှိ၊ မရှိ မေးလို့ရမလား..."
ရှေ့နေများရောက်လာမည်ကို စောင့်နေရင်း ရွမ်ကျား ရှန်းဝမ်ယွဲ့၏ရည်ရွယ်ချက်များကိုခန့်မှန်းမိသည်။ တကယ်တော့ ရှန်းဝမ်ယွဲ့ မှ သူ့ အားကွာရှင်းဖို့ပြောတိုင်း ခြောက်လန့်ဖို့သက်သက်ကြိုးစားခဲ့မှန်းသိသည်။ ဒါပေမဲ့ အခုကရော တကယ်လား ?
သူ လက်လွတ်ဖို့ ဆန္ဒမရှိသေးဘူးလား ?
ရှန်းဝမ်ယွဲ့ သည် သူ့ဦးနှောက်ထဲမှ ညစ်ပတ်သောအရာတစ်ခုကဲ့သို့ပင်။ သူသာ အဲ့ဒီအရာကို မတူးထုတ်လျှင် သူ သေလိမ့်မယ်၊ သို့ပေမဲ့ တူးထုတ်ရမည့်လုပ်ငန်းစဉ်သည် လွန်စွာအန္တရာယ်များလှသည်။ သူ့မိဘများမရှိဘဲ၊ သူ့ယုံကြည်ချက်များအား အကြာကြီးမေ့ထားနိုင်သည့် အိပ်မက်တစ်ခုနှင့်အတူ ရွမ်ကျားသည် ရှန်းဝမ်ယွဲ့ အနားမှာပင် လှည့်ပတ်နေထိုင်နေခဲ့သည်။ ထိုကဲ့သို့ ခွဲခွာရခြင်း ၏နာကျင်မှုသည် သူ့ အတွက်သည်းမခံနိုင်စရာပင်။
နာကျင်မှုကိုသက်သာစေရန် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ချင်သကဲ့သို့၊ အဆုံးသတ်ကို သူ မြင်ချင်ခဲ့သည်။
ဆေးရုံခန်းထဲ တီဗီဖွင့်ထားပြီး ရွမ်ကျားသည် ရှန်းဝမ်ယွဲ့ နှင့်ဝမ်ကျားနီ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား စေ့စေ့ကြည့်ရှုနေခဲ့သည်။
လှပသော အချစ်ဇာတ်လမ်းလေးတစ်ခု စတင်လာခဲ့သည်။
ရွမ်ကျား၏မျက်လုံးများသည်လည်း တဖြည်းဖြည်း နက်မှောင်သွားသည်။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်ရှုနေသည့် သန်းပေါင်းများစွာသော အင်တာနက်အသုံးပြုသူများသည် လှည့်စားခံရတော့မည်ဖြစ်သည်။
၎င်းတို့အားလုံးသည် ပြဇာတ်တိုများသာဖြစ်ကြသော် လည်း ကူကယ်ရာမဲ့အချစ်ဇာတ်လမ်းအတိုအထွာများကို သရုပ်ဖော်ထားသည်။
"... ငယ်စဉ်ကတည်းက ချစ်ခဲ့ကြသည့်ချစ်သူနှစ်ဦးသည် ကုမ္ပဏီ၏ပူးပေါင်းမှုအား အကြောင်းပြ၍လက်ထပ်ရန် တိုက်တွန်းခံခဲ့ရသည်။ ဇာတ်လိုက်သည် သူ့အသက်မွေးဝမ်းကြောင်းအား အာရုံစိုက်ပြီး ဘာမှဂရုမထားပဲလက် တွဲသွားခဲ့သည်..."
"...အိမ်ထောင်ရေးအမှားကိုသိလျှင်သိခြင်း ကွာရှင်းချင်ခဲ့ပေမယ့် မူလဇနီးသည်မှာ ဇာတ်လိုက်အားစွဲမြဲစွာဆုပ် ကိုင်ထားခဲ့သည်။ မူလဇနီးမယား အပေါ် ဇာတ်လိုက်၏ စိတ်ထားနူးညံ့မှုက နှစ်ပေါင်းများစွာရှုပ်ထွေးနေခဲ့ ပြီး သူ့ကိုယ်သူ အလုပ်ထဲမှာပဲစိတ်နစ်ထားခဲ့သည်။ ထိုမှမဟုတ်ရင် လျှို့ဝှက်အိမ်ထောင်ရေးအား ထိုမျှကြာကြာ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ နှစ်တွေကြာလာသည်နှင့်အမျှ ဇာတ်လိုက်၏အရည်အချင်းများကြောင့် ကုမ္ပဏီသည် ပိုကြီးမားတိုးတက်လာခဲ့ သည်။ မူလဇနီးသည်မှာမည်သည့်အားထုတ်မှုမှမရှိဘဲ ကောင်းကျိုးများစွာဖြစ်ထွန်းခဲ့သည်၊ ဘယ်လောက်ကောင်းလိုက်သလဲ ? ဇာတ်လိုက်မှ သူ့အပေါ် ဘာမှအကြွေးမတင်ခဲ့ချေ..."
"...လွန်ခဲ့သည့် လေးနှစ်လောက်ကမှ စိတ်တူကိုယ်တူ အချစ်စစ်နှင့် ဆုံတွေ့ ခဲ့ပြီး ထိုသူနှင့်အတူဘဝသစ်တစ်ခုစတင်ချင်ခဲ့သည်။ သို့ပေမဲ့ မူလဇနီးသည်သည် အာဏာကိုသုံးပြီး အချစ်စစ်ကိုမောင်းထုတ်ခဲ့သည်။ နိုင်ငံရပ်ခြားတွင် အခက်အခဲမျိုးစုံကြုံတွေ့ အောင်လုပ်ဆောင်ခဲ့ပြီး သူ့အသက်မွေးဝမ်းကြောင်းအား ဖျက်ဆီးပစ်လိုက်သည်..."
"...နောက်ဆုံးတော့ ပြန်ရောက်လာပြီးနောက် ဇာတ်လိုက်သူ့အား ကျေအေးစေအောင်ဂရုစိုက်ပေးခဲ့ပြီး၊ အချစ်ဇာတ်ခင်းရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။ သို့ပေမယ့် မူလဇနီးသည်က မယုံသင်္ကာဖြစ်ပြီး အယ်လ်ကိုဟောပါတီကိစ္စအား ပြုလုပ်ခဲ့ရုံသာမက လူအများမှ အချစ်စစ်အားရှုံ့ချစေဖို့ လှည့်ဖြားရန်နေမကောင်းချင် ယောင်ဆောင်ခဲ့သည်။ အခြေအနေများ ထိုအထိဖြစ်လာပြီးနောက် ဇာတ်လိုက်သည် နောက်ထပ်သည်းမခံတော့ရန်ဆုံးဖြတ်ခဲ့ပြီး မူလဇနီးနှင့်ကွာရှင်းကြောင်းကြေညာ ချက်ကို တရားဝင်ထုတ်ပြန်လိုက်သည်။"
သူတို့သုံးယောက်၏တကယ့်အဖြစ်အပျက်များအား မကြာသေးမီကမှစုံစမ်းထားသည့် ပရိသတ်များသည် စင် မြင့်ဖျော်ဖြေမှု၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်ခဲ့ကြသည်။ ဒါ သူတို့ စောင့်မျှော်နေခဲ့သည့် အမှန်တရားပင်။
မှတ်ချက်ကဏ္ဍမှာ ချက်ချင်း comment များဖြင့် ပေါက် ကွဲလာသည်။
"ဒီနေ့ခေတ်မှာ အချစ်မပါလို့ လမ်းခွဲတာကကြီးလေးတဲ့ ပြစ်မှုတစ်ခုလား? အနည်းဆုံးတော့ ရုပ်ရှင်ဧကရာဇ်ကတကယ်မချစ်ခဲ့ဘူးလေ"
"ငါ့ကောကို ခွင့်လွှတ်ပေးနိုင်မလား? ငါ့ကောမှာ သူ့ပျော်ရွှင်မှုကို သူ ကိုယ်တိုင်ရှာပိုင်ခွင့်ရှိတယ်လေ။"
"ငါ့အမြင်အရဆို လွန်ခဲ့တဲ့လေးနှစ်လောက်က ဝမ်ကျားနီနဲ့ ကောလာဟလသတင်းတွေကြောင့်သာမဟုတ်ရင် ငါ့ကောက သူ့အလုပ်တွေအားလုံး နှစ်ပေါင်းများစွာကြာအောင်သန့်ရှင်းနေခဲ့တာ။ အဲဒါက စစ်မှန်တဲ့အချစ်ဆိုတာကို နင် မြင်နိုင်တာပဲ။ အခု သံသယလွန်ကဲနေတဲ့ သူကြောင့်သာ သူတို့ခွဲခွာနေရတာ အရမ်းသနားဖို့ကောင်းတယ်။"
"သနားစရာအကောင်းဆုံးက မောင်းထုတ်ခံရ၊ ပစ်မှတ်ထားခံရ၊ ထိန်းချုပ်ခံခဲ့ရတဲ့ ဝမ်ကျားနီပဲ။ သူက နောက် ထပ် သနားစရာကောင်းတဲ့ လူတစ်ယောက်နဲ့သာ ချစ်မိသွားခဲ့ပြီး အထီးကျန်နှလုံးသားနှစ်ခုက တစ်ခုနဲ့တစ်ခု နီးကပ်လာခဲ့တာ။ အဲ့တာကို ရုပ်ရှင်ဧကရာဇ်ကို လက်မလွှတ်ချင်ဘဲ ဆက်ပြီးနှိပ်စက်ချင်နေတဲ့ ရွမ်ကျားပဲ"
မတူညီသည့် အမြင်များရှိကြသည့် ဘေးလူများလည်း ရှိသည်။
"အချစ်တစ်ခုကိုပြောင်းလဲဖို့က အကြောင်းပြချက်ရှိတယ်လား ?"
"မူလဇနီးကို ကိုယ်ချင်းစာမိတာ ငါ တစ်ယောက်တည်းလား ? အခု ခေတ်မှာ ဘယ်လိုမယားငယ်လောဂျစ်တွေ လွှမ်းမိုးနေတာလဲ ?"
သို့သော် များပြားလှသော comment များကြောင့် ထို ကဲ့သို့ comment များသည် လျင်မြန်စွာနှစ်မြုပ်ခံလိုက်ရသည်။ ဒါဟာ တစ်ဖက်သတ်ယူဆချက်တစ်ခုနီးပါးပင် ဖြစ်ခဲ့ရသည်။
စင်တင်ပြဇာတ်သည် လင်မယားနှစ်ယောက် ကွာရှင်းပြတ်စဲပြီး အချစ်စစ်နှင့်အတူနေထိုင်ကာ ဆိုးသွမ်းသည့်မူလဇနီးသည် သူတို့၏ကမ္ဘာမှထွက်သွားသည်နှင့် အဆုံး သတ်သွားသည်။
စင်မြင့်ဖျော်ဖြေပွဲပြီးဆုံးသွားသည့်တိုင် မှတ်ချက်ကဏ္ဍသည် comment များဖြင့် ပြည့်နှက်နေသေးသည်။
နောက်လာမည့်ပွဲကို မည်သူမှဂရုမစိုက်ဘူးဟုထင်ရသည်။
ထိုအချိန်တွင် ချင်ရန်သည် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေရင်း တကယ်ကိုတုန်လှုပ်သွားခဲ့သည်။ ရွမ်ကျား ၏အခြေအနေကို စိုးရိမ်သည့်အတွက် ရှေ့နေတစ်ယောက် ဝင်လာသည်အားတွေ့ လိုက်ရသည်နှင့် ဆေးရုံခန်းထဲသို့အမြန်ပြေးသွားခဲ့သည်။
"မစ်ရွမ်၊ မင်းကို ဒီကွာရှင်းစာချုပ်ပေးလိုက်ဖို့ မစ္စတာ ရှန်းက ကျွန်တော်တို့ကိုအပ်နှင်းထားပြီးပါပြီ။ မင်းလက် မှတ်ထိုးပေးမယ်လို့ မျှော်လင့်ပါတယ်"
ရှေ့နေက ဆေးရုံကုတင်ပေါ်မှ မိန်းကလေးအားမော့ ကြည့်ကာ ရုတ်တရက် သူ၏ပရော်ဖက်ရှင်နယ်တည်ငြိမ်မှုကို ချိုးဖျက်လိုက်မိပြီး "အာ… ဒါက ဇာတ်ညွှန်းတစ်ခုပါပဲ၊ အလေးအနက်ထားစရာမလိုပါဘူး..."ဟု လွှတ်ခနဲ ထွက်သွားသည်။
ချင်ရန်သည် ရွမ်ကျား၏အခြေအနေအားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူ့ဝိညာဉ်အား ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်သကဲ့သို့ပင်။
ဤအခိုက်အတန့်တွင် ဧည့်သည်အဖွဲ့ အသစ်ပေါ်လာသဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့်ဖန်သားပြင်သည် တုန်ခါသွားသည်။
တစ်စုံတစ်ယောက်မှ အမှောင်ထဲရောက်သွားသလိုပင် မြင်ကွင်းက ရုတ်တရက်မှောင်မည်းသွားသည်။
ရုတ်တရက်ပင် သိမ်မွေ့ နူးညံ့သောအသံတစ်ခုထွက်ပေါ် လာသည်။
"နင် ဘာလို့တက်တက်ကြွကြွနဲ့ ဆေးကုသမှုကိုမခံယူတာလဲ ? နင်က ကိုယ့်ကိုကိုယ်သတ်သေပြီး နင့်ကို နာကျင်စေတဲ့သူတွေကို အပြစ်ပေးဖို့ကြိုးစားနေတာလား ? နင် သေရမှာကိုတောင်မကြောက်ဘူးဆိုရင် နင့်ဘဝမှာ ဘာကို ကြောက်နေရဦးမှာလဲ?"
အမှောင်ထဲတွင် တစ်ယောက်တည်းဆေးရုံကုတင်ပေါ်၌ လှဲလျောင်းနေသော ကျီဖေးပေါ်သို့ အလင်းရောင်တစ်ခု ကျရောက်လာသည်။
သေခါနီးလူတစ်ယောက်ကဲ့သို့ပင် သူက "ငါ... ငါမသိဘူး" ဟု ပြန်ဖြေလိုက်သည်။
"တကယ်လို့ နင် အစကနေပြန်စဖို့ အခွင့်အရေးရခဲ့ရင် ဘာကိုရွေးချယ်မှာလဲ?" နူးညံ့သောအသံမှ ဆက်ကာပြောလာသည်။
"ဘာကိုရွေးရမှာလဲ ?" ကျီဖေး စိတ်ရှုပ်ထွေးနေခဲ့သည်။
"နင့်ကျန်းမာရေးနဲ့ သူ၊ နင် ဘယ်ဟာကိုရွေးမှာလဲ ?"
"နင့်မိဘတွေနဲ့ သူ၊ နင် ဘယ်သူ့ကိုရွေးမှာလဲ ?"
"ကမ္ဘာကျော်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာဖို့နဲ့ သူ့ကိုဆိုရင်ကော နင် ဘယ်ဟာကိုရွေးချယ်မှာလဲ ?"
"နင့်မှာ ရွေးချယ်စရာတွေအများကြီးရှိတယ် မဟုတ်ဖူးလား?"
အလင်းရောင်သည် တဖြည်းဖြည်းတောက်ပလာပြီး ကျီဖေးဖြည်းညှင်းစွာထထိုင်ကာ သူ့မျက်လုံးများထဲတွင် တောက်ပမှုများဖြင့် လင်းလက်လာသည်။ ရုတ်တရက် သူနားလည်သွားပုံရပြီး အဖြေထွက်လာသည်။
ဆေးရုံခန်းထဲတွင် မှိန်းနေသောရွမ်ကျားသည် ထိတ်လန့်သွားသည်။
ဖျော်ဖြေပွဲကိုကြည့်နေရင်း ရှန်းဝမ်ယွဲ့ ၏မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ ဓာတ်ပုံဆရာလား ?
ပုံမှန်မဟုတ်သောအဖွင့်ကြောင့် ဖြစ်ကောင်းဖြစ်နိုင် သည်၊ အာရုံစိုက်မှုနည်းနေသေးသော်လည်း တဖြည်း ဖြည်းပြန်လည်မစတင်မီ comment များ ခေတ္တရပ်သွားသည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာပင် မီးများမှိန်သွားပြီးနောက်ပြန်လင်းလာပြန်သည်။ ပါးရိုက်သံသည် ခန်းမတစ်ဝိုက်တွင် ကျယ်လောင်စွာထွက်ပေါ်လာပြီး ပရိသတ်များအား တိတ်ဆိတ်သွားစေကာ ရွမ်ကျားကိုလက်တွေ့ ဘဝသို့ပြန်လည်ရောက်ရှိစေခဲ့သည်။
"နင်က လူယုတ်မာပဲ၊ လှည့်စားနေတာတောင်မှ ဆိုးရွားနေပြီးပြီ၊ ဒါပေမဲ့ နင်ကထပ်ပြီး အလိမ်အညာတွေနဲ့ သနားစဖွယ်ဟန်ဆောင်နေသေးတယ်လား ? နင် ငါ့ဘဝကိုဖျက်ဆီးဖို့ ထိုက်တန်တယ်လို့ထင်နေတာလား ?"
ကြည့်ရတာ တစ်စုံတစ်ယောက်ကိုကြိမ်းမောင်းနေပုံရသည်...
မှတ်ချက်ကဏ္ဍမှာ commentများဖြင့် ထပ်ပြီးပေါက်ကွဲသွားပြန်သည်။