ထူးဆန်းသောခံစားချက်
Vol. 10 Ch. 137
သိပ်မကြာခင်မှာ သူတို့နှစ်ယောက်အတူ ကမ်းခြေသို့ ရောက်ရှိလာသည်။ ရွှီဖန်းသည် ရှောင်းချောင်ကို သူနှင့်အတူ ကမ်းခြေနားရှိ သန္တာကျောက်တန်းဆီသို့ ခေါ်လာခဲ့သည်။
ဂုံးကောင်ကဲ့သို့ ပင်လယ်စာအစားအစာများကို ထို သန္တာကျောက်တန်းပေါ်၌ မြင်တွေ့နိုင်ပေသည်။ ရွှီဖန်းသည် ရှောင်းချောင်ကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြကာ ဒါကိုတွေ စုရန် ကူညီပေးဖို့ တောင်းဆိုခဲ့သည်။
ထိုစကားများကိုကြားသော် ရှောင်းချောင် အံ့အားသင့်သွားရသည်။ ရွှီဖန်းက ဒီလောက် သိနေမည်ဟု မထင်ထားခဲ့ပေ။
ဂုံး၊ ကမာကောင်များနှင့် ပင်လယ်ရေမှော်တချို့ကို စုဆောင်းပြီးနောက် ရွှီဖန်းသည် သစ်လုံးတစ်ခုကို ကောက်ယူ၍ ချွန်ထက်အောင် ပြုလုပ်ခဲ့သည်။ ထို့နောက် မတ်တပ်ရပ်ကာ ပင်လယ်သို့ လျှောက်သွားရန်ပြင်လိုက်သည်။
ရှောင်းချောင်၏ ပဟေဠိဖြစ်နေသော အမူအရာကြောင့် သူ နွေးထွေးစွာ ပြုံး၍ ရှင်းပြခဲ့သည်။
"ငါး စားရအောင်"
"မလိုပါဘူး"
ရှောင်းချောင် ခေါင်းခါရမ်းလိုက်သည်။ ဒါက ဒုက္ခများလိမ့်မည်ဟု သူမခံစားရသည်။ ကမ်းစပ်ကို အဆက်မပြတ်ရိုက်ခတ်နေသည့် ရေလှိုင်းကိုကြည့်ကာ အလိုလိုနောက်ဆုတ်မိလိုက်သည်။ သူမက ကြောက်နေသည့်ပုံပင်။
ရွှီဖန်း ပြုံးလိုက်၍...
"ဘာကိုကြောက်နေတာလဲ၊ စိတ်မပူနဲ့...ဒုက္ခမရောက်စေရဘူး"
"ဒါဆိုလည်း ကောင်းပြီ"
ရှောင်းချောင်သည် သံသယစိတ်ဖြင့် ရွှီဖန်းကို ကြည့်ရင်း သူ့အမူအရာကို ကြည့်ကာ ခေါင်းညိတ်လိုက်မိသည်။
ရှောင်းချောင်သည် သူမ၏ တလက်လက်တောက်ပနေသော ခြေဖိနပ်ကို ချွတ်ကာ ကမ်းခြေပေါ်သို့ ခြေဗလာဖြင့် ဆင်းလာသည်။ သဲနုနုလေးများမှ သူမ၏ ခြေဖဝါးကို ထိနေသော ခံစားချက်က သူမကို ပြုံးရယ်စေသည်။
သူတို့နှစ်ယောက်စလုံး ပင်လယ်ကို လျှောက်သွားကြသည်။ ပင်လယ်၏ရေနွေးနွေးက သူမတို့အား လွှမ်းခြုံထားသော်လည်း သူမ စိတ်ကူးထားသလောက် ကြောက်စရာမကောင်းပေ။ သူမသည် နှလုံးလည်း ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။
ရှူး!
ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် သူ့လက်ထဲမှ သစ်လုံးကို မြှောက်၍ ရေထဲ တည့်တည့် ထိုးစိုက်ခဲ့သည်။
ရုတ်တရက် နေရာအနှံ့တွင် ရေများ ပြန့်ကျဲသွားသည်။ ရွှီဖန်း၏ သစ်လုံးကို ရေထဲမှ ပြန်ဆယ်လိုက်
သည့်အခါ ထိပ်တွင် ငါးတစ်ကောင်ကပ်နေပြီဖြစ်သည်။
"မင်း တော်တော့ တော်သားပဲ"
ထိုအချိန် ရှောင်းချောင်သည် သူမတို့က ရန်သူတွေမှန်းမေ့ကာ ရွှီဖန်းကို ချီးကျူးလာလေသည်။ ရွှီဖန်းက ပြုံးကာ ဘာမှမပြောပေ။ သူက ပင်လယ်ထဲက ငါးတွေကိုသာ အာရုံစိုက်ထားလေသည်။
ရွှီဖန်း၏ တုံ့ပြန်မှုက အလွန်မြန်ဆန်သည်။ နောက်ထပ်ငါးသုံးလေးကောင်လောက်က သစ်လုံးတွင် စိုက်လာသည်။ ဤငါးများနှင့် မတိုင်ခင်က စုထားသော ပင်လယ်စာများပေါင်းလိုက်ပါက တစ်ရက်ထက်တော့ ပိုစားရန် လုံလောက်လေပြီ။
ထို့နောက် ရွှီဖန်းသည် ငါးဆက်မမျှားတော့ပေ။ သူက ငါးများစိုက်နေသော သစ်လုံးကို ပုခုံးပေါ်တင်ရင်း ရှောင်းချောင်ကို ကျွန်းပေါ်ပြန်ခေါ်သွားရန် ပြင်လိုက်သည်။
"အား!"
ထိုအချိန် ရှောင်းချောင်သည် ရေအောက်ထဲရှိ တစ်စုံတစ်ခုကို တက်နင်းမိသည့်အလား အော်လာသည်။ သူမက ဟန်ချက်ကာ နောက်ပြန်လန်ကျတော့သည်။
ဒါကိုမြင်တော့ ရွှီဖန်းသည် သူနှင့် အတူခတ်ထားသည့်
ရှောင်းချောင်၏ လက်ကို ပြန်ဆွဲထားလိုက်သည်။ ရုတ်ချည်းပင် ရှောင်းချောင်သည် ရွှီဖန်း၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားတော့သည်။
သူမကို ထိန်းထားပေးစဥ် သူမတုန်လှုပ်နေသည်ကို ရွှီဖန်း ခံစားမိသည်။ သူမ၏ ကျောပြင်ကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေသွားပြီ...မစိုးရိမ်နဲ့တော့"
"အင်း"
ရှောင်းချောင်သည် လက်ရှိအခြေအနေကို သတိထားမိကာ ချက်ချင်းတုံ့ပြန်လာသည်။ သူမက ရွှီဖန်း၏ရင်ခွင်ထဲမှ ယုန်တစ်ကောင်လို ခုန်ထွက်လိုက်သည်။
သူမ ရွှီဖန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်၍ ပြောလိုက်သည်။
"ရွှီဖန်း အရမ်းတွေ လာဂရုမစိုက်နေနဲ့၊ မင်း အခုလိုတွေလုပ်လို့ ငါ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး"
ရွှီဖန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ဒီမိန်းမက သတိကြီးလွန်းသည်။ သူမက အမြဲတမ်း ဒီလိုပင်။ သူ့
ဘက်က စေတနာဖြင့် လုပ်ပေးရင်တောင်မှ မျက်နှာသာမပေးပေ။ ဒါ့အပြင် သူမဘက်မှ အခုလို သတိထားနေစရာ အကြောင်းမရှိပေ။
ရွှီဖန်း ပုခုံးတွန့်လိုက်ကာ တစ်ခုခု ပြန်ပြောဆိုရန် စိတ်မပါတော့ချေ။ သူ ကမ်းပေါ်သို့ ပြန်လာခဲ့သည်။
သို့သော်ငြား ဒီတစ်ကြိမ်မှာ ရှောင်းချောင်သည် နှေးကွေးနေပြီး သတိထားနေသည့်ပုံပင်။ သူမ ကြောက်နေမှန်း သိသာလှသည်။
ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း ရှောင်းချောင်း၏လက်ကို တိုက်ရိုက်ဆွဲကာ ကမ်းပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။
ရှောင်းချောင်သည် မသိစိတ်မှ အလိုလိုပင် ရွှီဖန်းကို ဆူငေါက်ချင်သော်ငြား သူ့လက်ဖဝါးမှတဆင့် ရရှိလာသော လုံခြုံသည့် ခံစားချက်ကို ခံစားမိကာ ပါးစပ်ကို ချက်ချင်း ပိတ်ထားမိသည်။
ပင်လယ်စာများကိုပါ သယ်ဆောင်ရင်း ရွှီဖန်းသည် ရှောင်းချောင်ကို ဦးဆောင်ကာ သူတို့ ဆောက်ထားသည့် ယာယီတဲရှိရာသို့ ပြန်လာခဲ့ကြသည်။
ရွှီဖန်းက အမှတ်အသားတွေ သေချာချန်ထားခဲ့တာကြောင့် ထိုနေရာသို့ မြန်မြန် ပြန်ရောက်လာခဲ့သည်။ ဂုံးကောင်နှင့် ငါးများ၏ ကလီစာများကို ရှင်းထုတ်ပြီးနောက် ၎င်းတို့အား သစ်ကိုင်းဖြင့် ထိုးလိုက်သည်။ ထို့နောက် ထင်းတွေစုကာ တဲအနားတွင် မီးဖိုသည်။ ပြီးမှသာ စ၍ ကင်တော့သည်။
အလွန်လျင်မြန်စွာပင် ပင်လယ်စာများသည် တရှူးရှူးအသံများနှင့်အတူ စွဲမက်ဖွယ်ကောင်းသော အနံ့များကို ထုတ်လွှတ်လာလေသည်။
ရှောင်းချောင်၏ အစာအိမ်ထဲမှ အော်သံကိုကြားသည့်အခါ ကင်ထားသော ပင်လယ်စာတစ်ပိုင်းအား သူမကို ပေးလိုက်သည်။
"ဒီမှာ မင်းရဲ့ အစာအိမ်ကို ဖြည့်ဖို့ စားထား၊ အရသာမှုန့်မရှိပေမယ့် ပင်လယ်စာက ဒီအတိုင်းလည်း စားလို့ အဆင်ပြေပါတယ်၊ လျှာမကျက်အောင်သာ ဂရုစိုက်စား"
ရွှီဖန်းပေးလာသည့် ပင်လယ်စာကို ရှောင်းချောင် ယူလိုက်သည်။ အစက သူမ ရှက်နေသေးသော်လည်း တစ်ကယ်ကို ဗိုက်ဆာနေခဲ့တာကြောင့် ဘာမှ မစဥ်းစားတော့ဘဲ စတင် စားသောက်လေသည်။
အထူးသဖြင့် ဤပင်လယ်စာများသည် အရသာမရှိသော်ငြား ဗိုက်ဆာနေသောကြောင့် အလွန်စားလို့ ကောင်းပေသည်။ အလွန်လျင်မြန်စွာပင် ကင်ထားသည့် ပင်လယ်စာများအားလုံးကို သူတို့ စားသောက်ခဲ့ကြသည်။
ယခုလို ရိုးရှင်းသော ပင်လယ်စာများကို စားဖူးသည်မှာ ရှောင်းချောင်၏ဘဝတွင် ပထမဆုံးဖြစ်ပြီး အခုတစ်ကြိမ်က သူမစားဖူးသမျှထဲမှာ အကောင်းဆုံးပင်လယ်စာပင်။ သူမသည် လောဘကြီးသော ကြောင်လေးကဲ့သို့ လက်ချောင်းတွေကိုပင် လျက်နေခဲ့သည်။
ရွှီဖန်း မပြုံးဘဲ မနေနိုင်တော့ချေ။ ရှောင်းချောင်က ရွှီဖန်းကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လာသည်။
"ဘာရယ်တာလဲ"
"ရှောင်းချောင် မထွက်သွားတော့ဘဲ ဒီမှာပဲ နေကြမလား"
"ဘာ"
ရှောင်းချောင် အံ့အားသင့်သွားတော့သည်။
ရွှီဖန်းက ကျွန်းကနေ အမြန်ထွက်ပြေးပြီး ဆေးဝါးထုတ်လုပ်ချင်နေရမှာ မဟုတ်ဘူးလား။ ဘာလို့ ငါနဲ့ ဒီကျွန်းမှာ အတူ နေဖို့ လာပြောနေတာလဲ။
"ပြောရရင် ဒီလိုခမ်းနားပြီးလှပတဲ့ကျွန်းလေးမှာ မင်းနဲ့အတူ အရှက်မရှိ နေထိုင်ရတာကလည်း တစ်ကယ်ကို ကောင်းသားပဲ"
ရွှီဖန်းက သူ့မေးစေ့ကိုကိုင်ကာ ခေါင်းတညိတ်ညိတ်လုပ်နေသည်။
"ငါ့ရဲ့ခွန်အားနဲ့ နိုင်ငံတစ်ခု တည်ထောင်ဖို့က ပြဿနာမရှိဘူးလေ၊ ဟုတ်တယ်မလား"
"လူညစ်ပတ်ကောင်!"
ရွှီဖန်းက ဘွင်းဘွင်းရှင်းရှင်းပြောလာတာကြောင့် ရှောင်းချောင်မှာ သူ့ကို စိုက်ကြည့်နေမိသည်။
ရွှီဖန်းက ပျင်းရိစွာပင် သူ့ပုခုံးကိုတွန့်လိုက်မိသည်။ ညစာစားပြီးတဲ့အချိန်လေး သူမကို စရုံပါပဲ။
တဲကိုဆောက်လိုက်၊ စားစရာရှာလိုက်၊ ညစာအတွက်ချက်လိုက် လုပ်နေခဲ့တာကြောင့် အချိန်က ညနေစောင်းနေလေပြီ။ သူတို့မြင်လိုက်ရသည်က မိုးကုတ်စက်ဝိုင်းထဲ ဝင်နေသည့် နေမင်းကြီးကိုပင်။
ကြယ်တွေပြည့်နေသော ကောင်းကင်ကြီးက အစားထိုးလာမည်ဟု ထင်ထားခဲ့သည့် ရွှီဖန်းနှင့် ရှောင်းချောင်မှာ ရောက်လာသည့် ရာသီဥတုကို သတိထားမိသွားသည်။ တိမ်များက ကောင်းကင်ကို ဖုံးလွှမ်းလာလေသည်။
ဂျိမ်း!
ညကောင်းကင်ယံ၌ မိုးခြိမ်းသံများထွက်ပေါ်လာကာ လျပ်စီးများ လက်လာသည်။ တခဏအတွင်းမှာပင် ပဲစေ့အရွယ် မိုးရေစက်များက ကျိုးမှ ပြတ်ကျလာသည့် ပုလဲလုံးလေးများကဲ့သို့ ကျလာတော့သည်။
ထိုအချိန် လေပြင်းများကလည်း စတင်တိုက်ခိုက်လာသည်။ ကျွန်းတစ်ခုလုံးက မထင်မှတ်လောက်အောင် အလွန်ကြောက်စရာကောင်းလာခဲ့သည်။
ရွှီဖန်းသည် ဖြူဖျော့နေသည့် ရှောင်းချောင်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။
"ရှောင်းချောင် မင်း ကြောက်နေပြီလား"
"ဘယ်သူလဲ ဘယ်သူက ကြောက်လို့လဲ!"
ရှောင်းချောင်က သူမ၏ ခန္ဓာကိုယ်ကို မတ်ရင်း ယုံကြည်ချက်ရှိသလို အော်ပြောလာသည်။ သို့သော် သူမမျက်လုံးထဲမှ ကြောက်ရွံ့မှုများကိုတော့ မဖုံးကွယ်ထားနိုင်ပေ။
"ဟမ့်! ငါအိပ်ပြီ ရွှီဖန်း၊ မင်းကို သတိပေးထားမယ်၊ ငါ့ကို တစ်ခုခုလုပ်ရဲလို့ကတော့ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
*******************