ခိုးစားသူ
Vol. 10 Ch. 141
ရွှီဖန်းက တွန့်တိုသည့်လူမဟုတ်ပေ။ ဟုန်ဖေးနှင့် ချင်းလန်အား သူ့ကြက်ကိုသာ စားခွင့်ပြုမည်မဟုတ်ချေ။ သူ နေ့လည်စာကျွေးမည်ဟု ဆိုထားခဲ့တာကြောင့် မီနူးကိုယူကာ တခြားဟင်းလျာများကိုလည်း ထပ်မှာခဲ့သည်။
ရွှီဖန်း၏ ပါးနပ်မှုကြောင့် ချင်းလန်လည်း ပို၍ အမြင်ကောင်းလာသည်။ ဒီလူက သူ့ကိုယ်သူ ဘယ်လို ပြုမူရမလည်း ကောင်းစွာ သိပုံရသည်။ မကြာမီ ရွှီဖန်း မှာယူခဲ့သော ဟင်းလျာများ ရောက်လာသည်။
ဟုန်ဖေးက ထိုအရာများကို စား၍ မရတာကြောင့် ရွှီဖန်းနှင့် ချင်းလန်လည်း စတင်စားသောက်ရန် အားနာနေခဲ့သည်။ ဒီလိုဖြင့် သုံးယောက်သား စကားပြောရင်း အချိန်တွေ ကုန်လာလေသည်။
အချိန်ကြာမြင့်စွာ စောင့်ပြီးနောက်မှာ ရွှီဖန်းသည် စိတ်မရှုပ်ဘဲ မနေနိုင်တော့ချေ။ မာစတာဝမ်က ဘာလို့ ငါ့ကြက်ကို မချက်နိုင်သေးတာလဲ။
"အစ်မလန် ဘာလို့ ကျွန်တော့်ကြက်သားဟင်းက အခုထိ မရောက်သေးတာလဲ"
"ဟုတ်ပ! ချင်းလန် ဒီက စားဖိုမှူးတွေက မလုံလောက်ဘူးပဲ"
ဟုန်ဖေးကလည်း သူ့ဗိုက်ကိုပွတ်ကာ သဘောတူလာသည်။ သူ အရမ်း တောင့်တနေရတာ ကြာလှရှိလေပြီ။ ထပ်ပြီး မစောင့်နိုင်တော့ချေ။ နှစ်ယောက်လုံး၏ စိုးရိမ်ပူပန်မှုများကြောင့် ချင်းလန်လည်း မျက်မှောင်ကြုတ်လာသည်။
အပြင်ဘက်မှာ လူတအားကျနေတာ သူမ သိပေသည်။ မာစတာဝမ်က အလုပ်များနေခဲ့ပြီး အခုမှ ကြက်သားကို စချက်နေတုန်း ဖြစ်နိုင်သည်။
"ကျွန်မတို့ သွားကြည့်ကြမလား"
လောလောဆယ် သူမက ဤနှစ်ယောက်ကို ဧည့်ခံနေရတာကြောင့် ဒီအခန်း၌ အလိုအပ်ဆုံးဟင်းပွဲကို အရင် ပြင်ပေးသင့်ပေသည်။ ချင်းလန်သည် ခဏတာ စဥ်းစားပြီးနောက် သွားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ချင်းလန်သည် ရှူရှိုက်လိုက်မိပြီး မေးလိုက်သည်။
"ဘာလို့ အရမ်းမွှေးနေတာလဲ"
လက်ရှိအချိန် ဟွားမန်ရှင်း၏ဟိုတယ်အတွင်း၌ မွှေးကြိုင်သော ရနံ့တစ်ခုက လေထုကို လွှမ်းခြုံထားလေသည်။ ထိုအနံ့ကို ရှူလိုက်သောအခါတွင် ချင်းလန်သည် သူမ ဗိုက်ပိုဆာလာကြောင်း သတိထားမိခဲ့သည်။
ချင်းလန်၏ သိချင်နေသော အမူအရာကို မြင်သည့်
အခါ ရွှီဖန်းမှာ ရယ်မိမလို ခံစားခဲ့ရသည်။ သူ့ကြက်၏ အစွမ်းက မဆိုးသည့်ပုံပင်။
"အစ်မလန် အနံ့ခံနေတာ ရပ်ပြီး သွားကြရအောင်"
ရွှီဖန်း၏ တိုက်တွန်းမှုအောက်တွင် ချင်းလန်လည်း သူ့ကို စားဖိုဆောင်သို့ ခေါ်သွားခဲ့သည်။ သူတို့နှစ်ယောက် မာစတာဝမ်၏ အနားကို ရောက်သည့်အခါ ချင်းလန်၏ အမူအရာက မဲမှောင်သွားတော့သည်။
မာစတာဝမ်သည် တူတစ်ချောင်းဖြင့် ဟင်းခွက်ထဲမှ ခိုးကြောင်ခိုးဝှက် စားနေသည်ကို တွေ့လိုက်ရသည်။ စားဖိုမှူးများအတွက် အစားအစာကို ခိုးစားခြင်းက တာမြစ်ထားသည့် အချက်ပင်။ ဒီကိစ္စသာ ပြန့်သွားလျှင် တခြားလူများကပါ အာရုံစိုက်လာကြလိမ့်မည်။
"မာစတာဝမ် ဘာလုပ်နေတာလဲ"
သူမရောက်လာသည်အထိကို ဆက်စားနေတာမြင်သည့်အခါ ချင်းလန်သည် အလွန် ဒေါသထွက်သွားပြီး ချက်ချင်း ဆူငေါက်လိုက်တော့သည်။
"သူ သူဌေး ဒီကို ဘယ်လိုလုပ် ရောက် ရောက်လာ"
ဘေးမှ ထိုအသံထွက်လာသည့်အခါ မာစတာဝမ်
လက်ထဲမှ တူသည် ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။ သူ ချက်ချင်းပင် ပျာယာခပ်သွားတော့သည်။
'သွားပြီ၊ ငါ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး'
ဟု တွေးနေမိသည်။
ရွှီဖန်းက ချင်းလန်ကဲ့သို့ စိတ်မဆိုးနေပေ။ သူ့အမြင်မှာတော့ မာစတာဝမ် ခိုးစားတာက ကျိုးကြောင်းဆီလျော်ပေသည်။ အကြောင်းအရင်းက သူယူလာသည့် ကြက်သားကြောင့်ပင်။
သူ့မျက်လုံးတွေကို ကျဥ်းမြောင်းကာ ပြုံး၍ မေးမိသည်။
"မာစတာဝမ် ကြက်သားအရသာ ဘယ်လိုနေလဲ"
မာစတာဝမ်က တွေးတောင်မတွေးဘဲ ခေါင်းညိတ်လာသည်။
"ညီလေး မင်းရဲ့ကြက်က တော်တော်ထူးဆန်းတာပဲ၊ အရသာ အရမ်းကောင်းလွန်းတယ်၊ ငါ စားဖိုမှူးအဖြစ် ဆယ်စုနှစ်ကြာ အလုပ်လုပ်ခဲ့ပေမယ့် ဒီလိုအရသာမျိုးကို ပထမဆုံး မြည်းစမ်းဖူးတာပဲ"
မာစတာဝမ်မှာ ရှက်ရွံ့နေမိသည်။ စားဖိုမှူးတစ်ယောက်အနေဖြင့် သူ့မှာလည်း ကိုယ်ပိုင်မူတွေ ရှိပေသည်။ နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်နေခဲ့စဥ်၌ ဖောက်သည်၏ အစားအစာများကို တစ်ခါမျှ မခိုးစားခဲ့ဖူးချေ။
သို့သော် ရွှီဖန်း၏ကြက်ဖြင့် ချက်ထားသော ဟင်းလျာသည် အလွန်မွှေးကာ စိတ်မထိန်းနိုင်တော့ဘဲ တစ်
ကိုက်ခိုးစားမိခဲ့သည်။ ပထမတစ်ကိုက် စားပြီးနောက်မှာ သူ လုံးဝမရပ်နိုင်ခဲ့ပေ။ ဟင်းခွက်ထဲမှ သုံးပုံတစ်ပုံကို စားမိလိုက်ပေသည်။
"သူဌေး ဒီကိစ္စမှာ ငါမှားတာပါ၊ အလုပ်ထုတ်မယ်ဆို ထုတ်လိုက်ပါ၊ သူဌေး ဆန္ဒရှိသလို လုပ်ပါ"
ယခု အမှားလုပ်မိသွားသည့်အခါ မာစတာဝမ်သည် ခွင့်လွှတ်မှု မတောင်းဆိုဘဲ ရိုးရိုးသားသားတောင်းပန်ကာ သူ့လုပ်ရပ်သူ တာဝန်အပြည့် ယူလေသည်။
ချင်းလန်သည် သူမလက်အား သာမန်ကာလျှံကာ ခါယမ်းလိုက်သည်။
"ကျွန်မတို့က အပြင်လူတွေ မဟုတ်တော့ ဒီတစ်ကြိမ်ကိုတော့ ထားလိုက်မယ်၊ မေ့လိုက်ပါတော့၊ နောက်တစ်ကြိမ် ထပ်လုပ်ခွင့်မရှိဘူး ဆိုတာကိုပဲ သတိရပေးပါ"
သူမ ထိုကိစ္စကို အာရုံမစိုက်တော့ပေ။
ယခု သူမက ကြက်သားဟင်းပွဲရှေ့မှာ ရှိနေတာကြောင့် မွှေးရနံ့က ပို၍ ပြင်းထန်လာသည်။ အခန်းထဲ၌ ရွှီဖန်း ပြောတုန်းကလည်း အလေးအနက်ရှိသည်ကို သူမသတိထားမိပေသည်။ မာစတာဝမ်ပင် မခိုးစား၍ မနေနိုင်အောင် ဖြစ်စေခဲ့သည်။ ချင်းလန်သည် ဤအံ့သြဖွယ်ရာ ကြက်သားကို မြည်းစမ်းချင်ရုံမှတပါး ကျန်တာ မစဥ်းစားချင်တော့ပေ။
"ကြက်သားဟင်းကို အခန်းထဲ ပို့လိုက်"
ချင်းလန်သည် စားဖိုဆောင်မှာပဲ ကြက်သားဟင်းကို မြည်းကြည့်ချင်နေသည်။ သို့သော်ငြား အရသာက သူမအကြိုက်မဟုတ်မည်ကို စိုးရိမ်ကာ အရင်ဆုံး ဟင်းပွဲကို အခန်းထဲ ပို့ခိုင်းခဲ့သည်။
"ရွှီဖန်း ဘယ်လိုဖြစ်တာလဲ"
အခန်းထဲပြန်ရောက်ပြီးနောက် ချင်းလန်သည် တူကောက်ကိုင်၍ မမေးဘဲ မနေနိုင်တော့ချေ။ ရွှီဖန်းက လျို့ဝှက်ဆန်းကြယ်သလိုမျိုး သရုပ်ဆောင်နေသည်။
"အစ်မလန် မြည်းပြီးရင်သိပါလိမ့်မယ်"
"............"
ချင်းလန်သည် သူမနှုတ်ခမ်းကို စုဝိုင်း၍ ကြက်သားတစ်ဖက်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ သူမပါးစပ်ထဲသို့ ကြက်သားရောက်လာသည့်အချိန် တစ်ခုခုမှားနေပြီမှန်း သိလိုက်ရသည်။ ကြက်သား၏ အရသာက ကောင်းနေသည့်အပြင် လတ်ဆတ်သော ရနံ့ကပါ ရှိနေသေး၏။
ချင်းလန် စိတ်ရှုပ်ထွေးနေသော်ငြား ကြက်သားက အရသာရှိလွန်းတာတော့ အမှန်ပင်။ နောက်ထပ် ကြက်သားတစ်တုံးကို ပါးစပ်ထည့်မိခြင်းကို မထိန်းနိုင်ခဲ့ပေ။
အရသာရှိလွန်းတယ်!
ချင်းလန်သည် မိန်းကလေးလို ပြုမူစားသောက်ရန်ပင် ဂရုမစိုက်နိုင်တော့ချေ။ သူမ နောက်ထပ် ထပ်စားကာ ကြက်သားဟင်းအရည်ကိုပါ သောက်ခဲ့သေး၏။
ခဏကြာ ကြက်သားတစ်ပန်းကန်လုံး ကုန်သွားပေမယ့် ချင်းလန်ကတော့ မဝသေးချေ။ သူမ ဗိုက်ကိုထိ၍ မကောင်းတာ လုပ်မိပြီဟု တွေးနေမိပေသည်။ ကြက်သားအများကြီးစား၍ ကိုယ်အလေးချိန်တက်လာမည်ကို တွေးတာနှင့်ပင် ခေါင်းကိုက်ချင်လာသည်။
"အာ..ချင်းလန် မင်းရဲ့အရှိန်က..."
ဘေးမှာ ထိုင်နေသည့် ဟုန်ဖေးမှာ ကူကယ်ရာမဲ့စွာဖြင့် ချင်းလန်ကိုသာ ပြုံးပြနေရ၏။ ကြက်သားက ဘယ်လောက်တောင်မှ အရသာရှိ၍ ချင်းလန်က ရူးသွပ်စွာ ပြုမူနေရသည်ကို သူသိချင်နေမိသည်။
သူ စိတ်ဓာတ်ကျနေမိသည်။ အလွန်စိတ်ဓာတ်ကျရပေသည်။ သူ့ခဗျာ တူတွေကိုတောင် မထိရသေးပေ။
"အာ...တောင်းပန်ပါတယ်"
ဘေးနားမှာ ထိုင်နေကြသည့် ရွှီဖန်းနှင့် ဟုန်ဖေးကိုကြည့်ကာ ချင်းလန်၏ မျက်နှာသည် နီရဲသွားတော့သည်။ ထိုလူများက သူမ စားသောက်သည့်ပုံစံကို ရယ်နေကြမှာ အသေအချာပင်။
"ရွှီဖန်း ကျွန်မကို မြန်မြန်ပြောပြပါ၊ ကြက်က ဘယ်လိုဖြစ်တာလဲ"
နေရခက်မိသော်ငြား အရေးကြီးဆုံးအရာသည် ရွှီဖန်းကြက်၏ နောက်ကွယ်မှ လျို့ဝှက်ချက်ကို သိရှိရန်ပင်ဖြစ်သည်။
ရွှီဖန်း ပြုံးလိုက်ကာ...
"အစ်မလန် ကျွန်တော့်ဘက်က ဒီကြက်တွေကို များများထုတ်ပေးနိုင်တယ်ဆိုတာကိုပဲ သိထားဖို့ လိုအပ်ပါတယ်"
"ဒီကြက်တွေရဲ့ စီးပွားဖြစ်တန်ဖိုးကိုတော့ အစ်မလန် သိမယ်လို့ မျှော်လင့်ပါတယ်"
ဒါကိုကြားတော့ ချင်းလန် ခေါင်းညိတ်လိုက်သည်။ သူမအတွက် မွေးမြူရေးလျို့ဝှက်ချက်များကို ဖော်ထုတ်ရန် အမှန်ပင် အဆင်မပြေချေ။ ဤကြက်
အမျိုးအစားများ၏ တန်ဖိုးအရ ဟင်းပွဲအသစ်ဖြင့် ရောင်းချလျှင် စီးပွားရေး အကျိုးအမြတ် ပိုရရှိလာမှာ ကျိန်းသေပေသည်။
ဒေါက် ဒေါက် ဒေါက်
ထိုအချိန် တံခါးခေါက်သံက ထွက်လာသည်။ ချင်းလန်က တုံ့ပြန်သံပေးလိုက်သည့်အခါ ဧည့်မန်နေဂျာက အထဲဝင်လာသည်။
"ဘာဖြစ်လို့လဲ"
"သူဌေး အပြင်က ဖောက်သည်တွေက ဒီအခန်းထဲ ယူသွားတဲ့ဟင်းလျာကို မေးနေကြတယ်၊ သူတို့က မြည်းစမ်းကြည့်ဖို့ မှာချင်နေကြတယ်"
ချင်းလန်သည် ထိုစကားများကို ကြားသည့်အခါ ပြုံးလိုက်မိသည်။ သူမ၏အမြင်၌ ရွှီဖန်းက ပို၍ ဆွဲဆောင်မှု ရှိလာပေသည်။
**********************