ရေလုပ်ငန်းသူဌေးကြီး
Vol. 11 Ch. 151
"ရွှီဖန်း ဘာဖြစ်လို့ ရောက်လာတာလဲ"
ရွှီဖန်းက လာမည်ဟု ကြိုမပြောထားတာကြောင့် ချင်းလန်သည် ပဟေဠိအမူအရာဖြင့် ကြည့်နေမိသည်။
"ကျွန်တော် အစ်မနဲ့ ဆွေးနွေးစရာရှိလို့ လာခဲ့တာ၊
ဒါက..."
ရွှီဖန်း၏ အကြည့်က စားပွဲရှိ လူစိမ်းဆီ ကျရောက်သွားခဲ့သည်။ ဟုန်ဖေးက ပြုံး၍ မိတ်ဆက်ပေးလာသည်။
"ရွှီဖန်း သူကလည်း မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လို့ ပြောလို့ရတယ်၊ လာ...မိတ်ဆက်ပေးပါရစေ၊ သူက ငါတို့ခရိုင်မှာ နာမည်ကြီးတဲ့ ရေလုပ်ငန်းသူဌေးကြီး ကျန်းကျင့်ယင်၊ CEOကျန်းတဲ့"
ကျန်းကျင့်ယင်အကြောင်းပြောရလျှင် ထိုသူသည် ခရိုင်တွင် ထင်ရှားကျော်ကြားသူဟု ယူဆ၍ရပေသည်။ ငါးကန်ငယ်လေးတစ်ခုကနေ စတင်ခဲ့ပြီး ရေထွက်ပစ္စည်းဘုရင်အဖြစ် သူ၏လက်ရှိလုပ်ငန်းကို ထူထောင်နိုင်ခဲ့သည်။
သူ့တွင် အထူးမွေးမြူသည့် လျို့ဝှက်နည်းရှိကာ ရေလုပ်ငန်းမှ မွေးမြူထားသော ရေထွက်ပစ္စည်းအားလုံးသည် အရသာရှိပေသည်။ ဟုတ်၏။ ဈေးနှုန်းကလည်း မသက်သာပေ။
ဤတစ်ကြိမ်တွင် ကျန်းကျင့်ယင်ဘက်မှ ဟွားမန်ရှင်းနှင့် ပူးပေါင်းလိုကြောင်း အကြောင်းလာတာကြောင့် ဟုန်ဖေးသည် ကျန်းကျင့်ယင်အား သူနှင့်အတူ ခေါ်လာခဲ့ခြင်းဖြစ်သည်။
ကြည့်ရပုံကတော့ စီးပွားရေးအကြောင်းက အခုထိ မပြောဆိုရသေးသည့်ပုံပင်။ ဘာကြောင့်မှန်းမသိသော်ငြား ကျန်းကျင့်ယင်မှ ချင်းလန်ကို ကြည့်သည့်
အကြည့်က အနည်းငယ်ထူးဆန်းနေသည်ဟု ရွှီဖန်းခံစားနေရသည်။
သူ့မျက်လုံးများက ချင်းလန်ကို သူနှင့်အတူခေါ်ဆောင်သွားလိုသည့် ဆန္ဒများပြည့်နေသည်။ ကျန်းကျင့်ယင်က ချင်းလန်ကို စိတ်ဝင်စားမှု ရှိနေပုံပင်။
"ရွှီဖန်း ထိုင်လေ"
ထိုအချိန် ချင်းလန်က ရွှီဖန်းအား သူမဘေးမှာ ထိုင်ခိုင်းသည်ကို အားလုံးတွေ့လိုက်ရသည်။ ရွှီဖန်းလည်း ခေါင်းညိတ်၍ သူမဘေးမှာ ဝင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်၏ ရင်းနှီးသော အပြုအမူကြောင့် ကျန်းကျင့်ယင်တစ်ယောက် အနည်းငယ် စိတ်မကြည်ဖြစ်သွားသည်ကို ဘယ်သူမှ မသိလိုက်ပေ။
"သူဌေးချင်း အလုပ်ကိစ္စပြောမယ့်ဟာ အပြင်လူကို ဒီမှာ ထိုင်ခိုင်းတာ မသင့်လျော်ဘူးမလား"
ကျန်းကျင့်ယင်၏ စကားများက ရွှီဖန်းကို မနှစ်သက်ကြောင့် သိသာနေတာကြောင့် အခန်းထဲရှိလေထုက အဆင်မပြေဖြစ်လာသည်။ ဟုန်ဖေး၊ ချင်းလန်နှင့် ရွှီဖန်းသည် အလွန်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်ကို သိထားရပေမည်။
"သူဌေးကျန်း သူက ငါ့ညီလေးပါ၊ သူက ချင်းလန်နဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အပြင်လူလို့ သတ်မှတ်လို့မရဘူး"
ချင်းခန်ကလည်း ကျန်းကျင့်ယင်၏ မောက်မာသော သဘောထားကို မကြိုက်တာကြောင့် မျက်မှောင်ကြုတ်၍ ဝင်ပြောလာသည်။
"ဟုတ်ပါတယ်၊ ရွှီဖန်းက ဟွားမန်ရှင်းရဲ့ စားသောက်ကုန်ထောက်ပံ့ပေးသူတစ်ယောက်ပဲ၊ သူနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကလည်း အရမ်းကောင်းတာမလို့ အပြင်လူအဖြစ် သတ်မှတ်လို့မရဘူး၊ ဒီမှာ ဘာပြဿနာမှ မရှိပါဘူး"
ကျန်းကျင့်ယင်သည် ဒါကို ကြားသည့်အခါ သူ့နှာခေါင်းအား မိုးပေါ်ပျံထွက်လုမတတ် နှာမှုတ်လာသည်။ သူက မကျေမနပ်ဖြစ်နေသေးသည့်ပုံပင်။ သို့သော်ငြား နှစ်ယောက်စလုံးက ပြောလာသည့်အခါမှာတော့ သူ ဆက်၍ပြုမူနေလျှင် မကောင်းတော့ပေ။
"သူဌေးချင်းလည်း အစားအသောက်လုပ်ငန်းမှာ နေတဲ့လူဖြစ်လို့ စားနပ်ရိက္ခာထောက်ပံ့ရေး အရေးကြီးမှုကို နားလည်မယ်ထင်တယ်"
"အင်း...ကျွန်မ နားလည်ပါတယ်"
ချင်းလန်ခေါင်းညိတ်၍ ရွှီဖန်းကို ကြည့်လိုက်မိသည်။ ဟွားမန်ရှင်းအား သူတစ်ယောက်တည်းဖြင့် တွန်းတင်ပေးနိုင်ခဲ့သည်။
"ကျွန်မတို့ဆီမှာ ရေထွက်ပစ္စည်းတွေ တိုးမြှင့်ဖို့တော့ လိုအပ်နေသေးတယ်၊ သူဌေးကျန်းက ကျွန်မတို့နဲ့ ပူးပေါင်းမယ်ဆိုရင် အလွန်ဝမ်းသာမိမှာပဲ"
"ဒါပေါ့ အချင်းချင်းစိတ်ကျေနပ်စေမယ်ဆိုရင်ပေါ့"
ရွှီဖန်းထောက်ပံ့သည့် စားသောက်ကုန်များ၌ ရေထွက်ပစ္စည်းမရှိပေ။ ဒါကြောင့် ဟွားမန်ရှင်း၌ ရေထွက်ပစ္စည်းများအတွက် ဟင်းပွဲများထည့်ရန် များစွာ လိုအပ်နေသေးသည်။
ကျန်းကျင့်ယင်၏ရေလုပ်ငန်းနှင့် ပူးပေါင်းနိုင်ပါက ဟွားမန်ရှင်းအတွက် ပိုကောင်းလိမ့်မည်ဟု သူမထင်သည်။
ရွှီဖန်းမှာ ထိုစကားများကို ကြားသည့်အခါ အံ့သြခြင်းကို မထိန်းလိုက်နိုင်ပေ။ ဒီနေ့ သူရောက်လာသည့်ကိစ္စကလည်း ချင်းလန်နှင့် ရေထွက်ပစ္စည်းလုပ်ငန်းဆွေးနွေးရန် ဖြစ်သည်။
"အာ...အစ်မလန် ကျွန်တော် ဒီကို လာရတဲ့အကြောင်းအရင်းကလည်း ဒါပြောဖို့ပဲ"
"ဘာကို"
ချင်းလန်သည် ခဏတာ အံ့သြသွားရင်း ရွှီဖန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။
"ရွှီဖန်း မနောက်နဲ့တော့၊ ကျွန်မတို့ လုပ်ငန်းကိစ္စဆွေးနွေးနေတာ"
သေချာတွေးကြည့်ပြီးနောက် ချင်းလန် သဘောပေါက်သွားတော့သည်။ ကျန်းကျင့်ယင်ဘက်မှ ရွှီဖန်းအား ရန်လိုခဲ့တာကြောင့် သူလည်း စိတ်မကျေမနပ်ဖြစ်ကာ ပြန်ပြီး ရန်စလိုခြင်းပင်။ ချင်းလန်သည် ရွှီဖန်းအား မရှုပ်တော့ရန် မျက်စောင်းအသာထိုးလိုက်သည်။
ရွှီဖန်းသည် ရေလုပ်ငန်း၌ ကျွမ်းကျင်သည်ဆိုတာမျိုး သူမ မကြားခဲ့ဖူးပေ။ ချင်းလန်က ဒါကို တခြားလူတွေထက် ပိုသိပေသည်။ ပြန်ရန်စရန် ကြိုးစားနေတာကလွဲ မဖြစ်နိုင်ပေ။
"ဟမ့် ဟုတ်တယ်လေ၊ ညီလေး ငါးမွေးမြူတာက မလွယ်ဘူးနော်၊ ကြက်တွေကို မွေးတာနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးတာလောက် မရိုးရှင်းဘူး"
ထိုအချိန် ကျန်းကျင့်ယင်က မကျေမနပ်ဖြစ်စွာ 'ဟမ့်' ကနဲ အသံပြုလာသည်။ သူက မာနကြီးနေခြင်းမဟုတ်ပေ။ ခရိုင်၌ ဘယ်သူတစ်ဦးကမှ သူ့ထက်ပိုပြီး ရေလုပ်ငန်း၌ ကျွမ်းကျင်ပါသည်ဟု မပြောရဲပေ။
ရွှီဖန်းသည် မျက်မှောင်ကြုတ်မိခြင်းကို မထိန်းနိုင်လိုက်ပေ။
"အဲ့ဒါက ခက်လို့လား၊ မြက်ပင်နည်းနည်း ကျွေးပြီး မွေးရုံပဲ မဟုတ်ဘူးလား"
ထောင်လွှားနေသော ကျန်းကျင့်ယင်အား ရွှီဖန်းဂရုမစိုက်ချေ။ ချင်းလန်အား လေးလေးနက်နက်ကြည့်ကာ ပြောလိုက်သည်။
"အစ်မလန် ကျွန်တော် မလိမ်ဘူး၊ ဒီနေ့ ငါးနှစ်ကောင်တောင် ယူလာခဲ့သေးတယ်"
"ရွှီဖန်း"
ချင်းလန်မှာ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ရွှီဖန်းက အကြောင်းပြချက်ရေရေရာရာမရှိဘဲ ရန်ပွဲကို စနေ၏။ သူမ ခေါင်းကို ခါယမ်း၍ ပြောမိသည်။
"ငြိမ်ငြိမ်လေး ထိုင်ပေးလို့ရမလား"
".............."
ရွှီဖန်းလည်း ကူကယ်ရာမဲ့တာပင်။ သူ တစ်ကယ် လေးလေးနက်နက်ပြောခဲ့သော်လည်း ကျန်းကျင့်ယင်ကို ဆန့်ကျင်နေသည်ဟု ချင်းလန်က အထင်လွဲနေ၏။ သူ သက်သက်ပြဿနာရှာနေတာဟုပင် ထင်နေသေး၏။
သူဘာပြောပြော ယုံမှာ မဟုတ်တာကြောင့် သူလည်း ရှင်းပြရမှာ ပျင်းရိနေသည်။ မာစတာဝမ်က သူ့ငါးဟင်းကိုယူလာသည်နှင့် သူထပ်၍ ရှင်းပြရန် လိုတော့မည် မဟုတ်ချေ။
ထိုအချိန် ကျန်းကျင့်ယင်က ရွှီဖန်းအား ရယ်စရာကောင်းသော အမူအရာဖြင့် ကြည့်နေသည်။
"မိတ်ဆွေလေး မင်းက ငါးနှစ်ကောင်လေးသယ်လာပြီး ငါ့လုပ်ငန်းကို ခိုးယူချင်နေတာလား၊ ငါ့ရဲ့ ရေလုပ်ငန်းကနေ ငါးတွေ သောင်းနှင့်ချီပြီး ရောင်းနေရတာကို သိလား"
"ငါ ကျန်းကျင့်ယင်ရောင်းတဲ့ ငါးတွေက တခြားငါးတွေထက် အရသာပိုကောင်းတာ အများကြီး လိုက်ပြောပြနေစရာတောင်မလိုဘူး၊ ဒါကြောင့်ပဲ ငါက ရေလုပ်ငန်းသူဌေးကြီးဆိုတဲ့ အမည် ရလာတာ"
ထို့နောက် ကျန်းကျင့်ယင်က နှာမှုတ်၍ ပြောလာသည်။
"မင်းက အရင်က ငါးမမွေးဖူးတော့လည်း ဒါတွေကို သိပါ့မလား၊ မေ့လိုက်တော့...ဒီနေ့ ငါလည်း ငါးတချို့ကို ယူလာခဲ့တယ်၊ စားဖိုဆောင်ကို ချက်ဖို့ ပြောထားပြီးပြီ၊ နောက်ပြီးမှ မင်းကို အရသာရှိတဲ့ဟင်းခွက်ကျွေးမယ်"
ကျန်းကျင့်ယင်၏ မောက်မာလှသော အသွင်အပြင်အား ကြည့်၍ ရယ်စရာကောင်းသည်ဟု ရွှီဖန်းခံစားရသည်။ လူတစ်ယောက်၏ လုပ်သက်ကို ဤနေရာ၌ ဖိနှိပ်ရန် လာအသုံးချနေ၏။
ကောင်းပြီ၊ သူမွေးမြူထားတဲ့ငါးနဲ့ ငါမွေးမြူထားတဲ့ ငါးကြားမှာ ဘယ်ငါးက ပိုပြီးအရသာကောင်းလဲဆိုတာ ခဏကြာရင် သိရလိမ့်မယ်...
ရွှီဖန်းက အခုမှ ဝင်လာပြီး ထမင်းမစားရသေးတာ သတိရမိတော့ ချင်းလန်၏ အသံက နူးညံ့လာသည်။
"ရွှီဖန်း အစ်မကို မကြည်မဖြူတော့ မဖြစ်သွားပါဘူးနော် ဟုတ်တယ်မလား"
"ဒီကိစ္စမှာ မင်း နည်းနည်းတော့ မရင့်မကျက်လုပ်မိသွားတယ်၊ တွေးကြည့်နော် အစ်မတို့ ဆိုင်ခွဲဖွင့်ရင် ဟင်းပွဲအသစ်တွေ ထပ်ထည့်ဖို့ လိုလာမှာပဲလေ"
"အရမ်းကြီး မာနမထားနေပါနဲ့နော်၊ ကျန်းကျင့်ယင်ရဲ့ရေလုပ်ငန်းက အစ်မတို့ခရိုင်မှာ အကောင်းဆုံးဖြစ်ပြီး သူ့ဆီက ငါးတွေက သာမန်ငါးတွေထက် ပိုကောင်းတယ်၊ နောက်ပြီးမှပဲ သူ့ကို တောင်းပန်ဖို့ အစ်မခေါ်သွားပေးမယ်"
*****************