← Chapters

ငါး၏ အမှန်တရား

Vol. 11 Ch. 153

ငါး၏ အမှန်တရား

Vol. 11 Ch. 153

သူမ ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။ 

"မလိုတော့ဘူး သူဌေးကျန်း၊ ရှင့်ဘက်က ငါးတွေကို အလကား ထောက်ပံ့ပေးရင်တောင်မှ ကျွန်မ ရှင်နဲ့ ပူးပေါင်းမှာမဟုတ်ဘူး"

ပြောရင်းဖြင့် သူမဘေးမှ ရွှီဖန်းကို ချင်းလန် မော့ကြည့်လိုက်သည်။ လက်ရှိ ဟွားမန်ရှင်းအတွက် ရွှီဖန်းမရှိလို့ မဖြစ်ပေ။ ရွှီဖန်း၏ အကူအညီက ငါးများရရှိခြင်းထက် ပိုကြီးပေသည်။ 

ဟွားမန်ရှင်းကို တိုးချဲ့ရန်အတွက်လေးဖြင့် ကျန်းကျင့်ယင်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ရွှီဖန်းကို ဘေးဖယ်ထားမိပါက ယုံကြည်မှုကို သစ္စာဖောက်သည်နှင့် မကွာခြားတော့ပေ။ 

သူမ ပိုက်ဆံနည်းနည်းပဲရှာနိုင်ရင်တောင်မှ ယခုလိုလုပ်လိုက်တာက သူမအတွက် ခံစားရတာ ပိုကောင်းပေသည်။ 

"ချင်းလန် အတည်ပြောနေတာလား"

ချင်းလန်က ပြန်ရုတ်သိမ်းချင်ပုံမရတာကြောင့် ကျန်းကျင့်ယင်၏မျက်နှာက ပျက်ယွင်းသွားသည်။ သူက ရွှီဖန်းအား အထင်အမြင်သေးစွာဖြင့် ကြည့်၍ ပြောလာသည်။ 

"မင်းက ငါနဲ့အလုပ်မလုပ်ဘဲ ဒီအမှိုက်နဲ့ပဲ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တယ်ပေါ့"

ချင်းလန်သည် ကျန်းကျင့်ယင်အား အေးစက်စွာ ကြည့်၍ ပြောလာသည်။

"ကျန်းကျင့်ယင် စကားပြောတာ သတိထားပါ၊ ရွှီဖန်းက အမှိုက်မဟုတ်ဘူး"

"ကောင်းပြီ သိပ်ကောင်းတယ်! မင်းက ငါနဲ့ မပူးပေါင်းဘူး ဟုတ်လား၊ ရတယ်လေ၊ ငါ့မှာ အရမ်းကောင်းတဲ့ ငါးတွေ ရှိပြီးသားပဲ ၊ ငါနဲ့ အတူ အလုပ်လုပ်ချင်တဲ့ လူတွေ ပေါလွန်းလို့ ဘာမှ စိုးရိမ်စရာမရှိဘူး၊ အဲ့ဒီအချိန်ကျ မင်းရဲ့ စားသောက်ဆိုင် ပိတ်ဖို့သာ ပြင်ထား"

ကျန်းကျင့်ယင်သည် စားပွဲခုံအား ဒေါသတကြီးရိုက်၍ ချင်းလန်နှင့် ရွှီဖန်းကို လက်ညှိုးထိုး၍ အော်ဆဲကာ တံခါးဆီ လျှောက်သွားတော့သည်။ 

ဒေါက် ဒေါက် ဒေါက်

ထိုအခိုက် တံခါးခေါက်သံကြောင့် ကျန်းကျင့်ယင်၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

ထို့နောက် ဧည့်မန်နေဂျာက အထဲဝင်လာ၍ ရွှီဖန်းကို ကြည့်ကာ တောင်းပန်စကား ဆိုလာသည်။

"သူဌေးရွှီ ကျန်တဲ့ကြက်နဲ့ဘဲကို ချက်ဖို့အတွက်တော့ အနည်းငယ် ကြာပါလိမ့်မယ်၊ စားဖိုမှူးတွေက အလုပ်တော်တော်ရှုပ်နေကြတာ၊ သူဌေးတို့နှစ်ယောက် ငါးဟင်းတွေကိုပဲ အရင်စားထားလို့ရမလား၊ ခဏနေရင် လာပို့ပေးပါ့မယ်"

"ဘာ"

ဧည့်မန်နေဂျာ၏စကားများက အခန်းတွင်းရှိလူများ၏ ဦးနှောက်ထဲသို့ လျပ်စီးအလား ဝင်ရောက်သွားခဲ့သည်။ အကုန်လုံး အံ့သြသွားကြသည်။ 

ချင်းလန်သည် စားပွဲပေါ်ရှိ ငါးဟင်းများကို သံသယဖြစ်စွာ ကြည့်ရင်း ဧည့်မန်နေဂျာကို မော့ကြည့်ကာ မေးလိုက်သည်။

"ယန်ယန် ဘာပြောလိုက်တာလဲ၊ ဒီ ဒီငါးက ငါ ခုနက ချက်ဖို့ ပေးလိုက်တဲ့ငါး မဟုတ်ဘူးလား"

သူဌေးဖြစ်သူ၏ ထူးဆန်းသည့်အမူအရာကြောင့် ဧည့်မန်နေဂျာသည် အားလျော့စွာ ပြန်ဖြေလိုက်သည်။

"အာ...သူဌေးချင်း အစကတော့ ဒီသူဌေးကျန်းပေးတဲ့ ငါးကို အရင်ချက်မလို့ပါပဲ၊ ဒါပေမယ့် သူဌေးရွှီလည်း ရောက်လာရော သူဌေးရွှီရဲ့ဟာတွေကို အရင်ချက်ပေးဖို့ ပြောလိုက်တာ"

ချင်းလန်နှင့် ရွှီဖန်း၏ ဆက်ဆံရေးက အလွန်ကောင်းသည်ကို စားသောက်ဆိုင်တစ်ခုလုံး သိကြသည်။ ရွှီဖန်းမှာ ဟင်းပွဲမြန်မြန်လုပ်ပြီး အခန်းထဲလာပို့ရန် ပြောခဲ့သည့်အခါ ဧည့်မန်နေဂျာလည်း မငြင်းရဲခဲ့ပေ။ 

ဒါကြောင့် စားဖိုဆောင်ကို အမြန်ပြေးပြီး ကျန်းကျင့်ယင်၏ ငါးအစား ရွှီဖန်း၏ ငါးဖြင့် ချက်ရန် ညွှန်ကြားခဲ့သည်။

ဧည့်မန်နေဂျာ၏အမြင်၌ အရေးကြီးသည့်အရာများကိုအရင်လုပ်ရမည်ဖြစ်ကာ သူမ၏လုပ်ရပ်က ဒီမှာ ရှုပ်ထွေးစေခဲ့သည်ကို မသိပေ။ ဤကိစ္စကြောင့် ချင်းလန်မှာ လှည့်စားခံရပြီး လတ်မှတ်ရေးထိုးလုနီးပါးပင်။

ချင်းလန်မှာ ဧည့်မန်နေဂျာအား မျက်လုံးလှိမ့်ပြ၍...

"ယန် အရင်ထွက်သွားတော့၊ ငါ ထွက်လာမှ နင်နဲ့ရှင်းမယ်"

"အိုး"

ဧည့်မန်နေဂျာလည်း ရင်တုန်ပန်တုန်ဖြင့် သီးသန့်ခန်းထဲမှ ထွက်သွားလေသည်။ 

ကျန်းကျင့်ယင်သည် အခန်းထဲမှ မထွက်ခွာရသေးတာကြောင့် သူ့နဖူးကို ကျုံ့လိုက်မိသည်။ သူ့စိတ်၌ မထင်မှတ်ထားသော အတွေးက ပေါ်လာသည်။ 

နောက်ဆုံးမှာ ချင်းလန်နှင့် ဟုန်ဖေးတို့ အတောမသတ်အောင် ချီးကျူးခဲ့သော ငါးများက သူမွေးမြူထားသည့် ငါးများ မဟုတ်နေပေ။ မျက်နှာအား ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ကျန်းကျင့်ယင်သည် သူ့မျက်နှာတစ်ခုလုံး ပူလောင်လာသည်ကို ခံစားလိုက်ရသည်။ 

သူ ရွှီဖန်းအား ကြည့်၍ မယုံနိုင်သလို ခံစားနေရသည်။ ဒီကောင့်ငါးက ဘာကြောင့် အခုလို ချီးမြှောက်ခြင်းကို ရရှိနိုင်မည်နည်း။ 

"မဖြစ်နိုင်ဘူး"

ကျန်းကျင့်ယင်သည် မယုံနိုင်တာကြောင့် စားပွဲဆီသို့ ပြန်ပြေးကာ တူကို ကောက်ယူ၍ မြည်းကြည့်လိုက်

သည်။ သို့သော်ငြား သူ့ပါးစပ်ထဲသို့ ငါးအသားရောက်လာသည့်အခါ မျက်နှာ ဖြူဖျော့သွားတော့သည်။ သူမယုံနိုင်စွာပင် ခေါင်းခါယမ်းကာ...

"မဖြစ်နိုင်ဘူး၊ ဒီကောင့်မှာ ငါ့ဖော်မြူလာတွေ မရှိဘဲ ဘယ်လိုလုပ် အရသာရှိတဲ့ငါးတွေ မွေးမြူနိုင်မှာလဲ၊ မဖြစ်နိုင်တာ"

ကျန်းကျင့်ယင်သည် နောက်ထပ်အလုပ်အနည်းငယ်ကို ထပ်စားလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ထိတ်လန့်ဖွယ်ကောင်းသည့် အတွေးက ရောက်လာသည်။

ဒီကောင် မွေးမြူထားခဲ့သည့် ငါးက သူ့ငါးတွေထက်တောင် အရသာပိုရှိနေ၏။ 

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ကျန်းကျင့်ယင်သည် ဤအမှန်တရားကို လက်မခံနိုင်ချေ။ ရေနေသတ္တဝါများကို နှစ်ပေါင်းများစွာ မွေးမြူခဲ့ဖူးသော်လည်း အဆုံးမှာတော့ တောရွာမှ လူကိုတောင် မယှဥ်နိုင်ခဲ့ပေ။

"ကောင်လေး မင်းမှာ ဘာလှည့်ကွက်တွေ ရှိနေတာလဲ"

ကျန်းကျင့်ယင်သည် ရွှီဖန်းအား လက်ညှိုးထိုးရင်း အံကိုကြိတ်ကာ ဆဲဆိုနေသည်။ ထိုလူ၏ ဒေါသထွက်နေသော အကြည့်ကြောင့် ရွှီဖန်း ရယ်လိုက်မိသည်။ သူ ခေါင်းအသာခါယမ်းကာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီးတော့ ခင်ဗျားရဲ့အတွေးတွေက မများလွန်းဘူးလား၊ ခင်ဗျားထက် သာသွားတိုင်း လှည့်ကွက်တွေ လုပ်တယ်ဆိုပြီး ပြောလို့ရရောလား၊ ဒီလို စိတ်ကူးယဥ်ဆန်တာတွေက အန္တရာယ်များတယ်နော်"

"မင်း!"

ကျန်းကျင့်ယင်၏ မျက်နှာက နီရဲနေသည်။ ရွှီဖန်းလို ကလေးသာသာဆီက ရှုံးနိမ့်ရခြင်းက အင်မတန်ရှက်ရွံ့ဖွယ်ကောင်းပေသည်။ သူ ရွှီဖန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေမိသည်။ ဒီအခန်းထဲမှာ နေစရာ အကြောင်းမရှိတော့တာကြောင့် ဆဲဆိုကာ အခန်းထဲမှ ထွက်လာခဲ့သည်။ 

ကျန်းကျင့်ယင်ပိတ်သွားသောတံခါးကို ကြည့်ရင်း ရွှီဖန်းသည် ပုခုံးတွန့်မိရုံကလွဲ ဘာမှ လုပ်နိုင်တာမရှိခဲ့ပေ။ ဒီအဖြစ်အပျက်က တော်တော် ရယ်စရာကောင်းပေသည်။ အခုဆိုလျှင် ကျန်းကျင့်ယင်ငါးနှင့် သူ့ငါးကြားမှ ကွာခြားချက်ကိုလည်း ဖြေရှင်းပြီးပြီဖြစ်လေပြီ။ 

ကျန်းကျင့်ယင်သည် သူ့ငါးမှ အနိုင်ယူနိုင်မည်ဆိုတာကို သေချာပါက ဤကဲ့သို့ အလျင်အမြန်ထွက်ပြေးသွားမည် မဟုတ်ချေ။ 

"ရွှီဖန်း"

ထိုအချိန် ချင်းလန်က မယုံနိုင်စွာ ကြည့်လာသည်။ စားပွဲပေါ်မှ ငါးဟင်းတွေကို လက်ညှိုးထိုး၍...

"ဒီငါးတွေအားလုံးကို တစ်ကယ်ပဲ ရှင်မွေးထားတာလား"

ချင်းလန် အံ့သြနေမိတာ မမှားပေ။ ရွှီဖန်းက ငါးမွေးမြူနိုင်သည်ကို သူမ မသိခဲ့ပေ။ ယခုဆိုလျှင် ရေလုပ်ငန်းသူဌေးကြီးကျန်းကျင့်ယင်ကိုပါ ကျော်တက်နိုင်သွားသည်ဆိုတာက အံ့အားသင့်စရာပင်။ 

ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။

"အစ်မလန် ဘယ်လိုထင်လို့လဲ၊ ကျွန်တော်က တခြားလူရဲ့ငါးကို ယူလာပြီး လှည့်စားမယ်ထင်လို့လား"

"ပြီးတော့ တခြားလူတွေအနေနဲ့ ဒီလို အရသာမျိုးရအောင် ငါးတွေကို မွေးမြူနိုင်မယ်လို့ ထင်လား"

ရွှီဖန်းက ငါးကို မွေးမြူဖူးသူ မဟုတ်သော်လည်း Bidens bipinnataကျွေးပြီးနောက်မှာ ငါး၏အသားက လတ်ဆတ်ကာ အရသာရှိလာသည်။ ချင်းလန်မှာ ရယ်ရခက် ငိုရခက်ပင်။ တစ်ကယ်တော့ ကျန်းကျင့်ယင်၏ငါးတွေတောင်မှ ဤငါးများကို မယှဥ်နိုင်ခဲ့ပေ။ ရွှီဖန်းမှလွဲ၍ ဤကဲ့သို့ အရသာမျိုးရှိသည့် ငါးတွေကို မွေးမြူနိုင်မည့်လူ ရှိမည်မဟုတ်ပေ။ 

"ရွှီဖန်း ဘယ်လိုလုပ်လိုက်တာလဲ"

"ဟဲဟဲ ဒါကတော့ လျို့ဝှက်ချက်ပါ"

ရွှီဖန်းသည် လျို့ဝှက်ဆန်းကြယ်သလိုသာ ပြုမူခဲ့သည်။ Bidens bipinnataအပင်များကို ကျွေး၍ ငါးတွေကို မွေးမြူလိမ့်မည်ဟု ချင်းလန်ထင်ထားမည်မဟုတ်ချေ။

*******************

All Chapters