← Chapters

ငါကြိုက်တာ ယူမယ်

Vol. 7 Ch. 602

ငါကြိုက်တာ ယူမယ်

Vol. 7 Ch. 602

ပိုင်ရှောင်ချန်း၏ ပြောင်းလဲမှုများကို သတိထားမိသူများမှာ တောင်ပေါ်တွင် မရှိသလောက်နည်းသည်။ လူအများစုမှာ ပိုင်ချီက တောင်ထိပ်ရှိ နောက်ဆုံးအချုပ်အနှောင်မန္တန်အား ကျော်ဖြတ်နေသည်ကို မနာလိုစိတ်များ၊ စိတ်ပျက်မှုများနှင့် အခြားမရေမတွက်နိုင်သော ခံစားချက်ပေါင်းစုံဖြင့် ဝိုင်းကြည့်နေကြသည်။

" လုံးဝ မျှတမှုမရှိပါလား "

" ဟုတ်တယ်။ ပိုင်ချီက အခုလက်ရှိသူ့အခြေအနေထက် ပိုစွမ်းနေရင်တောင် တောင်ထိပ်ကို ဒီလောက်လွယ်လွယ်နဲ့ ရောက်စရာအကြောင်းမရှိဘူး။ သူ့ဟာသူ အခြေခိုင်မာခြင်းမဟာစက်ဝန်းအဆင့်ထဲမကလို့ ဘယ်ကိုရောက်နေနေ ငါဂရုမစိုက်ဘူးဟေ့။ "

"ဟွန်း။ ငါသူ့ကို တချိန်လုံး စောင့်ကြည့်နေတာ။ ငါ့အမြင်ကတော့ သူက အချုပ်အနှောင်မန္တန်တွေ အနားကို မရောက်ခင်ကထဲက ဘာလုပ်ရမလဲဆိုတာကို ကြိုသိနေတာကွ။ သူ့အတွက် လွယ်လွန်းနေတာ။ "

" အမယ်လေး။ ဖြစ်ရပ်မှန်ကို မင်းတို့ကမသိကြဘူးလား။ ပိုင်လဲ့တောင် ကြိုးစားလို့လား ကြည့်လိုက်လေ။ ဘိုးဘွားပိုင်နယ်မြေကို ပိုင်ချီအတွက် သက်သက်ဖွင့်ပေးတာ အသိအသာကြီး။ ခေါင်းဆောင်တွေက နတ်ဝိညာဥ်ကို သူ့ကိုပေးဖို့ ဆုံးဖြတ်ထားပြီးသား။ အဲဒါမှ သူက နတ်သားရဲဝိညာဥ်ငါးခုနဲ့လဲပြီး သူ့ကိုယ်ပိုင် ယင်ယန်ဝိညာဥ်ကို တည်ဆောက်နိုင်မှာလေ "

သွေးနှောမျိုးဆက်မှ လူများအားလုံးမှာ ဒေါသထွက်နေကြပြီး ပင်မသွေးမျိုးဆက်မှလူများကမူ ကျေနပ်နေကြသည်။ သူတို့ သဘောမကျသည့် စကားများ ပြောနေကြသူများကိုပင် အပြစ်တင်ရှုတ်ချနေသေးသည်။

" ပိုင်ချီက ငါတို့မျိုးနွယ်စုရဲ့ သားရတနာလေ။ သူ နတ်ဝိညာဥ်ကိုရတာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အမိန့်တော်အတိုင်းပဲကွ "

တောင်ပေါ်တွင် အမျိုးမျိုးသော စကားသံများ ပေါ်ထွက်လာတော့သည်။ ထိုစဥ် အပြင်ဘက်ရှိလူများမှာလည်း အတွေးအမျိုးမျိုး၊ ခံစားချက်အမျိုးမျိုးဖြင့် လုံးထွေးနေကြတော့သည်။

အပြင်ဘက်ရှိ မည်သူကမှ ပိုင်ရှောင်ချန်းကို သတိမထားမိပေ။ ပိုင်ချီမှာ ဘိုးဘွားပိုင်နယ်မြေထဲတွင် အဓိကအာရုံစိုက်စရာကြီးတစ်ခုဖြစ်နေပြီး တဟုန်းဟုန်းလောင်ကျွမ်းနေသည့် နေလုံးကြီးတစ်လုံးကဲ့သို့ လူတိုင်း၏ အာရုံများကို ဖမ်းစားထားသည်။

သူက အချုပ်အနှောင်မန္တန်ကို ဖျက်စီးနေစဥ်တွင် ကျောက်တုံးတံခါးနားတွင် ဆွေးနွေးသံများကို ကြားလိုက်ရသည်။

" အဲဒီတော့ နတ်ဝိညာဥ်က ပိုင်ချီလက်ထဲ ရောက်သွားတော့မှာပေါ့ "

" သူပဲ ရမယ်ထင်တယ်။ ငါတို့မှ ဘာမှ ဝင်ပြောလို့ မရပဲ။ "

" ဒါ သေချာကြိုစီစဥ်ထားတာပဲနေမှာ။ သူ့ကိုတစ်ယောက်မှတောင်မယှဥ်နိုင်ဘူး။ ဒါပေမဲ့လည်း ပိုင်ချီက ဘယ်သူနဲ့မှ အဆင့်မတူဘူးကွ "

ထိုအကြောင်းများကို လူအများ ဆွေးနွေးနေကြစဥ် မျိုးနွယ်စုအကြီးများ၏ မျက်နှာများမှာ အမူအရာကင်းမဲ့နေသည်။ ဤသို့ဖြစ်လာမည်ကို သူတို့က ကြိုသိထားသည်မဟူတ်ပါလော။ တရားစီရင်ရေးရာခန်းမနှင့် အမှန်တရားခန်းမ တို့မှ မဟာအကြီးအကဲများပင်လျှင် အမူအရာမပြောင်းလဲပေ။

ခေါင်းဆောင်ကြီးကိုယ်တိုင်ချမှတ်သည့် ဆုံးဖြတ်ချက်ကို မည်သူမှ စောဒကမတက်နိုင်သည့်အပြင် ပိုင်ချီမှာ လက်ရှိမျိုးဆက်ထဲတွင် ထိပ်ဆုံးသို့ ရောက်နေသည့်လူမဟုတ်ပါလော။

သခင်မချိုင်မှာ စိတ်အလှုပ်ရှားဆုံးဖြစ်နေသည်။ သူမသည် စိတ်လှုပ်ရှားလွန်းနေသဖြင့် အသားများပင်တုန်ရီနေပြီး ဖန်သားပြင်ပေါ်ရှိပိုင်ချီ၏ ပုံရိပ်ကိုကြည့်ကာ အသက်ကိုပင် မနဲရှူနေရသည်။

" ငါ့ရဲ့ချီအာလေးက တကယ့်ကို ပိုင်မျိုးနွယ်စုရဲ့ သားရတနာလေးပဲ။ "

သူမကတွေးလိုက်သည်။

" အဲဒီနတ်ဝိညာဥ်ဆိုတာ သူ့အတွက်ပဲ။ ခွေးမသားပိုင်ဟောက်ကများ ငါ့ချီအာနဲ့ ယှဥ်ဖို့ကြိုးစားရဲသေးတယ်။ ဘယ်သူက သူ့ကိုအခွင့်အရေးပေးလို့လဲ။ အရာအားလုံးကို ချီအာအတွက် ပြင်ဆင်ထားတာ။ ငါတို့က သူ့ရဲ့စမ်းသပ်ချက်မှတ်စုတွေကို ယူပြီး သူ့ကိုသတ်ဖို့အစီအစဥ်ဆွဲရုံပဲ ဆွဲခဲ့တာလေ ။ ဒါတောင် ငါတို့ကို ပြန်အာခံရဲတယ် "

" ပိုင်ဟောက်ရေ နင်စောင့်နေပေတော့။ ငါ့ရဲ့ ချီအာ အဲဒီနတ်ဝိညာဥ်ကို ရတာနဲ့ နင်သေချာပေါက် အသက်ထွက်စေရမယ်။ ခွေးမသား "

သခင်မချိုင်မှာ ကျေနပ်နေသည့် လေသံဖြင့် အော်ရယ်လိုက်တော့သည်။

မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာမှာလည်း ပုံမှန်လို တင်းမာမနေတော့ပေ။ နေရောင်ခြည်အောက်ရှိ သူ၏ ပြုံးနေသော မျက်နှာကိုကြည့်လိုက်ပါက သူ၏အမူအရာမှာ နွေးထွေးပျော်ရွှင်စွာနှင့် ဂုဏ်ယူနေသည်ကို မြင်နိုင်သည်။

သို့သော် ပိုင်ချီက အချုပ်အနှောင်မန္တန်ကို ဖောက်ထွက်ရန်ပြင်နေချိန်တွင် ဘိုးဘွားပိုင်နယ်မြေအပြင်ဘက်ရှိလူများမှာ ပိုင်ရှောင်ချန်းထံမှ ကြောက်မက်ဖွယ်စွမ်းအင်များ ထွက်ပေါ်လာနေသည်ကို သတိထားမိလိုက်သည်။

ထိုစွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ဖော်ပြ၍မရနိုင်လောက်အောင် အင်အားကြီးမားလွန်းနေသဖြင့် ဖန်သားပြင်မှာ တွန့်လိမ်သွားရတော့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား ထိုစွမ်းအင်က နှောင့်ယှက်နေသည်ကို သိလိုက်သဖြင့် မျိုးနွယ်စုဝင်အများစု၏ မျက်နှာများပေါ်တွင် အံ့အားသင့်နေသည့် အမူအရာများပေါ်ထွက်လာတော့သည်။

" ဒါ "

" ပိုင်ဟောက် ပါလား "

" ဘာတွေတုံး။ ပိုင်ဟောက်က ဘာတွေဖြစ်နေတာတုံး " နောက်ထပ်လူများစွာမှာလည်း မျက်လုံးများပြူးကုန်ကြတော့သည်။ မျိုးနွယ်စုအကြီးအကဲများမှာ တုန်လှုပ်နေကြပြီး သခင်မချိုင်နှင့် မျိုးနွယ်စုခေါင်းဆောင်သည်လည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းရှိရာဘက်ကို အလိုအလျောက်လှည့်ကြည့်လိုက်ကြတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ခေါင်းကိုနောက်ပစ်ကာ ရယ်မောလိုက်သည်။ ထို့နောက် သူက မမလေးငါး ကိုကြည့်ကာ ဆိုလိုက်လေသည်။

" ကောင်းပါပြီ မမလေးငါးရေ။ ခင်ဗျားလေးက အားလုံးကိုတောင်းဆိုနေမှတော့ ကျုပ်လည်း အရဲစွန့်ပြီး ယူပေးရတာပေါ့။ "

သူသည် ထိုမိန်းမပျိုလေးမှာ နူးညံ့သိမ်မွေ့သည်ဟု ထင်နေခဲ့ပါသော်လည်း ယခုမှသာ သူမသည် အလွန်မာကျောခက်ထန်ကာ သူထင်ထားသည်ထက် အရေထူကြောင်းကို သိလိုက်ရသည်။

တောင်ပေါ်ရှိပစ္စည်းများအားလုံးကိုသာ သူကယူလိုက်ပြီး သူမကိုပေးလိုက်ပါက ထားစရာနေရာရှိမည်မဟုတ်ပေ။ သူမက ထိုအချက်ကိုသိပါသော်လည်း သူမ၏ဆန္ဒကို ယုံကြည်မှုအပြည့်ဖြင့် ဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းက သူမ၏ဆန္ဒကို မငြင်းဆန်ရန် ဆုံးဖြတ်လိုက်သည်။

သူက ရယ်မောနေစဥ် သူ၏ဆံပင်ရှည်များမှာ လေထဲတွင် ယိမ်းခါနေပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ရုတ်တရက် လျင်မြန်စွာ မြင့်တက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် အစောပိုင်း အခြေခိုင်မာခြင်းအဆင့်မှ အလယ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် မဟာစက်ဝန်းအဆင့်ထိသို့ ရောက်သွားတော့သည်။ တစ်ခဏအတွင်း သူက ကမ္ဘာ ကြီးကိုပင် တုန်လှုပ်သွားစေနိုင်သည့် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အသွင် ပြောင်းလဲသွားတော့သည်။

သူ၏ဘေးတွင် လေပြင်းများ တိုက်ခတ်နေပြီး ဘိုးဘွားပိုင်နယ်မြေကြီးတစ်ခုလုံး တုန်ရီသွားကာ ကောင်းကင်ထဲထက်ဝယ် လျှပ်စီးများလက်နေတော့သည်။ တောင်ပေါ်ရှိ မျိုးနွယ်စုဝင်အားလုံးမှာ အလွန်အမင်းတုန်ရီနေကြပြီး အလန့်တကြား အော်ဟစ်ကုန်တော့သည်။

" ဒါ ဒါ ဒါ "

" ဘုရားရေ၊ ဘာတွေဖြစ်နေကြတာတုံး "

သူတို့သာ ထိုသို့ဖြစ်နေကြသည် မဟုတ်ပေ။ ပိုင်လဲ့မှာ သူတို့ထက်ပင် တုန်လှုပ်နေပြီး မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားနေရတော့သည်။ သူ၏မျက်နှာမှာ လုံးဝဖြူဆုတ်နေပြီး နောက်သို့ဒယိမ်းဒယိုင်ဆုတ်ခွာသွားကာ အသားများတဆတ်တဆတ် တုန်နေရတော့သည်။ သူသည် ဖြစ်ပျက်နေသည်များနှင့် နီးကပ်လွန်းနေသည့်အတွက် ပိုင်ဟောက်မှာ လှိုင်းတံပိုးများရိုက်ခတ်နေသည့် သမုဒ္ဒရာကြီးတစ်စင်းက လှေကလေးတစ်စင်းကို ခါယမ်းနေသည့်အလား သူ့ကိုလွှမ်းမိုးနေသည်ဟု ခံစားလိုက်ရသည်။ ဖြစ်ပျက်နေသည်များကို သူကသေသေချာချာ မသုံးသပ် နားမလည်နိုင်တော့ပဲ ဤလောကကြီးထဲမှ ပျောက်ကွယ်သွားတော့မည့်အလား ခံစားနေရတော့သည်။

" သူ၊ သူဒီလောက် စွမ်းအားကြီးတာ ငါ့ဖြင့်မယုံနိုင်ဘူး "

ပိုင်လဲ့၏ အသိစိတ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီဖြစ်ပြီး တစ်ကိုယ်လုံး ချွေးများရွှဲနေတော့သည်။

မမလေးငါးမှာ အသက်ရှူသံများမြန်လာတော့သည်။ ပိုင်ဟောက်မှာ သူ၏ကျင့်ကြံခြင်းအခြေခံ အစစ်အမှန်အား ဖုံးကွယ်ထားကြောင်းကို သူမက ရိပ်မိလိုက်ပြီဖြစ်ပြီး သူမ၏ မျက်စိရှေ့တည့်တည့်တွင် ဤကဲ့သို့ စွမ်းအင်အဆင့်ဆင့် မြင့်တက်သွားသည်ကိုကြည့်၍ သူမ၏မျက်လုံးများမှာ တောက်ပစွာလင်းလက်လာတော့သည်။

တစ်ခဏလေးအတွင်း ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ ကြောက်မက်ဖွယ်ကောင်းသည့် အမြုတေအဆင့်မဟာစက်ဝန်းအထိ ရောက်ရှိသွားတော့သည်။

ထို့နောက် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်လုနီးနီးအဆင့်ထိ မြင့်တက်သွားပြန်သည်။

သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံကြောင့် ပိုင်ဟောက်မှာ တန်ခိုးရှင် မိစ္ဆာတစ်ကောင်နှင့်တူနေပြီး သူ၏မျက်ဝန်းများမှာလည်း ကြယ်စင်များကဲ့သို့လင်းလက်ကာ သူ၏အပြင်ခန္ဓာကိုယ်စွမ်းအားမှာလည်း တရိပ်ရိပ်မြင့်တက်လာသည်။ သူသည် ပိန်ပါးပါးခန္ဓာကိုယ်နှင့် အသားအရည်ဝင်းလက်သော မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားပါသော်လည်း နတ်နဂါးတစ်ကောင်၏ စွမ်းအင်များကို ပိုင်ဆိုင်ထားသည့်ပုံစံ ပေါ်နေသည်။

ထို့နောက် သူကရယ်မောရင်း ညာဘက်ခြေထောက်ကို မြှောက်လိုက်သည်။ ပိုင်ဟောက်၏ ကြေကွဲဝမ်းနည်းဖွယ်ကံကြမ္မာကြီးကြောင့် သူ၏စိတ်နှလုံးထဲတွင် ကြီးထွားနေခဲ့ရသည့် ဆိုးရွားလှသော ခံစားချက်များကို ဖြေလျှော့ရန် အချိန်ရောက်လာပြီဖြစ်သည်။ ပိုင်မျိုးနွယ်စု တစ်ခုလုံးပေါ်တွင်ထားရှိသည့် သူ၏မကျေနပ်မှုများမှာ မီးတောင်တစ်လုံးအလား ပေါက်ကွဲထွက်လာတော့မည်ဖြစ်သည်။

ထို့ကြောင့် သူကတွေဝေမနေပဲ သူ၏ခြေထောက်ကို ဘိုးဘေးတောင်၏မျက်နှာပြင်ပေါ်သို့ ဆောင့်ချလိုက်တော့သည်။

ထိုအခါ ကောင်းကင်ဘုံမှမိုးကြိုးပစ်ချလိုက်သည့်အလား မိုးခြိမ်းသံကြီးမှာ ချက်ချင်းပင်လေထုထဲတွင် ပြည့်နှက်သွားတော့သည်။ တောင်ကြီးတစ်တောင်လုံးမှာ တုန်ရီစပြုလာသဖြင့် ထိုအပေါ်တွင်ရပ်နေကြသည့် မျိုးနွယ်စုဝင်အားလုံးထံမှ အလန့်တကြားအော်ဟစ်သံများ ထွက်လာကြတော့သည်။

ပိုင်ရှောင်ချန်းသည် သူ၏ကျင့်ကြံခြင်းအခြေခံသာမက သူ့ကိုယ်ပွားသုံးခု၏ စွမ်းအင်အပြည့်ဖြင့် ခြေဆောင့်ချလိုက်သည်။ ထိုစွမ်းအားမှာ အမြုတေအဆင့်ကို ကျော်လွန်နေပြီဖြစ်ပြီး တောင်တစ်တောင်လုံးကို ခါယမ်းပစ်နိုင်လောက်အောင် စွမ်းအားကြီးမားနေသည်။

ထို့အပြင် ထာဝရအသက်ရှည်နည်း ကျင့်စဥ်မှာပါသော တတိယအဆင့်၏ မဟာစက်ဝန်းထဲတွင်ရောက်နေပြီဖြစ်သည့် သူ၏အပြင်ခန္ဓာကိုယ်စွမ်းအားလည်း ပါသေးသည်။ သူသည် တတိယအချုပ်အနှောင်နှင့် ထိစပ်နေနိုင်သည့် အဆင့်အထိရောက်နေပြီဖြစ်ရာ သူ၏အင်အားများမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားနေပြီဖြစ်သည်။

ပိုင်မျိုးနွယ်စုထဲတွင် သူမျိုသိပ်ခဲ့ရသည့် စိတ်ခံစားချက်ပေါင်းစုံကို ဤခြေဆောင့်ချက်ကြီးထဲတွင် ထည့်သွင်းလိုက်သည်ဖြစ်ရာ ဘိုးဘေးတောင်ကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး အက်ကွဲကြောင်းကြီး တစ်ခုပေါ်ထွက်လာတော့သည်။

ထိုအခါ အက်ကွဲသံများပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းတွင် ထိုအက်ကွဲကြောင်းကြီးမှာ တောင်ကြီးတစ်တောင်လုံးသို့ ပျံ့နှံ့သွားတော့သည်။ တောင်၏ အစိတ်အပိုင်းတော်တော်များများဆိုလျှင် ပြိုလဲစပင်ပြုလာပြီဖြစ်သည်။

တောင်ပေါ်ရှိ မျိုးနွယ်စုဝင်များအတွက်မူ ကမ္ဘာပျက်သည့်အလား ဖြစ်နေတော့သည်။ အော်ဟစ်ငိုယိုသံများ နေရာအနှံ့ ကြားနေရပြီး တချိန်ထဲမှာပင် မရေမတွက်နိုင်သော အချုပ်အနှောင်မန္တန်များမှ ပေါ်ထွက်နေသည့် အလင်းရောင်စက်ကွင်းများမှာလည်း တစ်ပြိုက်နက်ထဲပင် ပျက်စီးသွားကြတော့သည်။

အချိန်အနည်းငယ်ကြာသောအခါ ဘိုးဘေးတောင်ပေါ်တွင် ပိုင်မျိုးနွယ်စုက နေရာချထားခဲ့သည့် ကောင်းနိုးရာရာ ပစ္စည်းများအားလုံးမှာ လွင့်ထွက်လာကြတော့သည်။ မှော်ပစ္စည်းများ၊ ရုပ်ဝိညာဥ်များနှင့် ဝိညာဥ်ဆေးဝါး အမြောက်အများတို့မှာ အချုပ်အနှောင်မန္တန်များက ပေးစွမ်းထားခဲ့သော အကာအကွယ်များ၏ ပြင်ပသို့ရောက်သွားကြပြီဖြစ်သည်။

All Chapters