ယုံကြည်ဖွယ်ရာမကောင်းသော ကံကြမ္မာ အလေးပေးခြင်း
Vol. 13 Ch. 193
ထိုအချိန် ကြက်ကွင်း၏ဘေး၌ နောက်ဆုံးရငွေကို တင်ထားသည်။
နတ်ဆိုးနီ - 2:1
ရွှီဖန်း၏ကြက် - 1:1:3
တစ်နည်းအားဖြင့်ဆိုရသော် နတ်ဆိုးနီအနိုင်ရပါက သူတို့ လောင်းကြေးတစ်ဝက်လောက် ရမည်ဖြစ်သော်လည်း ရွှီဖန်း၏ကြက်သာ အနိုင်ရခဲ့ပါက လောင်းကြေးတစ်စွန်းတစ်စသာ ရရှိပေလိမ့်မည်။
နှစ်ဖက်စလုံးက ကြက်လှောင်အိမ်ထဲ ဝင်လာသည်ကို မြင်သော် ဒိုင်လူကြီးသည် အသံချဲ့စက်ကိုအသုံးပြု၍ အော်ပြောလာသည်။
"အခု နှစ်ဖက်စလုံးက နောက်ဆုံးအနေနဲ့ အစာကျွေးနိုင်တယ်"
"ကဲ နှစ်ဖက်စလုံး ကျွေး၊ မကျွေး ဆုံးဖြတ်ကြပါ"
ဒိုင်လူကြီး၏ အသံဖျော့သွားသည်နှင့် နတ်ဆိုးနီ၏ နောက်ဘက်တွင် အဆင်သင့်ရပ်နေသော ကျွမ်းကျင်
ပညာရှင်များသည် ခမ်းနားထည်ဝါသော သေတ္တာတစ်ခုကို ထုတ်ကာ လှောင်အိမ်ထဲရှိ နတ်ဆိုးနီ၏အရှေ့မှာ ထားပေးလိုက်သည်။ အတွင်း၌ သေးငယ်သော ဘူးလေးများ ပါဝင်ပြီး ဘူးတစ်ခုစီတိုင်းတွင် မတူညီသော စားစရာများပါရှိသော်ငြား တူညီသည့်အရာတစ်ခုတော့ ရှိပေသည်။
ဈေးကြီးသည်။
အနှိုင်းမဲ့ဈေးကြီးလွန်း၏။
တစ်ဖက်မှာ ရွှီဖန်းကတော့ မြက်ပင်တစ်စည်းအား ထုတ်ကာ လှောင်အိမ်ထဲမှ သူ့ကြက်ရဲ့အရှေ့ကို ပစ်ချပေးလိုက်သည်။
ဒီမြင်ကွင်းကို မြင်သည့်အခါ ရယ်သံများ ထပ်ထွက်လာကြသည်။
"သူက ကြက်တိုက်ဖို့ လာတာရော ဟုတ်ရဲ့လား၊ ငတုံးပဲ"
"နတ်ဆိုးနီကို ကြည့်လိုက်၊ အိုး...သူက ငါ့ထက်တောင် ပိုစားရတာပဲ"
"မင်းနဲ့ထပ်ယှဥ်ရရင် ပိုထူးခြားတာက နတ်ဆိုးနီမှာ ဒေါ်လာသန်းနဲ့ချီပြီးရှိတယ်၊ မင်းမှာရော ဘယ်လောက်ရှိလဲ"
"ငါ...."
ပျော်ရွှင်စွာ ဆွေးနွေးနေစဥ်တွင် ကွင်း၌ အခြေအနေတစ်ခု ဖြစ်သွားခဲ့ကာ သူတို့မှာ လည်ပင်းများအညှစ်ခံလိုက်ရသည့် ဘဲများလို ဖြစ်သွားရသည်။ သူတို့မျက်နှာပေါ်မှ အမူအရာများက အလွန်အံ့သြနေသည့်ပုံပင်။
နတ်ဆိုးနီသည် ရွှီဖန်း၏ အရှေ့တွင် ရှိသော ဗိုလ်ချုပ်ကြီးရှန့်ဝူဆီသို့ ရုတ်တရက်ပြေးသွားကာ ၎င်းအရှေ့မှ အစာကို ကိုက်လိုက်လေသည်။ နတ်ဆိုးနီသည် တိုက်ခိုက်ရေးကြက်အဖြစ် မွေးမြူခံထားရတာကြောင့် သူ့အရှိန်က အလွန်လျင်မြန်နေသည်မှာ အံ့သြစရာတော့ မဟုတ်ခဲ့ပေ။
သေချာပေသည်၊ နတ်ဆိုးနီမှ လှောင်အိမ်ကိုတိုက်လေ ပိုနာကျင်လေပင်။ အကြောင်းရင်းကတော့ သူတို့၏ သီးသန့်ရရှိသောလှောင်အိမ်ကြောင့်ပင်။
"ဘာလဲ ဘာတွေဖြစ်သွားတာလဲ"
လင်းရှောင်နှင့်ကစားကာ မိန်းကလေးနှစ်ယောက်နှင့် ပရောပရည်လုပ်နေသော စွန်းဖုဟိုင်သည် ရုတ်တရက် ထထိုင်ပြီး ကြက်တိုက်ပွဲကွင်းအား အထိတ်တလန့်ကြည့်လိုက်မိသည်။
နတ်ဆိုးနီသည် ဝင်လို့မရမှန်း သိတာတောင်မှ လှောင်အိမ်အား ခေါင်းနှင့်ဆက်တိုက်နေတုန်းပင်။ မကြာလိုက်ပေ၊ သူ့ခန္ဓာကိုယ်ပေါ်မှ အမွေးများစွာ ကျွတ်ထွက်ကုန်တာကြောင့် စွန်းဖုဟိုင်၏ မျက်ခွံများလှုပ်သွားတော့သည်။
ထိုဆုံးရှုံးလိုက်ရသော အမွေးများက ပိုက်ဆံပင်။
သူ့အမြင်အရ နတ်ဆိုးနီကို ဆွဲဆောင်ခဲ့သည့်အရာမှာ ရွှီဖန်းပစ်ချခဲ့သော မြက်ပင်ဖြစ်၏။ ဒါကို သူတို့က လှောင်ပြောင်ခဲ့သေးသည်။
နတ်ဆိုးနီသည် ပညာရှင်များ ဂရုတစိုက်ပြင်ဆင်ထားသော အစာကို မစားခဲ့ပေ။ အဲ့ဒါက ဘယ်လိုမြက်မျိုးမလို့ အရမ်းဆွဲဆောင်မှုရှိနေတာလဲ။
သူတို့ တစ်ကယ်သိချင်နေကြသော်လည်း ကံမကောင်းစွာဖြင့် အဖြေမရှိနိုင်တော့ပေ။ အကြောင်းမှာ ဗိုလ်ချုပ်ကြီးရှန့်ဝူသည် မြေပြင်ပေါ်မှ မြက်များကို အေးအေးဆေးဆေးပင် ကိုက်စားနေပြီ ဖြစ်သောကြောင့်ပင်။
ဟင်း....
စိတ်ပျက်သွားကြသော ပရိတ်သတ်များကို ကြည့်ရင်း ရွှီဖန်း ရယ်မောလိုက်သည်။ သူပစ်ချလိုက်သော မြက်က သာမန်မဟုတ်ဘဲ Bidens bipinnataအမျိုးအစားပင်။ ထို့အပြင် ၎င်းသည် ကောင်းကင်ဘုံမှ မြေကြီးဝိညာဥ်စွမ်းအင်ဖြင့် စိုက်ပျိုးထားသေး၏။
နတ်ဆိုးနီက မစားချင်ဘူးဆိုမှ ထူးဆန်းနေပေလိမ့်မည်။
မြက်ပင်တွေမရှိတော့သည်အခါ နတ်ဆိုးနီသည် လှောင်အိမ်ကို မတိုက်တော့သော်ငြား ဈေးကြီးသော သူ့အစားအစာများကိုလည်း မထိတော့ပေ။
ဒေါင်! ဒေါင်! ဒေါင်!
ခေါင်းလောင်းသံသုံးကြိမ်မြည်လာသည့်အခါ တရားဝင် ကြက်တိုက်ပွဲ စတင်လေပြီ။
"နတ်ဆိုးနီ အနိုင်ရလိမ့်မယ်!"
"နတ်ဆိုးနီ အနိုင်ရလိမ့်မယ်!"
ထိုအားပေးမှု လှိုင်းလုံးများဖြင့် လိုက်ပါသွားသော နတ်ဆိုးနီသည် တိုက်ပွဲဇုန်ထဲသို့ ပြေးဝင်သွားလေသည်။
တစ်ဖက်တွင် ရွှီဖန်း၏ ဘေး၌ ရှိသော ဗိုက်ချုပ်ကြီးရှန့်ဝူသည် ခေါင်းကို ငုံ့လျက် တောင်ပံများကိုဆန့်ကာ ဖြည်းညှင်းစွာ လျှောက်လာသည်။ လူအများ၏ လှောင်ပြောင်သော အကြည့်အောက်၌ သူသည် ခေါင်းကို တောင်ပံအောက်တွင် ဝှက်ထားလေသည်။
သေချာတာကတော့ သူ့ကြက်၏လုပ်ရပ်က လူအများကို ရယ်မောစေခဲ့သည်။
"ကြည့်စမ်း! ဒီကြက်က ပုန်းနေတာ"
"ဟမ့် ဖုံးကွယ်ပြီးနေနိုင်မယ်ထင်နေလား၊ အချိန်အတိုင်းအတာတစ်ခုအထိ မထလာရင် ရှုံးပြီးလို့ မှတ်ရမှာပဲ"
"အရှုံးကို ဝန်ခံတာ များလား"
"အရှုံးပေးလိုက်တာ ဖြစ်နိုင်တယ်"
ထိုအချိန် ကွင်းထဲရှိ ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လာသည်။ နတ်ဆိုးနီက 4:1 ဖြစ်ပြီး ရွှီဖန်း၏ကြက်က 1:3ပင်။ တစ်နည်းအားဖြင့် ရွှီဖန်းဘက်မှ လောင်းမည်ဆိုပါက တစ်စိတ်လောက်မျှသာ ရပေသည်။
ပရိတ်သတ်တွေက တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ဖုန်းကိုကိုင်ကာ စတင်လောင်းကြတော့သည်။
"မြန်မြန်လောင်းကြ၊ မင်းတို့အခုမလောင်းရင် ဘာမှကို နိုင်တော့မှာ မဟုတ်ဘူး"
"မင်း အဲ့ဒီတောသားကို လောင်းကြေးထပ်နိုင်....မျက်စိတစ်မှိတ်စာအတွင်းမှာပဲ နှစ်သောင်းဖြစ်သွားပြီ မြန်လိုက်တာ"
"ဘာလို့ လောင်းကြေးကို မြန်မြန်မထပ်တာလဲ"
"ဟားဟား ငါနောက်နေတာပါ"
ဟုန်ဖေးမှာ ဒီလိုလှောင်ပြောင်မှုတွေအောက် မနေနိုင်တော့ပေ။ သူ့မျက်နှာပြင်တစ်ခုလုံးက စိုးရိမ်သောကများပြည့်လာပြီး ဂနာမငြိမ်ဖြစ်လာတော့သည်။
ရွှီဖန်း ဝမ်းသာအားရ ရယ်မောလိုက်သည်။ သူ တိုက်ပွဲအလယ်က ဗိုလ်ချုပ်ကြီးရှန့်ဝူအား ကျေနပ်အားရစွာ ကြည့်လိုက်မိသည်။
ဤသည်မှာ သူ့ဗျူဟာဖြစ်ကာ ဗိုလ်ချုပ်ကြီးရှန့်ဝူသည် အရင်ဆုံး အားနည်းသယောင်ပြ၍ နတ်ဆိုးနီကို ထပ်ကာထပ်ကာ ရှေ့တိုးလာစေမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင် စွန်းဖုဟိုင်နှင့် လင်းရှောင်တို့အား ကြီးမားစွာ ဆုံးရှုံးစေမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်ဆိုးနီကလည်း ကြက်ကွင်းထောင့်မှ ဗိုလ်ချုပ်ကြီးရှန့်ဝူအား သတိထားမိသွားသည်။ အကြိမ်အနည်းငယ် စစ်ဆေးပြီးနောက်မှာ ဗိုလ်ချုပ်ကြီးရှန့်ဝူသည် ထိုနေရာမှာတွင် ပုန်းအောင်းနေပြီး လက်တုံ့ပြန်ရန် မဝံ့ရဲနေကြောင်း သိလိုက်ရသည်။
ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။
လူတိုင်းက ဟုန်ဖေးအား အရူးတစ်ယောက်လို ဝိုင်းကြည့်နေကြသည်။
ရွှီဖန်းကို ကြည့်ရင်း ဟုန်ဖေး၏မျက်နှာလည်း ဖြူဖျော့လာတာကြောင့် သူ နှစ်သိမ့်ပေးလိုက်သည်။
ထိုအချိန်တွင် နတ်ဆိုးနီသည် 4.5 : 1 ဖြစ်ပြီး ရွှီဖန်း၏ ကြက်သည် 1.5 : 1 ဖြစ်သည်။
အာ...
ရွှီဖန်း အံ့သြသွားသည်။ နတ်ဆိုးနီဘက်မှ အလေးသာမှုတိုးလာသော်လည်း သူ မျှော်လင့်ထားသလို အများကြီးမဟုတ်ပေ။ ဗိုလ်ချုပ်ကြီးရှန့်ဝူလည်းအတူတူပင်။
မဟုတ်ပေ၊ ယခု ဗိုလ်ချုပ်ကြီးရှန့်ဝူ လုပ်နေသော ပုံအရ နတ်ဆိုးနီဘက်မှ အလေးသားမှုက ပိုများသင့်ပေသည်။
သိူ့သော် မကြာခင်မှာပင် နောက်ဆုံးငွေကို ကြေညာပေးလာသည်။ နတ်ဆိုးနီက 6 : 1 ဖြစ်ပြီး ဗိုလ်ချုပ်ကြီးရှန့်ဝူက 1 : 5 ဖြစ်သည်။
ထို့နောက် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ ရွှီဖန်း၏ ဗိုလ်ချုပ်ကြီးရှန့်ဝူ ပို ပိုပြီး အခွပ်ခံရလေ အလေးသားမှုက ပြောင်းလဲနေသည်။
1 : 6
ဗိုလ်ချုပ်ကြီးရှန့်ဝူ၏ အမောက်မှ သွေးများထွက်လာသည်။
1 : 7
ဗိုလ်ချုပ်ကြီးရှန့်ဝူသည် နတ်ဆိုးနီဆီမှ အတင်းအကြပ် ဆွဲခေါ်ခြင်းကို ခံနေရသည်။
1 : 8
ဗိုလ်ချုပ်ကြီးရှန့်ဝူ၏ ဗိုက်နားမှ အမွေးများက ကျွတ်ထွက်ကာ သွေးများထွက်လာသည်။
1 : 10
ဗိုလ်ချုပ်ကြီးရှန့်ဝူ၏ လည်ပင်းနားမှ အမွေးများလည်း ကျွတ်လုနီးပါးဖြစ်လာသည်။ သူ့ခေါင်းပေါ်မှ သွေးများသည် သူ့မျက်လုံးများကိုပါ ဖုံးအုပ်လုနီးပါးဖြစ်လာလေသည်။
*********************