ဒုက္ခ
Vol. 14 Ch. 197
အတွင်းခန်း အလှဆင်မှုမှာ အလွန်ရှေးကျလေသည်။ ဆိုင်စဖွင့်ကတည်းက ဘယ်သူမှ မပြင်ခဲ့ခြင်းဖြစ်လိမ့်မည်။ စားသောက်ဆိုင်ကလည်း ဝင်ငွေများများမရခဲ့သည့်အပြင် အတွင်းခန်းပြင်ရန် ငွေစုဆောင်းနေသည့်အချိန်မှာပဲ ကျန်းဖန်းယင်၏ အဖေက နေမကောင်းဖြစ်သွားခဲ့သည်။
ဆိုင်က သိပ်မကြီးပေမယ့် ယခုအချိန် စားပွဲခုံနှစ်ခုံကတော့ ဧည့်သည်များ ရှိနေသည်။ ထို့အပြင် စားဖိုမှူးတစ်ယောက်နှင့် စားပွဲထိုးပါ ရှိနေသေး၏။
"ကျေးဇူးပြုပြီး ဝင်ကြပါ...သူဌေး ပြန်ရောက်ပြီလား"
စားပွဲထိုးကလည်း ကလေးမလေးတစ်ယောက်ဖြစ်သည်။ သူမသည် မီးဖိုချောင် အဝင်ဝတွင်ထိုင်ကာ တစ်စုံတစ်ယောက်ဝင်လာသည်နှင့် နှုတ်ဆက်လေသည်။
"ပင်ပန်းနေပြီလား"
စားပွဲထိုးလေးက ခေါင်းခါရမ်း၍ ပြုံးပြလာသည်။
"မဆိုးပါဘူး...ရာသီဥတုကလည်း ပူသထက် ပူလာတာဆိုတော့ နေ့လည်ဘက်မအိပ်လည်း ညကျရင်လုံလုံလောက်လောက် အိပ်ပျော်ပါတယ်"
သူမ ပြောပြီးသည်နှင့် ရွှီဖန်းနှင့်တခြားလူများအား ကြည့်လာသည်။
"နင့် သူငယ်ချင်းတွေလား"
ကျန်းဖန်းယင် ခေါင်းညိတ်လိုက်ကာ...
"မိတ်ဆက်ပေးမယ်၊ သူက အစ်ကိုကြီး ရွှီဖန်းပါ...ဒီတစ်ခေါက် ငါ အကူအညီတောင်းလာတဲ့သူပေါ့၊ သူကတော့ သူဌေးကြီး ဟုန်ဖေးပါ၊ သူကတော့ အစ်ကိုကြီးရွှီရဲ့ အတွင်းရေးမှူးပါ"
သူမစကားက ထစ်နေသော်လည်း ယေဘုယျတော့ မိတ်ဆက်ပေးနိုင်ခဲ့သည်။
"သူကတော့ ညီမ သူငယ်ချင်း လင်မု ပါ"
လင်မုသည် သူတို့အား ပြုံးပြ၍ စားပွဲဝိုင်းကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားပေးသည်။
သူတို့ဝင်လာကတည်းက ရွှီဖန်းသည် ဘေးပတ်ပတ်လည်ကို ကြည့်၍ မေးမိသည်။
"မင်းရဲ့နေရာက သေးတယ်လို့တော့ ပြောလို့မရဘူး၊ ဒါပေမယ့် လုပ်သားအင်အားက နည်းနေတယ်"
ကျန်းဖန်းယင်ကတော့ စားဖိုဆောင်ကိုသွားကာ စတင်
ချက်ပြုတ်ရန်ပြင်နေလေပြီ။ စားသောက်ဆိုင်ကို စီမံရတာ မလွယ်တာကြောင့် သူဌေးပေါက်စကိုယ်တိုင်ပင် ဝင်လုပ်ရသည်။
ဟုန်ဖေးသည် သက်ပြင်းချ၍ တစ်ခုခုပြောရန် ပြင်သော်ငြား ရွှီဖန်းက တားလိုက်သည်။
"လုပ်ငန်းက အရင်က တော်တော်အဆင်ပြေတယ်လို့ ကြားဖူးတယ်၊ ဘာလို့ အခုလို ဆိုးရွားသွားတာလဲ"
လင်မုက ခဏတာ စဥ်းစား၍ ပြောလာသည်။
"ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးထားတဲ့ မကောင်းတဲ့လူကို အခုထိ မှတ်မိနေတုန်းပဲ၊ သူတို့ ဒီမှာ ကာကွယ်ကြေးလာကောက်ပေမယ့် သူဌေးက မပေးဘဲ ရဲတိုင်လိုက်တယ်၊ ဒါပေမယ့် ရဲတွေက သူတို့နောက်ကွယ်က လူကိုမေးပြီးတာနဲ့ ဘာမှ ဂရုမစိုက်ဘဲ ပြန်ထွက်သွားကြတယ်"
ရွှီဖန်း မျက်မှောင်ကြုတ်ထားသည်။ သူထင်ထားသည်နှင့် အတူတူပင်။
"သူဌေး နေမကောင်းဖြစ်ပြီးနောက်မှာ စီးပွားရေးက ပိုပိုပြီး ကျဆင်းလာတယ်၊ ဒီမှာ ဘယ်သူမှ လာမစားကြတာတောင်မှ ကာကွယ်ကြေးကောက်တဲ့လူတွေက လာနေတုန်းပဲ"
ထိုအချိန် ကျန်းဖန်းယင်က ပန်းကန်နှစ်လုံးဖြင့် ထွက်လာသည်။ သူမသည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော်လည်း သူမ၏ လက်များကတော့ မနှေးကွေးပေ။
စားဖိုမှူးကျန့်ကလည်း အနောက်မှ လိုက်လာသည်။ အချိန်ခဏအတွင်းမှာ သူတို့ နှစ်ယောက် ဟင်းလေးမျိုး ချက်ခဲ့ကြသည်။ အဆင့်မြင့်ဟင်းမျိုးမဟုတ်ဘဲ ခရမ်းချဥ်သီးနှင့် အားလူးကြော်တို့လို သာမန်ဟင်းပွဲများဖြစ်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ စားလို့ရပြီ...လာ အတူ ထိုင်စားကြရအောင်၊ တစ်လက်စတည်း ဆရာကြီးဟုန်က မင်းကို စီးပွားရေးလုပ်နည်း သင်ပေးလိမ့်မယ်"
ဟုန်ဖေးတစ်ယောက် ရွှီဖန်းကို အံ့အားသင့်စွာကြည့်လိုက်တော့ သူ့ကို မျက်လုံးစောင်း၍ ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှ သူ့ကို ဒီမှာ အလကားစားရန် ခေါ်လာခြင်းမဟုတ်မှန်း သိရတော့သည်။
သို့သော်ငြား ကလေးမလေး၏ အဖြစ်ကိုကြားပြီးနောက်မှာ တော်တော်လေး သနားစရာကောင်းသည်ဟု သူလည်း ခံစားရသည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း ရွှီဖန်း၏ မိတ်ဆွေဖြစ်တာကြောင့် သဘာဝကျစွာ မကူညီဘဲ နေလိမ့်မည် မဟုတ်ချေ။
သူ လည်ချောင်း ရှင်းလိုက်ကာ
"ဒီကိစ္စပဲ ဘယ်လောက်ပဲ ကြီးပါစေ ကိစ္စမရှိပါဘူး၊ ပထမအနေနဲ့ မင်းမှာ အားကောင်းတဲ့စွမ်းအားရှိရမယ်၊ ပြီးတော့ မင်းမှာ ကျော်ကြားဖို့ လုံလောက်တဲ့စွမ်းအား ရှိရမယ်၊ ကိုယ့်ကို နာမည်ရစေမယ့် နည်းလမ်းရှိရမယ်၊ ဒီဟာတွေက စကားလုံးအနည်းငယ်နဲ့ ရှင်းပြလို့ရတဲ့အရာတွေတော့ မဟုတ်ဘူး၊ ကိုယ့်ရဲ့လက်ရှိအခြေအနေအရ သီးသန့်ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆုံးဖြတ်နိုင်ဖို့ လိုတယ်"
ရွှီဖန်းကတော့ ဟုန်ဖေး၏ ရှင်းပြချက်ကို ကျေနပ်နေသည်။
"ဆရာကြီးဟုန် ပြောပြပါဦး၊ ဘယ်လိုခန့်ခွဲရမလဲ"
ရှောင်ယင်သာမက စားပွဲရှိ လူတိုင်းက စကားပြောကာ နားစွင့်ရင်းဖြင့် ဟုန်ဖေးကို အာရုံစိုက်နေကြသည်။ ဘာပဲပြောပြော သူဟာ သူဌေးကြီးတစ်ယောက်ဖြစ်တာကြောင့် သူပြောသည့်စကားများက သဘာဝကျစွာ ကြီးလေးပေသည်။ ရွှီဖန်းတောင်မှ ဂရုတစိုက်နားထောင်နေခဲ့သည်။
"အရင်ဆုံး ဆက်ဆံရေးတစ်ခု ထူထောင်ရမယ်၊ အဲ့ဒါက ဘာကိုဆိုလိုတာလဲဆိုရင် ပထမဆုံးအနေနဲ့ အစိုးရဘက်က အရာရှိတွေနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ရမယ်၊ မဟုတ်ရင် မင်းဆိုင် ဘယ်လောက်ပဲ နာမည်ကြီးပါစေဦး သူတို့မကြိုက်ရင် မင်းရဲ့လမ်းကို ပိတ်ကြမှာပဲ၊ ဒုတိယတစ်ခုကတော့ ပတ်သက်ရတာ ခက်တယ်၊ လူတွေအများကြီးက ဒါကြောင့်ပဲ စီးပွားရေး မလုပ်နိုင်ကြတာ ဆိုးတယ်၊ သူတို့မှာ ဘာနောက်ခံမှ မရှိတာကြောင့် သူတို့က ကာကွယ်ကြေးပေးလိုက်ဖို့သာ တတ်နိုင်ကြတယ်၊ ဒါပေမာ့် အဲ့ဒါတွေကလည်း မင်း စီးပွားရေး ရပ်ရမယ့်အချိန်ပဲဖြစ်ဖြစ်၊ တစ်ခုခုကြုံရရင်ပဲဖြစ်ဖြစ် အကူအညီပေးတဲ့လူတွေ ဟုတ်မနေဘူး"
ဟုန်ဖေးပြောတာ ကျိုးကြောင်းဆီလျော်တာကြောင့် ကျန်းဖန်းယင်ကလည်း ခေါင်းကို ထပ်တလဲလဲ ညိတ်လာသည်။
"ဒီလိုလူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းနှစ်နည်းရှိတယ်၊ တစ်နည်းက သူတို့ထက် ပိုအားကောင်းတဲ့ နောက်ခံကို ရှာထားဖို့၊ နောက်တစ်နည်းကတော့ ကာကွယ်ကြေးကို နာနာခံခံနဲ့ပေးဖို့ပဲ"
ကျန်းဖန်းယင်၏ မျက်နှာက အရုပ်ဆိုးသွားသည်။
"ညီမ ဘာလုပ်ရမလဲ၊ သူတို့ထက် ပိုကောင်းတဲ့ နောက်ခံကိုလည်း ရှာနိုင်မှာမဟုတ်ဘူး၊ အစ်ကိုကြီးရွှီဖန်းရဲ့ ပါဝင်ပစ္စည်းတွေနဲ့တောင် ဆိုင်ကို မကယ်တင်နိုင်ဘူးပဲ"
ရွှီဖန်းမှာ ပါးစပ်အပြည့်အစားအစာများကို အန်
ထုတ်လုနီးပါးဖြစ်သွားရပြီး သူ့ပါးစပ်မှအဆီများလည်း စားပွဲပေါ်သို့ ဖိတ်ကျကုန်၏။ ချိုးဆုအာကတော့ တစ်ရှူးမြန်မြန်ယူကာ ပါးစပ်သုတ်ပေးလာသည်။
"ဘာလို့မရှိရမှာလဲ၊ မင်းအရှေ့မှာ ရှိနေတဲ့လူက နောက်ခံကြီးမဟုတ်လို့ ဘာကြီးလဲ"
ပြောနေရင်း ရွှီဖန်းက ဟုန်ဖေး၏ လက်မောင်းကို ရိုက်လိုက်တာကြောင့် ဟုန်ဖေးမှာ တူပင် ပြုတ်ကျလုမတတ်ပင်။
"မင်းကတော့ တစ်ကယ်ပါပဲ"
သူတို့စကားပြောနေစဥ် အပြင်မှ အသံတစ်သံထွက်လာသည်။
"ဘာလုပ်နေကြတာလဲ ကာကွယ်ကြေး ပေးပြီးပြီလား! ဘယ်မှာလဲ...တစ်ယောက်မှ မရှိတော့ဘူးလား"
ထိုအသံကိုကြားသော် စားဖိုမှူးကျန့်၊ လင်မု နှင့် ကျန်းဖန်းယင်သည် ကမန်းကတန်းမတ်တပ်ရပ်ပြီး မျက်နှာအမူအရာများပြောင်းကုန်ကြသည်။ လင်မုသည် အတင်းပြုံးလိုက်ကာ...
"အစ်ကိုတို့ ဒီမှာထိုင်ကြပါ...လက်ဖက်ရည် ဖျော်ခဲ့ပေးပါ့မယ်"
ကျန်းဖန်းယင်ကတော့ အသံမထွက်ဝံ့ဘဲ စားဖိုမှူးကျန့်၏ အနောက်မှာ ပုန်းနေလေသည်။
"ဘာကိုထိုင်ရမှာလဲ! အသုံးမဝင်တဲ့ဟာတွေ လာမပြောနဲ့! ကာကွယ်ကြေးရော! မင်းတို့ အချိန်ရွှေ့ရွှေ့နေတာ ဘယ်လောက်ကြာပြီလဲ"
*****************