← Chapters

အရေးအကြီးဆုံး

Vol. 14 Ch. 198

အရေးအကြီးဆုံး

Vol. 14 Ch. 198

ထိုအဖွဲ့ကို ဦးဆောင်လာသည့်လူက ကြမ်းကြုတ်သောအမူအရာဖြင့် လင်မုကို တွန်းဖယ်လာသည်။ လုံးဝမယဥ်ကျေးစွာ တွန်းလိုက်တာကြောင့် ဘေးနားရှိ စားပွဲခုံများနှင့် ရိုက်ခတ်သွားရသည်။

"ဒီနေ့ မင်းတို့ ကာကွယ်ကြေးမပေးရင် ဆိုင်က မပြန်တော့ဘူး"

ပြောပြီးသည်နှင့် ဓားမြှောင်အား စားပွဲပေါ်သို့ ထိုးချလေသည်။ စားသောက်နေကြသော ဆိုင်ရှိ ဧည့်သည်အနည်းငယ်ကလည်း လျှင်မြန်စွာပင် ဆိုင်မှ ထွက်ခွာကုန်ကြသည်။ 

ရွှီဖန်းနှင့် ဟုန်ဖေးမှ အစားအစာကို လုစားနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည့်အခါ ဦးဆောင်လာသူက  မကျေမနပ်ဖြစ်သွားခဲ့ရသည်။ သူ့အနောက်မှာ ညီငယ်တစ်ယောက်မှ မျက်လုံးဖြင့် အချက်ပြ၍ ထိုလူများအား မောင်းထုတ်ခိုင်းလိုက်သည်။

"ဟေး ဟေး ဟေး ဘာလုပ်နေတာလဲ ဒီမှာ ကာကွယ်ကြေးတောင်းနေတာ မမြင်ဘူးလား၊ တခြားနေရာမှာသွားစား!"

သို့သော်လည်း ရွှီဖန်းနှင့် ဟုန်ဖေးကတော့ သူတို့ပြောတာကို အဖက်မလုပ်ဘဲ ဆက်လက်စားသောက်နေခဲ့သည်။ ချိုးဆုအာသည် အနည်းငယ်စိုးရိမ်သွားတာကြောင့် ရွှီဖန်း၏ပေါင်ကို တို့လိုက်မိသည်။ သူကတော့ သူမအား စိတ်ချရန် ပြန်နှစ်သိမ့်ပေးလာသည်။

"မထွက်သွားတော့ ဘာဖြစ်လဲ...ငါ စားသောက်နေတာကို ဘာလာနှောင့်ယှက်နေတာလဲ"

ရွှီဖန်းသည် သူ့နှုတ်ခမ်းထောင့်မှ ဆီများကို သုတ်၍ အပြုံးဖြင့် မတ်တပ်ရပ်လိုက်သည်။ ပိန်ပါးသောနောက်လိုက်လေးက ရွှီဖန်း၏ မျက်လုံးထဲ၌ စိုးရိမ်မှုမရှိသည်ကို သတိထားမိခဲ့သည်။

"ငါ မင်းကို ဒီအတိုင်းထွက်သွားလိုက်ဖို့ ပြောနေတာ၊ ဘယ်က အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတာလဲ"

ပြောပြီးသည်နှင့် ရွှီဖန် မျက်နှာသို့ သူ့လက်သီးဖြင့် ထိုးချလိုက်သည်။

ရွှီဖန်း မရှောင်ဘဲ ထိုလက်သီးကို ဖမ်းကိုင်၍ လက်ကောက်ဝတ်ကိုလိမ်လိုက်တာကြောင့် ထိုလူဟာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

သူ့ညီအစ်ကို အရိုက်ခံရတာမြင်တော့ ထိပ်ပြောင်နှင့်လူက ထရပ်လာသည်။ သူက ဓားကို ဆွဲကိုင်လျက် ရွှီဖန်းနှင့် ဟုန်ဖေးကို လက်ဟန်ပြလာသည်။

"ဘာလဲ...တိုက်ခိုက်ရဲသေးတယ်ပေါ့...သွေးလိုချင်နေပြီလား"

ရွှီဖန်းကတော့ ထိုကဲ့သို့ လူများအပေါ်၌ အချိန်မဖြုန်းချင်ပေ။ သူ ခြေလှမ်းခပ်ကြီးကြီးရှေ့တိုးကာ ထိပ်ပြောင်နှင့်လူအား တိုက်ရိုက်ထိုးချလိုက်တာကြောင့် ထိုလူမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ 

"ကောင်လေး မင်းက တိုက်ခိုက်ရဲ....မြန်မြန် အစ်ကိုကြီးကို သွားခေါ်ကြမယ်"

ထိပ်ပြောင်နှင့်လူက တခြားလူများနှင့် ထွက်သွားသည်ကို ကြည့်ရင်း ရွှီဖန်း နှာမှုတ်လိုက်သည်။ ထို့နောက် သူ လက်သီးဆုပ်ထားလိုက်သည်။

"အစ်ကိုကြီးရွှီ၊ မြန်မြန်ထွက်သွားသင့်

တယ်...မဟုတ်လို့ သူတို့ လူအများကြီးခေါ်လာလို့ရှိရင် သူတို့ကို မရိုက်နိုင်တော့မှာ ကြောက်ရတယ်"

ကျန်းဖန်းယင်က သူ့ခေါင်းကို ဆန့်ထုတ်လာရင်း ရွှီဖန်းအား စိုးရိမ်စွာ ကြည့်လာသည်။ ရွှီဖန်းသည် အပြုံးဖြင့် ခေါင်းခါရမ်းလိုက်သော်ငြား သူ သင်ကြားပေးမိတုန်းပင်။

"မင်း ဒီလိုလုပ်လို့မရဘူး၊ သူဌေးတစ်ယောက်အနေနဲ့ တစ်ယောက်ယောက်ရဲ့နောက်မှာ မပုန်းနေရဘူး၊ သူဌေးဆိုတာ ရှေ့ထွက်ရပ်သင့်တယ်ဆိုတာ သိလား"

ကျန်းဖန်းယင်က သူမခေါင်းကို ငုံ့၍ ဘာမှ ဆက်မပြောလာတော့ချေ။ ချိုးဆုအာသည် သူမဘေးနားသို့ မသွားခင် ရွှီဖန်းကို စိုက်ကြည့်သွားပြီး သူမ၏ခေါင်းကို ပွတ်သပ်ပေးလေသည်။

ရွှီဖန်းနှင့် ဟုန်ဖေးကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်နေသည်။ 

"သခင်လေးဟုန်ခင်ဗျ...ခဏနေရင် ခင်ဗျားကို မှီခိုရတော့မှာပဲ...မဟုတ်ရင် ကျွန်တော် သေအောင် အရိုက်ခံရလိမ့်မယ်"

ဟုန်ဖေးက ရယ်သည်။

"မင်းက အင်အားကြီးတယ်လို့ ငါ ထင်ခဲ့တာ...အခုကြည့်ရတာတော့ သတ္တိနည်းရကောင်းမှန်းသိတာပဲ"

ပထမစကားကိုကြားသည်အထိ ရွှီဖန်း ပြုံးနေတုန်းပင်။ သို့သော်ငြား သတ္တိနည်းသည်ဟု ဟုန်ဖေးပြောတာ ကြားလိုက်ရသည့်အခါ သူ့မျက်နှာ ပြောင်းလဲရတော့သည်။ 

"ကျွန်တော်က ကြောက်စရာလား"

ထိပ်ပြောင်နှင့်လူက သူ့လူများကို ခေါ်၍ ပြန်ရောက်လာသည်။ သူတို့ တံခါးမှ ဝင်လာသည်နှင့် ဘာမှ မပြောရသေးခင် ရွှီဖန်းက ရှေ့ကလူ၏ နှာခေါင်းအား လက်သီးဖြင့် အရင်ထိုးချလိုက်သည်။

"အိုက်ယား...တောင်းပန်ပါတယ်...လက်ဆန့်တာ လူရိုက်မိသွားတယ်"

ရွှီဖန်း၏အပြစ်ကင်းဟန် အမူအရာက ဟုန်ဖေးအား စိတ်ထဲ၌ ဆဲဆိုစေခဲ့သည်။ သို့သော်ငြား သူ ရှုံးမှာကို ကြောက်၍ ရွှီဖန်းရှိရာသို့ သူလျှောက်သွားနေတုန်းပင်။ 

အစ်ကိုကြီးဟု ခေါ်သူကလည်း ထိပ်ပြောင်ပင်

ဖြစ်သည်။ သို့သော်ငြား သူ့အော်ရာက မြေပြင်ပေါ် လဲနေသည့်ထိပ်ပြောင်ထက်တော့ အများကြီး တည်ငြိမ်မှုရှိပေသည်။ 

"ကျုပ်ညီအစ်ကိုတွေက ကာကွယ်ကြေး လာကောက်တာကို မကျေမနပ်ဖြစ်နေကြတယ်လို့ ကြားမိတယ်၊ ကျုပ်က တောင်ဘက်လမ်းက စာကလေးငှက်နီပဲ၊ ဒီကလူငယ်ကရော ဘယ်ကလဲ"

ရွှီဖန်း ပြုံးလိုက်ကာ

"မြစ်အောက်ပိုင်းရွာက ရွှီဖန်း"

သူပြောပြီးသည်နှင့် စာကလေးငှက်နီက မျက်မှောင်ကြုတ်သွားသည်။ နာမည်ကောင်းရှိသည့် ရွာတော့ မဖြစ်နိုင်ချေ။ မြစ်အောက်ပိုင်းရွာက ဘယ်လိုရွာမျိုးလဲ။ သို့သော် သိုင်းလောကစည်းမျဥ်းကြောင့် သူများစွာ မမေးခဲ့ပေ။ 

"အဲ့ဒီရွာအကြောင်း အများကြီး ကြားခဲ့ဖူးပါတယ်"

ဟုသာ ပြန်ဖြေခဲ့သည်။ ထို့နောက် ခုံတစ်ခုံမှာ ဝင်

ထိုင်၍...

"ညီအစ်ကိုကရော ကာကွယ်ကြေးတောင်းဖို့ ရောက်နေတာလား"

ရွှီဖန်း ခေါင်းခါကာ ရိုးရိုးသားသားဖြေလိုက်သည်။

"မဟုတ်ဘူး...ထမင်းစားဖို့"

"အိုး"

စာကလေးငှက်နီက ခေါင်းညိတ်၍

"ကျုပ်ညီအစ်ကိုတွေက ပဋိပက္ခဖြစ်စေခဲ့တယ်ဆိုရင်တောင် ခင်ဗျားဘက်က ရိုက်တာတော့ မဖြစ်သင့်ဘူး၊ ဒီပြဿနာကို ဘယ်လို ဖြေရှင်းသင့်လဲ"

သူပြောပြီးသည်နှင့် အနောက်မှာ လက်ပါးစေများသည် အမျိုးမျိုးလုပ်ပြလာတော့သည်။ သူတို့အကုန်လုံး ဓားမြှောင်ကို လှည့်ပြရင်လှည့်ပြ သို့မဟုတ် ကြွက်သားများကို ထုတ်ပြနေကြသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ရွှီဖန်းအား လက်သီးနှစ်လုံးဖြင့် ညွှန်လျှက် ဘာစကားမှမပြောဘဲ ခြိမ်းခြောက်သလို ပြုမူလာသည်။

ရွှီဖန်းကတော့ ခေါင်းကိုကုတ်ကာ ဇဝေဇဝါမေးမိသည်။

"ကျွန်တော် ခုနကပဲ အဲ့ဒီလူကို မတော်တဆဖြစ်သွားကြောင်း တောင်းပန်ခဲ့တယ်မဟုတ်လား၊ ဘာဆက်ပြောရမှာလဲ"

စာကလေးငှက်နီက မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဘာကို တောင်းပန်တာလဲ၊ ကျုပ်ညီအစ်ကိုက မင်းကြောင့် အခုလိုဖြစ်သွားရတာ...ဘာကို လျစ်လျူရှုမလို့လဲ"

ယခုဆိုလျှင် သူ့ရှေ့မှလူက အမည်မသိရွာမှ အမည်မရှိ တောသားဖြစ်ကြောင်း စာကလေးငှက်နီသိသွားလေပြီ။ ဒါက သူ့ကို ဒေါသထွက်စေခဲ့သည်။ ဘာမဟုတ်

သည့် တောသားနှင့် သူ အချိန်အကြာကြီး စကားပြောနေခဲ့မိသည်။ 

သူ လက်ကိုဝှေ့ယမ်းရင်း အသံသြသြဖြင့် ပြောလိုက်သည်။

"ချတော့"

"နေဦး!"

ဟုန်ဖေးက သူ့လည်ချောင်းကို ရှင်း၍ နောက်ဆုံးမှာ မတ်တပ်ရပ်လာလေပြီ။ သူ စာကလေးငှက်နီအား ပြုံးပြ၍ မေးလိုက်သည်။

"စာကလေးငှက်နီဟုတ်လား၊ တောင်ဘက်လမ်းကပေါ့၊ ငါ ဘာဖြစ်လို့ အဲ့ဒီလမ်းမှာ မင်းနာမည်ကို မကြားဖူးပါလိမ့်၊ မင်း ဘယ်သူတွေနဲ့ အပြင်ထွက်လို့လဲ"

"မင်းကရော ဘယ်ကလဲ"

"ရှင်းထိုက်ဆောက်လုပ်ရေးလုပ်ငန်းက ဟုန်ဖေး"

စာကလေးငှက်နီက ခေါင်းညိတ်လေသည်။

"အိုး...ဆောက်လုပ်ရေးလုပ်ငန်းကကို...ဟုန်ဖေးဟုတ်လား၊ သခင်လေးဟုန်လား!!!"

စာကလေးငှက်နီသည် အစကတော့ အလေးအနက် မထားသော်ငြား သတိဝင်လာပြီးနောက် ခုံပေါ်မှ ခုန်ဆင်းကာ ဟုန်ဖေးအား သရဲတစ္ဆေမြင်ရသကဲ့သို့ ကြည့်လာသည်။ 

ဟုန်ဖေး မျက်မှောင်ကြုတ်မိသည်။

"ဘာဖြစ်တာလဲ၊ ငါ့ နာမည်က ဆိုးရွားနေလို့ မထိုင်နိုင်လောက်အောင် ကြောက်သွားတာလား"

စာကလေးငှက်နီမှာ စကားမပြောနိုင်အောင် ဆွံ့သွားရသည်။

"ဟင့်အင်း..မဟုတ်ရပါဘူး သခင်လေးဟုန်၊ ဒီမှာ ဘာလို့ လာစားတာလဲ...ဒီမှာ ရှိနေတာကို မသိခဲ့ရပါဘူး၊ သခင်လေးဟုန် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ညီအစ်ကိုတို့ ပြန်ကြရအောင်"

စာကလေးငှက်နီက ပြောပြီးသည်နှင့် ထွက်ခွာရန် ပြင်လေသည်။

"နေဦး"

ဟုန်ဖေး မျက်နှာပျက်သွားခဲ့သည်။ ဒီလူတွေက အစကတည်းက စကားပြောကောင်းသည့်လူများ ဟုတ်သည်ဟု သူမထင်ပေ။ စာကလေးငှက်နီ သူ့ကို ကြည့်သည့်ပုံစံက သူ့ဦးရေပြားကို စပ်ဖျဥ်းဖျဥ်းခံစားရစေသည်။

********************

All Chapters